စေတနာသုံးတန် ပြည့်စုံဖို့ဆိုရာဝယ်…

ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်အများ ကြားဖူးပြီးသားဖြစ်တဲ့အပြင် တရားပွဲများ၊ အလှူခံမဏ္ဍပ်များ စတဲ့ဘာသာရေး ဆိုင်ရာနေရာဌာန အမျိုးမျိုးမှာ သုံးစွဲနေကြတဲ့ စေတနာသုံးတန် ဆိုတဲ့ဒီစကားအသုံးလေး အတွက် ဗဟုသုတအဖြစ် ပို့စ်လေးတစ်ခု ရေးကြည့်လိုက်တာပါ။ စေတနာသုံးတန်လို့ခေါ်တဲ့ အဲဒီ စေတနာ သုံးမျိုးက
၁။ ပုဗ္ဗစေတနာ = မလှူမီ ကြိုတင်ဖြစ်တဲ့ စေတနာ
၂။ မုဉ္စစေတနာ = လှူဆဲအခိုက်မှာ ဖြစ်နေတဲ့ စေတနာ နဲ့
၃။ အပရစေတနာ = လှူပြီးနောက်ပိုင်းမှာ ဖြစ်တဲ့စေတနာ တို့ပဲ ဖြစ်ပါတယ်။


ဒီသုံးမျိုးမှာ ဗုဒ္ဓဘာသာဝင်အများ အဖြစ်များကာ ဖြစ်ဖို့လည်းလွယ်တဲ့စေတနာတွေက ပုဗ္ဗစေတနာနဲ့၊ မုဉ္စစေတနာတွေဖြစ်ပြီး အပရစေတနာက ဖြစ်ဖို့အတော်ခက်ခဲပါတယ်။ ဆိုကြပါစို့… အလှူဒါန တစ်ခုခုကို ပြုကြတော့မယ်ဆိုရင် အလှူရှင်တွေရဲ့ စိတ်ထဲမှာ ဘယ်မှာလှူလိုက်မယ်၊ ဘယ်လိုလှူလိုက်မယ်၊ ဘယ်လောက်လှူလိုက်မယ် ဆိုတဲ့ စိတ်ကူးအကြံလေးတွေ ဖြစ်နေတာ၊ ကြိုတင်ပြီး လှူဖို့အတွက် ပြင်ဆင်စုဆောင်းနေတာ စတာတွေဟာ ကိုယ်လှူမယ့်အလှူအတွက် မလှူမီဖြစ်ပေါ်နေတဲ့ ပုဗ္ဗစေတနာပါ။ အဲဒီလို ကြိုတင်ပြီးဖြစ်ပေါ်နေတဲ့ စေတနာလေးတွေဟာ ကုသိုလ်စိတ်ကို ဖြစ်စေပြီး ကုသိုလ်တရားကို တိုးပွားစေပါတယ်။ ထို့အတူ လှူဆဲအခိုက်အတန့်မှာ စေတနာအပြည့်နဲ့ ကြိုးကြိုးစားစား ဆက်ကပ်လှူဒါန်း၊ ကျွေးမွေးဧည့်နေတာဟာ မမောနိုင်မပန်းနိုင်ပါပဲ။ အဲဒီအခိုက်အတံ့မှာ ကျွေးချင်မွေးချင် အဆင်ပြေပြေ ဧည့်ခံချင်စိတ်ကလွဲပြီး ကျန်တဲ့ဘာစိတ်မှ မရှိတဲ့အတွက် လှူဆဲအခိုက်အတန့်မှာ ဖြစ်တဲ့စေတနာကလည်း အထူးပြောစရာ မလိုအောင် ပြည့်စုံနေတတ်ကြပါတယ်။ အဲ… ပြဿနာက လှူပြီးအခိုက်အတန့်မှာ ဖြစ်ရမယ့် အပရစေတနာပါ။ ကိုယ်လှူထားတဲ့ အလှူကို သတိတရဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်၊ ပီတိဖြစ်ကာ မကြာခဏ ဆင်ခြင်ပြီး ကောင်းလိုက်တာ အားရလိုက်တာ စတဲ့အတွေးလေးတွေနဲ့ နေနိုင်မှ အပရစေတနာလေး အားကောင်းပြီး ကုသိုလ်တရား တိုးပွားမှာပါ။ ဒါပေမယ့် များသောအားဖြင့် ဒီစေတနာလေးတွေ ချို့တဲ့ နေကြတာကို တွေ့နေရပါတယ်။ လှူပြီးနောက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရမယ့်အစား နောင်တတွေသာ ကျန်နေကြတာကို တွေ့ရ၊ မြင်ရ၊ သိနေရပါတယ်။ အချို့ဆို အလှူကြီး အဆင်ပြေစေဖို့ မလိုအပ်တဲ့ ချဲ့ထွင်မှုတွေ ချေးငှါးမှုတွေ ဂုဏ်ပကာသနတွေကြောင့် အလှူပွဲကြီးပြီး သူချဲ့ထွင်ခဲ့တဲ့ အလှူပွဲအတွက် အဆင်မပြေမှုတွေ၊ ချေငှါးထားတဲ့ အရာတွေ ပြန်ဆပ်ရမယ့်အရေးတွေတွေးပြီး ရင်လေးနေတာတွေ စတဲစတဲ့ အတွေးတွေကြောင့် လှူဒါန်းမှုအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ကာ အပရစေတနာလေးတွေ ကောင်းရမယ့်အစား မှားသွားပြီးဆိုတဲ့ နောင်တတရားတွေသာ ရလိုက်ကြတာကို တွေ့ကြရမှာပါ။ မလှူခင် စေတနာ၊ လှူဆဲအခိုက်ဖြစ်တဲ့ စေတနာတွေ ပြည့်စုံပေမယ့် လှူပြီးနောက်မှ ဖြစ်ရမယ့် စေတနာက မပြည့်စုံတဲ့အတွက် စေတနာသုံးတန်က မပြဌာန်းနိုင်၊ မပြည့်စုံနိုင်ကြတော့တာပါ။

စေတနာသုံးတန် ပြည့်စုံပြဌာန်းမှု မရှိပါက ကုသိုလ်ရဲ့ အကျိုးကို ရရှိခံစားတဲ့အခါ အပြည့်အ၀ မခံစားရ တတ်ပါဘူး။ ကုသိုလ်တရားဟာ ပြုလုပ်တဲ့သူရဲ့ စေတနာကိုလိုက်ပြီး အကျိုးတရားကို ဖြစ်စေပါတယ်။ စေတနာသုံးတန်ပြည့်စုံပြီး လှူဒါန်းမှုပြုတဲ့ပုဂ္ဂိုလ်တွေ အတွက်အကျိုးတရား ရရှိတဲ့အခါမှာလည်း ပြည့်ပြည့်၀၀ ရရှိတတ်ပါတယ်။ အဲလိုမဟုတ်ဘဲ စေတနာသုံးတန်မှာ တစ်ခုခု ချို့တဲ့ပါက အကျိုးတရားဖြစ်တော့ ဖြစ်ပါတယ်။ ရတော့ရပါတယ်။ အပြည့်အ၀ မရဘဲရှိတတ်ပါတယ်။ အထူးသဖြင့် စေတနာသုံးတန်မှာ များသောအားဖြင့် နောက်ဆုံးအပရစေတနာ ချို့တဲ့တာများတဲ့အတွက် အကျိုးပေးတဲ့အခါမှာလည်း အပရစေတနာရဲ့ အကျိုးခံစားမှုက လျော့နေတတ်ပါတယ်။ ထင်ရှားတဲ့ သာဓကပြရမယ်ဆိုရင် ယနေ့ခေတ်မှာ ချမ်းသာပြီး အကောင်းမစားနိုင်ကြတဲ့သူတွေ၊ ကားရှိပြီး လိုင်းကားတိုးစီးနေရတဲ့သူတွေ၊ ခေတ်ပေါ်အကောင်းစား အ၀တ်စားတွေကို ၀ယ်ဝတ်နိုင်ပါရဲ့နဲ့ ၀ယ်မ၀တ်ချင်သူတွေ အကောင်းစားတွေ သုံးရင်ဝတ်ရင် ကိုယ်မှာတစ်ခုခုဖြစ်တာတို့ ယားတာယံတာတို့ စတာတွေဖြစ်ကြတာကို တွေ့ဖူးကြုံဖူးကြမှာ။ အဲဒီသူတွေဟာ ကုသိုလ်ဒါနပြုတဲ့အခါမှာ နောက်ပိုင်းမှာဖြစ်ရမယ့် အပရစေတနာ ချို့တဲ့ကြတဲ့အတွက် မြင်သာမြင်မကြင်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကုသိုလ်ပြုတဲ့အခါ စေတနာသုံးတန် အလုံးစုံပြည့်စုံအောင် ကြိုးစားကြဖို့လိုပါတယ်။

ပြောခဲ့ပြီးဖြစ်တဲ့အတိုင်း ဒီစေတနာ သုံးမျိုးမှာ ပုဗ္ဗစေတနာနဲ့ မုဉ္စစေတနာတွေဟာ ဖြစ်ဖို့ပြည့်စုံဖို့ လွယ်တဲ့အတွက် အထူးပြောစရာမရှိပေမယ့် အပရစေတနာနဲ့ ပြည့်စုံဖို့အတွက် အလေ့အကျင့် လုပ်ပေးကြဖို့ လိုပါတယ်။ အပရစေတနာ ကောင်းဖို့အတွက် ကုသိုလ်မပြုခင်၊ မလှူခင်ကတည်းက သေချာစီစစ် ရွေးချယ်ပြီး ပေးလှူတတ်ဖို့လိုပါတယ်။ နောက်ပိုင်းစေတနာ ပျက်ကွက်မှုများကိုကြည့်ပါက အခြားအကြောင်းအရာများ ရှိပင်ရှိငြားသော်လည်း အလှူခံပုဂ္ဂိုလ်ကြောင့် ပျက်ဆီးတတ်ကြတာတွေ ရှိပါတယ်။ အလှူခံပုဂ္ဂိုလ်ပိုင်းကို သေချာရွေးချယ်ပြီး မလှူပါက ကိုယ့်အလှူကို ခံယူတဲ့အလှူခံ ပုဂ္ဂိုလ်ရဲ့ အမူအရာ၊ အပြောအဆို၊ အနေအထိုင်၊ အကျင်သီလတွေကို ကြည့်ပြီးသဒ္ဓါတရား ပျက်တတ်ပါတယ်။ သူသူကိုယ်ကိုယ် ကိုယ်လှူထားတဲ့ အရာလေးတွေကို ကြည့်ပြီးပီတိပွားချင်ကြ၊ ၀မ်းမြောက်ချင်ကြတာ ဓမ္မတာပါ။ အဲဒီလို ပီတိပွားနိုင်ဖို့အတွက် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနစတာတွေကို ရွေးချယ်လှူတန်းတတ်ဖို့ လိုပါတယ်။ အလှူခံပုဂ္ဂိုလ်ဆိုပြီးရော သင်္ကန်းပတ်ထားရင်ပြီးရော ဆိုတဲ့အတွေးနဲ့ လှူလိုက်တဲ့အတွက် အဲဒီအလှူခံပုဂ္ဂိုလ်က ကိုယ်လှူတဲ့ပစ္စည်းဝတ္ထု တစ်လွဲအသုံးချသွားတဲ့အခါ ပုထုဇင်များဖြစ်တဲ့ ကိုယ့်အဖို့မှာ ဒီအရာတွေတွေ့ပြီး သဒ္ဓါတရား တိုးဖို့မလွယ်ပါဘူး။ နာမည်ကြီးလို့ လှူတာမျိုး၊ ပေါ်ပင်လိုက်ပြီး လှူတာမျိုးတို့ အလှူခံပုဂ္ဂိုလ်ဆိုပြီးရော လှူတာမျိုးတို့ မလုပ်ကြဘဲ ကိုယ့်အလှူကို လက်တွေ့ထိရောက်စွာ အလှူခံပြီး အမှန်တကယ်လိုအပ်နေတဲ့ အလှူခံပုဂ္ဂိုလ်၊ နေရာဌာန စတာတွေကို ရှာဖွေလှူတမ်းတတ်ဖို့ လိုပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့နေရာတွေမှာ လှူလိုက်တဲ့အတွက် ကိုယ့်အလှူပစ္စည်းကို လက်တွေ့အသုံးပြုနေတာကို ကြည့်ပြီးကိုယ့်မှာ ပီတိဖြစ်ရသလို နောက်ထပ်လှူချင်တဲ့ သဒ္ဓါတရားတွေလည်း တိုးလာတတ်ပါတယ်။ ဥပမာအားဖြင့် မီးမလုံလောက်တဲ့ စာသင်တိုက်မျိုးမှာ မီးစက်လှူတာမျိုးတို့ ဆွမ်းကွမ်းမလုံလောက်တဲ့ စာသင်တိုက်မျိုးမှာ ဆွမ်းပဒေသာပင် စိုက်ထူလိုက်တာမျိုးတို့ဟာ အမှန်တကယ်လိုအပ်နေတဲ့ နေရာမျိုးတွေမှာ လှူလိုက်တဲ့အတွက် အလှူခံအတွက်လည်း အကျိုးရှိ အလှူပေးပုဂ္ဂိုလ်အတွက်လည်း ပီတိသဒ္ဓါပွားနိုင်တဲ့ အလှူမျိုးဖြစ်ပါတယ်။ အဲလိုအလှူမျိုးကြောင့် နောက်ပိုင်းစေတနာပျက်စရာ အကြောင်းမရှိပါဘူး။ ပိုလို့သာ တိုးစေမှာပါ။ ဒီလိုအလှူမျိုးဟာ စေတနာသုံးတန် ပြည့်စုံနိုင်တဲ့အလှူမျိုးပါ။

ဒါကြောင့် စေတနာသုံးတန် ပြဌာန်းပြီး ပြည့်စုံစွာလှူလိုတဲ့ သူများအတွက် ကိုယ့်အလှူကို လှူမိတာ မှားလေစွ ဆိုတဲ့နောင်တမျိုး မဖြစ်ရအောင် ယုံကြည့်မှု သဒ္ဓါတရားကို စူးစမ်းဆင်ခြင်တတ်တဲ့ ဉာဏ်နဲ့တွဲကာ သဒ္ဓါပညာ ညီညွတ်စွာဖြင့် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနများ သေချကျနစွာ စိစစ်ရွေးချယ်တတ်ဖို့ လိုကြောင်း သတိပေးစကား ပါးလိုက်ပါတယ်။ အားလုံး စေတနာသုံးတန် ပြည့်စုံနိုင်ကြပါစေ…

7 မှတ်ချက်များ (...ရေးရန်):

  • Unknown says:
    Monday, February 23, 2009

    ဘုန်းဘုန်း မင်္ဂလာပါ...

    စေတနာသုံးတန်ပို့စ်လေး ဖတ်အပြီးမှာ ဖိုးသားစိတ်ထဲ ဘ၀င်မကျတာလေး ပေါ်လာလို့ပါ... ဒါလေးနဲ့ပတ်သတ်လို့...

    >>> “အလှူခံပုဂ္ဂိုလ်ပိုင်းကို သေချာရွေးချယ်ပြီး မလှူပါက ကိုယ့်အလှူကို ခံယူတဲ့အလှူခံ ပုဂ္ဂိုလ်ရဲ့ အမူအရာ၊ အပြောအဆို၊ အနေအထိုင်၊ အကျင်သီလတွေကို ကြည့်ပြီးသဒ္ဓါတရား ပျက်တတ်ပါတယ်။ သူသူကိုယ်ကိုယ် ကိုယ်လှူထားတဲ့ အရာလေးတွေကို ကြည့်ပြီးပီတိပွားချင်ကြ၊ ၀မ်းမြောက်ချင်ကြတာ ဓမ္မတာပါ။ အဲဒီလို ပီတိပွားနိုင်ဖို့အတွက် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနစတာတွေကို ရွေးချယ်လှူတန်းတတ်ဖို့ လိုပါတယ်။” <<<

    ဖိုးသား ဘ၀င်မကျတာက ရွေးချယ်လှူဆိုတဲ့ အသုံးအနှုန်းလေးပါ... ဘုန်းဘုန်း ဒီပို့စ်ရေးတဲ့ ရည်ရွယ်ချက်ကို ဖိုးသားနားလည်ပါတယ်... အပရစေတနာ အပြည့်အ၀ရစေဖို့ အလှူခံပုဂ္ဂိုလ် ရွေးချယ်ပြီး လှူခိုင်းတယ်ဆိုတာ... ဒါပေမယ့် ဖိုးသား သိထားတာလေး တစ်ခုရှိပါတယ်... အလှူဒါန တစ်ခု ပြုတဲ့နေရာမှာ ကုသိုလ်နဲ့ ပါရမီနဲ့ ကွဲပြားတာလေး...

    ပုဂ္ဂိုလ် ယုတ်မြတ်ရွေးချယ်အပ် ခေါ်အပ်ကုသိုလ်သာ၊
    ပုဂ္ဂိုလ် မရွေးလှူဒါန်းပေး မှတ်ရေးပါရမီ။

    ဘုန်းဘုန်းက အလှူခံပုဂ္ဂိုလ် ရွေးချယ်ပြီး လှူခိုင်းတော့ ကုသိုလ်ကို အဓိက မထားဘဲ ပါရမီအတွက် ဖြည့်ကျင့်နေတဲ့ သူမျိုးအတွက်ကျတော့ အမှတ်မှားစရာ ဖြစ်နိုင်မလားလို့ ဖိုးသားယူဆမိပါတယ်... ဖိုးသားလည်း သေသေချာချာတော့ နားမလည်ပါဘူး... သိထားတာလေးနဲ့ မကိုက်လို့ ရေးလိုက်ရခြင်းပါ...

    ဘုန်းဘုန်းအပေါ် ဆရာလုပ်တဲ့ ပုံစံမျိုး ဖြစ်သွားခဲ့ရင်၊ ဒါမှမဟုတ် အပေါ်က ရေးသားခဲ့တဲ့အထဲမှာ မောက်မာတဲ့ သဘောမျိုး ပါသွားခဲ့ရင် ဖိုးသား ဒီနေရာကပဲ ရှိခိုးဦးချ တောင်းပန်ပါရစေ... ခွင့်လွှတ်ပေးပါ ဘုန်းဘုန်း...

    လေးစားရိုသေစွာ ဦးခိုက်လျက်
    ဖိုးသား

  • Unknown says:
    Monday, February 23, 2009

    ဆရာတော်ဘုရား
    ကိုဖိုးသား အမြင်ကို တပည့်တော် ကိုယ်တွေ့နဲ့ ယှဉ်ပြီး လျှောက်ထားလိုပါတယ်။ အမှားအမှန် ဆရာတော် ဆုံးဖြတ်ပေးတော်မူပါ။
    (ကိုဖိုးသားရေ
    ကျွန်တော့်ကိုယ်တွေ့လေး ပြောပါရစေ။ )
    တပည့်တော် သံဃာတော်များကို လှူတဲ့နေရာမှာ တစ်ခါတစ်လေ ဘာများ လိုအပ်ပါသလဲ မေးပြီး လိုအပ်တာကို လှူတတ်ပါတယ်။ ဆွမ်းခံကိုယ်တော်က တက်နေဆဲ စာသင်တန်းအတွက် ဖတ်ရှုရမယ့်စာအုပ် အမည် ပြောပြတော့ ၀မ်းမြောက်စွာ လှူနိုင်ခဲ့ပါတယ်။ ဆရာတော်ကြီး တစ်ပါးက လောဘထားတယ် မဖြစ်စေချင်လို့၊ ဒကာက စ,ပြောဆို ပြောမယ်ဆိုပြီး ကျောင်းရှိ သံဃာများအတွက် ဆွမ်းဆန်အိတ်နဲ့ မီး အလိုရှိကြောင်း မိန့်လို့ လှူနိုင်ခဲ့ပါတယ်။ ကျောင်းဆောက်နေတာ ဆက်ဆောက်ဖို့ ဘိလပ်မြေ၊ သွပ် မပြည့်စုံ ဖြစ်နေတဲ့ တစ်ကျောင်းမှာလဲ အလားတူ လိုတဲ့ ပစ္စည်းနဲ့ ငွေကို လှူနိုင်ခဲ့ပါတယ်။ ၊ဒီလို လိုက်မေးပြီး လိုတာ ဖြည့်ဆည်းပေးရာမှာ ကျောင်းတစ်ကျောင်းက ဆရာတော်က ပစ္စည်းမလို၊ ကျောင်းဆောင်သစ်ဆောက်ဖို့ ငွေကြေးသာ အလိုရှိကြောင်း မိန့်လို့ တစ်ဆင့် ပြောပေးသူ ဒကာနဲ့ အဲဒီကျောင်းကို သွားခဲ့ပါတယ်။ သဘောကောင်းပြီး ရိုးစင်းပုံရတဲ့ ဦးဇင်း သုံးပါးခန့်ကို ကျောင်းမှာ တွေ့ပါတယ်။ ကျောင်းတိုက်ဆောင်ကြီး နှစ်ခုလဲ တွေ့ပါတယ်။ သံဃာအရေအတွက်နဲ့ဆို ကျောင်းဆောင်ကြီးတွေက ကြီးလွန်းများလွန်းတောင်နေပေမယ့် စာသင်တိုက် ဒါမှမဟုတ် တရားရိပ်သာ ဖွင့်ချင်လို့ တိုးချဲ့ချင်တာလဲ ဖြစ်နိုင်တော့ အလှူခံတဲ့ ကျောင်းထိုင်ဆရာတော်နဲ့ တွေ့ပါတယ်။ ကျောင်းထိုင် ဆရာတော်က အသက် ၃၀ ကျော်သာ ရှိသေးပြီး ၀တ်ချကန်တော့ခံပြီးတာနဲ့ လူထွက်ဖို့ လာခဲ့တာ မထွက်ဖြစ်ဘူးဆိုပြီး လူမထွက်ဖို့ တားခဲ့တဲ့ သူငယ်ချင်း ဦးဇင်းအကြောင်း ပြစ်တင်ရေရွတ်ပါတယ်။ သူတားလို့ လူမထွက်ခဲ့ရတာဆိုပြီး တပည့်တော် မမြင်ဖူးတဲ့ ဦးဇင်းကို မကောင်းပြောနေပါတယ်။ လူထွက်ချင်ရင် ခုထွက်လဲ ရတာပဲ၊ ဘာလို့ တစ်ချိန်က တားခဲ့တဲ့ သူငယ်ချင်းကိုယ်တော်ကို အပြစ်တင်နေတာလဲ တွေးမရပါ။ နောက်မှ ကျောင်းထိုင်မယ့်ဘုန်းကြီး ရှားပါးတဲ့ အရပ်မှာ မိမိ လူမထွက်ဘဲ ရှိနေလို့သာ လူတွေ မသာချတာကအစ မပူရတာဖြစ်ကြောင်း၊ ဒါပေမယ့် တစ်နှစ် ကျောင်းဆောင်သစ်တစ်ဆောင် တိုးဆောက်မယ်ဆိုပြီး ကျောင်းဆောင်သစ်ဆောက်ဖို့ တစ်အိမ်ထောင် ငွေ သုံးသောင်း ကောက်တာ မထည့်ကြကြောင်း ပြောပါတယ်။
    စကားပြောရင်း ယိုင်ထိုးနေတာ၊ စကားတွေ ကဘောက်ချိကဘောက်ချာ ဖြစ်နေတာ သတိထားမိရာကနေ ကိုယ်တော် ဆေး ဒါမှမဟုတ် တစ်ခုခု မူးနေမှန်း သတိထားမိပါတယ်။ ကျောင်းထိုင် မရှိခိုက် ပိုင်ရှင်မဲ့နေတဲ့ ကျောင်းကို တက်နေတာ ဖြစ်ပြီး မူလ ကျောင်းဒကာ သူဌေးများကလဲ ဒါကို မနှစ်မြို့ကြောင်း သိရပါတယ်။ (သံဃာထုက ရွေးချယ် စေလွှတ်တာ မဟုတ်ဘဲ ကိုယ့်သဘောနဲ့ တက်နေတာပါ)။ ပြောရင်း စက်တင်ဘာ အရေးအခင်း ပြီးစက ရန်ကုန်က သံဃာတွေ ပြေးလာပြီး ခိုလှုံခွင့်တောင်းကြောင်း၊ နယ်မြေ အာဏာပိုင်တွေက ခေါင်းတုံးလေးတွေ ဒီလို ပြေးလာရင် လက်မခံဖို့ ပြောထားလို့ လက်မခံဘဲ ငြင်းလိုက်ကြောင်း အားရတဲ့ လေသံနဲ့ ပြောပါတယ်။
    နားထောင်နေချိန်မှာ နိုင်ငံရေးတွေ ဘာတွေ ဘာမှ ထည့်မတွေးပါဘူး။ ဒါပေမ.ယ့် အသက်လု ပြေးလာရတဲ့ သံဃာတွေ ခဏ ခိုလှုံခွင့်တောင်းတာ လက်မခံဘဲ မောင်းထုတ်လိုက်တယ်၊ ဘယ်ရောက်သွားလဲ မသိဘူးဆိုတဲ့အကြောင်း ကျေကျေနပ်နပ် ပြောပြနေချိန်မှာ ဒီလို ကိုယ်တော်မျိုးကို လှူချင်တဲ့စိတ် လုံးဝ ကုန်သွားပါတယ်။ ကိုယ်အလှူခံရတဲ့ ကျောင်းမဟုတ်ဘဲ ဇွတ်တက်နေတဲ့ ကျောင်း အကျယ်ကြီးမှာတောင် ဘေးကြုံလာရတဲ့ သံဃာချင်းကို ခေတ္တ လက်မခံ မကယ်တင်ချင်ရင် ဒီလို သံဃာမျိုးအတွက် ကျောင်းတွေ ဘာလို့ ထပ်ဆောက်ပေးမှာလဲဆိုတဲ့ အတွေးလဲ ၀င်လာပါတယ်။ နောက် စုံစမ်းသိရသလောက်လဲ ကျောင်းဆောက်ဖို့သာ အလှူခံပြီး ကျောင်းတကယ် မဆောက်ဘဲ သုံးဖြုန်းပစ်တယ်။ တတ်နိုင်တဲ့ ဒကာများက ရက်ရက်ရောရော လှူနေပါရက်နဲ့ ဆင်းရဲသားများထံက ပစ္စည်းမလို ငွေသာလိုသည် ဆိုတာမျိုး ဇွတ် ငွေကောက်ခံနေတာတွေ သိရပါတယ်။
    တစ်ကျောင်းပြီးတစ်ကျောင်း တတ်နိုင်သမျှလေး ၀မ်းမြောက်ဝမ်းသာ လှူလာခဲ့ပေမယ့် အဲဒီကျောင်းမှာတော့ ဘာတစ်ခုမှ မလှူခဲ့မိပါ။
    တပည့်တော် လုပ်ရပ်ဟာ မှားလားမှန်လား သိလိုပါတယ်ဘုရား။

  • Unknown says:
    Monday, February 23, 2009

    လောက် လှူခဲ့ပေမယ့် အဲဒီကျောင်းမှာတော့ ဘာတစ်ခုမှ မလှူဘဲ ပြန်ထွက်လာမိပါတယ်။
    ပုဂ္ဂိုလ်ကို မခွဲခြားဘဲ လှူရမယ်ဆို တပည့်တော်လုပ်ရပ် မှားနေပါသလား။ အမှားအမှန် အမိန့်ရှိပေးပါဘုရား။
    တကယ်လို့ ဒီကျောင်းကို လှူသင့်တယ်ဆိုရင် တပည့်တော် အခု လှူလို့ ရပါတယ်

  • Unknown says:
    Monday, February 23, 2009

    ပြောရင်း စက်တင်ဘာ အရေးအခင်း ပြီးစက ရန်ကုန်က သံဃာတွေ ပြေးလာပြီး ခိုလှုံခွင့်တောင်းကြောင်း၊ နယ်မြေ အာဏာပိုင်တွေက ခေါင်းတုံးလေးတွေ ဒီလို ပြေးလာရင် လက်မခံဖို့ ပြောထားလို့ လက်မခံဘဲ ငြင်းလိုက်ကြောင်း အားရတဲ့ လေသံနဲ့ ပြောပါတယ်။
    နားထောင်နေချိန်မှာ နိုင်ငံရေးတွေ ဘာတွေ ဘာမှ ထည့်မတွေးပါဘူး။ ဒါပေမ.ယ့် အသက်လု ပြေးလာရတဲ့ သံဃာတွေ ခဏ ခိုလှုံခွင့်တောင်းတာ လက်မခံဘဲ မောင်းထုတ်လိုက်တယ်၊ ဘယ်ရောက်သွားလဲ မသိဘူးဆိုတဲ့အကြောင်း ကျေကျေနပ်နပ် ပြောပြနေချိန်မှာ ဒီလို ကိုယ်တော်မျိုးကို လှူချင်တဲ့စိတ် လုံးဝ ကုန်သွားပါတယ်။ ကိုယ်အလှူခံရတဲ့ ကျောင်းမဟုတ်ဘဲ ဇွတ်တက်နေတဲ့ ကျောင်း အကျယ်ကြီးမှာတောင် ဘေးကြုံလာရတဲ့ သံဃာချင်းကို ခေတ္တ လက်မခံ မကယ်တင်ချင်ရင် ဒီလို သံဃာမျိုးအတွက် ကျောင်းတွေ ဘာလို့ ထပ်ဆောက်ပေးမှာလဲဆိုတဲ့ အတွေးလဲ ၀င်လာပါတယ်။ နောက် စုံစမ်းသိရသလောက်လဲ ကျောင်းဆောက်ဖို့သာ အလှူခံပြီး ကျောင်းတကယ် မဆောက်ဘဲ သုံးဖြုန်းပစ်တယ်။ တတ်နိုင်တဲ့ ဒကာများက ရက်ရက်ရောရော လှူနေပါရက်နဲ့ ဆင်းရဲသားများထံက ပစ္စည်းမလို ငွေသာလိုသည် ဆိုတာမျိုး ဇွတ် ငွေကောက်ခံနေတာတွေ သိရပါတယ်။
    တစ်ကျောင်းပြီးတစ်ကျောင်း တတ်နိုင်သမျှလေး ၀မ်းမြောက်ဝမ်းသာ လှူလာခဲ့ပေမယ့် အဲဒီကျောင်းမှာတော့ ဘာတစ်ခုမှ မလှူခဲ့မိပါ။ တပည့်တော်လုပ်ရပ် အမှားအမှန်ကို ဆုံးဖြတ်ပေးစေလိုပါတယ်။ မှားတယ်ဆိုရင် ခု ပြန်လှူလို့ ရပါတယ်ဘုရား

  • Unknown says:
    Monday, February 23, 2009

    ကွန်ပျူတာ ပြဿနာကြောင့် စာတွေ ကျော်သွား ကျန်သွားလို့ ထပ်ရိုက်လိုက်ရပါတယ်။ စာထပ်သွားတာခွင့်လွှတ်ပါဘုရား

  • ဒကာဖိုးသားရေ…
    ကွန်မန့်လေးအတွက် ကျေးဇူးပါပဲ။ ဘုန်းဘုန်းပို့စ်မှာ ရေးထားတဲ့အတိုင်းပါပဲ။ ဘုန်းဘုန်းက ပါရမီဖြည့်ကျင့်သူများ၊ ပါရမီမြောက်အောင် လှူလိုသူများထက် ကုသိုလ်တစ်ပဲ ငရဲတစ်ပိတ်သာပုံစံမျိုး ဖြစ်သွားတဲ့ ကုသိုလ်ရှင်များအတွက် အဓိကရည်ရွယ်လိုက်တာပါ။ ဒကာတို့ သိတဲ့အတိုင်းပဲ ယနေ့ခေတ်မှာ သာသနာမှာ အားနည်းချက်တွေ များလာတဲ့အပြင် သာသနာကို ခုတုံးလုပ်ပြီး လုပ်စားနေကြသူတွေလည်း အများကြီးပဲ မဟုတ်လား။ အလှူခံပုဂ္ဂိုလ်ဆိုပြီးရော ဆိုတဲ့သဘောနဲ့ လှူလိုက်မယ်ဆိုရင် ဘုန်းဘုန်းတို့ သာသနာတွင်းမှာ သာသနာကို အမှီပြုလုပ်စားနေကြတဲ့ ပုဂ္ဂိုလ်တွေအတွက် ပိုပြီးအခွင့်သာသွားကာ လှူလိုက်တဲ့ပုဂ္ဂိုလ်တွေမှာ အဆိပ်ပင် ရေလောင်းသလို ဖြစ်သွားတတ်ပါတယ်။ အဲဒီပုဂ္ဂိုလ်များ သာသနာတွင်းမှာ များလာရင် ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာမှာ အဓမ္မ၀ါဒီတွေပိုပြီး အားကောင်းလာနိုင်ပါတယ်။ ကိုယ်ကရွေးချယ်မှုမှားပြီး လှူလိုက်ပါက အဲဒီအလှူခံပုဂ္ဂိုလ်ဟာ သာသနာမှာ ပိုပြီးအားကောင်းလာကာ နောက်သူ့နောက်လိုက်တဲ့ ပုဂ္ဂိုလ်များပါ အမှားတွေကို အမှန်ထင်သွားတတ်ပါတယ်။ မနေ့ကပဲ ဘုန်းဘုန်းကျောင်းကို ဒကာလေးတစ်ယောက် ရောက်လာပြီး သူ့အတွေ့အကြုံလေး ပြောသွားသေးတယ်။ သူက ဒလကပါ။ သူတို့ ရပ်ကွက်ဘေးက လမ်းဘေးမြောင်းနားမှာ အဖီလေးထိုးပြီး နေနေတဲ့တောထွက် ရဟန်းအိုကြီးတစ်ပါးကို သနားပြီး သူ့သူငယ်ချင်းတွေနဲ့ တိုင်ပင်ကာ ပြင်ခင်းကျောင်းလေးတစ်ကျောင်း ဆောက်လှူဖြစ်ကြောင်း နောက်ပိုင်းလည်း အဲဒီရဟန်းကြီးအတွက် လိုအပ်တာအကုန်လှူပေးကြောင်း၊ နောက်မှသိရတာက အဲဒီရဟန်းကြီးဟာ အရက်သောက်လို့ ကျောင်းကနှင်ထုတ်ထားတဲ့ ရဟန်းဖြစ်ကြောင်း၊ အခုလူထွက်သွားပြီး ဖြစ်ကြောင်း၊ သူ့သူငယ်ချင်းဆိုရင် မျက်နှာချင်းဆိုင်တောင် သွားပြီးဒေါသတစ်ကြီးပြောဆို ကြိမ်းမောင်းသည်အထိ ဖြစ်ကြကြောင်း ပြောပြပါတယ်။ ဒါတွေကို ကြည့်ရင် ပါရမီမရင့်ကျက်သေးတဲ့ ပုထုဇင်တွေအတွက် ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်တွေ ဖြစ်ကြတတ်ပါတယ်။ အလှူခံပုဂ္ဂိုလ်ရွေးချယ်မှု မှားတဲ့အတွက် သဒ္ဓါတရား မတိုးတဲ့အပြင် အဲဒီလို အဖြစ်မျိုးတွေနဲ့ ကြုံကြရတတ်ပါတယ်။ တကယ်တော့ တို့သာသနာကြီး အရှည်တည်တံ့ဖို့ အတွက် ဆရာ၊ ဒကာ ညီညီညွတ်ညွတ်ရှိမှ ဖြစ်မှာပါ။ ဒကာတို့ သိတဲ့အတိုင်းပဲ သီရိဓမ္မာသောကမင်းကြီးလည်း သာသနာကို သန့်ရှင်းပေးခဲ့ရတာပဲ။ ဗုဒ္ဓဘာသာဖြစ်လာပြီး နောက်ပိုင်းမှာ သူ့အဖေလက်ထက်က ကျွေးမွေးလှူဒါန်းခဲ့တဲ့ တိတ္တိခြောက်သောင်းကို အလှူဖြတ်ပြီး ရဟန်းတော်တွေကို လှူလိုက်တော့ တိတ္တိတွေ စားစရာမရှိဖြစ်ကာ ကိုယ့်သဘောနဲ့ကို သာသနာအတွင်းဝင်ရောက်လာပြီး ရဟန်းအစစ်တွေနဲ့ ရောက်နှောနေလိုက်လို့ သာသနာဟာ ညစ်နွမ်းသွားပြီး မင်းကြီးကိုယ်တိုင် သာသနာသန့်ရှင်းပေးခဲ့ ရတယ်မဟုတ်လား။ ယနေ့ခေတ် တို့မြန်မာနိုင်ငံ သာသနာမှာလည်း အဲလိုဝင်ရောက် ရောနှောလုပ်စားနေတာတွေ များလာတဲ့အတွက် ဒီလိုသာသနာအတွက် အကျိုးမပြုတဲ့ ပုဂ္ဂိုလ်တွေကို မှားပြီးသဒ္ဓါလွန်သွားရင် သာသနာအတွက်လည်း အဆိပ်ပင် ရေလောင်းသလိုဖြစ်၊ ထိုပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်ကိုကြည့်ပြီး သဒ္ဓါတရား မခိုင်မြဲကြသေးတဲ့ ပုထုဇင်ပုဂ္ဂိုလ်တွေမှာ စိတ်အနှောက်အယှက်ဖြစ်ပြီး လှူပြီးသားအလှူအပေါ်မှာ မုဒိတာမပွားနိုင် ဖြစ်တတ်တဲ့အတွက် ရွေးချယ်ပြီး လှူဒါန်းကြဖို့ ရည်ရွယ်တာပါ။ အမှန်တော့ တို့သာသနာဟာ သာသနာ့အလုပ်ကို လုပ်နေရင် ဘုရားကကျွေးထားပြီးသား ဖြစ်တဲ့အတွက် သံဃာတော်များမှာ ပရိယတ်၊ပဋိပတ်လုပ်နေကြရင် ဘာမှပူပန်စရာမရှိဘူးဆိုတာ ရှင်းပါတယ်။ အဲဒီအလုပ်တွေ မလုပ်ဘဲ သာသနာမှီပြီး စားရေးနေရေးအဆင်ပြေအောင် ကြိုးစားနေကြရတဲ့ သာသနာရဲ့ ဆူးညှောင့်ခလုပ်တွေအပေါ် မှားပြီးရွေးချယ် ကိုးကွယ်လှူဒါန်းမိမှာ စိုးတဲ့အတွက် ရေးချယ်ပြီး လှူဒါန်းစေလိုတာပါ။ အလှူဒါနကတော့ စေတနာရှိပြီးလှူရင် ခွေးလှူလည်း ကုသိုလ်ရတာပါပဲ။ သို့သော် သာသနာအတွက် အန္တရာယ်ဖြစ်စေမယ့် လုပ်စားတွေကို အဆိပ်ပင် ရေလောင်းမဖြစ်ဖို့အတွက် ရွေးချယ်ခိုင်းတာပါ။
    မေတ္တာဖြင့်…
    ဘုန်းဘုန်း

  • ဒကာသောနရေ…
    ဒကာ့အတွေ့အကြုံလေးအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒကာ့နည်းတူ တွေ့ကြုံကြဖူးတဲ့ သူတွေလည်း လည်း အများကြီးရှိနိုင်မှာပါ။ မျက်မှောက်ခေတ် ဘုန်းဘုန်းတို့ သာသနာရဲ့ အားနည်းလာတဲ့ အပိုင်းတွေဖြစ်သလို၊ သာသနာကို အမှီပြုလုပ်စားခံနေရတဲ့ အပိုင်းတွေလည်း ပါပါတယ်။ ဖိုးသား သိထားတဲ့အတိုင်း … အယုတ်အလတ်အမြတ်မရွေးဘဲ ပါရမီမြောက်လှူနိုင်တယ်။ ငါလှူထားတဲ့အလှူအပေါ်မှာ စိတ်ပြတ်နိုင်တယ်။ ကျန်တာသူ့အပိုင်း ငါ့ကုသိုလ်ကတော့ ကုသိုလ်ပဲ ဆိုတဲ့စိတ်ထားနိုင်မယ် ဆိုရင်တော့ ဒကာ့သဘောပါ။ ဒါပေမယ့် အဲလိုသာသနာအတွက်လည်း အကျိုးမရှိ၊ လက်ရှိပစ္စုပ္ပန်မှာလည်း အများအကျိုးဘာမှ မလုတ်ဘဲ အလှူခံခြင်း သက်သက်ကိုသာ လုပ်နေတဲ့ပုဂ္ဂိုလ်များကို အားပေးအားမြောက်ပြုလိုက်ရင် သာသနာအတွက် ရင်လေးစရာပါ။ အဲလိုမှမဟုတ်ဘဲ ခုန ဒကာလှူခဲ့တဲ့ လိုအပ်တဲ့စာသင်သား သံဃာလေးတွေ၊ တကယ့်ကို စာသင်တိုက်တည်ထောင်ကာ စာပေသင်အံလေ့ကျက်နေပြီး မပြည့်စုံတဲ့ စာသင်တိုက်တွေလှူတာက အလှူအကျိုးကြီးသည် မကြီးသည်အသာထားဦး သာသနာရဲ့ အခြေခံဖြစ်တဲ့ ပရိယတ်သာသနာမှာ စာသင်သား သံဃာတွေ မပင်မပန်း စာပေသင်အန်လေ့ကျက်နိုင်ပါလိမ့်မယ်။ ပရိယတ်ခိုင်ရင် ပဋိပတ်လည်း ခိုင်လာမှာဖြစ်ပြီး၊ ပဋိပတ်ခိုင်ရင်တော့ ပရိဝေဓပါ ခိုင်ပြီပေါ့။ ဘုန်းဘုန်းသဘောကတော့ သဒ္ဓါကို ပညာနဲ့ညှိပြီး ပြည့်ပြီးသားအိုးတွေ ထပ်ဖြည့်တာနဲ့စာရင် မပြည့်သေးတဲ့အိုးတွေကို ဖြည့်ပေးစေချင်တာပါ။ အဲလိုဆို ပိုအကျိုးကြီးတာပေါ့။ ဘုန်းဘုန်းတို့လည်း စာသင်သားဘ၀က တက်လာတာဆိုတော့ စာသင်သားများရဲ့ ဒုက္ခကို ကိုယ်တိုင်ခံစားခဲ့ရပါတယ်။ တစ်နှစ်နေလို့မှ သင်္ကန်းတစ်စုံ မရတဲ့နှစ်တွေ၊ ဆွမ်းခံသွားတဲအခါ ကန်စွန်းရွက်ရေလုံပြုတ် နဲ့ နှစ်ပွါးသွားခဲ့ရတဲ့အချိန်တွေ၊ နောက်ဆုံး စာမေးပွဲဖောင်တင်ဖို့ ပိုက်ဆံအစိပ်မရှိတဲ့အတွက် အခက်အခဲဖြစ်ခဲ့ရတဲ့အထိ ဒုက္ခရောက်ခဲ့ရဖူးပါတယ်။ ဒါကြောင့် မျက်မှောက်ခေတ် သာသနာရေး အခြေအနေအရ ပရိယတ်၊ ပဋိပတ်လုပ်နေတဲ့ ရဟန်းသံဃာများကို ရွေးချယ်ပြီး လှူဒါန်းခြင်းဟာ သာသနာအတွက် အားဖြစ်စေပါတယ်။ ကုသိုလ်ဖြစ်အောင်ကတော့ ဘယ်လိုပုဂ္ဂိုလ်ကိုပဲ လှူလှူ စေတနာပြတ်ရင် ကုသိုလ်ရပါတယ်။ အလှူခံပုဂ္ဂိုလ် အယုတ်အလတ်အမြတ်ကို လိုက်ပြီးအကျိုးတရား ကွာခြားနိုင်တာက လွဲလို့ပေါ့။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ