အဆိပ်ပင် ရေလောင်းမှုမျိုးတော့ မဖြစ်သင့်ပေ


တစ်ခါက ဒကာမကြီးတစ်ယောက်နဲ့ တွေ့တော့ အလှူဒါနအကြောင်း၊ အလှူခံပုဂ္ဂိုလ်အကြောင်း စကားစပ်ပြီး ပြောဖြစ်ကြပါတယ်။ “အလှူဒါနဆိုတာ စေတနာပြတ်ရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကိုပဲ လှူလှူ အကျိုးတရားကတော့ ရနေကြောင်း၊ ဒါပေမယ့် အလှူခံ ပုဂ္ဂိုလ်ကိုလိုက်ပြီး အကျိုးအကြီးအသေးတော့ ကွာခြားကြောင်း” ဘုန်းဘုန်းက ပြောဖြစ်ခဲ့ပါတယ်။ ဒကာမကြီးကလည်း သူဘယ်လို လှူဖြစ်တဲ့အကြောင်း၊ ဘယ်လောက်လှူဖြစ်ကြောင်း ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို လှူဖြစ်ကြောင်း ပြောပြရင်း နောက်ဆုံး သူပြောတဲ့ စကားက “တပည့်တော်မကတော့ သံဃာဆိုရင် သင်္ကန်းပတ်ထားရင် ပြီးရော ဘယ်လိုသံဃာမျိုးဖြစ်ဖြစ် လှူလိုက်တာပဲ ဘုရား”ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီတော့ ဘုန်းဘုန်းက “ကောင်းပါတယ် ဒကာမကြီး အဲဒီလို သံဃာကိုရည်မှန်းပြီး လှူဒါန်းတာ အမတန်ကို အကျိုးကြီးပါတယ်၊ ဒါပေမယ့် ဒကာမကြီးရေ ဒီနေ့ခေတ်မှာ၊ အထူးသဖြင့် ထေရဝါဒ ဓမ္မကို အားကောင်းအောင် မနဲရုန်းနေရတဲ့ ဘုန်းဘုန်းတို့လို ထေရဝါဒ နိုင်ငံမျိုးမှာ သံဃာဆိုပြီးရော ဘာဖြစ်ဖြစ် လှူလိုက်တဲ့ ပုံစံမျိုးတော့ အခြေအနေအရ မဖြစ်သင့်လှပါဘူး၊ အလှူရှင်တွေ အနေနဲ့ စေတနာပြတ်ရင် ဒါနက မြတ်လှပေမယ့် သာသနာ အားနည်းလာနေတဲ့ အခုလို ကာလမျိုးမှာ သာသနာကို ခုတုံးလုပ်ပြီး လုပ်စားနေကြတဲ့ သင်္ကန်းခြုံ လုပ်စားတွေကို ပေးကမ်းလှူဒါန်း ချီးမြှောက်မှုမျိုးကတော့ အဆိပ်ပင် ရေလောင်းသလိုမျိုး ဖြစ်တတ်တဲ့အတွက် ဒီအပိုင်းမှာတော့ ဒကာမကြီးတို့လို သဒ္ဓါတရား ကောင်းတဲ့သူတွေ အနေနဲ့ အလှူခံ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူအပ်တဲ့ နေရာမျိုးတွေမှာ လှူနိုင်အောင် ကြိုးစားသင့်ပါတယ်” စသဖြင့် သာသနာအရေးတွေးလို့ အကြံလေးတွေ ပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့ ဒီနေ့ခေတ် သာသနာဟာ အပြင်ကကြည့်တော့ သာသာယာယာလေးတွေ ရှိလှပေမယ့် အတွင်းမှာတော့ အနည်းငယ် ခြစားလာနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သာသနာကို ခုတုံးလုပ်ကာ လုပ်စားနေကြတဲ့ သင်္ကန်းဝတ်ထားတဲ့ သာသနာအလုပ် မလုပ်သူတွေဟာ သာသနာတော်တွင်းကို အမျိုးမျိုး ဝင်ရောက်နေရာ ယူလာတာတွေကြောင့် သာသနာတော်မှာ အားနည်းချက်တွေ၊ ထောက်ပြစရာတွေ၊ ဝေဘန်စရာတွေ တစတစ များပြားလာနေတော့တာ ဖြစ်ပါတယ်။ သဒ္ဓါပညာ တရားတွေ ယုတ်လျော့လာနေတဲ့ ခေတ်ဖြစ်တဲ့အတွက်လည်း သာသနာတော်ကို သဒ္ဓါနဲ့ ကြည်ညိုတဲ့ ပုဂ္ဂိုလ်များ နည်းပါးလာပြီး သာသနာတော်ကို ခုတုံးလုပ်ကာ အနေအစားချောင်လို့ ဝင်လာကြသူတွေ များလာကာ ကိုယ်အနေအစားချောင်ရင်ပြီးရော သာသနာဘာဖြစ်ဖြစ်၊ သံဃာအများစု ဘာဖြစ်ဖြစ် ထည့်မတွက်ကြတဲ့ ပုဂ္ဂိုလ်တွေလည်း တွေ့လာနေရတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက အဲဒီလို ပုဂ္ဂိုလ်တွေက သာသနာပြု နေပါတယ်လို့ ဂုဏ်ဖော်၊ ဘုရားတရားတော်တွေကို လိုသလို ပုံဖော်ပြီး ဘုရားသာသနာကို ခုတုံးလုပ်၊ ကိုယ့်အတွက် မဟုတ်တရုတ်တွေ လုပ်နေကြတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တစ်ချို့ဆိုရင် အခြေအနေအရ ဝင်လာကြတဲ့ အခြေအနေ ပဗ္ဗဇ္ဇိတတွေ ဖြစ်နေကြတဲ့အတွက် စာလည်းမတတ်၊ တရားလည်း မကျင့်ဘဲ လာဘ်လာဘ ရရေးကို ဦးစားပေးပြီး သာသနာ့ဝန်ထမ်းတွေနဲ့ မအပ်စပ်တဲ့ အသက်မွေးမှုတွေနဲ့ ပညာအားနည်းလှတဲ့ ဒကာဒကာမတွေအပေါ်မှာ လွဲချော်အောင် လုပ်နေကြတာတွေလည်း ရှိနေပြန်ပါတယ်။ ဗေဒင်လေးဟောပေးလိုက်၊ ချဲဂဏန်းလေးပေးလိုက်၊ ယတြာလေးချေပေးလိုက်၊ ငွေးတိုးလေးချေးပေးလိုက် စသဖြင့် လူအကြိုက်လိုက်ကာ သာသနာကို ခုတုံးလုပ်ပြီး သာသနာပြုနေပါတယ်လို့ ဆိုနေကြသူတွေကလည်း အများကြီးပဲ ဖြစ်ပါတယ်။ ခက်တာက အဲဒီလို ပုဂ္ဂိုလ်တွေကိုမှ တကယ့် သာသနာပြု သူတော်ကောင်းတွေလို့ ထင်ပြီး ရက်ရက်ရောရော ပေးလှူနေကြတဲ့ ပညာအားနည်းလှတဲ့ ဒကာဒကာမတွေကလည်း ရှိနေပြန်လေတော့ ပြောသာပြောရတယ် ဘုန်းဘုန်းတို့က မနာလိုလို့ ပြောတယ်ထင်သူတွေက ရှိကောင်းရှိနေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြောသင့်တာတော့ ပြောရမှာပဲ ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ သာသနာ တကယ်ပြုနေကြတဲ့ သာသနာ့ဝန်ထမ်းတွေဟာ ပရိယတ္တိ စာသင်တိုက်တွေနဲ့ ပဋိပတ္တိ ရိပ်သာတွေမှာ အများကြီးပဲ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာပြည် သာသနာကိုကြည့်ရင် ဒီနေ့အချိန်အထိ မြတ်စွာဘုရားရှင်ရဲ့ ဓမ္မတွေ တသွေမသိမ်း ထိန်းသိမ်းထားနေနိုင်ခြင်းဟာ ပရိယတ္တိက အားကောင်းနေလို့ပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ သာသနာမှာ အခြေခံဖြစ်တဲ့ ပရိယတ်အားကောင်းနေတဲ့အတွက် ကျင့်ကြံအားထုတ်မှု ပဋိပတ်ဟာလည်း ပြောင်းလဲမှုမရှိ တည်တံ့နေကာ ပဋိပတ်သာသနာ မှန်ကန်နေတဲ့အတွက်လည်း ပဋိဝေဓဆိုတဲ့ အကျိုးသာသနာက ရှိနေရခြင်းဖြစ်ပါတယ်။ အဲဒီ အခြေခံ ပရိယတ်သာ အားနည်းလာမယ်ဆိုရင် မြတ်စွာဘုရားရှင်ရဲ့ ဓမ္မအဖြာဖြာဟာလည်း တဖြည်းဖြည်းနဲ့ ကွယ်ပျောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ပရိယတ်ဝန်ဆောင် သာသနာပြု ခေါင်းဆောင်တွေဟာ သာသနာအတွက် တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေကြရတာ ဖြစ်ပါတယ်။ 

သာသနာပြုလို့ ပြောရင် ဒီလို ပရိယတ်၊ ပဋိပတ်ဝန်ဆောင်တွေကသာ အစစ်အမှန် သာသနာပြုတွေလို့ ပြောရမှာ ဖြစ်ပါတယ်။ သာသနာကို တကယ်ချီးမြောက်ချင်တယ်ဆိုရင် ဒီလိုအရှင်တွေကို ပိုပြီးချီးမြှောက် ထောက်ပံ့ကြရမှာ ဖြစ်ပါတယ်။ ခုတော့ အဲလိုမဟုတ်။ သာသနာ အလုပ်မလုပ်တဲ့ သူတွေကို အဟုတ်လုပ်ပြီး ထောက်ပံ့တဲ့ အလုပ်တွေ လုပ်နေကြတဲ့အတွက် တကယ်သာသနာပြု အရှင်တွေမှာ ပစ္စည်းလေးပါးအပိုင်းမှာ ဆင်းရဲချို့တဲ့ နေကြတော့တာ ဖြစ်ပါတယ်။ စာသင်တိုက်မှာ အပင်ပန်း အဆင်းရဲခံပြီး စာဝါပို့ချနေကြတဲ့ စာချဘုန်းကြီးတွေမှာ တစ်နှစ်နေလို့ သင်္ကန်းသုံးစုံ ပြည့်စုံအောင် မရနိုင်ကြတာတွေ ရှိနေပေမယ့် ဗေဒင်ဟော၊ လက္ခဏာကြည့်၊ ချဲ့ဂဏန်းပေးတဲ့ ပုဂ္ဂိုလ်တွေမှာတော့ သင်္ကန်းတွေ ရာနဲ့ချီကာ ပုံနေတော့တာ ဖြစ်ပါတယ်။ ကျောင်းတွေဆိုလည်း ရွှေကျောင်းငွေကျောင်း စသဖြင့်ပေါ့။ မနာလိုလို့ ပြောတာမဟုတ်ပါဘူး။ သာသနာအတွက် အားမလို အားမရဖြစ်လို့ ပြောနေရတာ ဖြစ်ပါတယ်။ 

တကယ်ဖြစ်သင့်တာက သာသနာကို တကယ်ချီးမြှောက်ထောက်ပံ့ချင်ရင် အဲဒီလို ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ သာသနာပြုနေကြတဲ့ ပရိယတ်ဝန်ဆောင် စာသင်တိုက်က အရှင်မြတ်များကို အများကြီးအားပြုကာ ထောက်ပံ့ပေးကြရမှာ ဖြစ်ပါတယ်။ ပဋိပတ်ရိပ်သာမှာ ရှိနေကြတဲ့ သာသနာပြု အရှင်သူမြတ်များဟာလည်း သာသနာကို အမှန်တကယ်ပြုနေကြတဲ့ အရှင်မြတ်များဖြစ်ပေမယ့် ရိပ်သာတွေမှာကတော့ ဒကာဒကာမများ ကိုယ်တိုင်ပါဝင် အားထုတ်ကာ သံဃာတော်များနဲ့ နီးစပ်ခွင့်ရနေကြတဲ့ အတွက် ပရိတ်ယတ်ဝန်ဆောင် အရှင်မြတ်များထက်စာရင် ပစ္စည်းလာဘ်လာဘက ပိုပြီးပြည့်စုံလှပါတယ်။ မရှိတာက ပရိယတ်ဝန်ဆောင် အရှင်မြတ်များဖြစ်ပါတယ်။ ပိုပြီးရှိနေတာက ပရိတ်ယတ်လည်းမဟုတ်၊ ပဋိပတ်လည်း မလုပ်တဲ့ မအပ်တဲ့နည်းတွေနဲ့ သာသနာကို ခုတုံးလုပ်ကာ လုပ်စားနေကြတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ ထောက်ပံ့တဲ့သူတွေကလည်း အဲဒီပုဂ္ဂိုလ်တွေကိုပဲ ပိုပြီးထောက်ပံ့လှူဒါန်းနေကြလေတော့ တကယ်အလုပ်အလုပ်နေကြတဲ့ သာသနာပြုများမှာ အားနည်းလာပြီး ခုတုံးလုပ်သာသနာပြုတွေက ပိုပြီးအားကောင်းလာကာ ကြာရင် အဆိပ်ပင်ရေလောင်း ဖြစ်လာကြတော့မှာ ဖြစ်ပါတယ်။ 

ပြောချင်တာက လှူတာက ကောင်းပေမယ့် လှူတဲ့အခါ ခေတ်ကာလအနေအထားအရ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး တကယ်လိုအပ်တဲ့၊ တကယ်သာသနာပြုနေတဲ့ အရပ်တွေမှာ လူဒါန်းတာက သာသနာအတွက်လည်း အကျိုးရှိ အလှူအတွက်လည်း အကျိုးရှိပြီး အဆိပ်ပင် ရေလောင်းမှုတွေကနေ ရှောင်ကြဉ်နိုင်ကြောင်း ပြောချင်တာ ဖြစ်ပါတယ်။ သင်္ကန်းဝတ်ထားရင်ပြီးရော ဆိုပြီး ရက်ရက်ရောရော လှူဒါန်းတာဟာ လှူတဲ့သူအတွက် စေတနာပြတ်ရင် ဒါနဟာ မြတ်ပေမယ့် အလှူခံ ပုဂ္ဂိုလ်တွေအတွက်တော့ သာသနာမှာ လုပ်ချင်ရာလုပ်ဖို့ အားပေးအားမြောက်ပြုရာ ရောက်တဲ့အပြင် သူတို့လုပ်နေတဲ့ မအပ်စပ်တဲ့ အလုပ်တွေမှာ ပိုပြီးအားကောင်းစေရာ ရောက်တာကြောင့် ဒါမျိုးကတော့ အဆိပ်ပင် ရေလောင်းတဲ့ သဘောမျိုး သက်ရောက်နေတဲ့အတွက် ဒီလိုမျိုး အလှူတွေကို အတတ်နိုင်ဆုံး ဆင်ခြင်ပြုပြင်ကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။ အားနည်းလာတဲ့ သာသနာတော်မှာ ဆရာနဲ့ ဒကာ အတူလက်တွဲပြီး ဆရာလည်း ဆရာအလုပ်လုပ်၊ ဒကာလည်း ဒကာအလုပ်လုပ်ကာ ညီညီညာညာ သာသနာပြုကြမှ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကြီးဟာ အရှည်ခန့်၍ တည်တံ့နိုင်မယ်ဆိုတာ သိစေလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အလှူဒါန လုပ်ရတဲ့အပေါ်မှာ သဒ္ဓါတရား အားကောင်းလှတဲ့ ဗုဒ္ဓဘာသာ သူတော်စင်များအနေနဲ့ အလှူဒါန ပြုလုပ်တဲ့အခါမှာ ခေတ်ကာလ အနေအထားအရ သဒ္ဓါတရားကို ပညာလေးနဲ့တွဲပြီး အမှန်တကယ် သာသနာပြုနေတဲ့ သံဃာနဲ့ အစစ်အမှန် လိုအပ်နေတဲ့ နေရာမှာတွေမှာ ရွေးချယ်ပြီး လှူဒါန်းနိုင်အောင် ကြိုးစားကြဖို့နဲ့ သာသနာကို ခုတုံးလုပ်ကာ သာသနာနဲ့ မအပ်စပ်တဲ့ အလုပ်တွေမှာ အသက်မွေးမှု ပြုနေကြတဲ့ သာသနာပြုအမည်ခံတွေကို ချီးမြှောက်ထောက်ပံ့ကြတဲ့ အဆိပ်ပင်ရေလောင်းတဲ့ အလုပ်တွေမှာ ရှောင်ရှားကြဖို့ တိုက်တွန်းရင်း ဆရာဒကာ ညီညွတ်စွာ ဘုရားသာသနာ အရှည်ကြာအောင် ကြိုးစားကြဖို့ အထူးမေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။ 

Read more »

ပျက်စီးခြင်းနှင့် ဖျက်စီးခြင်း


ဗျသနဟူသော ပါဠိစကားလုံးကို ပျက်စီးခြင်းဟု မြန်မာပြန်ဆိုကြ၏။ ဤစကားလုံးသည် ဗုဒ္ဓဘာသာအများစုနှင့် ရင်နှီးကျွမ်းဝင်ပြီးသား စကားလုံးဖြစ်၏။ ဘာသာရေးပွဲများရှိတိုင်း၊ နေ့စဉ်အိမ်မှာ ဘုရားရှိခိုင်းတိုင်း ရွတ်ဆိုရှိခိုးနေသည့် သြကာသ ကန်တော့ချိုး၏ ဒုတိယပိုင်းတွင် ပါဝင်သည့် ဆုတောင်းများမှ တစ်ခုသာ ဖြစ်၏။ သြကာသ ကန်တော့တိုင်း ၀န်ချတောင်းပန်ပြီးနောက် ဆိုလေ့ရှိသည့် “ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းကြ ကုန်သည်ဖြစ်၍…” စသည်ဖြင့် ဆုတောင်းကြသည့် ဆုတောင်းများတွင် ပါဝင်သည့် စကားဖြစ်၍လည်း မသိသော်လည်း သိနေ၏၊ နားမလည်သော်လည်း ကြားနေကျဖြစ်၏ဟု ဆိုခြင်းဖြစ်ပါ၏။

ဗုဒ္ဓဘာသာ မြန်မာအများ ရွတ်ဆိုဆုတောင်းလေ့ ရှိကြသည့် ဤဗျသနတရား ငါးပါးကို နိဒါန၀ဂ္ဂသံယုတ်တွင် ဖော်ပြထား၏။ ယင်းဗျသန တရားငါးပါးမှာ
(၁) ဉာတိ ဗျသန = ဆွေးမျိုးပျက်စီးခြင်း
(၂) ဘောဂ ဗျသန= စည်းစိမ်ဥစ္စပျက်စီးခြင်း
(၃) ရောဂ ဗျသန = အနာရောဂါ နှိပ်စက်၍ ပျက်စီးခြင်း
(၄) သီလ ဗျသန = ကိုယ်ကျင့် သီလပျက်စီးခြင်း နှင့်
(၅) ဒိဋ္ဌိ ဗျသန = မှန်ကန်သော အယူဝါဒ ပျက်စီးခြင်းဟူ၍ ဖြစ်၏။ ဤငါးပါးတို့တွင် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ အနာရောဂါ နှိပ်စက်သဖြင့် ပျက်စီးခြင်းများကြောင့် သတ္တ၀ါတို့အား အပါယ်လေးပါးသို့ လားရောက်စေမှု၊ ကျရောက်စေမှု မရှိနိုင်သော်လည်း ကိုယ်ကျင့်သီလပျက်စီးခြင်းနှင့် အယူဝါဒပျက်စီးခြင်း များကြောင့်ကား အပါယ်လေးပါးသို့ ကျရောက်စေနိုင်ပေ၏။ ဤနေရာတွင် အထူးနားလည် ထားသင့်သည်မှာ ပျက်စီခြင်းနှင့် ဖျက်စီးခြင်း မတူညီသည့် အချက်ပင်ဖြစ်၏။

မှန်၏။ ပျက်စီးခြင်းသည် အလိုအလျောက် သဘ၀အတိုင်း ဖြစ်တတ်သည့် သဘောဖြစ်ပြီး ဖျက်စီးခြင်းသည်ကား မိမိကိုယ်တိုင်နှင့် တစ်စုံတစ်ယောက်၏ ပယောဂကြောင့် ဖြစ်ပေါ်တတ်သည့် သဘောဖြစ်၏။ ပယောဂပါလာလျှင် လုပ်ဆောင်ချက်ပါလာပြီး လုပ်ဆောင်ချက်ရှိလာလျှင် စေတနာလည်း ရှိလာနိုင်၏။ စေတနာပါသည့် အလုပ်ဖြစ်လျှင် ကံမြောက်လာနိုင်ပြီး ကံမြောက်လာလျှင် တန်ပြန်အကျိုးပေးမှုလည်း ရှိလာနိုင်ပေ၏။ ပျက်စီးတတ်သည့် သဘောဖြစ်သဖြင့် ပျက်စီးခြင်းတွင် တစ်စုံတစ်ခု ထိခိုက်မှု မရှိနိုင်သော်လည်း ဖျက်စီးခြင်းကြောင့် ပျက်စီးသွားသည့် သဘောဆိုလျှင်ကား တန်ပြန်သက်ရောက်မှုကို ခံရမည်သာ ဖြစ်ပေ၏။ ထို့ကြောင့် ဗျသနတရားငါးပါးတွင် ဉာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသနများကြောင့် သတ္တ၀ါတို့အား အပါယ်ငရဲစသည် ကျရောက်မှုကို မဖြစ်စေနိုင်သော်လည်း သီလဗျသန၊ ဒိဋ္ဌိဗျသနများကြောင့်ကား အပါယ်ငရဲ စသည်တို့သို့ ကျရောက်စေနိုင်ကြောင်း ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ရောဂါနှိပ်စက်သဖြင့် ပျက်စီးခြင်းတို့သည် ဖျက်စီးခြင်းကြောင့် ပျက်စီးခြင်း မဟုတ်သဖြင့် တန်ပြန်အကျိုးတရား မရှိသော်လည်း သီလပျက်စီခြင်း အယူဝါဒပျက်စီးခြင်းသည်ကား မိမိကိုယ်တိုင်ဖြစ်စေ၊ တစ်စုံတစ်ယောက်ကဖြစ်စေ ဖျက်စီးသဖြင့် ပျက်စီးခြင်း ဖြစ်သဖြင့် တန်ပြန်အကျိုး သက်ရောက်မှု ရှိကြောင်း ဆိုခြင်းဖြစ်၏။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် အတော်များများသည် ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းအပေါ် ကောင်းစွာနာလည် သဘောပေါက်ဟန် မရှိကြပေ။ သို့ဖြစ်၍လည်း ပျက်စီးချိန်တန်၍ ပျက်စီးသွားကြသည့် အရာများအပေါ် အလွန်စိုးရိမ်သောက ဖြစ်ကာ ယူကြုံးမရ ဖြစ်နေတတ်ပြီး မပျက်စီးသင့်သည့် အရာများကိုကား လစ်လျူရှုကာ ဖျက်စီးနေကြသကဲ့သို့ ဖြစ်နေပေ၏။ အမျိုးများ ပျက်စီးသည့်အခါ၊ စည်းစိမ်ဥစ္စာများ ပျက်စီးသည့်အခါ၊ ရောဂါနှိပ်စက်သဖြင့် ပျက်စီးသည့်အခါများတွင်သာ အလွန်တုန်လှုပ်ပြီး မအိပ်နိုင် မစားနိုင် တမှိုင်မှိုင် ဖြစ်တတ်ကြသော်လည်း သီလပျက်စီးသည့်အခါ၊ အယူဝါဒပျက်စီးသည့် အခါတွင်ကား ဘာမှမဖြစ်သကဲ့သို့ နေတတ်ကြ၏။ တဒင်္ဂပျက်စီးမှုအပေါ်တွင်သာ စိုးရိမ်မှု လွန်ကဲတတ်ကြပြီး သံသရာနှင့်ချီကာ ခံရမည့် ပျက်စီးမှု အပေါ်တွင်ကား ကြောက်ရွံ့တုန်လှုပ်မှု မရှိကြပေ။ နောင်ခါလာ နောင်ဈေးဆိုသကဲ့သို့ နောင်ခံရမည့် အရေးအပေါ် အလေးမမူမိကြဘဲ တဒင်္ဂခဏ ယခုဘ၀အတွက်သာ အာရုံထားနေလေကြ၏။ ဤသို့သာဆိုလျှင် နောင်ခံရသည့်အခါတွင်ကား ပြန်ရစရာ မရှိအောင်ပင် ဖြစ်နေကြပေတော့၏။

စင်စစ် ဗျသနတရားငါးပါးတို့တွင် ဉာတိဗျသနခေါ် အမျိုးများ ပျက်စီးသည့်အခါ တုန်လှုပ်ဖွယ် မရှိလှပေ။ သံသရာနှင့် ချီသည့် ဘ၀များစွာတွင်လည်း ဤကဲ့သို့ ပျက်စီးခြင်းများနှင့် ကြုံခဲ့ကြရပြီးသည်သာ ဖြစ်၏။ နိဗ္ဗာသို့ မျက်မှောက်မပြု နိုင်သေးသမျှ ဤကဲ့သို့သော အမျိုးအဆွေများ၏ သေဆုံးပျက်စီးခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရမည်သာ ဖြစ်၏။ မိမိကိုယ်တိုင်လည်း လွန်ဆန်၍ မရနိုင်ပေ။ မွေးဖွားခြင်း၏ အဆုံးသည် သေဆုံးခြင်း ဖြစ်သဖြင့် မွေးလာခဲ့ပြီ ဆိုကတည်းက သေဆုံးရန် ဖြစ်လာခဲ့ခြင်း ဖြစ်၏။ ထိုသေဆုံးပျက်စီးမှုသည် တံဆိပ်ကပ်ထားခြင်း မရှိသဖြင့် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ဖြစ်ပေါ်လာနိုင်၏။ ထို့ကြောင့် မိဘထက် အရင် သေဆုံးသွားသည့် သားသမီးများ ရှိသကဲ့သို့ ဆရာ့ရှေ့က သေသွားသူများလည်း ရှိ၏။ သားသမီးများ၏ အသုဘကို လိုက်ပို့ပေးရသည့် မိဘများရှိသကဲ့သို့ တပည့်၏ နောက်ဆုံးခရီးတွင် အသုဘ ရှုခဲ့ရသည့် ဆရာသမားများလည်း ရှိ၏။ သားသမီးအတွက် ရက်လည်ဆွမ်းသွပ်ပြီး ကုသိုလ်ပြုပေးနေရသည့် မိဘများရှိသကဲ့သို့ တပည့်အတွက် သက်ပျောက်ဆွမ်းကပ်ကာ သရဏဂုံတင်ပေးရသည့် ဆရာသမားများလည်း ရှိ၏။ ဤသည်မှာ မိမိတို့အလိုအတိုင်း မဖြစ် သူ့သဘောအတိုင်း သူဖြစ်နေသည့် ပျက်စီးခြင်း၏ နိယာမပင် ဖြစ်၏။ အမြဲမရှိ ပြောင်းလဲဖြစ်ပေါ်နေတတ်သည့် ပျက်စီးခြင်းသဘောတွင် အမျိုးဟူသည်မရှိ သတ္တ၀ါအားလုံးမှာပင် ထိုပျက်စီးခြင်းက ရှိနေ၏။ ထို့ကြောင့် ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသည့် သတ္တ၀ါ စာရင်းဝင် မိမိသည်ပင် သေဆုံးပျက်စီးခြင်းကို မလွန်ဆန်နိုင်သည့် အပေါ်တွင် အမျိုးများပျက်စီးမှုနှင့်စပ်၍ကား မည်သို့မျှ မတတ်နိုင်သည့် သဘ၀မျှသာ ဖြစ်သဖြင့် ဉာတိဗျသနနှင့် ကြုံကြရာတွင် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါပေ၏။

ထို့အတူ ဘောဂဗျသနခေါ် စည်းစိမ်ဥစ္စာများ ပျက်စီးမှုအပေါ်တွင်လည်း သဘာဝ နိယာမကို နားလည်သဘောပေါက်ရန် လိုအပ်ပေ၏။ စည်းစိမ်ဥစ္စာဟူသည် ထိုက်မှရသည့် သဘောရှိသည့်အပြင် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံသားသမီးဆိုးဟူသော ရန်သူမျိုးငါးပါးတို့နှင့် အမြဲမပြတ် ဆက်စပ်နေသဖြင့် အချိန်မရွေး ပျက်စီးပျောက်ပျက် သွားနိုင်ပေ၏။ ပျက်စီးချိန်တန်လျှင် မည်သည့်နေရာတွင် မည်မျှလုံခြုံအောင် ထားပါသော်လည်း ပျက်စီးသွားတတ်ပေ၏။ မိမိက မည်မျှပင် ကြိုးစားရှာဖွေ စုဆောင်းနေပါသော်လည်း အချိန်တန်သည့်အခါ မိမိနှင့်မဆိုင် အများပိုင် ဖြစ်သွားသည်များ ရှိသကဲ့သို့ မိမိရှာဖွေထားမှုများအား မိမိမစားရဘဲ ထားခဲ့ရသည်များလည်း ရှိ၏။ ဤသဘောကို မျက်မှောက်ခေတ် အဖြစ်အပျက်များက မီးမောင်းထိုးပြ ပေးနေပေ၏။ မြန်မာပြည်အပါအ၀င် ကမ္ဘာတစ်ဝှန်းတွင် နေ့စဉ်ကြားနေရသည့် သတင်းများက မီးလောင်မှုများ၊ ရေကြီးမှုများ၊ ငလျင်လှုပ်မှုများ စသည့် သဘာဝဘေး အန္တရာယ်များကြောင့် လူမည်မျှသေသည်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှု မည်မျှရှိသည် စသည်ဖြင့် ပျက်စီးမှုကို သက်သေပြနေပေ၏။ မြန်မာနိုင်ငံတွင်လည်း နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း တစ်တိုင်းလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရ၏။ စည်းစိမ်ဥစ္စာအပြည့်ဖြင့် ချမ်းသာခဲ့သူများသည် သဘာဝ နိယာမ သဘောများကြောင့် ကုန်းကောက်စရာ မရှိအောင်ပင် ဖြစ်ခဲ့ကြရ၏။ စင်စစ်ဤသည်မှာ ရှာဖွေစုစောင်းထားသည့် စည်းစိမ်ဥစ္စာများ၏ မမြဲခြင်း သဘောများပင် ဖြစ်၏။ ပျက်စီးခြင်းနှင့် အမြဲမပြတ် ဆက်စပ်နေသည့် စည်းစိမ်ဥစ္စာများ၏ အဆုံးပင်ဖြစ်၏။ ထို့ကြောင့် အဖြစ်ရှိလျှင် အပျက်ရှိတတ်သကဲ့သို့ ပိုင်ဆိုင်မှုရှိလျှင် ဆုံးရှုံးမှု ရှိတတ်သည့် လောကသဘာဝအရ ပျက်စီးတတ်သည့် စည်းစိမ်ဥစ္စာများအပေါ်တွင် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါပေ၏။

ရောဂဗျသနခေါ် အနာရောဂါကြောင့် ပျက်စီးသည့်အပေါ်တွင်လည်း အလားတူ သတိပြု ဆင်ခြင်ကြရန် လိုအပ်ပေ၏။ စင်စစ် အနာရောဂါဟူသည် အခြားမဟုတ် မိမိတို့ အသီးသီး ရရှိထားသည့် ခန္ဓာကိုယ်ကြီးကပင် အနာရောဂါ အစုကြီး ဖြစ်နေပေ၏။ ရုပ်တရားကြီးကပင် အနာရောဂါကြီး ဖြစ်နေပေ၏။ အနာရောဂါဟူသည် ရုပ်တရားအပေါ် အမှီပြုပြီး ဖြစ်ပေါ်တတ်သည့် ဖောက်ပြန်မှုပင် ဖြစ်၏။ ထို့ကြောင့် ရောဂါဟူသည် ရုပ်ပင်ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။ သို့ဖြစ်၍ ရုပ်တရားရှိ၍ ဖောက်ပြန်မှုသဘောအဖြစ် ထင်ရှားလာသည့် ရောဂါကြောင့် ပျက်စီးတတ်သည့် သဘောကို ကောင်းစွာနာလည်ပြီး မတုန်မလှုပ် ရင်ဆိုင်နိုင်အောင် ကြိုးစားရန်သာ ရှိပေ၏။ ရုပ်တရားရှိ၍ ဖောက်ပြန်မှု ရှိခြင်းကို ရောဂါဖြစ်ခြင်းဟု ဆိုသဖြင့် ရောဂါစုဖြစ်သည့် ရုပ်တရား၊ တစ်နည်းအားဖြင့် ရောဂါကြောင့် ပျက်စီးတတ်သည့် ရုပ်တရားများ ဖောက်ပြန်ပျက်စီးမှု အပေါ်တွင် သတိပြုဆင်ခြင်ကာ ဖောက်ပြန်ခြင်းကို ဝေဒနာနုပဿနာ ရှုမှတ်ပွားများခြင်းဖြင့်သာ ရင်ဆိုင်ကြရမည် ဖြစ်ပါ၏။

ဗျသနတရား ငါးပါးတွင် ဗုဒ္ဓဘာသာဝင်များ အထူးပြု ဆင်ခြင်ရမည့် ဗျသနများကား သီလဗျသနနှင့် ဒိဋ္ဌိဗျသနများပင် ဖြစ်၏။ ပျက်စီးခြင်းတရားငါးပါးတို့တွင် အမျိုးပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာပျက်စီးခြင်း၊ အနာရောဂါကြောင့် ပျက်စီးခြင်းများသည် တုန်လှုပ်ဖွယ်၊ ကြောက်လန့်ဖွယ် မလိုသည့် ဗျသနများ ဖြစ်သော်လည်း သီလဗျသနခေါ် သီလပျက်စီးသည့်အခါ၊ ဒိဋ္ဌဗျသနခေါ် အယူဝါဒ လွဲမှားသည့် အခါများတွင်ကား အလွန်ကြောက်လန့် တုန်လှုပ်ဖွယ် ကောင်းပေတော့၏။ သီလပျက်လျှင် အခြားအခြား ဒါနစသည့် ကုသိုလ်များကို မည်မျှပင် ကြိုးစားလုပ်ဆောင်သော်လည်း အပါယ်လားမှုဘေးမှ မလွန်မြောက်နိုင်သည်အထိ ဖြစ်ရတတ်၏။ ကိုယ်ကျင့်သီလဖြစ်သဖြင့်လည်း ကိုယ်ကျင့်ရမည့်အပြင် သီလပျက်လျှင်လည်း ကိုယ်ကဖျက်ခြင်း ဖြစ်သဖြင့် ခံရလျှင်လည်း ကိုယ်သာပင် ဖြစ်နေပေ၏။ ထို့ကြောင့် သီလပျက်စီးသည့်အခါ မတုန်မလှုပ်ဘဲ နေ၍မဖြစ် အလွန်ပင် တုန်လှုပ်ဖွယ် ဖြစ်ပေသည်ဟု ဆိုခြင်းဖြစ်ပြီး တုန်လှုပ်ခြောက်ခြားမှု မဖြစ်စေဖို့် သီလမပျက်စေရန်သာ ကြိုးစားအားထုတ်ရမည်ဟု ဆိုခြင်းဖြစ်၏။

ထို့အတူ ဒိဋ္ဌိဗျသနခေါ် အယူဝါဒ ပျက်စီးမှုသည်လည်း တုန်လှုပ်ခြောက်ခြားဖွယ်ပင် ဖြစ်ပါ၏။ အယူတစ်ပါးလွဲချော်သွားပါက အပါယ်မှတစ်ပါး လားရာမရှိ ဖြစ်တတ်ပေ၏။ အယူဝါဒ အစွဲတရားဟူသည်ကလည်း အခက်သားပင် ယုံကြည်မိပြီ စွဲလန်းမိပြီဆိုလျှင် အသက်ပင် အသေခံသည်အထိ စွဲကိုင်ထားတတ်၏။ ထိုသို့သာ အယူမှားကို စွဲကိုင်ထားမိလျှင် မှန်ကန်သည့် အယူဝါဒ ပျက်စီးပြီး အမှန်လမ်းကြောင်းနှင့် လွဲကာ နိဗ္ဗာန်နှင့် ဝေးသထက် ဝေးနေပေတတ်၏။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓက နိဗ္ဗာန်သွားရာလမ်းဖြစ်သည့် မဂ္ဂင်လမ်းစဉ်တွင် သမ္မာဒိဋ္ဌိဟူသည့် အယူဝါဒမှန်ကန်ရေး လမ်းစဉ်တစ်ခုကို အဦးပြုကာ ဟောကြားသမှု ပြုတော်မူခဲ့ခြင်း ဖြစ်ပေ၏။ အယူဝါဒ မှန်ကန်မှုရှိမှ အတွေးအခေါ် အကြံအစီ၊ အပြောအဆို၊ အလုပ်အကိုင်နှင့် အားထုတ်မှု စသည်တို့သည်လည်း မှန်ကန်နိုင်မည် ဖြစ်သဖြင့် ထိုအယူဝါဒ မမှားကြရန်နှင့် အယူဝါဒ မပျက်စီးကြရန် အထူးတိုက်တွန်းတော်မူခြင်း ဖြစ်၏။ အကယ်၍ မိမိသည် ထိုအယူဝါဒသာ ပျက်စီးခဲ့ပြီဆိုပါက အလွဲအမှားလမ်းစဉ်များနှင့် သံသရာဝဲသြဃတွင် အမှန်ပင် မျှောနေပြီး အောက်အောက်ဘုံဝတွင် ကျင်လည်နေရသဖြင့် နိဗ္ဗာန်နှင့် ဝေးပြီးရင်းဝေးနေမည် ဖြစ်ပါသောကြောင့် အယူဝါဒ ပျက်စီးသည့်အခါ အလွန်တုန်လှုပ်ဖွယ် ဖြစ်ကြောင်း၊ ထိုကြောင့် ထိုအယူဝါဒကို မပျက်စီးစေရန် အထူးသတိပြု ဆင်ခြင်ကာ မှန်ကန်သည့် အယူဝါဒဖြင့် နေနိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုကြခြင်း ဖြစ်ပါ၏။

ဤ၌ ဆိုလိုသည်မှာ ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းအပေါ် အထူးသတိပြု ဆင်ခြင်ကြရန် ဆိုလိုရင်း ဖြစ်ပါ၏။ ပျက်စီးခြင်းသည် သဘာဝ နိယာမတစ်ခု ဖြစ်ပြီး ဖျက်စီးခြင်းသည်ကား လုပ်ဆောင်ဖန်တီးခြင်း ဖြစ်သဖြင့် ပျက်စီးချိန်တန်သည့် ပျက်စီးမှုအပေါ်များတွင် စိုးရိမ်ဖွယ် မရှိသော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများ အပေါ်တွင်ကား အလွန်ကြောက်မက် တုန်လှုပ်ဖွယ် ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်၏။ ပျက်စီးတတ်သည့် အမျိုး၊ ဥစ္စာ၊ ရောဂါများသည် သဘာဝ တရားများဖြစ်သဖြင့် ပျက်စီးမည်မှာ ဧကန်ဖြစ်သော်လည်း ဖျက်စီးမှသာ ပျက်စီးတတ်သည့် အကျင့်သီလနှင့် အယူဝါဒများသည်ကား ပျက်စီးရန် မသင့်သည့်အရာ၊ မပျက်စီးစေရန် ထိန်းသိမ်းရမည့် အရာဆိုသည်မှာလည်း အမှန်ပင် ဖြစ်ပါပေ၏။ သဘာဝအလျောက် ပျက်စီးမှုများတွင် တန်ပြန်သက်ရောက်မှုသည် အခိုက်အတန့်သာ ဖြစ်သော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများတွင်ကား တန်ပြန်သက်ရောက်မှုသည် အပါယ်လားစေနိုင်သည် အထိ ကြီးလေးတတ်ပေ၏။

ထို့ကြောင့် နေရသည့် ဘ၀အခိုက်အတန့်၌ မဖြစ်မနေ ကြုံတွေ့ရမည့် ပျက်စီးမှုများတွင် ဖျက်စီးမှုကြောင့် ပျက်စီးသွားသည့် ပျက်စီးမှုမျိုး မဖြစ်ကြစေရန် လိုအပ်ပေ၏။ ရုပ်ပိုင်းဆိုင်ရာများ ပျက်စီးမှုတွင် မတုန်မလှုပ်ရင်ဆိုင်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ အကျင့်သီလ အယူဝါဒများ ပျက်စီးမှုတွင်ကား သတိတရားနှင့် မပျက်စီးအောင် ထိန်းသိမ်းရန် ကြိုးစားသင့်ပေ၏။ အကယ်၍ ထိုပျက်စီးမှုများ ရောက်လာသည့်အခါတွင်လည်း အခြားအရာများထက် သီလနှင့်အယူဝါဒကိုသာ မပျက်စီးစေရန် အားထုတ်သင့်ပေ၏။ အဘယ်ကြောင့်ဆိုသော် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများသည် သဘာဝတရားဖြစ်သည့်အပြင် အပါယ်လားစေနိုင်သည့် အရာများ မဟုတ်ကြသော်လည်း သီလအကျင့်နှင့် အယူဝါဒ ပျက်စီးမှုသည်ကား အပါယ်လားစေနိုင်သည့် အရာများ ဖြစ်သောကြောင့်ပင် ဖြစ်ပါ၏။ သို့ဖြစ်၍ ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းတွင် ပျက်စီးတတ်သည့် အရာများအပေါ် ခံနိုင်ရည် ရှိအောင်ကြိုးစားပြီး ဖျက်စီးမှသာ ပျက်စီးကာ အဖျက်ခံရသဖြင့် ပျက်စီးတတ်သည့် အရာများအပေါ်တွင်ကား မပျက်စီးစေရန် မိမိကိုယ်တိုင်သာ ပဓာနကျသဖြင့် မိမိ၏ အကျင့်သီလ အယူဝါဒများကို ဖျက်စီးခြင်းဖြင့် မပျက်စီးအောင် အထူးသတိပြု ဆင်ခြင်ကာ ထိန်းသိမ်းစောင့်ရှောက်ရန်သာ ဖြစ်ပါပေတော့ကြောင်း…

Read more »

သဒ္ဓါနဲ့ တဏှာ



“သဒ္ဓါလွန်ရင် တဏှာကျွန် ဖြစ်တတ်တယ်”တဲ့။ ဟုတ်ပါတယ်။  လွန်လာရင် ဘာမှမကောင်းလှပါဘူး။ လွန်ရင်ကျွံတတ်ပြီး ကျွံရင်တော့ နွံနစ်ဖို့ပဲ များသွားတတ်ပါတယ်။ သဒ္ဓါဆိုတဲ့ ယုံကြည်မှု၊ ကြည်ညိုမှုဟာလည်း ဒီအတိုင်းပါပဲ။ သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှု၊ ကြည်ညိုမှုဟာ ဉာဏ်မပါရင် အကြည်ညိုလွန်သွား၊ ယုံကြည်မှု လွန်သွားကာ အမှားဘက်ကို ရောက်သွားတတ်ပါတယ်။ အမှားပါရင် တရားမပါဘဲ တဏှာနယ်ထဲကို ရောက်သွားစေတတ်ပါတယ်။ 

သဒ္ဓါဆိုတဲ့ ယုံကြည်မှုဟာ ပညာမပါရင် အလွဲတွေကို ယုံကြည်မိတတ်ကြပါတယ်။ တစ်ချို့ဆိုရင် ကိုယ်ပိုင်စဉ်းစားတတ်တဲ့ ဉာဏ်မပါတော့ ဟိုလူပြောလည်းယုံ၊ ဒီလူပြောလည်းယုံ၊ ဟိုနေရာဆိုလည်းရောက်၊ ဒီနေရာဆိုလည်းရောက်၊ ဟိုပုဂ္ဂိုလ်ဆိုလည်း ကိုးကွယ်၊ ဒီပုဂ္ဂိုလ်ဆိုလည်း ကိုးကွယ် စသဖြင့် လိုက်လုပ်မိရာက မကိုးကွယ်သင့်တာ၊ မဆည်းကပ်သင့်တာတွေကို ကိုးကွယ်ဆည်းကပ်မိပြီး နောက်တော့ အဲဒီ ယုံကြည်မှုအလွဲ၊ ယုံကြည်မှု အစွဲတွေကနေ ရုန်းမထွက်နိုင်အောင်ဖြစ်ကာ လွဲပြီးရင်းလွဲနေကြတော့တာ ဖြစ်ပါတယ်။ 

သဒ္ဓါတရားနဲ့ ပတ်သက်ပြီး တစ်ချို့က ပထမတော့ တကယ်ကြည်ညိုတာပါပဲ။ နောက်တော့ အဲဒီကြည်ညိုမှုကနေပြီး တဖြည်းဖြည်းနဲ့ ပုဂ္ဂိုလ်ကို စွဲလာတာတို့၊ အသံကို စွဲလာတာတို့၊ အဟောအပြောကို စွဲလာတို့ စသဖြင့် ဖြစ်ပေါ်လာကာ ရဟန်းတော်ဆိုရင်လည်း သူ့ရဟန်း၊ သူ့ဘုန်းကြီး၊ သူ့ကိုယ်တော် စသဖြင့် သူပိုင်လုပ်လာကာ သူ့ကိုပဲ ဦးစားပေးမှ၊ သူပဲ ချည်းကပ်ရမှ၊ သူပဲ အနီးကပ်နေရမှ ဆိုတာတွေ ဖြစ်ပေါ်လာတဲ့အပြင် သူများတွေအပေါ် အရေးပေးရင်လည်း မနာလိုစိတ်၊ မကျေနပ်စိတ်တွေအထိ ဖြစ်ပေါ်လာတော့တာ ဖြစ်ပါတယ်။ နောက်တော့ သူ့အလိုအတိုင်း မဖြစ်တဲ့အခါမှာလည်း အမုန်းတရားနဲ့ အငြိုးထားတဲ့အထိ ဖြစ်လာကာ အပုတ်ချတာတွေအထိ လုပ်လာကြတော့တာ ဖြစ်ပါတယ်။ 

အရင်းစစ်တော့ သဒ္ဓါတရားနောက်မှာ ပညာအားတွေ မကပ်ရောက်တဲ့အခါကျတော့ သဒ္ဓါလွန်လာတာတွေဖြစ်ပြီး အဲဒီနောက်မှာ တဏှာဆိုတာတွေအထိ ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ သဒ္ဓါနဲ့ ပညာကို မညှိနိုင်တဲ့အခါကျတော့ သဒ္ဓါကလွန်ပြီး ပညာမပါဖြစ်ကာ အလွဲတွေဖြစ်ကုန်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတာဟာ သတိတရား အားနည်းခြင်းကြောင့်လို့လည်း ပြောနိုင်တာ ဖြစ်ပါတယ်။ သတိက သဒ္ဓါနဲ့ ပညာကို ညီမျှအောင် ညှိသွားမယ်ဆိုရင် သဒ္ဓါလွန်ပြီး တဏှာကျွန်အဖြစ် ရောက်သွားမှာ မဟုတ်ပါဘူး။ 

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကြည်ညိုရာကနေပြီး ပိုင်ဆိုင်လိုတဲ့အထိ ချည်နှောင်မှု မဖြစ်ရအောင် ကြည်ညိုမှုနောက်မှာ အစွဲမပါသွားဖို့ သဒ္ဓါနဲ့ ပညာကို ညီမျှအောင် သတိဆောင်ပြီး ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ