အရာရာနောက်ကျမှုတွေ မဖြစ်ရအောင် ...

Q.ဘုန်းဘုန်း…
တပည့်တော်ဟာ အမြဲသူများနောက်က ကျန်ရစ်တတ်ပြီး လုပ်ရင်လဲ သူများထက် အလွန်နောက်ကျမှ ပြီးတတ်ပါတယ်ဘုရား။ ပြုပြင်သော်လည်း မအောင်မြင်ပါ။ မိတ်ဆွေကောင်းများနှင့်လည်း အတွေ့နောက်ကျတတ်ပါတယ်။ ကူညီမည့် မိတ်ဆွေကောင်းကို လိုအပ်နေသည့်အချိန်မှာ စောစီးစွာ မတွေ့ခဲ့ရဘဲ နောက်မှတွေ့တာမျိုး ကြံရလေ့ရှိပါတယ်။ ရောဂါကုစဉ်မှာ တတ်ကျွမ်းသည့် သမားတော်နှင့် မတွေ့ရလို့ ရောဂါရင့်ပြီး နာတာရှည်မှ နောက်ကျသိခဲ့ရတာလည်း ရှိပါတယ်။ ပညာတစ်ခုကို သင်ခွင့်ရချိန်မှာတုန်းက ငွေကြေးမရှိခဲ့ဘဲ ငွေကြေးအတန်သင့် ရလာချိန်မှာတော့ အဲဒီပညာသင်ဖို့ အခြေအနေ မပေးတော့လို့ နောက်ကျသွားရတာလဲ အမြဲကြုံရပါတယ်။ တရားဓမ္မအရာမှာတောင် တရားနာခွင့် တရားအားထုတ်ခွင့်ကို ဆရာရှိချိန်က မရခဲ့ဘဲ အစစနောက်ကျမှ ရခဲ့ရပါတယ်။

တပည့်တော် လူမှန်းသိကတည်းက ကြုံတွေ့နေရတဲ့ အစစနောက်ကျခြင်း ၀ဋ်ကြွေးမှ လွတ်မြောက်အောင် ဘာလုပ်ရမလဲ လမ်းညွှန်ပေးပါဘုရား။ မြတ်စွာဘုရားရှင် လက်ထက်က နူနာရောဂါစွဲနေတဲ့ မင်းသမီးတစ်ပါးကို အရှင်အနုရုဒ္ဓါ သံဃာတော်က ရောဂါပျောက်စေသည့် ကောင်းမှုများ ပြုစေသဖြင့် ရောဂါပျောက်ကင်းရတာ ဖတ်ဖူးပါတယ်ဘုရား။
တပည့်တော် သံဃာတော်များကို တစ်နေ့အပါး ၂၀၊ ၃၀၊ ၄၀ စသည်ဖြင့် အခွင့်ရတိုင်း ဆွမ်းလှူဒါန်း ဆက်ကပ်ခြင်းကို ၀တ်တစ်ခုအဖြစ် ပြုခဲ့ပါတယ်။ တပည့်တော် အလွန်ဆင်းရဲစဉ်ကတောင် တစ်နေ့၁၅ပါး၊ အပါး၂၀ ၀န်းကျင် ကြိုးစားပြီး ဆွမ်းလောင်းခဲ့ပါတယ်။ စာသင်သာား သံဃာတော်နဲ့ သာမဏေများအတွက် လိုအပ်တဲ့စာအုပ်၊ စာရေးကိရိယာ အသုံးအဆောင်များလည်း ပညာဒါနပြုခဲ့ပါတယ်။ အခုနောက်ဆုံး ဆင်းရဲချို့တဲ့သော သံဃာတော်များအား ကျောင်းဆောက်လုပ်လှူဒါန်းပြီး ဂိလာန သာမဏေများအားလည်း ဆေးဝါးကုသပေးခဲ့ပါတယ်။ လျှက်စစ်မီး မရှိဘဲညမှောင်ထဲမှာ ဖယောင်းတိုင်နှင့် သီတင်းသုံးနေရသော ကျောင်းတစ်ကျောင်းမှာလည်း မီးတပ်ဆင် လှူဒါန်းပေးခဲ့ပါတယ်။ ၀ဋ်ကြွေးမှ လွတ်မြောက်လိုသော်လည်း ဒါတွေလုပ်စဉ်က ရတာနာသုံးပါးကို ကြည့်ညိုစိတ် သက်သက်ဖြင့်သာ လုပ်ခဲ့ပြီး မကောင်းမှုကံမှ လွတ်မြောက်ရေးကို အဓိကမရည်ရွယ်ခဲ့မိပေ။

တပည့်တော် ခံစားနေရတဲ့ အစစနောက်ကျခြင်းဘေးမှ လွတ်မြောက်အောင် မကယ်နိုင်သေးပါ။ ဘယ်လိုကောင်းမှုများ ပြုရမလဲ အမိန့်ရှိပေးပါဘုရား
(သော်လတ်)


A. ၀ဋ်မှာအမြဲ ငရဲမှာ အပဟူသော မြန်မာစကားပုံ တစ်ခုရှိပါတယ်။ ပဉ္စနန္တရိယကံကျူးလွန်ထားမှု မရှိသေးပါက ငရဲသွားစေနိုင်သည်များကို ကုသိုလ်များလုပ်ပေးခြင်းဖြင့် မကျရောက်အောင် လုပ်ပေးနိုင်သော်လည်း ပြန်လည်ပေးဆပ်ရမည့် ၀ဋ်ကြွေးများရှိနေသူများမှာ ၀ဋ်မှလွတ်အောင် မလုပ်နိုင်ပါ။ ဘုရား၊ ရဟန္တာကြီးများသော်မှလည်း ၀ဋ်ကြွေးကို ပေးဆပ်ကြရသေးသဖြင့် အတိတ်ဘ၀တစ်ခုခုက မိမိပြုလုပ်ခဲ့သည့် အကုသိုလ်ဝဋ်ကြွေးများရှိပါက ကျေအောင်ပြန်ဆပ် ပေးရတတ်ပါတယ်။ အတိတ်ဘ၀က ကိုယ်ဘာလုပ်ခဲ့သည်ကို မသိနိုင်သော်လည်း ယခုဘ၀မှာ ရရှိနေသည့် အကျိုးဆက်များကို ကြည့်ပါက ခန့်မှန်းနိုင်ပါတယ်။ အရာရာနောက်ကျ နေတတ်မှုဟာ အတိတ်ဘ၀တစ်ခုခုက သူများလုပ်သည့် ကောင်းမှုများကို နောက်နှေးအောင်နောက်ယှက်မှု ရှိခဲ့တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်သလို၊ မိမိကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာလည်း လုပ်ပြီးနောက်မှာဖြစ်ရတဲ့ အပရစေတနာ ချို့တဲ့တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကုသိုလ်ကောင်းမှုပြုတဲ့အခါ ပြုလုပ်တဲ့သူများ ရှိထားရမယ့် မလှူမီရှေ့အဖို့တွင်ရှိရမည့် ပုဗ္ဗစေတနာ၊ လှူဆဲအခိုက်မှာ ရှိရမည့် မုဉ္စစေတနာ၊ လူပြီးနောက်မှာ ၀မ်းမြောက်ဝမ်းသာဖြစ်ရမည့် အပရစေတနာဆိုတဲ့ စေတနာသုံးမျိုးထဲမှာ နောက်ဆုံးစေတနာ ချို့တဲ့ပြီး အလှူအပေါ်မှာ နောင်တရမှုများ ရှိခဲ့လျှင်လည်း နောက်စေတနာချို့တဲ့တဲ့အတွက် အဲဒီစေတနာရဲ့ အကျိုးဆက်အဖြစ် ယခုဘ၀မှာ ပြန်ခံနေရတာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အတိတ်ဆိုတာ ကျန်ခဲ့ပြီဖြစ်တဲ့အတွက် နောင်တတစ်ဖန် ပူပန်မနေတော့ဘဲ ယခုဘ၀မှာသာ ကံပေးသမျှကို ရဲရဲရင်ဆိုင်လက်ခံပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားကာ ကောင်းမှုတွေလုပ်ဖို့ သင့်ပါတယ်။ အထူးသဖြင့် သီလကိုလုံအောင် စောင့်ထိမ်းပြီး စေတနာကောင်းထားကာ ရတနာသုံးပါးနှင့် ကံကံ၏အကျိုးအပေါ် သံသယကင်းရှင်း သဒ္ဓါတရားသွင်းကာ ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ အတိတ်က၀ဋ်ကြွေးများ မကုန်သေးသမျှ ပြန်လည်ပေးဆပ်ရမယ့် အနေအထား ရှိပါတယ်။ ဘုရားလက်ထက်က နူနာရောဂါပျောက်ပြီး အခုဘ၀မှာ ချက်ခြင်းအကျိုးကို ခံစားရတဲ့ မျက်မှောက် အကျိုးပေးမှုဆိုသည်မှာ အကြောင်းအင်္ဂါရပ်တွေနှင့် ပြည့်စုံမှသာ ရရှိနိုင်ပါတယ်။ အကျဉ်းပြောရရင် အလှူပေးပုဂ္ဂိုလ်ရဲ့ စေတနာ သဒ္ဓါလွန်ကဲမှု၊ ငါးပါးသီလလုံခြုံမှု၊ အလှူပစ္စည်းဝတ္ထုရဲ့ ဖြူစင်သန့်ရှင်းပြီး သမာအာဇီဝ ကျစွာရရှိမှု၊ အလှူခံပုဂ္ဂိုလ်သည် ရဟန္တာဖြစ်မှု၊ ဒီရဟန္တာသည်လည်း နိရောဓသမာပတ်မှ ထသည့်အခိုက်နှင့် ကြုံကြိုက်မှုဆိုတဲ့ အင်္ဂါရပ်တွေနှင့် ပြည့်စုံမှသာ ယခုဘ၀မှာ အခုလုပ် အခုအကျိုးပေးခြင်းဆိုတာ ဖြစ်မှာပါ။ အခုမျက်မှောက်ခေတ်မှာ ရဟန္တာအရှင်မြတ်များ မဆိတ်သုဉ်းသော်လည်း ဖော်ပြပါအင်္ဂါရပ်များနှင့် ပြည့်စုံရန်မှာ အလွန်ခက်ခဲလှပါတယ်။

ဒါပေမယ့် အဲဒါတွေကိုထားပြီး ခုနပြောခဲ့သလို အရာရာနောက်ကျနေမှုဆိုတဲ့ မကောင်းတဲ့အကျိုးဆက်တွေက ဒီဘ၀မှာ ကျေသည်ဖြစ်စေ၊ မကျေသည်ဖြစ်စေ မိမိလုပ်ရမှာက သီလလုံခြုံအောင်စောင့်ထိမ်းပြီး တတ်နိုင်သမျှ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများ ကောင်းအောင်ကြိုးစားဖို့ပါ။ လုပ်ရမှာက မိမိအလုပ်ဖြစ်ပြီး အကျိုးပေးရမှာက ကံရဲ့အလုပ်ဖြစ်တဲ့အတွက် ကံရဲ့အလုပ်အပေါ် မျှော်လင့်ချက်တွေမထားဘဲ မိမိလုပ်ရမည့် ကောင်းတဲ့အလုပ်တွေသာ ကြိုးစားပြီး လုပ်သင့်ပါတယ်။ ကုသိုလ်ကောင်းမှုဆိုသည်မှာ အချိန်မရွေးလုပ်ရမှာဖြစ်တဲ့အတွက် စောသည်နောက်ကျသည် မထားဘဲ သိတဲ့အချိန် ရသမျှကြိုးစားလုပ်သင့်ပါတယ်။ လုပ်တဲ့အခိုက်မှာလည်း ၀ဋ်မှကင်းရာ နိဗ္ဗာန်တစ်ခုတည်းကိုသာ အာရုံပြုပြီး လုပ်သင့်ပါတယ်။

တကယ်တော့ ၀ဋ်မှအမှန်တကယ် လွတ်ဖို့ဆိုတာ မိမိလုပ်တဲ့ကံတွေကို ဖြတ်မှလွတ်မှာပါ။ ကောင်းတဲ့ကံ မကောင်းတဲ့ကံတွေလုပ်နေသမျှ ကောင်းကျိုး၊မကောင်းကျိုးတွေက လာနေဦးမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် အဲဒါတွေဘာမှ မလုပ်ဘဲနေရမှာလားဆိုတော့ အဲလိုမဟုတ်ပါဘူး။ လုပ်ရပါမယ်။ လုပ်တဲ့အခါမှာသာ ၀ဋ်မှကင်းပြတ်အောင် တွယ်တာမှု မထားဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုအောင် လုပ်ဖို့လိုတာပါ။ အကောင်းဆုံးကတော့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေကို ရသလောက်ကြိုးစား လုပ်သင့်ပါတယ်။ အထူးသဖြင့် ၀ိပဿနာအလုပ်ကို ပိုပြီးကြိုးစား လုပ်သင့်ပါတယ်။ ခုနပြောခဲ့တဲ့ ကံတွေ၊ ၀ဋ်တွေကို ဖြတ်ဖို့ဆိုတာဟာ ၀ိပဿနာဉာဏ်နှင့် ဖြတ်မှသာ ဖြစ်နိုင်ပါတယ်။ ဒါနတွေကို ကြိုးစားလုပ်ပေမယ့်၊ သီလမလုံရင် ဒီဘ၀မှာ အပါယ်ဘေးက မလွတ်နိုင်သေးပါဘူး။ သီလမလုံရင် ဘာဝနာအားထုတ်လည်း အထက်ကိုရောက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အခြေခံဖြစ်တဲ့ သီလကို အရင်ဆုံးလုံခြုံအောင် စောင့်ထိမ်းသင့်ပါတယ်။ သီလလုံခြုံအောင် စောင့်ထိမ်းပြီး အလုံးစုံဖြစ်တဲ့ ၀ဋ်တွေမှ လွတ်အောင် ၀ိပဿနာ တရားကို ကြိုးကြိုးစားစား အားထုတ်သင့်ပါတယ်။ အရာရာမှာ နောက်ကျမှုမဖြစ်ရအောင် အချိန်ရှိတုန်း၊ အရွယ်ရှိတုန်း၊ အခွင့်သာတုန်း၊ လုပ်နိုင်နေတုန်း ၀ိပဿနာတရားကိုသာ သီလလုံခြုံအောင် ထိမ်းပြီးပြင်းပြင်း ထန်ထန်ကြိုးကြိုးစားစား အားထုတ်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။ ၀ိပဿနာတရား အားထုတ်ရင်းဖြင့်လည်း ဉာဏ်တွေတက်ကာ အရာရာနောက်ကျမှုတွေမှ ကင်းလွတ်လာနိုင်သလို အရာရာ နောက်ကျနေပါလားဆိုပြီး စိတ်ခံစားမှုတွေ ဖြစ်နေမှုကိုလည်း ခံလာနိုင်ပါလိမ့်မယ်။ အားထုတ်ရင်းနဲ့လည်း သိလာပါလိမ့်မယ်။ ဒါကြောင့် ထပ်ပြီးတိုက်တွန်းလိုတာက နောက်မကျအောင် အမြန်ဆုံးတရား အားထုတ်ကြည့်ပါဟူ၍….

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ