စိတ်တိုင်းမကျ ဖြစ်ခဲ့ကြရင်

ဘုန်းဘုန်းမှာ မရှိသင့်တဲ့ မကောင်းတဲ့ အကျင့်လို့ပဲ ပြောရမလား မသိဘူး။ “အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန် လုပ်တတ်တဲ့အကျင့်၊ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် လုပ်လိုက်ရမှ ကျေနပ်တတ်တဲ့အကျင့် ပြီးတော့ သူများလုပ်ရင်လည်း စိတ်တိုင်းမကျတတ်တဲ့ အကျင့်” စတဲ့ အကျင့်လေးတွေ ရှိနေပါတယ်။ အကျင့်ဆိုတာ စရိုက်ပဲ ဖြစ်တဲ့အတွက် ဘုန်းဘုန်းရဲ့ ဒီအကျင့်လေးတွေဟာ မွေးကတည်းက ပါလာတဲ့ စရိုက်လို ဖြစ်နေတာပါ။ ကိုယ့်ကိုယ်ကို သတိပြုကြည့်တဲ့အခါ တစ်ခါတစ်လေ သဒ္ဓါစရိုက်လေးတွေ အားကောင်းနေတတ်သလို၊ တစ်ခါတစ်လေလည်း ရာဂစရိုက်လေးတွေ အားကောင်းနေတတ်တာကို တွေ့ရပါတယ်။ ရာဂစရိုက်နဲ့ သဒ္ဓါစရိုက်က သဘောသွားချင်း ခပ်ဆင်ဆင်လေးပါ။ ဒီလိုစရိုက်တွေ ရှိတဲ့သူဟာ ရတနာသုံးပါး အပေါ်မှာ ကြည်ညိုမှု အားကောင်းတတ်သလို၊ သန့်သန့်ရှင်းရှင်းနဲ့ လှလှပပလေးတွေ၊ ကိလေသာ ဖြစ်စရာလေးတွေ အပေါ်မှာလည်း တပ်မက်နေတတ်ပြန်ပါတယ်။ ဒီစရိုက်ကြောင့်ပဲလား မသိဘူး။ အလုပ်တစ်ခုခုကို သေသေသပ်သပ် လုပ်နေမိတတ်သလို သူများက လုပ်ပေးလာလို့ မသေမသပ် ဖြစ်နေရင်၊ ခိုင်းတဲ့အတိုင်း ချက်ချင်းမြန်မြန်ဆန်ဆန် မလုပ်ရင် စိတ်ထဲမှာ ဘဝင်မကျဘဲ အလိုလို စိတ်တိုင်းမကျကို ဖြစ်နေတော့တာ ဖြစ်ပါတယ်။

ခုနောက်ပိုင်းတော့ ဒီအကျင့်ကို သတိကပ်ပြီး ထိန်းထိန်းသိမ်းသိမ်း နေနိုင်အောင် ကြိုးစားကြည့်တာ အရင်ကလောက် မဆိုးဘူးလို့ ထင်ရပါတယ်။ စိတ်အလိုမကျ ဖြစ်ခဲ့ရင်လည်း အသိသတိကပ်ပြီး သည်းခံတတ်တဲ့ အကျင့်လေးတွေနဲ့ တဖြည်းဖြည်း ရင့်ကျက်လာတာကို ကိုယ့်ကိုယ်ကို သတိထားမိလာပါတယ်။ တစ်ခါတစ်လေ စရိုက်အကျင့်လေးတွေ မကောင်းပေမယ့် ကောင်းတဲ့ အကျင့်လေးတွေနဲ့ ပြုပြင်ကြည့်တဲ့အခါ အကျင့်ဆိုးလေးတွေ တဖြည်းဖြည်း ပြောင်းလာတယ် ဆိုတာကို ကိုယ့်တွေ့နဲ့ယှဉ်ပြီး သဘောပေါက်လာမိပါတယ်။ အထူးသဖြင့် စိတ်တိုင်းမကျတဲ့ အခါတွေမှာ ကိုယ့်ကိုယ်ကိုယ် ဖြေဆည်ပြီး သက်သောင့်သက်သာဖြစ်အောင် လေ့ကျင့်လာနိုင်တာလေးတွေဟာ ဘဝအတွက်တော့ တကယ့်ကို တန်ဘိုးမဖြတ်နိုင်တဲ့ အမြတ်တစ်ခုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ စိတ်အလိုမကျတဲ့အခါ၊ ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့အခါ ခံစားရတဲ့ စိတ်အစဉ်နဲ့ ပြောင်းလွဲသွားတဲ့ အမူအရာ အသွင်အပြင်တွေဟာ ခုနောက်ပိုင်းတော့ သိသိသာသာ လျော့နည်းလာတယ်လို့ ခံစားမိပါတယ်။ အဓိကကတော့ စိတ်တိုင်းမကျတဲ့အခါ ဖြေဆည်လာတတ်တဲ့အတွက် ကိုယ့်ကိုယ်တိုင် သက်သောင့်သက်သာ ဖြစ်လာတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် ပုထုဇဉ်တွေဟာ စိတ်တိုင်းမကျတာတွေကြောင့် နေ့စဉ်နဲ့အမျှ ပင်ပန်းနေကြတာတွေက အများကြီးပါပဲ။ ထစ်ခနဲဆို စိတ်အလိုမကျဖြစ်လိုက်၊ ဗြုန်းကနဲဆို စိတ်တိုင်းမကျ ဖြစ်လိုက်နဲ့ တစ်ခါတစ်လေ ဘာကြောင့်လဲလို့ ပြန်တွေးကြည့်ရင် အကြောင်းပြစရာ မရှိတဲ့အဖြစ်ပါ။ တစ်ယောက်တည်းနေလည်း စိတ်တိုင်းမကျဖြစ်နေတတ်သလို၊ အများနဲ့ နေတဲ့အခါတွေမှာလည်း စိတ်တိုင်းမကျတာတွေက ဖြစ်ဖြစ်နေကြပြန်ပါတယ်။ နေချင်တဲ့သူနဲ့ အတူနေရတော့လည်း စိတ်တိုင်းမကျ ဖြစ်ကြပြန်သလို မနေချင်တဲ့သူတွေနဲ့ အတူနေရတော့လည်း စိတ်တိုင်းမကျ ဖြစ်ကြရပြန်ပါတယ်။ ကိုယ့်ဖာသာကိုဖန်တီး ကိုယ့်ဖာသာကိုယ် လုပ်နေတဲ့ အလုပ်တွေမှာတောင် စိတ်တိုင်းမကျတာတွေ ဖြစ်ဖြစ်နေပြီး တစ်ယောက်တည်း ဒေါသဖြစ်လိုက်၊ အော်လိုက်ဟစ်လိုက် လုပ်နေကြတာတွေ ရှိသလို ကိုယ်ခိုင်းလို့ အဆင်မပြေပြန်ရင်လည်း စိတ်တိုင်းမကျဖြစ်ပြီး ဆူလိုက်ဆဲလိုက် လုပ်ဖြစ်နေပြန်ပါတယ်။ ကိုယ်ပဲလုပ်၊ ကိုယ်ပဲခိုင်းပြီး ကိုယ်ပဲစိတ်တိုင်းမကျ ဖြစ်နေတတ်တာဆိုတော့ ခံစားရတော့လည်း ကိုယ်ပဲဖြစ်နေတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ့်အလိုအတိုင်း မဖြစ်ရာက စိတ်တိုင်းမကျဖြစ်ပြီး ကိုယ်ကိုယ်တိုင်ပဲ ဒုက္ခလှလှတွေ့ကြရတာ ဖြစ်ပါတယ်။

အမှန်တော့ သေချာတွေးကြည့်ရင် စိတ်တိုင်းကျဖို့ဆိုတာ သူများတွေအပေါ်မှာ မပြောနဲ့ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်စိတ်တိုင်းကျ မဖြစ်တာတွေက အများကြီးပါပဲ။ တစ်နေ့ကုန်လို့ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ကြည့်ရင် စိတ်တိုင်းကျတာတွေက များသလား၊ စိတ်တိုင်းမကျတာတွေက များသလားဆိုရင် စိတ်တိုင်းမကျတာတွေကပဲ များနေတတ်ပါတယ်။ ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ ကိုယ့်အလုပ်တွေမှာ စိတ်တိုင်းမကျ ဖြစ်နေတတ်ခဲ့သလို ကိုယ့်အခြေအနေနဲ့ ကိုယ့်အရှိလေးတွေအပေါ် စိတ်တိုင်းမကျ ဖြစ်နေတတ်တာတွေလည်း ရှိပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင်၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းမကျ ဖြစ်နေကြတာဆိုတော့ သူတပါးအပေါ်မှာ၊ သူတပါးနဲ့ ပတ်သက်တာတွေမှာ ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာက ပိုလိုတောင် ဆိုးသွားတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

တစ်ခါတစ်လေ ဘဝမှာ ဖြစ်တတ်တာလေးတွေ ရှိပါတယ်။ ကိုယ်တန်ဘိုးထားတဲ့ သူ၊ ကိုယ်တန်ဘိုးထားတဲ့ အရာတွေကို ကိုယ်ကကိုယ့်စိတ်တိုင်းကျ ဖြစ်စေချင်တာလေးတွေပါ။ ကိုယ်ထားသလိုနေ၊ ကိုယ်ပြောသလိုလုပ် ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေတာပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ကိုယ့်သဘောအတိုင်း မဖြစ်တာတွေက အများကြီးပါပဲ။ လိုချင်တာတွေ၊ ဖြစ်စေချင်တာတွေ များလေလေ၊ စိတ်တိုင်းမကျတာတွေက များနေလေပဲ ဖြစ်ပါတယ်။ သူများမပြောနဲ့ ကိုယ်ကိုယ်တိုင်လည်း လိုချင်မှုတွေ၊ ဖြစ်ချင်မှုတွေ၊ ရချင်မှုတွေ များနေတဲ့အခါ ထင်တိုင်းမဖြစ်လို့ စိတ်ညစ်ရတာတွေ၊ စိတ်တိုင်းမကျ ဖြစ်ရတာတွေ၊ အလိုမကျ ဖြစ်ရတာတွေ အများကြီး ရှိနေတတ်တာကို သတိပြုကြည့်ရင် သိနိုင်ပါတယ်။

ဆိုတော့ကား ဒီလိုစိတ်တိုင်းမကျ ဖြစ်ရတာဟာ ဘာကြောင့်လဲလို့ စဉ်စားကြည့်တော့ လိုချင်မှုတွေ၊ ဖြစ်ချင်မှုတွေ၊ ရောင့်ရဲတင်းတိမ်နိုင်ခြင်း မရှိမှုတွေ၊ နှလုံးသွင်း မမှန်ကန်မှုတွေကြောင့်လို့ပဲ ယေဘုယျ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင်က ဖြစ်ချင်လိုချင်မှုတွေများနေသမျှ၊ တင်းတိမ်ရောင့်ရဲနိုင်တဲ့ အကျင့်လေးတွေနဲ့ မနေနိုင်သေးသမျှ၊ အကုသိုလ်မဖြစ်အောင်၊ အပြစ်မဖြစ်အောင် တွေးမြင်တတ်တဲ့ အကျင့်လေးတွေ နည်းနေသမျှ ကိုယ့်ကိုယ်ကိုလည်း အလိုကျမှာ၊ စိတ်တိုင်းကျမှာ မဟုတ်သလို ကိုယ်ကိုယ်တိုင်က စိတ်တိုင်းမကျရင် ကျန်တဲ့သူတွေ ဘာပဲလုပ်ပေးလုပ်ပေး စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာလည်း မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ စိတ်ဆိုတာ အချိန်မရွေး ပြောင်းလဲဖြစ်ပျက်နေတတ်တဲ့ သဘောရှိတဲ့အတွက် အမျိုးမျိုး ဖြစ်နေတဲ့ ဒီစိတ်အစဉ်တွေရဲ့ အလိုအတိုင်း တစ်ထပ်ကျဖို့ဆိုတာက သာမန်လူတွေ အနေနဲ့ တကယ့်ကို မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ စိတ်ဟာ လွှတ်ထားရင် လွှတ်ထားတဲ့အလျောက် အဆင်းတွေနောက်၊ အသံတွေနောက်၊ အနံ့တွေနောက်၊ အရသာတွေနောက်၊ အထိအတွေ့တွေနောက်၊ အတွေးအကြံတွေနောက် တကောက်ကောက် လိုက်နေတတ်တဲ့ သဘောရှိတဲ့အတွက် သူဆွဲသွားတဲ့ အာရုံတိုင်းရဲ့ နောက်ကိုသာ လိုက်နေလို့ကတော့ ဘယ်တော့မှ စိတ်တိုင်းကျတယ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။ စိတ်အလိုပြည့်တယ်၊ စိတ်ကျေနပ်တယ်ဆိုတာ မရှိနိုင်ပါဘူး။

အဲဒီလိုဆိုတော့ စိတ်ကိုသူ့သဘောအတိုင်း လွှတ်ထားရင် ကျေနပ်နှစ်သက်မှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက် သူ့သဘောအတိုင်း မထားဘဲ ကိုယ့်ရဲ့အသိသတိနဲ့ပဲ ဒီစိတ်ကို ထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ်အောင်၊ စိတ်တိုင်းမကျတာတွေ လျော့နည်းလာအောင် ကြိုးစားအားထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။ သူဆွဲသမျှ အာရုံတွေနောက်ကို မရောက်သွားရအောင် ကိုယ့်ကိုယ်ကိုပဲ ဖြေဆည်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖြေဆည်ဖို့ဆိုတော့ အဓိကလုပ်ရမှာက စိတ်ကိုသတိကပ်နိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ စိတ်ကို သူဆွဲဆောင်ရာ အာရုံတွေနောက်ကို လိုက်မသွားမိအောင် ထိန်းဖို့ပဲဖြစ်ပါတယ်။ မြင်သမျှအရာတွေ၊ ကြားသမျှအသံတွေ၊ နံသမျှအနံ့တွေ၊ ခံစားသမျှ အရာသာတွေ၊ တွေ့ထိသမျှ အထိအတွေတွေ့မှာ သတိလက်လွတ် မခံစားမိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ အာရုံတွေနောက်ကို သတိလွတ်ပြီး လိုက်ခံစားမိလို့ စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်လည်း အချိန်မီသတိဝင်ကာ “အရာအားလုံးဟာ ကိုယ်ဖြစ်ချင်သလို မဖြစ်ဘဲ သူ့သဘော သူဆောင်နေပြီး အတ္တဆိုတာ မရှိ၊ အနတ္တပဲ ရှိတယ်” ဆိုတဲ့အချက်ကို အထပ်ထပ်နှလုံးသွင်းပြီး အကြိမ်ကြိမ် ဖြေဆည်နိုင်အောင် ကြိုးစားကြည့်ရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါ “ငါဆိုတာမရှိ၊ ငါ့ဥစ္စာဆိုတာ၊ ငါပိုင်ဆိုင်တယ်ဆိုတာ မရှိတဲ့ လောကကြီးမှာ ငါ့သဘောအတိုင်း ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း” သတိပြုဆင်ခြင်ပြီး ဖြေဆည်ကြည့်ရမှာ ဖြစ်သလို သူတပါးကို အကြောင်းပြုပြီး စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုနဲ့ ချိန်ထိုးကြည့်ကာ “ကိုယ်ကိုယ်တိုင်တောင် ကိုယ့်သဘောအတိုင်း မဖြစ်တာ၊ သူတပါးတွေကို ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” စသဖြင့် အသိသတိနဲ့ ဖြေဆည်ကြည့်ရမှာ ဖြစ်ပါတယ်။ အားလုံးကိုခြုံပြီး ဖြေဆည်ကြည့်ဖို့ကတော့ “သတိကပ်ပြီး စိတ်ကိုအာရုံတွေနောက် မလိုက်နိုင်အောင် ထိန်းချုပ်ကာ ဖြေဆည်ကြည့်ကြဖို့ပဲ” ဖြစ်ပါတယ်။

ဆိုလိုတာက ကိလေသာထူပြောလှတယ် လောကကြီးမှာ ကိလေသာတရားတွေနဲ့ နပန်းလုံးနေရတဲ့ သတ္တဝါများ အနေနဲ့ လိုချင်ဖြစ်ချင်တာတွေ များနေသမျှ၊ ကိုယ့်အတိုင်းအတာနဲ့ကိုယ် သက်သောင့်သက်သာ ဖြစ်အောင် တင်းတိမ်ရောင့်ရဲခြင်း မလုပ်နိုင်သေးသမျှ၊ တွေ့ကြုံလာသမျှ အရာတွေအပေါ်မှာ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းပြီး မနေနိုင်သေးသမျှ စိတ်တိုင်းမကျတာတွေ၊ အလိုမကျတာတွေ ဆိုတာ ရှိနေကြမှာဖြစ်ပြီး အဲဒီလို စိတ်အလိုမကျမှုတွေ ရှိနေသမျှ ကိုယ်စိတ်ဆင်းရဲမှုတွေလည်း ရှိနေကြဦးမှာ ဖြစ်တဲ့အတွက် ဒီလိုစိတ်အလိုမကျမှုတွေကနေ အထိုက်အလျောက် သက်သောင့်သက်သာဖြစ်ဖို့ ကိုယ့်ကိုယ်ကိုသာ အသိသတိနဲ့ ဖြေဆည်နိုင်အောင် ကြိုးစားရင် အာရုံတွေနောက်ကို စိတ်မလိုက်ဖြစ်အောင် လေ့ကျင့်နေထိုင်ကြရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်အလိုမကျမှုတွေ ခဏခဏ ဖြစ်တတ်ကြတဲ့ ဘုန်းဘုန်းအပါအဝင် လောကီဘုံသား သတ္တဝါများအနေနဲ့ နေရတဲ့အခိုက်မှာ စိတ်အလိုမကျဖြစ်တိုင်း ခံစားရတဲ့ ကိုယ်စိတ်ဒုက္ခတွေကနေ အထိုက်အလျောက် သက်သာမှုတွေ ဖြစ်စေဖို့ စိတ်ကိုသူ့အလိုအတိုင်း လွတ်မထားဘဲ အာရုံတွေနောက်ကို ဒီစိတ်က လိုက်မသွားခင် ကိုယ့်အနေနဲ့ အသိသတိဦးပြီး ကိုယ့်စိတ်ကို အမြန်ဆုံး ထိန်းချုပ်ကာ ဖြေဆည်နိုင်အောင်သာ အကြိမ်ကြိမ် ကြိုးစားကြည့်ကြပါလို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

သတိပဋ္ဌာန်နဲ့လား…၊ ဝိပဿနာနဲ့လား…

တစ်လောက ဘုန်းဘုန်းတို့ အသိဒကာလေးတွေ တရားဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ ပထမတော့ ဆွေးနွေးကြတာပါပဲ။ နောက်တော့ ဆွေးနွေးရင်းနဲ့ အားပါလာပြီး သူမှန်ကိုယ်မှန် ပြောဆိုကြရင်း မနက် (၃)နာရီ ကျော်သွားတယ်လို့ ဆိုပါတယ်။ တရားဆွေးနွေးတာတော့ ကောင်းပါတယ်။ တရားငြင်းတာတော့ မကောင်းပါဘူး။ ဆွေးနွေးလို့ အဖြေမပေါ်ရင်တော့ သိတဲ့တတ်တဲ့ သူတွေကို မေးကြည့်တာက ပိုကောင်းပါတယ်။ အဲလိုမှမဟုတ်ဘဲ ကိုယ်သိသလောက်လေးကို အတည်ယူပြီး အမှန်ပဲလို့ ဇွတ်ငြင်းရင် မမှန်ဘဲ ပိုလွဲသွားတတ်ပါတယ်။ နောက်တော့ သူတို့တွေ ဘုန်းဘုန်းဆီရောက်လာပြီး ညကသူတို့ ဆွေးနွေးကြတာလေးနဲ့ ပတ်သက်ပြီး လျှောက်ပြပါတယ်။ သူတို့ပြောကြတာက သတိပဋ္ဌာန်နဲ့ ဝိပဿနာ အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ထဲက တစ်ယောက်က “ဒီနေ့ခေတ်ကြီးမှာ ကိလေသာကုန်ခမ်းပြီး နိဗ္ဗာန်ရောက်ဖို့ဆိုတာ ဝိပဿနာ အကျင့်တစ်ခုတည်းပဲ ရှိကြောင်း” ဆွေးနွေးပါတယ်။ အဲဒါကို တစ်ယောက်က “ဝိပဿနာအလုပ်ကို အချိန်ပေးပြီး အားမထုတ်နိုင်သေးပေမယ့် အရေးကြီးတာက အခုလက်ရှိ အချိန်မှာပဲ သတိပဋ္ဌာန်နဲ့ နေနိုင်ရင်လည်း တစ်ချိန်ချိန်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း” စသဖြင့် ဆွေးနွေးဖြစ်ကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးတော့ သူတို့ရဲ့ တရားဆွေးနွေးပွဲဟာ ပြောရင်းပြောရင်းနဲ့ အဖြေမထွက်ဘဲ အဆုံးသတ် သွားကြပါတယ်။ ဒီအကြောင်းကို တစ်ယောက်က ဘုန်းဘုန်းကို လျှောက်ပြတော့ “ဒကာလေးတို့က စကားလုံး ဝေါဟာရတွေနဲ့ ငြင်းခုံကြသလို ဖြစ်နေတာပဲ”လို့ ဘုန်းဘုန်းက ပြောပြရင်း သူတို့ပြောတဲ့ သတိပဋ္ဌာန်နဲ့ ဝိပဿနာ အကြောင်းကို ရှင်းပြလိုက်ရပါသေးတယ်။ သူတို့ပြောသလို ဝိပဿနာ အကျင့်နဲ့မှ ကိလေသာကို ခွာနိုင်တာ၊ သတိပဋ္ဌာန်နဲ့မှ ကိလေသာကို ခွာနိုင်တာ စတဲ့ စကားတွေအရ ကောက်ချက်ချကြည့်ရင် အကျင့်တရားကို ဦးစားပေးကြရမယ်ဆိုတာကို ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ ဝိပဿနာပဲ အားထုတ်အားထုတ်၊ သတိပဋ္ဌာန်နဲ့ပဲ နေနေ အချုပ်ကြည့်တော့ အလုပ်ရှိနေဖို့ပဲ ဖြစ်ပါတယ်။ သတိကပ်ထားတဲ့ အလုပ်ရှိနေကြဖို့ပါ။ ဒီတော့ကား သတိက အရေးကြီးတယ်ဆိုတာကိုလည်း သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။

တကယ်တော့ ဝိပဿနာဆိုတဲ့ စကားနဲ့ သတိပဋ္ဌာန်ဆိုတဲ့ စကားတွေရဲ့ အချုပ်က သတိပဲဖြစ်ပါတယ်။ သတိပဋ္ဌာန်ဆိုတဲ့ စကားလုံးကို တိုက်ရိုက်အဓိပ္ပါယ်ပြောရရင် “သတိ၏ မြဲမြံစွာ တည်ခြင်း၊ သတိရှိခြင်း”လို့ ပြောရမှာဖြစ်ပြီး ဝိပဿနာဆိုတဲ့ စကားလုံးကိုလည်း “အထူးထူး အပြားပြားအားဖြင့် ရှုခြင်း၊ အထူးထူး အပြားပြားကို မြင်ခြင်း၊ ကြည့်ခြင်း”လို့ ပြောရမှာဖြစ်ပါတယ်။ အထူးထူးအပြားပြားကို မြင်တယ်ဆိုတာ စိတ်မှာပဲဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ၊ ပေါ်သမျှ အရာတွေကို အရှိအတိုင်း မျက်စိနဲ့မြင်သလို စိတ်နဲ့မြင်နေခြင်း၊ သိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုမြင်သိနေဖို့ဆိုတာကလည်း သတိရှိနေမှပဲ ဖြစ်ပါတယ်။ သတိမရှိရင် ဒီအရာတွေကို အရှိအတိုင်း မြင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝိပဿနာ အလုပ်ရဲ့ အချုပ်ဟာလည်း သတိပဲလို့ ဆိုရခြင်း ဖြစ်ပါတယ်။ အမှန်တော့ ဝိပဿနာအကျင့်၊ သတိပဋ္ဌာန် အကျင့်၊ ဘာဝနာအကျင့်၊ ကမ္မဋ္ဌာန်းအကျင့် စသဖြင့် ဘယ်လိုပဲ အမည်ဝေါဟာရတွေနဲ့ ပြောနေကြပါစေ အရေးအကြီးဆုံးက သတိရှိနေဖို့ပါပဲ။ ဘယ်ဆရာတော်က ဘယ်နည်းတွေနဲ့ ဘယ်လိုပဲပြပြ အားလုံးဟာ ဘုရားဟောထားတဲ့ မဟာသတိပဋ္ဌာနသုတ်ကို အခြေခံပြီး ပြသနေကြတာ ဖြစ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်ကို အခြေခံထားတာ ဖြစ်တဲ့အတွက် ဒီသုတ်တော်မှာ လာတဲ့အတိုင်း ရုပ်တရားအပေါ်မှာ အရှိအတိုင်း ရှုရတဲ့ ကာယာနုပဿနာ၊ ခံစားမှု မှန်သမျှကို အရှိအတိုင်း ရှုရတဲ့ ဝေဒနာနုပဿနာ၊ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် အဲဒီစိတ်ကို အရှိအတိုင်း သိမှတ်ပေးရတဲ့ စိတ္တာနုပဿနာ၊ အမည်ပညတ်မရှိ သဘောတရား သက်သက်ကို ရှုမှတ်ရတဲ့ ဓမ္မာနုပဿနာဆိုတဲ့ ဒီလေးမျိုးကိုပဲ မှတ်ရတာဖြစ်ပါတယ်။ ဒီလေးမျိုးလုံးမှတ်နိုင်ဖို့က သတိရှိနေမှ ဖြစ်တဲ့အတွက် သတိကိုသာ အပိုင်ထိန်းထားနိုင်ရင် ဒီမှတ်နည်းလေးမျိုးလုံးကို ရှုမှတ်ပြီး ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ရှုမှတ်တဲ့ အခိုက်မှာ ကိုယ်ရှုလိုက်တဲ့ အမှတ်အာရုံကို လိုက်ပြီးတော့သာ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ စတဲ့ အမည်သတ်မှတ်ချက်တွေ ရှိနေပေမယ့် အားလုံးဟာ သတိပါပဲ။ ဒါကြောင့် ဒီရှုမှတ်နည်းလေးမျိုးကို အချုပ်အနေနဲ့ သတိပဋ္ဌာန်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလိုသတိပဋ္ဌာနသုတ်မှာ လာတဲ့အတိုင်း ရှုမှတ်နေတာကိုပဲ သတိပဋ္ဌာန်နဲ့နေခြင်း၊ ဒါမှမဟုတ် ဒီနေ့ခေတ် အသုံးပြုနေတဲ့ စကားနဲ့ပြောရရင် ဝိပဿနာအားထုတ်ပြီး နေခြင်းလို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အဲဒီလို သတိပဋ္ဌာနသုတ်မှာလာတဲ့ နည်းအတိုင်း ဝိပဿနာ တရားအားထုတ်နိုင်ရင် ဝိပဿနာဉာဏ်တွေ တဖြည်းဖြည်း ရင့်သန်တိုးတက်လာမှာဖြစ်ပြီး နောက်ဆုံး မဂ်ဉာဏ်အထိဆိုက်ရောက်ကာ သောတာပတ္တိမဂ်ဉာဏ်ကို ရတဲ့ပုဂ္ဂိုလ်ကို သောတာပန်၊ သကာဒါဂါမိမဂ်ဉာဏ်ကို ရတဲ့ပုဂ္ဂိုလ်ကို သကာဒါဂါမ် စသဖြင့် ပြောကြတာ ဖြစ်ပါတယ်။ ဒီလိုဉာဏ်တွေကို ရသွားတဲ့ ပုဂ္ဂိုလ်တွေကို အရိယမဂ်ဉာဏ်ရတဲ့ ပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အရိယာဖြစ်သွားပြီဆိုရင် ကိလေသာတွေကိုလည်း သူ့ဉာဏ်အဆင့်အလိုက် ပယ်ခွာသွားပြီး ဖြစ်တဲ့အတွက် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးလာနေတော့တာ ဖြစ်ပါတယ်။ ဒါဟာ သတိကို အခြေခံထားတဲ့ ဘာဝနာအကျင့်၊ တစ်နည်းအားဖြင့် သတိပဋ္ဌာန် အကျင့်၊ တစ်နည်းအားဖြင့် ဝိပဿနာအကျင့်တွေကို နည်းမှန်လမ်းမှန် ကျင့်ကြံနိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဘုန်းဘုန်းတို့ ဒကာလေးတွေ ဆွေးနွေးကြသလို ကိလေသာ ပယ်ခွာနိုင်ရေးဟာ ဝိပဿနာ အကျင့်နဲ့မှ ရမယ်၊ သတိပဋ္ဌာန် အကျင့်နဲ့လည်း ဖြစ်တယ်လို့ ဆိုနိုင်ကြပေမယ့် အချုပ်ကတော့ သတိကပ်ထားတဲ့ အမှတ်တရားနဲ့ လက်တွေ့ကြိုးစား ကျင့်ကြံအားထုတ်မှုနဲ့ပဲ ပယ်ခွာရမှာ ဖြစ်တယ်ဆိုတာကို သတိပြုနားလည် ထားရမှာ ဖြစ်ပါတယ်။ ဝိပဿနာအကျင့်တွေကို ဘယ်လိုပဲ အားထုတ်အားထုတ် သတိမရှိဘူးဆိုရင်၊ သတိပဋ္ဌာန်ဆိုတဲ့ စကားကို ဘယ်လောက်ပဲ ပြောပြော သတိမပါဘူးဆိုရင် အားထုတ်တာနဲ့ ပြောနေတာပဲရှိပြီး လက်တွေ့ပိုင်းမှာ ဉာဏ်အဆင့်အတန်း တိုးတက်ဖို့ မလွယ်လှပါဘူး။ သတိကို အခြေခံထားတဲ့ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝီရိယ တရားတွေကို ညီမျှအောင် ကြိုးစားနိုင်မှပဲ ဉာဏ်အဆင့်အတန်း တိုးတက်ကာ ပယ်ရမယ့် ကိလေသာတွေကို ပယ်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ခက် ဆိုသလို ဝိပဿနာအလုပ် အားထုတ်ဖို့ပဲ ဖြစ်ဖြစ်၊ နေ့စဉ်အလုပ်တွေမှာ သတိကပ်ပြီး နေကြည့်ကြဖို့ပဲ ဖြစ်ဖြစ် တကယ်လုပ်ကြည့်ကြတဲ့အခါ ထင်သလောက် မလွယ်ဘူးဆိုတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အနေအထား၊ ရုပ်ပိုင်းဆိုင်ရာတွေရဲ့ လွှမ်းမိုးမှု အနေအထား၊ ဟိုအလုပ်ဒီအရှုပ်တွေနဲ့ အာရုံတွေ များနေတဲ့ အခြေအနေများက ရှိနေကြတော့ ဒီနေ့ခေတ်မှာ အပြောနဲ့အလုပ် ထပ်တူထုတ်ဖို့က မလွတ်လှတဲ့ သဘောရှိပါတယ်။ ဒါကြောင့် အိမ်မှာနေရင်၊ စက်ရုံမှာနေရင်၊ အလုပ်မှာနေရင် အားမထုတ်ဖြစ်တဲ့အတွက် တရားအားထုတ်တဲ့ ပတ်ဝန်းကျင်မှာ သွားရောက်ပြီး တရားအလုပ် အားထုတ်ကြတာပဲ ဖြစ်ပါတယ်။ ပါရမီအားကောင်းလှတဲ့ သူတွေမှာ တရားစကားတစ်ခွန်း၊ သံဝေဂဉာဏ် တစ်ခဏလောက်နဲ့ သောတာပန်တည်သွား၊ ရဟန္တာဖြစ်သွားတာတွေ ရှိနေကြပေမယ့် ဒီနေ့လို ခေတ်မျိုးမှာတော့ တရားအလုပ် အားထုတ်နိုင်မယ့် ပတ်ဝန်းကျင် အခြေအနေကို ရွေးချယ်ပြီး အားထုတ်နိုင်မှပဲ အထိုက်အလျောက် လုပ်ဖြစ်ကြတာတွေ ရှိပါတယ်။ ကိုယ့်နေရာမှာ ကိုယ့်ပတ်ဝန်းကျင်မှာ ဆိုရင်တော့ စိတ်ရှိပေမယ့် မဖြစ်နိုင်တာတွေက ပိုများလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကကတော့ တစ်စတစ်စ အားထုတ်နိုင်သလောက် အားထုတ်ကြပြီး အချိန်ပေးနိုင်တဲ့ အခါဆိုရင်တော့ ဒီအလုပ်ကိုပဲ တစ်စိုက်မတ်မတ် ကျင့်ကြံနိုင်တဲ့ နေရာတွေကို သွားရောက်ကာ ကြိုးစားအားထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆိုရင်တော့ အထိုက်အလျောက် တရားအားတွေ တိုးတက်လာနိုင်ကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ကိလေသာပယ်ခွာပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရေးမှာ ဝိပဿနာအကျင့်ကသာ အဓိကကျတယ်၊ သတိပဋ္ဌာန် အကျင့်ကသာ အဓိကကျတယ်ဆိုတဲ့ အမည်အသုံးအနှုန်းတွေနဲ့ ပြောဆိုဆွေးနွေးကြတာထက် သတိတရား လက်ကိုင်ထားတဲ့ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝိရီယ တရားတွေနဲ့ လက်တွေ့ကျင့်ကြံ အားထုတ်မှုကသာ အကျိုးသက်ရောက်မှုကို အမြန်ဆုံး ဖြစ်စေကြောင်း၊ သတိပဋ္ဌာန်အကျင့်ကိုပဲ ကျင့်ကျင့်၊ ဝိပဿနာအကျင့်ကိုပဲ ကျင့်ကျင့် အားလုံးဟာ အတူတူပဲ ဖြစ်ပြီး အချုပ်ကတော့ သတိပဲဖြစ်တဲ့အတွက် ရိပ်သာသွားပြီးပဲ အားထုတ်အားထုတ်၊ နေ့စဉ်အလုပ်တွေကို လုပ်နေရင်းပဲ လေ့ကျင့်လေ့ကျင့် လက်တွေ့ကျင့်ကြံနိုင်မှုကသာ ကိလေသာတွေကို တစ်စတစ်စ ပယ်ခွာလာနိုင်ကြမှာ ဖြစ်တဲ့အတွက် ဘယ်လို အခြေအနေမျိုးဖြစ်ဖြစ် ရသလောက်တော့ အားထုတ်နေကြရမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် သတိပဋ္ဌာန်နဲ့ ဝိပဿနာဆိုတာ အမည်နာမ အနေနဲ့ တစ်မျိုးစီလို့ ထင်နေကြပေမယ့် အမှန်တော့ ကျင့်စဉ်အနေနဲ့ သတိကိုအချုပ်ထားတဲ့ ကျင့်စဉ်ပဲဖြစ်တဲ့အတွက် ဟိုအမည်ဒီအမည်တွေနဲ့ ဇဝေဇဝါဖြစ်မနေကြပဲ လက်တွေ့အနေနဲ့ သတိတရား လက်ကိုင်ထားပြီး စိတ်မှာပဲဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ၊ ပေါ်သမျှအာရုံတွေကို အရှိအတိုင်း သိမှတ်ကာ ကိလေသာကို ခွာနိုင်အောင်သာ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း နေ့စဉ်အလုပ်တွေမှာပဲ သတိကပ်နိုင်အောင် တစ်စတစ်စ ကျင့်ကြံကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။

Read more »

မြန်မာမှမဟုတ်၊ သို့သော်

ဒကာတစ်ယောက်က လျှောက်လာပါတယ်။ သူက “ဘုန်းဘုန်းဘုရား၊ သေချာတွေးကြည့်ရင် တပည့်တော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးများဟာ စစ်မှန်တဲ့ ဘာသာတရား အဆုံးအမ၊ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု ဓလေ့များနဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ပတ်ဝန်းကျင် အထောက်အပံ့တွေ ရှိနေရဲ့သားနဲ့ တပည့်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဘာကြောင့် သူများတွေထက် မနာလိုမှုတွေ၊ ဝန်တိုမှုတွေ များနေရပါသလဲဘုရား၊ တပည့်တော် ကိုယ်တိုင်လည်း ပြည်ပမှာရောက်လာတော့ အရင်ရောက်နေတဲ့ ရွှေခံတစ်ချို့ရဲ့ မချေမငံ ဆက်ဆံမှုတွေ၊ အမျိုးမျိုး ပညာပြမှုတွေ၊ တပည့်တော်ထက် အသက်ငယ်ပေမယ့် အလုပ်မှာ စီနီယာ ကျတယ်ဆိုတဲ့ မာန်မာနတွေနဲ့ ပြုမူဆက်ဆံတာကို ခံနေရပါတယ်ဘုရား၊ တပည့်တော်ကိုယ်တိုင် အကောင်းဆုံး မဖြစ်နိုင်သေးပေမယ့် တစ်ခါတစ်ခါ ဒီလောက်တန်ဘိုးရှိတဲ့ ဘုရားအဆုံးအမတွေ ရှိထားတဲ့ မြန်မာတွေဟာ ဘာကြောင့်ဒီလောက် ဆိုးဆိုးဝါးဝါး မကောင်းတဲ့ စိတ်ထားတွေ များရတာလဲဆိုတဲ့ အတွေးတော့ မကြာမကြာ ဖြစ်မိပါတယ်၊ ဒါကြောင့် တိုက်တိုက်ဆိုင်ဆိုင် ဘုန်းဘုန်းကို မေးရခြင်း ဖြစ်ပါတယ်ဘုရား” စသဖြင့် သူ့အတွေ့အကြုံကို အခြေခံတဲ့ သူသိချင်တဲ့ အကြောင်းကို သိလိုရေးနဲ့ မေးလျှောက်လာပါတယ်။

သူ့အမေးကို ဘုန်းဘုန်းက “အင်း… ဒကာက ဒကာ့အတွေ့အကြုံကို အခြေခံပြီး ပြောပြ လျှောက်ထားတာဆိုတော့ ဘုန်းဘုန်းလည်း ဘုန်းဘုန်းအတွေ့အကြုံအရ ပြောပြပေးရဦးမှာပေါ့၊ ဒါမျိုး အဖြစ်အပျက်တွေကတော့ လူတွေမှာပဲ ရှိနေကြတာ မဟုတ်ပါဘူး၊ ဘုန်းကြီးတွေကြားမှာလည်း ရှိတတ်ပါတယ်။ ကိုယ့်မြန်မာနိုင်ငံ၊ ကိုယ့်မြန်မာ လူမျိုးတွေမှာပဲ ရှိနေကြတာ မဟုတ်ပါဘူး၊ တခြားတခြား နိုင်ငံ၊ တခြားတခြား လူမျိုးတွေမှာလည်း ရှိနေတတ်ကြပါတယ်။ ကိုယ်ကကိုယ့်လူမျိုးတွေနဲ့ပဲ အနီးကပ်နေဖြစ်နေလို့ ကိုယ့်လူမျိုးတွေက ပိုပြီးအဖြစ်များတယ်လို့ ထင်ရပေမယ့် တခြားလူမျိုးတွေမှာလည်း ရှိနေကြတာပါပဲ၊ အရင်းစစ်တော့ တစ်ယောက်ချင်းစီရဲ့ ကိုယ်ချင်းစာတရား ထားနိုင်မှု၊ ကိုယ့်ကျင့်တရား တည်တံ့မှု၊ ကိုယ်နှုတ်နှလုံး စောင့်ထိန်းမှု၊ သတိတရားရှိမှု စတာတွေနဲ့ပဲ သက်ဆိုင်နေတာ ဖြစ်ပါတယ်” စသည်ဖြင့် ပြန်လည်ပြောကြားပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ မျက်မှောက်ခေတ် နေရာဒေသ အတော်များများ၊ ပတ်ဝန်းကျင် အတော်များများ၊ လူမျိုးအတော်များများမှာ လူတွေဟာ တစ်ယောက်အပေါ်တစ်ယောက် ရသမျှအနေအထား၊ ရှိသမျှ အနေအထားလေးတွေနဲ့ အပြိုင်အဆိုင် မာနလေးတွေပြိုင်ကာ မနာလိုမှုတွေ၊ ဝန်တိုမှုတွေ ရှိနေတတ်ကြပါတယ်။ ဒီလိုရှိနေတတ်ဟာ လူတိုင်းမှာ ဖြစ်လေ့ရှိတတ်ပေမယ့် မြန်မာတွေအတွက် မြန်မာလူမျိုးတွေက ပိုဆိုးတယ်လို့ ထင်မယ်ဆိုလည်း ထင်နိုင်စရာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အရာလေးတွေကို အကြောင်းပြုပြီး တစ်ယောက်နဲ့တစ်ယောက် မခေါ်နိုင်မပြောနိုင်အောင် ဖြစ်ကုန်ကြတာ တွေလည်း အများကြီးပါပဲ။ တစ်ချို့က မဆိုစလောက် ရာထူးလေးတွေ၊ တစ်ချို့က မဆိုစလောက် ငွေကြေးလေးတွေ၊ တစ်ချို့က မဆိုစလောက် ဂုဏ်ပကာသန လေးတွေနဲ့ ကိုယ်ရှိထားတာ၊ ကိုယ် ရထားတာလေးတွေကို သူများရှိသွားမှာ၊ ရသွားမှာစိုးတဲ့ ဝန်တိုစိတ်နဲ့ တစ်ခြားသူတွေအပေါ် အမျိုးမျိုး ဖယ်ထုတ်ပထုတ်လုပ်ကာ မဖြစ်မနေ အတူရှိကြရမယ်ဆိုရင်လည်း နည်းအမျိုးမျိုးနဲ့ စိတ်ဒုက္ခ အမျိုးမျိုးဖြစ်အောင် လုပ်တတ်ကြပါတယ်။

တစ်ချို့လည်း ကိုယ်ကောင်းစားရေးအတွက်ဆိုရင် ကိုယ့်လူမျိုးတွေ၊ ကိုယ့်နိုင်ငံတွေ၊ ကိုယ့်ဘာသာတရားတွေ ဘာတွေညာတွေ ခေါင်းထဲမရှိဘဲ နီးစပ်ရာကို ကပ်ဖားယပ်ဖား လုပ်တတ်တာတွေအထိ တွေ့မြင်ကြားသိရတတ်ပါတယ်။ ယုတ်စွအဆုံး သူများနိုင်ငံမှာလာပြီး သူများခိုင်းဖက်အဖြစ် လုပ်နေကြရတာချင်း အတူတူ အရင်ရောက်တဲ့သူက နောက်ရောက်တဲ့သူကြောင့် ကိုယ့်နေရာလေး ပျောက်သွားမှာစိုးပြီး နောက်လူအပေါ်မှာ တစ်မျိုးတစ်မည် ပြုတတ်တာတွေ ရှိသလို နောက်ရောက်လာတဲ့ သူကလည်း သူလည်းလူ ကိုယ်လည်းလူ၊ သူလည်းအလုပ်သမား ကိုယ်လည်းအလုပ်သမားပဲ ဘာဂရုစိုက်စရာ ရှိမှာလဲဆိုတဲ့ တစ်လွဲမာန လေးတွေနဲ့ လူအချင်းချင်း လေးစားရမှာကိုတောင် မလေးစားဘဲ သူပြိုင်ကိုယ်ပြိုင် လုပ်တတ်တာတွေလည်း ရှိတတ်ပါတယ်။ အဲဒီလို တစ်ယောက်နဲ့တစ်ယောက် ဘာမဟုတ်တာလေးတွေနဲ့ မာနလေးတွေပြိုင်၊ မနာလိုမှု၊ ဝန်တိုမှုလည်းတွေ ပြိုင်ရာက နောက်ဆုံးအငြိုးအတေးတွေ ဖြစ်ပြီး မြန်မာအချင်းချင်း ကွဲကြပြဲကြတော့တာပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ ဘာမှမဟုတ်တဲ့၊ ရှိလည်းခဏသာဖြစ်တဲ့ အရာတွေမှာ အဟုတ်လို့ ထင်နေတတ်ကြတဲ့ မသိမှုတရားတွေ၊ မေ့လျော့မှု ပမာဒတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်အရာမှ မမြဲဘူးဆိုတာကို နှလုံးသွင်း ဆင်ခြင်မှုမရှိဘဲ ခေတ္တခဏ ရှိနေတဲ့ အရာလေးတွေ အပေါ်မှာ တစ်လွဲအထင်နဲ့ မာနဝင်မိကြလို့ပဲ ဖြစ်ပါတယ်။ “ရထူးတွေ ဘယ်လောက်ပဲရှိရှိ ဒီရာထူးဆိုတာ အခုရှိပေမယ့် မနက်ဖြန်သဘက်ဆို ရှိချင်မှရှိတော့မှာ၊ စည်းစိမ်ဥစ္စာတွေ ဘယ်လောက်ပဲများများ ကိုယ်နဲ့မထိုက်လို့ကတော့ ရန်သူမျိုးငါးပါးကြောင့် အချိန်မရွေး ပျက်စီးသွားနိုင်တာ၊ ကျန်းမာရေးတွေ၊ ရုပ်ရည်အဆင်းတွေ ဘယ်လောက်ပဲ ကောင်းမွန်ကောင်းမွန် ရုပ်တရားဆိုတာ ဖောက်ပြန်တတ်တဲ့ သဘောရှိတဲ့အတွက် အချိန်မရွေး ဖောက်ပြန်ပျက်စီးတတ်တာ” စသဖြင့် ကိုယ့်ကိုယ်ကို သံဝေဂဉာဏ်နဲ့ သတိမပြုမိကြဘဲ ငါဆိုတဲ့ အတ္တစွဲတွေ ဝင်နေမိကြလို့ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဒီလို မနာလိုတတ်တာ၊ ဝန်တိုတတ်တာ၊ မာနထားတတ်တာ၊ သူတပါးအပေါ် နိုင်ထက်စီးနင်းပြုတတ်တာ၊ သူတပါးအပေါ် ကိုယ်ချင်းစာတရား ခေါင်းပါးတတ်တာ စတာတွေဟာ မြန်မာများမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ လောကသတ္တဝါအားလုံးမှာ ရှိနေတတ်ကြတာ ဖြစ်ပါတယ်။ ဘုရားရဟန္တာစတဲ့ အရိယာ ပုဂ္ဂိုလ်များကလွဲလို့ ကျန်တဲ့ပုထုဇဉ် သတ္တဝါမှန်သမျှ ဒီလို မကောင်းတဲ့ စိတ်စေတနာတွေက အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရှိနေဖြစ်နေကြမှာပဲ ဖြစ်ပါတယ်။ ကိလေသာတရား ရှိထားနေသမျှ အသိတရားကိုလည်း ထိပါးနေမှာဖြစ်ပြီး မေ့လျော့မှုတွေနဲ့ မဟုတ်ကို အဟုတ်ထင်ကာ ကောင်းတဲ့အရာတွေမှာ မလုပ်ချင်တတ်တာဟာ မြန်မာလူမျိုးများမှ မဟုတ်ပါဘူး။ ကိလေသာ မကင်းသူမှန်သမျှ ဘယ်သူမဆို ဖြစ်နေကြမှာပဲ ဖြစ်ပါတယ်။ အသိသတိ ရှိမှုကိုလိုက်ပြီး အဖြစ်များတာနဲ့ အဖြစ်နည်းတာ ဒီလောက်ပဲ ကွာခြားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကွာခြားတာ မကွာခြားတာနောက်ထား။ လောလောဆယ် ကိုယ့်အနေနဲ့ကတော့ ဒီလိုအတ္တမာန အစွဲတွေကြောင့် တစ်ဦးအပေါ်တစ်ဦး ဣဿာမစ္ဆရိယ တရားတွေနဲ့ ဆက်ဆံတတ်တဲ့ အကျင့်လေးတွေကနေ တဖြည်းဖြည်း နည်းပါးသွားအောင်ပဲ အရင်ဆုံး လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓစာပေတွေမှာတော့ “မရဏံ မေ ဓုဝံ၊ ဇီဝိတံ အဓုဝံ- ငါ့အားသေခြင်းတရားသည် မြဲသောသဘောရှိ၏၊ အသက်ရှင်ခြင်းသည် မမြဲသော သဘောရှိ၏” စသဖြင့် ကိုယ့်ကိုယ်ကို နေ့စဉ်နေတိုင်း မရဏာနုဿတိ ဘဝနာ ပွားနိုင်တဲ့သူများဟာ ကိုယ့်သန္တာန်မှာ ရှိနေတဲ့အတ္တမာနကို တဖြည်းဖြည်း လျော့ချသွားနိုင်ကြောင်း ဖွင့်ဆိုရှင်းပြ ထားပါတယ်။ ဒီလိုဆိုတော့ အရာရာမှာ ငါဆိုတဲ့အတ္တမာနကို ရှေးတန်းတင်ကာ ငါမှန်တယ်လို့ အမြဲထင်နေတတ်ကြတဲ့ အတ္တဝါဒီများ အနေနဲ့ နေ့စဉ်နေ့တိုင်း သေခြင်းတရားကို ဆင်ခြင်တတ်တဲ့ ညဉ်လေးလုပ်ပေးထားရင် အဆင်မပြေမှုတွေကို မွေးထုတ်ပေးနိုင်တဲ့ အတ္တမာနလေးတွေ တဖြည်းဖြည်းနဲ့ လျော့သွားမှာပဲလို့တောင် တွေးမိပါသေးတယ်။ တကယ်လည်း လက်တွေ့လုပ်ကြည့်ရင် လက်တွေ့ အကျိုးရလာဘ်တွေ ရလာနိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ လုပ်ကြည့်ကြဖို့ပါပဲ။

ဘာပဲဖြစ်ဖြစ် သတိတရားနဲ့ အကျင့်တရားကို ပေါင်းစပ်ပြီး ကောင်းမြတ်တဲ့ အလုပ်တွေမှာ ကိုယ့်ကိုယ်ကို လေ့ကျင့်ထားနိုင်မယ်ဆိုရင် မြန်မာပဲဖြစ်ဖြစ်၊ တခြားတခြား ဘယ်လိုလူမျိုးများပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ အတ္တမာနနဲ့ နိစ္စတရားလေးတွေ လျော့နည်းလာနေမှာဖြစ်ပြီး ဒီလိုအတ္တမာနတွေ လျော့လာနေသမျှ လောကသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် မနာလိုတတ်၊ ဝန်တိုတတ်တဲ့ စိတ်စေတနာတွေလည်း တဖြည်းဖြည်း ပါးလာနေမှာဖြစ်ကာ နေရတဲ့အခိုက်မှာ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ဘေးရန်လေးတွေ ကင်းငြိမ်းလာနိုင်ကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက လောကကြီးမှာ လူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် မာနတွေထားတတ်တာ၊ တစ်ယောက်အပေါ်တစ်ယောက် မနာလိုမှုတွေ များတတ်တာ၊ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ရှိထားတာလေးတွေ အပေါ်မှာ ဝန်တိုမှုတွေ များတတ်တာတွေကြောင့် အချင်းချင်း အဆင်မပြေမှုတွေလည်း ရှိနေတတ်ကြတဲ့ အပိုင်းမှာ မြန်မာလူမျိုးတွေမှာပဲ ဒီလိုမျိုး ရှိတတ်၊ ဖြစ်တတ်တာ မဟုတ်ဘဲ၊ တခြားတခြားနိုင်ငံများနဲ့ တခြားတခြား လူမျိုးတွေမှာလည်း ရှိနေတတ်ကြတာ ဖြစ်ကြောင်း၊ အရင်းစစ်တော့ မြန်မာလူမျိုးဖြစ်နေလို့ မဟုတ်ဘဲ သတ္တဝါ အသီးသီးမှာ ရှိနေကြတဲ့ မသိမှု အဝိဇ္ဇာတရား၊ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတရားများနဲ့ အတ္တမာန တရားများကြောင့်သာ ဖြစ်ကြောင်း၊ ဒီလိုတရားများ ရှိနေသမျှ ငြိမ်းချမ်းနေကြမှာ မဟုတ်တဲ့အတွက် ဒီတရားတွေကို သတိအသိ အကျင့်တရားများနဲ့ တဖြည်းဖြည်း လျော့ချကြရမှာဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လောကသားများ အနေနဲ့ တစ်ဦးနဲ့တစ်ဦး အဆင်မပြေမှုတွေ ဖြစ်ကြတာဟာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်နေရာ စတာတွေကြောင့် မဟုတ်ဘဲ မိမိတို့ တစ်ဦးချင်းသန္တာန်မှာ ရှိနေကြတဲ့ မသိမှု၊ မေ့လျော့မှု၊ အတ္တမာနရှိမှု၊ ကိလေသာတရား အားကောင်းမှုတွေကြောင့်သာ ဖြစ်တယ်ဆိုတဲ့ အချက်ကို သတိပြုဆင်ခြင်ကာ အဲဒီတရားတွေကို တစ်ဦးချင်းအနေနဲ့ အတတ်နိုင်ဆုံး နည်းသထက်နည်းအောင် ကြိုးစားရင်း နေရတဲ့အခိုက်မှာ အရာအားလုံးဟာလည်း အခိုက်အတန့်ပဲဆိုတဲ့ အချက်နဲ့ အားလုံးဟာ သေကြရမှာပဲဆိုတဲ့ အချက်များကိုသာ များများနှလုံးသွင်းပြီး မိမိတို့ တစ်ဦးချင်းကစပြီး ကိုယ်နှုတ်စိတ် အမူအရာတွေကို ပြောင်းနိုင်အောင် ကြိုးစားလေ့ကျင့်ကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာထား မေတ္တာအားဖြင့် အသိပေးတိုက်တွန်း လိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ