စင်္ကြံလျောက်၍ တရားမှတ်ခြင်း…

စင်္ကြံလျောက်ပြီး တရားမှတ်တယ်ဆိုတာ အလွယ်ပြောရရင် ခြေလှမ်းတိုင်းကို သိပြီးလှမ်းတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လူအတော်များများဟာ လမ်းလျောက်တဲ့အခါတိုင်း ခြေလှမ်းတွေ လှမ်းကြပါတယ်။ ဒါပေမယ့် မသိဘဲ လှမ်းနေကြတာ ဖြစ်ပါတယ်။ ဒီလို မသိဘဲ လှမ်းတဲ့ခြေလှမ်းတွေကို အသိကပ်ပြီး လှမ်းနိုင်ဖို့ စကြံင်္လျောက်ပြီး တရားမှတ်ခိုင်းတာ ဖြစ်ပါတယ်။ စင်္ကြံလျောက်ပြီး တရားမှတ်တာနဲ့ ပတ်သက်လို့ အာနာပါနကို ဆင်ခြင်ခြင်းအပိုင်း၊ ဣရိယပုတ်ကို ဆင်ခြင်ခြင်းအပိုင်းတို့လိုမျိုး သီးသန့်ပြထားတာ မဟာသတိပဋ္ဌာန သုတ်တော်မှာတော့ မရှိပါဘူး။ ဒါပေမယ့် ဣရိယာပုတ်ကို ဆင်ခြင်ခြင်း အပိုင်းထဲမှာကိုပဲ သွားရင်လည်း သွားတယ်လို့ သိရမှာဖြစ်ကြောင်း၊ ရုပ်အပေါင်းရဲ့ အမူအရာ လှုပ်ရှားမှုတွေကို အရှိအတိုင်း သိရမှာဖြစ်ကြောင်း၊ သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်းမှာလည်း သွားရာ၊ ရပ်ရာ၊ ထိုင်ရာ၊ အိပ်ရာ၊ နိုးရာ ဆိတ်ဆိတ်နေရာ စသည်တို့ကို သိနေရမှာဖြစ်ကြောင်း စသဖြင့် ဟောထားပေးတာတွေ ရှိပါတယ်။ ဒီလို ဟောကြားချက်တွေကို ကိုးကားကာ စင်္ကြံလျှောက်ပြီး တရားမှတ်တာနဲ့ ပတ်သက်လို့ ယောဂီများ အလွယ်နားလည်အောင် ဆရာတော်ကြီးများက နည်းပေးလမ်းညွှန်ကြခြင်း ဖြစ်ပါတယ်။

စင်္ကြံလျှောက် တရားမှတ်နည်းနဲ့ ပတ်သက်လို့ ဘုရားနည်းကို ကိုးကားပြီး ပညာရှိ ဆရာအစဉ်အဆက်ရဲ့ နည်းတွေကို တစ်ဆင့်ပြန်လည် တင်ပြရမယ်ဆိုရင် စကြံင်္လျှောက်ပြီး တရားမှတ်လိုတဲ့ ယောဂီဟာ အရင်ဆုံး တိတ်ဆိတ်ညိမ်သက်တဲ့ နေရာမှာရှိတဲ့ မတိုလွန်းမရှည်လွန်းတဲ့ လျှောက်လမ်းတစ်ခုကို ရွှေးချယ်ဖို့လိုပါတယ်။ ရာသီဥတု သိပ်မအေးရင်တော့ ခြေအိပ်ကို မဝတ်ဘဲ လျှောက်ကြည့်စေချင်ပါတယ်။ ဒါမှ ခြေဖဝါးရဲ့ ခံစားမှု အတွေ့ကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။ လျှောက်မယ့်လမ်းရဲ့ အစပိုင်းမှာ မတ်တပ်ရပ်ပြီး ရှေ့လေးထောင်ခန့်လောက်ပဲ ကြည့်တဲ့အနေအထားနဲ့ မျက်လွှာကိုချကာ လက်နှစ်ဘက်ကိုတော့ လက်ဖဝါးနှစ်ခုကို မသိမသာ ထပ်ထားရင်း ခန္ဓာကိုယ်ရဲ့ ရှေ့မှာပဲချထားချထား၊ နောက်မှာပဲ လက်နောက်ပစ်ပြီး ထားလိုက ထားနိုင်ပါတယ်။

အဲဒီလို ပြင်ဆင်ပြီးတာနဲ့ စိတ်ကိုခန္ဓာကိုယ်မှာ စုစည်းထားရမှာ ဖြစ်ပါတယ်။ စင်္ကြံလျှောက်ဖို့ စတင်ပြီး ခြေစုံရပ်နေတဲ့ အခိုက်မှာလည်း ရပ်နေတဲ့ အနေအထား တစ်ခုလုံးကို စိတ်ကမြင်အောင်ကြည့်ပြီး ရပ်တယ်၊ ရပ်တယ်လို့ အရင်ဆုံး သိမှတ်ရပါမယ်။ ပြီးတာနဲ့ ခြေလှမ်းတွေ လှမ်းတာကို သိမှတ်ရပါမယ်။ မမှတ်ခင် လှမ်းချင်တဲ့စိတ်ကို လှမ်းချင်တယ် လှမ်းချင်တယ်လို့ မှတ်ရပါမယ်။ အဲဒီလို မှတ်ပြီးတာနဲ့ စလှမ်းတဲ့ ခြေလှမ်းကစပြီး ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်လို့ လှမ်းတဲ့အမူအရာကို စိတ်ကတစ်ထပ်တည်း သိအောင်မှတ်ပေးရပါမယ်။ ဒါမှမဟုတ် ကြွတယ်လှမ်းတယ်၊ ကြွတယ်ချတယ်ဆိုတဲ့ အချက်နှစ်ချက်ကိုလည်း မှတ်နိုင်ပါတယ်။ အစပိုင်းမှာတော့ ဒီဘယ်လှမ်းတယ်၊ ညာလှမ်းတယ်ဆိုတဲ့ အချက်နှစ်ချက်ကိုပဲ အလှမ်းနဲ့အမှတ် တစ်ထပ်တည်းဖြစ်အောင် မှတ်ပေးရပါမယ်။ လှမ်းတဲ့အခါ အရမ်းမြန်အောင် မလှမ်းဖို့ လိုပါတယ်။ မနှေးမမြန်လေးပေါ့။ လူမမာတစ်ယောက် လှမ်းတဲ့ပုံစံလေးဆို အတော်ပါပဲ။ အဲဒီလို အမှတ်နဲ့လှမ်းရင်း လျှောက်လမ်းဆုံးတဲ့အခါမှာ ခြေနှစ်ဖက်စုံရပ်ပြီး ရပ်တယ်ရပ်တယ်လို့ ရပ်နေတဲ့ အနေအထားကို စိတ်နဲ့မြင်အောင်ကြည့်ကာ ခဏမှတ်ကြည့်ရပါမယ်။ ပြီးရင် ခန္ဓာကိုယ်လှည်တဲ့ အခါမှာလည်း မလှည့်ခင် လှည့်ချင်တဲ့စိတ်ကို လှည့်ချင်တယ် လှည့်ချင်တယ်လို့ အရင်မှတ်ပြီး လှည့်နေတဲ့အခါမှာလည်း လှည့်တယ်လှည့်တယ်လို့ မှတ်ပေးရပါမယ်။ နောက် အဲဒီမှာ ချက်ချင်းမလှမ်းသေးဘဲ ခဏစုံရပ်ကာ ရပ်တယ်ရပ်တယ်လို့ မှတ်သိပေးရပါမယ်။ အဲဒီလို ခဏမှတ်ပြီး လှမ်းဖို့လုပ်တဲ့အခါမှာလည်း ခုနပြောသလို လှမ်းချင်တဲ့စိတ်ကို အရင်မှတ်ပြီး လှမ်းတဲ့ခြေလှမ်းက စတင်ကာ အလှမ်းနဲ့အမှတ် တစ်ထပ်တည်းကျအောင် မှတ်ပေးရမှာဖြစ်ပါတယ်။

ဒီနည်းအတိုင်း ဘယ်လှမ်းတယ် ညာလှမ်းတယ်ဆိုတဲ့ အမှတ်နှစ်ချက်ကိုပဲ ဖြည်းဖြည်းနဲ့မှန်မှန် အမှတ်နိုင်အောင် မှတ်နိုင်ပြီဆိုရင်တော့ အမှတ်ကို စိပ်စိပ်မှတ်တဲ့အနေနဲ့ ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဆိုပြီး သုံးချက်မှတ်နိုင်ပါတယ်။ အဲဒီအခါမှာလည်း စတင်တဲ့ ခြေထောက်ကစပြီး လှမ်းဖို့ခြေဖဝါးကြွတဲ့အခါ ကြွတယ်၊ ကြွပြီးလှမ်းတဲ့အခါ လှမ်းတယ်၊ လှမ်းပြီးချတဲ့အခါ ချတယ်လို့ သုံးချက်မှတ်ကြည့်နိုင်ပါတယ်။ ပုံမှန်လမ်းတဲ့ ဘယ်ညာခြေလှမ်းကိုပဲ အသေးစိပ်အနေနဲ့ ခြေတစ်ဖက်ချင်းမှာ လှမ်းတဲ့ခြေလှမ်းတိုင်းကို ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဆိုတဲ့ သုံးချက်မှတ်နည်းနဲ့ မှတ်ကာ စင်္ကြံလျှောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီသုံးချက်မှတ်နည်းကတော့ အမှတ်စိပ်သွားတာ ဖြစ်တဲ့အတွက် ခြေလှမ်းတွေလည်း အလိုလို နှေးသွားမှာ ဖြစ်ပါတယ်။ နှေးရင်လည်း နှေးပါစေ အဓိကကတော့ အလှမ်းနဲ့အမှတ် မပြတ်ဖို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့မှတ်နည်းကတော့ ရှေ့နှစ်ချက်မှတ်နည်းအတိုင်း ရပ်နေတဲ့အခိုက်လည်း ရပ်တယ်၊ လှည့်တဲ့အခါလည်း လှည့်ချင်တဲ့စိတ်ကို အရင်မှတ်ပြီး လှည့်နေရင်းလည်း လှည့်တယ်စသဖြင့် မှတ်ပြီး လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကာ မှတ်ပေးရုံပါပဲ။

အဲဒီလို စင်္ကြံလျှောက် တရားမှတ်တဲ့အခါ ယောဂီတွေ အဖြစ်များတာကတော့ လှမ်းတဲ့ခြေလှမ်းနဲ့ အမှတ်လွဲနေကြတာပဲ ဖြစ်ပါတယ်။ တစ်ခါတလေ လှမ်းတာက ဘယ်ခြေ မှတ်လိုက်တာက ညာလှမ်းတယ်ဆိုတဲ့ အမှတ်မျိုး၊ လှမ်းပြီးမှ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ် စသဖြင့် မှတ်လိုက်မိတာမျိုး၊ လှမ်းရင်းနဲ့ ခန္ဓာကိုယ်က ယိမ်းယိုင်သွားတာမျိုး စသဖြင့် ဖြတ်တတ်ပါတယ်။ ဒါမျိုးကတော့ အမှတ်မနိုင်သေး၊ သမာဓိမခိုင်သေးခင် ဖြစ်တတ်တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ သေချာသတိ၊ ဝီရိယထား လေ့ကျင့်ပေးမယ်ဆိုရင် အမှတ်မှန်ပြီး သမာဓိတည်လာမှာ ဖြစ်ပါတယ်။ တစ်ခါတလေ တစ်ချို့က လှမ်းတဲ့ခြေလှမ်းရဲ့ လှုပ်ရှားမှုသဘောကို တကယ်မသိမှတ်မိဘဲ စိတ်ထဲကပဲ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်ဆိုပြီး ရေရွတ်နေတတ်တာ ရှိတတ်ပါတယ်။ အမှန်တော့ ရေတွက်နေဖို့မဟုတ်ဘဲ လှမ်းနေတဲ့အမူအရာ သဘောကို အရှိအတိုင်း သိနေဖို့က အဓိကဖြစ်ပါတယ်။ counting မဟုတ်ဘဲ realizing ဖြစ်ဖို့လိုပါတယ်။

နောက်စင်္ကြံလျှောက်ရင်း ခုနပြောခဲ့တဲ့ ခြေအိပ်မစွပ်ထားတဲ့ ခြေဖဝါးပြင်တွေဟာ ကြမ်းပြင်နဲ့ ထိတွေ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ခံစားမှုသဘောလေးတွေ ရှိတတ်ပါတယ်။ ဒီအခါမှာလည်း အဲဒီခံစားမှုသဘောကို အရှိအတိုင်း သိမှတ်ပေးရမှာဖြစ်ပါတယ်။ ခြေဖဝါးကြွတဲ့အခါ ကြွတဲ့အမူအရာရယ်၊ ကြွလိုက်တဲ့အတွက် ဖြစ်သွားတဲ့ ခံစားမှုရယ်ကို အရှိအတိုင်း သိမှတ်ပေးရမှာ ဖြစ်ပါတယ်။ လှမ်းတဲ့အခါ၊ ချတဲ့အခါ၊ ဘယ်လှမ်းတဲ့အခါ၊ ညာလှမ်းတဲ့အခါ စတာတွေမှာလည်း ခြေဖဝါးပြင်ရဲ့ ခံစားမှုသဘော၊ ခြေထောက်ရဲ့ လှုပ်ရှားမှုသဘောကို သူဖြစ်နေတဲ့ အတိုင်းလေးပဲ ပေါ့ပေါ့ပါးပါး မှတ်သိပေးရမှာ ဖြစ်ပါတယ်။ စမှတ်ခါစမှာတော့ ခြေလှမ်းတွေရဲ့ လှုပ်ရှားမှုတွေရယ်၊ ခြေဖဝါးရဲ့ ခံစားမှုတွေရယ်ကို ကွဲကွဲပြားပြား မှတ်လို့ရမှာမဟုတ်ပါဘူး။ နောက်တော့ ကောင်းကောင်းမှတ်သိလာပါလိမ့်မယ်။ အစပိုင်းမှာတော့ လှမ်းနေတဲ့ ခြေလှမ်းတွေရဲ့ လှုပ်ရှားမှု သဘောကိုပဲ သိအောင်၊ နိုင်အောင် မှတ်ကြည့်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ နောက်တဖြည်းဖြည်း အလှမ်းနဲ့အမှတ် တစ်ထပ်တည်းကျလာတဲ့ အခါမှာ ထုံးစံအတိုင်း သမာဓိ ကောင်းကောင်းတည်လာမှာ ဖြစ်ပါတယ်။ သမာဓိတည်လာတာနဲ့အမျှ သမာဓိနိမိတ်တွေလည်း ပေါ်လာတော့မှာ ဖြစ်ပါတယ်။ တစ်ခါတလေ ခြေလှမ်းလှမ်းရင်း ခြေဖဝါးနဲ့ ကြမ်းပြင်မထိတာမျိုး၊ ချလိုက်တဲ့ ခြေဖဝါးဟာ အမြင့်ကြီးက ချနေရတဲ့ သဘောမျိုး၊ ခြေလှမ်းတွေဟာ ပေါ့ပါးနေတာမျိုး၊ တစ်ခါတလေ ကျောက်ခဲဆွဲထားသလို လေးလံနေတဲ့ သဘောမျိုး၊ ကြမ်းပြင်နဲ့ထိတဲ့ ခြေဖဝါးပြင်ဟာ နူးညံ့ခြင်း၊ ကြမ်းတမ်းခြင်းစတဲ့ ခံစားမှုမျိုး၊ ကြမ်းပြင်မှာလျောက်နေပေမယ့် ကောင်ကင်မှာရောက်နေတဲ့ ခံစားမှုမျိုး စသဖြင့် သမာဓိနိမိတ် အမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ဒီလို နိမိတ်တွေ ဖြစ်လာတဲ့အခါမှာလည်း အရှိအတိုင်းပဲ သတိထားပြီး ဝိရိယနဲ့ အမှတ်မလွတ်အောင် မှတ်ကြည့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှတ်ရင်း နောက်တဖြည်းဖြည်း အလှမ်းနဲ့အမှတ် တစ်ထပ်တည်းဖြစ်ကာ မှတ်သိတဲ့စိတ်နဲ့ လှမ်းနေတဲ့ ရုပ် သူအလုပ် သူလုပ်နေတာကို သိမြင်လာမှာ ဖြစ်ပါတယ်။ ဒါကတော့ သမာဓိအားကောင်းပြီး အမှတ်နိုင်သွားတဲ့အခါ အလိုလို ဉာဏ်ကသိလာမယ့် သဘောပဲ ဖြစ်ပါတယ်။

ဒီမှာ အဓိက သိထားဖို့က စင်္ကြံအမှတ်ကို စမှတ်တဲ့ ယောဂီများအနေနဲ့ ခြေထောက်များရဲ့ လှုပ်ရှားမှုနဲ့ မှတ်သိရတဲ့ စိတ်အမှတ် တစ်ထပ်တည်းဖြစ်အောင် ကြိုးစားရမယ့် အပိုင်းပဲ ဖြစ်ပါတယ်။ စင်္ကြံလျှောက်ပြီး တရားမှတ်နည်းဟာ ထိုင်ပြီးတရားမှတ်နည်းကို အထောက်အကူဖြစ်စေတဲ့ တရားမှတ်နည်း ဖြစ်သလို ထိုင်မှတ်ရာက ဖြစ်ပေါ်လာတဲ့ သမာဓိကို မပျောက်ပျက်သွားအောင် သမာဓိတစ်ဆက်တည်းဖြစ်ဖို့ မှတ်ရတဲ့ မှတ်နည်းလည်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ဣရိယာပုတ်လေးမျိုးမှာ လမ်းလျောက်ပြီးတော့လည်း တရားမှတ်နိုင်တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီစင်္ကြံလျောက်ပြီး တရားမှတ်နည်းဟာလည်း လုပ်ဖို့ခက်ပေမယ့် အလွန်လွယ်တဲ့ နည်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ လွယ်တယ်လို့ ပြောရတာလဲဆိုရင် သူ့နည်းကိုကာ ခြေလှမ်းတွေကို သိပြီးလှမ်းပေးဖို့ပဲ ဆိုတော့ ဒီထက်လွယ်တာတော့ မရှိတော့ပါဘူး။ ဒါပေမယ့် ခက်တာက အဲဒီလို လွယ်တဲ့နည်းကို လွှတ်မသွားအောင်လုပ်ဖို့က ခက်နေတာ ဖြစ်ပါတယ်။ ခက်တယ်ဆိုလို့ မလုပ်ဘဲ နေပြန်ရင်လည်း တရားအလုပ်မှာ သိပ်မဟုတ်တတ်တဲ့ သဘောရှိတဲ့အတွက် လုပ်တာတော့ လုပ်ရမှာ ဖြစ်ပါတယ်။ နည်းသိရင် လိုက်လုပ်ဖို့က သတိ၊ ဝီရိယထားလိုက်ရင် ဖြစ်နိုင်တဲ့အတွက် သတိထားပြီး ကြိုးစားကြည့်ဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အချုပ်ပြောချင်တာက စင်္ကြံလျောက်ပြီး တရားမှတ်တဲ့အခါ ခြေလှမ်းတိုင်းကို သိပြီးလှမ်းရမှာ ဖြစ်တဲ့အတွက် လှမ်းနေတဲ့ ခြေလှမ်းတွေမှာ အလှမ်းနဲ့အမှတ် မပြတ်စေဖို့ ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ်၊ ညာလှမ်းရင်လည်း ညာလှမ်းတယ်၊ ကြွရင်လည်းကြွတယ်၊ လှမ်းရင်လည်း လှမ်းတယ်၊ ချရင်လည်းချတယ်၊ လမ်းလျောက်ရင်း ရပ်နေတဲ့အခါမှာလည်း ရပ်တယ်၊ လှည့်တဲ့အခါမှာလည်း လှည့်တယ်၊ လှမ်းချင်စိတ်ဖြစ်တဲ့ အခါမှာလည်း လှမ်းချင်စိတ်ဖြစ်တယ်၊ လှည့်ချင်စိတ်ဖြစ်တဲ့ အခါမှာလည်း လှည့်ချင်စိတ်ဖြစ်တယ်၊ ခြေဖဝါးပြင်မှာ တစ်ခုခု ခံစားမှု ဖြစ်တယ်ဆိုရင်လည်း ခံစားမှုဖြစ်တယ် စသဖြင့် အရှိကို အရှိအတိုင်း၊ လှုပ်ရှားမှုကို လှုပ်ရှားမှုအတိုင်း၊ ခံစားမှုကို ခံစားမှုအတိုင်း၊ စိတ်ဖြစ်မှုကို စိတ်ဖြစ်မှုအတိုင်း သတိထားပြီး ကြိုးစားမှတ်ကြည့်ကြဖို့နဲ့ သမာဓိနည်းလို့ မှတ်မရဖြစ်တဲ့အခါမှာလည်း စိတ်မလျော့ဘဲ ဝိရိယနဲ့ ကြိုးစားကြည့်ကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ပြောတဲ့အတိုင်းလည်း လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Read more »

တန်ဆေးလွန်ဘေး…

“တန်ဆေးလွန်ဘေး”တဲ့။ ဒါက မြန်မာဆိုရိုးစကားလေးပါ။ ဘာပဲဖြစ်ဖြစ် အတိုင်းအတာ တစ်ခုရှိဖို့လိုပြီး အတိုင်းအတာကို ကျော်သွားရင်တော့ ဘေးဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဘယ်လောက်ကောင်းတဲ့ အရာပဲ ဖြစ်ဖြစ်၊ ဘယ်လိုကောင်းတဲ့ အရာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ စိတ်နဲ့ကိုယ်ကို ပြုပြင်ပေးပါတယ်ဆိုတဲ့ အထောက်အကူပြု အရာမျိုးပဲ ဖြစ်ဖြစ် အလွန်အကျွံ ဖြစ်လာပါက အကောင်းကနေ အဆိုးဖြစ်သွားတတ်တဲ့ သဘောရှိပါတယ်။ ယုတ်စွအဆုံး တရားအလုပ် အားထုတ်တာတောင်မှ ညီညွတ်ပြည့်စုံရမယ့် အရာတွေညီညွတ်မှ တရားရနိုင်သလို တစ်ခုတည်းကို စွဲကိုင်ပြီး အလွန်ပြင်းပြင်းထန်ထန် လိုက်နာကျင့်သုံးမိပါက လွဲယိုင်သွားတတ်တဲ့ သဘောရှိပါတယ်။ သေချာတာတော့ ဘာပဲဖြစ်ဖြစ် အတိုင်းအတာကို ကျော်လွန်လာပါက ဘေးဖြစ်တတ်တယ်ဆိုတာ အသေအချာပဲဖြစ်ပြီး လွန်လာရင် ကျွံလာကာ ကျွံလာရာကနေ ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အလွန်အကျွံ မဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ စကားဟာ စားဝတ်နေရေး ကျန်းမာရေးတွေမှာ အကောင်းဆုံးဖြစ်ဖို့ လိုချင်တောင့်တ ကြိုးစားနေကြ သူတွေအတွက် တကယ့်ကိုပဲ သတိပြုရမယ့် စကားဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုခုကို ကိုယ်ကိုယ်တိုင်က သဘောကျနှစ်သက်လို့ အမြဲမပြတ် ရရှိနေအောင် ကြိုးစားတာပဲဖြစ်ဖြစ် မနှစ်သက်ပေမယ့် လိုအပ်ချက်တစ်ခုခုကြောင့် ရရှိအောင် ကြိုးစားတာပဲဖြစ်ဖြစ် အကန့်တစ်ခု၊ အတိုင်းအတာတစ်ခု အထိပဲ ဖြစ်စေတာ ကောင်းပါတယ်။ အဲလိုမှမဟုတ်ဘဲ ဒီအပေါ်မှာ အလွန်အကျွံ ဖြစ်လာရင်တော့ ဒါဟာ ဆိုးကျိုးတစ်ခုခုကို ဖြစ်စေတတ်တာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ ကြိုက်လို့လုပ်တာပဲ ဖြစ်ဖြစ်၊ မကြိုက်ပေမယ့် လိုအပ်ချက် တစ်ခုခုကြောင့် လုပ်နေတာပဲ ဖြစ်ဖြစ် တော်သင့်ရုံလောက်ပဲ ဖြစ်သင့်ပြီး ကိုယ်နဲ့ကိုက်ညီသလောက်ပဲ လုပ်သင့်ကာ အတိုင်းအတာကို ကျော်လွန်ပြီး အလွန်အကျွံဖြစ်အောင် မလုပ်သင့်၊ မလိုက်စားသင့်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် လူတွေဟာ အစွဲလေးတွေ ကိုယ်စီရှိနေကြတဲ့အတွက် စွဲမိစွဲရာလေးတွေ အပေါ်မှာ လိုတာထက် ပိုနေတတ်တဲ့ သဘောရှိပါတယ်။ ဒီလိုအပိုတွေကြောင့်လည်း စွဲမိရာက တဖြည်းဖြည်း လွဲလာကာ ပိုပိုလို့သာ စိတ်ရောကိုယ်ပါ မွဲလာတတ်တဲ့ သဘောတွေအထိ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ အစွဲအမျိုးမျိုး ရှိတဲ့အထဲမှာ တစ်ချို့က အစားအသောက်စွဲတာ၊ တစ်ချို့က လောင်းကစားစွဲတာ၊ တစ်ချို့က အမျိုးသမီးစွဲတာ၊ တစ်ချို့က အရက်စွဲတာ၊ တစ်ချို့က အင်တာနက်စွဲတာ၊ တစ်ချို့က ချက်တင်းစွဲတာ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဝါသနာပါရာ နီးစပ်ရာကို စွဲနေတော့တာ ဖြစ်ပါတယ်။ ဘယ်လိုဝါသနာမျိုးနဲ့ ဘယ်လိုပဲစွဲစွဲ အဲဒီအစွဲဟာ ကြာတော့ဖြတ်ဖို့ခက်လာပြီး အလွဲတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ အစွဲကို မဖြတ်နိုင်တဲ့အတွက် အဲဒီအစွဲနောက်ကိုလိုက်ရင်း အလွန်အကျွံတွေ ဖြစ်ကုန်ကာ နောက်ဆုံးတော့ ဘေးဒုက္ခရောက်တဲ့အထိ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ အစကတော့ အတိုင်းအတာ သတ်မှတ်ချက်လေးတွေနဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိနေတုန်းမှာ ဘာမှထိခိုက်မှုမှ မရှိဘဲ စိတ်ဖြေဆေးတစ်ခုလို ဖြစ်နေတယ်လို့ ထင်ရပေမယ့် ကြာလာတော့ အဲဒီဆေးဆိုတာတွေက ဘေးအဖြစ် ရောက်စေကုန်တော့တာ ဖြစ်ပါတယ်။ ဒါဟာ အစွဲနောက်ကိုလိုက်ရင်း လွဲလာရာက ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

အစွဲကြောင့် ဘေးဖြစ်ကြရတဲ့ အဖြစ်တွေကတော့ ကိုယ်ကိုယ်တိုင်လည်း ကြုံဖူးကြမှာ ဖြစ်သလို၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေကြတာတွေကိုလည်း မြင်ဖူးကြားဖူးကြမှာ ဖြစ်ပါတယ်။ နိဗ္ဗာန်ရောက်ရေးအတွက် ဖြတ်သင့်ဖြတ်ထိုက်တဲ့ အစွဲတရားတွေကို အကြွင်းမဲ့ ဖြတ်ဖို့အရေးထက် လက်ရှိဒီဘဝမှာကိုပဲ ဒုက္ခရောက်စေ၊ ဘေးဖြစ်စေမယ့် လက်တွေ့ဖြတ်ရမယ့် အစွဲတွေကို ဖြတ်နိုင်ဖို့က ပိုအရေးကြီးနေပါတယ်။ နိဗ္ဗာန်မသွားမီ လက်တွေ့ဘဝမှာပဲ အစွဲတရားတွေနောက် အလွန်အကျွံ လျှောက်မိတဲ့အတွက် ဆေးမဖြစ်ဘဲ ဘေးဖြစ်နေကြတဲ့ သူတွေက ဒုနဲ့ဒေးဖြစ်နေတဲ့အတွက် ဒီအစွဲတရားတွေနောက် အလွန်အကျွံ မလိုက်မိအောင် ကြိုးစားဖို့က အဓိကလိုအပ်နေပါတယ်။ ဒါကြောင့် အစွဲတရားမှန်သမျှ ကြိုက်လို့ပဲ စွဲစွဲ၊ လိုက်လို့ပဲ စွဲစွဲ၊ ကောင်းတယ်ထင်လို့ပဲ စွဲစွဲ၊ ပြောင်းမယ်ထင်လို့ပဲ စွဲစွဲ၊ ဘယ်လိုပဲစွဲစွဲ အလွန်အကျွံ ဖြစ်လာပါက စွဲရာကနေလွဲလာပြီး ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် အကန့်တစ်ခုနဲ့ ရပ်တံ့နိုင်အောင် ကြိုးစားကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ခုခုအပေါ် အလွန်အကျွံဖြစ်ကာ ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ အကြောင်းကိုပြောရင်း ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာရှိတဲ့ သူအချို့ရဲ့ အစွဲတရားကြောင့် ဘေးဒုက္ခရောက်ကြရတဲ့ အဖြစ်လေးတွေကို သတိရမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အလွန်အကျွံဖြစ်ရင် ဒုက္ခရောက်တယ်ဆိုပေမယ့် အလွန်အကျွံမဖြစ်ခင် သတိဝင်ကာ ပြုပြင်သွားကြသူတွေ ရှိသလို ဘယ်လိုပဲပြောပြော၊ ဘယ်လောက်ပဲ တိုက်တွန်းတိုက်တွန်း အစွဲကို မခွဲနိုင်သေးတဲ့ သူတွေလည်း ရှိနေတတ်ပါတယ်။ အဲဒီလို မခွဲနိုင်ရာက အစွဲကနိုင်ပြီး ကြာလာတော့ ဘဝတစ်ခုလုံး ပျက်စီးသွားကြတဲ့အထိ ဘေးဖြစ်ကြတဲ့သူတွေလည်း ရှိနေပြန်ပါတယ်။

ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘုန်းဘုန်းတို့ တပည့်လေးတွေဆိုလည်းဟုတ်၊ ဘုန်းဘုန်းတို့ ဒကာလေးတွေဆိုလည်း ဟုတ်တဲ့ ကိုရီးယားရောက် ကလေးတွေထဲမှာလည်း အစွဲကြီးတဲ့ ကလေးတွေ ရှိနေတတ်ပါတယ်။ တစ်ချို့က အသောက်အစား အားသန်သလို၊ တစ်ချို့လည်း လောင်းကစားအားသန် သူတွေရှိတတ်ပါတယ်။ တစ်ချို့ကတော့ အအိပ်ပျက် အစားပျက်ခံကာ ရုန်းမထွက်နိုင်အောင် ကြိုက်တတ်တဲ့ အရာတွေ ရှိနေတတ်ပြီး တစ်ချို့ကျတော့ မာတုဂါမ လိုက်စားမှုအပေါ် အစွဲကြီးသူတွေလည်း ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေအပေါ်မှာ ဘုန်းဘုန်းအနေနဲ့ ကရုဏာလည်းထားသလို၊ မေတ္တာလည်း ပွားပါတယ်။ ဒါကြောင့် သူတို့လေးတွေ စွဲစွဲလန်းလန်းဖြစ်နေကြတဲ့ အရက်သောက်တာ၊ ဖဲကစားတာ၊ အပျော်အပါးလိုက်စားတာ၊ လောင်းကစားလုပ်တာ စတဲ့အရာလေးတွေအပေါ်မှာ အလွန်အကျွံမဖြစ်အောင် သူတို့လေးတွေနဲ့ တွေ့တဲ့အခါတိုင်း သတိပေး ပြောဆိုဆုံးမ ပေးနေဖြစ်ပါတယ်။ လူ့သဘာဝအရ ဆုံးမပြောဆိုတာကို မကြိုက်ပေမယ့်လည်း လိုက်နိုင်သူတွေ လိုက်နာနိုင်ဖို့ အမုန်းခံပြီး ပြောဆိုဖြစ်နေပါတယ်။ ခက်တာက ဒီလို ပြောဆိုပေးနေတဲ့ ကြားကကိုပဲ အလွန်အကျွံဖြစ်သွားလို့ ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားသူတွေကလည်း တစ်ခါတရံ ရှိလာနေပြန်ပါတယ်။

အခုမကြာသေးခင်ကပဲ ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘုန်းဘုန်းတို့ ဒကာလေးတစ်ယောက် အသက် ပျောက်သွားခဲ့ရပြန်ပါပြီ။ သူ့အသက်ကြည့်တော့ (၃၃)နှစ်တဲ့။ (၃၃)နှစ်ဆိုတာ သက်တမ်းအရကြည့်ရင် သေရမယ့် အရွယ်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် သေဖို့အကြောင်းဖန်လာတော့ သေရပြန်ပြီပေါ့။ ဖန်လာတဲ့အကြောင်းက ဘယ်သူမပြု မိမိမှုဆိုသလို ကိုယ်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အကြောင်းဆိုလည်း မှားမယ်မထင်ပါဘူး။ ဒီဒကာလေး သေရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အရက်အသောက် များခဲ့တာရယ်၊ အအိပ်ပျက် အစားပျက်ခံကာ ကိုယ့်ကိုယ်ကို ဂရုစိုက်နည်းခဲ့တာ တွေရယ်ကြောင့်လို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ သူဟာ အရက်ကို အရမ်းကြိုက်ပြီး အရမ်းစွဲနေတဲ့ သူဖြစ်သလို ကွန်ပျူတာနဲ့ အင်တာနက်ကိုလည်း အအိပ်ပျက်ခံ အစားပျက်ခံပြီး ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အတွက်က တစ်နေ့လုံးမှာဆိုရင် အရက်သောက်ချိန်နဲ့ ကွန်ပျူတာ အင်တာနက် သုံးချိန်တွေက ပိုများနေတော့ အကောင်းထက် အဆိုးက ပိုများနေသလို ဖြစ်နေပါတယ်။ ဒီဒကာလေးဟာ အရက်အသောက်များတဲ့အတွက် အဓိက အသည်းမှာဖောက်ပြန်မှုတွေ ဖြစ်လာပြီး အဲဒီကမှတဆင့် အထဲကလီစာတွေအထိ ဒဏ်ဖြစ်ကုန်ကာ ကိုယ်ကိုယ့်ကို ဂရုစိုက်မှုတွေပါ လျော့နည်းလာတဲ့အတွက် ကြာတော့ အသက်ကိုပါ နှုတ်သွားခြင်း ခံရတော့တာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ဒါဟာ ကြိုက်လို့စွဲမိတဲ့ အစွဲအပေါ်မှာ အလွန်အကျွံ ဖြစ်မိရာက ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားတဲ့ သဘောလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

သူလိုအစွဲကြောင့် ဒုက္ခရောက်သွားတဲ့ မတူညီတဲ့ အဖြစ်အပျက်တွေကတော့ အများကြီးပါပဲ။ တစ်ခါက ဒကာလေးတစ်ယောက်ဆိုလည်း ဖဲကစားရင်း ဖဲအရှုံးများကာ စိတ်ကယောင်ခြောက်ခြားဖြစ်ပြီး ဖဲဝိုင်းမှာ ရန်ဖြစ်ရာက အချင်းချင်းသတ်လိုက်လို့ သေခဲ့ရတဲ့ အဖြစ်လည်း ရှိခဲ့ဖူးသလို ဒကာလေးတစ်ယောက်ဆိုလည်း မာတုဂါမတစ်ယောက်ကို အလွန်အကျွံ စွဲလန်းမိရာက အဲဒီအမျိုးသမီးကို အကြောင်းပြုပြီး လူတစ်ယောက်ကို သတ်လိုက်မိကာ ထောင်နန်းစံခဲ့ရတဲ့အထိ ဖြစ်သွားတာလည်း ရှိခဲ့ဖူးပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ သွားတဲ့သူတွေက သွားပြီပဲ ဘာလို့ဒါတွေ ပြန်ပြောနေတာလဲဆိုရင် ကျန်ခဲ့တဲ့သူတွေ သတိပြုမိစေဖို့ပဲ ဖြစ်ပါတယ်။ သွားလေသူကို အပြစ်ပြောတာ မဟုတ်ပါဘူ။ ကျန်တဲ့သူအတွက် အချစ်ပေါလို့ ပြောရခြင်း ဖြစ်ပါတယ်။ ထားပါတော့။ အားလုံးကို ချုံကြည့်လိုက်ရင် ဖြစ်ခဲ့သမျှ အရာတွေဟာ မတူညီတဲ့ အစွဲတရားတွေနဲ့ အလွဲအမှားလိုက်ကာ အလွန်အကျွံ ဖြစ်ကြရာက ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားကြတဲ့ သဘောတွေပဲ ဖြစ်ပါတယ်။

ဒီမှာ ပြောချင်တာက တန်ဆေးလွန်ဘေးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလွန်အကျွံဖြစ်လာရင် ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တယ်ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ တစ်ခါတလေ ဆေးဖြစ်ပါတယ်လို့ဆိုတဲ့ အရာတွေတောင်မှ အတိုင်းအတာမရှိ အလွန်အကြူး ပြုမူမိရင် ဆေးအဆင့်ကိုကျော်ပြီး ဘေးဖြစ်ပေါ်တတ်တယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။ ကိုယ်ကကြိုက်လို့ လိုက်စားတဲ့အရာပဲ ဖြစ်ဖြစ်၊ ကိုယ်ကမကြိုက်ပေမယ့်လည်း ကိုယ့်အတွက် လိုအပ်တဲ့အရာ ဖြစ်တဲ့အတွက် လိုက်စားတာပဲ ဖြစ်ဖြစ် တော်ရုံသင့်ရုံပဲကောင်းပြီး အတိုင်းအတာကို မကျော်မိစေဖို့နဲ့ အတိုင်းအဆကို ကျော်လွန်ပြီး အလွန်အကျွံဖြစ်ပါက ဘေးဒုက္ခဖြစ်တတ်တဲ့အတွက် ကိုယ့်ပမာဏ ကိုယ်သိကာ ကိုယ့်ကိုယ်ကိုညှိရင်း ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အသိပေး ပြောကြားလိုတာ ဖြစ်ပါတယ်။
ဒါကြောင့်

အတိုင်းအတာတို့၊ အကန့်အသတ်တို့ဆိုတာ ပုဂ္ဂိုလ်သတ္တဝါ တစ်ဦးဦးကို အလွန်အကျွံ မဖြစ်အောင် ထိန်းချုပ်ပေးတဲ့ အရာတွေဖြစ်ပြီး ဘေးမဖြစ်ဘဲ ဆေးဖြစ်စေတဲ့ အရာတွေ ဖြစ်တဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တွေမှာ ကြိုက်လို့လုပ်တာပဲ ဖြစ်ဖြစ်၊ လိုအပ်လို့ လုပ်တာပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ပါစေ ကောင်းတယ်လို့ ထင်တဲ့အရာတွေတောင် လွန်ရင်မကောင်းတဲ့ သဘောရှိပြီး မကောင်းတဲ့ အရာတွေဆိုရင်တော့ ပြောစရာမရှိအောင်ကို ဒုက္ခဖြစ်စေတတ်တာကို သတိပြုဆင်ခြင်ရင်း ဘာပဲဖြစ်ဖြစ် အလွန်အကျွံ ဖြစ်တဲ့အထိ မလုပ်မိကြဖို့၊ မလိုက်စား၊ မပျော်ပါးမိကြဖို့ ကိုယ့်ကိုယ်ကိုသာ သတိပညာတရားများ လက်ကိုင်ထားရင်း အကန့်အသတ်လေးများနဲ့ ထိန်းချုပ်ပေးကြပါလို့ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

အမိတာဘာဗုဒ္ဓ…

Q. I would like to know about Amitabha Buddha. Please write and post about story of Amitabha Buddha. I just want to get knowledge.
(thwin)


A.
အမိတာဘာ ဘုရားဟာ မဟာယာန ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ကြတဲ့ ဘုရားတစ်ဆူ ဖြစ်ပါတယ်။ မဟာယာန ဗုဒ္ဓဘာသာဟာ လက်ရှိသကျမုနိဗုဒ္ဓကိုလည်း ကိုးကွယ်ကြသလို ထာဝရ ဘုရားပုံစံမျိုး ဘုရားများ၊ ပွင့်တော်မမူသေးတဲ့ အရိမေတ္တယျလို ဘုရားများ၊ ဘုရားလောင်းများ၊ ဘုရားရဲ့မယ်တော်များ စသဖြင့် အမျိုးမျိုးသော ပုဂ္ဂိုလ်များကိုလည်း ပုံတော်ရုပ်ပွားတော်များ ဖန်တီးကား ကိုးကွယ်ပူဇော်လေ့ ရှိပါတယ်။ အဲဒီ ကိုးကွယ်ရာတွေထဲမှာ အမိတာဘာဘုရားဟာလည်း ထာဝရတည်တံ့နေတဲ့ ဘုရားအဖြစ် ကိုးကွယ်တဲ့ ဘုရားတစ်ဆူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေပါတယ်။

အမိတာဘာရဲ့ အဓိပ္ပါယ်က အတိုင်းမရှိသော အရောင်အလင်းလို့ အဓိပ္ပါယ်ရပါတယ်။ မဟာယာန ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆိုအရ အမိတာဘာ ဘုရားဟာ အနောက်ဘက်အရပ်ရှိ သုခဝတီဘုံးနန်းမှာ ကိန်းဝပ်စံပါယ်တော်မူတယ်လို့ သိရပါတယ်။ ထူးခြားချက်က ဒီအမိတာဘာ ဘုရားဟာ ပါရမီတွေဘာတွေ ဖြည့်ကျင့်စရာမလိုဘဲ အစကတည်းက သူ့အလိုလို ဘုရားအဖြစ်ကို ရရှိထားတဲ့ ဘုရားမျိုးဖြစ်ပါတယ်။ ဒါကြောင့် အမိတာဘာဘုရားကို အာဒိဗုဒ္ဓ (အစဘုရား)လို့လည်း ခေါ်လေ့ရှိကြပါတယ်။

အမိတာဘာဘုရားရဲ့ သမိုင်းကြောင်းအဆိုအရ အမိတာဘာဘုရားဟာ မဟာယာန ဗုဒ္ဓဘာသာက ပြုလုပ်ဖန်တီးထားတဲ့ ဘုရားတစ်ဆူပဲ ဖြစ်ပြီး ဗောဓိသတ္တအယူအဆနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ မဟာယာနတို့ရဲ့ ဗောဓိသတ္တအယူအဆဟာ အိန္ဒိယနိုင်ငံ ကနိသျှကမင်းလက်ထပ်မှာ အလွန်ထင်ရှားခဲ့ပါတယ်။ အဲဒီအယူအဆဟာ နောက်ပိုင်းအိန္ဒိယကနေ တရုတ်ပြည်ကို ရောက်ရှိပြန့်နှံ့လာပြီး သာသနာနှစ် ၉၀၀လောက်မှာ မဟာယာနဗုဒ္ဓဘာသာမှာ ထင်ရှာကျော်ကြားတဲ့ ပညာရှင် ရဟန်းတော်တစ်ပါးဖြစ်တဲ့ အရှင်နာဂဇ္ဇုနက ဂုဏ်တော်အမျိုးမျိုးနဲ့ ထင်ရှားထူးခြားတဲ့ ဘုရားတစ်ဆူအဖြစ် ကိုးကွယ်ပူဇော်နိုင်ရန် “အမိတာဘာ” အမည်ရှိတဲ့ ဘုရားတစ်ဆူကို တီထွင်ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

အရှင်နာဂဇ္ဇုန တီထွင်ဖန်တီးလိုက်တဲ့ ဒီအမိတာဘုရားဟာ ထာဝရမပျက်စီးတဲ့ ဘုရားတစ်ဆူအဖြစ် အကောင်းဆုံး နိဗ္ဗာန်ဘုံဖြစ်တဲ့ သုခဝတီဘုံမှာ တည်ရှိနေပြီး တရုတ်ပြည်မှာ အလွန်ထင်ရှားကျော်ကြားကာ လူအများယုံကြည် ကိုးကွယ်တဲ့ ဘုရားကြီးတစ်ဆူ ဖြစ်လာခဲ့ပါတယ်။ အဲဒီသုခဝတီ နိဗ္ဗာန်ဘုံမှာ ရှိတဲ့ အမိတာဘာ ဘုရားကြီးဟာ လောကနဲ့ဆက်သွယ် ကယ်ဆယ်မှုကို တိုက်ရိုက်မလုပ်ဘဲ ကြားခံအဖြစ် ဘုရားလောင်းများကိုထားကာ တစ်ဆင့်ခံ ဆက်သွယ် ကယ်ဆယ်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အဝလောကိတေသွာရ ဘုရားလောင်းဆိုတာ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ အဝလောကိတေသွာရကို တရုတ်လိုတော့ ကွန်ယင်လို့ ခေါ်ပါတယ်။ အဝလောကိတေသွာရဟာ အမိတာဘာဘုရားနှင့် ကြင်ယာတော် ပါဏ္ဍရာ ဘုရားမတို့မှ မွေးဖွားလာတဲ့သူလို့ ဆိုပါတယ်။

ဒီလိုနဲ့ မဟာယာန ဗုဒ္ဓဘာသာမှာ အမိတာဘာဘုရား ရုပ်ပွားတော်၊ သကျမုနိရုပ်ပွားတော်နဲ့ အဝလောကိတေသွာရ ရုပ်ပွားတော်တွေကို ထားရှိကိုးလာမှုဟာ တဖြည်းဖြည်းထင်ရှားလာခြင်း ဖြစ်ပြီး အမိတာဘာဘုရားကြီးကို ကောင်းကင်ဘုံဘုရားအဖြစ် အလယ်တွင်ထား၍ ဖြစ်စေ၊ တစ်ခါတလေ သကျမုနိ (ရှင်ဂေါတမ)ဘုရားရဲ့ မြင့်မြတ်တဲ့ လက်ဝဲဘက်မှာဖြစ်စေ ထားပြီးကိုးကွယ်လေ့ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ မဟာယာနဗုဒ္ဓဘာသာဝင်တွေဟာ သေခါနီးအခါမှာ တစ်ခြားအရာတွေကို အာရုံမပြုနိုင်တာတောင်မှ အမိတာဘာဘုရားကိုသာ အာရုံပြုနိုင်မယ်ဆိုရင် အမိတာဘာဘုရားရှိတဲ့ သုခဝတီဘုံကို ရောက်နိုင်တယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။

မဟာယာန ဗုဒ္ဓဘာသာရဲ့ အယူအဆအရ ဂေါတမဘုရားဟာလည်း လူသားဘုရား မဟုတ်၊ သဘောတရား ပရမတ် ဘုရားသာဖြစ်ကြောင်း၊ ဂေါတမဘုရားအရင် မရေတွက်နိုင်တဲ့ ဘုရားများရှိကြောင်း ဂေါတမဘုရားကိုလည်း ကောင်းကင်ဘုံရှိ ပရမတ်ဘုရားအဖြစ်မှ လောကကိုကယ်ချွတ်ရန် သိဒ္ဓတ္ထအဖြစ် လူ့ပြည်ကို စေလွတ်လိုက်ခြင်း ဖြစ်ကြောင်း လောကတွင် ကိစ္စပြီးလို့ ပရိနိဗ္ဗာန်ပြုတဲ့အခါ ကောင်းကင်ဘုံကို ပြန်ကြွသွာခြင်းဖြစ်ကြောင်း စသဖြင့် ဆိုလေ့ရှိပါတယ်။ တစ်ချို့ကတော့ အမိတာဘာဘုရားဟာ လောကကို သကျမုနိဘုရားအဖြစ် ရောက်ရှိလာခြင်း ဖြစ်ကြောင်းဆိုပြီး တစ်ချို့လည်း ဘုရားအားလုံးကို စုပေါင်းထားတဲ့ ပရမတ် ဘုရားအဖြစ်သာ တည်ရှိကြောင်း စသဖြင့် ဆိုပါတယ်။

အမိတာဘာ ဘုရားနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုကြပေမယ့် မဟာယာနဗုဒ္ဓဘာသာမှာတော့ အလွန်ထင်ရှားတဲ့ ကောင်းကင်ဘုံ ဘုရားတစ်ဆူပဲ ဖြစ်ပါတယ်။ တစ်ချို့ပညာရှင်တွေကတော့ အမိတာဘာ ဘုရား အယူဝါဒဟာ ဗြဟ္မဏဝါဒရဲ့ ပုံတူကူးချချက်သာ ဖြစ်ကြောင်း ထောက်ပြကြပါတယ်။ ဗြဟ္မဏဝါဒအရ လောကကြီးဟာ ဣဿရခေါ် ဖန်ဆင်းမှုကြောင့် ဖြစ်ပေါ်လာပြီး တစ်လောကလုံးဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်နဲ့ တည်ဆောက်ထားခြင်း ဖြစ်ကာ သတ္တဝါတိုင်းရဲ့ ခန္ဓာကိုယ်တွင်းမှာ ထာဝရ မပျက်စီးတဲ့ ဝိညဉ်ခေါ် အတ္တကောင်လေးရှိပြီး အဲဒီအတ္တလေးဟာ ထာဝရဘုရားသခင်ရဲ့ အတ္တမာန် အစိပ်အပိုင်းပင် ဖြစ်တယ်လို့ ဆိုကြပါတယ်။ နောက်ဆုံးမှာ အဲဒီအတ္တအစိပ်အပိုင်းဟာ ထာဝရဘုရားသခင်ရဲ့ အတ္တမာန်ကြီးနဲ့ ပေါင်းစပ်ပြီး ထာဝရငြိမ်းချမ်းရာ သုခဘုံမှာ စံမြန်းသွားမှာဖြစ်ကြောင်း ယူဆကြပါတယ်။ ဒီအယူအဆဟာ မဟာယာနဗုဒ္ဓဘာသာလာ အမိတာဘာနဲ့ သုခဝတိဘုံ အယူအဆအတိုင်း ဖြစ်နေတဲ့အတွက် ဗြဟ္မဏဝါဒနောက်မှ ပေါ်ပေါက်လာတဲ့ မဟာယာန အယူအဆဟာ ဗြဟ္မဏဝါဒကို ပုံတူကူးချထားခြင်း ဒါမှမဟုတ် ဗြဟ္မဏအယူအဆဟာ မဟာယာန အယူအဆထဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြပါတယ်။

ဗြဟ္မဏဝါဒ လွှမ်းမိုးခြင်းကို ခံရတဲ့ မဟာယာန ဗုဒ္ဓဘာသာဟာ ဗြဟ္မဏဝါဒကို အတုယူကာ အမိတာဘာဘုရားကို ဗြဟ္မာကြီးပုံစံ ဖန်တီးပြီး အဝလောကိတေသွာရနဲ့ ဂေါတမဗုဒ္ဓတို့ကိုလည်း ဗြဟ္မာကြီးတစ်ဖြစ်လဲ အမိတာဘာက ဖန်ဆင်းပြီး စေလွှတ်ထားတဲ့ တမန်တော်ပုံစံအဖြစ် ပုံတူကူးချထားခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ရုပ်ပွားဆင်းတုတော်များ ထုလုပ်ကိုးကွယ်တဲ့ အခါမှာလည်း အမိတာဘာဘုရားကို အလယ်မှာထားပြီး လက်ဝဲလက်ယာဘက်တွေမှာ ဂေါတမဘုရားနဲ့ အဝလောကိတေသွာရကို ထားခြင်းဖြစ်နိုင်ကြောင်း အချို့က ကောက်ချက်ချကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မဟာယာနဗုဒ္ဓဘာသာလာ အမိတာဘာဘုရားနဲ့ သုခဝတီဘုံ အယူအဆဟာ ထေရဝါဒ ဗုဒ္ဓမှာ မပါတဲ့ ထေရဝဒါနဲ့ ဆန့်ကျင်တဲ့ ထာဝရဘုရားနဲ့ ကောင်းကင်ဘုံ အယူအဆ သက်သက်သာ ဖြစ်တယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ အမိတာဘာဘုရားဟာ ဗြဟ္မဏတွေရဲ့ ဣဿရကို အမည်ပြောင်းထားခြင်းဖြစ်ပြီး လောက၌ အတ္တရှိတယ်လို့ ယူဆတဲ့ မဟာယာနတစ်ဖြစ်လဲ ဗြဟ္မဏအယူအဆရဲ့ လွှမ်းမိုးဖန်တီးထားချက် ဘုရားတစ်ဆူသာ ဖြစ်တယ်ဆိုတာ ထင်ရှားတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အတ္တဝါဒကိုပယ်ပြီး အနတ္တဝါဒအတိုင်း လက်ခံကျင့်သုံးကြတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာက ဒီအမိတာဘာဘုရား အယူအဆကို အသိအမှတ်ပြု လက်မခံခြင်းပဲ ဖြစ်ပါတယ်။ ရှိစေတော့။ အမိတာဘာ ဘုရားနဲ့ ပတ်သက်ပြီးပြောမယ်ဆိုရင် အယူအဆအမျိုးမျိုး။ ဖွင့်ဆိုချက်အမျိုးမျိုးနဲ့ ငြင်းခုံမှုအမျိုးမျိုးကို တွေ့ရမှာဖြစ်ပေမယ့် ထေရဝါဒ ဗုဒ္ဓဘာသာတွေ အနေနဲ့ကတော့ အမိတာဘာ ဘုရားအယူအဆနဲ့ ပတ်သက်ပြီး ယုတ္တိကျမကျ စဉ်းစားဆင်ခြင်ပြီး ကိုယ်ကိုယ်တိုင် ရွေးချယ်မှုနဲ့ပဲ အမိတာဘာ ဘုရား အယူဝါဒကို စိစစ်ကြရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အမိတာဘာဗုဒ္ဓသည် ထေရဝါဒ ဗုဒ္ဓဘာသာမှ မပါတဲ့၊ ထေရဝါဒ ဗုဒ္ဓဘာသာက လက်မခံတဲ့၊ ထေရဝါဒ ဗုဒ္ဓဘာသဝင်များ မကိုးကွယ်တဲ့ ဗြဟ္မဏဝါဒကို ပုံတူကူးချထားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ ဖန်တီးမှု အယူအဆသာ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း အမိတာဘာဘုရားအကြောင်း တစ်စိပ်တစ်ဒေသအဖြစ် တင်ပြလိုက်ရပါတယ်။

ကျမ်းကိုး =
မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း (ဆရာဝန်တင်ရွှေ)
ရှေ့ဘဝနောက်ဘဝ ဗုဒ္ဓမဝေဘန် (ဝင်းသိန်းဦး)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ