သဒ္ဓါနဲ့ တဏှာ



“သဒ္ဓါလွန်ရင် တဏှာကျွန် ဖြစ်တတ်တယ်”တဲ့။ ဟုတ်ပါတယ်။  လွန်လာရင် ဘာမှမကောင်းလှပါဘူး။ လွန်ရင်ကျွံတတ်ပြီး ကျွံရင်တော့ နွံနစ်ဖို့ပဲ များသွားတတ်ပါတယ်။ သဒ္ဓါဆိုတဲ့ ယုံကြည်မှု၊ ကြည်ညိုမှုဟာလည်း ဒီအတိုင်းပါပဲ။ သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှု၊ ကြည်ညိုမှုဟာ ဉာဏ်မပါရင် အကြည်ညိုလွန်သွား၊ ယုံကြည်မှု လွန်သွားကာ အမှားဘက်ကို ရောက်သွားတတ်ပါတယ်။ အမှားပါရင် တရားမပါဘဲ တဏှာနယ်ထဲကို ရောက်သွားစေတတ်ပါတယ်။ 

သဒ္ဓါဆိုတဲ့ ယုံကြည်မှုဟာ ပညာမပါရင် အလွဲတွေကို ယုံကြည်မိတတ်ကြပါတယ်။ တစ်ချို့ဆိုရင် ကိုယ်ပိုင်စဉ်းစားတတ်တဲ့ ဉာဏ်မပါတော့ ဟိုလူပြောလည်းယုံ၊ ဒီလူပြောလည်းယုံ၊ ဟိုနေရာဆိုလည်းရောက်၊ ဒီနေရာဆိုလည်းရောက်၊ ဟိုပုဂ္ဂိုလ်ဆိုလည်း ကိုးကွယ်၊ ဒီပုဂ္ဂိုလ်ဆိုလည်း ကိုးကွယ် စသဖြင့် လိုက်လုပ်မိရာက မကိုးကွယ်သင့်တာ၊ မဆည်းကပ်သင့်တာတွေကို ကိုးကွယ်ဆည်းကပ်မိပြီး နောက်တော့ အဲဒီ ယုံကြည်မှုအလွဲ၊ ယုံကြည်မှု အစွဲတွေကနေ ရုန်းမထွက်နိုင်အောင်ဖြစ်ကာ လွဲပြီးရင်းလွဲနေကြတော့တာ ဖြစ်ပါတယ်။ 

သဒ္ဓါတရားနဲ့ ပတ်သက်ပြီး တစ်ချို့က ပထမတော့ တကယ်ကြည်ညိုတာပါပဲ။ နောက်တော့ အဲဒီကြည်ညိုမှုကနေပြီး တဖြည်းဖြည်းနဲ့ ပုဂ္ဂိုလ်ကို စွဲလာတာတို့၊ အသံကို စွဲလာတာတို့၊ အဟောအပြောကို စွဲလာတို့ စသဖြင့် ဖြစ်ပေါ်လာကာ ရဟန်းတော်ဆိုရင်လည်း သူ့ရဟန်း၊ သူ့ဘုန်းကြီး၊ သူ့ကိုယ်တော် စသဖြင့် သူပိုင်လုပ်လာကာ သူ့ကိုပဲ ဦးစားပေးမှ၊ သူပဲ ချည်းကပ်ရမှ၊ သူပဲ အနီးကပ်နေရမှ ဆိုတာတွေ ဖြစ်ပေါ်လာတဲ့အပြင် သူများတွေအပေါ် အရေးပေးရင်လည်း မနာလိုစိတ်၊ မကျေနပ်စိတ်တွေအထိ ဖြစ်ပေါ်လာတော့တာ ဖြစ်ပါတယ်။ နောက်တော့ သူ့အလိုအတိုင်း မဖြစ်တဲ့အခါမှာလည်း အမုန်းတရားနဲ့ အငြိုးထားတဲ့အထိ ဖြစ်လာကာ အပုတ်ချတာတွေအထိ လုပ်လာကြတော့တာ ဖြစ်ပါတယ်။ 

အရင်းစစ်တော့ သဒ္ဓါတရားနောက်မှာ ပညာအားတွေ မကပ်ရောက်တဲ့အခါကျတော့ သဒ္ဓါလွန်လာတာတွေဖြစ်ပြီး အဲဒီနောက်မှာ တဏှာဆိုတာတွေအထိ ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ သဒ္ဓါနဲ့ ပညာကို မညှိနိုင်တဲ့အခါကျတော့ သဒ္ဓါကလွန်ပြီး ပညာမပါဖြစ်ကာ အလွဲတွေဖြစ်ကုန်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတာဟာ သတိတရား အားနည်းခြင်းကြောင့်လို့လည်း ပြောနိုင်တာ ဖြစ်ပါတယ်။ သတိက သဒ္ဓါနဲ့ ပညာကို ညီမျှအောင် ညှိသွားမယ်ဆိုရင် သဒ္ဓါလွန်ပြီး တဏှာကျွန်အဖြစ် ရောက်သွားမှာ မဟုတ်ပါဘူး။ 

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကြည်ညိုရာကနေပြီး ပိုင်ဆိုင်လိုတဲ့အထိ ချည်နှောင်မှု မဖြစ်ရအောင် ကြည်ညိုမှုနောက်မှာ အစွဲမပါသွားဖို့ သဒ္ဓါနဲ့ ပညာကို ညီမျှအောင် သတိဆောင်ပြီး ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ 

Read more »

ဘုရားပေးတဲ့ ငြိမ်းချမ်းရေး


ပိဋကတ်တော်လာ မြတ်စွာဘုရားရှင်နဲ့ သိကြားမင်း မေးဖြေထားချက်များကို မှတ်တမ်းတင်ထားတဲ့ သက္ကပဥှသုတ်တော်ကို ဖတ်မှတ်ကြည်ညိုရင်း ငြိမ်းချမ်းရေးလို့ အော်နေကြတဲ့ ဒီနေ့ခေတ်လူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဘုရားပေးတဲ့ ငြိမ်းချမ်းရေးကို ချိန်ထိုးနေဖြစ်ခဲ့ပါတယ်။ ဒီသုတ်တော်နဲ့ ပတ်သက်ပြီး အရင်တုန်းက သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ရေးဖူး၊ တရားတွေလည်း ဟောဖူးပေမယ့် ဒီတစ်ခါတော့ ခေါင်းစဉ်ပြောင်း၊ တင်ပြပုံပြောင်းပြီး ငြိမ်းချမ်းရေးကို လိုလားနေကြတဲ့ သူတွေအနေနဲ့ ဘုရားအလိုတော်ကျ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုငြိမ်းချမ်းရေးမျိုးဖြစ်ကြောင်း တစေ့တစောင်း တင်ပြဖြစ်ခဲ့ပါတယ်။ 

မြတ်စွာဘုရားရှင် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်ရဲ့ အရှေ့ဘက်၊ အမ္ဗသဏ္ဍအမည်ရတဲ့ ပုဏ္ဏားရွာရဲ့ မြောက်အရပ်၊ ဝေဒိယကတောင် ဣန္ဒသာလဂူမှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ နတ်တို့သနင်း သိကြားမင်းဟာ ရှင်တော်ဗုဒ္ဓ ဣန္ဒသာလမှာ သီးတင်းသုံးနေတော်မူတဲ့ သတင်းကြားသိပြီး မြတ်စွာဘုရားရှင်ထံ ချည်းကပ်ကာ သိလိုတဲ့ မေးခွန်းတွေကို မေးလျှောက်ပါတယ်။ 

သိကြားမင်း - 
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား... လောကရှိ လူနတ်ဗြဟ္မာ၊ အသုရာနဲ့ နဂါးဂန္ဓဗ္ဗစတဲ့ သတ္တဝါတွေဟာ တစ်ဦးအပေါ်တစ်ဦး ရန်ငြိုးကင်းစေဖို့၊ ဒဏ်ထားခြင်းကင်းစေဖို့၊ ဘေးရန်ကင်းစေဖို့၊ အမျက်ထွက်ခြင်း ကင်းစေဖို့၊ ငြိမ်းချမ်းစေဖို့ စသဖြင့် လိုလားတောင့်တကြပါတယ် ဘုရား၊ ဒါပေမယ့် အဲဒီလို လိုလားတောင့်တကြပေမယ့် သတ္တဝါတွေဟာ တစ်ဦးနဲ့တစ်ဦး ရန်ငြိုးဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ ကိုယ်စိတ်ဆင်းရဲအောင် လုပ်ကြ၊ အမျက်ဒေါသထွက်အောင် လုပ်ကြပါတယ်ဘုရား၊ ဒီလို တောင့်တပေမယ့် တောင့်တတိုင်း မဖြစ်တာဟာ ဘယ်လိုအနှောင်အဖွဲ့ အကြောင်းတရားကြောင့်ပါလဲ မြတ်စွာဘုရား”။

မြတ်စွာဘုရား -
“နတ်တို့အရှင် သိကြားမင်း... လောကရှိ ပုဂ္ဂိုလ်သတ္တဝါ အမျိုးမျိုးဟာ တစ်ဦးနဲ့တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ ငြိမ်းချမ်းရေးကို လိုလားတောင့်တကြပေမယ့် တောင့်တတဲ့အတိုင်း မဖြစ်ကြတာဟာ အဲဒီပုဂ္ဂိုလ်သတ္တဝါ အသီးသီးမှာ ရှိနေကြတဲ့ ဣဿာ၊ မစ္ဆရိယဆိုတဲ့ အတွင်းရန် နှစ်ပါးကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿာဆိုတာ သူတပါးကြီးပွားချမ်းသာတဲ့ အပေါ်မှာ မနာလို ဖြစ်တတ်တဲ့ သဘောဖြစ်ပြီး၊ မစ္ဆရိယဆိုတာက ကိုယ့်မှာရှိတဲ့ မရှိမဲ့ရှိမဲ့ အရာလေးတွေ အပေါ်မှာ ဝန်တိုတတ်တဲ့ သဘောမျိုး ဖြစ်ပါတယ် သိကြားမင်း”

သိကြားမင်း -
“အရှင်မြတ်ဘုရား... ဒီလိုဆိုရင် အဲဒီ ဣဿာ၊ မစ္ဆရိယဆိုတဲ့ အတွင်းရန်နှစ်ပါးဟာ ဘာကြောင့်ဖြစ်ပေါ်ပြီး ဘယ်လိုတရားမျိုး ရှိရင်ဒီတရားတွေ ဖြစ်ပေါ်ကာ ဘယ်လိုတရားမျိုး မရှိရင် ဒီအတွင်းရန်တွေ မဖြစ်ပေါ်နိုင်ပါသလဲ ဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... ဣဿာ၊ မစ္ဆရိယဆိုတဲ့ အတွင်းရန်တွေဟာ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ သံယောဇဉ်တရားကြောင့် ဖြစ်ပေါ်လာခြင်းပြီး ဒီအချစ်အမုန်း သံယောဇဉ်မရှိရင် မနာလိုခြင်း ဝန်တိုခြင်း အတွင်းရန်တွေလည်း မဖြစ်ပေါ်နိုင်တော့ပေ သိကြားမင်း” 

သိကြားမင်း -
“အရှင်မြတ်ဘုရား... အဲလိုဆိုပါက ဒီအချစ်အမုန်းဆိုတဲ့ သံယောဇဉ်တရားကရော ဘာကြောင့်ဖြစ်ပြီး ဘယ်လိုတရားမျိုး ရှိရင် ဒီသံယောဇဉ်တရား ဖြစ်ပေါ်တတ်ကာ ဘယ်လိုတရားမျိုး မရှိရင် သံယောဇဉ်တရား မဖြစ်ပွားနိုင်ပါသလဲဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... အချစ်အမုန်း သံယောဇဉ်တရားဟာ လိုချင်ခြင်း၊ ဖြစ်ချင်ခြင်း၊ ရချင်ခြင်းဆိုတဲ့ ဆန္ဒတရားကြောင့် ဖြစ်ပေါ်လာတတ်ပြီး ဒီဆန္ဒမရှိရင် သံယောဇဉ်ဆိုတာလည်း ဖြစ်ပေါ်ဖို့ အကြောင်းမရှိနိုင်ပါဘူး သိကြားမင်း”

သိကြားမင်း -
“ရှင်တော်မြတ်ဘုရား... အဲဒီလိုဆိုရင် အဲဒီဆန္ဒတရားကရော ဘာကြောင့်ဖြစ်ပေါ်လာပြီး ဘယ်လိုတရားမျိုး မရှိရင် ဒီဆန္ဒတရားဟာ မဖြစ်ပွားနိုင်ပါသလဲ ဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... လိုချင်ခြင်း ဆန္ဒတရားဟာ ကြံစည်ခြင်းဆိုတဲ့ ဝိတက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး အဲဒီ ဝိတက်ဆိုတဲ့ ကြံစည်ခြင်း မရှိပါက ဆန္ဒဆိုတာလည်း ဖြစ်ပေါ်လာနိုင်စရာ မရှိပါဘူး သိကြားမင်း”

သိကြားမင်း -
“အရှင်မြတ်ဘုရား... ဒီလိုဆိုရင် အဲဒီဝိတက်တရားဟာ ဘယ်လိုတရားမျိုးကြောင့် ဖြစ်ပေါ်လာရပြီး ဘယ်လိုတရားမျိုး မရှိရင် ဝိတက်တရား မဖြစ်ပွားနိုင်ပါသလဲ ဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း... ကြံစည်ခြင်း ဝိတက်တရားဟာ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရား သုံးပါးကြောင့် ဖြစ်ပေါ်လာတတ်ပြီး လိုချင်တပ်မက်မှု တဏှာ၊ ထောင်လွှားခြင်း မာန၊ အယူလွဲမှားခြင်း ဒိဋ္ဌိဆိုတဲ့ ဒီပပဉ္စတရား သုံးပါးမရှိရင် ကြံစည်ခြင်း ဝိတက်လည်း မရှိနိုင်ပါဘူး သိကြားမင်း“

သိကြားမင်း -
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… ဒီလိုဆိုတော့ သတ္တဝါတွေဟာ တဏှာမာနဒိဋ္ဌိ ဆိုတဲ့ ပပဉ္စတရား သုံးပါးကို အခြေခံရာက ကြံစည်မှုတွေဖြစ်၊ ကြံစည်မှုကို အကြောင်းပြုပြီး ဆန္ဒတွေဖြစ်၊ ဆန္ဒကို အခြေခံပြီး အချစ်အမုန်းတွေဖြစ်၊ အချစ်အမုန်းကို အကြောင်းပြုပြီး မနာလိုခြင်း ဝန်တိုခြင်းတွေ ဖြစ်ရာက တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းချမ်းနိုင်ဖြစ်ရတယ်ဆိုတာ ကောင်းကောင်းသဘောပေါက်ပါပြီ ဘုရား၊ သို့ဆိုလျင် အဲဒီ သံသရာချဲ့ထွင်တတ်တဲ့ တရားတွေ မဖြစ်ပေါ်အောင်ဆိုရင် ဘယ်လိုတရားမျိုးကို အားထုတ်ရတယ်ဆိုတာလည်း မိန့်ကြားတော်မူပါဘုရား”

မြတ်စွာဘုရား -
“သိကြားမင်း… ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားတွေ မဖြစ်ပေါ်ချင်ရင်တော့ ဝေဒနာကမ္မဋ္ဌာန်းကို ပွားများရမှာ ဖြစ်ပါတယ်။ ဝေဒနာဆိုတာ ခံစားခြင်းကို ပြောတာဖြစ်တဲ့အတွက် ငြိမ်းချမ်းချင်ရင်၊ ချမ်းသာချင်ရင် ခံစားချက်မှန်သမျှကို သိအောင်ကြိုးစားပြီး ဘယ်လိုခံစားမှုမျိုးကိုမှ လိုက်မခံစားမိဖို့ပဲ ဖြစ်ပါတယ်။ သောမနဿ ဝေဒနာလို့ ခေါ်တဲ့ ဝမ်းမြောက်တဲ့ ခံစားချက်၊ ဒေါမနဿ ဝေဒနာလို့ ခေါ်တဲ့ မနှစ်သက်တဲ့ ခံစားချက်၊ ဥပေက္ခာ ဝေဒနာလို့ ခေါ်တဲ့ ဝမ်းမြောက်တာလည်း မဟုတ်၊ ဝမ်းမမြောက်တာလည်း မဟုတ်တဲ့ လျစ်လျူရှုကာ ကြားချထားတဲ့ ခံစားချက်တွေကို အရှိအတိုင်း သိမှတ်ပြီး ဘယ်လို ခံစားချက်မျိုးပဲ ဖြစ်ဖြစ် အကုသိုလ်ဖြစ်မယ့် ခံစားချက်မျိုးကိုရှောင်ပြီး ကုသိုလ်ဖြစ်မယ့် ခံစားချက်ကို ဆောင်ကာ ဝေဒနာ ကမ္မဋ္ဌာန်း အဖြစ်နဲ့ နိုင်အောင်ပွားများထားမယ်ဆိုရင် ဒီတဏှာ၊ မာန၊ ဒိဋ္ဌဆိုတဲ့ သံသရာချဲ့ထွင်ကြောင်း တရားတွေ လျော့နည်းလာကာ သတ္တဝါတွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်လာနိုင်ကြမှာ ဖြစ်ပါတယ် သိကြားမင်း”

သိကြားမင်း -
“မှန်ပါ မြတ်စွာဘုရား… သင့်လျော်ကောင်းမြတ်လှကြောင်းပါ ဘုရား၊ တပည့်တော် အလွန်ကျေနပ် အားရလှပါတယ် ဘုရား၊ သာဓု သာဓု သာဓုပါ ဘုန်းတော်သခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘုရား” (သုတ္တန္တပိဋက၊ ဒီဃနိကာယ၊ သက္ကပဥှသုတ္တ)

ဒါကတော့ သက္ကပဥှသုတ်တော်လာ သိကြားမင်းနဲ့ ဘုရားရှင် မေးဖြေတော်မူကြတဲ့ ငြိမ်းချမ်းရေးတရားအကြောင်း တစေ့တစောင်းပဲ ဖြစ်ပါတယ်။ ဒီသုတ်တော်မှာ မြတ်စွာဘုရားရှင်က ဆက်လက်ဟောကြားတော်မူထားတဲ့ အချက်များ၊ အကျယ်တဝင့် မိန့်ကြားတော်မူထားတဲ့ မိန့်တော်မူချက်များ ရှိနေသေးပေမယ့် ဒီနေရာမှာတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဟောကြားချက်လောက်ကိုပဲ လိုရင်းချုပ်ကာ အများနားလည်နိုင်အောင် ကိုးကားတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။ 

ဒီဒေသနာတော်အရ သတ္တဝါတွေ ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းနိုင်ကြတာဟာ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာချဲ့ထွင်တတ်တဲ့ တရားသုံးပါးကို အခြေခံရာက ကြံစည်မူတွေ၊ ဆန္ဒတွေ၊ အချစ်အမုန်းတွေ၊ မနာလိုဝန်တိုမှုတွေအထိ အဆင့်အဆင့်ဖြစ်ပွားက နောက်ဆုံးအဲဒီ မနာလိုခြင်း၊ ဝန်တိုခြင်းဆိုတဲ့ အတွင်းရန်နှစ်ပါးက သတ္တဝါများကို တစ်ဦးနဲ့တစ်ဦး မငြိမ်းချမ်းအောင် လုပ်ဆောင်သွားစေတော့တာဖြစ်ကြောင်း မှတ်သားနာယူနိုင်ကြမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုမငြိမ်းချမ်းမှုတွေကို ပြေပျောက်စေချင်ရင် ဝေဒနာကမ္မဋ္ဌာန်းကို ပွားများဖို့ ရှင်တော်ဗုဒ္ဓ ညွန်ပြတော်မူကြောင်းလည်း သိမှတ်နိုင်ကြမှာ ဖြစ်ပါတယ်။ 

အချုပ်ဆိုတော့ ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းချမ်းကြတာဟာ တဏှာမာနဒိဋ္ဌိကို အခြေခံရာက ဝိတက်စတဲ့ တရားတော်များ အဆင့်ဆင့်ဖြစ်ပေါ်လာပြီး နောက်ဆုံးဖြစ်တဲ့ မနာလိုခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ တရားနှစ်ပါးကြောင့်ဆိုတာ လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒါကိုလက်ခံပြီး ဒီတရားတွေ လျော့နည်းသွားအောင် ခံစားချက်မှန်သမျှကို ရှုမှတ်ရမယ့် ဝေဒနာကမ္မဋ္ဌာန်းကိုပဲ နိုင်အောင်ပွားများကြရမှာ ဖြစ်ပါတယ်။ ခံစားချက်မှန်သမျှကို အရှိအတိုင်း ရှုမှတ်ထားနိုင်ပါက ခံစားချက်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ဒုက္ခဆိုတာလည်း ငြိမ်းချမ်းသွားမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းချင်ရင် ဘာပဲဖြစ်ဖြစ် လိုက်ပြီးမခံစားပစ်ဖို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ သတ္တဝါတွေ ငြိမ်းချင်ပေမယ့် မငြိမ်းနိုင်တာဟာ ဘာလေးပဲဖြစ်ဖြစ် လိုက်လိုက်ပြီး ခံစားနေကြလို့ပဲ ဖြစ်ပါတယ်။ ခံစားရာက စွဲမိသွားပြီး စွဲမိရာက အဲဒီအစွဲရဲ့ ချဲ့ထွင်မှုနောက်ကို တကောက်ကောက် ပါသွားကြတော့တာ ဖြစ်ပါတယ်။ အစွဲနောက်ကိုလိုက်ရင်း ကိုယ့်အစွဲနဲ့ကိုယ် အမှန်ထင်ကာ အလွဲတွေနဲ့ ငြိမ်းချင်ပေမယ့် မငြိမ်းနိုင်ကြတော့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ငြိမ်းချမ်းရေးကို အလိုရှိကြတဲ့ သူတွေအနေနဲ့ သူတပါးနဲ့ မငြိမ်းချမ်းကို ကိုယ့်ကိုကိုယ် အရင်ငြိမ်းချမ်းအောင် လုပ်ရမှာဖြစ်တဲ့အတွက် ကိုယ့်သန္တာန်မှာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ဘုရားပေးတဲ့ ငြိမ်းချမ်းရေးကို လိုက်နာကျင့်သုံးကာ ခံစားချက်မှန်သမျှကို အရှိအတိုင်း ရှုပွားရင်း အစွဲမပါအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း ဘုရားပေးတဲ့ ငြိမ်းချမ်းရေးအကြောင်း တစေ့တစောင်း တင်ပြလိုက်ရပါတယ်။ 

Read more »

စိတ်ဖိစီးမှုတွေ များနေတဲ့အခါ


တစ်နေ့က နိုင်ငံခြားမှာ ရောက်နေတဲ့ အရင်းနှီးဆုံး ဒကာမတစ်ယောက်နဲ့ အွန်လိုင်းမှာ တွေ့ဖြစ်ခဲ့ပါတယ်။ တွေ့တွေ့ချင်းသူက “အရှင်ဘုရား မကျိန်းသေးဘူးလားဘုရား၊ တပည့်တော်တို့ဆီမှာ သန်းခေါင်ကျော်လို့ (၁)နာရီတောင် ထိုးပြီးသွားပြီဘုရား” ဆိုပြီးမေးရင်း နှုတ်ဆက်စကားပြောလာပါတယ်။ ဘုန်းဘုန်းလည်း အတော်အံ့သြသွားတယ်။ “အင်… ဒကာမရေ ဘုန်းဘုန်းက မအိပ်သေးတာမဟုတ်ဘူး၊ အိပ်ပြီးလို့ အရုဏ်တောင် ဘုဉ်းပေးပြီးသွားပြီ”လို့ ပြန်ပြောတော့မှ “OH MY BUDDHA”လို့ဆိုကာ သူ့ကိုယ်သူ ဘုရားတပါတယ်။ ဒါနဲ့ ဘုန်းဘုန်းကပဲ “ ဒကာမက ခုချိန်ထိ မအိပ်သေးဘဲ ဘာလုပ်နေတာလဲ”လို့ ထပ်ပြီးမေးလိုက်တော့ “တပည့်တော် အိပ်မရလို့ဘုရား၊ စိတ်ဖိစီးမှုတွေက အရမ်းများပြီး အလုပ်နဲ့ ပတ်သက်တဲ့ ဖိအားတွေနဲ့ အိပ်လို့မရဘူးဘုရား၊ တပည့်တော်မလေ တစ်ခါတခါ ကိုယ့်ကိုယ်ကို ဒီဘဝမှာ နေတောင်မနေချင်လောက်အာင်ကို ဖြစ်ရပါတယ်ဘုရား” စသဖြင့် ပြန်ပြောလာပါတယ်။ ဒကာမရဲ့ ခံစားချက်အတွက် ကိုယ်ချင်းစာမိသလို ဒီခံစားချက်တွေ သက်သာအောင် ဘုန်းဘုန်းလည်း တတ်နိုင်သလောက် အားပေးစကား၊ အားပေးတရား ဟောဖြစ်ခဲ့ရပါသေးတယ်။

ဒါက ဘုန်းဘုန်းနဲ့ နီးစပ်သူတွေရဲ့ လက်တွေ့ခံစားချက်လေးတွေအကြောင်း တစေ့တစောင်းပဲ ဖြစ်ပါတယ်။ ဒီနေမှာ ဘုန်းဘုန်းပြောချင်တာက အဲဒီဒကာမလို ခံစားချက်တူ၊ စိတ်ဖိစီးမှု အပူတွေနဲ့ တငူငူဖြစ်နေကြတဲ့ သူသူငါငါ ပုဂ္ဂိုလ်အဖြာဖြာရဲ့ ခံစားမှုလေးတွေအကြောင်း၊ စိတ်ဖိစီးမှုလေးတွေ အကြောင်းပဲ  ဖြစ်ပါတယ်။ ဟုတ်တယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဲဒီဒကာမနဲ့ ပြောဖြစ်တုန်းက ဘုန်းဘုန်းက ဘဝဒုက္ခဆိုတာ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်လို့ ပြီးသွားမယ်ဆိုရင် ဒုက္ခကိုယ်စီ ရှိနေကြတဲ့ သတ္တဝါအားလုံး ဒီလိုပဲ လုပ်နေကြမှာပေါ့။ အရှင်ဘုရားတို့ ကိုယ်တိုင်လည်း အဲဒီလို ဖြေရှင်းမှာပေါ့။ ဒါပေမယ့် ဘဝသံသရာဆိုတာ ဒီလို မပြီးဘူးလေ။  ဒုက္ခဆိုတာ ဒီဘဝရုပ်ရလို့ ဖြစ်ရတာဆိုပြီး ရုပ်အကောင်ကို အဟုတ်ပြောင်အောင် အဆုံးစီရင်ပေမယ့် တကယ်မပြတ်သေးတဲ့ ကိလေသာတွေက နောက်ဘဝ နောက်ခန္ဓာမှာလည်း ဒီလိုပဲ ထပ်ဖြစ်နေမှာဆိုတော့ အဲဒီလို ဘဝသစ်ဖြစ်တိုင်း ကိုယ့်ကိုယ်ကို အဆုံးစီရမယ်ဆိုရင် ဆုံးမှာကို မဟုတ်တော့ပါဘူး၊ တကယ်ဖြစ်သင့်တာက ဒုက္ခကိုရင်ဆိုင်၊ စိတ်ဖိစီးမှုကို ယှဉ်ပြိုင်ပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားနေထိုင် လေ့ကျင့်ဖို့ပဲ ဖြစ်ပါတယ်” စသဖြင့် အားပေးနှစ်သိမ့် ဖြစ်ခဲ့ပါတယ်။ 

အမှန်တော့ စိတ်ဖိစီးမှု ဖြစ်တယ်ဆိုတာ စိတ်ကအာရုံတွေရဲ့ ဆွဲရာကို ပါသွားပြီး အဲဒီအစွဲတရားတွေမှာ လိုက်ခံစားနေမိလို့ပဲ ဖြစ်ပါတယ်။ အာရုံဆိုတာကလည်း သိတဲ့အတိုင်းပဲ အဆင်းပဲဖြစ်ဖြစ်၊ အသံပဲဖြစ်ဖြစ်၊ အနံ့ပဲဖြစ်ဖြစ်၊ အရသာပဲ ဖြစ်ဖြစ်၊ အတွေ့အထိပဲ ဖြစ်ဖြစ် ကောင်းရင်လည်းစွဲ၊ မကောင်းရင်လည်း စွဲနေတတ်တဲ့ သဘောရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စွဲသွားတယ်ဆိုရင် အဲဒီအစွဲဟာ ကိုယ့်စိတ်ကို သက်သောင့်သက်သာ ဘယ်တော့မှ ဖြစ်စေတဲ့ သဘောမရှိပါဘူး။ အစွဲရဲ့ သဘောက အစွဲများလေ အလွဲများလေပဲ ဖြစ်ကာ စွဲရာနောက်မှာ ခံစားမှုလည်း ရောက်လာနေတော့တာ ဖြစ်ပါတယ်။ အဲဒီလို စွဲရာခံစားရာက ကိုယ်မနှစ်သက်တဲ့အရာ၊ ကိုယ်မကြိုက်တဲ့အရာ၊ ကိုယ်သဘောမကျတဲ့ အရာတွေမှာ ခံစားမိတဲ့အခါ စိတ်မှာအနာရတဲ့အထိ ဖြစ်သွားတတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးတယ်ဆိုတာ တစ်နည်းအားဖြင့် ပြောရင်စိတ်အနာ ရသွားခြင်းပဲ ဖြစ်ပါတယ်။ စိတ်မှာနာသွားပြီဆိုရင် သတ္တဝါတွေဟာ ကျန်တဲ့အနာတွေထက်ကို ပိုပြီးခံစားရတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ စိတ်ဖိစီးတယ်ဆိုတာ အာရုံတွေရဲ့ စွဲရာနောက်ကို စိတ်ကလိုက်မိရာက အဲဒီအစွဲတရားက ကိုယ့်စိတ်ကို ပြန်ဖိစီးရင်း စိတ်ခံစားချက်ဖြစ်ကာ စိတ်မှာအနာရသွားခြင်းပဲ ဖြစ်ပါတယ်။ 

ဒီလိုဆိုတော့ အဲဒီစိတ်ခံစားမှု အစွဲတွေဟာ ဘာကြောင့်ဖြစ်ရတာလဲလို့ ဆိုရင် မသိလို့ ဖြစ်ကြတာပဲ ဖြစ်ပါတယ်။ စိတ်မှာဖြစ်ပေါ်လာတဲ့ အာရုံတွေ၊ အတွေးတွေ၊ ခံစားမှုတွေကို သတိနဲ့ယှဉ်ပြီး မသိတဲ့အတွက် အဲဒီမသိမှုက အစွဲတရားကို ဖြစ်ပွားစေတာဖြစ်ပါတယ်။ စိတ်ဆိုတဲ့သဘောက သိရင်စွဲစရာအကြောင်းမရှိဘဲ မသိလို့ စွဲသွားကြခြင်းပဲ ဖြစ်ပါတယ်။ ဆိုကြပါစို့။ အသံဆိုတဲ့ အာရုံတစ်ခုခုကို အသံဆိုတဲ့ သဘောသဘာဝလို့ မသိတဲ့အခါကျတော့ အဲဒီအသံပေါ်မှာလိုက်စွဲသွားပြီး ကောင်းတဲ့အသံ၊ မကောင်းတဲ့အသံ၊ ကြိုက်တဲ့အသံ၊ မကြိုက်တဲ့ အသံ၊ ချီးမွန်းသံ၊ ကဲ့ရဲ့သံ စသဖြင့် ခံစားမိသွားတော့တာ ဖြစ်ပါတယ်။ ခံစားမိပြီဆိုရင် ကောင်းရင်လိုချင်မှုတွေဖြစ်ပြီး မကောင်းရင် မလိုချင်မှုတွေ ဖြစ်စေကာ လိုချင်တဲ့သဘော၊ မလိုချင်တဲ့ သဘောဆိုတာ လောဘ၊ ဒေါသရဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဒီသဘောအတိုင်းပဲ စိတ်ဖိစီးမှု ဖြစ်တယ်ဆိုတာဟာလည်း အာရုံအပေါ်မှာ စွဲလန်းမိရာက အဲဒီအစွဲကို မသိဘဲ လိုက်ခံစားရာက ဒီခံစားချက်က ကိုယ့်စိတ်ကို ပင်ပန်းစေကာ ဖိအားတွေဖြစ်သွားခြင်းပဲ ဖြစ်ပါတယ်။  အရင်းစစ်တော့ အားလုံးဟာ မသိလို့ စွဲကြတော့တာပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား အာရုံနောက်ကို စိတ်ကလိုက်မိရာက ဖြစ်ပေါ်လာတဲ့ ခံစားချက် အစွဲတရားကြောင့် စိတ်မှာဖိအားတွေ၊ အနာတွေ ဖြစ်လာကြတဲ့ သဘောမှာ ဒီဖိအားတွေက ရုန်းထွက်နိုင်အောင် အမြန်ဆုံး ကြိုးစားကြရမှာဖြစ်ပါတယ်။ ပုထုဇဉ် သဘာဝ မသိလို့ စွဲကြတာ၊ ခံစားကြတာတွေဟာ ဖြစ်တတ်ပေမယ့် ဒီသဘောကို သိလာရင်တော့ အဲဒီဖိအားတွေ၊ ခံစားမှုတွေကနေ သက်သောင့်သက်သာ ဖြစ်အောင်တော့ လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးလို့ ဒုက္ခဖြစ်လို့ဆိုပြီး ရုန်းမထွက်ဘဲ ဒီအတိုင်း လိုက်ပြီးခံစားနေမယ်ဆိုရင်တော့ အဲဒီခံစားမှုက ကြာရင်ကိုယ့်ကို အနိုင်ယူသွားမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီဖိအားတွေ၊ ခံစားမှုတွေကနေ အမြန်ရုန်းထွက်ကြည့်ကြရမှာ ဖြစ်ပါတယ်။ 

ရုန်းထွက်ကြမယ်ဆိုတော့ အကောင်းဆုံးနည်းက တရားသဘောနဲ့ ဖြေဆည်ရာကိုရှာရင်း ရုန်းထွက်ကြရမှာ ဖြစ်ပါတယ်။ ဘဝမှာ လူတိုင်းကြုံတွေ နေကြရတဲ့ စိတ်ဖိစီးမှုတွေ ကိုယ့်မှာကြုံတွေ့ ခံစားနေရပြီးဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံး ကိုယ်လတ်သန့်ရှင်းပြီး တိတ်ဆိတ်ညိမ်သက်တဲ့ နေရာတစ်ခုခုကို ရွေးချယ်ကာ သက်သောင့်သက်သာ ရှိတဲ့ ဣရိယာပုတ်နဲ့ မျက်လွှာလေးချပြီး ကိုယ့်ရဲ့အမူအရာလေးကို မြင်အောင်ကြည့်ကြည့်လိုက်ပါ။ အဲဒီအခိုက်အတန့်မှာ အရင်းတုန်းက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ စိတ်မှာဘယ်လို ခံစားမှုမျိုးတွေ၊ ဖိအားတွေပဲ ရှိခဲ့ရှိခဲ့ မေ့ပစ်ထားလိုက်ပါ။ ခန္ဓာကိုယ်နဲ့ စိတ်ကို သက်သောင့်သက်သာ ဖြစ်တဲ့ အနေအထားလေးနဲ့ ပြင်ဆင်ပြီး ဝင်လေထွက်လေလေးကို အရှိအတိုင်းလေးပဲ လိုက်သိနိုင်အောင် သတိကပ်ထားပေးလိုက်ပါ။ အဲဒီလို လိုက်ပြီးသိမှတ်နေတဲ့အခိုက်မှာ သေချာပါတယ် အတွေးတွေ အများကြီးရောက်လာပါလိမ့်မယ်။ စိတ်ဓာတ်မကျပါနဲ့။ ဒါဟာ သမာဓိနည်းနေသေးလို့ ဖြစ်တဲ့သဘောမျိုးပဲ ဖြစ်တဲ့အတွက် လွတ်သွားလိုက်၊ ပြန်မှတ်လိုက်၊ ပြန်သိလိုက် စသဖြင့် ထပ်ခါထပ်ခါ ဝီရိယလေးတွေထားပြီး ကြိုးစားပွားများဖို့ပါပဲ။ ဒါဆိုရင် တဖြည်းဖြည်း သမာဓိလေးတွေ တည်လာပြီး စိတ်အဆင်လည်း ငြိမ်လာကာ ကြာတော့ ငြိမ်လာရာကနေ ကြည်လာမှာ ဖြစ်ပါတယ်။ စိတ်ကြည်လာရင် ခုနကဖြစ်နေတဲ့ စိတ်အစွဲဖိအားတွေ၊ ခံစားချက်တွေဟာလည်း အလိုလို ပျောက်ပျက်သွားတော့တာ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ကတော့ သတိမလွတ်အောင် သိမှတ်နေဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း စိတ်မှာဖြစ်ပေါ်လာသမျှ ခံစားချက်ကို သတိကပ်ပြီး သိမှတ်ပေးနိုင်ပြီဆိုရင် သေချာပါတယ်။ စိတ်ဖိစီးမှုဆိုတာ တဖြည်းဖြည်းနဲ့ လျော့နည်းသွားတော့တာ ဖြစ်ပါတယ်။ 

အချုပ်ပြောချင်တာက စိတ်ဖိစီးမှုတွေ၊ စိတ်ဒုက္ခတွေ ဖြစ်ကြတယ်ဆိုတာ ကိုယ့်စိတ်မှာ ဖြစ်ပေါ်နေတဲ့ အရာတွေကို မသိလို့ဖြစ်ပြီး မသိရာကနေ အာရုံတွေနောက်ကို စိတ်ကလိုက်မိကာ စွဲမိရာက ဖိတ်အားတွေဖြစ်၊ ခံစားချက်တွေဖြစ်ရင်း စိတ်မှာအနာလေးတွေ ဖြစ်သွားတဲ့ သဘောမျိုးပဲ ဖြစ်တဲ့အတွက် ဒီလိုဖိစီးမှုတွေ၊ ခံစားမှုတွေ မဖြစ်ရအောင် ကိုယ့်ကိုယ်ကို သတိကပ်ပြီး ဘယ်သူကဘာပြောပြော၊ ဘယ်လိုအသံပဲကြားကြား၊ ဘယ်လိုအာရုံမျိုးပဲလာလာ လိုက်ခံစားပြီး လိုက်မစွဲဖို့ပဲ ကြိုးစားရမှာဖြစ်ကြောင်း၊ အရာအားလုံးဟာ ခဏလေးဖြစ်ပေမယ့် စွဲနေသမျှ လွဲနေကြဦးမှာ ဖြစ်တဲ့အတွက် ဒီလိုအလွဲ သံသရာမရှည်အောင် အားလုံးဟာ အချိန်တန်တော့လည်း ပြီးသွားမှာပါပဲလို့ နှလုံးသွင်းကာ ခံစားမှုကို ဖြေဆည်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ ဒီလိုဆိုရင် စိတ်ဖိစီးမှုတွေဟာလည်း သက်သောင့်သက်သာဖြစ်ကာ ခံနိုင်ရည် ရှိလာမှာဖြစ်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အစွဲတရားကြောင့် အလွဲများကာ ဖိအားတွေအောက် စိတ်တွေရောက်ပြီး စိတ်မှာနာနေကြတဲ့ စိတ်ဝေဒနာရှင်တွေအနေနဲ့ ဒီဖိအားတွေ၊ ခံစားမှုတွေကနေ သက်သောက်သက်သာ ရုန်းထွက်နိုင်ကြဖို့ ကိုယ့်စိတ်ကို ပြန်မတ် စိတ်မှာ သတိကပ်ပြီး ဘယ်လိုအာရုံမျိုးမှာပဲ ဖြစ်ဖြစ် အစွဲတရားနဲ့ မခံစားမိအောင် ကြိုးစားပြီး ကိုယ့်စိတ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားမှု မှန်သမျှကို ဖြစ်ပေါ်လာဆဲ အခိုက်မှာ သိနိုင်အောင် ရှုမှတ်ပွားများ နေထိုင်ကြရမှာ ဖြစ်ပါကြောင်း စေတနာထား၊ မေတ္တာအားနဲ့ အသိစကား ပါးလိုက်ရပါတယ်။   

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ