နဲနဲလေးတော့ လွဲနေတယ် (၇)...

အလှူလှူတာလား…၊ ဂုဏ်ယူတာလား…
ဒီနေ့ခေတ် ဗုဒ္ဓဘာသာအများ အလှူလှူတာနဲ့ ပတ်သက်ပြီး လွဲနေတာလေးတွေ ရှိပါတယ်။ တစ်ချို့ ဗုဒ္ဓဘာသာဝင်တွေဟာ အလှူလှူတာထက် ဂုဏ်ယူတာတွေက များနေတာကို တွေ့ရတတ်ပါတယ်။ တောရွာတွေမှာဆို ပိုဆိုးပါတယ်။ အလှူလုပ်တာ အကြွေးအတင်ခံပြီးတော့ကို လုပ်တတ်တာတွေပါ။ ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းက ရှင်ပြုတုန်းကလည်း ဘုန်းဘုန်းတို့ ညီအစ်ကိုတွေ ရှင်ပြုပွဲ ကြီးကြီးကျယ်ကျယ် လုပ်နိုင်ဖို့ ဒကာကြီးက အိမ်ကလယ်တွေကိုတောင် ပေါင်ပြီး အကြွေးအတင်ခံ ချေးငှါးပြီး လှူတာကို သတိရမိပါတယ်။ ဒီနေ့အထိပဲ တောရွာတွေမှာ အလှူလုပ်ပြီဆိုရင် ဂုဏ်တုဂုဏ်ပြိုင်တွေ ဆိုင်းတွေ၊ အငြိမ့်တွေနဲ့ သူ့ထက်ငါ အပြိုင် လှူနေကြတာကို တွေ့ရတတ်ပါတယ်။ အလှူပွဲပြီးလို့ ကိုယ်လှူတဲ့ အလှူအကြောင်း ပြန်စဉ်းစားလိုက်ရင် ကုသိုလ်တစ်ပဲ ငရဲက တစ်ပိဿာ ဆိုသလို ဖြစ်နေကြတာကို တွေ့ရပြန်ပါတယ်။ ခုနောက်ပိုင်း မြို့တွေမှာလည်း တစ်ချို့က ဘယ်နေရာမှာမ၊ ဘယ်လိုနာမည်ကြီး အဖွဲ့တွေနဲ့မှ စသဖြင့် ဂုဏ်တုဂုဏ်ပြိုင် သဘောတွေက အများကြီး ဖြစ်နေတာကို တွေ့ရပြန်ပါတယ်။

ပိုဆိုးတာက အလှူလုပ်ပြီး ကုသိုလ်စိတ်နဲ့ ပီတိတိုးရမယ့်အစား အကြွေးတွေ၊ ဟိုပြဿနာ၊ ဒီပြဿနာတွေ၊ ဟိုကိစ္စ၊ ဒီကိစ္စတွေ တွေးရင်း ဒီအလှူပွဲကြီး လုပ်လိုက်မိတာ မှားပါလားဆိုတဲ့ နောင်တ ရမှုမျိုးတွေ ဖြစ်နေတာက ပိုဆိုးပါတယ်။ အလှူလှူပြီးနောက်ပိုင်းမှာ ဖြစ်ရမယ့် ၀မ်းမြောက်မှုပီတိနဲ့အတူ ပြည့်စုံရမယ့် အပရစေတနာက မပြည့်စုံတော့ဘဲ အလှူကြောင့် ရခဲ့တဲ့ နောင်တကြောင့် စေတနာသုံးတန် မပြဋ္ဌာန်းနိုင်တာက မလိုအပ်တဲ့ ချဲ့ထွင်မှု ဂုဏ်ပကာသနတွေရဲ့ ရလာဘ်တစ်ခု ဖြစ်နေတတ်ပါတယ်။ အလှူကြီးလှူပြီး စေတနာသုံးတန် မပြဋ္ဌာန်းနိုင်တဲ့အတွက် အကျိုးတရား အပြည့်မရတဲ့အခါ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုတာ ဖြစ်ကုန်ပါတော့တယ်။ ဒါကြောင့် အလှူလှူတာကို အလှူနဲ့တူအောင် လှူနိုင်ဖို့ မလိုအပ်တဲ့ ချဲ့ထွင်မှုတွေနဲ့ ငါဘယ်လောက်လှူနိုင်တယ်ဆိုတဲ့ ဂုဏ်တုဂုဏ်ပြိုင်မှုတွေနဲ့ မလှူမိကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

တကယ်ဖြစ်သင့်တာက အလှူလှူတဲ့ ရည်ရွယ်ချက်က ဒါနမြောက်ဖို့နဲ့ စည်းစိမ်ဥစ္စာတွေအပေါ်မှာ တပ်မက်တတ်တဲ့ လောဘ၊ မပေးလို မလှူလိုမှု မစ္ဆရိယတွေ လျော့နည်းအောင် လှူနိုင်ဖို့ ကြိုးစားတဲ့ အလှူမျိုး ဖြစ်သင့်ပါတယ်။ ဘယ်လောက်လှူနိုင်တာ၊ ဘယ်လိုလှူနိုင်တာက အရေးမကြီးဘဲ လိုအပ်တဲ့နေရာမှာ တတ်နိုင်တဲ့ အတိုင်းအတာနဲ့ စေတနာသုံးတန် ပြဋ္ဌာန်းနိုင်အောင် လှူတတ်ဖို့နဲ့ လှူနိုင်သမျှ အတိုင်းအတာ အလျောက် ကိုယ့်သန္တာန်မှာ လောဘတွေ၊ မစ္ဆရိယတွေ လျော့နည်းနိုင်မှုက ပိုပြီးအရေးကြီးပါတယ်။ ပျော်ပွဲရွှင်ပွဲများနဲ့ အလှူပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်တာထက် တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းနဲ့ လိုအပ်တဲ့နေရာမှာ၊ လိုအပ်တဲ့အရာကို လှူရင်း တရားလည်းနာ၊ ၀ဋ်ကင်းပြတ်ရာကိုလည်း အာရုံပြုနိုင်တဲ့ အလှူမျိုး လှူနိုင်တာက အဓိကကျပါတယ်။ မလိုအပ်တဲ့ ချဲ့ထွင်မှုတွေနဲ့ အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြတာထက် အကျဉ်းချုံးပြီး ကိုယ်လှူတာကိုယ်သိတဲ့ ပုံစံမျိုးနဲ့ ဂုဏ်တုဂုဏ်ပြိုင်မရှိ ကိုယ့်ကိုယ်ကို နှိမ့်ချစွာ လှူနိုင်တာက အလှူအကျိုးပိုကြီးနိုင်ပါတယ်။

ဒါကြောင့် အလှူလုပ်လိုတာထက် ဂုဏ်တုဂုဏ်ပြိုင် လုပ်ချင်တာတွေက ပိုများတတ်တဲ့ မြန်မာဗုဒ္ဓဘာသာ အချို့အနေနဲ့ အလှူလှူတာနဲ့ ဂုဏ်ယူတာကို ကွဲပြားအောင် ခွဲခြားပြီး ပြိုင်ဆိုင်မှုမပါ၊ ဂုဏ်ပကာသနမဖက်ဘဲ ရှိသမျှအတိုင်း အတာလေးနဲ့ စေတနာသုံးတန် ပြဋ္ဌာန်းပြီး လှူနိုင်သမျှ လှူရင်း လောဘနဲ့ မစ္ဆရိယကို လျော့နည်းစေကာ ၀ဋ်ဒုက္ခမှ ကင်းလွှတ်တဲ့ အလှူလုပ်မှုမျိုး ဖြစ်အောင် ကြိုးစားသင့်ကြောင်း လွဲတတ်တာလေးတွေကို သတိချပ်နိုင်ဖို့ အသိပေးစကား ပြောကြားလိုက်ရပါတယ်။

Read more »

အပြောနှင့်အလုပ်…

“အပြောလွယ်သလောက် အလုပ်ခက်၏”ဟူသော မြန်မာစကားရှိ၏။ လောကတွင် အပြောလွယ်သော်လည်း လက်တွေ့လုပ်ရန်ကား ခက်ခဲတတ်ကြောင်း ဆိုလိုရင်း ဖြစ်၏။ အပြောနှင့် အလုပ်ထပ်တူကျရန် မလွယ်လှသည့် သဘောကို ညွှန်းဆိုလိုဟန် ရှိ၏။ ပြောသူကိုယ်တိုင်လည်း မိမိပြောသည့်အတိုင်း မလုပ်နိုင်သည်များ ရှိသဖြင့် အချို့က “ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ (Do as I say not as I do.)” ဟု ဆိုလေ့ရှိကြ၏။ စင်စစ် ပုထုဇင်များ ဖြစ်နေကြသဖြင့်လည်း အပြောနှင့်အလုပ် ထပ်တူကျနိုင်ရန် မလွယ်လှပေ။ အချို့မှာ အပြောကောင်းသော်လည်း အလုပ်မကောင်းဖြစ်တတ်ပြီး အချို့ကား အပြောမကောင်း၊ အပြောကြမ်းသော်လည်း အလုပ်ကောင်းပြီး အကောင်းလုပ်သည်များလည်း ရှိတတ်၏။ အချို့က အပြောလည်းမကောင်း အလုပ်လည်း မကောင်းဖြစ်တတ်ပြီး အချို့ကား အပြောလည်းကောင်း အလုပ်လည်း ကောင်းသူများ ရှိတတ်ပြန်၏။

ဤ၌ အပြောကောင်းခြင်းဟူသည် ချိုသာသည့် အပြောအဆိုအသုံးအနှုန်းများ၊ မြောက်ပင့်ပြောဆိုသည့် အသုံးအနှုန်းများ၊ လိမ်ညာပြောဆိုသည့် အသုံးအနှုန်းများဖြင့် အပြောကောင်းခြင်းကို ဆိုလိုသည်မဟုတ်၊ အကုသိုလ်မဖြစ်အောင် ပြောဆိုတတ်ခြင်းကို ဆိုလို၏။ အလုပ်လည်း ထို့အတူပင် အကုသိုလ်မဖြစ်၊ အပြစ်မဖြစ်သည့် အလုပ်များကို လုပ်ကိုင်ဆောင်ရွက် နေခြင်းကိုပင် အလုပ်ကောင်းသည်ဟု ဆိုလို၏။

အပြောကောင်းခြင်း အကောင်းပြောခြင်းနှင့် အလုပ်ကောင်းခြင်း အကောင်းလုပ်ခြင်းတို့သည် တစ်ထပ်တည်း ဖြစ်ရန် မဖြစ်နိုင်ကြပေ။ မိမိကိုယ်တိုင် မိမိ၏အပြောနှင့်အလုပ် ထပ်တူမကျနိုင်သကဲ့သို့ သူတစ်ပါးအပေါ်တွင်လည်း အပြောနှင့်အလုပ် ထပ်တူဖြစ်ရန် မလုပ်ပေးနိုင်ကြပေ။ တစ်ခုမဟုတ် တစ်ခု ချို့ယွင်းနေကြမည်သာ ဖြစ်၏။ အချို့က မိမိကိုယ်တိုင်က အပြောနှင့် အလုပ်ထပ်တူ မဖြစ်သော်လည်း သူတစ်းပါးတို့အား ထပ်တူဖြစ်စေလိုကြ၏။ သူတစ်ပါးတို့အား ‘ဘယ်လိုပြော ဘယ်လိုလုပ်’ စသည်ဖြင့် အမိန့်ပေး ညွှန်ပြတတ်သော်လည်း မိမိကိုယ်တိုင်ကား ထိုသို့ မလုပ်နိုင်သည်ကို တွေ့ရတတ်၏။ ထို့ကြောင့် ပညာရှိများက “သူတစ်ပါးတို့အား မိမိ၏ အယူဝါဒများကို လက်ခံလိုက်နာအောင် ပြောဆိုညွန်ပြနိုင်၊ သူတစ်ပါးတို့အား အပြောနှင့်အလုပ် ထပ်တူဖြစ်အောင် ဆုံးမသွန်သင်နိုင်သော်လည်း မိမိကိုယ်တိုင်ကား မိမိညွန်ပြ ဆုံးမသည့်အတိုင်း လက်ခံလိုက်နာ နေထိုင်ရန်မှာ ခဲရင်းလှသည်”ဟု ဆိုခြင်းဖြစ်၏။

မြတ်စွာဘုရားရှင် လက်ထပ်က ပဓာနိကတိဿအမည်ရှိ မထေရ်တစ်ပါး ရှိ၏။ ထိုမထေရ်သည် ဘုရားရှင်အထံတော်မှ ကမ္မဋ္ဌာန်းတရား အားထုတ်နည်းကို သင်ယူပြီး အခြားသော ရဟန်းငါးရာတို့နှင့်အတူ တောတွင်းတစ်နေရာတွင် ၀ါဆိုဝါကပ်မှုကို ပြုလေ၏။ ပဓာနိကတိဿ မထေရ်သည် မထေရ်ကြီး ဖြစ်သည့်အားလျော်စွာ အခြားရဟန်းတော်များအား ပြောဆိုဆုံးမတော်မူ၏။ ပဓာနိက တိဿမထေရ်က “ငါ့ရှင်တို့… အရှင်ဘုရားတို့ဟာ သက်တော်ထင်ရှား ဘုရားရှင်ထံက ကမ္မဋ္ဌာန်းတရားကို သင်ယူခဲ့တဲ့အတွက် အဲဒီကမ္မဋ္ဌာန်းကို မမေ့မလျော့တဲ့ သတိနဲ့ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်၊ ကြိုးစားအားထုတ်ဖို့လည်း တိုက်တွန်းပါတယ်…” စသည်ဖြင့် အခြားသော ရဟန်းတို့အား အလုပ်ကောင်းရန် ပြောဆိုတိုက်တွန်းတော်မူ၏။

သို့သော် သိုကိုယ်တိုင်ကား ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်း မရှိဘဲ ကျောင်းတွင်းသို့ သွားရောက်၍ လဲလျောင်းအိပ်စက်တော် မူလေ့ရှိ၏။ အခြားသော ရဟန်းတို့ကား ည၏ ပထမယာမ်တွင် စကြံလျှောက်ကာ တရားမှတ်ပြီး မဇ္ဈိမယာမ်တွင် ကျောင်းတွင်းသို့ ၀င်ကြကုန်၏။ ထိုအခါ ပဓာနိက မထေရ်သည် အိပ်ရာမှ နိုးလာပြီး အခြားသော ရဟန်းတို့ထံ သွားရောက်ကာ “အရှင်ဘုရားတို့က တရားအားမထုတ်ဘဲ အိပ်ပဲအိပ်နေတာပဲ…”ဟု ပြောဆိုကာ တရားအားထုတ်ခိုင်းပြီး သူကိုယ်တိုင်ကား ကျောင်းတွင်ပြန်ဝင်ကာ အိပ်စက်လေ၏။ အခြားရဟန်းတို့သည် မစ္ဇျိမယာမ်တွင် စင်္ကြံလျှောက် တရားအားထုတ်ပြီး ပစ္ဆိမယာမ်ခေါ် ည၏ နောက်ဆုံးအချိန်တွင် ကျောင်းတွင်းသို့ ၀င်ကြလေ၏။ ထိုအခါတွင်လည်း ပဓာနိကမထေရ်သည် အိပ်ရာမှ နိုးလာပြီး ရှေ့နည်းအတိုင်းပင် ပြောဆိုလေ၏။

ဤသို့ဖြင့် နေ့စဉ်ပြောဆိုလာသည့်အခါ နောက်ဆုံးတွင် အခြားသော ရဟန်းများမှာ တရားအားထုတ်၍ မရနိုင်ဘဲ စိတ်အစဉ် မတည်မငြိမ်ဖြစ်၍သာ နေပေ၏။ ထိုသို့ ဖြစ်သည့်အခါ မိမိတို့၏ ဆရာမထေရ်ဖြစ်သည့် ပဓာနိက မထေရ်သည် မည့်သို့မည်ပုံ အားထုတ်နေသည်ကို သိရှိလိုလာသဖြင့် တိတ်တဆိတ် စုံးစမ်းသည့်အခါ တရားအားမထုတ်ဘဲ အိပ်စက်ပြီးသာ နေလေ့ရှိသည့်အဖြစ်ကို သိရပြီး “ငါ့ရှင်တို့… ငါတို့ကား ရေလိုက်လွဲသွားခဲ့ကြပြီ၊ ငါတို့ဆရာကား ငါတို့အား အချည်းနှီးသာ မြည်တွန်ပြောဆိုပြီး သူကိုယ်တိုင်က ဘာတရားမှ အားမထုတ်ဘဲ နေနေပေတယ်” စသည်ဖြင့် ပြောဆိုကာ အလွန်ပင်ပန်းလျက် တရားတစ်စုံတစ်ရာ မရဘဲ ထိုဝါတွင်းကို ကုန်လွန်ခဲ့ရတော့၏။ ၀ါကျွတ်၍ ဘုရားရှင်ထံ အဖူးအမျှော် ရောက်ကြသည့်အခါ ဘုရားရှင်က တရားအားထုတ်မှု အဆင်ပြေ၊ မပြေ မေးမြန်းသဖြင့် ဖြစ်ကြောင်းကုန်စင်ကို လျှောက်ထားပြလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်က “သူတပါးကို ဆုံးမသော နည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ သူတပါးကို ဆုံးမရာ၏၊ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွာတကား..”ဟူ၍ တရားစကား ဟောကြားတော်မူလေ၏။ ထိုဒေသနာတော်၏ အဆုံးတွင် ရဟန်းငါးရာတို့သည် အရဟတ္တဖိုလ်၌ တည်လေ၏။ (ဓမ္မပဒ၊ အတ္တ၀ဂ်၊ ပဓာနိကတိဿမထေရ် ၀တ္ထု)

အထက်ပါ ဒေသနာတော်တွင် ပဓာနိက မထေရ်၏ လုပ်ရပ်နှင့် မြတ်ဗုဒ္ဓ၏ ဟောကြားချက်များသည် ဆင်ခြင်သင့်ပြီး လိုက်နာသင့်သည့် အချက်ပင် ဖြစ်၏။ ပဓာနိကမထေရ်၏ လုပ်ရပ်များအတိုင်း မိမိတို့အနေဖြင့် မလုပ်မိရန် သတိပြု ဆင်ခြင်သင့်ပြီး မြတ်ဗုဒ္ဓ မိန့်တော်မူသည့်အတိုင်း လိုက်နာကျင့်သုံးသင့်၏။ ပဓာနိက မထေရ်သည် အပြောသာရှိပြီး အလုပ်မရှိသည်ကို တွေ့ရ၏။ အပြောကောင်းပြီး အလုပ်မကောင်းသည်ကို သိမြင်နိုင်၏။ မြတ်ဗုဒ္ဓသည် ထိုသို့သော လုပ်ရပ်မျိုးကို အားမပေးပေ။ မြတ်ဗုဒ္ဓကား အပြောနှင့်အလုပ် ထပ်တူဖြစ်စေလို၏။ မည်သူမဆို သူတစ်ပါးတို့အား ပြောဆိုဆုံးမှုမပြုမီ မိမိကိုယ်တိုင် ရှေးဦးစွာ မိမိပြောဆိုဆုံးမသည့်အတိုင်း ပြုမူစေလို၏။ မိမိကိုယ်ကို ယဉ်ကျေးအောင် ကျင့်ကြံနေထိုင်ပြီးမှသာ အခြားသူများကို ဟောပြောပေးစေလို၏။ ဆိုလိုသည်မှာ အပြောနှင့်အလုပ် ထပ်တူဖြစ်စေလိုခြင်းပင် ဖြစ်၏။

သို့သော် မျက်မှောက်ခေတ်တွင်ကား အပြောနှင့် အလုပ်ထပ်တူ မဖြစ်သူများ အများအပြား ရှိနေပေ၏။ အပြောတစ်ခြား အလုပ်တစ်ခြားဖြင့် အမှားမှား ဖြစ်နေသူများ ရှိ၏။ မိမိကိုယ်တိုင်ကား အမှားလုပ်နေ၊ မကောင်းသည်များကို လုပ်နေသော်လည်း အခြားသူများကိုကား အကောင်းလုပ်စေလို၊ အမှန်လုပ်စေလိုကြ၏။ အထူးသဖြင့် မိသားစု အသိုင်းအ၀ိုင်းများတွင် ထိုကိစ္စများ မကြာခဏ ဖြစ်လေ့ရှိတတ်၏။ အဖေကိုယ်တိုင်က အရက်ကလေးတမြမြ ဖဲကလေးတစ်စစဖြင့် မဟုတ်သည့် လုပ်ရပ်များဖြင့် ကျင်လည်နေသော်လည်း သားသမီးများကိုကား အမှားတစ်ခုခု လုပ်မိလျှင် ဆူပူကြိမ်းမောင်းကာ ရိုက်နှက်ဆုံးမတတ်သည် အထိ ပြုတတ်သည့် ဖခင်များ ရှိ၏။ ထိုဖခင်များသည်ကား အထက်မှာ ပြောခဲ့သကဲ့သို့ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နှင့်ဆိုသည့် ဖခင်များသာ ဖြစ်နေပေ၏။

စင်စစ်ထိုသို့ မဖြစ်သင့်ပေ။ မိဘဖြစ်စေ၊ ဆရာသမားများဖြစ်စေ သားသမီများ၊ တပည့်များအား ဆုံးမပြောဆို သွန်သင်မှုကို ပြုကြမည်ဆိုလျှင် ရှေးဦးစွာ မိမိကိုယ်တိုင် မိမိကိုယ်ကို ပြုပြင်ကာ မိမိ၏ အပြောနှင့်အလုပ် ထပ်တူဖြစ်စေရန် အားထုတ်သင့်၏။ မိမိကိုယ်တိုင် မိမိပြောသည့်အတိုင်း လက်တွေ့လိုက်နာ နေထိုင်မှုကို ပြုပြပြီးမှသာ သားသမီးများ၊ တပည့်များအား ပြောဆိုဆုံးမပြုသင့်၏။ ဗုဒ္ဓမြတ်စွာ မိန့်မှာတော်မူ သကဲ့သို့ မိမိ၏သားသမီး၊ တပည့်များအား ဆုံးမသည့်အတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ပြီးမှသာ သူတပါးတို့အား ဆုံးမသွန်သင်မှုကို ပြုသင့်ပေ၏။ သို့မှသာ အပြောခံရသူ၊ အဆုံးမခံရသူများသည် မိဘစကား၊ ဆရာ့စကားအား ရိုသေမှုနှင့် လက်ခံလိုက်နာကြမည် ဖြစ်ပါ၏။

စကားစပ်၍ ဒကာတစ်ယောက်အကြောင်း သတိရမိသေး၏။ ထိုဒကာသည် မကောင်းသတင်းများဖြင့်သာ ထင်ရှားလေ့ရှိသည့် ဒကာဖြစ်၏။ မကောင်းမှုတွင် ပျော်ပါးလေ့ရှိသူ တစ်ယောက်ဖြစ်၏။ သို့သော် သူသည် မိမိကိုယ်တိုင်ကား မဟုတ်သည်များဖြင့် ကျင်လည်လေ့ရှိသော်လည်း အခြားသူများအား “ဟိုဟာမလုပ်ဖို့၊ ဒါမဟုတ်ဖို့၊ ဟိုလိုမနေဖို့၊ ဒီလိုမနေဖို့” စသည်ဖြင့် ပြောဆိုလေ့ရှိသည်ဟု ဆို၏။ သူတပါးအား မည်မျှပင် ပြောဆိုနေသော်လည်း မိမိကိုယ်တိုင်ကား မဟုတ်သည်များဖြင့် ကျင်လည်နေသူ ဖြစ်သဖြင့် သူ့စကားအား မကင်းရာမကင်းကြောင်း မကောင်းတတ်သဖြင့်သာ ရှေ့တွင် နားထောင်တတ်သော်လည်း ကွယ်ရာတွင် မကောင်းပြောနေကြသည်က များနေပေ၏။ ထိုဒကာသည် ထိုသဘောကို မသိဘဲ မိမိကိုယ်တိုင်က မကောင်းသည့်အလုပ်များဖြင့် နေလေ့ရှိသော်လည်း အခြားသူများအား ဤသို့ဤပုံ ပြုမူရန်သာ ပြောဆိုမြဲ ပြောဆိုနေလေ့ရှိ၏။ သူ့အဖြစ်ကိုကြည့်ကာ ဤကဲ့သို့သော သူများကြောင့် မြတ်စွာဘုရားရှင်က “သူတပါးကို ဆုံးမသော နည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏”ဟု ဟောတော်မူခြင်း ဖြစ်ကြောင်း သဘောပေါက်မိ၏။

ဆိုလိုသည်မှာ အခက်တကာ အခက်ဆုံးတို့တွင် မိမိကိုယ်ကို ပြုပြင်ဆုံးမရန်မှာ အခက်ဆုံး ဖြစ်သည်ဟု ဆိုကြသကဲ့သို့ လက်တွေ့ဘ၀တွင်လည်း မိမိကိုယ်ကို အပြောလည်းကောင်း အလုပ်လည်းကောင်းပြီး အပြောနှင့် အလုပ်ထပ်တူ ဖြစ်ရန်မလွယ်လှကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ထိုသို့ မလွယ်လှသဖြင့်လည်း သူတပါးတို့အား ပြောဆိုဆုံးမမှု မပြုမီ မိမိကိုယ်ကို ရှေးဦးစွာ ယဉ်ကျေးအောင် ပြုပြင်နေထိုင်သင့်ကြောင်း ပြောလိုရင်း ဖြစ်၏။ မိမိကိုယ်တိုင် အပြောနှင့်အလုပ် ထပ်တူဖြစ်ရန် ကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

မည်သို့ပင်ဆိုစေ လောကတွင် အပြောနှင့်အလုပ် တစ်ထပ်တည်းကျရန် မလွယ်လှသော်လည်း ကြိုးစားအားထုတ်မှုဖြင့် တစ်ဖြည်းဖြည်း ပြုပြင်ကြမည်ဆိုလျှင် မဖြစ်နိုင်သည့်အရာဟူသည် မရှိနိုင်သဖြင့် ရှေးဦးစွာ မိမိကိုယ်ကို၊ တစ်နည်းအားဖြင့် မိမိစိတ်ကို ပြုပြင်ကြည့်ကြရန် ဖြစ်ပါ၏။ သူတပါးတို့အား မပြောဆိုမီ မိမိကိုယ်တိုင် မိမိဖြစ်စေချင်သည့်အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးပြရန် လိုအပ်ပေ၏။ မိမိပြောသည့်အတိုင်း မိမိကိုယ်တိုင် နေထိုင်နိုင်ရန် ကြိုးစားသင့်ပေ၏။ သို့မှသာ မိမိသည်လည်း အပြောကောင်း အလုပ်ကောင်းသူတစ်ဦး ဖြစ်လာမည်ဖြစ်ပြီး မိမိကို အမှီပြုကြသူများသည်လည်း မိမိပြောသည့်အတိုင်း လက်ခံလိုက်နာကြမည်သာ ဖြစ်ပါ၏။

ထို့ကြောင့် မည်သူမဆို သူတပါးတို့အား မည်သို့မည်ပုံ ပြုလုပ်နေထိုင်ရန် ပြောဆိုနိုင်သော်လည်း မိမိကိုယ်တိုင်ကား မိမိပြောသကဲ့သို့ လိုက်နာကျင့်သုံးရန် မလွယ်ကူလှသဖြင့် သူတပါးတို့အား မပြောကြား ရှေးဦးစွာ မိမိကိုယ်တိုင် အပြောကောင်းပြီး အလုပ်ကောင်းသူများ ဖြစ်စေရန်၊ မိမိ၏ အပြောအလုပ်များသည် အပြစ်ကင်းသည့်အပြော၊ အပြစ်ကင်းသည့် အလုပ်များ ဖြစ်စေရန်၊ အပြောနှင့်အလုပ် ထပ်တူဖြစ်စေရန် ကြိုးစားရင်း မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရန်ခက်ခဲလှသည့် အဖြစ်မှ ကင်းလွှတ်ပြီး ဆုံးမလွယ်သူ အဖြစ်ဖြင့် မိမိ၏အပြောနှင့် မိမိ၏အလုပ် အကောင်းဆုံးဖြစ်အောင်သာ ကြိုးစားကြပါဟု စေတနာစကားဖြင့် အသိပါး လိုက်ရပေတော့၏။ အာလုံး အကောင်းပြော၍ အကောင်းလုပ်နိုင်ကြပါစေ…

Read more »

Living together နှင့် ကာမေသုမိစ္ဆာစာရ…

Living together ဆိုတဲ့ စကားကို “လက်မထပ်ဘဲ အတူနေခြင်း”လို့ အဓိပ္ပါယ် နားလည်နိုင်ပါတယ်။ ဒီအလေ့အကျင့်ဟာ အနောက်တိုင်းမှ ဆင်းသက်လာတဲ့ အလေ့အကျင့်လို့လည်း ပြောနိုင်ပါတယ်။ သူတို့အဆိုအရ လူတစ်ယောက်နဲ့တစ်ယောက် အိမ်ထောင်ဘက်အဖြစ် တစ်ဘ၀လုံး အတူလက်တွဲ သွားရမယ့်အရေးမှာ တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲ ဘုမသိဘမသိ အိမ်ထောင်ပြုပြီး ထာဝရ နေထိုင်သွားတာထက် စာရင် တရားဝင် လက်မထပ်ခင် နှစ်ဦးသဘောတူ အတူနေထိုင်ပြီးမှ တရားဝင် လက်ထပ်တာက အိမ်ထောင်ရေးမှာ ပြဿနာအဖြစ်နည်းပြီး ရေရှည်မှာလည်း သာယာတဲ့ အိမ်ထောင်ရေး ဖြစ်နိုင်တဲ့အတွက် လက်မထပ်ခင် အတူနေတဲ့ living together ပုံစံကို ကျင့်သုံးခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း အနောက်တိုင်းက လူအတော်များများဟာ ဒီစနစ်ကို ကျင့်သုံးနေကြပြီး တစ်ချို့ဆို သားသမီး တစ်ယောက်နှစ်ယောက်ရမှ လက်ထပ်တာတောင် ရှိပါသေးတယ်။

အနောက်တိုင်းသားတွေရဲ့ အဆိုအရ အောင်မြင်တယ်လို့ ထင်ရတဲ့ ဒီစနစ်ဟာ အနောက်တိုင်းကနေပြီး အရှေ့တိုင်းအထိ ပြန့်နှံ့လာနေပါတယ်။ ဥရောပတိုက်၊ အမေရိကတိုက်မှသည် အာရှတိုက်၊ အဲဒီကမှတစ်ဆင့် အခုတော့ အရှေ့တောင် အာရှနိုင်ငံများကိုပါ ပြန့်နှံ့လာတော့တာ ဖြစ်ပါတယ်။ သူတို့စနစ် ဘယ်လောက်ပဲ ကောင်းနေပေမယ့် ဒီစနစ်ဟာ အာရှတိုက် ယဉ်ကျေးမှုနဲ့တော့ ဆန့်ကျင်နေပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေနဲ့ကတော့ ဒါဟာ အမတန် ပြောင်းပြန်ဖြစ်နေတဲ့ စနစ်ဖြစ်နေပါတယ်။ လက်မထပ်ဘဲ အတူနေတဲ့ စနစ်နဲ့ ဗုဒ္ဓဘာသာမှာလာတဲ့ ကာမေသုမိစ္ဆာစာရနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတော့တယ်။

ဗုဒ္ဓဘာသာဝင်များ နေ့စဉ်ခါးဝတ်ပုဆိုးလို မြဲမြံနေရမယ့် ငါးပါးသီလထဲမှာ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကာမဂုဏ်များမှာ ဖော်လွဲဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင်တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။ ကာမဂုဏ်မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင်နိုင်ရင်တော့ ကိုယ့်အိမ်သူသက်ထား၊ ကိုယ့်လင်ယောက်ျားနဲ့ပဲ မှီဝဲနေထိုင်နိုင်ကြောင်း ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည် မှန်သမျှ ကာမဂုဏ်ကိစ္စမှာ ကိုယ့်လင်ယောကျာ်း၊ ကိုယ့်ဇနီးမယားကလွဲပြီး ကျန်တဲ့ ဘယ်သူ့အပေါ်မှာကိုမှ ဘယ်လိုအကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ် မဖောက်ပြန်ရဘူးလို့ တားမြစ်ထားခြင်း ဖြစ်ပါတယ်။

ဒီကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ဟာ အိမ်ထောင်သည်များကို ရည်ညွန်းပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် ယောက်ျားများအတွက် ပိုပြီးတားဖြစ်ပါတယ်။ ယောက်များအတွက် ကာမေသုနဲ့ ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ်အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ အဲဒီ ၂၀က
(၁) အမိစောင့်ရှောက်တဲ့မိန်းမ၊
(၂) အဘစောင့်ရှောက်တဲ့မိန်းမ၊
(၃) အမိ အဘစောင့်ရှောက်တဲ့မိန်းမ၊
(၄) မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊
(၅) အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊
(၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊
(၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊
(၈) တရားကျင့်သုံးဖက်စောင့်ရှောက်တဲ့မိန်းမ။
ဒီမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်ပြီး
(၉) စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊
(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊
(၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊
(၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊
(၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊
(၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊
(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊
(၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊
(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊
(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ
ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်။

ကာမပိုင်မရှိတဲ့ ပထမ မိန်းမရှစ်ယောက်ကတော့ တစ်ခြားယောင်္ကျားနဲ့ ဆက်ဆံမှု ပြုပေမယ့် သူ့ကာမကို သူသာပိုင်တဲ့အတွက် ကာမေသုမိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ အဂမနီယ ဖြစ်တဲ့မိန်းမကို ကျူးလွန်တဲ့အတွက် ကာမေသုမိစ္ဆာရ ထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှတစ်ပါး တစ်ခြားယောင်္ကျားနဲ့ ကျူးလွန်မိရင်ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။ ဒါပေမယ့် ဒီလိုသွားလာရာမှာ ကာမေသု မိစ္ဆာစာရ ထိုက်တဲ့အင်္ဂါ ရပ်တွေနဲ့ပြည့်စုံမှ ထိုက်တယ်ဆိုတာကိုတော့ သတိပြုနိုင်ပါတယ်။ အဲဒီအင်္ဂါရပ်တွေက
(၁) မသွားလာထိုက်တဲ့ အဂမနီယမိန်းမဖြစ်ခြင်း။
(၂) မှီဝဲလိုတဲ့ စိတ် ရှိခြင်း။
(၃) လုံ့လ ပြုခြင်း။
(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း
တို့ပဲ ဖြစ်ပါတယ်။
ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသုမိစ္ဆာစာရ ထိုက်ပြီး၊ လေးပါးအနက်က တစ်ပါးပါးချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး။ ဒါက စာပေမှာလာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေပဲ ဖြစ်ပါတယ်။

ဒီအဖွင့်တွေအရ ပြည်ပကိုရောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေစေဖို့ living together သဘောနဲ့ နေနေကြသူများ အထူးသတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယောက်ျားလေးတွေရော မိန်ကလေးတွေရော အတူတူ နေကြရာမှာ အထက်ပါ ကာမေသုနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေကို သတိပြုကြဖို့ လိုပါတယ်။ တစ်ချို့ အိမ်ထောင်ကျပြီး တရားဝင် ကာမပိုင်ရှိတဲ့ ယောက်ျားများ၊ မိန်းမများဟာ ပြည်ပရောက်ပြီး မသိမသာ အတူတူ နေနေကြတာတွေ ရှိနိုင်ပါတယ်။ တစ်ခါတစ်လေ ယောက်ျားက တရားဝင် အိမ်ထောင်ပြုပြီး ကာမပိုင် ရှိသလို၊ တစ်ခါတစ်လေ မိန်းကလေးကလည်း တရားဝင် အိမ်ထောင်ကျပြီး ကာမပိုင် ရှိနေတာတွေ ရှိတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ living together ဟာ ကာမေသု မိစ္ဆာစာရ လွတ်မလွတ် အထူးဆင်ခြင်သင့်ပါတယ်။

ပြီးတော့ ဒီနေ့ခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် အမိမြန်မာပြည်ကနေ အပြင်ရောက်နေတဲ့သူ အတော်များများဟာ ပြည်ပကို ရောက်သွားတာနဲ့ တစ်ပြိုင်တည်း အကုန်လုံး လွတ်လွတ်လပ်လပ်ကို နေပစ်လိုက်တာတွေ တွေ့မြင်ကြားသိနေရပါတယ်။ တစ်ချို့က ပြည်ပမှာ ရပ်တည်ရေး အဆင်မပြေတာ၊ ပြေပေမယ့်လည်း ကိုယ်ကျင့်သီလပိုင်းကို ဂရုမစိုက်လိုတာ၊ အနောက်တိုင်း စနစ်ကို အတုယူ အားကျနေတာ စတာတွေကြောင့် ကာမပိုင်ရှိသူတွေရော၊ မရှိသူတွေပါ၊ မိဘညီအစ်ကို မောင်နှမစတဲ့ အုပ်ထိန်းသူရှိသူတွေရော မရှိသူတွေပါ living together အဖြစ်နဲ့ နေနေကြတာ ကြားသိရပြန်ပါတယ်။ ဒီလို အတူနေတာတွေဟာ ကာမေသုမိစ္ဆာစာရ အင်္ဂါတွေနဲ့ ငြိမငြိ၊ ကာမေသုကံ မြောက်မမြောက် သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။

တကယ်တော့ ကာမဂုဏ်ကိစ္စကို အလေးပေးလေ့ မရှိတဲ့ ဗုဒ္ဓဘာသာ သဘောအရ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် လက်မထပ်ဘဲ အတူနေတဲ့ အလေ့ဟာ ကာမေသုမိစ္ဆာစာရကံ ထိုက်စေဖို့ အကြောင်းအတော်များတယ် ဆိုတာ သတိပြုဖို့ လိုပါတယ်။ ဖြစ်ဖို့လည်း လွယ်ကူပါတယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးသူများ အထူးသတိပြုသင့်ပါတယ်။ ယောက်ျားသားများ အနေနဲ့ အိမ်ထောင်ကျပြီး ကိုယ့်ဇနီးနဲ့ အတူကာမဂုဏ် မှီဝဲမှုဟာ ကာမေသုမိစ္ဆာစာရ ကံမဖြစ်ပေမယ့် တစ်ခြားအမျိုးသမီး တစ်ဦးဦးနဲ့ သွားလာပျော်ပါးမယ်ဆိုရင် အိမ်ထောင်ရေး ဖောက်ပြန်မှု ဖြစ်တဲ့အပြင် ကာမေသု မိစ္ဆာစာရကံလည်း ဖြစ်ပါတယ်။ တရားဝင်သဘောအရ ကိုယ်လုပ်ကျွေးနိုင်လို့ ဇနီးအများကြီး ယူထားတယ်ဆိုရင်တော့ ဒါဟာ ကံမမြောက်ပြန်ပါဘူး။ ကျန်တဲ့ သဘောတွေနဲ့ဆို ဘယ်လိုမှ ကာမေသုကံ မလွတ်နိုင်တဲ့ သဘောရှိပါတယ်။ အမျိုးသမီးများလည်း ဒီအတိုင်းပါပဲ။ ကိုယ့်လင်ယောက်ျားကလွဲပြီး ကျန်တဲ့ယောက်ျား တစ်ယောက်ယောက်နဲ့ ကာမဂုဏ်ဖောက်ပြန်တာ ကာမေသု မိစ္ဆာစာရကံ ဖြစ်စေပါတယ်။ ဒါကြောင့် ယနေ့ခေတ်စားနေတဲ့ living together စနစ်ဟာ ဗုဒ္ဓဘာသာ ရှုထောင့်အရ ကာမေသုမိစ္ဆာစာရကံ ဖြစ်ဖို့လွယ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက လက်မထပ်ဘဲ အတူနေကြတာတွေဟာ အနောက်တိုင်းသားများရဲ့ သဘောအရ ရေရှည်အိမ်ထောင်ရေး အဆင်ပြေရေးအတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပေမယ့် ဗုဒ္ဓဘာသာ သဘောအရ ဒါဟာ အကုသိုလ်အပြစ်ဖြစ်တဲ့ ကာမေသုမိစ္ဆာ စာရကံ ဖြစ်စရာအကြောင်း ဖြစ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ လက်မထပ်ခင် ဘယ်လောက်ပဲ အတူတူနေပြီး အိမ်ထောင်ရေး အဆင်ပြေအောင် ကြိုးစားကြပေမယ့် တကယ်တမ်း လက်ထပ်တဲ့ အခါကျတော့လည်း အိမ်ထောင်ရေး အဆင်မပြေတာတွေက အများကြီးပါပဲ။ အဓိကကတော့ တစ်ဦးတစ်ယောက်ချင်းရဲ့ ကိုယ့်ကျင့်တရား ကောင်းမွန်ထိမ်းသိမ်းရေးက အဓိကကျပါတယ်။ ခုမှတွေ့ကြပေမယ့်လည်း တော်တဲ့သူက တော်နေမှာဖြစ်ပြီး ကိုယ့်ကျင့်တရား ကောင်းသူက ကောင်းနေမှာဖြစ်ပါတယ်။ သူတော်ကောင်းဟာ သူတော်ကောင်းပါပဲ။

ဒါကြောင့် လွတ်လပ်မှုနဲ့အတူ အသိပညာ၊ အတွေ့အကြုံနည်းပါးကာ ဘာသာတရား အဆုံးအမများ အပေါ် အလေးထားလေ့ မရှိကြတဲ့ ပြည်ပရောက် မြန်မာများအနေနဲ့ သူများယောင်လို့ ယောင်၊ အမှောင်တောင်မှန်း မြောက်မှန်းမသိ မဖြစ်ရလေအောင် သူများ living togetherဆိုပြီး ကိုယ်ကပါ လိုက်ပြီး living together မလုပ်မိကြဖို့၊ ခဏတာ အပျော်၊ ခဏတာ အဆင်ပြေမှုတွေနဲ့ ဘ၀သံသရာ ဒုက္ခဖြစ်စေမယ့် မကောင်းတဲ့အလုပ်တွေမှာ လိုက်ပြီး မလုပ်မိကြဖို့ အထူးလိုအပ်တယ်ဆိုတာ သတိပြုကြရင်း living togetherနဲ့ ကာမေသုမိစ္ဆာစာရကို သေချာစဉ်းစား ဆင်ခြင်ကာ အတူနေရာမှ ကာမေသုအဖြစ် မရောက်မိကြစေဖို့ စေတနာစကားနဲ့ အသိပေးပြောကြား လိုက်ရပါကြောင်း…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ