ဖောက်ပြန်ခြင်းနှင့် ဖောက်ဖျက်ခြင်း

ဖောက်ပြန်ခြင်း၊ ဖောက်ဖျက်ခြင်းဟူသော စကားများတွင် ယေဘုယျအားဖြင့် ဖောက်ပြန်ခြင်းသည် အလိုအလျောက် သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် သဘောကိုဆောင်ပြီး ဖောက်ဖျက်ခြင်းသည်ကား လုံ့လပယောဂပြုမှု သဘောကိုဆောင်၏။ တစ်နည်းအားဖြင့် ဖောက်ပြန်ခြင်းသည် အကျိုးရလာဘ်တစ်ခုခု အသွင်ကိုဆောင်ပြီး ဖောက်ဖျက်ခြင်းသည်ကား အကြောင်းဖန်တီးမှု တစ်ခုခုကို ညွန်းဆို၏။ တစ်နည်းအားဖြင့် ဖောက်ပြန်ခြင်းသည် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ခြင်း သဘောမျိုးဟု ဆိုလိုက ဆိုနိုင်မည်ဖြစ်၏။ မည်သို့ပင်ဆိုစေ ထိုဖောက်ပြန်ခြင်းနှင့် ဖောက်ဖျက်ခြင်းနှစ်မျိုးလုံးသည့် မကောင်းသည့် အရာများသာ ဖြစ်နေပေ၏။ ဖောက်ပြန်လျင်လည်း မကောင်းသကဲ့သို့ ဖောက်ဖျက်လျင်လည်း မကောင်းသည်သာ ဖြစ်၏။ ဖောက်ပြန်ခြင်းဟူသော ထိုစကားကို စာသံပေသံဖြင့် ပြောဆိုသော် ဝိပတ္တိဟူသော စကားဖြင့် ပြောဆိုနိုင်မည်ဖြစ်၏။ ဝိပတ္တိဟုဆိုလျှင် မြန်မာဗုဒ္ဓဘာသာ အားလုံးနီးပါး ရင်းနှီးပြီးသား၊ သိပြီးသား စကားပင်ဖြစ်၏။ ရှိခိုးကန်တော့နေကျ သြကာသ ကန်တော့ချိုး၏ ဆုတောင်းပိုင်းတွင် ပါဝင်နေသည့် စကားလုံးဖြစ်၍လည်း အပြည့်အစုံမသိသော်လည်း အလွန်စိမ်းနေသည့် စကားမဟုတ်သည်ကား သေချာလှ၏။

မြန်မာအများ မရလို၊ မတွေ့လိုလှသည့် ဖောက်ပြန်ခြင်းခေါ် ထိုဝိပတ္တိတရားသည် အရေအတွက်အားဖြင့် (၄)ပါးရှိ၏။ ထိုလေးပါးမှာ
၁။ ဂတိဝိပတ္တိ = လားရာဂတိဖောက်ပြန်ခြင်း (မကောင်းသည့် ဘုံဘဝ၌ဖြစ်ခြင်း)
၂။ ဥပဓိဝိပတ္တိ = ဥပဓိရုပ်ဖောက်ပြန်ခြင်း (ရုပ်ဆင်းအင်္ဂါချို့ယွင်း ပျက်စီးခြင်း)
၃။ ကာလ၀ိပတ္တိ = ခေတ်ကာလဖောက်ပြန်ခြင်း (တရားဖြင့် အုပ်ချုပ်မှု ကင်းမဲ့သည့် အချိန်ကာလ၌ဖြစ်ခြင်း)
၎။ ပယောဂ၀ိပတ္တိ= လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ခြင်း ( လုပ်မှားကိုင်မှားဖြစ်ခြင်း၊ အပြစ်ကျူးလွန်မိခြင်း၊ မကောင်းမှု အကုသိုလ်ဖြင့်သာ အသက်မွေးမှု ပြုနေရခြင်း) တို့ပင် ဖြစ်၏။

ဤဖောက်ပြန်ခြင်းများသည် သတ္တဝါတိုင်း မတွေ့ချင်၊ မမြင်ချင်၊ မရချင်သည့် အရာများပင် ဖြစ်၏။ မည်သူမဆို မကောင်းသည့် ဘုံဘဝတွင် ဖြစ်ကြရမည်ကို မလိုလားကြသကဲ့သို့ ဖြစ်ရာဘဝတွင်လည်း ရုပ်အဆင်းအင်္ဂါ မလှမပ ချို့တဲ့ကြမည်ကို မလိုလားကြပေ။ ထို့အတူ မင်းမဲ့စရိုက်ဖြစ်နေပြီး တရားမဲ့နေသည့် တိုင်းပြည်နိုင်ငံ၊ ခေတ်ကာလ အခြေအနေမျိုးကိုလည်း အလိုမရှိကြသကဲ့သို့ မိမိတို့ မလုပ်ချင်သည့်၊ လုပ်သင့်သည့်အရာကို မလုပ်ရဘဲ မလုပ်သင့်သည့် အရာမျိုးကို လုပ်နေရခြင်းမျိုးကိုလည်း အလိုရှိကြမည် မဟုတ်လှပေ။ အချုပ်ပြောရလျှင် မည်ကဲ့သို့သော ဝိပတ္တိမျိုးကိုမျှ အလိုမရှိကြခြင်းပင် ဖြစ်၏။ ထို့ကြောင့်လည်း ကောင်းမှုအစုလေးများကိုပြုတိုင်း ဤအကျိုးကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါးတို့မှ ကင်းပါရစေကြောင်း စသည်ဖြင့် ဆုမွန်ကောင်းများ တောင်းနေကြခြင်း ဖြစ်၏။

ဤနေရာ၌ တောင်းဆုချွေကြသည်ဟု စကားအဖြစ် ဆိုလိုက်ရသော်လည်း ဝိပတ္တိဟူသော ဖောက်ပြန်ခြင်း တရားများက ဆုတောင်းနေရုံဖြင့် ရောက်မလာသည့် တရားများကား မဟုတ်လှပေ။ ရှောင်ကြဉ်မှသာ ပျောက်စေပါသည့် တရားများ ဖြစ်ပါ၏။ ဖောက်ပြန်ခြင်းကို မလိုလျှင် ဖောက်ဖျက်ခြင်းကို မပြုမှသာ ရောက်မလာဘဲ ပျောက်ပျက်စေသည့် တရားများ ဖြစ်၏။ ဖောက်ပြန်ခြင်းဟူသော အကျိုးရလာဘ်ကို မလိုချင်လျှင် ဖောက်ဖျက်ခြင်းဟူသော အကြောင်းတရားကို ကောင်းသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည်သာ ဖြစ်၏။ ဖောက်ဖျက်လျှင် ပျောက်ပျက်မည်ဖြစ်ပြီး ပျောက်ပျက်ခြင်းသည် ဖောက်ပြန်ခြင်းပင် ဖြစ်သဖြင့် မဖောက်ဖျက်မိစေရန် မိမိတို့၏ ကိုယ်နှုတ်နှလုံးကို စောင့်ကျက်ကြရမည်သာ ဖြစ်၏။

ဝိပတ္တိတရားလေးပါးတို့တွင် လားရာဂတိ ဖောက်ပြန်ခြင်းသည် အပါယ်လေးဘုံ၌ ဖြစ်ကြရခြင်းကို ဆိုလို၏။ ထိုသို့အပါယ်လေးဘုံ၌ ကျရောက်ရခြင်းကိုပင် ဂတိဖောက်ပြန်ခြင်းဟုဆိုသဖြင့် အပါယ်လေးပါးလားရခြင်း၏ အကြောင်းကိုလည်း ကောင်းစွာသိရှိနိုင်မည်ဖြစ်၏။ မကောင်းသည့် ဘုံဘဝတွင် ဖြစ်ရခြင်းသည် မကောင်းသည့် လုပ်ရပ်ကြောင့် ဖြစ်သည်မှာ အထင်အရှားပင် ဖြစ်၏။ အထူးသဖြင့် လားရာဂတိ မကောင်းခြင်းသည် မကောင်းသည့် ဒုစရိုက်အမှုများကြောင့်ပင် ဖြစ်၏။ မကောင်းသည့် ကာယဒုစရိုက်အမှုများ၊ မကောင်းသည့် ဝစီဒုစရိုက်အမှုများ၊ မကောင်းသည့် မနောဒုစရိုက်အမှုများက ပြုလုပ်သူကို မကောင်းသည့် ဘုံဘဝသို့ရောက်အောင် သက်ရောက်မှုကို ဖြစ်စေနိုင်၏။ ထိုသက်ရောက်မှုအား အရင်းစစ်သော် မိမိကိုယ်တိုင် လုပ်ခဲ့သည့် မိမိ၏ လုပ်ရပ်ကြောင့်ပင်ဖြစ်၏။ မိမိက ဖောက်ဖျက်မိသဖြင့် မိမိဘဝသည်လည်း ဖောက်ပြန်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဂတိဖောက်ပြန်ခြင်းသည် မိမိကိုယ်တိုင် မကောင်းသည့် ဒုစရိုက်အမှု၊ အလုပ်အကိုင်များတွင် ဖောက်ပြန်စွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

ထို့အတူ ရုပ်အဆင်းအင်္ဂါ ချို့ယွင်းခြင်း၊ ဖောက်ပြန်ခြင်းဟူသည့် ဥပဓိဝိပတ္တိသည်လည်း ပြုလုပ်သူ၏ ဖောက်ဖျက်ခြင်းကြောင့် ရရှိလာသည့် အကျိုးရလာဘ် တစ်ခုပင်ဖြစ်၏။ ဥပဓိဖောက်ပြန်မှုကို ဖြစ်စေသည့် မိမိ၏ ဖောက်ပြန်သည့် အလုပ်များကြောင့် ထိုအလုပ်များနှင့်အညီ တူသောအကျိုးကို ပေးလာခြင်း သဘောပင် ဖြစ်၏။ ရုပ်အဆင်းအင်္ဂါ လှပပြည့်စုံမှုမရှိ၊ ချို့ယွင်းချက်အတိ ဖြစ်နေကြသည့် သူအချို့ကို ကြည့်ပါက ထိုသူများ၏ အတိတ်က ဖောက်ဖျက်ခဲ့သည့် လုပ်ရပ်များကို အလွယ်တကူ သိရှိနိုင်ကြမည် ဖြစ်၏။ ကံတရား၏သဘောသည် နားရွတ်ပြတ်အောင် လုပ်ခဲ့သူအား နားရွတ်ပြတ်စေသည့် တန်ပြန်သက်ရောက်မှု၊ မျက်စိကန်းအောင် လုပ်ခဲ့သူအား မျက်စိမမြင်မှု၊ ကိုယ်လက်အင်္ဂါ ချို့တဲ့အောင် လုပ်ခဲ့သူအား ကိုယ်လက်အင်္ဂါ မပြည်စုံမှု စသည်ဖြင့် မိမိကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်နှင့်ညီစွာ တူညီသည့် အကျိုးသက်ရောက်မှုကို ဖြစ်စေသည့် သဘောရှိ၏။ ရုပ်အဆင်းအင်္ဂါ ချို့ယွင်းခြင်းဟူသည့် ဖောက်ပြန်ခြင်းသည် ထိုသို့ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် ပြုလုပ်သူ၏ အကျင့်သီလ ဖောက်ဖျက်ခြင်းကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်ပင် ဤလောကကြီး၌ လူချင်းတူသော်လည်း လူစဉ်မမီသူများ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံသူများ စသည်ဖြင့် တွေ့နေကြရခြင်း ဖြစ်၏။ ဤသည်မှာ မိမိကိုယ်တိုင် ဖောက်ဖျက်ခဲ့သည့် လုပ်ရပ်များ၏ ဖောက်ပြန်သည့် အကျိုးဆက်များပင် ဖြစ်၏။

ခေတ်ကာလ ဖောက်ပြန်ခြင်းသည်လည်း ထိုနည်းအတူပင်ဖြစ်၏။ ဖောက်ပြန်နေသည့် ခေတ်ကာလတွင် လူလာဖြစ်ရပြီး၊ အဆိုးဆုံးအခြေအနေ၊ အဆုံးဆုံးနေရာ၊ အဆိုးဆုံး သူများ၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်နေရခြင်းကပင် မိမိ၏ ကာလဖောက်ပြန်ခြင်း ကာလဝိပတ္တိ၏ သဘောပင် ဖြစ်၏။ သံသရာအဆက်ဆက် ခေတ်အဆက်ဆက် ကျင်လည်ခဲ့ကြရသော်လည်း ထိုခေတ်ကောင်းသံသရာကောင်း ဘဝကောင်းတွင် ရသင့် ရထိုက်သည့်တရား၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဘဝတွင် မရမဖြစ်ခဲ့ခြင်းကပင် မိမိ၏ အကြောင်းတရား ဖောက်ဖျက်သွားခြင်း ဖြစ်ပြီး ထိုဖောက်ဖျက်မှုကပင် မကောင်းသည့်ခေတ်ကာလ အနေအထားတွင် ဘဝသစ်ကို ဖြစ်စေခြင်းဟူသည့် ဖောက်ပြန်မှု အကျိုးဆက်ကို ဖြစ်ပွားစေခဲ့ခြင်း ဖြစ်၏။ လုပ်ရပ်မှန်ကန်၊ အကျင့်မှန်ကန်ပြီး အသိမှန်ကန်ခဲ့သူများကား လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို ဖောက်ဖျက်ကျူးလွန်မှု မရှိဘဲ လုပ်ဆောင်ခဲ့ကြသဖြင့် ဘဝကောင်းပြီး ခေတ်ကောင်းကြုံကြရသော်လည်း အချို့အချို့သည်ကား ခေတ်ဆိုးစနစ်ဆိုး၊ အရပ်ဆိုး၊ ပုဂ္ဂိုလ်ဆိုးပြီး အဓမ္မဝါဒ လွှမ်းမိုးမှုအောက်တွင်ရောက်ကာ ကောင်းမှုကုသိုလ်နှင့် ဝေးကြရသည့် အခါကာလတွင် ခေတ်ဖောက်ပြန်ခြင်းနှင့် ကြုံကြရသည်များလည်း ရှိတတ်၏။ ဤသဘောသည်လည်း မိမိ၏ ဘဝတစ်ခုခုတွင် မိမိကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် မကောင်းသည့် အကုသိုလ် လုပ်ရပ်များကြောင့် ဖြစ်ပေါ်ခဲ့သည့် ကာလဝိပတ္တိ၏ သဘောပင် ဖြစ်၏။

စတုတ္ထမြောက် ဖောက်ပြန်ခြင်းဖြစ်သည့် ပယောဂဝိပတ္တိခေါ် လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ခြင်း သည်လည်း သတ္တဝါများ မလိုလားသည့် ဝိပတ္တိတစ်မျိုးပင် ဖြစ်၏။ ပယောဂဝိပတ္တိ၏ သဘောသည် အလွန်ကျယ်ပြန့်လှ၏။ ပယောဂဟူသော စကားလုံး၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ လုံ့လအားထုတ်မှု လုပ်ဆောင်ချက် ဟူသော အဓိပ္ပါယ်မျိုးဖြစ်ပြီး ထိုလုပ်ဆောင်ချက် ဖောက်ပြန်ခြင်းကိုပင် ပယောဂဝိပတ္တိဟု ဆိုခြင်းဖြစ်၏။ လုပ်ဆောင်ချက် ဖောက်ပြန်ခြင်း၊ မမှန်ကန်ခြင်းဟူသည်မှာလည်း လုပ်သင့်လုပ်ထိုက်သည့် ကောင်းသည့်၊ အပြစ်မရှိသည့် အလုပ်များကို လုပ်ခွင့်မရဘဲ အပြစ်နှင့်တကွ ဖြစ်နေသည့် မကောင်းသည့် အလုပ်များကို လုပ်ဆောင်နေရခြင်း သဘောမျိုး ဖြစ်၏။ အလွယ်ပြောရလျှင် အခြားကောင်းသည့် အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်း မပြုနိုင်ဘဲ မကောင်းမှုဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရသည့် ရွေးချယ်စရာ မရှိသည့် သတ္တဝါများ၏ ဘဝအခြေအနေ လုပ်ဆောင်ချက်များပင် ဖြစ်၏။ လက်တွေ့ဘဝတွင်လည်း အချို့နိုင်ငံ၊ အချို့ဒေသ၊ အချို့လူမျိုးများသည် မကောင်းသည့် အမှားအလုပ်များမှတပါး အခြားရွေးချယ်စရာမရှိသည့် ဘဝမျိုးဖြင့် ဖြတ်သန်းနေကြရသူများ ရှိတတ်၏။ လုပ်သမျှ ကာယကံ၊ ဝစီကံ၊ မနောကံများသည် အပြစ်နှင့်တကွ ဖြစ်နေသည့် မကောင်းသည့် အလုပ်များသာ ဖြစ်နေကြသူများလည်း ရှိတတ်၏။ အချို့လည်း မကောင်းမှုကို မကောင်းမှုဟု မသိဘဲ ပျော်ပျော်ပါးပါးဖြင့် မိမိတို့၏ လုံ့လပယောဂများကို အသုံးချနေကြရသူများလည်း ရှိနေပြန်၏။ မည်သို့ပင် ဖြစ်ပါစေ မိမိ၏ လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ရခြင်းသည် စင်စစ် မိမိကိုယ်တိုင်က ဖောက်ဖျက်ခဲ့ဖူးသည့် အလုပ်များကြောင့် ဖြစ်ပေါ်လာသည့် ဖောက်ပြန်မှုပင် ဖြစ်ပါပေ၏။

အရင်းစစ်သော် ဝိပတ္တိခေါ် ဖောက်ပြန်မှု အားလုံးတို့၏ တရားခံသည် မိမိတို့ ကိုယ်တိုင် မိမိတို့၏ ကိုယ်နှုတ်နှလုံး သုံးမျိုးလုံးကို မကောင်းသည့် အကုသိုလ် ဒုစရိုက်အမှုများတွင် မှားယွင်းစွာ ဖောက်ဖျက်ခဲ့သည့် လုပ်ဆောင်ချက်များကြောင့် ဖြစ်သည်ဟူသည့် အချက်ကို တွေ့သိကြရမည်သာ ဖြစ်၏။ ဖောက်ပြန်ခြင်း အားလုံး၏ အကြောင်းရင်းမှာ ဖောက်ဖျက်ခြင်းကြောင့်သာ ဖြစ်ကြောင်း ကောင်းစွာသိရှိကြရမည် ဖြစ်၏။ ဖောက်ပြန်မှုများနှင့် တွေ့ကြုံနေသမျှ ဖောက်ဖျက်မှုများ၏ အကျိုးဆက်များအဖြစ် သတိသံဝေဂ ယူကြရမည်သာ ဖြစ်၏။ သတိသံဝေဂ ယူပြီးလျှင်လည်း လက်ရှိကြုံတွေ့နိုင်သည့် ဖောက်ပြန်မှုများကို ဓမ္မအားဖြင့် ကျော်လွှားနိုင်အောင် ကြိုးစားကာ နောင်သံသရာတွင် မည်သို့သော ဖောက်ပြန်မှုမျိုးမှ တွေကြုံမှု မရှိနိုင်စေရန် ယခုလက်ရှိ အခြေအနေ၌ မိမိတို့၏ အကျင့်သီလနှင့် လုပ်ဆောင်ချက်များကို ဖောက်ဖျက်မှု မရှိကြရအောင် သတိတရား ဝိရိယအားဖြင့် ထိန်းသိမ်းကြရမည်သာ ဖြစ်၏။

ထို့ကြောင့် ဝိပတ္တိဟူသော ဖောက်ပြန်ခြင်းကို အလိုမရှိကြသော သူများအနေဖြင့် ဖောက်ပြန်ခြင်းဟူသည် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားအဖြစ် သတိပြုဆင်ချင်ကာ မိမိတို့ အလိုမရှိအပ်သည့် ဝိပတ္တိတရားများ မိမိတို့ထံသို့ မရောက်လာစေရန် ယခုလက်ရှိ အချိန်မှာပင် မိမိတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံများကို အကျင့်တရားပိုင်း၊ လုပ်ဆောင်မှုအပိုင်းနှင့် ကျင့်သုံးမှုအပိုင်းများတွင် မှားယွင်းသည့် ဖောက်ဖျက်မှုမျိုး မဖြစ်အောင် သတိတရားလက်ကိုင်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဖောက်ဖျက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဖောက်ပြန်မှုများမှ ရှောင်ကြဉ်ကာ မဖောက်မပြန် မှန်ကန်သည့် လမ်းမှန်ကိုသာ လျှောက်လမ်းကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Read more »

Live Questions and Answers (13)…

မနာပ ဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

22 Jun 11, 12:33 AM
သဲသဲ
အရှင်ဘုရား မေးခွန်းလေးတစ်ခုမေးခွင့်ပြုပါဘုရား ဘာသာခြားတစ်ယောက်က တပည့်တော်ကို မေးလာတယ်ဘုရား။ လူတွေသေလို့ သရဲဖြစ်ရင်ကမ္မ၀ါဖတ်ရင် ထွက်သွားပြီး ဘုန်းကြီးတွေပျံလွန်တော်မူလို့ရှိရင် ဘာကြောင့် ကမ္မ၀ါ ဖတ်ရင်မထွက်ရတာလဲတဲ့ဘုရား။ ဟိုတလောက ဇာတ်ကားထဲမှာလည်း သရဲက ဘုန်းကြီးတွေက ကမ္မ၀ါဖတ်တာကို ထွက်မသွားတဲ့အပြင် စကားတွေတောင် ပြန်ပြောနေသေးတာကိုလည်း နားမလည်ဘူးတဲ့ဘုရား ကျေးဇူပြုပြီး တပည့်တော်ကို ပြန်ဖြေပေးတော်မူပါဘုရား။

22 Jun 11, 06:37 PM
မနာပ ဒါယီ>>>သဲသဲ
တစ္ဆေသရဲ နာနာဘာဝ စတာတွေဟာ ပြိတ္တာတွေပဲ ဖြစ်ပါတယ်။ လူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် သေခါနီးမှာ အစွဲတစ်ခုခုနဲ့ သေသွားရင် ပြိတ္တာဘုံဘဝကို ရောက်သွားနိုင်ပါတယ်။ အဲဒီလို ပြိတ္တာဘဝကို ရောက်သွားတဲ့သူများဟာ သူတို့ရဲ့ အစွဲ၊ ဒါမှမဟုတ် အကုသိုလ် အကြီးအသေးကို လိုက်ပြီး အဲဒီဘုံဘဝက ကျွတ်မကျွတ်ကွာခြားပါတယ်။ ပရိတ်ပဋ္ဌာန်းကမ္မဝါစာ ရွတ်ဖတ်ပေးခြင်းဟာ သူတို့ကို အဲဒီဘဝက ကျွတ်အောင်လုပ်ပေးခြင်း မဟုတ်ပါဘူး။ ကျွတ်လည်းမကျွတ်နိုင်ပါဘူး။ အဲဒီနေရာကနေ ပြောင်းသွားဖို့၊ ထွတ်သွားဖို့အတွက်လောက်ပဲ ဖြစ်ပါတယ်။ ကျွတ်ဖို့ကတော့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှပေးဝေကာ သာဓုခေါ်စေမှ ကျွတ်မှာဖြစ်ပါတယ်။ ဒါတောင် ပြိတ္တာဘဝ ရောက်နေတဲ့သူက သာဓုခေါ်နိုင်မှပဲ ဖြစ်ပါတယ်။ တစ်ချို့ အရမ်းအကုသိုလ်ကြီးအစွဲကြီးတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီပြိတ္တာဘဝမှာ သာဓုမခေါ်နိုင်ဘဲ သက်တမ်းကုန်တဲ့အထိ ခံရတာလည်း ရှိတတ်ပါတယ်။ ဘုန်းကြီးတွေသေလို့ ပြိတ္တာဖြစ်ရင် ကမ္မဝါစာ ဖတ်လို့မရဘူး ဆိုတာကလည်း ခုနပြောသလို ဘုန်းကြီးဘဝက သေသွားလို့ဆိုတာထက် အစွဲအကုသိုလ် ကြီးလို့မရတာလို့ ဆိုရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက် အဲဒီလို သေသူအတွက် ကုသိုလ်လုပ်ပေးပေမယ့် သူတို့မရတာ၊ ပရိတ်ပဋ္ဌာန်းကမ္မဝါစာ ဖတ်လို့မရတာတွေဟာ သူတို့ကိုယ်တိုင်က အကုသိုလ်အစွဲကြီးလို့ ဖြစ်နိုင်သလို အလှူခံပုဂ္ဂိုလ်၊ ပရိတ်ပဋ္ဌာန်း ကမ္မဝါစာရွတ်ဖတ်ပေးတဲ့ ဆရာတော် သံဃာတော်များရဲ့ သီလသမာဓိပညာ အကျင့်ဂုဏ်ပြည့်စုံမှု၊ မပြည့်စုံမှုနဲ့လည်း ဆိုင်တတ်ပါတယ်။ သီလသမာဓိပညာအကျင့်ဂုဏ် ပြည့်စုံမှုမရှိရင် ပြိတ္တာဘဝရောက်နေသူတွေအတွက် အကျိုးသက်ရောက်မှု မရှိတာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဘုန်းကြီးသရဲ ကမ္မဝါစာ ဖတ်လို့မရဘူးဆိုတာ ဘုန်းကြီးသရဲဖြစ်လို့ဆိုတာထက် အစွဲအကုသိုလ်ကြီးလို့လို့ဆိုခြင်း ဖြစ်ပါတယ်။ ဒါကလည်း ဘုန်းကြီးသရဲတိုင်း မဟုတ်ဘဲ အစွဲအကုသိုလ်အရမ်းကြီးတဲ့ အချို့အနည်းငယ်သာ ဖြစ်ပါကြောင်း သိစေလိုပါတယ်။

28 Jun 11, 05:46 AM
တောက်ပကြယ်စင်

ဘုန်းကြီးဘုရား မင်္ဂလာပါဘုရား ရန်ကုန်က တပည့်တော်ဒကာမတစ်ယောက်က သက်ရှိထင်ရှားနေသူကို အမျှပေးဝေလို့ ရမရ တပည့်တော်ကို မေးမြန်းလာလို့ ဘုန်းကြီးကို တစ်ဆင့်မေးမြန်းခွင့်ပြုပါဘုရား...သူနေတဲ့နေရာက ခနက်ရှင် သိပ်ကောင်းပုံမရဘူးဘုရား ဒါကြောင့် တပည့်တော်က အီးမေးလ်ကနေတစ်ဆင့် သူ့ဆီကို စာပြန်ရေးရမယ်ဘုရား အားလပ်တဲ့အခါ ဖြေကြားပေးတော်မူပါဦးဘုရား ဘုန်းကြီးဆိုဒ်ပေါ်တင်ထားရင်လည်း တပည့်တော်အဲဒီကနေ ပြန်ကူးလိုက်မယ်ဘုရား

မနာပ ဒါယီ>>> တောက်ပကြယ်စင်
မင်္ဂလာပါ ညီတော်ရေ..
တစ်ဆင့်မေးတာဆိုတော့ တစ်ဆင့်ပြန်ဖြေပေးလိုက်ပါဦး။ အမျှဝေတာနဲ့ ပတ်သက်လို့ သက်ရှိထင်ရှား ရှိနေသူကို အမျှပေးဝေလို့ ရပါတယ်။ ဘယ်ဘဝ ရောက်သွားတယ်ဆိုတာ မသေချာတဲ့ သေသူကိုရည်စူးပြီး အမျှဝေတာထက် လက်ရှိအသက်ရှင်နေသူကို အမျှဝေတာက ပိုတောင်ကောင်းပြီး၊ ကုသိုလ်ကောင်းမှုကို အမျှရဖို့ ပိုတောင်သေချာပါသေးတယ်။ ဒါပေမယ့် အမျှဝေသူကလည်း ထက်သန်တဲ့သဒ္ဓါ၊ စစ်မှန်တဲ့ စေတနာနဲ့ အမျှဝေပြီး အမျှယူသူကလည်း နှစ်လိုဝမ်းမြောက်စွာ သာဓုခေါ်နိုင်မှ ကုသိုလ်ကောင်းမှုကို အမျှရနိုင်မှာ ဖြစ်ပါတယ်။ စာပေမှာလာတဲ့ ပတ္တိဒါနဆိုတာ မိမိရရှိတဲ့ ကုသိုလ်အဖို့ကို တခြားသူများအားလည်း အညီအမျှ ရပါစေဆိုတဲ့ ဆန္ဒနဲ့ အမျှအတမ်းပေးဝေခြင်းမျိုးကို ဆိုတာဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်ကို အမျှဝေဖို့ဆိုတာ အမျှဝေမယ့်သူကိုယ်တိုင် အရင်ဆုံး ကုသိုလ်ကောင်းမှုကို ရအောင်လုပ်ယူရမှာ ဖြစ်ပါတယ်။ ဝတ်ကျေတန်းကျေ လုပ်တဲ့ကုသိုလ်မျိုး မဟုတ်ဘဲ အလှူပေး၊ အလှူခံ၊ အလှူဝတ္ထုပြည့်စုံအောင် လုပ်ပြီး စေတနာသုံးတန် ပြတ်သားစွာနဲ့ ကုသိုလ်ကောင်းမှုကို ရအောင်လုပ်ပြီး မိမိရတာနဲ့အညီ သူတပါးလည်း ရပါစေလို့ အမျှဝေခြင်းမျိုးကို ပတ္တိဒါနလို့ ခေါ်တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အမျှဝေးနိုင်မယ်ဆိုရင် အမျှဝေတဲ့သူဘက်က ပြည့်စုံတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလို သဘောမျိုးနဲ့ အမျှပေးဝေနိုင်မယ်ဆိုရင် အမျှယူသူ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အမျှဝေသူမှာ ပတ္တိဒါနကုသိုလ်ကို ရပြီးဖြစ်ပါတယ်။

ဒီလိုပဲ ပတ္တာနုမောဒနာဆိုတာ မိမိထံသို့ ရောက်လာတဲ့ ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တာကို ဆိုတာ ဖြစ်ပါတယ်။ သူတပါးရဲ့ ကုသိုလ်ကောင်းမှုကို အညီအမျှ ရယူဖို့ သာဓုခေါ်ကြတဲ့ အမျှယူသူ အနေနဲ့လည်း တကယ့်ကို စစ်မှန်တဲ့စေတနာနဲ့ ဝမ်းမြောက်ဝမ်းသာ မုဒိတာတရားထားပြီး သာဓုခေါ်နိုင်မယ်ဆိုရင် အမျှဝေတဲ့သူနဲ့အတူ အညီအမျှ ရနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က လိုလိုလားလား စေတနာမထား၊ သဒ္ဓါတရားမပွားဘဲ သူများသာဓုခေါ်လို့ ခေါ်လိုက်တဲ့သဘောမျိုး၊ အကျင့်ပါနေလို့ ခေါ်လိုက်တဲ့သဘောမျိုး၊ ဝတ်ကျေတန်းကျေ သာဓုခေါ်တဲ့ သဘောမျိုးဆိုရင် အမျှယူသူအနေနဲ့ ကုသိုလ်အဖို့ကို အမျှမရနိုင်ပါဘူး။ ဒီလိုဆိုရင် ပတ္တာနုမောဒနာကုသိုလ်လည်း ရနိုင်မှာ မဟုတ်ပါဘူး။ အမျှယူသူ အနေနဲ့ အလှူရှင်က ကိုယ့်ကို သီးသန့်ရည်ရွယ်ပြီး အမျှဝေတာမျိုးမဟုတ်လည်း အလှူရှင်ရဲ့အလှူကို ကြည့်ပြီးကိုယ့်အသိနဲ့ကိုယ် တကယ့်ကို မှန်ကန်တဲ့စိတ်စေတနာနဲ့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်မယ်ဆိုရင်လည်း ကုသိုလ်စိတ်ဖြစ်ပြီး ကုသိုလ်တိုးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကုသိုလ်ကောင်းမှုကိုပြုပြီး သက်ရှိထင်ရှားရှိသူကိုဖြစ်စေ၊ သက်ရှိထင်ရှား မရှိတဲ့သူကို ဖြစ်စေ ရည်မှန်းရည်စူးကာ အမျှပေးသူနဲ့ အဲဒီကုသိုလ်ကို သာဓုခေါ်ကာ ရယူကြမယ့် အမျှယူသူတွေ အနေနဲ့ အမျှပေးဝေမှုနဲ့ အမျှယူမှု အထမြောက်အောင်မြင်ဖို့၊ ကုသိုလ်ကောင်းမှုအကျိုးကို အညီအမျှ ရဖို့အတွက် အမျှပေးသူကလည်း စေတနာသဒ္ဓါတရား ထက်သန်ဖို့လိုသလို အမျှယူသူကလည်း ကောင်းမွန်တဲ့ စေတနာနဲ့ ဝမ်းမြောက်ဝမ်းသာ မုဒိတာပွားကာ သာဓုခေါ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို နှစ်ဖက်ပြည့်စုံကြမယ်ဆိုရင် နှစ်ဦးနှစ်ဘက်လုံး ကုသိုလ်ကောင်းမှုကို အညီအမျှ ရနိုင်ပါကြောင်း အသိပေး ဖြေကြားလိုက်ရပါတယ်။

30 Jul 11, 02:02 AM
k s m
ဆရာတော်ဘုရား တပည်တော် မရှင်းတာလေးတွေရှိ မေးလျှောက်ခွင့်ပြုပါဘုရား။ ဆရာတော်ဘုရား လူတွေဟာကောင်းတာနဲ့ မကောင်းတာတွေလုပ်ရင် မကောင်းတာက အကျိုးပေးမြန်တယ်လို့ ပြောကြတယ်ဘုရား အဲဒါမှန်လားဘုရား။


30 Jul 11, 06:46 AM
မနာပ ဒါယီ>> k s m
ကောင်းတာနဲ့ မကောင်းတာ ဘယ်ဟာက အရင်အကျိုးပေးတာလဲဆိုရင် စေတနာအားကြီးတဲ့ကံက အရင်အကျိုးပေးတာလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် မကောင်းတာက အရင်အကျိုးပေးတယ်လို့ ထင်ရတတ်တာက သတ္တဝါတွေဟာ ကောင်းတာနဲ့ မကောင်းတာဆို မကောင်းတဲ့အလုပ်တွေမှာ ပိုပြီးစေတနာ အားကောင်းနေတတ်ပြီး ကောင်းတဲ့အလုပ်တွေမှာဆို စေတနာက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း စေတနာ အားကောင်းကောင်းနဲ့ လုပ်ခဲ့တဲ့ အကုသိုလ်က အားကြီးပြီး အရင်အချိုးပေးတဲ့အခါ အကုသိုလ်က ပိုပြီးအကျိုးမြန်တယ်လို့ ထင်ရခြင်းဖြစ်ပါတယ်။ ကောင်းတဲ့ကံတွေကတော့ ပြုလုပ်သူတွေကိုယ်တိုင် အကြောင်းအမျိုးမျိုးကြောင့် စေတနာသဒ္ဓါတရားက ပြည့်စုံသင့်သလောက် မပြည့်စုံဘဲ ဖြစ်တတ်ပါတယ်။ အဲဒီလို မပြည့်စုံတဲ့အတွက်ကြောင့်လည်း ကောင်းမှုကုသိုလ်ဟာ အကျိုးပေးတဲ့အခါမှာလည်း အားနည်းပြီး အချိန်တန်မှသာ အကျိုးပေး ရောက်လာတတ်တဲ့ သဘောဖြစ်ပါတယ်။ အကုသိုလ်လည်း အချိန်တန်မှ အကျိုးပေးတာဆိုပေမယ့် စေတနာအားကောင်းတာရယ်၊ အားကောင်းတဲ့စေတနာက အကျိုးပေးချိန်ကို ကျစေတာရယ်ကြောင့် အမြန်အကျိုးပေးတာလို့ ပြောရခြင်း ဖြစ်ပါတယ်။ အဓိကကတော့ ပြုလုပ်သူရဲ့ စေတနာအားကြီးမှု၊ မကြီးမှုက အဓိကပဲ ဖြစ်ပါတယ်။

Read more »

စိတ်ဓာတ်လေးတွေ ကျနေတဲ့အခါ

ဘုန်းဘုန်းကို ဒကာလေးတစ်ယောက်က “အရှင်ဘုရား တပည့်တော် အခုစိတ်ဓာတ်ကျနေလို့ တရားတစ်ပုဒ်လောက် ချီးမြင့်ပါဘုရား”လို့ တောင်းဆိုထားဖူးပါတယ်။ သူတောင်းဆိုတဲ့အချိန်က ဘုန်းဘုန်းမှာ အလုပ်နည်းနည်းရှုပ်နေတာနဲ့ ချက်ချင်းအကြောင်းမပြန်နိုင်၊ သူတောင်းဆိုထားတဲ့ တရားတစ်ပုဒ်ကိုလည်း အဲဒီတုန်းက မဟောပြနိုင်ခဲ့ပါဘူး။ အခုမှပဲ သူတောင်းဆိုထားတာလေးကို အကြောင်းပြန်ရင်း သူလို စိတ်ဓာတ်လေးတွေ ကျတတ်ကြတဲ့ သူတွေအတွက်လည်း နည်းနည်းပဲဖြစ်ဖြစ် အထောက်အကူ ဖြစ်ပါစေဆိုတဲ့ ဆန္ဒနဲ့ စာလေးတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်ကျတာကတော့ သူလိုလောကီလူသားတွေ မပြောနဲ့ သာသနာ့ဘောင်မှာ ရောက်နေကြတဲ့ ဘုန်းဘုန်းတို့လို သာသနာ့ဝန်ထမ်းတွေလည်း ဖြစ်ကြတာပါပဲ။ နာမ်ရုပ်နှစ်ပါးကို ပိုင်ဆိုင်ထားတဲ့ သာမန်ပုထုဇဉ်တွေ ဖြစ်နေသမျှတော့ စိတ်ဓာတ်ကျတာတွေ၊ စိတ်ဓာတ်တက်တာတွေ၊ စိတ်ညစ်တာတွေ၊ စိတ်ဖိစီးတာတွေ၊ စိတ်ဂယောက်ဂယက် ဖြစ်တာတွေဟာ အနည်းနဲ့အများ ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း ဖြစ်အောင်ကြိုးစား နေထိုင်နိုင်တဲ့ သူတွေကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဒီစိတ်ဓာတ်ကျတာတွေကို ပြုပြင်ထိန်းသိမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်လေးတွေကျတဲ့အခါ ကိုယ့်ကိုယ်ကို သတိ၊ သမာဓိ၊ ပညာ၊ ဝိရိယတရားလေးတွေနဲ့ ပဲ့ကိုင်ကာ ထိန်းကျောင်းပေးကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ စိတ်ဓာတ်ကျတယ်ဆိုတာ စိတ်ကအာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်တွေကျနေလို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်ကျနေသမျှ စိတ်မှာလည်း တန်ပြန်သက်ရောက်မှု အနေနဲ့ အဲဒီဓာတ်တွေ ကူးဆက်လာပြီး တဖြည်းဖြည်းနဲ့ ကျလာတော့တာ ဖြစ်ပါတယ်။ အဲဒီလို အခါမျိုးမှာ စိတ်ဓာတ်ကျတယ်၊ စိတ်ညစ်တယ်၊ စိတ်ဖိစီးတယ်ဆိုတာတွေ ဖြစ်လာကြတော့တာ ဖြစ်ပါတယ်။ စိတ်ဆိုတဲ့ သဘောက သတိနဲ့ ထိန်းမထားဘူးဆိုရင် အာရုံတွေနောက်ကို လိုက်ခံစားပြီး မြင်သမျှ၊ ကြားသမျှ၊ နံသမျှ၊ ခံသမျှ၊ ထိသမျှ အာရုံစတာတွေမှာ စွဲနေတော့တာ ဖြစ်ပါတယ်။ စွဲတာမှ တနုံ့နုံ့နဲ့ကို စွဲနေတတ်တာပါ။ တွေးတိုင်းတွေးတိုင်း ဒီအာရုံတွေပဲ ထင်ထင်လာတဲ့အတွက် အဲဒီအာရုံတွေရဲ့ ချည်နှောင်မှုတွေကြောင့် စိတ်မှာ ရုန်းမထွက်နိုင်အောင်ဖြစ်ပြီး နောက်ဆုံး အားတွေပါ ကျလာတော့တာ ဖြစ်ပါတယ်။ ဒါဟာ စိတ်ကို အာရုံတွေနောက်မှာ လိုက်လိုက်ပြီး ဓာတ်တွေကျနေရာက စိတ်ဓာတ်တွေ ကျတယ်ဆိုတာ ဖြစ်လာတဲ့ သဘောပဲ ဖြစ်ပါတယ်။

စိတ်ရဲ့သဘောက လွှတ်ထားရင်း လွှတ်ထားသလောက် သွားချင်ရာကိုသွားပြီး ရောက်ချင်ရာကို ရောက်တတ်တဲ့အပြင် စွဲချင်ရာကိုစွဲပြီး ကျချင်ရာကို ကျတတ်တဲ့ သဘောလည်းရှိပါတယ်။ အဲဒီလို သွား၊ ရောက်၊ စွဲ၊ ကျတဲ့အခါတွေမှာလည်း ကောင်းတဲ့အာရုံတွေမှာ မဖြစ်တတ်ဘဲ မကောင်းတဲ့ အာရုံတွေမှာပဲ ဖြစ်တတ်တဲ့ သဘောရှိပါတယ်။ စိတ်ဟာမကောင်းမှုမှာ မွေ့လျော်တတ်တယ်လို့ ဆိုတဲ့အတိုင်း သတိမရှိတဲ့ စိတ်ဟာ မကောင်းတဲ့အာရုံတွေမှာပဲ ပျော်မွေ့ကာ ဓာတ်တွေကျနေတဲ့ သဘောတွေရှိပါတယ်။ အာရုံဆိုတာက ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် စိတ်ကိုစွဲလန်းစေတတ်ပါတယ်။ စိတ်ကို သတိကပ်မထားရင် အဲဒီစိတ်က အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ စတဲ့အာရုံတွေမှာ စွဲလန်းမိပြီး ကောင်းရင်လည်း လောဘတဏှာဖြစ်လိုက်၊ မကောင်းရင်လည်း ဒေါသမကြည်သာဖြစ်လိုက်နဲ့ စွဲလေလေ ဒုက္ခဖြစ်လေလေပဲ ဖြစ်ပါတယ်။ ဒါဟာ အာရုံနောက်ကို စိတ်လိုက်ရာက အစွဲများပြီး တဖြည်းဖြည်းနဲ့ တဏှာတွေရကာ ကုသိုလ်အားတွေ ကျလာတဲ့ သဘောပဲ ဖြစ်ပါတယ်။

လူအတော်များများက ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ကြတဲ့အတွက် တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် “ငါ့ကို ဘယ်သူကတော့ ဘာပြောလိုက်တာ၊ ဘယ်လိုဆက်ဆံလိုက်တာ၊ ဘာပေးလိုက်တာ၊ ငါ့ကိုမှ ဒီလိုလုပ်ရက်လိုက်တာ၊ ငါလိုချင်တဲ့ ဒီအဆင်း၊ ငါကြားချင်တဲ့ ဒီအသံ၊ ငါနမ်းချင်တဲ့ ဒီအနံ့၊ ငါခံစားချင်တဲ့ ဒီအရသာ၊ ငါတွေ့ထိချင်တဲ့ ဒီလိုအတွေ့အထိမျိုး တွေ မဟုတ်ဘဲ ငါမလိုချင်တဲ့ ဒီအဆင်းအသံအနံ့ စတာတွေမှ ငါ့ဆီကို ရောက်မှ ရောက်လာရတယ်လို့…” စသဖြင့် လိုချင်တဲ့အာရုံ၊ မလိုချင်တဲ့ အာရုံတွေနောက်ကို စိတ်ကလိုက်သွားရင်း ကြာတော့ ဖြစ်ချင်တိုင်းမဖြစ်ဘဲ မဖြစ်ချင်တာတွေ ဖြစ်ဖြစ်နေရာက စိတ်ဓာတ်တွေ ကျတဲ့အထိ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အာရုံတွေနောက်ကိုလိုက်ပြီး ဓာတ်တွေကျနေရာက စိတ်တွေပါ ကျလာတဲ့ သဘောပဲ ဖြစ်ဖြစ်ပါတယ်။

ဆိုတော့ကား စိတ်ဓာတ်ကျရခြင်းရဲ့ အကြောင်းကို ရှာကြည့်လိုက်တော့ အာရုံတွေနောက်ကို စိတ်ကလိုက်နေကြလို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့အာရုံတွေမှာ စိတ်ကိုကပ်ထားပြီး အဲဒီအာရုံတွေပဲ စိတ်ထဲမှာရောက်ရောက်နေကြလို့ပဲ ဖြစ်ပါတယ်။ ဘယ်သူကတော့ ဘာပြောလိုက်လို့၊ ဘယ်သူကတော့ ဘယ်လိုဆက်ဆံလိုက်လို့ စတဲ့ အတွေးအာရုံတွေ၊ အမြင်အာရုံတွေ၊ အပြုအမူအာရုံတွေမှာ စိတ်က ရုန်းမထွက်နိုင်ကြတဲ့အတွက် အခုလို စိတ်ဓာတ်ကျတာတွေ၊ စိတ်ညစ်တာတွေ ဖြစ်နေကြခြင်း ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ ဒီလိုအာရုံတွေကနေ ရုန်းထွက်နိုင်ဖို့ကတော့ အာရုံကောင်းတွေနဲ့ ပြန်ပြီးရယူကြဖို့ပဲ ဖြစ်ပါတယ်။ အာရုံကောင်းတွေ ရယူနိုင်ဖို့ဆိုတာလည်း ဘုရားအား၊ တရားအားကို ယူမှပဲ ဖြစ်မှာပါ။ ဘုရားနဲ့ ဘုရားရဲ့ဂုဏ်၊ ဘုရားဟောတဲ့ တရားတော်ရဲ့ လမ်းညွှန်မှုနဲ့ စွမ်းအားတွေကပဲ ကျနေတဲ့ စိတ်ဓာတ်တွေကို တက်လာအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ အတွက်ကလည်း ကိုယ်ကိုယ်တိုင်က ကိုယ့်သန္တာန်မှာ သတိတရား၊ သဒ္ဓါတရား၊ ပညာတရား၊ သမာဓိတရား၊ ဝိရိယတရားတွေ အားကောင်းလာအောင် ပြုစုပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။

ဒီတော့ စိတ်ဓာတ်ကျတဲ့သူတွေ အနေနဲ့ စိတ်ဓာတ်ကျလေလေ ဘုရားအားကို များများယူလေ၊ တရားအားကို များများယူလေလုပ်ပြီး ကျနေတဲ့စိတ်ကို ပြန်တက်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အခါ အဲဒီစိတ်ဓာတ်ကျစရာ အကြောင်းတွေကိုပဲ တွေးနေမိတတ်ပြီး ဘာမှမလုပ်ချင် မကိုင်ချင်အောင် ဖြစ်နေတတ်ပေမယ့် အဲဒီလိုအခါမျိုးမှာ ရတနာသုံးပါးရဲ့ အားကိုယူပြီး ပြန်ထနိုင်အောင်၊ စိတ်ဓာတ်လေးတွေ ပြန်တက်လာအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားရှင်ရဲ့ အနှိုင်းမဲ့အားတွေကို ယူပြီး ဘုရားဂုဏ်ကို များများပွားကာ နှလုံးသားထဲမှာ ဘုရားနဲ့အတူ ရှိနေအောင် ကြိုးစားကြည့်သင့်ပါတယ်။ အဲဒီလို ဘုရားအားကို ယူထားမယ်ဆိုရင် ဘုရားကို ကိုးကွယ်းထားတဲ့သူ တစ်ယောက်အတွက် များများကိုးစားလေ များများအကာအကွယ်ရလေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျလေ ဘုရားကိုများများ ရှိခိုးလေ၊ မေတ္တာများများပွားလေ၊ ကိုယ့်စိတ်ကို ကိုယ်မြင်အောင်ကြည့်ပြီး ဘာဝနာအလုပ် များများအားထုတ်လေ လုပ်နိုင်မယ်ဆိုရင် ကျနေတဲ့စိတ်ဓာတ်တွေဟာ သိသိသာသာကို ပြန်ပြီးတက်လာမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျစရာ အကြောင်းတွေကို ခေါင်းထဲက မြန်မြန်ပျောက်အောင်ထုတ်ပစ်ပြီး ရထားတဲ့ ဘုရားရှိခိုးတွေ၊ ရထားတဲ့ ရွတ်ဖတ်စရာတွေ၊ သိထားတဲ့ သမထ ဝိပဿနာ အကျင့်လေးတွေကို အချိန်ယူအားစိုက်ပြီး လုပ်လိုက်မယ်ဆိုရင် အမှန်ပဲ စိတ်ဓာတ်ခွန်အားတွေ တက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ အာရုံတွေမှာ စိတ်ကလိုက်ပြီး ဓာတ်တွေကျနေလို့ စိတ်ပျက်နေတဲ့သူတွေ အနေနဲ့ တစ်ခါပြန်ပြီး ခွန်အားတွေ တက်စေမယ့် အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။

အသိဒကာလေးတစ်ယောက်ဆိုရင် စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံတိုင်းသီလယူ၊ ဘုရားရှိခိုးပြီး ပရိတ်ပဋ္ဌာန်းစာအုပ်ကိုလှန်ပြီး ရှိသမျှပရိတ်တွေ၊ ရသမျှ ပဋ္ဌာန်းတွေကို ရွတ်တတ်တဲ့အလေ့အကျင့်ကို လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူ့ကိုယ်တွေ့အရ ရွတ်ပါများလာတော့ အဓိပ္ပါယ်ကို အပြည့်အဝ မသိပေမယ့် နေ့စဉ်ဝတ်တစ်ခုလိုဖြစ်ကာ မပျက်အောင် ကြိုးစားနေဖြစ်ပြီး ဒီအလုပ်တွေကြောင့်ပဲ စိတ်မှာဘာမှ အထူးတလည် စိုးရိမ်မှုတွေ မရှိတော့တဲ့အပြင် အရင်တုန်းက ခဏခဏ ဖြစ်တတ်တဲ့ စိတ်ဖိစီးတာတို့၊ စိတ်ဓာတ်ကျတာတို့လည်း တဖြည်းဖြည်း လျော့လာတယ်လို့ ဆိုပါတယ်။ သူကတော့ သူ့ကိုယ်တွေ့မို စိတ်ဓာတ်ကျတဲ့အခါတိုင်း၊ စိတ်ဖိစီးမှုဖြစ်တဲ့အခါတိုင်း၊ အတိုက်အခိုက်တွေ ဖြစ်တဲ့အခါတိုင်း ရတနာသုံးပါးရဲ့ အားကိုယူပြီး ကာကွယ်တာဟာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ ဒီဒကာလေး ပြောသလိုပဲ စိတ်ဓာတ်ကျတဲ့အခါ၊ စိတ်ဖိစီးမှုတွေ ရှိတဲ့အခါ၊ အတိုက်အခိုက် တွေ့နဲ့ကြုံတဲ့အခါ၊ အတက်အကျ အနိမ့်အမြင့် လောကဓံတွေနဲ့ ကြုံတဲ့အခါ အကောင်းဆုံး စိတ်ခွန်အားကို ဖြစ်စေမယ့်အရာတွေကတော့ ဘုရားအားနဲ့ တရားအားကို ယူတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တရားတစ်ခုခု ဟောပေးနေတဲ့ သံဃာတော်များရဲ့ တရားစကားကို နားထောင်ပြီး စိတ်ဓာတ်တွေကို မြင့်တင်ကြည့်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ကျနေတဲ့ စိတ်ဓာတ်ကို ပြန်တက်အောင် လုပ်သင့်ပါတယ်။

ဒါပေမယ့် တစ်ချို့က ဒီလိုအကောင်းဆုံး နည်းတွေကို မသိတော့ စိတ်ဓာတ်ကျတဲ့အခါတိုင်း၊ စိတ်ဖိစီးမှုတွေ ရှိတဲ့အခါတိုင်း၊ လောကဓံတွေနဲ့ ကြုံတဲ့အခါတိုင်း အပေါင်းအသင်းတွေနဲ့ အရက်ဆိုင်သွား၊ နှိုက်ကလပ်သွား၊ အပျော်အပါးတွေ လိုက်စားပြီးပဲ ကုစားလေ့ရှိတတ်ပါတယ်။ အဲဒီလိုလုပ်ကာမှ စိတ်ဓာတ်တွေ မတက်ဘဲ ပြဿနာမျိုးစုံတက်ပြီး ဒုက္ခမျိုးစုံနဲ့ကြုံလို့ ပိုပြီးစိတ်ဓာတ်ကျရတဲ့ သူတွေကလည်း အများကြီးပဲ ဖြစ်ပါတယ်။ အမှန်တော့ မကောင်းတာတွေကြုံရင် ကောင်းတာတွေနဲ့ ကာကွယ်ပေးမှ၊ ကောင်းတာတွေနဲ့ ဖြည့်ပေးထားမှ အဲဒီမကောင်းတာတွေလည်း ပပျောက်သွားမှာ ဖြစ်ပေမယ့် တစ်ချို့က အဲဒီလို စိတ်ကူးမရှိဘဲ မကောင်းတာတွေကြုံတိုင်း မကောင်းတာတွေနဲ့ပဲ ဖြေတတ်ကြတော့ မကောင်းတာတွေပဲ ထပ်ရောက် လာကြတော့တာ ဖြစ်ပါတယ်။ အဲဒီတော့ စိတ်ဓာတ်တွေက ပိုပြီးကျကုန်တော့တာ ဖြစ်ပါတယ်။ ဖြစ်သင့်တာက မကောင်းတာတွေ များများကြုံလေ ကောင်းတာတွေကို များများခြုံလေပဲ ဖြစ်သင့်ပါတယ်။ ဒါမှ အကောင်းတွေရဲ့ အစွမ်းနဲ့ အကောင်းတွေပြန်စုံလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတာတွေ တွေ့ကြုံရလို့ စိတ်ဓာတ်တွေကျနေကြတဲ့ သူတွေအနေနဲ့ စိတ်ဓာတ်ကျတယ်ဆိုတယ် အဲဒီလို မကောင်းတဲ့ အာရုံတွေနောက်ကို စိတ်ကလိုက်ပြီး ဓာတ်တွေကျနေတဲ့ အတွက်ကြောင့်ပဲဆိုတာ သဘောပေါက်သိမြင်ပြီး မကောင်းတဲ့ အာရုံတွေနောက်ကို စိတ်က လိုက်မသွားရအောင်၊ ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်ပြီးတက်လာရအောင် စိတ်ဓာတ်တွေကျတိုင်း၊ စိတ်ဖိစီးမှုတွေရှိတိုင်း၊ အတက်အကျလောကဓံတွေနဲ့ ကြုံတိုင်း ဘုရားအား၊ တရားအားနဲ့ သံဃာအားကိုယူပြီး ဘုရားတရားအလုပ်ကိုသာ များများဖိလုပ်ကြရင်း စိတ်ခွန်းအားတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ကာ စိတ်ဓာတ်တွေကို အမြန်ဆုံး ပြန်တက်အောင်သာ ကြိုးစားကြည့်ကြပါလို့ စေတနာစကား၊ မေတ္တာအားနဲ့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ