ဝိပဿနာ ရှုနည်း၊ မူသေစည်း…

“၀ိပဿနာရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်” ဆိုတဲ့ ဒီဆောင်ပုဒ်လေးက မဟာစည်ဆရာတော် ကြီးရဲ့ အခြေခံ ၀ိပဿနာ တရားအားထုတ်နည်း ဆောင်ပုဒ်လင်္ကာတွေထဲမှာ ပါတဲ့ နောက်ဆုံး အပိုဒ်လေး ဖြစ်ပါတယ်။ မဟာစည် ရိပ်သာကြီးမှာ တရားဝင်တုန်းက နေ့စဉ်တရားနာပြီးတိုင်း ယောဂီအားလုံးနဲ့အတူ လိုက်ပြီး ရွတ်ဆိုနေရတာဆိုတော့ နှုတ်တက်အာဂုံရနေခဲ့တဲ့ ဆောင်ပုဒ်လင်္ကာလေးတွေလည်း ဖြစ်ပါတယ်။ မဟာစည်ဆရာတော်ကြီးက တရားစပြီး အားထုတ်ကာစ ယောဂီတွေအတွက် ၀ိပဿနာ ဉာဏ်ဆိုတာ ဘာကိုခေါ်တယ်၊ ဘယ်လိုအရာမျိုးတွေမှာ ရှုမှတ်ပွားများရတယ်၊ ဘာကြောင့်ရှုမှတ်ရတယ် စတာတွေကို အလွယ်နားလည်သွားအောင် ဆောင်ပုဒ်လင်္ကာလေးတွေ သီးကုံးပြီး ရွတ်ဆိုမှတ်သား လေ့ကျင့်စေပါတယ်။ ဒါကြောင့် ၀ိပဿနာ အားထုတ်မှုမှာ တစ်စုံတစ်ခု အထောက်အကူ ဖြစ်စေဖို့ ဆရာတော်ကြီးရဲ့ ၀ိပဿနာ ရှုနည်း မူသေစည်းလေးတွေကို ကိုးကားပြီး ပို့စ်တစ်ပုဒ်အနေနဲ့ ရေးသားတင်ပြ ရခြင်းဖြစ်ပါတယ်။

ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
ဒီလင်္ကာလေးတွေအရ ၀ိပဿနာဉာဏ်၊ ၀ိပဿနာဉာဏ်လို့ ပြောပြောနေကြရမှာ ၀ိပဿနာဉာဏ်ဆိုတာ ဘယ်လိုဉာဏ်ကို ပြောတာလဲ၊ ဒီဉာဏ်ဖြစ်အောင် ဘယ်လိုအရာကို ရှုမှတ်ရတာလဲလို့ မသိနားမလည်လို့ မေးလာသူတွေကို ၀ိပဿနာဉာဏ်ဆိုတာ တစ်ခြားမဟုတ်၊ ခန္ဓာငါးပါးအပေါ် အမှန်အတိုင်း ရှုမှတ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ မဂ်ဉာဏ်ကို ဆိုတာဖြစ်ကြောင်း၊ ဒီဝိပဿနာဉာဏ် ဖြစ်ပေါ်ဖို့အတွက် ခန္ဓာငါးပါးကိုပဲ အရှိအတိုင်း အမှန်အတိုင်း ရှုမှတ်ရမှာဖြစ်ကြောင်း တိုတိုနဲ့ လိုရင်းထိအောင် ဖွဲ့ဆိုပေးထားပါတယ်။ မှန်ပါတယ်။ ၀ိပဿနာရှုတယ်ဆိုတာ တစ်ခြားအရာတွေကို ရှုတာမဟုတ်ပါဘူး။ ယောဂီပုဂ္ဂိုလ်အားလုံး ပိုင်ဆိုင်ထားတဲ့ ခန္ဓာမှာပဲ ရှုတာဖြစ်ပါတယ်။ ခန္ဓာဆိုတာ အစုအဖွဲ့ကို ပြောတာပါ။ ဒီခန္ဓာကို အသေးစိပ်ခွဲလိုက်ရင် ရှုပက္ခန္ဓာ (ရုပ်အစု)၊ ဝေဒနာက္ခန္ဓာ (ခံစားမှုအစု)၊ သညက္ခန္ဓာ (မှတ်သားမှုအစု)၊ သင်္ခါရက္ခန္ဓာ (ပြုပြင်မှုအစု)နဲ့၊ ၀ိညာဏက္ခန္ဓာ (အထူးသိမှတ်မှုအစု) ဆိုပြီး ငါးမျိုးကွဲပြားပါတယ်။ ဒီငါးပါးကိုပဲ ခန္ဓာငါးပါးလို့ ဆိုတာဖြစ်ပါတယ်။ ဒီခန္ဓာငါးပါးမှာ ရူပက္ခန္ဓာဆိုတဲ့ ရုပ်ခန္ဓာက တစ်ပါးဖြစ်ပြီး ကျန်တာတွေကတော့ နာမ်ခန္ဓာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာငါးပါးဆိုတာ အလွယ်ပြောရရင် နာမ်နဲ့ရုပ်ပဲ ဖြစ်ပါတယ်။ ၀ိပဿနာတရား အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီနာမ်ရုပ်နှစ်ပါးမှာပဲ အရှိအတိုင်း အားထုတ်နေမယ်ဆိုရင် ၀ိပဿနာဉာဏ်တွေ ဖြစ်နေမှာ ဖြစ်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
ခန္ဓာငါးပါးလို့ခေါ်တဲ့ နာမ်ရုပ်နှစ်ပါးကို ဘယ်အတွက်၊ ဘယ်လိုဟာတွေကို ရှုရမှာလဲဆိုတော့ ခန္ဓာငါးပါးဆိုတာ စွဲလန်းတတ်တဲ့အတွက် အဲဒီအပေါ်မှာ မစွဲမိအောင် ဒီနာမ်ရုပ်နှစ်ပါးရဲ့ ဖြစ်စဲဖြစ်ခိုက်၊ ပေါ်စဲပေါ်ခိုက်ကို အရှိအတိုင်း၊ အမှန်အတိုင်း ရှုမှတ်ရမယ်လို့ ဆိုပါတယ်။ ခန္ဓာငါးပါးဟာ သတ္တ၀ါတွေအတွက် စွဲလန်းစရာ ဖြစ်လို့ သူ့ကို ဥပါဒါနက္ခန္ဓာလို့လည်း ခေါ်ပါတယ်။ ဥပါဒါန်ဆိုတာ စွဲလန်းမှုကို ပြောတာဖြစ်ပါတယ်။ ဒီစွဲလမ်းမှုကို အမှန်အတိုင်း မသိတဲ့အခါကျတော့ သတ္တ၀ါတွေဟာ ရုပ်ကိုလည်းစွဲမိနေ၊ စိတ်ကိုလည်း စွဲမိနေတော့တာ ဖြစ်ပါတယ်။ ဒီလို စွဲလန်းနေမိကြတာဟာ မသိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဖြစ်ခိုက်ဖြစ်စဲကို မသိတဲ့အတွက် လှတယ်မလှဘူး၊ ကောင်းတယ်မကောင်းဘူးစတဲ့ အစွဲတွေ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပါတယ်။ တကယ်လို့ ဒီရုပ်နာမ်တွေရဲ့ ဖြစ်ခိုက်ပေါ်ခိုက်ကို သိကြမယ်ဆိုရင် အဲဒီလို အစွဲမရှိတော့ပါဘူး။

ဆိုကြပါစို့။ ခံစားမှု တစ်ခုခုဖြစ်တဲ့အခါမှာ ဒါဟာ ဝေဒနာပဲလို့ မသိလိုက်ရင် ကောင်းတယ်မကောင်းဘူး ဆိုတဲ့ အစွဲတွေဖြစ်လာပြီး ကောင်းရင်လောဘဖြစ်လိုက်၊ မကောင်းရင် ဒေါသဖြစ်လိုက်တာတွေ ဖြစ်ကုန်တတ်ပါတယ်။ စိတ်မှာ ရာဂစိတ်ဖြစ်တဲ့အခါမှာလည်း အဲဒီရာဂစိတ်ဖြစ်တဲ့ အခိုက်ကို မသိလိုက်ရင် ဒီစိတ်ရဲ့ စွဲရာကိုပါသွားပြီး ဟိုတွေးဟိုကြံ ဟိုဟာဖြစ်ဒါဖြစ်တဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ အကယ်၍ ဒါဟာ ဝေဒနာပဲ၊ ဒါဟာ ရာဂစိတ်ပဲလို့ အဲဒီအခိုက်မှာ သိလိုက်နိုင်မယ်ဆိုရင်တော့ စွဲလန်းမှုမရှိတော့ဘဲ သူက ရပ်တန့်သွားပါတော့တယ်။ ဒါကြောင့် ဒီလို အစွဲတွေမရှိဖို့ ခန္ဓာငါးပါးကို အရှိအတိုင်း အမှန်အတိုင်း ရှုရမယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။

တကယ်လို့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ဖြစ်စဲဖြစ်ခိုက်၊ ပေါ်စဲပေါ်ခိုက်မှာ မသိလိုက်ရင်တော့ အစွဲတွေ ၀င်တတ်တယ်လို့ ဆိုပါတယ်။ ဒါဟာရုပ်ပဲ၊ ဒါဟာ နာမ်ပဲလို့ အမှန်အတိုင်း မသိတဲ့အခါမှာ ငါငါဥစ္စာစသဖြင့် ထင်နေတတ်ပြီး မမြဲတဲ့သဘောတွေမှာ မြဲတယ်လို့ ထင်နေတတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီရုပ်နာမ်အစုကို ဖြစ်ခိုက်မှာ မရှုလိုက်မိလို့ ဖြစ်ပါတယ်။ တကယ်လို့သာ ရုပ်မှာပဲဖြစ်ဖြစ်၊ စိတ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ၊ ဖြစ်သမျှ အရာတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ အရှိအတိုင်း လိုက်သိနိုင်ရင် ငါငါ့ဟာလို့ ထင်စရာမရှိတော့တဲ့အပြင် ဒီအပေါ်မှာလည်း မစွဲမိတော့ပါဘူး။ ဒါကြောင့် ရုပ်နာမ်အစုဟာ ဖြစ်ခိုက်ပေါ်ခိုက်မှာ မရှုမိရင် ငါငါဥစ္စာလို့ ထင်စေတတ်တဲ့ အစွဲတရားတွေ ဖြစ်တတ်ကြောင်း မိန့်တော်မူခြင်း ဖြစ်ပါတယ်။

ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ဝိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
အဲဒီလို ရုပ်နာမ်အစုတွေကို ဖြစ်တိုင်းဖြစ်တိုင်း၊ ပေါ်တိုင်းပေါ်တိုင်းမှာ သတိနဲ့ မလွတ်တမ်း ကပ်ပြီးသိမှတ်နိုင်မယ်ဆိုရင် ဒီတရားတွေအပေါ်မှာ စွဲလန်းမှုတွေ တဖြည်းဖြည်း ကင်းပျောက်လာပါတယ်။ ရုပ်တရားရဲ့ လှုပ်ရှားမှုတွေ၊ စိတ်ရဲ့တွေးတော ကြံစည်မှုတွေကို အရှိအတိုင်း သွားရင်သွားတယ်၊ ထိုင်ရင်ထိုင်တယ်၊ ရပ်ရင်ရပ်တယ်၊ အိပ်ရင်အိပ်တယ်၊ ကိုင်ရင်ကိုင်တယ် စသဖြင့် လှုပ်ရှားမှု မှန်သမျှကို လိုက်လိုက်ပြီးသိနေ၊ တွေးရင်တွေးတယ်၊ ကြံရင်ကြံတယ်၊ ဒေါသဖြစ်ရင် ဒေါသဖြစ်တယ်၊ အလိုမကျဖြစ်ရင် အလိုမကျဖြစ်တယ် စသဖြင့် စိတ်နဲ့ပတ်သက်တဲ့ တွေးတောကြံစည်မှု မှန်သမျှကို မပြတ်သတိနဲ့ လိုက်ပြီးသိနေမယ်ဆိုရင် ဒီရုပ်တရား နာမ်တရားတွေအပေါ်မှာ စွဲလန်းမှုတွေ ကင်းလာတတ်ပြီး အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေ ထင်လာကာ ဉာဏ်အမြင် ရှင်းလာတတ်ပါတယ်။ အဲဒီလို ဖြစ်ခိုက်ရှုလိုက်နိုင်လို့ အစွဲတွေ ကင်းပျောက်လာတယ်ဆိုရင် မဂ်ဉာဏ်တွေအထိ ထင်လာပြီး နိဗ္ဗာန်ကို မြင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း ၀ိပဿနာတရား အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ အစွဲတရားတွေကင်းဖို့ ရုပ်နာမ်အစုကို ဖြစ်ခိုက်ပေါ်ခိုက်မှာ အရှိအတိုင်း သတိကပ်ပြီး သိမှတ်ပေးနေမယ်ဆိုရင် ဒါဟာ ၀ိပဿနာဉာဏ် ဖြစ်ဖို့အကောင်းဆုံး တရားရှုမှတ်နည်းပဲ ဖြစ်ပါတယ်။

ဒါက မဟာစည်ဆရာတော်ကြီးရဲ့ ၀ိပဿနာရှုနည်း အခြေခံ နည်းစနစ်ဖြစ်တဲ့ ဆောင်ပုဒ်လင်္ကာလေးတွေ အပေါ်မှာ နားလည်လွယ်အောင် ပြန်လည်ရေးသား တင်ပြခြင်းဖြစ်ပါတယ်။ ဒီလင်္ကာလေးတွေအရ ၀ိပဿနာရှုတယ်ဆိုတာ သိပ်တော့ခက်လှတာ မဟုတ်ပါဘူး။ ဆိုလိုတာက နည်းစနစ်က မခက်ဘူးလို့ ဆိုလိုချင်တာပါ။ လက်တွေ့အားထုတ်မှုမှာတော့ အလေ့အကျင့်နည်းနေရင် ခက်ပါတယ်။ ဘာဖြစ်လို့ ခက်တာလဲဆိုတော့ ထိမ်းဖို့အခက်ဆုံးဖြစ်တဲ့ စိတ်ကို ထိန်းနေရတာဖြစ်လို့ ခက်တယ်လို့ ဆိုတာဖြစ်ပါတယ်။ သမာဓိလည်းနည်း၊ ၀ိရိယလည်း မရှိဆိုရင်တော့ သတိဖြစ်ဖို့ ခက်တဲ့အပြင် သတိမရှိရင်လည်း ရုပ်နာမ်တွေရဲ့ ဖြစ်စဲဖြစ်ခိုက်ကို သိဖို့မလွယ်လှတဲ့အတွက် အချုပ်ကတော့ သတိရှိဖို့ပဲ ဖြစ်ပါတယ်။ သတိတရားနဲ့သာ စိတ်မှာပဲ ဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ ပေါ်သမျှတွေကို ဖြစ်ခိုက်ပေါ်ခိုက်မှာ လိုက်ပြီးသိမှတ်နေမယ်ဆိုရင်တော့ နည်းစနစ်လည်းမခက်သလို ရှုမှတ်ဖို့လည်း မခက်ပါဘူး။

ဒါကြောင့် ဘယ်လောက်ပဲ လွယ်လွယ် လက်တွေ့အားထုတ်မှု မရှိရင် ဘာမဆို ခက်နေတတ်တဲ့ သဘောရှိနေသလို ၀ိပဿနာရှုနည်း မူသေစည်းလေးတွေဟာ လွယ်ပေမယ့် လက်တွေ့အားထုတ်မှု မရှိရင်လည်း အကျိုးသက်ရောက်မှု မရှိနိုင်တဲ့အတွက် မူသေနည်းလေးတွေကို လက်တွေ့ကျင့်ကြံ အားထုတ်ခြင်းဖြင့် အကောင်အထည် ဖို့ကြည့်ကြဖို့ တိုက်တွန်းရင် မဟာစည်ဆရာတော်ကြီး၏ ၀ိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများကို ပိုပြီး မှတ်မိသွားအောင် အောက်ပါအတိုင်း တစ်ခေါက်လောက် ရွတ်ဆိုကြည်ကြပါစို့…

ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။
ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ဝိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
(မဟာစည်ဆရာတော်)

Read more »

ပြောင်းသွားပေမယ့် အကောင်းပြောင်း မဟုတ်ပြန်တော့…

ပို့စ်ခေါင်းစဉ်လေးကတော့ ခတ်ဆန်းဆန်းလေးပဲလို့ ထင်စရာရှိပါတယ်။ တကယ်လည်းဆန်းပါတယ်။ အကြောင်းအရာ အဖြစ်အပျက်က လက်တွေ့ဆန်နေတော့ ယုံနိုင်စရာမရှိအောင်ကိုပဲ ဆန်းသွားတာပေါ့။ ဖြစ်ပုံက ဒီလိုပါ။ ဟိုလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက် ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ သူတစ်ယောက်နဲ့ အတော်ကြာကြာ ကွဲကွာနေခဲ့ပြီး မကြာခင်ကမှ ပြန်ဆုံဖြစ်ခဲ့ရာမှ ပြောင်းသွားလိုက်တဲ့ သူ့ရဲ့အသွင် အပြင်ကြောင့် တအံ့တသြ အဆန်းတစ်ကြယ် ဖြစ်မိခဲ့တဲ့ အဖြစ်လေးပါ။ ရင်းနှီးကျွမ်းဝင်တယ် ဆိုတာထက် ဆရာတပည့် တော်စပ်ခဲ့တာလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ပြောမယ်ဆိုရင်တော့ အရှည်ကြီးပါ။

သူနဲ့ စတွေ့တဲ့နေ့က သူ့အမူအရာက မှုံသိုးသိုး ညစ်ပေပေနဲ့ ဘာကိုမှ ဂရုမစိုက်၊ အလေးမထားလိုတဲ့ အသွင်ကို ဆောင်နေတယ်လို့ ခံစားခဲ့ရပါတယ်။ အသိတစ်ယောက်က လာပြီးအပ်နှံလို့ လက်ခံထားရပေမယ့် သူ့အဖေအမေလည်း အတိအကျမသိရ၊ ဘယ်ဇာတိဆိုတာလည်း မပြောနိုင်၊ ဘယ်မှာနေတာလည်း ဆိုပြန်တော့ ဟိုနေဒီနေပဲတဲ့။ သနားစရာ ကောင်းပေမယ့် သနားဖို့မကောင်းတဲ့ သူတစ်ယောက်လို ဖြစ်နေတဲ့ သူ့ရဲ့အသွင်အပြင် အမူအရာ အပြောအဆိုကြောင့် ပုထုဇင်သဘာဝ စိတ်ထဲမှာတော့ သဘောမတွေ့လှပါဘူး။ နောက်ဆုံးတော့လည်း “အေးလေ… အပ်တဲ့သူကလည်း အပ်သွား၊ ရောက်လာသူကလည်း ရောက်လာပြီ ဆိုတော့ လက်ခံရတော့မှာပေါ့”လို့ တွေးပြီး သူ့ကိုလက်ခံ ခဲ့ပါတယ်။ ဒါက သူနဲ့စတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။

ကိုယ့်ဆီရောက်လာတော့လည်း ကိုယ့်တာဝန် ဖြစ်နေပြန်တော့ သူနဲ့ပတ်သက်တာတွေကို လစ်လျူရှုထားလို့ မရပြန်ပါဘူး။ အစစ အရာရာ သွန်သင်ပြရပါတယ်။ အပြောအဆို အနေအထိုင်က အစပေါ့။ ဒီလိုမပြောနဲ့ ဒီလိုပြော၊ ဒီလိုမနေနဲ့ ဒီလိုနေ၊ ဘုန်းကြီးတွေနဲ့ ပြောရင်ဒီလိုပြော၊ လူကြီးသူမတွေနဲ့ ပြောရင် ဒီလိုပြော၊ ဘုန်းကြီးဆရာသမား၊ လူကြီးသူမများရှေ့ သွားလာတဲ့အခါ ဒီလိုသွား၊ ဒီလိုလာ စသဖြင့် အစစအရာရာ အောက်ခြေသိမ်းကအစ သွန်သင်ပြရပါတယ်။ ကလေးမဟုတ်၊ လူကြီးမဟုတ်တဲ့အရွယ်ဆိုတော့ သင်ပြရတာ တော်တော်လေးကို သီးခံရပါတယ်။ ပိုဆိုးတာက မွေးကတည်းက ပါလာတဲ့ ဗီဇရယ်၊ ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်ရယ်ကြောင့် ဘယ်လောက်ပဲသင်သင် ပြင်တယ်လို့ကို မရှိဘဲ ဖြစ်နေတာပါ။ ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုတဲ့ မြန်မာစကားပုံလိုပဲ သင်နေတုန်းခဏ ပြင်သလိုရှိပေမယ့် နောက်တော့လည်း ဒုံရင်းဒုံရင်း အတိုင်းဖြစ်နေပြန်ပါတယ်။

ဘယ်လောက်ပဲသင်သင်၊ ဘယ်လိုပဲ ဆုံးမဆုံးမ ပြုပြင်လို့ မရတဲ့ သူ့ရဲ့ဗီဇ၊ သူ့ရဲ့စရိုက်တွေကြောင့် ပညာရှိများ ဆုံးမတဲ့ “မျိုးစေ့မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်း၏”လို့ ဆိုတဲ့ ဆုံးမစာလေးကိုပဲ အထပ်ထပ် ရေရွတ်နေမိခဲ့တာတွေလည်း ရှိပါတယ်။ ပြုပြင်တဲ့အခါ ဉာဏ်မကောင်းတာ၊ ပျင်းတာ၊ အလုပ်လက်ကြော မတင်းတာ စတာတွေအတွက် အထိုက်အလျောက် သီးခံပြီး ကြိုးစားသွန်သင်နိုင်ပေမယ့် သူ့ရဲ့ ခိုးတတ်ဝှက်တတ်၊ လိမ်ညာပြောဆိုတတ်တဲ့ အကျင့်စရိုက်တွေ အတွက်တော့ တော်တော့်ကို ရင်လေးမိပါတယ်။ ဒီအကျင့်တွေကြောင့် ရိုက်နှက်ဆုံးမခဲ့ရတာတွေလည်း ကြိမ်လုံးတောင် မလောက်တဲ့အထိပါ။ ဒါပေမယ့်သူကတော့ ဒုံရင်းဒုံရင်းအတိုင်းပါပဲ။

ကျောင်းရောက်ပြီး လေးငါးခြောက်လလောက် အကြာမှာ ကျောင်းအောက်မှာ ဆဲဆိုနေတဲ့ သူ့ရဲ့အသံကြားလို့ ခေါ်ပြီး ဘာလို့ဆဲတာလည်းလို့ မေးတော့ သူက သူမဟုတ်ပါဘူးလို့ ဖြေတယ်လေ။ အောက်မှာ မင်းကလွဲပြီး ဒီလောက်အော်ကြီး ဟစ်ကြယ်ဆဲတတ်တဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ပြောတော့လည်း သူက ဇွတ်အတင်းပဲ သူမဟုတ်ပါဘူး၊ သူနဲ့အသံတူတဲ့သူ ဖြစ်မှာပါလို့ ဗြောင်တောင်လိမ်လိုက် ပါသေးတယ်။ သူပြောမှပဲ ကိုယ့်ကိုယ်ကိုတောင် နားကြားများလွဲလို့လား၊ မျက်စိပဲ မကောင်းလို့လားလို့ ဟိုလိုလိုဒီလိုလို တွေးဖြစ်ခဲ့ပါသေးတယ်။ သေချာတာကတော့ သူဟာ ဗီဇကြမ်း၊ စရိုက်ကြမ်း၊ ပတ်ဝန်းကျင်ကြမ်းတွေနဲ့ ကျင်လည်ခဲ့ရတဲ့အတွက် ဒီလိုဆဲတတ်ဆိုတတ်၊ ခိုးတတ်ဝှက်တတ်တဲ့ အကျင့်တွေ ရနေတယ်ဆိုတာ သေချာပါတယ်။ သူလိုသူတွေကိုကြည့်ပြီး ဗီဇနဲ့ ပတ်ဝန်းကျင်ဆိုတာ သိပ်အရေးကြီးကြောင်း သဘောပေါက်မိပါတယ်။ ဗီဇမကောင်းပေမယ့် ပတ်ဝန်းကျင်ကောင်းရင်လည်း အထိုက်အလျောက် ပြောင်းသွားနိုင်သလို ပတ်ဝန်းကျင်မကောင်းပေမယ့် ဗီဇကောင်းနေရင်လည်း ထင်သလောက် ဆိုးမသွားတတ်တာကို သတိပြုမိပါတယ်။ အဲ… ဗီဇလည်းမကောင်း၊ ပတ်ဝန်းကျင်လည်း မကောင်းဘူးဆိုရင်တော့ အခု သူ့လိုပဲ ဆုံးမပြုပြင်ရ ခက်တတ်တယ်ဆိုတာ လက်တွေ့သိလာရပါတယ်။ ဒါတောင် ဘုန်းကြီးကျောင်းရောက်လာလို့ တော်သေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ထားပါတော့။ ဆူလိုက်ကြိမ်းလိုက် အော်လိုက်ငေါက်လိုက် ရိုက်လိုက်ပုတ်လိုက်နဲ့ ပြုပြင်ဆုံးမလာခဲ့ရတဲ့ သူဟာ တစ်နေ့တော့ ကျောင်းကပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။ သိတဲ့အတိုင်းပဲ သူ့ရဲ့ စရိုက်ဆိုးတွေ၊ ပြင်လို့မရတဲ့ ဗီဇတွေကြောင့် ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာလည်း ပြောမသွားဘဲ ပျောက်သွားတာဆိုတော့ ကျန်တဲ့သူတွေကလည်း ဘယ်လိုက်လို့ လိုက်ရမှန်းမသိ ဖြစ်ကြရပါတယ်။ သူ့ခြေထောက်သူရပ် သူလမ်းသူလျောက် သွားနိုင်တဲ့အရွယ် ဖြစ်ပေမယ့် ကိုယ့်ဆီမှာ ဖြစ်သွားတာဆိုတော့ ကိုယ့်တာဝန်မကင်းဘူးလေ။ ဒါကြောင့် တတ်နိုင်သမျှ စုံစမ်းမေးမြန်းပြီး သက်ဆိုင်ရာကို အသိပေး အကြောင်းကြားခဲ့ရပါတယ်။ ဘယ်လိုပဲရှာဖွေ စုံစမ်းပေမယ့် နောက်ဆုံးတော့ သူ့သတင်းအစစအန မရဘဲ လက်လျော့လိုက်ခဲ့ရပါတယ်။ သူဆိုပေးမယ့် အနေကြာခဲ့တော့လည်း သံယောဇဉ်က ရှိနေပြန်တော့ တစ်ခါတစ်လေ သတိရဖြစ်ပြန်ပါတယ်။ ဒါပေမယ့် သူ့သတင်းကတော့ ပျောက်စဲပါပဲ။

အဲဒီလို သတင်းအစအနမရှိ ရုတ်တရက်ကြီး ဆယ်နှစ်ကျော် ပျောက်သွားလိုက်တဲ့ သူတစ်ယောက်က မကြာသေးခင်ကမှ အပြောင်းလဲကြီး ပြောင်းလဲပြီး ပေါ်ပေါက်လာခဲ့တော့ အံ့သြမှုနဲ့အတူ အထူးအဆန်း ဖြစ်ခဲ့ရတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဘယ်လောက်ထူးဆန်းလည်းဆိုရင် သူ့ရဲ့ အပြင်ပိုင်းအသွင်က အရင်တုန်းကလို မှုံကုတ်ကုတ်မဟုတ်တော့ဘဲ ပြောင်ပြောင်ရောင်ရောင် တောက်တောက်ပပနဲ့ မသိရင် တကယ့်ကိုပဲ သူဋ္ဌေးသားတစ်ယောက် ပုံစံပေါက်သွားတော့တာပါ။ ဆံပင်နီကြောင်ကြောင် အရောင်ရယ်၊ နောက်ကကြည့်ရင် ယောက်ျားမှန်းမသိ၊ မိန်းမမှန်းမသိတဲ့ ရှည်လျလျ ဆံပင်ရယ်၊ နားနှစ်ဖက်မှာ ၀တ်ထားတဲ့ နားကွင်းတွေရယ်၊ စူးရှရှ ထွက်နေတဲ့ အရက်အနံ့ရယ်၊ ပါးစပ်က၀ါးထားတဲ့ ပီကယ်တွေရယ်၊ ပြောတဲ့ဆိုတဲ့ အမူအရာတွေရယ်ကြောင့် ကိုယ့်တပည့်မှ ဟုတ်ပါ့မလားလို့တောင် ထင်စရာဖြစ်ခဲ့ပါတယ်။ သူကိုယ်တိုင် ဘယ်သူဘယ်ဝါပါလို့ မပြောရင် ဘယ်လိုမှ မမှတ်မိအောင်ကို အသွင်အပြင် ပြောင်းသွားခဲ့တာပါ။ ဒီနေ့ခေတ်လူငယ်တွေ အားကျစရာ အသွင်အပြင် အမူအရာတွေနဲ့ ဘုန်းကြီးဆရာသမား ရှေ့မှာတောင် ခါးလေးထောက်၊ မတ်တပ်လေးရပ်ပြီး စတိုင်ကျကျ နေထိုင်ပြောဆို ပြုမူတာတွေက ခေတ်မီတာလား ဘုန်းကြီးဆရာသမား မိဘတွေအပေါ်မှာ မရိုသေတာလားလို့တောင် သံသယ ဖြစ်စရာ ပြောင်းလဲခဲ့တာဆိုတော့ မအံ့သြဘဲ မနေနိုင်ခဲ့ပါဘူး။

ဒါပေမယ့် စိတ်မကောင်းစရာက သူ့ဘ၀ဟာ ပြောင်းလဲခဲ့ပေမယ့် အပြောင်းလွဲခဲ့တဲ့ ဘ၀ဖြစ်နေခဲ့တာပါ။ အပြင်ပိုင်း အသွင်အပြင်တွေ ပြောင်းခဲ့ပေမယ့် အတွင်းအဇ္ဈတ္တက မပြောင်းလဲခဲ့တော့ သူ့သံသရာအတွက် ခေါင်းခဲရတဲ့ အဖြစ်ပါ။ သူပြောင်းခဲ့တာတွေက မကောင်းတာတွေနဲ့ ပြောင်းခဲ့တာတွေဆိုတာ နောက်မှသိခဲ့ရပါတယ်။ အပြင်ပိုင်း အသွင်ပြောင်းဖို့အတွက် သူပေးဆပ်ခဲ့တာတွေက မတန်မရာတွေ ဖြစ်ကုန်တယ်ဆိုတာ သူကိုယ်တိုင် မသိပေမယ့် သိနေတဲ့သူတွေကတော့ နှမျောတသ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ဆရာသမားဖြစ်ခဲ့ဖူးတဲ့ ဘုန်းဘုန်းကိုယ်တိုင် စိတ်ထိခိုက်ရပါတယ်။

သူပြန်သွားပြီး နောက်ပိုင်း သူနဲ့အတူ နေထိုင်ပေါင်းသင်းခဲ့တဲ့ သူတစ်ယောက်ဆီက ပြန်ကြားရတဲ့ သူ့အကြောင်း၊ သူ့အပြောင်းအလဲ အကြောင်းကတော့ မယုံနိုင်စရာ စိတ်မကောင်းစရာပါ။ ရုပ်ပိုင်းဆိုင်ရာ အသွင်ပြောင်းဖို့အတွက် သူလုပ်ခဲ့တဲ့ အလုပ်တွေက သံသရာအတွက်တော့ မကောင်းလှပါဘူး။ သူပေါင်းခဲ့တဲ့ အပေါင်းအသင်းတွေကလည်း သူလိုဗီဇတူ၊ စရိုက်တူတွေဆိုတော့ ကောင်းတာလုပ်ဖို့ထက် မကောင်းတာလုပ်ဖို့ကို အားသန်သူတွေ ဖြစ်နေကြတယ်လို့ သိရပြန်ပါတယ်။ သူ့ဘ၀ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ငွေကြေးအမြောက်အများနဲ့ ချမ်းသာသွားတာက သူလုပ်တဲ့ စီးပွားရေး မှောင်ခိုလုပ်ငန်းများ၊ အလောင်းအစားများ၊ လူကုန်ကူးမှုများ၊ နောက်ဆုံးတားမြစ်ဆေး တင်သွင်းမှုများ စတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုးဆုံးက မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာတွေမှာ ဆက်သွယ်ပို့ဆောင်ပေးတာ၊ သူကိုယ်တိုင် ကာမဂုဏ်ကိစ္စတွေမှာ ဖောက်ပြားတာ၊ အိမ်ထောင်ရှိသူရော မရှိသူတွေပါမရှောင် ဒုက္ခရောက်လို့ သူဆီရောက်လာရင် ကူညီသလိုနဲ့ နှမချင်းကိုယ်ချင်းမစာ လုပ်တတ်တာတွေက ပိုဆိုးတယ်လို့ သူ့အပေါင်းအသင်းက ပြောပြပါတယ်။

ပြောပြသူကတော့ ဆရာသမားတစ်ယောက် အနေနဲ့ သိရအောင်လို့ ပြောပြပေမယ့် နားထောင်ရတဲ့ သူမှာတော့ တကယ့်ကို စိတ်ထိခိုက်ရပါတယ်။ ဘုန်းကြီးကျောင်းမှာ နေခဲ့ရတဲ့ ဘုန်းကြီးကျောင်းသား တစ်ယောက်ဟာ ခဏတာရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကြောင့် မလုပ်သင့်တဲ့ မလုပ်ကောင်းတဲ့ အကုသိုလ် အလုပ်တွေအထိ လုပ်ပြီး ဘ၀ပြောင်းသွားရေးအတွက် ရွေးချယ်သွားခဲ့တဲ့ အပေါ်မှာ ရင်ထုမနာ ဖြစ်ခဲ့ရပါတယ်။ ကိုယ်တစ်ယောက် အခိုက်အတန့် ကောင်းစားရေးအတွက် အများဒုက္ခရောက်အောင်၊ အများအကျိုးယုတ်အောင် လုပ်နေတဲ့သူ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အခုအချိန်မှာ တားမြစ်ရင်လည်း အကုသိုလ်စရိုက် အားကြီးပြီး၊ ပညာနည်းကာ မထူးဇာတ်ခင်းနေတဲ့ သူကတော့ နားဝင်မှာ မဟုတ်ပါဘူး။ ဘာတတ်နိုင်မှာလဲ။ ကြုံရင်အထိုက်အလျောက် ပြုပြင်ပေးကြည့်ပြီး မရရင်တော့ သဗ္ဗေသတ္တာ ကမ္မဿကာပဲ လုပ်ရတော့မှာ ဖြစ်ပါတယ်။

ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်လေးတွေ ပြောင်းသွားပေမယ့် အကျင့်ပိုင်းဆိုင်ရာ ကုသိုလ်တရားတွေမှာ မပြောင်းဘဲ မကောင်းတဲ့ အကုသိုလ်လုပ်ရပ်တွေနဲ့ မကောင်းပြောင်းသွားတဲ့ တစ်ချိန်က ဘုန်းကြီးကျောင်းသား တပည့်တစ်ယောက်ရဲ့ အပြောင်းအကြောင်း အတုယူ ပြုပြင်စရာ အဖြစ် တင်ပြရင်း တခြားသူများလည်း သူ့ကိုကြည့်ကာ သူလိုမဖြစ်ကြစေဖို့ သတိပေး ပြောကြားလိုရင်း ဖြစ်ပါတယ်။ အခိုက်အတန့် ချမ်းသာရေးအတွက် မကောင်းတဲ့ အပြောင်းအလဲတွေနဲ့ အပါယ်လားစေနိုင်တဲ့ အလုပ်တွေ မလုပ်မိကြဖို့ သိစေလိုရင်း ဖြစ်ပါတယ်။ ခဏတာ အသွင်ပြောင်းဖို့အတွက် ဘ၀သံသရာ မကောင်းတဲ့ အပြောင်းတွေ မဖြစ်ဖို့ သတိပြုစေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အပြောင်းအလဲတွေနဲ့ မွဲနေရာမှ ချမ်းသာတဲ့အဖြစ်ကို ပြောင်းလဲလိုတဲ့ သူတွေအနေနဲ့ ပြောင်းသွားပေမယ့် အကောင်းပြောင်းမဟုတ်ဘဲ မကောင်းတဲ့ အပါယ်လားဖွယ် အပြောင်းတွေ ဖြစ်သွားမယ်ဆိုရင်တော့ “မပြောင်းချင်လဲ ရှိပါစေတော့ ဒီလိုမွဲမွဲတေတေ ဘ၀နဲ့ပဲ ကိုယ်လိပ်ပြာ ကိုယ်သန့်ပြီး နေတာပဲ ကောင်းပါတယ်” လို့ သဘောထားကာ နေရတဲ့ အခိုက်မှာ ရှိတာလေးနဲ့ပဲ ဘ၀လှအောင် ကြိုးစားကြဖို့ အသိပေး တင်ပြလိုက်ရပါတယ်။

မှတ်ချက်။ ဘုန်းဘုန်းရဲ့ တပည့်တစ်ဖြစ်လဲ ဘုန်းကြီးကျောင်းထွက် ဘုန်းကြီးကျောင်းသား တစ်ယောက်ရဲ့ တကယ့်အဖြစ်မှန် အပြောင်းလဲလေးကို အခြေခံတင်ပြထားပါကြောင်း…

Read more »

ဥပုသ်နေ့မဟုတ်တဲ့ ဥပုသ်သီလ၊ အလှူခံပုဂ္ဂိုလ်နဲ့ ရွေးချယ်မှု…

Q. အရှင်ဘုရား
တပည့်တော်အား ပြန်လည်ဖြေကြား ရှင်းလင်းပေး၍ ကျေးဇူးအထူးတင်ရှိပါသည်။ အောက်ပါမေးခွန်း များကိုလည်း ဖြေကြားပေးပါဘုရား...
၁။ ဥပုသ်နေ့ မဟုတ်သော စနေ၊ တနင်္ဂနွေနေ့များ၌ ဥပုသ်စောင့်၍ ရနိုင်ပါသလားဘုရား
၂။ တပည့်တော် ၀ါဆိုသင်္ကန်းအား မိမိကိုယ်တိုင် ၁စုံလှူ၍ ကျန်သင်္ကန်း ၅စုံအား အသိမိတ်ဆွေ မရှိဆင်းရဲသား အသက်ကြီးသူများအား လှူဒါန်းချင်ပါသည်။ သူတို့ သေဆုံးသွားသောအခါ သင်္ကန်းအလှူဒါန အကျိုးပါသွားစေ ချင်ပါသည်။ မိမိကိုယ်တိုင် ၆စုံလုံး ကပ်လှူခြင်းနှင့် ၎င်းတို့အား ပေးလှူခြင်း မည်သည့်အရာက အကျိုးများပါသလဲဘုရား။


တပည့်တော်များသောအားဖြင့် ဆင်းရဲသူများ၊ ဒုက္ခရောက်သူများအား လှူဒါန်းလေ့ရှိပြီး အလှူခံပုဂ္ဂိုလ် မြတ်မမြတ်ကို သိပ်မကြည့်ဖြစ်ပါ။ ဘုန်းဘုန်း၏ ပြန်ကြားစာတွင် ၎င်းအချက်ပါရှိပါ၍ တပည့်တော် သင်္ကန်း၆စုံလုံးကို သီလနှင့်ပြည့်စုံသည့် ဆရာတော်ကြီးများအား ကိုယ်တိုင်ကပ်လှူလျင် ကောင်းမည်လားဟု ဇဝေဇ၀ါဖြစ်နေပါသည်ဘုရား။ မည်သည့်အရာက အကျိုးများမည် ဖြစ်ပါသလဲဘုရား။ ယခုမှစ၍ ဆင်းရဲသားများထက် မွန်မြတ်သော ဆရာတော်ကြီးများအား လှူဒါန်းခြင်းကို ဦးစားပေးလျှင် ကောင်းမည်ဖြစ်ပါသလားဘုရား…။
ကျေးဇူးအထူးတင်ရှိပါသည်။
သင်းသင်းအေး
(MYANMAR TASAKI CO., LTD.)

A. ၁။ မင်္ဂလာပါ ဒကာမရေ… ဥပုသ်နေ့မဟုတ်တဲ့ တစ်ခြားနေ့တွေမှာလည်း ဥပုသ်သီလကို စောင့်ထိန်းနိုင်ပါတယ်။ နေ့စဉ်စောင့်ထိန်းနိုင်ရင် ပိုကောင်းပါတယ်။ တကယ်တော့ ဥပုသ်သီလဆိုတာ တပတ်မှာ တစ်ရက်လောက်တော့ သီလကို အထူးစောင့်ထိန်း စေလိုတဲ့အတွက် ဥပုသ်နေ့မှာ သတ်မှတ်ပေးပြီး ရှစ်ပါး၊ ကိုးပါးသီလများကို စောင့်ထိန်းဖို့ အထူးသတ်မှတ်ပေးတဲ့ သီလဖြစ်ပါတယ်။ စွမ်းနိုင်ရင်တော့ နေ့စဉ်စောင့်ထိန်းနိုင်ရင် ပိုကောင်းပါတယ်။ ငါးပါးသီလထက်ပိုလွန်ပြီး မေထုန်မလိုက်စားဖို့၊ နေ့လွဲညစာမစားဖို့၊ ကခြင်းတီးခြင်းသီဆိုခြင်းများ မလုပ်ဖို့၊ အမွေးနံ့သာ မလိမ်းဖို့၊ နူးညံ့လှတဲ့ အိပ်ရာနေရာတွေမှာ မနေထိုင်ဖို့ စသဖြင့် ပညတ်ပေးထားတဲ့ ရှစ်ပါးကိုးပါး သီလများကိုကြည့်ရင် ကာမဂုဏ်အာရုံတွေ၊ ကိလေသာတရားတွေကို မလုပ်ဖြစ်အောင်၊ မကျူးလွန်မိအောင် ကိုယ့်ရဲ့ကာယကံ ၀စီကံတွေကို ချုပ်တီးနိုင်အောင် သီလနဲ့ ထိန်းစေလိုခြင်းဖြစ်ကြောင်း သိနိုင်ပါတယ်။ ဒါကြောင့် ဒီရှစ်ပါး ကိုးပါးသီလများဟာ ဥပုသ်နေ့မှ မဟုတ်ဘဲ ကျန်တဲ့နေတွေမှာလည်း ထိန်းနိုင်ရင် အကုသိုလ် အဖြစ်နည်းပြီး ကိလေသာလျော့နည်း စေမှာဖြစ်တဲ့အတွက် နေ့စဉ်စောင့်ထိန်းနိုင်ရင် ကောင်းပါတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဥပုသ်နေ့ကလွဲပြီး ကျန်တဲ့နေ့တွေမှာလည်း စောင့်ထိန်းကောင်းပါတယ်လို့ သိစေလိုပါတယ်။

၂။ အလှူဒါနကတော့ စေတနာသုံးတန်ပြဋ္ဌာန်းပြီး ပြတ်သားစွာ လှူမယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို မဆို လှူဒါန်းနိုင်ပြီး အလှူကုသိုလ်မြောက်ကာ ကုသိုလ်ရပါတယ်။ အကျိုးပေးအနေနဲ့သာ အလှူခံပုဂ္ဂိုလ်ကို လိုက်ပြီး ကွဲပြားတာဖြစ်ပါတယ်။ အလှူခံပုဂ္ဂိုလ်များဖြစ်တဲ့ ၁။ တိရိစ္ဆာန်သတ္တ၀ါများ ၂။ လူဒုဿီလခေါ် တံငါမုဆိုးစသော ဒုစရိုက်မှု ပြလုပ်သူများ ၃။ လူသီလ၀န္တခေါ် သာသနာပအခါမျိုး၌ ငါးပါးသီလမြဲသူများ ၄။ ရသေ့ပရိဗိုဇ်ခေါ် သာသနပအခါ ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်များ၊ ၅။ သောတာပတ္တိမဂ္ဂန်ပုဂ္ဂိုလ် ၆။ သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် ၇။ သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၈။ သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ၉။ အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၁၀။ အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ၁၁။ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၁၂။ အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် ၁၃။ ပစ္စေကဗုဒ္ဓ ၁၄။ သမ္မာသမ္ဗုဒ္ဓဆိုတဲ့ အလှူခံပုဂ္ဂိုလ် (၁၄) ယောက်ထဲမှာ ယုတ်စွအဆုံး တိရိစ္ဆာန်ကိုတောင် စေတနာအပြည့်နဲ့ ကျွေးမွေးလှူဒါန်းရင် ကုသိုလ်ရပြီး ဘ၀ပေါင်း တစ်ရာအထိ ကောင်းမှုအကျိုးပေးကြောင်း၊ တိရိစ္ဆာန်ထက် သီလမရှိတဲ့ လူပုဂ္ဂိုလ်ကို လှူဒါန်းရင်လည်း ဘ၀ပေါင်း တစ်ထောင်အထိ အကျိုးပေးကြောင်း စသဖြင့် အလှူခံပုဂ္ဂိုလ် မြင့်မြတ်တာနဲ့ အလှူရဲ့ အကျိုးကြီးမှုလည်း ကွာခြားသွားကြောင်း စာပေတွေမှာ ဖွင့်ဆိုရှင်းပြပါတယ်။

ဒီနေရာမှာ ဒကာမရဲ့ အလှူကတော့ ဘယ်လိုမျိုး အနေနဲ့ပဲလှူလှူ စေတနာပြဋ္ဌာန်းပြီးသား ဖြစ်လို့ အကျိုးပေးကောင်းပြီး ကုသိုလ်ဖြစ်နေတယ်ဆိုတာ အထူးပြောစရာ မရှိပါဘူး။ အကျိုးပေးကြီးမှု မကြီးမှုကတော့ အလှူခံပုဂ္ဂိုလ် အပိုင်းနဲ့ဆိုင်သွားပါပြီ။ ဒကာမရဲ့ စေတနာကတော့ ပြည့်စုံနေမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ပုထုဇင်တွေဖြစ်နေသမျှ စေတနာသဒ္ဓါတရားက မခိုင်မြဲသေးတဲ့အတွက် စေတနာကွက်တာ၊ သဒ္ဓါကွက်တာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့်လည်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုယ်က ပုထုဇင်ဖြစ်နေတဲ့အတွက် ပုဂ္ဂိုလ်ကို ရွေးချယ်ရာမှာ သီလပြည့်စုံမှု ရှိမရှိ အတိအကျ မသိနိုင်တာတွေလည်း ရှိတတ်ပါတယ်။ ဒီနေ့ခေတ် အလှူခံပုဂ္ဂိုလ်တွေကြားမှာ နာမည်ကြီးပြီး အကျင့်လွဲနေတဲ့ အလှူခံပုဂ္ဂိုလ်အချို့လည်း ရှိနေတဲ့အတွက် အလှူဒါနပြုတဲ့အခါမှာ ယုံကြည်မှုနဲ့ စူးစမ်းဆင်ခြင်မှုကို ညီမျှအောင် ပြုဖို့လိုတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်းလှူဒါန်းတာနဲ့ ပတ်သက်ပြီး ဒကာမသိချင်တာလေးကို ပြောရမယ်ဆိုရင် သင်္ကန်းတစ်စုံပဲလှူလှူ အများကြီးပဲလှူလှူ စေတနာကောင်းရင် အလှူကြီးပြီး စေတနာနည်းရင် အလှူသေးမှာ ဖြစ်ပါတယ်။ ဒကာမ လှူလိုတဲ့ တစ်စုံဟာ စေတနာအရ ကြီးနေမယ်လို့ ယုံကြည်သလို သူများတွေကိုလည်း ဒါနအကျိုးကို ရစေလိုတဲ့အတွက် ပေးလှူစေတာဟာလည်း စေတနာရော မေတ္တာပါ ပြဋ္ဌာန်းနေတဲ့အတွက် ဒကာမအာရုံပြုထားသလို ကိုယ်ကတစ်စုံပဲလှူပြီး ကျန်ငါးစုံကို မရှိဆင်းရဲသားတွေကို ပေးလှူစေတာ ပိုပြီးကောင်းပါတယ်။ အကျိုးပေးအနေနဲ့ကလည်း ကိုယ်လှူတဲ့ တစ်စုံအတွက်လည်း ကုသိုလ်ရပြီးသား ဖြစ်နေသလို သူတစ်ပါးတို့အားလည်း ပေးလှူစေတဲ့အတွက် သူတို့လည်း ကုသိုလ်ရသလို သူတို့လှူတိုင်းလှူတိုင်း ကိုယ့်မှာလည်း ကုသိုလ်တွေ တိုးနေစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒကာမအနေနဲ့ သင်္ကန်း၆စုံလုံးကို ကိုယ်တစ်ယောက်တည်း လှူဒါန်းတာထက် ကိုယ်လည်းလှူ သူများတွေကိုလည်း ပေးလှူစေတာက ပိုအကျိုးကြီးကြောင်း အကြံပြုလိုပါတယ်။

နောက်တစ်ချက် ဒကာမမေးထားသလို မရှိဆင်းရဲသား ဒုက္ခရောက်နေသူများထက် သီလနဲ့ပြည့်စုံတဲ့ ဆရာတော်ကြီးတွေကိုပဲ သင်္ကန်း၆စုံလုံး လှူရင်ကောင်းမကောင်းဆိုတဲ့ အချက်ကတော့ အကြံပြုလိုပါတယ်။ အလှူလှူတဲ့အခါ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူသင့်တယ်ဆိုပေမယ့် ကိုယ်လှူတဲ့ ပစ္စည်းဝတ္ထုရဲ့ အသုံးတည့်မှု မတည်မှု အချိန်အခါ ညီမှုမညီမှုတွေကိုလည်း ကြည့်ဖို့လိုပါတယ်။ သီလနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းတာဟာ လှူဒါန်းတဲ့အခိုက်မှာ အကျိုးကြီးပေမယ့် အလှူဝတ္ထုရဲ့ အသုံးကျမှုကတော့ နောက်ပိုင်းမှာ သိပ်မရှိလှပါဘူး။ ဆိုကြပါစို့ သီလသမာဓိနဲ့ ပြည့်စုံတဲ့ နာမည်ကြီး ဆရာတော်ကြီးတွေကို ကိုယ်ကလှူလိုက်တဲ့ ပစ္စည်းဟာ ဆရာတော်ကြီးများအတွက် ကိုယ့်လိုပဲ လှူဒါန်းသူတွေများနေတော့ ကိုယ့်အလှူကို တိုက်ရိုက်အသုံးပြုချင်မှ ပြုနိုင်ကြမှာ ဖြစ်ပါတယ်။ သင်္ကးန်လှူလည်း သင်္ကန်းကို တစ်နေရာမှာ ချောင်ထိုးထားရင်လည်း ထားနိုင်ပါတယ်။ အကယ်၍များ အဲဒီသင်္ကန်းတွေကို ဆင်းရဲနွမ်းပါးနေတဲ့ စာသင်သားလေးတွေ၊ မပြည့်စုံတဲ့ ကျောင်းတိုက်လေးတွေ၊ လိုအပ်နေတဲ့ နေရာလေးတွေမှာ လှူဖြစ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အလှူပစ္စည်းဟာ အလှူခံပုဂ္ဂိုလ်တွေ အတွက်လည်း အကျိုးကြီးပြီး သူတို့တွေ ၀တ်ရုံသုံးဆောင်တိုင်းလည်း ကိုယ့်မှာကုသိုလ် တိုးနေမှာဖြစ်ပါတယ်။ ဒီထက်ပိုဝမ်းသာစရာက အလှူဒါနကို လိုအပ်နေတဲ့နေရာမှာ လိုနေတဲ့ဆန္ဒကို ဖြည့်ပေးတဲ့ သဘောမျိုး လှူလိုက်ရတဲ့အတွက်လည်း ပိုပြီးဝမ်းသာ ကြည်နူးစရာ ဖြစ်ပါတယ်။

အလှူဒါနဟာ အလှူခံပုဂ္ဂိုလ်ကိုလိုက်ပြီး အကျိုးအကြီးအသေး ကွာခြားတယ်ဆိုပေမယ့် ပုဂ္ဂိုလ်တစ်ဦးချင်းကို လှူဒါန်းတာထက် အဖွဲ့အစည်းနဲ့ အများကို ရည်ရွယ်ပြီး လှူဒါန်းတာက ပိုပြီးအကျိုးကြီးစေပါတယ်။ အလှူခံပုဂ္ဂိုလ် ၁၄ယောက်ထဲမှာ အမြတ်ဆုံးအလှူခံဖြစ်တဲ့ မြတ်စွာဘုရားကလည်း မိထွေးတော် ဂေါတမီက မိမိကို ရည်မှန်းပြီး လှူဒါန်းလာတဲ့ အလှူအတွက် “ဂေါတမီ... သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါဘုရားကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့” (ဒက္ခိဏ၀ိဘင်္ဂသုတ်) လို့ သံဃိက အလှူရဲ့ အကျိုးကြီးပုံကို မိန့်တော်မူပါတယ်။ ဒီနေရာမှာ ဘုရားကို လှူတာထက် သံဃာကို လှူတာက ပိုမြတ်ပြီး ပိုအကျိုးကြီးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ သံဃိက အလှူရဲ့ အကျိုးကြီးမှုကို ရည်ရွယ်လိုတာ ဖြစ်ပါတယ်။ အမှန်တော့ ဘုရားရှင်ကသာ အမြတ်ဆုံး အလှူခံ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘုရားရှင်ရော သံဃာတော်ရော တစ်ပေါင်းတည်း လှူနိုင်ရင်တော့ အကောင်းဆုံး အလှူပဲပေါ့။ တကယ်တော့ သံဃာဆိုတာ အဖွဲ့အစည်း အပေါင်းအစည်းပဲ ဖြစ်ပါတယ်။ တစ်ပါးချင်းအနေနဲ့ သီလတွေ ချို့ယွင်းနိုင်ပေမယ့် သံဃာအများဖြစ်သွားတဲ့အခါ သီလမရှိသူလည်း သံဃာ့အားနဲ့ သံဃာတောထဲမှာဆိုရင် သံဃာလိုပဲ အကျိုးကျေးဇူးကို အပြည့်အ၀ပေးစေနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဒကာမရဲ့ အမေးဖြစ်တဲ့ “ဆင်းရဲသားများထက် မွန်မြတ်တဲ့ ဆရာတော်ကြီးများကို ရွေးချယ်ပြီး လှူဒါန်းရင်း ကောင်းမည်လား” ဆိုတဲ့ အမေးကို စေတနာ သဒ္ဓါတရားအပြည့်နဲ့ လိုအပ်တဲ့နေရာမှာ၊ လိုအပ်တဲ့အလှူကို ပုဂ္ဂိုလ်တစ်ဦးချင်းထက် အများကို ရည်မှန်းပြီး လှူဒါန်းတာက ပိုကောင်းတယ်လို့ အကြံပြု ဖြေကြားပေးလိုပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ