မတောင်းပါနဲ့…

“မလိုချင်ရင် ရတယ်..”ဆိုတဲ့ စကားကို လက်တွေ့ဘ၀ အတွေ့အကြုံအရပိုပြီး သဘောပေါက်မိပါတယ်။ ဒါကလည်း လိုချင်နေရင် မရဘဲ ဖြစ်နေတတ်တာကို ကြုံတွေ့ရလို့ပါ။ လိုချင်ရချင်လို့ တောင်းလေလေ အတောင်းခံရတဲ့ ပုဂ္ဂိုလ်က မပေးချင်လေလေ ဖြစ်ပြီး မတောင်းဘဲ နေလေလေ ပေးချင်တဲ့သူက များလေလေ ဖြစ်ပါတယ်။ တောင်းယူတာနဲ့ မတောင်းပဲ ရတာနှစ်မျိုးမှာ မတောင်းဘဲ ရတာက ပိုကောင်းပါတယ်။ တောင်းလို့ရတာဟာ ပေးသူက စေတနာရှိလို့ ပေးလိုက်တာ ဟုတ်ချင်မှဟုတ်မှာပါ။ မတောင်းဘဲ သူ့အလိုလို ရလာတာကတော့ ပေးသူကိုယ်တိုင်က လိုလိုလားလားရှိလို့ ပေးလာတာဖြစ်တဲ့အတွက် စေတနာအပြည့်နဲ့ ရလိုက်ခြင်းဖြစ်ပါတယ်။ လူ့ရဲ့သဘောက လိုရင်ပြောပါလို့ ပြောထားပေမယ့် တကယ်လိုလို့ ပြောတဲ့အခါ မပေးချင်တတ်ပါဘူး။ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် တောင်းပါများ၊ အလှူခံပါများရင် အမုန်းခံရတတ်ပြီး မပေးချင် မလှူချင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် “မတောင်းပါနဲ့၊ အလှူမခံပါနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်တယ်။ သူသူကိုယ်ကိုယ် ကိုယ့်စိတ်ကပါပြီး ပေးလိုက်တာကို ပိုနှစ်သက်ကြပါတယ်။ တစ်ချို့ဆို ကိုယ့်လောက် အဆင်မပြေသူတွေ၊ ဒုက္ခရောက်သူတွေကို တွေ့တဲ့အခါ ကိုယ်မစားရရင် နေပါစေ ပေးဖြစ်တတ်ပါတယ်။ ကိုယ့်အတိုင်းအတာလေးနဲ့ နှိုင်းချိန်ပြီး ထောက်ပံ့ဖြစ်နေတတ်ပါတယ်။ ပုံမှန်ပေးနေ၊ ထောက်ပံ့နေကျ ဖြစ်တဲ့အတွက် အချိန်တန်ရင် ပေးနေဖြစ်ပါတယ်။ ဒီလိုပေးနေရတာကိုလည်း စေတနာအပြည့်နဲ့ ကျေနပ်နေမိပါတယ်။ ဒါကို အပေးခံရသူက ပေးမှန်းသိတော့ ဘာလိုတယ်၊ ညာလိုတယ်ဆိုပြီး တောင်းဆိုလာရင် “ငါဒီလောက်ပေးနေ၊ ထေက်ပံ့နေတာကိုပဲ…”ဆိုတဲ့ အတွေးနဲ့ စိတ်မှာကွက်လာ တတ်ပါတယ်။ ပေးနေရဲ့သားနဲ့ အလိုက်မသိ ထပ်တောင်းလာတော့ စေတနာကပျက်ပြီး မပေးချင် ဖြစ်လာပါတယ်။ ပုထုဇင်ရဲ့ စိတ်ဆိုတာ ဒီလိုပါပဲ။ ကိုယ့်ဆန္ဒနဲ့ ပေးလှူနေတုန်းကတော့ အကောင်းပါပဲ။ အဲဒီအပေါ် တစ်ဖက်လူက တောင်းလာရင်တော့ မကောင်းဖြစ်ကုန်ပါတယ်။ စိတ်ဆိုတာ အမြဲပြောင်းနေတာဖြစ်လို့ ပေးချင်စိတ်ရှိလို့ ပေးတာလေးကို ကြည်ကြည်ဖြူဖြူ လက်မခံဘဲ “ဒီလောက်စေတနာ ကောင်းတာ တောင်းကြည့်ရင်တော့ ရမှာပဲ…”ဆိုပြီး တောင်းမိပါက ပေးသူရဲ့ စေတနာ ပျက်ပြားလာပြီး တောင်းမိတဲ့အတွက် အမုန်းပဲ ရလာတတ်ပါတယ်။ ဒါကြောင့် မတောင်းပါနဲ့လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒကာကြီးတစ်ယောက်က ပြောဖူးပါတယ်။ “တပည့်တော် အရင်ကတော့ ဒီဆရာတော်ကျောင်းကို ခဏခဏရောက်ပါတယ်။ ခုနောက်ပိုင်းတော့ မသွားဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တပည့်တော် ကျောင်းကိုသွားတိုင်း ဆရာတော်က ဘာလိုတယ်၊ ဘာလှူပါ၊ ညာလှူပါဆိုပြီး အလှူခံခံ နေတဲ့အခါ ကြာတော့ တပည့်တော်လည်း စေတနာပျက်ပြီး မသွားချင်တော့ဘူး။ ဘုန်းကြီးရဟန်းပဲဘုရား ဒီလောက်များများ စားစားလည်း မလိုပါဘူး။ ပစ္စည်းလေးပါး လုံလောက်ရင် ပြီးတာပဲ မဟုတ်လားဘုရား…”ဆိုပြီး ဒကာကြီးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။ ဒီဒကာကြီးဟာ အရင်ကတော့ ဆရာတော်ကို ကြည်ညိုမှု အားကောင်းခဲ့ပါတယ်။ နောက် ဆရာတော်က အလှူခံပါများတော့ ပုထုဇင်သဘာဝ အကြည်ညို ပျက်လာတာ ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးတော့ တောင်းမိလိုက်တဲ့ အတွက်ပါပဲ။

မှန်ပါတယ်။ လူလည်းတောင်းပါများရင် အမုန်းရတတ်သလို ရဟန်းသံဃာလည်း အလှူခံပါများရင် အမုန်းရတတ်ပါတယ်။ တောင်းပါဆိုလို့ တောင်းကြတယ်၊ အလှူခံပါဆိုလို့ အလှူခံကြတယ် ဆိုပေမယ့် အတောင်းခံရတဲ့သူ၊ အလှူပေးမယ့်သူက အဆင်ပြေတဲ့ အချိန်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲလိုမှမဟုတ်ဘဲ ကိုယ်တောင်းတဲ့အချိန်၊ ကိုယ်အလှူခံတဲ့ အချိန်မှာ သူလည်း အဆင်မပြေတဲ့အချိန် ဖြစ်နေလို့ကတော့ တောင်းတဲ့သူကိုလည်း အတောင်းခံရတဲ့သူက မုန်းတတ်သလို တောင်းတာကို မရတဲ့အတွက် အတောင်းခံရတဲ့သူကို တောင်းသူကလည်း မုန်းတတ်ပါတယ်။ အရင်းစစ်တော့ တောင်းတဲ့အတွက်၊ အလှူခံတဲ့ အတွက်ကြောင့်ပါပဲ။

အမှန်တော့ အလှူခံတာပဲ ဖြစ်ဖြစ် တောင်းတာပဲဖြစ်ဖြစ် ကာလဒေသ အခြေအနေ အချိန်အခါ မသိဘဲ လုပ်မိရင်တော့ တောင်းပါများရင်၊ အလှူခံပါများရင် အမုန်းရတတ်ပါတယ်။ တောင်းခြင်း၊ အလှူခံခြင်းကြောင့် အမုန်းခံရတတ်တယ်လို့ ဆိုရမှာပေါ့။ သတ္တ၀ါတွေရဲ့ သဘောကိုက မလုပ်နဲ့ဆိုရင် လုပ်ချင်တတ်ကြသလို လုပ်ပါလို့ပြောရင် မလုပ်ချင် တတ်ကြတဲ့ သဘောကိုး။ ပေးပါ၊ လှူပါလို့ပြောရင် ပေးချင်လှူချင်တဲ့ စိတ်ရှိချင်မှ ရှိမှာပါ။ တစ်ခါတစ်ခါတော့လည်း သူ့အလိုလို သဒ္ဓါပေါက်ပြီး ပေးတာ၊ လှူဒါန်းလာတာလည်း ရှိပါတယ်။ အဲလိုသဒ္ဓါပေါက်လို့ ပေးမှု၊လှူဒါန်းမှုက ကိုယ်သတ်မှတ်ပြီး အလှူခံတာထက် များရင်လည်း များတတ်ပါတယ်။ ဒါကြောင့် တောင်းတဲ့အခါ၊ အလှူခံတဲ့အခါ အမုန်းမရအောင် အစွန်းမရောက်ဖို့ အခြေအနေ အရိပ်အကဲ သိဖို့လိုပါတယ်။

တောင်းပါများရင် အမုန်းရတတ်တယ်ဆိုတဲ့ စကားလေးနဲ့စပ်ပြီး ဗုဒ္ဓစာပေထဲက ဇာတ်တော်လေးတစ်ခုကို သတိရမိပါတယ်။ အဲဒီဇာတ်တော်လေးကို ဒီနေရာမှာ တိုက်ဆိုင်မှုရှိတဲ့အတွက် တင်ပြလိုက်ပါတယ်။ ဇာတ်တော်ရဲ့အမည်က မဏိကဏ္ဌဇာတ်တော်ပါ။

ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းအုပ်ချုပ်ချိန်က ဘုန်းဘုန်းတို့ ဘုရားလောင်းဟာ ချမ်းသာတဲ့ပုဏ္ဏားမျိုးမှာ မွေးဖွားပါတယ်။ ဘုရားလောင်းပုဏ္ဏားမှာ ညီငယ်တစ်ယောက်လည်း ရှိပါတယ်။ မိဘနှစ်ပါး ကွယ်လွန်သွားတဲ့အခါ ညီအစ်ကိုနှစ်ယောက်လုံး ရသေ့များဝတ်ပြီး နောင်တော်ရသေ့က ဂင်္ဂါမြစ်အထက်ပိုင်း ကျောင်းသင်္ခမ်းမှာနေပြီး ညီတော်ရသေ့က ဂင်္ဂါမြစ်အောက်ပိုင်း ကျောင်းသင်္ခမ်းမှာ ကမ္မဋ္ဌာန်းအားထုတ်ပြီး နေကြပါတယ်။ တစ်နေ့မှာ မဏိကဏ္ဌဆိုတဲ့ နဂါးမင်းဟာ လူငယ်အသွင် ဖန်ဆင်းပြီး ဂင်္ဂါမြစ်ကမ်းနားတစ်လျှောက် လမ်းလျှောက်ထွက်ရင်း ညီတော်ရသေ့ရဲ့ ကျောင်းသင်္ခမ်းကိုရောက် စကားပြောဆိုကြကာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှု ရသွားပါတယ်။ နဂါးမင်းဟာ ပြန်ခါနီးဆိုရင် ရသေ့အပေါ် ချစ်ခင်ကျင်နာမှုကို ပြတဲ့သဘောနဲ့ လူငယ်အသွင်ဖျောက်ပြီး နဂါးအသွင်းဖြင့် ရသေ့တစ်ကိုယ်လုံးကို ရစ်ပတ်ပြီး ခေါင်းပေါ်မှာ ပါးပြင်းမိုးကာ ခဏနေပြီးမှ ပြန်သွားလေ့ရှိပါတယ်။ ဒီလိုပဲ နေ့စဉ်ဖြစ်နေတဲ့အခါ ညီတော်ရသေ့ဟာ ကြောက်စိတ်ဝင်ပြီး စားမ၀င်အိပ်မပျော် တရားလည်းအားထုတ်လို့မရဘဲ ပိန်ချုံးလာပါတယ်။ ဒီအကြောင်းကို နောင်တော်ရသေ့နဲ့တွေ့လို့ ပြောဆိုတဲ့အခါ နောင်တော်က နောင်အခါ နဂါးမင်းလာရင် နဂါးမင်း အမောက်မှာ ၀တ်ဆင်လာတဲ့ ပတ္တမြားကို တောင်းဖို့ အကြံပြုပါတယ်။ ညီတော်ရသေ့လည်း နောင်တော်အကြံပြုတဲ့အတိုင်း နဂါးမင်းလာတဲ့အခါ ပတ္တမြားကို တောင်းပါတယ်။ နဂါးမင်းဟာ သူတန်ဘိုးထား ကြည်ညိုမှုအပေါ်မှာ အခွင့်ရေးယူပြီး သူအမြတ်တနိုးထားတဲ့ ပတ္တမြားကိုမှ တောင်းလာပြီဆိုတော့ စိတ်မှာကွက်လာပါတယ်။ ရသေ့ဆီသွားတိုင်း ပတ္တမြားကိုပဲ တောင်းတောင်းနေလေတော့ ရသေ့ထံ မသွားချင်ဖြစ်လာပါတယ်။ ကြည်ညိုရာကနေ အခွင့်အရေးယူကာ တောင်းဆိုလာနေတော့ အကြည်ညိုပျက်လာပါတယ်။ နောက်ပိုင်း နဂါးမင်းဟာ တောင်းလွန်းတဲ့ အဲဒီရသေ့ထံ မသွားတော့ပါဘူး။ နဂါးလည်း စိတ်နဲ့သတ္တ၀ါဆိုတော့ တောင်းတာကို စိတ်ပျက်ပြီး မကျေမနပ် အမုန်းတွေပဲ ဖြစ်နေပါတော့တယ်။ နဂါးမင်း မလာတော့တဲ့အတွက် ညီတော်ရသေ့ကတော့ တရားကောင်းကောင်း အားထုတ်လို့ ရသွားပါတယ်။ ဒီနေရာမှာ ရသေ့အနေနဲ့ တရားအားထုတ်ချင်လို့ မလာအောင် တမင်တောင်းတာဖြစ်ပေမယ့် သာမန်လူတွေ အတွက်ကတော့ တောင်းပါများရင် လိုတာမရဘဲ အမုန်းပဲ ရတတ်စေပါတယ်။ ဒါက လက်တွေ့ဘ၀ ပစ္စည်းဝတ္ထုများ တောင်းတာမတောင်းတာနဲ့ ပတ်သက်လို့ ပြောပြတာပါ။ တောင်းပါများရင် အမုန်းရတတ်တာကို သိစေချင်တာပါ။

တကယ်တော့ တောင်းလို့ရတာထက် လုပ်လို့ရတာက ပိုကောင်းပါတယ်။ တောင်းပြီးယူတာထက် လုပ်ပြီးယူတာက ပိုတန်ဘိုးရှိပါတယ်။ တောင်းတယ်ဆိုတာ သူများကို အားကိုးတာဖြစ်ပြီး လုပ်ယူတယ်ဆိုတာက ကိုယ့်ကိုယ်ကို အားကိုးတာ ဖြစ်ပါတယ်။ သူများအားကိုးတာဖြစ်တဲ့အတွက် သူများသဒါမှ ရမှာဖြစ်ပြီး လုပ်ယူတာကတော့ ကိုယ်အားရှိသလောက် ရပါတယ်။ ဘာသာတရား ရှုထောင့်က ပြောရင်တော့ ဆုတောင်းပြီး ယူတာနဲ့ ကျင့်ကြံပြီး ယူတဲ့ သဘောလို့ နားလည်နိုင်ပါတယ်။ ဆုတောင်းလို့ ရနိုင်ပေမယ့် အဆုံးစွန်ဖြစ်တဲ့ လွတ်မြောက်မှု၊ ငြိမ်းချမ်းမှုကိုတော့ မရနိုင်ပါဘူး။ ကျင့်ကြံမှုကတော့ အဆုံးစွန်ဖြစ်တဲ့ အကောင်းဆုံးအထိ ရနိုင်ပါတယ်။ ဒီသဘောအရ မတောင်းပါနဲ့၊ ကျင့်ကြံပါလို့ပြောတာ ဖြစ်ပါတယ်။ လောကီပိုင်းမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာပိုင်းမှာပဲ ဖြစ်ဖြစ် တောင်းပြီး ရတယ်ဆိုတာ မရှိပါဘူး။ ရခဲ့ရင်လည်း တန်ဘိုးအကြီးဆုံးတော့ မဖြစ်နိုင်ပါဘူး။ လုပ်ပြီး ရယူတာကပဲ အကောင်းဆုံးကို ရနိုင်ပါတယ်။ လောကီပိုင်းမှာလည်း ကိုယ့်ကိုယ်ကို အရည်အချင်းရှိအောင် ကြိုးစားလုပ်ကိုင်ထားရင် ဒီပညာရပ်က ကိုယ့်ကိုတောင်းစရာ မလိုအောင် ပေးချင်သူတွေက နောက်ကလိုက်နေကြမှာပါ။ လောကုတ္တရာပိုင်းမှာလည်း အကျင့်တရားသာ ကောင်းနေမယ်၊ သီလသမာဓိပညာသာ အားကောင်းနေမယ်ဆိုရင် အလှူခံစရာကို မလိုဘဲ လှူချင်တမ်းချင်သူတွေက မပြတ်ဖြစ်နေကြမှာပါ။ ဒါကြောင့် လိုချင်ရချင်မှုတွေကို တောင်းမယူကြဘဲ အလုပ်တစ်ခုခုကို ကြိုးစားအားထုတ် ကျင့်ကြံကြိုးကုတ်ကာ လုပ်ပြီးယူကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက လောကီပိုင်းမှာပဲ ဖြစ်ဖြစ် လောကုတ္တပိုင်းမှာပဲ ဖြစ်ဖြစ် တောင့်တနေဖို့ထက် လက်တွေ့လုပ်ဆောင် ကျင့်ကြံနေဖို့က အရေးကြီးပါတယ်။ ရချင်တာကို တောင်းပြီးယူတာထက် လုပ်ပြီးယူတာက လက်တွေ့ကျကာ တန်ဘိုးရှိပါတယ်။ တောင်းတဲ့အခါ တောင်းတိုင်းမရနိုင်ပေမယ့် ကျင့်ကြံနိုင်ရင်တော့ ကျင့်ကြံတဲ့အတိုင်း ရနိုင်ပါတယ်။ သူများပေးမှကမ်းမ ရမယ့်အရာကို စောင့်မျှော်တောင့်တ မနေဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ပြီး ရတာက ပိုပြီးအဓိပ္ပါယ် ပြည့်ဝပါတယ်။ ဒါကြောင့် တောင်းတယ်ဆိုတာဟာ အတောင်းမတော်ရင် အမုန်းရတတ်တဲ့အပြင် ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး ဆုတောင်းမတော်ရင် တဏှာရဲ့ ချယ်လှယ်မှုနဲ့ နိမ့်ကျတဲ့ ဘ၀ကို ရောက်စေနိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် တောင်းမနေကြဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ကျင့်ကြံကျိုးကုတ်မှုတွေနဲ့ လက်တွေ့ရအောင် လုပ်ယူကျင့်ယူကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အားလုံး လိုချင်တာကို ကျင့်ကြံအားထုတ်ပြီး ရယူနိုင်ကြပါစေ…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ