တောထွက်ရဟန်း…

တစ်ခါက အိမ်ထောင်ကျပြီး အသက်အရွယ်ကြီးမှ ရဟန်းဖြစ်လာတဲ့ ကျောင်းမှာရှိတဲ့ တောထွက် ဦးဇင်းကြီးတစ်ပါးကို လူထွက်ခိုင်းခဲ့ဖူးပါတယ်။ လူထွက်ခိုင်းရတာက ရဟန်းဘ၀မှာ သူ့အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိဘဲ နေ့စဉ်အကုသိုလ်တွေပဲ ဖြစ်နေတဲ့အတွက် အများကို ငဲ့ပြီးသူ့ကို လူထွက်ခိုင်းခဲ့ရခြင်း ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ရဟန်းတော်များလောကမှာ အိမ်ထောင်ကျပြီး အသက်ကြီးမှ သာသနာ့ဘောင်ကို ၀င်လာတဲ့ ရဟန်းကို တောထွက်ရဟန်းလို့ ခေါ်လေ့ရှိပါတယ်။ လူ့လောကမှထွက်ပြီး လွတ်မြောက်မှုကို ရှာဖို့အတွက် ကာမဂုဏ်တောက ခွာဖို့ရည်ရည်ချက်နဲ့ ထွက်လာတဲ့သူ ဆိုတဲ့အဓိပ္ပါယ်နဲ့ တောထွက်လို့ ပြောတာဆိုရင် တကယ့်ကိုပဲ အဓိပ္ပါယ်ပြည့်ဝတဲ့ ဝေါဟာရ ပညတ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ် အိမ်ထောင်ကျပြီး အသက်ကြီးမှ ရဟန်းဝတ်လာတဲ့ သူတွေကတော့ ဒီအခေါ်ကို သဘောကျဟန် မရှိပါဘူး။ မရှိဆို သူတို့ကိုယ်တိုင်လည်း ဒီတောထွက်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို မသိသလို လွတ်မြောက်မှုကို တကယ်လိုချင်လို့ ကာမဂုဏ်တောက ထွက်လာခဲ့တဲ့ သဘောလည်း မဟုတ်လေတော့ ဒီတောထွက်ဆိုတဲ့ စကားကို တစ်ခြားမကောင်းတဲ့ အဓိပ္ပါယ်နဲ့ နားလည်ပြီး သဘောမကျတာ ဖြစ်နိုင်ပါတယ်။

ခေတ်ကာလ အခြေအနေအရ သဒ္ဓါ၊ သီလ၊ ပညာ၊ ၀ိရိယ တရားများ ယုတ်လျော့လာတဲ့ ဒီနေ့ခေတ်မှာ သာသနာတော်ရဲ့ အားနည်းဆုတ်ယုတ်မှုတွေလည်း ရှိလာခဲ့ပါတယ်။ သာသနာတော်ရဲ့ ဆုတ်ယုတ်မှုဆိုတာ သာသနာ့ဝန်ထမ်း ရဟန်းများရဲ့ ဆုတ်ယုတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆုတ်ယုတ်မှုဆိုလည်း မမှားပါဘူး။ သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ သာသနာ့အလုပ်ဖြစ်တဲ့ ပရိယတ်အလုပ်နဲ့ ပဋိပတ်အလုပ်တွေမှာ ကြိုးစားအားထုတ်မှု ယုတ်လျော့လာပြီး တခြား သာသနာတော်နဲ့ မအပ်စပ်တဲ့ အလုပ်တွေမှာ ပိုပြီးအားထုတ် လာနေတာတွေဟာ သာသနာတော် သန့်ရှင်းပြန့်ပွားရေးအတွက် အားယုတ်စရာတွေပဲ ဖြစ်ပါတယ်။ ဒီအထဲက သာသနာ့ဘောင်ကို ရောက်လာတဲ့ တောထွက်ရဟန်း အတော်များများရဲ့ သာသနာတော်နဲ့ မလျော်တဲ့ အလုပ်တွေကြောင့် သာသနာရဲ့ ညစ်နွမ်းမှုတွေဟာ တစ်စတစ်စ များများလာခဲ့ရတာတွေလည်း ရှိပါတယ်။

အထူးသဖြင့် မြန်မာပြည် သာသနာမှာရှိတဲ့ ရိပ်သာမဟုတ်တဲ့ ရိုးရိုးကျောင်းမှာ နေကြတဲ့ တောထွက်ရဟန်းတွေရဲ့ ဘ၀ဟာ သာသနာမှာ အပိုသက်သက်လို ဖြစ်နေပြီး ကိုယ့်အတွက်လည်း အကျိုးမရှိ သာသနာအတွက်လည်း အကျိုးမရှိသလို ဖြစ်နေတတ်ပါတယ်။ တကယ့်သံဝေဂရပြီး သာသနာ့ဘောင်မှာ တရားဘာဝနာကို ကြိုးကြိုးစားစား အားထုတ်နေကြတဲ့ တောထွက်ရဟန်းတော်များလည်း ရှိပါတယ်။ အဲဒီရဟန်းတော်တွေကိုတော့ အထူးမပြောလိုဘဲ ကျေနပ်စွာ အားပေးလိုပါတယ်။ တကယ်လည်း အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။ အသက်အရွယ်ရလာမှ ရဟန်းဖြစ်လာတဲ့အတွက် ပရိယတ်သင်ဖို့လည်း မဖြစ်နိုင်၊ တရားဟော တရားပြဖို့လည်း မဖြစ်နိုင်တဲ့ အနေအထားမှာ ကိုယ့်အတွက် တရားရှာပြီး ကြိုးကြိုးစားစား တရားဘာဝနာပဲ ပွားများတာ ကောင်းပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ကတော့ အဲဒီလို အသက်ကြီးကြီး ဒကာကြီးတွေ သာသနာ့ဘောင်မှာ ကြာကြာနေဖို့ စိတ်ကူးရင် ရိပ်သာတွေမှာပဲ သွားပြီးရဟန်းဝတ်ကာ တရားအားထုတ်ကြဖို့ တိုက်တွန်းပြောဆိုရခြင်း ဖြစ်ပါတယ်။

မနှစ်က ဘုန်းဘုန်းတို့ မြန်မာပြည် ပြန်ကြွတုန်းက သာသနာတော် သန့်ရှင်းရေးအဖွဲ့ဆိုပြီး မြို့နယ်တိုင်းမှာ ဘုန်းကြီးတွေ အဖွဲ့ဖွဲ့ကာ ကိုယ့်မြို့နယ်အတွင်းကိုယ် လိုက်ပြီးစောင့်ကြည့် သန့်ရှင်းရေးတွေ လုပ်ကြတာနဲ့ ကြုံလို့ မြို့နယ်သံဃနာယက ဆရာတော်ရဲ့ အမိန့်နဲ့ ဘုန်းဘုန်းတို့ ကိုယ်တိုင်ပါဝင် ခဲ့ရပါသေးတယ်။ အဲဒီတုန်းက လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ လှည့်လည်ပြီး အလှူခံတဲ့ ရဟန်းတွေ၊ ညဘက်ဆိုင်ထိုင်တဲ့ ရဟန်းတွေ အမည်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးနဲ့ လှည့်ပြီး အလှူခံနေတဲ့ ရဟန်းတွေကို တွေ့ရင်ဖမ်းပြီး သံဃနာယက အဖွဲ့ကို အပ်ခဲ့ရတာတွေ လုပ်ခဲ့ရပါသေးတယ်။ များသေားအားဖြင့် အဲဒီလို မရှက်မကြောက် လှည့်လည်အလှူခံ နေကြတာတွေဟာ အသက်ကြီးကြီး တောထွက်ရဟန်းကြီးတွေပဲ ဖြစ်နေတာ များပါတယ်။ ၀ိနည်းတော်လည်းမသိ၊ သဒ္ဓါတရားလည်းမရှိ၊ တကယ့်သံဝေဂရလို့ ၀တ်လာတာလည်း မဟုတ်တော့ လာဘ်လာဘ ရလိုမှုတစ်ခုတည်းနဲ့ သာသနာတော်ကို ခုတုံးလုပ်ပြီး လုပ်စားနေကြတာ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် လူဒကာတွေနဲ့ ပေါင်းပြီး ကိုယ်လက်အင်္ဂါ တစ်ခုခု ချို့ယွင်းနေတဲ့ ပုံစံမျိုး ပတ်တီးစီးကာ ဒကာကတွဲလို့ ဆေးဖိုးဆိုပြီး လိုက်အလှူခံ နေတာလည်း တွေ့ရပါတယ်။ ဒီလိုမျိုး တောထွက်ရဟန်းကြီးတွေကြောင့် သာသနာတော်ဟာ တခြားဘာသာတွေရဲ့ စော်ကားပြောဆို ခံနေရတာ တွေနဲ့လည်း ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ ဒါဟာ အိမ်ထောင်ကျပြီး အသက်အရွယ်ကြီးမှ ဘုန်းကြီးဝတ်လာတဲ့ တောထွက်ရဟန်းအချို့ရဲ့ မလျော်ကန်တဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလို သဒ္ဓါတရားနည်းပြီး သာသနာနဲ့ မလျော်တဲ့ အလုပ်တွေမှာ မရှက်မကြောက် လုပ်တတ်တဲ့ တောထွက်ရဟန်းတွေကြောင့် မြတ်ဗုဒ္ဓက သာသနာတော်မှာ ရခဲလှတဲ့ တောထွက်ရဟန်းများ အကြောင်းကို ဟောကြားတော်မူထားတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက ၀ုဍ္ဎပဗ္ဗဇိတသုတ်မှာ တောထွက်ရဟန်းတော်များနဲ့ ပတ်သက်လို့

“ရဟန်းတို့… တရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။ အဘယ်တရား ငါးမျိုးတို့နည်း ဟူမူ-
ရဟန်းတို့ သိမ်မွေ့သော တောထွက်ရဟန်းကို ရခဲ၏။
ရဟန်းအသွင်အပြင်နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
တရားဟောတတ်သော တောထွက်ရဟန်းကို ရခဲ၏။
ဝိနည်းဓိုရ် (၀ိနည်းလေးစား လိုက်နာသော) တောထွက် ရဟန်းကို ရခဲ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏” ဟုလည်းကောင်း…

“ရဟန်းတို့…. တရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။ အဘယ်ငါးမျိုးတို့နည်း ဟူမူ-
ရဟန်းတို့ ဆိုဆုံးမလွယ်သော တောထွက်ရဟန်းကို ရခဲ၏။
ကောင်းသော အယူကို ယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
ဆုံးမစကားကို အမြတ်တနိုး ခံယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
တရားဟောတတ်သော တောထွက်ရဟန်းကို ရခဲ၏။
ဝိနည်းဓိုရ် တောထွက်ရဟန်းကို ရခဲ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏”
ဟု လည်းကောင်း မိန့်တော်မူခြင်း ဖြစ်ပါတယ်။

တကယ်ဆိုရင် သာသနာ့ဘောင် ရောက်လာတဲ့ ရဟန်းတွေဟာ ကိုယ့်ကိုယ်ကို ကာမဂုဏ်တောက ထွက်လာပြီး လွတ်မြောက်မှုကို ရှာလိုတဲ့ တကယ့်တောထွက် ရဟန်းဆိုတဲ့ ပုံစံမျိုးနဲ့ဆိုရင် ရဟန်းဘ၀ဟာ လူ့ဘ၀ထက်ပိုပြီး ကုသိုလ်လုပ်ဖို့ အချိန်အများကြီး ရပါတယ်။ လူ့ဘ၀က ထွက်လာပြီးမှတော့ ကုသိုလ်လုပ်ဖို့ အချိန်အများကြီး ရတဲ့ရဟန်းဘ၀မှာ ကိုယ့်ဘ၀အတွက် လွတ်မြောက်မှု တစ်ခုခုကိုရအောင် ကြိုးစားအားထုတ်သင့်ပါတယ်။ ယောင်တစ်လုံး အဆုံးခံပြီးမှ မကောင်းမှုက ပိုများနေတယ်ဆိုရင် ဘ၀ဟာ နှစ်ခါနာသလို ဖြစ်နေပါလိမ့်မယ်။ သာသနာ့ဘောင် ၀င်လာပြီးမှ ၀ိနည်းတော်နဲ့မညီဘူး၊ ရဟန်းတရားကို အားမထုတ်ဘူး ဆိုရင်တော့ လူ့ဘ၀မှာနေပြီး ငါးပါးသီလလေးလောက် လုံခြုံအောင် ထိန်းကာ တတ်နိုင်သမျှ ဒါနသီလဘာဝနာ အလုပ် လုပ်နေတာက ပိုပြီး အကျိုးကြီးနေပါသေးတယ်။ သာသနာ့ဘောင် စ၀င်လာကတည်း အနေချောင် အစားချောင်ဖို့ ဆိုရင်တော့ သေရင်ချောင်မှာ မဟုတ်တော့ပါဘူး။ မြင့်ရာကကျရင် ပိုနာတယ်လို့ ဆိုသလို ရဟန်းဘ၀ရနေပြီးမှ ရဟန်းတရားနဲ့ မလျော်ရင်တော့ အဆများစွာ နာနေကြရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် တောထွက်ရဟန်းများ အနေနဲ့ ကိလေသာတောက ထွက်ဖို့ကြိုးစားရင်း တကယ့်တောထွက် ရဟန်းပီသအောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ ဒီလိုပါပဲ။ ငယ်ဖြူရဟန်း (ငယ်ငယ်တည်းက မထွက်တော့ဘဲ သာသနာ့ဘောင်မှာ မြဲနေသူ)၊ တောင်ပြန်ရဟန်း (အသက်ကြီးမှ ရဟန်းဖြစ်လာပေမယ့် အိမ်ထောင်မကျသေးသူ) တွေအနေနဲ့လည်း ကာမဂုဏ်တောက ထွက်လာတဲ့ တကယ့်တောထွက် ရဟန်းတွေအဖြစ် သံသရာမှ လွတ်မြောက်အောင် ကျင့်သုံးသင့်ပါတယ်။

ဆိုလိုတာက တောထွက်ရဟန်းဆိုတဲ့ စကားဟာ အိမ်ထောင်ကျပြီး အသက်အရွယ်ကြီးမှ သာသနာ့ဘောင်ကို ၀င်ရောက်လာတဲ့ ရဟန်းကို ဆိုတာဖြစ်ပေမယ့် တောထွက်ရဟန်းတွေမှ မဟုတ်ဘဲ သာသနာ့ဘောင်ကို ရောက်လာတဲ့ ရဟန်းတော်မှန်သမျှ ကာမဂုဏ်အာရုံတွေက ထွက်ပြီး လွတ်မြောက်ရာအမှန်ကို ရှာဖွေကြတဲ့ တကယ့်တောထွက် ရဟန်းတော်များ အဖြစ် ကျင့်သုံးသင့်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ သာသနာ့ဘောင်ကို ရောက်လာပြီးမှတော့ ကိလေသာတောက ထွက်နိုင်အောင် ရဟန်းတရားကို ကြိုးစားအားထုတ်သင့်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ အမည်ဆိုးနဲ့ အပြစ်အပြောခံရတဲ့ တောထွက်ရဟန်းအဖြစ်မှ ခွဲထွက်ကာ ရခဲတဲ့ တန်ဘိုးရှိတဲ့ တောထွက်ရဟန်းအဖြစ်၊ သိမ်မွေ့နူးညံ့ကာ အပြောအဆိုလွယ်တဲ့ ၀ိနည်းဓိုရ် ရဟန်းအဖြစ် ကြိုးစားသင့်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အရွယ်လွန်ပြီး အိမ်ထောင်သည်ဘ၀မှ ရဟန်းဖြစ်လာတဲ့ ရဟန်းတော်များ အနေနဲ့ တောထွက်တောထွက်လို့ အများက မကောင်းတဲ့ အဓိပ္ပါယ်နဲ့ ဘယ်လိုပဲ ပြောဆိုနေကြပါစေ ကိုယ်ကိုယ်တိုင်ကတော့ ကာမဂုဏ်တောက ထွက်နိုင်အောင် ကြိုးစားတဲ့ တကယ့်တောထွက် ရဟန်းအဖြစ်နဲ့ ရခဲတဲ့ ရဟန်းဘ၀မှာ ရဟန်းတရားကို ကြိုးစားအားထုတ်ကာ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကို တက်လှမ်းနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း ဘုရားပြောတဲ့ ရခဲတဲ့ တောထွက်ရဟန်းအဖြစ်ကို အရယူကြပါလို့ စေတနာထား မေတ္တာအားဖြင့် အသိတရား ပါးလိုက်ရပါတယ်…။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ