တုံ့ပြန်မှု မတူကြသူများ…

လောကမှာ လူအမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိကြသလို အမြင်အမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ လက်ခံမှုအမျိုးမျိုး၊ တုံ့ပြန်မှုအမျိုးမျိုးလည်း ရှိတတ်ပါတယ်။ လူချင်းတူပေမယ့် အမြင်ချင်းမတူ၊ အတွေးအခေါ်ချင်းမတူ၊ တုံပြန်မှုချင်း မတူတတ်ပါဘူး။ တစ်ချို့က အကောင်းဘက်က မြင်တတ်သလို တစ်ချို့က အဆိုးဘက်က မြင်တတ်ပါတယ်။ တစ်ချို့က အကောင်းကိုရှာပြီး တုံ့ပြန်တတ်သလို တစ်ချို့က အဆိုးကိုရှာပြီး တုံ့ပြန်တတ်ပါတယ်။ တစ်ချို့က ကုသိုလ်ဖြစ်အောင် ယူတတ်သလို တစ်ချို့က အကုသိုလ်ဖြစ်အောင် ယူတတ်ပါတယ်။ ဒါဟာ သတ္တ၀ါတွေရဲ့ သဘော၊ လောကရဲ့ သဘောပါပဲ။ အမှန်တော့ ဒါတွေဟာ ချီးမွမ်းတတ်တဲ့သူနဲ့ ကဲ့ရဲ့တတ်တဲ့သူတွေရဲ့ သဘောလက္ခဏာတွေပါပဲ။ စာလိုပြောရင်တော့ သဒ္ဓါတရား ဓာတ်ခံရှိသူနဲ့ သဒ္ဓါတရား ဓာတ်ခံမရှိသူတွေရဲ့ ခြားနားချက်တွေပါပဲ။ သဒ္ဓါတရား အားကောင်းသူရဲ့ တုံ့ပြန်မှုဟာ ကုသိုလ်ဖြစ်စရာ ကောင်းတဲ့အချက်တွေနဲ့ တုံ့ပြန်တတ်ပြီး သဒ္ဓါတရား ခေါင်းပါးသူရဲ့ တုံ့ပြန်မှုကတော့ အကုသိုလ်ဖြစ်စရာ မကောင်းတဲ့အချက်တွေနဲ့ တုံ့ပြန်တတ်ပါတယ်။ အထူးသဖြင့် သဒ္ဓါတရား ရှိတဲ့သူဟာ ရတနာသုံးပါးနဲ့ ပတ်သက်မှုများမှာ ကုသိုလ်စိတ်များနဲ့ မြင်တတ်၊ကြည့်တတ်၊ တွေးခေါ်တတ်၊ ရယူတတ်၊ တုံ့ပြန်တတ်ပေမယ့် သဒ္ဓါတရားမရှိသူကတော့ ရတနာသုံးပါးအပေါ်လည်း အပြစ်မြင်တတ်၊ မကောင်းတွေးတတ်၊ မကောင်းယူတတ်၊ အဆိုးတုံ့ပြန်တတ်ပါတယ်။ ဒါဟာ မတူညီတဲ့သူတွေရဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ လောကမှာရှိတဲ့လူတိုင်း အမြဲမကြာမကြာ ကြုံတတ်တဲ့ လောကဓံက ဒီကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံပါပဲ။ လောကဓံရှစ်ပါးလုံး ကြုံရတတ်ပေမယ့် အများဆုံး ကြုံရတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံတွေပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း ချီးမွမ်းခြင်း ခံဖူးကြသလို ကဲ့ရဲ့ခြင်းလည်း ခံဖူးကြပါတယ်။ ခံနေရဦးမှာပါပဲ။ မတူညီတဲ့သူ၊ မတူညီတဲ့ စရိုက်၊ မတူညီတဲ့ အတွေးအခေါ် ရှိနေတဲ့ သူတွေနဲ့ တွေ့နေသမျှတော့ ဒီလိုကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ သဒ္ဓါတရား ဓာတ်ခံရှိတဲ့သူတွေဟာ ကောင်းတဲ့သဘောတွေနဲ့ တုံပြန်နေကြမှာဖြစ်ပြီး သဒ္ဓါတရား မရှိသူတွေကတော့ အဆိုးတွေနဲ့ တုံ့ပြန်ကြမှာ မလွဲပါဘူး။ ဒါဟာ ရှောင်လွဲမရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ဘယ်လိုတုံ့ပြန်မှုမျိုးလာလာ ကိုယ့်စိတ်ကို ကိုယ်မယိမ်းယိုင်အောင်၊ မတုန်မလှုပ် ခံနိုင်အောင် လေကျင့်နေထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

ဘုန်းဘုန်းကိုယ်တိုင်လည်း ဒီလိုမတူညီတဲ့ တုံ့ပြန်မှုတွေကို အများကြီး ကြုံဖူးပါတယ်။ ဘုန်းကြီးဆိုပြီး လူတိုင်းက ကြည်ညိုကြမယ်၊ လေးစားကြမယ်၊ ချီးမွမ်းကြမယ်လို့တော့ မထင်လိုက်ပါနဲ့။ ဘုန်းကြီးလည်း ကြည်ညိုတဲ့သူရှိသလို မကြည်ညိုတဲ့ သူတွေလည်း ရှိပါတယ်။ ဘုန်းကြီးကိုလည်း ချီးမွမ်းကြသူတွေရှိသလို အပြစ်ပြော ကဲ့ရဲ့ကြတဲ့ သူတွေရှိပါတယ်။ တိုက်ရိုက်မဟုတ်တာတောင်မှ ကွယ်ရာမှာ သွားပုတ်လေလွင့် ပြောခံရတာတွေရှိပါတယ်။ အမှန်တော့ ဒီလို ကဲရဲ့ချီးမွမ်းခံရတာတွေဟာ ဘုန်းဘုန်းတို့လို သာမန်ရဟန်းတော်များအတွက် မဆိုထားနဲ့ အလုံးစုံ ပြည့်စုံတ်ာမူတဲ့ အနန္တတန်ခိုးရှင် သဗ္ဗညု ဘုရားရှင်များအထိပါပဲ။ ဘုရားရှင်တွေလည်း ကဲ့ရဲ့ခံပါသေးတယ်။ အပုတ်ချခံရပါသေးတယ်။ လောကဓံကို ခံရပါသေးတယ်။ ဒါကြောင့် ဘုရားရှင်တွေတောင် မလွတ်တဲ့ ဒီလိုကဲ့ရဲ့မှု၊ ချီးမွမ်းမှုဆိုတဲ့ တုံ့ပြန်မှုတွေမှာ ရဲရဲရင်ဆိုင် ခံနိုင်ရည်ရှိအောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ဒါဟာ မတူညီတဲ့သူတွေရဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။

မတူညီတဲ့ တုံ့ပြန်မှုတွေ ကြုံဖူးခဲ့တာများပေမယ့် ထူးထူးခြားခြား သတိထားမိတဲ့ ဒကာလေးနှစ်ယောက်ရဲ့ တုံ့ပြန်မှုလေးတွေကတော့ စိတ်အစဉ် ရင့်ကျက်မှုကို ပိုမိုဖြစ်စေခဲ့ပါတယ်။ မနှစ်က ဖြစ်မှာပါ။ ဒကာလေးတစ်ယောက် အလုပ်အဆင်မပြေ၊ ကျန်းမာရေး မကောင်းတဲ့အတွက် ကျောင်းမှာခဏ နေထိုင်တည်းခိုပြီး ဆေးခန်းပြချင်တယ်ဆိုလို့ အခန်းအပိုမရှိပေမယ့် အဆင်ပြေသလို နေနိုင်ရင်နေဖို့ အခွင့်ပေးခဲ့ပါတယ်။ ဒီဒကာလေးဟာ ပင်ကိုယ်သဒ္ဓါတရား ဓာတ်ခံကောင်းတယ်လို့ပဲ ဆိုရမလား ကျောင်းမှာနေရတာကို သူသဘောကျ ကျေနပ်နေပါတယ်။ ဘုန်းကြီးနဲ့အတူ နေပြီး ဘုန်းကြီးဝေယျာဝစ္စလုပ်လိုက်၊ ဘုရားရှိခိုးလိုက်၊ ကျောင်းသန့်ရှင်းရေးလုပ်လိုက်၊ ဘုန်းဘုန်းအားတဲ့ အချိန်မှာလည်း သူသိချင်တဲ့ မေးခွန်းတွေမေးလိုက်၊ မှတ်သားနာယူလိုက်နဲ့ သူ့ဘ၀ဟာ တော်တော်လေးကို ပြောင်းလဲနေပါတယ်။ သူကိုယ်တိုင်လည်း ဘုန်းဘုန်းနဲ့ အနေနီးတာနဲ့အမျှ ဘုန်းဘုန်းအပေါ် ကြည်ညိုမှုတွေ တိုးတိုးလာကြောင်း၊ ဘုန်းဘုန်းရဲ့ တစ်နေ့တာ နေထိုင်မှုတွေအပေါ် ကြာလေကြည်ညိုလေ ဖြစ်ရကြောင်း နှုတ်ကဖွင့်လျှောက်တဲ့ အထိဖြစ်သွားသလို အပြင်မှာလည်း ဘုန်းကြီးကျောင်းမှာ ရခဲ့တဲ့အသိတရား၊ ဘုန်းကြီးကျောင်းမှာ နေရတဲ့ ကျေးဇူး၊ အရိပ်ခိုကာ ကျွေးထားပေးတဲ့ ဘုန်းကြီးရဲ့ စေတနာတွေကို တစ်ခြားသူများ ၀မ်းသာပီတိပွား သဒ္ဓါတရားတိုးအောင် ပြောဖြစ်တယ်လို့ ဆိုပါတယ်။ ခုတော့ ဒီဒကာလေးဟာ မြန်မာပြည်ပြန်ရောက်သွားပြီး ဘုန်းကြီးဝတ်နေတယ်လို့ ကြားရပါတယ်။ ထားပါတော့ ဒါက သဒ္ဓါတရား အားကောင်းတဲ့ ဒကာလေးတစ်ယောက်ရဲ့ တုံ့ပြန်မှုလေးအကြောင်းပါ။

နောက်တစ်ယောက်ကတော့ မကြာသေးပါဘူး။ မြန်မာပြည်ပြန်ခါနီး နေစရာ အခက်အခဲ ဖြစ်နေတဲ့အတွက် ဘုန်းဘုန်းကျောင်းမှာပဲ နေခွင့်ပေးထားဖြစ်ပါတယ်။ နေခွင့်ပေးရုံတင်မဟုတ်ပါဘူး။ သူလိုအပ်တဲ့ လေယာဉ်လက်မှတ်ကိစ္စ၊ ပစ္စည်းပစ္စယကိစ္စ စတာတွေကအစ ဘုန်းဘုန်းတတ်နိုင်သမျှလေးတွေပါ အကူအညီ ပေးဖြစ်ပါတယ်။ ကျောင်းမှာ အခန်းအပို မရှိပေမယ့် အပြင်မှာ လွတ်လွတ်လပ်လပ် နေခွင့်ရအောင် အခွင့်ပေးထားပါတယ်။ ဘုန်းဘုန်းကိုယ်တိုင်လည်း အပြင်မှာဆိုရင် သူမလွတ်လပ်မှာစိုးလို့ အခန်းထဲမှာပဲ အနေများပါတယ်။ ဆွမ်းကိစ္စအတွက် သူအပန်းကြီးမှာစိုးလို့ တစ်ခြားဘာမှ မလုပ်စေဘဲ ကျောင်းမှာလာပို့တဲ့ ဆွမ်းချိုင့်တွေကိုပဲ အဆင်ပြေသလို နွှေးကပ်ဖို့ ပြောထားပါတယ်။ အခြေအနေအရ ဆွမ်းချိုင့်လာမပို့နိုင်တဲ့ ဒကာလေးတွေ ရှိတဲ့အတွက် ဆွမ်းဘုဉ်းပေးပြီး ကျန်တဲ့ဟင်းတစ်ချို့ကို နောက်နေ့အတွက် ချန်ထားပြီး သူလည်းစားနိုင်အောင် စီစဉ်ပေးပါတယ်။ သဒ္ဓါတရားအားနည်းတာကတော့ သူ့ရှေ့မှာထိုင်ပြီး ဘုရားရှိခို၊ တရားထိုင်ပြနေတာတောင် လက်အုပ်ချီပြီး သူပါလိုက်ရှိခိုးခြင်း မပြုတာပါပဲ။ ကျောင်းမှာဝတ်ရွတ်စဉ် စာအုပ်ရှိတဲ့အတွက် အားရင်ကုသိုလ်ဖြစ်အောင် ရွတ်ဆိုရှိခိုးဖို့ ပြောပေမယ့် မထူးခြားခဲ့ပါဘူး။ ဒါပေမယ့် ဘုန်းဘုန်းကတော့ အတင်းချုပ်ချယ်မှု မပြုခဲ့ပါဘူး။ သူ့သဘောအတိုင်း လွတ်လွတ်လပ်လပ်ပဲ နေစေပါတယ်။ အဲလိုသူ့အတွက် လွတ်လွပ်လပ်လပ်လေး ထားပေးတာတောင် နောက်အပြင်မှာ ပြန်ကြားတဲ့ သူ့ရဲ့တုံ့ပြန်မှုက ဘုန်းကြီးအပေါ် အပြစ်ပြောတဲ့ တုံ့ပြန်မှုလေးတွေ၊ ဘုန်းကြီးအပေါ် ကဲ့ရဲ့တဲ့ အပြောအဆိုလေးတွေ ပြောတယ်ဆိုတဲ့ တုံ့ပြန်မှုပါပဲ။ မြန်မာစကားနဲ့ ပြောရရင် အရိပ်နေနေ အခက်ချိုးချိုး ပုံစံလေးတွေနဲ့ တုံ့ပြန်မှုတွေပါပဲ။ အင်း… သူ့အပေါ် ဘာစိတ်မှ မဖြစ်ပေမယ့် သူ့ရဲ့အပြစ်တွေအတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ရဟန်းတစ်ပါးအပေါ် ရေရေရာရာ တိတိကျကျ မသိ၊ အခြေအမြစ်မရှိဘဲ များများဝေဘန်လေလေ သူ့အတွက် အပြစ်ကြီးကြီးလေးလေးဆိုတာ သူမသိတာကိုတော့ ၀မ်းနည်းစရာပါပဲ။ ခုတော့ သူလည်း မြန်မာပြည် ပြန်သွားပါပြီ။ သေချာတာကတော့ သဒ္ဓါတရား ဓာတ်ခံအားနည်းတဲ့ ဒီဒကာလေးရဲ့ တုံ့ပြန်မှုကတော့ အပြစ်ဖြစ်စရာတွေ ဖြစ်ခဲ့တယ် ဆိုတာပါပဲ။

ထားပါတော့။ ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက လူချင်းတူပေမယ့် ခံယူချက်ချင်းမတူ၊ သဒ္ဓါတရားချင်းမတူ၊ တုံ့ပြန်မှုချင်း မတူတတ်တာလေးတွေကို ပြောချင်တာပါ။ လောကမှာနေသမျှ ဒီလိုမတူညီတဲ့ တုံ့ပြန်မှုများနဲ့ ချီးမွမ်းခံရ၊ ကဲ့ရဲ့ခံနေရမယ်ဆိုတာ သတိပြုစေချင်တာပါ။ ဒီဒကာလေးနှစ်ယောက်ကို ကြည့်မယ်ဆိုရင် မတူညီတဲ့ ခံယူချက်၊ မတူညီတဲ့ သဒ္ဓါတရားကြောင့် ရရှိတဲ့အကျိုး ရလာဘ်လည်း ကွားခြားသွားတော့တာပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့အနေအထိုင်နဲ့ သဘောထားက တစ်သမှတ်တည်း အတူတူရှိနေပေမယ့် ခံယူတတ်တဲ့သူ၊ သဒ္ဓါတရားရှိတဲ့သူနဲ့ မခံယူတတ်တဲ့သူ၊ သဒ္ဓါတရားမရှိတဲ့သူတွေရဲ့ သူတို့သူတို့ အသီးသီးအမြင် အပေါ်လိုက်ပြီး ဒီလိုချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတွေ ဖြစ်စေတာပဲ ဖြစ်ပါတယ်။ နေထိုင်မှုက တစ်သမှတ်တည်း ဖြစ်ပေမယ့် အမြင်မတူမှုတွေကြောင့် တုံ့ပြန်မှုတွေက ဆန့်ကျင်ဘက် ဖြစ်ကုန်တော့တာပါ။ အရင်းစစ်တော့ ဒါဟာ သတ္တ၀ါတွေရဲ့ သဘောပဲ ဖြစ်ပါတယ်။ ကြိုက်ရင်အပြစ်မမြင်၊ ချစ်ရင်အပြစ်မမြင်တတ်ပေမယ့် မကြိုက်ရင်၊ မုန်းရင် ဘာပဲလုပ်လုပ် အကောင်းမမြင်တတ်တဲ့ သတ္တ၀ါတွေရဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီသဘောဟာ လောကမှာရှိတဲ့သူတွေ မဖြစ်မနေ ရှောင်လွဲမရ ကြုံတွေ့ရမယ့် လောကဓံပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းအနေနဲ့ သူတို့လေးတွေကို ကျေးဇူးတင်မိတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း လောကဓံတွေနဲ့ စိတ်အစဉ် ရင့်ကျက်စေအောင်၊ လောကဓံကို ခံနိုင်ရည်ရှိအောင် ဖြစ်စေခဲ့တာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုသဘောမျိုးဟာ ဘုန်းဘုန်းတို့တင် မဟုတ်ပါဘူး။ လောကမှာရှိတဲ့ လူတိုင်းတွေ့ကြုံရမယ့် သဘောတွေပဲ ဖြစ်ပါတယ်။ အဓိကကတော့ ဘယ်လို လောကဓံပဲလာလာ ကိုယ်ကိုယ်တိုင် ခံနိုင်ရည် ရှိအောင် ကြိုးစားကြဖို့ပါ။ ချီးမွမ်းခံရတဲ့ အခါလည်း အလွန်အကျူး မကျေနပ်ဖို့၊ ကဲ့ရဲ့ခံရတဲ့အခါလည်း အရမ်းမတုန်လှုပ်ဖို့ ကိုယ့်ရဲ့စိတ်ကို လေ့ကျင့်ဖို့လိုပါတယ်။ အထူးသဖြင့် ကဲ့ရဲ့မှုနဲ့ တုံ့ပြန်လာတဲ့အခါ “ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်အလာပေတည်း၊ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏၊ များစွာဟောပြောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ လောက၌ အကဲ့ရဲ့လွတ်သော သူမည်သည်မရှိ။ လုံးဝအကဲ့ရဲ့ ခံရသူ၊ လုံးဝအချီးမွမ်းခံရသူမည်သည် ရှေးကလည်းမရှိခဲ့ဘူး၊ နောင်လည်းရှိမည်မဟုတ်၊ ယခုလည်းမရှိ..”ဆိုတဲ့ ဘုရားစကားတော်အတိုင်း ကဲ့ရဲ့မှုကို လောကဓံတစ်ခုအဖြစ် မတုန်မလှုပ်တဲ့စိတ်နဲ့ ခံနိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူအမျိုးမျိုး၊ အကျင့်စရိုက် အမျိုးမျိုးရှိတဲ့ လူတွေကြားမှာ နေနေရတဲ့ လောကသားများအနေနဲ့ လူချင်းမတူရင် တုံ့ပြန်မှုချင်းလည်း မတူတတ်တာကို ကောင်းကောင်းသဘောပေါက် ဆင်ခြင်ပြီး ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ လူတိုင်းကြုံတွေ့ရမယ့် အခိုက်အတန့် လောကဓံများအဖြစ် မတူညီတဲ့ ဒီတုံ့ပြန်မှုများကို အသုံးချကာ ကိုယ့်ရဲ့ဘ၀တက်လမ်းအတွက် ခံနိုင်ရည်ရှိအောင် ကြိုးစားကြရင်း အတွေ့အကြုံကောင်းများ ရယူနိုင်ကြဖို့ ဘုန်းဘုန်းရဲ့ ကိုယ်တွေလေးကို အခြေခံကာ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ