နဲနဲလေးတော့ လွဲနေတယ် (၁၂)...

ဝိကာလနဲ့ အချိန်သတ်မှတ်ချက်…
တစ်လောက ဒကာလေးတစ်ချို့ ကျောင်းမှာဆွမ်း လာကပ်ကြပါတယ်။ ကျောင်းကိုအရောက် နောက်ကျတာရယ်၊ ဆွမ်းပွဲပြင်နေရတာ တွေရယ်ကြောင့် ဆွမ်းစားချိန် နည်းသွားသလို ဖြစ်ခဲ့ပါတယ်။ ဒီတော့ ဒကာလေးတစ်ယောက်က “ဘုန်းဘုန်း ဖြည်းဖြည်းဘုဉ်းပေးပါဘုရား…၊ စားနေရင်း ၁၂နာရီကျော်သွားလည်း ဖြစ်တယ်မဟုတ်လား ဘုရား…”လို့ လျှောက်ပါတယ်။ သူပြောမှပဲ ဒကာဒကာမတွေ ဒီလိုမှတ်ထားတာတွေ များနေတယ်ဆိုတာ ထပ်ပြီး သတိထားမိပါတယ်။ အကြောင်းသင့်ရင်တော့ ရှင်းပြပေးဦးမယ်လို့ စဉ်းစားခဲ့ပါတယ်။

တစ်ခါတုန်းကလည်း မြန်မာပြည်မှာသွားပြီး ရဟန်းဝတ်ကာ ထေရ၀ါဒ အဖြစ်နဲ့ ပြန်ရောက်လာတဲ့ ကိုရီးယား ဘုန်းကြီးတစ်ပါးနဲ့ ဆွမ်းစားရင်း ၁၂နာရီထိုးခါနီးတော့ ဘုန်းဘုန်းက “အရှင်ဘုရား မြန်မြန်ဘုဉ်းပေးမှဘုရား၊ ၁၂နာရီ ထိုးတော့မယ်”လို့ သတိပေးတဲ့အခါ အဲဒီဘုန်းကြီးက “ရပါတယ်ဘုရား မြန်မာပြည်မှာဆို အခုမှ ၉နာရီခွဲပဲ ရှိသေးတယ်”လို့ ပြောလာပါတယ်။ ကိုရီးယားနဲ့ မြန်မာပြည်က ၂နာရီခွဲလောက်ကွာတော့ ကိုရီးယားမှာ ၁၂နာရီဆို မြန်မာပြည်မှာ မနက် ၉နာရီခွဲပဲ ရှိပါသေးတယ်။ ဒီဘုန်းကြီးက အချိန်ကို သူလိုသလိုများ သတ်မှတ်နေလား မသိဘူးလို့ ကိုယ့်ဖာသာကိုယ် တွေးနေရင်း အချိန်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး သူ့ကိုလျှောက်ထား ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒါတွေဟာ နေလွဲညစား စားခြင်းနဲ့ ပတ်သက်တဲ့ လွဲနေတဲ့ သတ်မှတ်ချက် အလွဲလေးတွေပဲ ဖြစ်ပါတယ်။ တစ်ချို့က တကယ်ပဲ ဘုန်းကြီးတွေ ဆွမ်းစားနေတုန်း ၁၂နာရီကျော်သွားလည်း စားကောင်းတယ်လို့ ထင်နေတတ်ပါတယ်။ တကယ်တော့ ၀ိကာလ သတ်မှတ်မှုဟာ နာရီနဲ့ သတ်မှတ်တာထက် နေနဲ့သတ်မှတ်တာက ပိုမှန်ပါတယ်။ ဘုရားလက်ထက်က အခုလို နာရီအမျိုးမျိုးတွေ မပေါ်သေးတော့ ခေါင်းတည့်တည့်မှာ နေရောက်နေတဲ့အချိန်ကို နေမွန်းတည့်ချိန်လို့ သတ်မှတ်ပြီး ဦးခေါင်းတည့်တည့်က ကျော်သွားရင်တော့ နေမွန်းလွဲချိန်လို့ သတ်မှတ်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၀ိကာလကို နေလွဲချိန်နောက်ပိုင်းကာလလို့ သတ်မှတ်တာဖြစ်ပါတယ်။ ဒီလို နေနဲ့ သတ်မှတ်ချက်အရ စားနေတုန်း ၁၂နာရီတိတိမှာ နေလွဲသွားပြီဆိုရင် မစားရတော့ပါဘူး။ စားရင်အာပတ်သင့်ပါတယ်။ ၁၂နာရီကျော်သွားပေမယ့် နေမွန်းမတည့်သေးဘူးဆိုရင် စားကောင်းပါတယ်။ ဒီလို တစ်ချို့နိုင်ငံတွေဟာ နေရဲ့ရွေ့လျားမှုကြောင့် ၁၂နာရီခွဲ၊ တစ်ခါတစ်လေ ၁နာရီလောက်မှ နေမွန်းတည့်တာတွေ ရှိတဲ့အတွက် အဲဒီနိုင်ငံတွေမှာ ရှိတဲ့ ထေရ၀ါဒ ဘုန်းကြီးတွေဟာ ၁၂နာရီခွဲ၊ တစ်နာရီလောက်အထိ ဆွမ်းစားကြတာ ဖြစ်ပါတယ်။ အဓိကကတော့ ၁၂နာရီ ထိုးတာမထိုးတာထက် နေမွန်းတည့်တာ မတည့်တာက အဓိကကျပါတယ်။

ဒါပေမယ့် ရာသီဥတု ဆိုးဝါးတဲ့နေရာတွေမှာ နေကို မမြင်ရတဲ့အခါတွေ ရှိတတ်တဲ့အတွက် အကောင်းဆုံးကတော့ ရောက်တဲ့နေရာမှာ သူ့နိုင်ငံအသီးသီးက သတ်မှတ်ထားတဲ့ စံတော်ချိန်အတိုင်း လိုက်နာကျင့်သုံးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီလို နေကို အဓိကထား သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ခုနက ကိုရီးယားဘုန်းကြီး ယူဆသလို ကိုရီးယားမှာနေပြီး မြန်မာစံတော်ချိန်ကို လှမ်းယူလို့ မရပါဘူး။ အဲလိုဆို ညစာစားချင်ရင် မနက်ပိုင်း ဖြစ်နေတဲ့ နိုင်ငံရဲ့ နာရီကိုကြည့်ပြီး စားလို့ရသလိုလို သတ်မှတ်ကုန်ပါလိမ့်မယ်။ ရောက်တဲ့နေရာမှာ သူ့နေရာက သတ်မှတ်တဲ့ နာရီအချိန်အတိုင်း လိုက်နာတာဟာ ၀ိကာလ ဘောဇနသိက္ခာပုဒ်ကို စောင့်ထိန်းဖို့အတွက် သံသယ အကင်းဆုံးပဲ ဖြစ်ပါတယ်။

စကားစပ်လို့ ဒကာတစ်ယောက်ရဲ့ အဖြစ်ကလေးကို သတိရမိပါတယ်။ အဲဒီ ဒကာတစ်ယောက် ဥပုသ်နေ့မှာ ဥပုသ်သီလယူပြီးတော့ ဗိုက်ကအရမ်းဆာတဲ့အတွက် ည ၁၂နာရီကျော်တော့ ထမင်းကြော်ပြီး စားလိုက်တယ်လို့ ဆိုပါတယ်။ သူ့အထင်က ည၁၂နာရီ ကျော်ရင် စားလို့ရပြီလို့ ထင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒါဘုန်းဘုန်းကို လျှောက်ပြတော့ ၀ိကာလဘောဇ သိက္ခာပုဒ်ရဲ့ သတ်မှတ်ချိန်ဟာ နေမွန်းလွဲချိန်ကစပြီး နောက်တစ်နေ့ မနက်အရုဏ်တက်ချိန်အထိ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် အရုဏ်တက်တဲ့အထိ ဒီသိက္ခာပုဒ်ကို စောင့်ထိန်းရမယ်လို့ ရှင်းပြဖြစ်ပါတယ်။ ဒါဟာ ဥပုသ်သည်တွေ အနေနဲ့ ၀ိကာလအချိန် သတ်မှတ်တာနဲ့ ပတ်သက်လို့ သတိထားရမယ့် အချက်ပဲ ဖြစ်ပါတယ်။

ထားပါတော။့ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ပြောချင်တာက ၀ိကာလ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး လွဲနေတာလေးတွေ ရှိတဲ့အတွက် အခုတင်ပြခဲ့တာနဲ့ ပတ်သက်လို့ အမှတ်လွဲနေတာ ရှိကြရင်လည်း ပြင်နိုင်ကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေပဲ ဆိုပေမယ့် အသေးအလွဲလေးတွေကစပြီး အလွဲကြီးတွေ ဖြစ်တတ်တဲ့အတွက် အသေးအဖွဲလေးတွေကိုလည်း တတ်နိုင်သမျှ သတိထားပြီး လိုက်နာကြတာ ကောင်းပါတယ်လို့ အကြံပြုရင်း လွဲတတ်တဲ့ အလွဲတစ်ခု အဖြစ် တင်ပြလိုက်ရပါတယ်။

2 မှတ်ချက်များ (...ရေးရန်):

  • Unknown says:
    Monday, September 06, 2010

    အရမ်းသိသင့်တဲ့ အကြောင်းအရာလေးပါ။တပည့်တော် တို့တွေလည်း ည ၁၂ နာရီကျော်ရင် ထမင်းစားလို့ရတယ်ပဲ ထင်မှတ်ထားပါတယ်။မထင်မှတ်တဲ့မှားယွင်းမှုတွေ က ကြာတော့ အမှန်လို့ ထင်မြင်စေလာပါတယ်။ အမှန်ကိုပြင်ပေးတဲ့ ဘုန်းဘုန်းကိုလည်းကျေးဇူးတင်ပါတယ်ဘုရား။နောင် ကို ဆင်ခြင်ပါ့မယ်ဘုရား။

  • Kyaw Hla Sein says:
    Wednesday, October 13, 2010

    တချို့ က ( များသောတချို့ ပါ ) အဲဒီလို ထင်နေကြပါတယ်။ ည ၁၂ နာရီကျော်ရင်စားလို့ ရပြီဆိုပြိးတော့လေ။ ပြိးတော့ တချို့ ဆရာတော်တွေကလဲ မြန်မာစံတော်ချိန်ကိုယူပြိး နိုင်ငံခြားတွေမှာ ဆွမ်းသုံးတာ တွေ့ ဖူးပါတယ်။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ