အရေးကြီးသည်မှာ…

လောက၌ လူအမျိုးမျိုး ရှိကြရာတွင် အချို့သူများသည် ပညာအားကောင်းကြ၏။ အချို့သည် တွေးခေါ်မှု အားကောင်းကြ၏။ အချို့သည် ၀ီရိယအားကောင်းကြ၏။ အချို့ကား လက်တွေ့အားသန်ပြီး အချို့ကား ကြံစည်မှု အားသန်ကြ၏။ မည်သို့ပင် အားသာချက် ကိုယ်စီရှိငြားသော်လည်း တစ်ခုတည်းကိုသာ စွဲကိုင်ထားပါက လွဲယိုင်သွားတတ်၏။ ပညာအားကောင်းသော်လည်း ကျင့်ကြံအားထုတ်မှုပါမှသာ လက်တွေ့အကျိုး ရနိုင်သကဲ့သို့ အတွေးအခေါ် အကြံအစည် အားသန်သူသည်လည်း တွေးတောကြံစည်နေရုံမျှနှင့်မပြီး လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ကြည့်မှသာ ပြီးနိုင်၏။ အဓိကမကျသည့် အရာများတွင် တွေးတောကြံစည်ကာ ပညာဉာဏ် အားကောင်းနေသည်ထက် အဓိကကျသည့် အရာများတွင် လက်တွေ့လိုက်နာ ကျင့်သုံးခြင်းကသာ အလိုရှိရာ ပြီးမြောက်နိုင်၏။ အရေးကြီးသည်မှာ အကျိုးမပြီး အချည်းနှီးအရာများတွင် အချိန်ကုန် ပင်ပန်းနေကြသည်ထက် အဓိကကျပြီး လက်တွေ့အကျိုးကြီးနိုင်သည့် အရာများတွင် အချိန်ရှိခိုက် အားစိုက်လိုက်ကြသည်က ပိုပြီးအကျိုးစီးပွားကို ဖြစ်ထွန်းစေ၏။ ဘ၀သံသရာ ကောင်းကျိုးကို ဆောင်နိုင်ပေ၏။

ဗုဒ္ဓလက်ထက်က မာလုကျပုတ္တဟူသော မထေရ်တစ်ပါးသည် အတွေးအခေါ် အားကောင်းသည့် မထေရ်တစ်ပါး ဖြစ်၏။ မည်မျှအားကောင်းသည်ဆိုသော် ရဟန်းဘ၀တွင် အားထုတ်ရမည့် ရဟန်းတရားကို လက်တွေ့အားမထုတ်ဘဲ အရေးမကြီးသည့် အချည်းအနှီး အတွေးများဖြင့် အချိန်ကုန်နေသည်အထိ အားကောင်းခဲ့၏။ မိမိဉာဏ်ဖြင့် လိုက်မမီသည့် အရာများတွင် အတွေးနယ်ချဲ့ကာ တွေးတောအဖြေရှာနေတတ်၏။ တွေးတောကြံစည်နေခြင်းဖြင့် မည်သည့်အကျိုးမျှ မဖြစ်နိုင်သည့်အပြင် ဘ၀လွတ်မြောက်ရေး၊ ရဟန်းတရား အားထုတ်ရေးတွင် အရေးမကြီးသည့် အကြံအစီများဖြင့်သာ နေ့စဉ်အချိန်ကုန်နေတော့၏။

တစ်နေ့ ထိုမထေရ်သည် တစ်ပါးတည်းထိုင်ကာ “လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည် အဆုံးရှိ၏ဟူ၍ လည်းကောင်း၊ လောကသည် အဆုံးမရှိဟူ၍လည်းကောင်း၊ အသက်သည်ပင် ကိုယ်ဟူ၍လည်းကောင်း၊ အသက်သည်တစ်ခြား ကိုယ်သည်တစ်ခြား ဟူ၍လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ပြန်ဖြစ်သည်ဟူ၍လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ပြန်မဖြစ်ဟူ၍ လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ်၏ မဖြစ်လည်းမဖြစ် ဟူ၍လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း စသည်ဖြင့် မြတ်စွာဘုရားသည် မဟောကြားဘဲ ထိမ်ချန်ထား၊ ပယ်ထားသည့် အယူများရှိ၏၊ ထိုအယူတို့ကို မြတ်စွာဘုရားသည် ငါ့အား ဟောကြားတော်မမူ၊ ထိုသို့ မဟောကြားဘဲ ချန်ထားသည်ကို ငါမနှစ်သက်၊ ငါသည် မြတ်စွာဘုရားထံ ချည်းကပ်၍ ဤအကြောင်းကို မေးလျှောက်အံ့၊ အကယ်၍ မြတ်စွာဘုရားသည် ဖြေကြားပေးခြင်း မရှိပါက ငါသည် ရဟန်းသိက္ခာကိုစွန့်ကာ လူထွက်တော့အံ့…” စသည်ဖြင့် တွေးတောကြံစည်နေ၏။ မာလုကျပုတ္တမထေရ်သည် မိမိအကြံအတိုင်းပင် မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသည့် အချိန်ကိုစောင့်ကာ သွားရောက်၍ မေးလျှောက်လေတော့၏။ ဘုရားထံသွားကာ အကြပ်ကိုင်လေတော့၏။

ဘုရားထံမှောက် ရောက်သည့်အခါ မာလုကျပုတ္တမထေရ်သည် မိမိကြံစည်ထားသည့် အတွေးများ၏ အဖြေကို မေးလျှောက်လေတော့၏။ မြတ်စွာဘုရားသည် ထိုအဖြေများကို ဟောကြားတော်မမူဘဲ ချန်ထားသည်ဟုထင်ကာ အပြစ်တင်သည့် သဘောများဖြင့် လူထွက်မည်ဟုပင် အကြပ်ကိုင်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “မာလုကျပုတ္တ… ငါသည် သင့်ကို မာလုကျပုတ္တ သင်လာခဲ့လော့..၊ ငါဘုရားအထံမှာ မြတ်သောအကျင့်ကို ကျင့်လော့၊ သင်သိချင်သည့် လောကသည်မြဲခြင်း၊ မမြဲခြင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ တစ်ဖန်ပြန်ဖြစ်ခြင်း၊ မဖြစ်ခြင်း စသည့်မေးခွန်းများကို သင့်ကို ငါဘုရား ဟောကြားပေးမည်ဟု ဆိုခဲ့ဖူးသလော..” ဟု မေးတော်မူလိုက်၏။
“အရှင်ဘုရား… မဆိုခဲ့ဖူးပါဘုရား…”

“သင်ကလည်း ငါဘုရားကို သင်အလိုရှိတဲ့ မေးခွန်းတွေ ဖြေပေးမှ ရဟန်းပြုမည်၊ မြတ်သောအကျင့်ကို ကျင့်မည်ဟု ဆိုခဲ့ဖူးသလော…”
“အရှင်ဘုရား မဆိုခဲ့ဖူးပါဘုရား..”

“မာလုကျပုတ္တ ဤသို့ဆိုလျှင် ငါကလည်း သင့်ကို တစ်စုံတစ်ခုမျှ မဆိုခဲ့၊ သင့်ကလည်း ငါ့ကို တစ်စုံတစ်ခုမျှ မဆိုခဲ့ပါပဲလျှက် အဘယ်သူ တောင်းပန်သည်ဖြစ်၍ အဘယ်သူ့ကို တုံ့ပြန်ပြောကြားရမည်နည်း..၊ စင်စစ် သင်သည် ရဟန်းဘ၀ရနေသော်လည်း အရေးကြီးသည့်အရာကို မလုပ်ဘဲ မလိုအပ်သည်များတွင် အချိန်ကုန်နေသဖြင့် မဂ်ဖိုလ်မပြီး အချည်းနှီးသာဖြစ်နေ၏…”ဟု နောက်ဆုံးတွင် ဘုရားရှင်က မာလုကျပုတ္တအား ပြစ်တင်ပြောဆို ဆုံးမကာ အရေးကြီးသည့်အရာနှင့် အရေးမကြီးသည့် အရာများကို ခွဲခြားပြသ ဟောကြားတော်မူခဲ့၏။

ဗုဒ္ဓက “မာလုကျပုတ္တ… အကယ်၍ တစ်စုံတစ်ယောက်သည် လောကသည် မြဲမမြဲ၊ သတ္တ၀ါ သေသည်မှနောက်၌ ဖြစ်မဖြစ် စသည့်အကြောင်းအရာများကို မြတ်စွာဘုရားသည် မဟောကြားပေးသမျှ မြတ်သောအကျင့်ကို ငါမကျင့်ဟု ဆိုလာငြားအံ့၊ ထိုသူသည် မြတ်သောအကျင့်ကို မကျင့်မီ သို့မဟုတ် မကျင့်ရဘဲနှင့်ပင် သေလွန်ရာ၏၊ အကြောင်းကား ထိုကဲ့သို့သော အချည်းနှီးကိစ္စများအား ငါဘုရားသည် ဟောကြားပေးမည် မဟုတ်သောကြောင့်ပင် ဖြစ်၏…” “မာလုကျပုတ္တ… ဥပမာအားဖြင့် ပြင်းထန်သည့် အဆိမ်လူးမြားဖြင့် အပစ်ခံရသူသည် ရှေးဦးစွာ အဆိပ်လူးမြားကို နှုတ်ကာအသတ် အရင်ကယ်ရမည် ဖြစ်သော်လည်း အဓိကကျသည့် အရာကိုမလုပ်ဘဲ ဤအဆိပ်လူးမြားကို မည်သူကပစ်လိုက်သည်၊ ဤမြားသည် မည်သည့်နေရာက လာသည်၊ မည်သည့်အကြောင်းကြောင့် အပစ်ခံရသည် စသည်ဖြင့် မြားပစ်သူကို လိုက်ရှာနေပါက ထိုသူကို မတွေ့မီပင် အသက်သေသွားရာ သကဲ့သို့ ထို့အတူ သင်သည်လည်း အဓိကအရေးကြီးသည့် ရဟန်းတရားကို အားမထုတ်သေးဘဲ လောကအကြောင်း သတ္တ၀ါအကြောင်း စကြာဝဠာအကြောင်း စသည်များကို ဘုရားမဟောသေးသမျှ မြတ်သောအကျင့်ကို မကျင့်ဟု တွေးတောနေပါက ထိုမြတ်သောအကျင့်ကို မကျင့်ရသေးမီပင် သေလွန်သွားနိုင်ရာ၏…”

“မာလုကျပုတ္တ… လောကသည် မြဲသည်ဖြစ်စေ၊ မမြဲသည်ဖြစ်စေ၊ သတ္တ၀ါသည် ဘ၀သစ်တွင် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ထိုအတွေးများရဲ့ အဖြေကို တိကျစွာ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တွေးခေါ်သူအတွက် တစ်စုံတစ်ခုမျှ ထူးခြားလာမည်မဟုတ်၊ ထိုအတွေးများ၊ အဖြေများ မှန်မှားဖြစ်နေငြားလည်း ပဋိသန္ဓေနေရမှုများ၊ အိုရမှုများ၊ သေရမှုများ၊ ပူဆွေးငိုကြွေးခြင်းများ၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းများ စသည်တို့သည် ရှိနေကြမည်သာ ဖြစ်၏၊ စင်စစ် လောကအကြောင်း သတ္တ၀ါအကြောင်းစသည် တွေးနေခြင်းထက် ရှေးဦးစွာ လုပ်သင့်သည်မှာ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးခြင်းစသည်တို့ကို ယခုမျက်မှောက်ဘ၀မှာပင် ဖျက်စီးနိုင်အောင် ကြိုးစားနိုင်ခြင်းကသာ ပိုပြီးအရေးကြီး၏၊ ထိုအရာများကို ဖျက်စီးပစ်နိုင်ရန်ကိုသာ ငါဘုရားပညတ်တော်မူ၏…”

“မာလုကျပုတ္တ… ငါဘုရား၏ သာသနာတော်တွင် သင်သည် ငါဘုရား မဟောကြားသည်ကို မဟောကြားသည့်အတိုင်း၊ ဟောကြားသည်ကို ဟောကြားသည့်အတိုင်းသာ မှတ်သားလော့၊ လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ မမြဲဟူ၍လည်းကောင်း၊ အသက်သည်ပင် ကိုယ်ဟူ၍လည်းကောင်း၊ အသက်တစ်ခြား ကိုယ်တစ်ခြား စသည်ဖြင့်လည်းကောင်း၊ သတ္တ၀ါ သေသည်မှနောက်၌ ဖြစ်၏၊ မဖြစ်၊ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ် စသည်ဖြင့်လည်းကောင်း လောကအကြောင်း သတ္တ၀ါအကြောင်း စသည်တို့ကို ငါဘုရား ဟောကြားတော်မမူ၊ အကြောင်းကား ဟောကြားခြင်းဖြင့် အကျိုးစီးပွားနှင့်မစပ်၊ မြတ်သောသာသနာတော်၏ အစအနမျှလည်း မဖြစ်၊ ၀ဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှါ၊ ရာဂကင်းခြင်းငှါ၊ ရာဂချုပ်ခြင်းငှါ၊ ကိလေသာ ငြိမ်းခြင်းငှါ၊ သစ္စာလေးပါးကို သိမြင်ခြင်းငှါ စသည်ဖြင့် မဖြစ်သောကြောင့်တည်း..” “မာလုကျပုတ္တ… ဤကား ဆင်းရဲတည်း၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်း၊ ဤကား ဆင်းရဲချုပ်ရာတည်း၊ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်း စသည်ဖြင့် ငါဘုရား ဟောကြားတော်မူ၏၊ အကြောင်းကား ထိုတရားသည် အကျိုးစီးပွားနှင့် စပ်ယှဉ်၏၊ သာသနာအတွက် အားအင်ဖြစ်၏၊ ၀ဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ၊ ကိလေသာရာဂ ကင်းငြိမ်းခြင်းငှါ၊ သစ္စာလေးပါးကို သိမြင်ခြင်းငှါစသည်ဖြင့် အကျိုးဖြစ်သောကြောင့်တည်း၊ ထို့ကြောင့် သင်သည် ငါဘုရား မဟောကြားသည်ကို မဟောကြားသည့်အတိုင်း၊ ဟောကြားသည်ကို ဟောကြားသည့်အတိုင်း မှတ်သားလိုက်နာ ကျင့်ကြံလေလော့...” စသည်ဖြင့် အကျယ်မိန့်တော်မူလိုက်၏။ နောက်ဆုံးတွင် မာလုကျပုတ္တမထေရ်သည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်သက်ကျေနပ်စွာ လက်ခံသွားလေတော့၏။ (မဇ္ဈိမပဏ္ဏာသ၊ ဘိက္ခုဝဂ်၊ စူဠမာလုကျသုတ်) ဤကား ဗုဒ္ဓလက်ထပ် အတွေးအခေါ်ပိုင်းတွင် အားသာကာ အရေးကြီးသည့် အပိုင်များတွင် မလုပ်ဖြစ်ဘဲ အချည်းနှီး အချိန်ကုန်နေခဲ့သည့် မာလုကျပုတ္တ မထေရ်အကြောင်း တစ်စေ့တစ်စောင်းသာ ဖြစ်၏။

မျက်မှောက်ခေတ်တွင်လည်း မာလုကျပုတ္တကဲ့သို့ အတွေးနယ်လွန်သူများရှိ၏။ အရေးကြီးသည်ကို အကောင်အထည်မဖော်ဘဲ မိမိအတွက်လည်း အကျိုးမပြီး အများအတွက်လည်း အထောက်အကူ မပြုသည့် အရာများဖြင့် အချိန်ကုန်နေသူများ ရှိ၏။ ထိုသူများသည် မြတ်ဗုဒ္ဓမိန့်တော်မူသကဲ့သို့ပင် အဆိပ်လူမြားကို အရင်မနှုတ်ဘဲ မြားပစ်သူကို လိုက်ရှာနေသူနှင့် တူနေပေ၏။ စင်စစ် မလိုအပ်သည်များ၊ မိမိဉာဏ်နှင့် လိုက်မမီသည်များတွင် အချိန်ကုန်နေမည့်အစား လက်တွေ့ကျသည့် ကျင့်ကြံအားထုတ်မှုများဖြင့် အကောင်အထည် ဖော်နိုင်ရန်သာ ကြိုးစားအားထုတ်သင့်လှ၏။ မြတ်ဗုဒ္ဓ၏ အချို့အရာများသည် သဗ္ဗညုတဉာဏ်ဖြင့် ဟောကြားထားသည့်အရာများ ဖြစ်သဖြင့် မိမိ၏ အသိဉာဏ်နှင့် လိုက်မမီနိုင်သည်များ ရှိတတ်၏။ ထိုသို့သော အရာများတွင် မရရအောင် တွေးတောကြံစည်နေကြလျှင် အချိန်သာကုန်ပြီး အကျိုးမပြီး ဖြစ်နေတတ်၏။ အရေးကြီးသည်မှာ မိမိလုပ်နိုင်သည့်၊ လုပ်သင့်သည့် အရာများကို လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ရန်သာ ဖြစ်၏။ လက်တွေ့ကျင့်ကြံမှုဖြင့်သာ သိရန်ကြိုးစားသင့်၏။ မြတ်ဗုဒ္ဓက ဝေဘန်စိစစ် လက်ခံရန် ဟောကြားထားသော်လည်း အကျိုးစီးပွားနှင့် မစပ်သည့် အရာများတွင် အချိန်ကုန်ခံကာ ဝေဘန်စိစစ်နေစေရန် ဟောတော်မူခြင်း မဟုတ်ပေ။ မိမိသူတစ်ပါး အကျိုးများစေပြီး ကိလေသာကုန်ရာ အကျင့်တရားများကိုသာ နည်းမှန်လမ်းမှန် စနစ်မှန်ဖြင့် ကျင့်ကြံပွားများနိုင်စေရန် ပညာနှင့်စိစစ်ကာ လက်တွေ့လိုက်နာစေလိုခြင်း ဖြစ်၏။ အသိတရားတွင်သာ ရပ်တန့်မနေဘဲ အကျင့်တရားပါ ကျင့်ကြံစေရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ အရေးမကြီးသည့်အရာများတွင် အချိန်မကုန်စေဘဲ အရေးကြီးသည်များကို လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်စေလိုခြင်း ဖြစ်၏။ အဓိကကျသည်မှာ အသိနောက်ကို အကျင့်လိုက်စေလိုရင်း ဖြစ်၏။

ထို့ကြောင့် မာလုကျပုတ္တကဲ့သို့ စကြာဝဠာကြီး ဘယ်ကစသည်၊ လူသားများ ဘယ်ကစသည်၊ ကံတရား၏ အတိုင်းအဆ မည်မျှရှိသည် စသည်ဖြင့် သိခြင်း၊ မသိခြင်းဖြင့် လွတ်မြောက်ရေး၌ အထောက်အကူ မဖြစ်သည့် အချည်းအနှီး အတွေးအခေါ်များတွင် အချိန်ပေးကာ တွေးနေကြသည်ထက် သံယောဇဉ်ကုန်ရာ၊ ကိလေသာကုန်ရာ၊ နောက်ထပ်တစ်ဖန်၊ မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းစသည် ကင်းရာဖြစ်သည့် လက်တွေ့အကောင်အထည်ဖော် ကျင့်ကြံရမည့် အရာများကို လိုက်နာကျင့်သုံး နေထိုင်ခြင်းကသာ အရေးကြီးသည့်အရာများ ဖြစ်သဖြင့် မြားပစ်သူကို လိုက်ရှာမနေကြဘဲ မြားကိုသာ အရင်ဆုံး နှုတ်နိုင်အောင် ကြိုးစားကြရင်း အချိန်ရှိခိုက်၊ လုပ်နိုင်သည့်အခိုက်တွင် မိမိ၏ ပစ္စုပ္ပန်အကျိုး၊ သံသရာအကျိုး ပွားတိုးစေမည့် လုပ်ရပ်များကိုသာ အသိနှင့်အကျင့် ထပ်တူဖြစ်ရန် ကြိုးစားသင့်ပါကြောင်း အသိပေးတင်ပြလိုက်ပါ၏။ အရေးကြီးသည်မှာ ကျင့်ကြံအားထုတ်မှုသာ အဓိက ဖြစ်ပါပေတော့၏။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ