မေတ္တာအကြောင်း တစ်စေ့တစ်စောင်း…

“မေတ္တာသည် အလျားအနံ မရှိသော်လည်း အသွားအပြန်ရှိသည်” ဟူသော ဆိုရိုးစကား တစ်ခုရှိ၏။ မေတ္တာ အားကောင်းလျှင် ထိုမေတ္တာ၏အစွမ်းသည် အလွန်မုန်းသည့်သူကိုပင် ယဉ်ကျေးစေ၊ ကြမ်းတမ်းသည့် သူကိုပင် နူးညံ့စေ၊ ဝေးနေသောသူကိုပင် နီးနေစေပေ၏။ မေတ္တာအားကောင်းလျှင် မိမိက မျှော်လင့်မထားသော်လည်း ရောက်ရာအရပ်တိုင်းတွင် လူလည်းချစ်သကဲ့သို့ နတ်လည်းချစ်ခြင်းကို ခံရတတ်၏။ လူလည်းမစသကဲ့သို့ နတ်လည်းမစခြင်းကို ရရှိတတ်၏။ လူလည်းကူညီသကဲ့သို့ နတ်လည်းကူညီခြင်းကို ခံရတတ်၏။ မေတ္တာဓာတ်အားကောင်းသည့်သူ၏ မျက်နှာသည် ကြည့်သူတိုင်းကိုပင် အေးမြစေမှုကို ဖြစ်စေတတ်၏။ ရုပ်ရည်အဆင်း လှပခြင်း မရှိသော်လည်း မေတ္တာများနေလျင် ချစ်စရာလည်း များနေမည်သာ ဖြစ်၏။ မေတ္တာဓာတ်သည် မရောက်နိုင်သည့် နေရာမရှိသကဲ့သို့ မဖောက်နိုင်သည့် အရာဟူသည်လည်း မရှိလှပေ။ မေတ္တာသည် အလွန်အားကြီးသည့် ဒေါသကိုပင် အနိုင်ယူနိုင်သဖြင့် မေတ္တာလက်နက်သည် အကောင်းဆုံး လက်နက်ဖြစ်ကြောင်းလည်း ဆိုလေ့ရှိကြ၏။ ဤသည်မှာ မေတ္တာ၏ တန်ပြန်သက်ရောက်မှု တစ်စိတ်တစ်ဒေသပင် ဖြစ်ပါ၏။

မြတ်စွာဗုဒ္ဓကိုယ်တော်တိုင်ပင် မေတ္တာဓာတ်ဖြင့် ဆန့်ကျင်ဘက်များကို အေးမြစေခဲ့၏။ မြတ်ဗုဒ္ဓ၏ အောင်နိုင်ခြင်းများကို ကြည်ညိုကြည့်ပါက မေတ္တာဖြင့် အောင်နိုင်ခြင်းများကိုသာ တွေ့ရမည်ဖြစ်၏။ အလွန်ကြမ်းတမ်းသည့် အင်္ဂုလိမာလကဲ့သို့သော သူများ၊ ဒေါသအလွန် ပြင်းထန်သည့် သစ္စကကဲ့သို့သော ပုဂ္ဂိုလ်များ၊ ခွန်အားကြီးမားသည့် နာဠာဂိရိကဲ့သို့သော ဆင်ပြောင်ကြီးများ စသည့် အာဂစွမ်းအားရှင်များကိုလည်း မေတ္တာဓာတ်များ ဖြန့်လွှမ်းကာ ကရုဏာတရားများဖြင့် နူးညံ့မှုကို ဖြစ်ပွားစေခဲ့၏။ အလွန်အဆဲသန်သည့် အက္ကောသ ဘာရဒွါဇကဲ့သို့သော ပုဏ္ဏားများကိုလည်း မေတ္တာဖြင့် အဆဲငြိမ်းအောင် ပြုလုပ်ပေးခဲ့ဖူး၏။ ဒေါသဖြင့် အနိုင်ယူလိုသူကို မြတ်ဗုဒ္ဓက မေတ္တာဖြင့် ငြိမ်းအေးစေခဲ့၏။ ဒေါသဖြင့်တိုက်ခိုက် ပြောဆိုလာလျှင်လည်း တန်ပြန်ဒေါသထွက်ခြင်း မရှိဘဲ မေတ္တာဓာတ်ဖြင့် ပျော့ပြောင်းစေခဲ့၏။ မေတ္တာ၏ အစွမ်းသည် ထိုမျှလောက် အားကြီးလှ၏။ ထို့ကြောင့် အရာရာတွင် မေတ္တာသည်သာ အအေးမြဆုံးသော အရာဖြစ်ပြီး မေတ္တာဖြင့်သာ ပူလောင်မှုများကို ငြိမ်းအေးစေနိုင်ကာ မေတ္တာအားသည်သာ အကြီးမားဆုံးသောအား ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

မေတ္တာဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ မြန်မာလူငယ်များအကြား တစ်ခါတရံ ကြားတတ်သည့် စကားလေးများ ရှိတတ်၏။ “ဒို့က မင်းအပေါ်မှာ ဘယ်လို မေတ္တာရှိနေလို့ပါ၊ ဒို့မေတ္တာကို လက်ခံပေးပါ” စသည်ဖြင့် ပြောဆိုလေ့ရှိကြ၏။ ထိုလူငယ်များ၏ မေတ္တာဟူသည် ချစ်ခင်ခြင်းဟု အဓိပ္ပါယ်ရ၏။ စင်စစ် ထိုသဘောသည် မေတ္တာမဟုတ်၊ ပီယခေါ် ပေမ၏ သဘောပင်ဖြစ်၏။ ပေမသည် ချစ်ခြင်းဟု အဓိပ္ပါယ်ရပြီး ထိုပေမကိုလည်း တစ်ခါတရံ တဏှာဟု ဖွင့်ဆိုရှင်းပြတတ်ကြ၏။ သို့ဆိုလျင် ယနေ့ခေတ် လူအချို့ အသုံးပြုနေကြသည့် မေတ္တာဟူသော အသုံးအနှုန်းသည် မေတ္တာစစ်မဟုတ်သည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ အမှန်အားဖြင့် ထိုမေတ္တာ၏ တိုက်ရိုက်အဓိပ္ပါယ်မှာ အကျိုးလိုလာခြင်းဟု အဓိပ္ပါယ်ရ၏။ မိမိအတွက်မပါ သူတပါးအကျိုးကို လိုလားခြင်းသက်သက်သာ ဖြစ်ပါ၏။ ထိုသို့ မိမိအတွက်မပါ စစ်မှန်သည့် စေတနာဖြင့် သူတပါးအကျိုးကို လိုလားခြင်း သဘောရှိနေသဖြင့် ထိုမေတ္တာသည် ငြိမ်းအေးခြင်းသဘော၊ ငြိမ်းချမ်းခြင်း သဘောရှိသည်ဟု ဆိုခြင်းဖြစ်ပါ၏။ သတ္တဝါများသည် မိမိအကျိုးကို လိုလားမှု အားများလာလျင် မေတ္တာဓာတ်များလည်း ခေါင်းပါးလာတတ်ပြီး အကျိုးစီးပွား မဲ့မှုများသာ အဖြစ်များတတ်သဖြင့် မေတ္တာများများ ထားနိုင်ရန် ကြိုးစားသင့်ကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

မှန်၏။ မေတ္တာသည် အကျိုးလိုလားခြင်းဟု အဓိပ္ပါယ်ရ၏။ မေတ္တာ၏ သဘောသည် စစ်မှန်သည့်မနောဖြင့် သူတပါးအပေါ် အကျိုးဖော်ပေးခြင်း ဖြစ်သဖြင့် မေတ္တာထုံထားလျှင် ချစ်စရာ အကုန်ပွားပြီးသာ ဖြစ်နေပေ၏။ မိမိက မေတ္တာပွားထားလျှင် သူတပါးကလည်း သစ္စာထားကာ ချစ်သဒ္ဓါလည်း ပွားလာမည်သာ ဖြစ်ပါ၏။ မေတ္တာနှင့်သစ္စာသည် အကျိုးလိုလားခြင်းနှင့် အမှန်တရားကို ပေါင်းစပ်ထားခြင်း ဖြစ်သဖြင့် စစ်မှန်သည့် မေတ္တာသာထားနိုင်လျှင် သစ္စာတည်ကာ ချစ်သဒ္ဓါလည်း တည်လာကြမည်သာ ဖြစ်ပါ၏။ လူအများ၏ အပေါ်တွင်ဖြစ်စေ၊ တိရိစ္ဆာန်အများ၏ အပေါ်တွင်ပင် ဖြစ်စေ အကျိုးလိုလားသည့် မေတ္တာဓာတ်ဖြင့် မှန်ကန်စွာ ပြုမူဆက်ဆံကြည့်ပါက မေတ္တာ၏ ရောင်ပြန်ဟပ်မှုသည် တိရစ္ဆာန်များ အထံမှပင်လျှင် တန်ပြန်သက်ရောက်မှုကို ရစေနိုင်မည်သာ ဖြစ်ပါ၏။ အရေးကြီးသည်မှာ မည်သူ့အပေါ်တွင်ဖြစ်စေ မှန်ကန်သည့် သစ္စာတရားဖြင့် အကျိုးလိုလားသည့် မေတ္တာထားနိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်ပါ၏။

စစ်မှန်သည့် စေတနာဖြင့် အကျိုးလိုလားသည့် စိတ်ဖြင့် သတ္တဝါများအပေါ် မေတ္တာပွားနိုင်လျှင် အကျိုးတရား အလွန်ကြီးမားကြောင်း အင်္ဂုတ္တရနိကာယ်တွင် ဘုရားရှင်ဟောတော်မူထားသည့် မေတ္တာသုတ် တစ်သုတ်ရှိ၏။ ထိုသုတ်တော်တွင် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ဆန့်ကျင်ဖက်မှ လွန်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ်၊ ကြိမ်ဖန်များစွာပြုအပ်၊ ယာဉ်ကဲ့သို့ပြုအပ်၊ တည်ရာကဲ့သို့ပြုအပ်၊ ရှေးရှုတည်စေအပ်၊ လေ့လာအပ်၊ ကောင်းစွာအားထုတ်အပ်သည်ရှိသော် ရှစ်မျိုးသော အကျိုးတို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ
၁။ ချမ်းချမ်းသာသာ အိပ်ရ၏
၂။ ချမ်းချမ်းသာသာ နိုးရ၏
၃။ အိပ်မက်ဆိုးကို မမြင်အပ်
၎။ လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏
၅။ သားရဲဘီးလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏
၆။ နတ်တို့ စောင့်ရှောက်ကုန်၏
၇။ ထိုမေတ္တာကို ပွားများသောသူအား မီးအဆိပ် လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင်
၈။ လွန်မြတ်သော အရဟတ္တဖိုလ် တရားကို ထိုးထွင်း၍ မသိနိုင်ခဲ့သော် ဗြဟ္မာ့ပြည်သို့ လားရ၏။
ရဟန်းတို့ မေတ္တာစိတ်ကို မှီဝဲအပ်သည်ရှိသော် ဤရှစ်မျိုးသော အကျိုးတို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏”ဟု မိန့်တော်မူ၏။ ထို့အပြင် ထိုမေတ္တသုတ်တော်တွင် ဆက်လက်မိန့်တော်မူထားသည်မှာ

“အကြင်သူသည် အဖန်ဖန် သတိရသည်ဖြစ်၍ အတိုင်းအရှည်မရှိသော မေတ္တာတရားကို ပွားများ၏၊ ဥပဓိတရား၏ တည်ရာ မေတ္တာဈာန်ကို ရှုမြင်သော ထိုသူအား သံယောဇဉ်တို့သည် ခေါင်းပါးကုန်၏။

ဒေါသစိတ် မရှိမူ၍ သတ္တဝါ တစ်ဦးတစ်ယောက်ကိုသော်လည်း အကယ်၍ မေတ္တာပွားငြားအံ့၊ ထိုသို့ မေတ္တာပွားခြင်းကြောင့် ကုသိုလ်တရားနှင့် ပြည့်စုံရ၏၊ သတ္တဝါအားလုံးတို့ကို စိတ်ဖြင့်သနားကြင်နာခြင်းရှိသော သူတော်သူမြတ်သည် များပြားသော ကုသိုလ်တရားကို ပြုသည်မည်၏။

အကြင်ရသေ့နှင့်တူသော မင်းတို့သည် သတ္တဝါအပေါင်းနှင့် ပြည့်နှက်နေသော မြေအပြင်ကို ဒဏ်လည်းမဖက် လက်နက်လည်းမဆောင် အောင်နိုင်ကြကုန်၍ လှူဒါန်းပေးကမ်းကုန်လျက် တိုင်းသူပြည်သားတို့ အိမ်တံခါးဖွင့်၍ နေနိုင်ကြောင်းဖြစ်သော ဆယ်ခိုင့်တစ်ခိုင် အခွန်တော်ကောက်ယူခြင်း သဿမေဓ၊ အမှုထမ်းအရာထမ်းတို့အား လခရိက္ခာပေးခြင်း ပုရိသမေဓ၊ ဆင်းရဲသားတို့အား ဥစ္စာထုတ်ပေးခြင်း သမ္မာပါသ၊ ချစ်နှစ်လိုဖွယ်သော စကားကို ပြောဆိုခြင်း ဝါဇပ္ပေယျတည်းဟူသော သင်္ဂဟဝတ္ထုလေးခုတို့ဖြင့် ချီးမြှောက်ကာ အစဉ်လှည့်လည်နေကုန်၏၊ ထိုမင်းတို့၏ ထိုလှူဒါန်းပေးကမ်း ချီးမြှောက်မှုတို့သည် ကောင်းစွာပွားများအပ်သော မေတ္တာစိတ်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှလည်း မမှီနိုင်ကုန်၊ ဥပမာသော်ကား အလုံးစုံသော ကြယ်တာရာ အပေါင်းတို့၏ အရောင်သည် လ၏အရောင်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှ မမှီနိုင်သကဲ့သို့တည်း။

အကြင်သူသည် သတ္တဝါအားလုံးတို့အား မေတ္တာကို ပွားများသည်ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မသတ်ဖြတ်၊ သူတပါးကိုလည်း မသတ်ဖြတ်စေ၊ မိမိကိုယ်တိုင်လည်း အနိုင်မယူ၊ သူတပါးကိုလည်း အနိုင်မယူစေ၊ ထိုသူအား တစ်စုံတစ်ယောက်နှင့်မျှ ရန်မရှိနိုင်”
(အင်္ဂုတ္တရနိကာယ်၊ ပဌမပဏ္ဏာသက၊ မေတ္တသုတ်) ဟူ၍ ဖြစ်ပါ၏။ ဤကား ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် မိန့်တော်မူသည့် မေတ္တာဆိုင်ရာ အကျိုးအာနိသင် တရားတော်ပင် ဖြစ်ပါ၏။

ဤဒေသနာတော်အရကြည့်လျှင် မေတ္တာ၏ စွမ်းအားကို ကောင်းစွာသိနိုင်မည်ဖြစ်၏။ သူတပါးအကျိုးကို လိုလားသည့်စိတ်ဖြင့် “သတ္တဝါအားလုံး ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ ခန္ဓာဝန်ကို ချမ်းသာစွာ ရွတ်ဆောင်နိုင်ပါစေ” စသဖြင့် မေတ္တာပွားများနိုင်လျှင် ပွားများနိုင်သည်နှင့်အမျှ သူတပါးလည်းချမ်းသာ မိမိလည်း ချမ်းသာမည်သာ ဖြစ်ပါ၏။ မပြောင်းလဲသည့် နိယာမ သဘောတရားအရ ကြည့်လျှင်လည်း သူတပါးအပေါ် မညှင်းစဲ၊ မနှိပ်စက်၊ အနိုင်မယူဘဲ နေလေ့ရှိသူ၊ ကြီးပွားချမ်းသာစေကြောင်း ပွားများလေ့ရှိသူအား မိမိသည် ထိုတန်ပြန်သက်ရောက်မှု အကျိုးကို မမျှော်မှန်းသော်လည်း အလိုလို ပြည့်စုံပြီးသာ ဖြစ်စေနိုင်ပေ၏။ သေချာသည်မှာ မီးသည်ရေဖြင့်ညှိမ်းလျှင် ငြိမ်းသွားသကဲ့သို့ ဒေါသသည်လည်း မေတ္တာဖြင့် ညှိမ်းလျှင်ငြိမ်းတတ်သဖြင့် ရန်လိုသူ၊ ပျက်စီးမှုကို လိုလားသူများအား မေတ္တာဖြင့်သာ ငြိမ်းအေးမှုရှိအောင် ပြုလုပ်နိုင်ကြမည် ဖြစ်ပါ၏။ ထိုကြောင့် မေတ္တာနှလုံး ကိုယ်စီသုံးလျှင် ရွှင်ပြုံးနိုင်ကြမည် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ မေတ္တာသည် သူတပါးအကျိုးကို လိုလာခြင်းဖြစ်သဖြင့် လူတိုင်းလူတိုင်း မေတ္တာစိတ်ဖြင့် အကျိုးကိုယ်စီ လိုလားနေကြမည်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး ပြဿနာဖြစ်ဖွယ် အကြောင်းမရှိသကဲ့သို့ မငြိမ်းချမ်းဖွယ် အကြောင်းလည်း မရှိနိုင်သဖြင့် စစ်မှန်သည့် စိတ်စေတနာမှန်ဖြင့် မည်သူတရားပျက်ပျက် မိမိမပျက်စေရန် ကြိုးစားရင်း မေတ္တာတရားသာ များများထားကြရမည်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မိမိက သူတပါးအပေါ် အကျိုးဖြစ်စေမှုကို ရှေ့ရှုကာ မေတ္တာထားရန် လိုသကဲ့သို့ မိမိအပေါ် သူတပါးက အကျိုးပျက်စီးစေလာလျှင်လည်း စိတ်စေတနာ မပျက်ဘဲ မှန်ကန်သည့် သစ္စာတရားဖြင့် ထိုသူတို့အား မေတ္တာသာ များများပွားပေးရန်လည်း လိုအပ်လှကြောင်း၊ အချိန်တန်လျှင် မိမိ၏မေတ္တာအစွမ်းဖြင့် မိမိ၏ပျက်စီးမှုကို ရှေရှုလိုလားသူများသည် အလိုလိုပင် စိတ်စေတနာပြောင်းကာ မိမိ၏ မေတ္တာအရိပ်အောက်တွင် သစ္စာနိမိတ်ကောက်လာကာ ချစ်သဒ္ဓါအရိပ် ရောက်လာကြမည်မှာ အမှန်ပင်ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် သူတပါးအကျိုး ပျက်စီးမှုများကို လိုလားသူများ များပြားလှသည့် ယနေ့ခေတ်တွင် သစ္စာတရားများလည်း လျော့နည်းကာ ချစ်သဒ္ဓါအားများပါ ပျောက်ပျက်လာနေပြီး မေတ္တာတရားပါ ခေါင်းပါးလာနေသဖြင့် အများတရားပျက်သော်လည်း မိမိမပျက်အောင်၊ အများကို မပြုပြင်ခင် မိမိကိုယ်ကိုမိမိ ရှေးဦးစွာ ပြုပြင်ကာ သူတပါးကိုလည်း တန်ပြန်ပြုပြင်နိုင်အောင် သူတပါးအကျိုးကို လိုလားခြင်း မေတ္တာဓာတ်များဖြင့် တစ်ဦးအပေါ်တစ်ဦး ငြိမ်းချမ်းရာမှ အများတကာ ငြိမ်းချမ်းရာသို့ လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရင်း မေတ္တာနှလုံး ကိုယ်စီသုံးနိုင်အောင်သာ ကျင့်ကြံအားထုတ်ကြပါဟု စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းအပ်ပါသည်။

Read more »

ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ပါ…

မှတ်မှတ်ရရ ပြီးခဲ့တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ၁၇-၅-၂၀၁၁ရက်နေ့က ဖြစ်ပါတယ်။ အော်စီမှာ ရောက်နေတဲ့ ဒကာတစ်ယောက်က ဗုဒ္ဓနေ့မှာ အရှင်ဘုရားကို သတိတရ ဖုန်းဆက်ပြီး ဦးတင်တာပါဘုရားလို့ လျှောက်ထားရင်း သူသိချင်တာလေးတွေလည်း မေးမြန်းလျှောက်ထားလာပါတယ်။ ထူးထူးခြားခြား သူမေးတဲ့ မေးခွန်းထဲမှာ ဒီနေ့ခေတ် သူတို့လို ဗုဒ္ဓဘာသာဝင်တွေအတွက် ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး အခက်တွေ့နေတဲ့ အချက်လည်း ပါဝင်ပါတယ်။ သူက “ဘုန်းဘုန်း သိတဲ့အတိုင်းပဲဘုရား အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ တပည့်တော်တို့ ကိုးကွယ်ရမယ့် ဘုန်းကြီးတွေ ကိုယ်တိုင်က ဂိုဏ်းအမျိုးမျိုး၊ အဖွဲ့အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဟောပြောပို့ချလာကြတော့ ဘုရားဟော တရားတွေကို အမှားအမှန် မသိတဲ့ တပည့်တော်တို့လို သူတွေက အဲဒီဘုန်းကြီး ဟောပြောတဲ့ တရားဟာ မှားလားမှန်လား မခွဲခြားတတ်တဲ့အပြင် အစစ်အမှန် ဆရာသမားကို ဘယ်လိုရှာဖွေရမှန်း မသိတဲ့ အခြေအနေ ဖြစ်နေပါတယ် ဘုရား၊ အဲဒါ ဘုန်းဘုန်းအနေနဲ့ တပည့်တော်တို့လို သူတွေအတွက် ဆရာမမှားရအောင် ဘယ်လိုရွေးချယ်ရမယ်ဆိုတာ လမ်းညွှန်ပေးပါဘုရား” လို့ မေးမြန်း လျှောက်ထားပါတယ်။ “မှန်တယ် ဒကာတော်ရေ ဒကာတို့လို သူတွေအတွက် ကိုးကွယ်မှု မမှားရအောင် ဆရာရွေးချယ်တဲ့အခါမှာ ဉာဏ်နဲ့ယှဉ်ပြီးပဲ ရွေးချယ်ကိုးကွယ် ရတော့မှာဖြစ်တယ်”လို့ အကြံပြုရင်း ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဖို့ ပြောပြပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ အဲဒီဒကာလျှောက်သလိုပဲ အခုနောက်ပိုင်း ဟောပြောကြတဲ့ ဘုန်းကြီးအချို့တွေကလည်း စတိုလ် အမျိုးမျိုးနဲ့ ပြဿနာ အမျိုးမျိုးတွေကို ဖြစ်ပေါ်စေတော့တာ ဖြစ်ပါတယ်။ ဒကာဒကာမတွေကို က စေတဲ့ဘုန်းကြီးတွေ၊ ကြွ စေတဲ့ဘုန်းကြီးတွေ၊ မ စေတဲ့ဘုန်းကြီးတွေ၊ ရွ စေတဲ့ဘုန်းကြီးတွေကြောင့် အသိဉာဏ်နည်းလာတဲ့ သူတွေမှာ က တဲ့သူက က၊ ကြွတဲ့သူက ကြွ၊ ရွတဲ့သူက ရွ စသဖြင့် ဝါဒမှိုင်း မိကုန်ကြတော့တာ ဖြစ်ပါတယ်။ မျက်ကန်းယုံကြည်မှု အားကောင်းပြီး ဆင်ခြင်ဉာဏ် နည်းလာကြတဲ့ သူတွေကလည်း ဘာမှမသိ လိုက်လုပ်မိရာက အမှားကို အမှားမှန်း မသိဘဲ ဆက်လျှောက်နေကြတော့တာ ဖြစ်ပါတယ်။ အယူဝါဒ တစ်ခုဆိုတာက ယုံကြည်မိရင် အသက်အသေခံပြီး ဆုတ်ကိုင်ထားတတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ့်ကိုယ်ကို သတိပညာ မပါဘဲ ယုံကြည်လက်ခံမိမယ်ဆိုရင် စွန့်လွှတ်ဖို့ အတော်ခဲရင်းတတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် ကိုးကွယ်အားထားရာကို ရွေးချယ်တဲ့အခါမှာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ကာ သတိထားပြီး ကိုးကွယ်ကြရမှာ ဖြစ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ အစစ်အမှန် ကိုးကွယ်ရာတွေက မရှိဘူးမဟုတ်ပါဘူး။ အများကြီးရှိပါတယ်။ အစစ်အမှန် ရဟန်းသံဃာတော်တွေ၊ အကျင့်မှန် သူတော်သူမြတ်တွေ၊ ရဟန်းအလုပ်ကို လုပ်နေကြတဲ့ ရဟန်းသံဃာတော်တွေဟာ မြန်မာမှာရော ကမ္ဘာမှာပါ အများကြီး ရှိနေပါသေးတယ်။ စာပေသင်ကြားလေ့လာမှု ပရိယတ်အားကောင်းနေသမျှ ကျင့်ကြံအားထုတ်မှု ပဋိပတ်လည်း အားကောင်းနေမှာ ဖြစ်ပြီး အကျင့်အားကောင်းနေသမျှ အကျိုးပဋိဝေဓ တရားများလည်း အားကောင်းနေမှာ ဖြစ်ပါတယ်။ လေ့လာသင်ယူမှု၊ ကျင့်ကြံအားထုတ်မှုများ ရှိနေသမျှ သာသနာတော်မှာ ပရိယတ်အကျော်၊ ပဋိပတ်အကျော်များလည်း မဆိတ်သုဉ်းဘဲ ထင်ရှားရှိနေကြမှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ကျေနပ်စရာကောင်းတာက ဒီလိုပရိယတ် ပဋိပတ်အားကောင်းနေသမျှ သာသနာတော်တွင်းမှာ မမှန်တဲ့ အကျင့်ရှိသူများ အကြာကြီး မတည်နိုင်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အရေးကြီးတာက ကိုးကွယ်သူတွေရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ မမှန်တဲ့နည်းတွေ၊ မရိုးသားတဲ့ နည်းတွေနဲ့ ဘာနည်းညာနည်းတွေကို ဟောပြောပြသတဲ့ ပုဂ္ဂိုလ်တွေနောက်ကို မလိုက်မိဖို့ပဲ လိုပါတယ်။ ယုံကြည်မှုကို ယုတ္တိကျကျ ဝေဘန်ပိုင်းခြားကာ လက်ခံကျင့်သုံးသင့်သလား၊ မသင့်ဘူးလားဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်ပြီး အမှားမလိုက်မိဖို့ပဲ အဓိကဖြစ်ပါတယ်။ ယုံကြည်မှုအားကောင်းပြီး စူးစမ်းဆင်ခြင်မှု အားနည်းရင် အလွဲကိုးကွယ်မိတတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ့်ရဲ့ယုံကြည်မှုကို သတိတရား လက်ကိုင်ထားပြီး ကိုးကွယ်ခံထိုက်လား၊ မထိုက်ဘူးလားဆိုတာ ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဉာဏ်မပါတဲ့ နောက်လိုက်တွေ ရှိနေသမျှ ဝါဒဖြန့်လိုသူ၊ ဂိုဏ်းဂဏ ဖွဲ့စည်းလိုသူတွေကလည်း အများကြီး ရှိနေကြမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုပဲ အမှားမလိုက်မိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ဆိုတော့ကား အမှားသမားတော်တွေ ရှိသလို အမှန်သမားတော်တွေလည်း ရှိနေတာ ဖြစ်တဲ့အတွက် တကယ့်ကို အားကိုးအားထား ပြုထိုက်တဲ့ ဆရာသမားတွေကို ကိုယ်ကိုယ်တိုင် စိစစ်ရွေးချယ် ကိုးကွယ်ကြဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ကိုးကွယ်ရာအမှန်ကို ရွေးချယ်ဖို့ ကိုယ့်မှာအခက်အခဲ ရှိနေရင်လည်း ကိုယ်ကိုးကွယ်မယ့် ပုဂ္ဂိုလ်ဟာ ကိုးကွယ်ခံထိုက်လား၊ ဘုရားသားတော် ပီသအောင် ကျင့်ကြံဟောပြောမှု ရှိသလား ဆိုတာကိုကြည့်ပြီး သံဃာဂုဏ်တော် ကိုးပါးထဲက ရှေ့လေးပါးဖြစ်တဲ့ မြတ်စွာဘုရား တပည့်သား သံဃာတော်ဟာ
- ကောင်းစွာ ကျင့်ကြံတော်မူခြင်း သုပ္ပဋိပန္နဂုဏ်တော်
- ဖြောင့်မတ်စွာ ကျင့်ကြံတော်မူခြင်း ဥဇုပ္ပဋိပန္နဂုဏ်တော်
- မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှါ ကျင့်ကြံတော်မူခြင်း ဉာယပ္ပဋိပန္နဂုဏ်တော်
- ရိုသေမှုနှင့်လျော်စွာ ကျင့်ကြံတော်မူခြင်း သာမိစိပ္ပဋိပန္နဂုဏ်တော်
များနဲ့ ညီညွတ်မှု ရှိမရှိ ဆိုတာလေးလောက် တော့ ရွေးချယ်စိစစ်တတ်ကြဖို့ လိုပါတယ်။

ဒီနေ့ခေတ် အခြေအနေရ ဒီလေးချက်လောက်နဲ့ ပြည့်စုံနေရင်ကိုပဲ အဲဒီပုဂ္ဂိုလ်ဟာ ကိုးကွယ်ခံထိုက်နေတာ ဖြစ်ပါတယ်။ ဒီလေးပါးမှာ ရိုးသားဖြောင့်မတ်မှုဆိုတဲ့ အချက်က သိပ်ကိုတာသွားပါတယ်။ ဒကာဒကာမတွေကို ဆရာအဖြစ် ဟောပြောပို့ချပေးမယ့် ဘုန်းကြီးဟာ ရိုးသားဖြောင့်မတ်မှုမှ မရှိဘူးဆိုရင် ဘုရားဟော မဟုတ်တာတွေကို အဟုတ်လုပ်ပြီး ဟောပြောပေးဖို့ ဝန်မလေးတတ်သလို လူတွေအထင်ကြီးအောင် သာသနာတော်နဲ့ မလျော်တဲ့ အသက်မွေးမှုတွေနဲ့ စည်းရုံးဆွဲဆောင်ဖို့လည်း ဝန်မလေးတတ်တော့ပါဘူး။ အထင်ကြီးဖို့၊ ကျော်ကြားဖို့၊ ဂိုဏ်းဂဏဖွဲ့ဖို့အတွက် ဝိနည်းတော်ကိုမေ့၊ ဘုရားဟောကို ငါဟောလုပ်လေ့ ရှိတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်လိုမှကို ရိုးသားမှုဂုဏ် မရှိနိုင်တော့ပါဘူး။ ဘုန်းကြီးရဟန်းဖြစ်ပြီး ရိုးသားမှုမှ မရှိတော့ဘူးဆိုရင်တော့ ကိုးကွယ်ဆည်းကပ်ဖို့ မသင့်တော်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ရိုးသားမှုရှိမှ ယုံကြည်မှုလည်း ရှိလာမှာဖြစ်ပြီး ယုံကြည်မှုရှိမှ ကိုးစားမှုလည်း ရှိကာ ကိုးစားနိုင်မှလည်း ကိုယ့်ရဲ့ပစ္စုပ္ပန် သံသရာ ကောင်းနိုင်မှာဖြစ်လို့ ကိုးကွယ်သူတွေ အနေနဲ့ အကိုးကွယ်ခံပုဂ္ဂိုလ်ကို ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

အမှန်တော့ လက်တွေ့ဆန်ပြီး စိစစ်ခံနိုင်၊ မှတ်ကျောက်တင်ခံနိုင်တဲ့ ဗုဒ္ဓတရားတော်တွေဟာ မှန်ကန်တဲ့ နည်းစနစ်နဲ့သာ လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် အကျိုးတရားကို လက်တွေ့ရနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဟောကြားချက်တွေကို ကြည့်မယ်ဆိုရင် သီလအကျင့်ကောင်းအောင်၊ သမာဓိတည်အောင်၊ ပညာရအောင် ဟောကြားပေးထားတာတွေပဲ ရှိပါတယ်။ ကိလေသာများအောင်၊ လောဘဒေါသပွားအောင်၊ မာနများအောင် စသဖြင့် ဟောကြားပေးထားတာတွေ မရှိပါဘူး။ ကိလေသာ ထူပြောစေတဲ့ အဆိုအက သင်တန်းပေးတာတွေ ဆိုတာကတော့ ပြောစရာကို မလိုလောက်အောင် ဗုဒ္ဓရဲ့ ဟောကြားမှုမှာ မရှိတာဟာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟောကြားပေးတဲ့ တရားမျိုးမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တီထွင်ကြတဲ့ အယူအကျင့်တွေမှာဆိုရင်တော့ ကိလေသာ တိုးပွားတာတွေ၊ လောဘဒေါသမာန အားကောင်းလာတာတွေ ရှိလာမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့ ဘယ်နည်းကို ကျင့်ပြီးမှ ဘာတွေပိုတိုးလာတာ၊ လောဘဒေါသစတာတွေ ပိုများလာတာ၊ ငါ့ဆရာ ငါ့ဝါဒစတဲ့ ငါစွဲတွေ ပိုများလာတာတွေလည်း ရှိလာကြတာ ဖြစ်ပါတယ်။ ဒါဟာ မမှန်တဲ့နည်းနဲ့ မမှန်တဲ့ဆရာကို ကိုးကွယ်မိကြလို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက မရိုးမသား တစ်မျိုးသွားနေကြတဲ့ အကိုးကွယ်ခံ ပုဂ္ဂိုလ်တွေ တဖြည်းဖြည်း တိုးပွားများပြားလာတဲ့ ခေတ်ကာလကြီးမှာ ကိုးစားရာအမှန်ကို ဆည်းကပ်ကိုးကွယ်နိုင်ကြဖို့ ကိုးကွယ်ဆည်းကပ်သူတွေ အနေနဲ့ ကိုယ့်ရဲ့ယုံကြည်မှုကို ဉာဏ်နဲ့ယှဉ်ကာ ကိုးကွယ်ကြည့်ကြဖို့နဲ့ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ရွေးချယ်ကြည့်ကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်တဲ့ ဆရာသမားဟာ ကိုယ်ရဲ့ပစ္စုပ္ပန်ကောင်းကျိုး သံသရာကောင်းကျိုးကို လမ်းညွှန်ပေးနိုင်မယ့် ပုဂ္ဂိုလ်ဖြစ်စေဖို့၊ အကုသိုလ်ကို ပယ်စေပြီး ကုသိုလ်ကို ဆောင်ယူနိုင်အောင် တည့်မတ်ပေးတဲ့ ပုဂ္ဂိုလ်ဖြစ်စေဖို့၊ အကျင့်လည်းကောင်း အနှစ်လည်းလောင်းပေးတဲ့ အသိအကျင့် ထပ်တူဆင့်တဲ့ ပုဂ္ဂိုလ်ဖြစ်စေဖို့ ကိုယ်ကိုယ်တိုင်ပဲ ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ကိုးကွယ်ကြဖို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် အယုံအကြည် လွယ်တတ်ကြတဲ့ မြန်မာဗုဒ္ဓဘာသာများ အနေနဲ့ ကိုယ့်ရဲ့ယုံကြည်မှုဟာ မျက်ကန်းယုံကြည်တတ်တဲ့ ယုံကြည်မှုမျိုး မဖြစ်အောင်နဲ့ အယုံလွယ်တဲ့အတွက် အလွဲကိုးကွယ်မိတတ်တဲ့ ကိုးကွယ်မှု အမှားမဖြစ်ရအောင် ယုံကြည်မှုကို ဉာဏ်နဲ့ယှဉ်ကာ ကိုးကွယ်သင့် ကိုးကွယ်ထိုက်တဲ့ ကိုးကွယ်ရာ အမှန်ကိုသာ စိစစ်ရွေးချယ် ကိုးကွယ်ကြပါလို့ အသိပေးရင်း ကိုးကွယ်ရာမှ ဘေးမဖြစ်စေဖို့ ဉာဏ်နဲ့ယှဉ်ကာ ရွေးစစ်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

လောဘ..? ဆန္ဒ..?

ကိလေသာ ဆယ်ပါးတွင် လောဘသည် တစ်ပါးအပါအဝင်ဖြစ်၏။ လောဘသည် သတ္တဝါများအား ပူလောင်မှုကို ဖြစ်စေသဖြင့် ထိုလောဘကို ပယ်သတ်နိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်းကိုလည်း ဗုဒ္ဓဘာသာအများ လက်ခံထားကြ၏။ သို့သော် အချို့က ထိုလောဘ၏ သဘောအမှန်ကို မသိကြသဖြင့် သို့လောသို့လော သံသယများ ရှိနေတတ်ကြ၏။ လောဘ၏ သဘောလက္ခဏာနှင့် စပ်လျဉ်း၍ လိုချင်တပ်မက်မှုကို လောဘဟုဆိုကြောင်း ဖွင့်ဆိုသဖြင့် လောဘနှင့် ပတ်သက်သည့် မေးခွန်းများကို အများအပြား အမေးခံရဖူး၏။ အချို့က “ကုသိုလ်လိုချင်ခြင်းသည် လောဘဖြစ်မဖြစ်၊ ဒုက္ခငြိမ်းလိုခြင်းသည် လောဘဖြစ်မဖြစ်” စသည်ဖြင့် မေးလာကြသကဲ့သို့ အချို့လည်း “အဲဒီလိုဆိုရင် နိဗ္ဗာန်လိုချင်တာလည်း လောဘပဲ မဟုတ်ဘူးလား ဘုရား”ဟု မေးလာတတ်ကြ၏။ လောဘကို ပယ်သတ်ရမည်ဆိုသဖြင့် “ကုသိုလ်လိုချင်မှု၊ ဒုက္ခငြိမ်းလိုမှု၊ တရားလိုချင်မှု စသည်များကိုလည်း ပယ်ရမလိုဖြစ်ကာ ထိုအလုပ်များကို မလုပ်ဘဲ နေရမလို ဖြစ်နေကြောင်း” အချို့က ဆိုတတ်ကြ၏။ ဤသို့ဖြင့် စာရေးသူမှာလည်း စာရေးသူထံ ရောက်လာကြသည့် ထိုသို့ သို့လောသို့လော သံသယများဖြင့် မေးလာကြသည့် မေးခွန်းရှင်များအား “ထိုသဘောသည် လောဘမဟုတ်ကြောင်း၊ ဆန္ဒသာ ဖြစ်ကြောင်း” စသည်ဖြင့် ဖြေကြားပေးရင်း လောဘနှင့်ဆန္ဒအကြောင်း တစ်စေ့တစ်စောင်း တင်ပြပေးရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်ပါ၏။

စင်စစ် စာပေအဖွင့်များကို ကြည့်ပါက လောဘနှင့်ဆန္ဒသည် တခြားစီသာ ဖြစ်ပါ၏။ လောဘ၏ သဘောသည် လိုချင်ခြင်း သဘောရှိသကဲ့သို့ ဆန္ဒ၏ သဘောသည်လည်း လိုချင်ခြင်း သဘောရှိသည် မှန်သော်လည်း လောဘ၏ လိုချင်မှုသည်ကား ကာမဂုဏ်ဆိုင်ရာများတွင် လိုချင်မှုဖြစ်ပြီး ဆန္ဒ၏ လိုချင်မှုသည်ကား ကောင်းသည့်အရာများတွင် လိုချင်မှုမျိုး ဖြစ်၏။ ထိုကြောင့် လိုချင်မှု သဘောသဘာဝအားဖြင့် တူသည်ဟုဆိုသော်လည်း ကာမဂုဏ်အာရုံများတွင် လိုချင်မှုများကိုကား လောဘဟုဆို၍ ကုသိုလ်ကောင်းမှုများတွင် လိုချင်သည့် သဘောကိုကား ဆန္ဒဟု ဆိုခြင်းဖြစ်ပါ၏။ လောဘ၏ လိုချင်မှုသည် စွဲလမ်းခြင်း ကပ်ငြိခြင်း သဘောများ လွှမ်းမိုးထားသော်လည်း ဆန္ဒ၏လိုချင်မှုသည် ပြုလိုချင်း ရယူလိုခြင်း သက်သက်သာ ဖြစ်၏။ ထိုကြောင့် ကာမဂုဏ်အာရုံများတွင် မရမကလိုချင်မှု၊ ရပြီးရင်းရလိုရင်း သဘောဖြင့် လိုချင်မှု၊ ရလာသည့် အရာများတွင်လည်း တွယ်တာကပ်ငြိထားလိုမှု သဘောမျိုးကို လောဘဟုဆိုပြီး နိဗ္ဗာန်ကိုလိုချင်မှု၊ တရားကိုလိုချင်မှု၊ စာပေတတ်ချင်မှု၊ ဆင်းရဲသူများအား ပေးကမ်းလို၊ အလှူဒါနပြုလို၍ ပစ္စည်းဥစ္စာကို လိုချင်မှု စသည့် ကောင်းသောအရာများ၌ လိုချင်မှု သဘောမျိုးကိုကား ဆန္ဒဟုသာ ဆိုခြင်း ဖြစ်ပါ၏။

ဗုဒ္ဓစာပေများတွင် လောဘကို အခြားဝေါဟာရ အသုံးအနှုန်းများဖြင့်လည်း ဖွင့်ဆိုရှင်းပြကြ၏။ လောဘကို ချစ်ခင်ခြင်း ပေမဟုလည်းကောင်း၊ တပ်မက်ငတ်မွတ်ခြင်း တဏှာဟုလည်းကောင်း၊ တွယ်တာခြင်း သမုဒယဟုလည်းကောင်း၊ ကာမဂုဏ်အာရုံ မေထုန်အမှုများတွင် အလွန်လိုလား စွဲလန်းခြင်း ရာဂဟုလည်းကောင်း စသည်ဖြင့် အမည်အမျိုးမျိုးဖြင့် ဥပမာပေးထား၏။ မိဘသားသမီး၊ ဇနီးမယား၊ သမီးသား၊ ညီအစ်ကို မောင်နှစ်မ၊ ဆွေမျိုးသားချင်းတို့၌ ချစ်ခင်ခြင်းမျိုးကို ပေမဟုဆိုကာ ထိုချစ်ခြင်းကိုပင် သံယောဇဉ်ဟု ဆိုခြင်းဖြစ်၏။ ထိုသံယောဇဉ်သည် ကြိုးဖြင့်ချည်နှောင် ထားသကဲ့သို့ မကွဲမကွာ ဖြစ်နေလိုခြင်း သဘောရှိ၏။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ဟူသော ဤငါးပါးကို လူအများ လိုလားအပ်သောကြောင့် ကာမဂုဏ်ဟုဆိုကာ ထိုကာမဂုဏ်သည် သာမာန်လိုချင်မှုမျိုး မဟုတ်ဘဲ အငန်းမရ လိုချင်မှုမျိုးဖြစ်သဖြင့် ထိုလိုချင်မှုမျိုးကို တဏှာဟုဆို၏။ ထိုကာမဂုဏ်ငါးပါးတွင် အတွေ့အာရုံ မေထုန်အမှု၌ အလွန်လိုလားခြင်းကို ရာဂဟုဆိုပြီး ထိုရာဂတွင် ငြိကပ်ခြင်း၊ စွဲလမ်းခြင်း သဘောများ ပါဝင်နေပေ၏။ ထိုသို့ တဏှာပေမရာဂစသည့် သဘောများ လွှမ်းမိုးပါဝင်ထားသဖြင့် ကာမဂုဏ်စသည့် အရာများတွင် လိုလားတပ်မက်မှုမျိုး၊ လိုချင်တောင့်တမှုမျိုးကို လောဘဟုဆိုခြင်း ဖြစ်ပါ၏။

ဆန္ဒနှင့်ပတ်သက်၍ကား ဆန္ဒသည် အာရုံတစ်ခုခုကို ပြုလိုခြင်း ရယူလိုခြင်းသဘော သက်သက်မျှသာ ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြ၏။ ထိုဆန္ဒ၏ သဘောသည် သတ္တဝါများတွင် အလွန်ထင်ရှားလှ၏။ ဥပမာအားဖြင့် ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်သဖြင့် လက်လှမ်းမှုသည် အခြားကြီးမားသည့် တပ်မက်တွယ်တာ ကပ်ငြိမှုသဘော မရှိဘဲ လိုက်ချင်မှု သက်သက်သာ ဖြစ်သဖြင့် ထိုသဘောသည် ဆန္ဒသာ ဖြစ်ပါ၏။ တစ်နေရာသို့ သွားချင်လာချင်၊ တစ်စုံတစ်ယောက်ကို တွေ့ချင်မြင်ချင်၊ ကြားချင်နာချင်၊ နမ်းချင်စားချင်၊ ကိုင်ချင်ထိချင်၊ တတ်သိနားလည်ချင် စသည့် သဘောမျိုးသည် ဆန္ဒ၏ သဘောမျိုးသာ ဖြစ်၏။ ထို့အတူ နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝကဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ သူဌေးဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်ချင်၊ ကုသိုလ်ရချင် စသည့် ဖြစ်ချင်မှု မှန်သမျှသည်လည်း အားလုံး ဆန္ဒပင် ဖြစ်ပါ၏။ ဆန္ဒ၏ သဘောသည် ဖြစ်လိုချင်မှု စိတ်ဆန္ဒသက်သက်သာ ဖြစ်၏။ လောဘကဲ့သို့ အငန်းမရ တွယ်တာနေမှုမျိုး မဟုတ်လှပေ။ စင်စစ် ကောင်းသည့်အရာများတွင် ဤသို့သော အာသာဆန္ဒမျိုးကို အရင်းခံထားမှသာ ဝိရီယစိုက်ပြီး အားထုတ်ကာ လိုချင်သည့်ပန်းတိုင်ကို လှမ်းကိုင်နိုင်မည် ဖြစ်သဖြင့် ထိုဆန္ဒသည် သတ္တဝါများတွင် ရှိသင့်သည့် သဘောပင် ဖြစ်၏။ ထိုသို့သော အာသာဆန္ဒမျှ မရှိလျှင် ဘုရားရဟန္တာစသည့် သူတော်ကောင်းများလည်း ပွင့်ထွန်းပေါ်ပေါက်လာရန် အကြောင်းမရှိလှပေ။ ထိုသူတော်ကောင်းများထံတွင် ရှိသည့် အာသာဆန္ဒသည် တပ်မက်တွယ်တာ၊ စွဲလန်းကပ်ငြိတားသည့် လောဘမျိုးမဟုတ်ဘဲ ပြုလိုရုံ ရလိုရုံသက်သက်သာ ဖြစ်သည့် ဆန္ဒမျိုးသာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ လူအတော်များများက တစ်စုံတစ်ခုကို ပြုလိုမှု၊ ရလိုမှု စသည့် လိုချင်ရချင်သည့် အရာမှန်သမျှသည် “လိုချင်”ဟူသော ဝေါဟာရသဘောများ ပါဝင်နေသဖြင့် လောဘဟုနားလည်ထားကြသည့် ထိုနားလည်မှုသည် စင်စစ်အားဖြင့် လောဘနှင့်ဆန္ဒသဘောကို ကွဲပြားစွာ နားလည်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ဖြစ်ချင်၊ ရချင်၊ သိချင်တတ်ချင် စာသည့် ‘ချင်’ ဟူသည့် သဘောအဓိပ္ပါယ်များ ပါဝင်တိုင်း လောဘဟု သတ်မှတ်၍ မရဘဲ ကာမဂုဏ်အာရုံများတွင် တွယ်တာကပ်ငြိကာ အငမ်းမရ လိုပြီးရင်းလိုနေကြသည့် သဘောမျိုးသည်သာ လောဘသဘောမျိုး သက်ရောက်ပြီး ကောင်းသည့်စိတ်စေတနာဖြင့် ကောင်းသည့်အရာများတွင် ရယူချင်၊ လုပ်ပေးချင်၊ လွတ်မြောက်ချင်၊ ကယ်တယ်ပေးချင်၊ ထွက်မြောက်ချင် စသည့် “ချင်ခြင်း”များသည်ကား ဖြစ်ချင်ရချင်မှု သက်သက်သာရှိသည့် ဆန္ဒသဘောမျိုးသာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အပြောအဆိုအသုံးအနှုန်းနှင့် စိတ်စေတနာများတွင် “ချင်၊ လို” စသည့် သဘောများပါနေလျှင် လောဘဟုသာ ထင်နေတတ်ကြသည့် ဗုဒ္ဓဘာသာ မြန်မာများအနေဖြင့် ဤနေရာ၌ အထူးသတိပြုသင့်သည်မှာ ချင်တိုင်းလိုတိုင်း လောဘမဟုတ်ဘဲ ကောင်းသည့်အရာများတွင် ဖြစ်ပေါ်တတ်သည့် ချင်လိုစသည်များကား တွယ်တာကပ်ငြိထားခြင်း မရှိဘဲ ဖြစ်ချင်လိုချင်ရချင်မှု သက်သက်သာရှိသည့် ဆန္ဒသာ ဖြစ်သည်၏ အဖြစ်ကို သဘောပေါက် နားလည်ကာ ထိုသို့သော ကောင်းသည့်ဆန္ဒများကို အခြေတည်ကာ ဝိရီယ၊ ပညာ၊ သတိတရားများဖြင့် ကောင်းသည့်အရာများမှသည် နိဗ္ဗာန်အထိ ရရှိအောင်သာ ကြိုးစားရမည်သာ ဖြစ်ပါ၏။ လောဘ၏လိုချင်မှုသည် ပူလောင်မှုကို ဖြစ်စေပြီး ဆန္ဒ၏ လိုချင်မှုသဘောသည်ကား ငြိမ်းအေးမှုကို ဖြစ်စေသဖြင့် လောဘကိုပယ်ပြီး ဆန္ဒကို အရင်းတည်ကာ ပစ္စုပ္ပန်သံသရာ ကောင်းစေမည့် အလုပ်များကိုသာ ဝိရိယစိုက်၍ ကြိုးစားလိုက်ကြပါရန် တိုက်တွန်းရင်း လောဘနှင့်ဆန္ဒအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြလိုက်ရပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ