အတုယူတတ်ပါစေ…

ဗုဒ္ဓဘာသာတွေအတွက် စိတ်ကောင်း စေတနာကောင်းနဲ့သာ ပြုလုပ်နေထိုင်တတ်မယ်ဆိုရင် ကုသိုလ်ရဖို့ မခဲရင်းလှပါဘူး။ ကိုယ်အမူအရာ ကောင်းလေးတွေ၊ အပြောအဆို ကောင်းလေးတွေ၊ အတွေးအကြံ ကောင်းလေးတွေဟာ နေ့စဉ်နေထိုင် လုပ်ကိုင်လှုပ်ရှားမှုတွေထဲက ကုသိုလ်ရစရာလေးတွေပါ။ ဒါပေမယ့် မယူတတ်ရင်၊ စိတ်ကောင်းစေတနာကောင်း မရှိရင်တော့ ဒီလှုပ်ရှားမှုတွေကပဲ အကုသိုလ် ဖြစ်စရာတွေပါ။ အနေအထိုင် မတတ်တဲ့အခါ အကုသိုလ်ဖြစ်တတ်သလို၊ အပြောအဆို မကောင်းရင်လည်း အကုသိုလ် ဖြစ်တတ်ပါတယ်။ အကြံအစည်များကတော့ မကောင်းတဲ့အကြံအစည်ဆို ကာယကံမြောက် မကျူးလွန်မိပေမယ့်မှာ အကုသိုလ် အညစ်အကြေးတွေနဲ့ စိတ်ကိုညစ်ထေး စေပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မယူတတ်ရင် မအပ်ဖြစ်ပြီး ယူတတ်ရင်တော့ မြတ်ပါတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

အတုမြင်အတတ်သင်လို့ ဆိုကြသလို အတုယူတတ်ပါစေလို့လည်း မြန်မာစကားများမှာ ပြောဆိုသုံးနှုံးတတ်ကြ တာတွေရှိပါတယ်။ ဒီအသုံးမှာ ပြောတဲ့ အတုဆိုတဲ့စကားလေးအရ အမှန်တကယ် အတုယူတတ်ဖို့ လိုပါတယ်။ သူများကို အတုလိုက်ပြီး ကောင်းတဲ့အမူ အကျင့်လေးတွေကို ယူတတ်စေဖို့ပါ။ သူ့မှာရှိတဲ့ ကုသိုလ်ဖြစ်စေမယ့် အမူအကျင့်လေးတွေကို သူနဲ့အတူဖြစ်စေအောင် လိုက်နာယူတတ်စေဖို့ပါ။ မကောင်းတဲ့ အစစ်အမှန် မဟုတ်တဲ့ အတုတွေကို ယူဖို့မဟုတ်ပါဘူး။ အစစ်တွေကို ယူတတ်ဖို့ပါ။ ဒါပေမယ့် တစ်ချို့ကတော့ တကယ့်ကိုအတုမြင် အတတ်သင်ကြပါတယ်။ မဟုတ်တဲ့ မကောင်းတဲ့ အမူအရာ အပြောအဆို အနေအထိုင် အလုပ်အကိုင်တွေဆို အလွယ်တကူကိုပဲ အပိုင်အတတ် သင်ယူတတ်ကြပါတယ်။ ဘယ်လောက်ဆိုးလဲဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်နဲ့တိုက်ရိုက် ထိတွေတာတွေတောင် မဟုတ်တော့ဘဲ ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေ ကြည့်ပြီးကို ယူနေကြတော့တာပါ။ ယူရမယ့် ကောင်းတဲ့အချက်အလတ် အလေ့အထလေးတွေကိုတော့ မယူဖြစ်ကြဘဲ မယူရမယ့် အမူအရာ စရိုက်တွေမှာပဲ ရအောင်ယူတတ်ကြတာတွေပါ။

အခုတစ်လော မြန်မာအပါအ၀င် အရှေ့တောင် အာရှနိုင်ငံ အတော်များများမှာ ကိုရီးယား အနုပညာများ လွှမ်းမိုးလာတာ တွေ့ရပါတယ်။ ဂီတပိုင်းမှာရော ဒရာမာ ရုပ်ရှင်ပိုင်းမှာတွေပါ ကိုရီးယားက နေရာယူထားတာကို တွေ့နိုင်ပါတယ်။ တစ်ခြားနိုင်ငံများကို ဘယ်လောက်ထိ လွှမ်းမိုးထားလည်းတော့ မသိဘူး။ မြန်မာအတော်များများကိုတော့ ကိုရီးယားဇာတ်ကားတွေက ဖမ်းစားနေပါတော့တယ်။ ဖမ်းစားဆို သူတို့ရဲ့ နည်းပညာနဲ့ အနုပညာရပ်ကလည်း စွဲဆောင်မှုရှိသလို ရသမျိုးစုံကိုလည်း ပေးနိုင်နေတာကိုး။ တစ်ချို့ဆို ဇာတ်ကားတွေကြည့်ပြီး ငိုရတာလည်း မနည်းတော့ဘူးလို့တောင် ဆိုကြပါသေးတယ်။ ကိုရီးယားကားတွေကို ကြိုက်လွန်းလို့ ဇာတ်ကားထဲမှာ ပါတဲ့စရိုက်ပုံစံတွေကို လိုက်ပြီး လုပ်ရတာလည်း မမောနိုင် မပန်းနိုင်ပါပဲ။ လိုက်ပြီးတုကြတာလည်း တစ်နေ့တစ်မျိုး မရိုးနိုင်ကြပါဘူး။ အတုယူကြတာတွေလည်း ပေါလှပါတယ်။ အတုယူဆို တကယ့်ကိုပဲ အတုတွေ ယူနေကြတဲ့အထိ ဖြစ်နေကြတာတွေပါ။ အစစ်မယူဘဲ အတုတွေပဲ ယူနေကြတယ်လေ။

သိတဲ့အတိုင်းပဲ ကိုရီးယား ဇာတ်ကားတွေမှာက အရက်သောက်တဲ့အခန်းတွေနဲ့ ၀တ်စားဆင်ယင်ပုံတွေကို အမျိုးမျိုး ပါဝင်ပြသထားတာဆိုတော့ ဒါတွေကိုကြည့်ပြီး မြန်မာလူငယ်တွေဟာ အရက်သမားလေးတွေ ဖြစ်နေကြသလို မိန်းကလေးတွေဆိုလည်း ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ရာသီဥတုနဲ့ ကိုက်မကိုက် မကြည့်တော့ဘဲ ဇာတ်ကားထဲက ဇာတ်ကောင်တွေအတိုင်း လိုက်တုလိုက်ကြတာ တစ်လွဲတွေပဲ ဖြစ်ကုန်ပါတယ်။ ယူရမယ့် အစစ်တွေကို မယူဘဲ မယူရမယ့် အတုတွေပဲ လိုက်ယူနေတော့ ဘ၀မှာ ကုသိုလ်မဖြစ်ဘဲ အပြစ်တွေပဲ ဖြစ်နေတတ်ပါတယ်။ ခေတ်မီချင်တာရယ်၊ လှချင်တာတွေရယ်ကြောင့် ခေတ်မီတယ်လို့ထင်တဲ့ နေထိုင်ပြောဆို ၀တ်ဆင်စားသောက်မှုတွေကို လိုက်လုပ်ရင်း သောက်တတ်စားတတ်တဲ့ အတတ်ကောင်းတွေ တတ်ကုန်ပါတော့တယ်။ ခဏတာ အပျော်လေးအတွက် ကိုယ့်ကျင့်သီလတွေအထိ လစ်လျူရှုကုန်ပါတော့တယ်။ ဒါဟာ အစစ်မယူဘဲ အတုတွေ ယူမိကြလို့ပါ။

တကယ့်တော့ ကိုရီးယား ရုပ်ရှင်ဒရာမာတွေမှာ ယူစရာတွေ အများကြီးပါဝင်ပါတယ်။ အတုမဟုတ်ဘဲ ဘ၀တိုးတက်ရေး လမ်းညွှန်ချက် အစစ်တွေ၊ ပညာပေးတွေ အများကြီး ဖော်ပြပေးထားပါတယ်။ ယူတတ်မယ်ဆိုရင် သူတို့နိုင်ငံက လူငယ်တွေ ဘယ်လိုကြိုးစားကြတာ၊ ဘ၀တိုးတက်ရေးအတွက် ဘယ်လို ရုန်းကန်ကြတာတွေကအစ သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့ဘာသာစကား၊ သူ့ယဉ်ကျေးမှုကို ဘယ်လိုအလေးထားတာ၊ လူကြီးသူမတွေကို ဘယ်လိုရိုသေးလေးစာတာ စသဖြင့် အများကြီး ရှိပါတယ်။ အထူးသဖြင့် သူ့ဘာသာစကားကို နေရာဒေသ အချိန်အခါအလိုက် အသုံးပြုကြတာဟာ လက်တွေ့မှာလည်း တော်တော်လေးစားစရာ ကောင်းပါတယ်။ ကိုရီးယားလူမျိုးများ ဘယ်နေရာ ဘယ်အချိန်တွေ့တွေ့ အန်ညောင်းဟာစေယိုဆိုတဲ့ နှုတ်ခွန်းဆက်စကားကို တစ်ဦးနဲ့တစ်ဦး တွေ့တဲ့နေရာ၊ တွေ့တဲ့အချိန်တိုင်းမှာ နှုတ်ဆက်တတ်ကြပါတယ်။ လူချင်းမတွေ့ဘဲ ဖုန်းနဲ့ပြောတာတောင် ဖုန်းအသံပြုပြီးရင် အန်ညောင်းဟာစေယိုလို့ နှုတ်ဆက်တတ်ကြပါတယ်။ မြန်မာလိုဆိုရင်တော့ မင်္ဂလာပါပေါ့။ ဒါပေမယ့် မြန်မာတွေကတော့ ဒီမင်္ဂလာပါဆိုတဲ့ နှုတ်ဆက်စကား ပြောဖို့နေနေသာ မေ့တောင်မေ့နေတယ်နဲ့ တူပါတယ်။ မပြောကြပါဘူး။ ပိုဆိုးတာက တစ်လွဲဆံပင်ကောင်းပြီး ကိုယ့်ဘာသာစကားနဲ့ မင်္ဂလာပါလို့ နှုတ်ဆက်ရမှာကို မသုံးတော့ဘဲ ကိုရီးယားရူးရူးပြီး သူတို့ကပါ ကိုရီးယားဘာသာစကားနဲ့ အန်ညောင်းဟာစေယို လုပ်ကုန်ပါတယ်။ ကိုယ့်ဘာသာစကား မရှိရင်တော့ ထားပေါ့။

ယူတတ်မယ်ဆိုရင် ဒီလိုအသေးအဖွဲ နှုတ်ဆက်စကားလေးတွေကအစ ယူဖို့ကောင်းပါတယ်။ မြန်မာတွေမှာလည်း မြန်မာလို နှုတ်ဆက်စကား မင်္ဂလာပါဆိုတာ ရှိပါတယ်။ ဒီစကားလေးတွေကို တွေ့တဲ့အချိန် တွေ့တဲ့သူတိုင်းကို စိတ်ကောင်း စေတနာကောင်းလေးတွေနဲ့ နှုတ်ဆက်တတ်ကြမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲပေါ့။ ပါးစပ်က မင်္ဂလာပါဆိုတဲ့ စကားလေးတွေ ထွတ်တတ်နေမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်နေတာနဲ့ကို ကုသိုလ်ဖြစ်နေတာပါ။ ခုတော့ ကိုယ့်စကားမေ့ပြီး သူများစကားတွေတော့ အားရပါးရပြောနေလိုက်ကြတာ။ မင်္ဂလာပါ ပြောရမှာကို ရှက်များနေကြသလား မသိပါဘူး။ တစ်ခါတုန်းက ဒကာတစ်ယောက် ကျောင်းကိုရောက်လာလို့ မြင်မြင်ချင်း ဘုန်းဘုန်းက “မင်္ဂလာပါဒကာ”လို့ နှုတ်ဆက်စကား ပြောလိုက်တာ ဒကာက “တင့်ပါဘုရား”တဲ့…။ သူ့ကို ခေါ်တယ်များ မှတ်နေသလား မသိပါဘူး။ မင်္ဂလာပါဘုရားလို့ ပြန်နှုတ်ဆက်ရမှာကို အသုံးမပြုကြတော့ ကိုယ့်စကားကိုယ် မေ့နေကုန်ကြတော့တာပါပဲ။ မယူရမယ့် အရာတွေတော့ ယူနေကြပြီး ယူရမယ့် ကုသိုလ်ဖြစ်စေမယ့် အရာတွေတော့ မယူကြဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ်၊ သူတစ်ပါးမှာပဲ ဖြစ်ဖြစ် အတုယူစရာရှိရင် ယူတတ်ဖို့လိုကြောင်း၊ မကောင်းတဲ့ အကုသိုလ်ဖြစ်စေမယ့် အတုတွေကို ယူဖို့မဟုတ်ဘဲ ဘယ်နေရာက၊ ဘယ်သူ့ဆီကမဆို ကောင်းတဲ့ကုသိုလ် ဖြစ်စေမယ့် အရာတွေဆို လိုက်နာကျင့်သုံး ယူတတ်ဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဘုရားရှင် ကာလာမရွာသားများကို မိန့်တော်မူသလိုပေါ့။ ဘုရားရှင်က “အလုပ်တစ်ခုဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိ၊ အကုသိုလ် အပြစ်လည်း ဖြစ်မယ်၊ ပညာရှိသူတော်ကောင်းတို့လည်း ကဲ့ရဲ့မယ်ဆိုရင် အဲဒါကို ကိုယ်ကိုယ်တိုင် သဘောပေါက်ပြီး မလုပ်ဘဲ စွန့်လွတ်ဖို့၊ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်ရော၊ အများအတွက်ရော အကျိုးတစ်စုံတစ်ခု ဖြစ်စေမယ်၊ အပြစ်မရှိဘဲ ကုသိုလ်ဖြစ်စေမယ်၊ ပညာရှိသူတော်ကောင်းတို့လည်း ချီးမွမ်းမယ်ဆိုရင် အဲဒီအလုပ်ကို ကိုယ်ကိုယ်တိုင် ကောင်းကောင်းသဘောပေါက်ပြီး လိုက်နာကျင့်သုံးဖို့..” မိန့်တော်မူထားပါတယ်။ အဲဒီလိုပဲ သူတစ်ပါးထံကပဲ ဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်ကပဲ ဖြစ်ဖြစ်၊ ဘယ်နေရာ ဘယ်ပုဂ္ဂိုလ်ဆီကပဲ ဖြစ်ဖြစ် ကောင်းတဲ့ကုသိုလ်ဖြစ်စေမယ့် အရာတွေဆိုရင် ကိုယ်ကိုယ်တိုင် ဉာဏ်နဲ့ဆင်ခြင် စဉ်းစားပြီး အတုယူ လိုက်နာကျင့်သုံးသင့်ပါတယ်။ ဒီလို ယူတတ်တာကိုပဲ အတုယူတတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက လောကကြီးမှာ နေ့စဉ်ကျင်လည် ဖြတ်သန်းနေရတဲ့ လှုပ်ရှားမှုတွေကပဲ ယူတတ်၊ မြင်တတ်တဲ့ သူတွေအတွက် ကောင်းတာတွေ၊ ကုသိုလ်ဖြစ်စရာတွေ အများကြီး ဖြစ်နေ၊ ရှိနေတယ်ဆိုတာ သတိပြုမိကြဖို့ပါ။ ဘယ်လိုနေရာ၊ ဘယ်လိုအချိန်၊ ဘယ်လိုလူမျိုးဆီကမဆို ကောင်းတဲ့၊ ကုသိုလ်ဖြစ်စေမယ့် အရာတွေဆို အတုလိုက်ပြီး ကျင့်သုံးယူတတ်ဖို့နဲ့ အပြစ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေမယ့် အရာတွေဆို ရှောင်ပယ်နိုင်အောင် ကြိုစားကြဖို့ပါ။ အမှန်တော့ ဘယ်သူ့ကိုပဲကြည့်ကြည့်၊ ဘယ်နေရာမှာပဲ နေနေ ကောင်းတဲ့ဘက်က ကြည့်တတ်မြင်တတ် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ ကုသိုလ်ဖြစ်အောင် ကြည့်တတ်၊ ကုသိုလ်ဖြစ်အောင် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ စာလိုတော့ ယောနိသောမနသိကာရလို့ ဆိုပါတယ်။ ယောနိသောမနသိကာရဆိုတာ နှလုံးသွင်းမှန်ကန်တာကို ဆိုပါတယ်။ တစ်နည်းအားဖြင့် အကုသိုလ်မဖြစ်အောင် နှလုံးသွင်းတတ်တာကို ဆိုပါတယ်။ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းဖို့ဆိုတာ အကုသိုလ်မဖြစ်အောင် ကြည့်တတ်၊ မြင်တတ်မှ ဖြစ်တာပါ။ ဒီလိုကြည့်တတ်ဖို့အတွက် အကောင်းမြင်တတ်တဲ့ အကျင့်ရှိမှ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဘက်က ကြည့်တတ်မြင်တတ်ရင် အကုသိုလ်မဖြစ်ဘဲ အပြစ်အဖြစ် သက်သာပါတယ်။ ကောင်းတာကို ကြည့်တတ်တဲ့အတွက် ကောင်းတာလေးတွေမြင်ပြီး ကောင်းတာတွေ ယူလာတတ်ပါတယ်။ ဒါကိုပဲ အတုယူတာလို့ ဆိုနိုင်တာပေါ့။ ကောင်းတဲ့အတုလိုက်မှုပါပဲ။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် အတုယူတယ်ဆိုတာ တကယ့်ကို ယူသင့်တဲ့ ကောင်းတဲ့အရာတွေကို ယူတတ်ဖို့ လိုပါတယ်။ ကောင်းတဲ့အကျိုးရှိမယ့် အရာတွေဆိုရင် ကိုယ့်ထက်ကြီးတဲ့ သူတွေဆီကရော ငယ်တဲ့သူတွေဆီကပါ ယူတတ်ရပါမယ်။ ကောင်းတဲ့ကုသိုလ်ဖြစ်မယ့် အရာတွေဆိုရင် နေရာမတူတာ၊ လူမျိုးမတူတာ၊ ဘာသာမတူတာ စတာစတာတွေကို ဘေးဖယ်ပြီး တတ်နိုင်သမျှ ရအောင်ယူနိုင်ဖို့၊ ယူတတ်ဖို့ လိုပါတယ်။ အပြစ်မရှိဘဲ အကျိုးရှိစေမယ့် အရာဆိုရင် ဂီတကလည်း ယူရမှာဖြစ်သလို ရုပ်ရှင်ဒရာမာတွေကလည်း ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မကောင်းတာတွေဆိုရင်တော့ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လိုဒေသ၊ ဘယ်လိုအချိန်၊ ဘယ်လိုအရာမျိုးကမှ မယူကြဖို့၊ မတုကြဖို့၊ အတုမလိုက်ကြဖို့ လိုပါတယ်။ ဒီလို မကောင်းတဲ့ အတုတွေ လိုက်ယူမိပြီဆိုရင်တော့ ဒီဘ၀မှာရော နောင်သံသရာမှာပါ အတုတွေနဲ့ ဒွန်တွဲနေတတ်ပြီး သံသရာဝဲထဲက ထွက်နိုင်ဖို့ မလွယ်လှတဲ့အတွက် အတုယူကောင်းအောင် ကိုယ်ကိုယ်တိုင်ပဲ ကောင်းတာတွေကို မြင်နိုင်ကြည့်နိုင်ယူနိုင်ဖို့ ကြိုးစားသင့်ပါကြောင်း စေတနာစကားဖြင့် အသိပါးလိုက်ရပါတယ်…။ အားလုံးအတုယူတတ်ကြပါစေ…

Read more »

မတောင်းပါနဲ့…

“မလိုချင်ရင် ရတယ်..”ဆိုတဲ့ စကားကို လက်တွေ့ဘ၀ အတွေ့အကြုံအရပိုပြီး သဘောပေါက်မိပါတယ်။ ဒါကလည်း လိုချင်နေရင် မရဘဲ ဖြစ်နေတတ်တာကို ကြုံတွေ့ရလို့ပါ။ လိုချင်ရချင်လို့ တောင်းလေလေ အတောင်းခံရတဲ့ ပုဂ္ဂိုလ်က မပေးချင်လေလေ ဖြစ်ပြီး မတောင်းဘဲ နေလေလေ ပေးချင်တဲ့သူက များလေလေ ဖြစ်ပါတယ်။ တောင်းယူတာနဲ့ မတောင်းပဲ ရတာနှစ်မျိုးမှာ မတောင်းဘဲ ရတာက ပိုကောင်းပါတယ်။ တောင်းလို့ရတာဟာ ပေးသူက စေတနာရှိလို့ ပေးလိုက်တာ ဟုတ်ချင်မှဟုတ်မှာပါ။ မတောင်းဘဲ သူ့အလိုလို ရလာတာကတော့ ပေးသူကိုယ်တိုင်က လိုလိုလားလားရှိလို့ ပေးလာတာဖြစ်တဲ့အတွက် စေတနာအပြည့်နဲ့ ရလိုက်ခြင်းဖြစ်ပါတယ်။ လူ့ရဲ့သဘောက လိုရင်ပြောပါလို့ ပြောထားပေမယ့် တကယ်လိုလို့ ပြောတဲ့အခါ မပေးချင်တတ်ပါဘူး။ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် တောင်းပါများ၊ အလှူခံပါများရင် အမုန်းခံရတတ်ပြီး မပေးချင် မလှူချင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် “မတောင်းပါနဲ့၊ အလှူမခံပါနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်တယ်။ သူသူကိုယ်ကိုယ် ကိုယ့်စိတ်ကပါပြီး ပေးလိုက်တာကို ပိုနှစ်သက်ကြပါတယ်။ တစ်ချို့ဆို ကိုယ့်လောက် အဆင်မပြေသူတွေ၊ ဒုက္ခရောက်သူတွေကို တွေ့တဲ့အခါ ကိုယ်မစားရရင် နေပါစေ ပေးဖြစ်တတ်ပါတယ်။ ကိုယ့်အတိုင်းအတာလေးနဲ့ နှိုင်းချိန်ပြီး ထောက်ပံ့ဖြစ်နေတတ်ပါတယ်။ ပုံမှန်ပေးနေ၊ ထောက်ပံ့နေကျ ဖြစ်တဲ့အတွက် အချိန်တန်ရင် ပေးနေဖြစ်ပါတယ်။ ဒီလိုပေးနေရတာကိုလည်း စေတနာအပြည့်နဲ့ ကျေနပ်နေမိပါတယ်။ ဒါကို အပေးခံရသူက ပေးမှန်းသိတော့ ဘာလိုတယ်၊ ညာလိုတယ်ဆိုပြီး တောင်းဆိုလာရင် “ငါဒီလောက်ပေးနေ၊ ထေက်ပံ့နေတာကိုပဲ…”ဆိုတဲ့ အတွေးနဲ့ စိတ်မှာကွက်လာ တတ်ပါတယ်။ ပေးနေရဲ့သားနဲ့ အလိုက်မသိ ထပ်တောင်းလာတော့ စေတနာကပျက်ပြီး မပေးချင် ဖြစ်လာပါတယ်။ ပုထုဇင်ရဲ့ စိတ်ဆိုတာ ဒီလိုပါပဲ။ ကိုယ့်ဆန္ဒနဲ့ ပေးလှူနေတုန်းကတော့ အကောင်းပါပဲ။ အဲဒီအပေါ် တစ်ဖက်လူက တောင်းလာရင်တော့ မကောင်းဖြစ်ကုန်ပါတယ်။ စိတ်ဆိုတာ အမြဲပြောင်းနေတာဖြစ်လို့ ပေးချင်စိတ်ရှိလို့ ပေးတာလေးကို ကြည်ကြည်ဖြူဖြူ လက်မခံဘဲ “ဒီလောက်စေတနာ ကောင်းတာ တောင်းကြည့်ရင်တော့ ရမှာပဲ…”ဆိုပြီး တောင်းမိပါက ပေးသူရဲ့ စေတနာ ပျက်ပြားလာပြီး တောင်းမိတဲ့အတွက် အမုန်းပဲ ရလာတတ်ပါတယ်။ ဒါကြောင့် မတောင်းပါနဲ့လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒကာကြီးတစ်ယောက်က ပြောဖူးပါတယ်။ “တပည့်တော် အရင်ကတော့ ဒီဆရာတော်ကျောင်းကို ခဏခဏရောက်ပါတယ်။ ခုနောက်ပိုင်းတော့ မသွားဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တပည့်တော် ကျောင်းကိုသွားတိုင်း ဆရာတော်က ဘာလိုတယ်၊ ဘာလှူပါ၊ ညာလှူပါဆိုပြီး အလှူခံခံ နေတဲ့အခါ ကြာတော့ တပည့်တော်လည်း စေတနာပျက်ပြီး မသွားချင်တော့ဘူး။ ဘုန်းကြီးရဟန်းပဲဘုရား ဒီလောက်များများ စားစားလည်း မလိုပါဘူး။ ပစ္စည်းလေးပါး လုံလောက်ရင် ပြီးတာပဲ မဟုတ်လားဘုရား…”ဆိုပြီး ဒကာကြီးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။ ဒီဒကာကြီးဟာ အရင်ကတော့ ဆရာတော်ကို ကြည်ညိုမှု အားကောင်းခဲ့ပါတယ်။ နောက် ဆရာတော်က အလှူခံပါများတော့ ပုထုဇင်သဘာဝ အကြည်ညို ပျက်လာတာ ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးတော့ တောင်းမိလိုက်တဲ့ အတွက်ပါပဲ။

မှန်ပါတယ်။ လူလည်းတောင်းပါများရင် အမုန်းရတတ်သလို ရဟန်းသံဃာလည်း အလှူခံပါများရင် အမုန်းရတတ်ပါတယ်။ တောင်းပါဆိုလို့ တောင်းကြတယ်၊ အလှူခံပါဆိုလို့ အလှူခံကြတယ် ဆိုပေမယ့် အတောင်းခံရတဲ့သူ၊ အလှူပေးမယ့်သူက အဆင်ပြေတဲ့ အချိန်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲလိုမှမဟုတ်ဘဲ ကိုယ်တောင်းတဲ့အချိန်၊ ကိုယ်အလှူခံတဲ့ အချိန်မှာ သူလည်း အဆင်မပြေတဲ့အချိန် ဖြစ်နေလို့ကတော့ တောင်းတဲ့သူကိုလည်း အတောင်းခံရတဲ့သူက မုန်းတတ်သလို တောင်းတာကို မရတဲ့အတွက် အတောင်းခံရတဲ့သူကို တောင်းသူကလည်း မုန်းတတ်ပါတယ်။ အရင်းစစ်တော့ တောင်းတဲ့အတွက်၊ အလှူခံတဲ့ အတွက်ကြောင့်ပါပဲ။

အမှန်တော့ အလှူခံတာပဲ ဖြစ်ဖြစ် တောင်းတာပဲဖြစ်ဖြစ် ကာလဒေသ အခြေအနေ အချိန်အခါ မသိဘဲ လုပ်မိရင်တော့ တောင်းပါများရင်၊ အလှူခံပါများရင် အမုန်းရတတ်ပါတယ်။ တောင်းခြင်း၊ အလှူခံခြင်းကြောင့် အမုန်းခံရတတ်တယ်လို့ ဆိုရမှာပေါ့။ သတ္တ၀ါတွေရဲ့ သဘောကိုက မလုပ်နဲ့ဆိုရင် လုပ်ချင်တတ်ကြသလို လုပ်ပါလို့ပြောရင် မလုပ်ချင် တတ်ကြတဲ့ သဘောကိုး။ ပေးပါ၊ လှူပါလို့ပြောရင် ပေးချင်လှူချင်တဲ့ စိတ်ရှိချင်မှ ရှိမှာပါ။ တစ်ခါတစ်ခါတော့လည်း သူ့အလိုလို သဒ္ဓါပေါက်ပြီး ပေးတာ၊ လှူဒါန်းလာတာလည်း ရှိပါတယ်။ အဲလိုသဒ္ဓါပေါက်လို့ ပေးမှု၊လှူဒါန်းမှုက ကိုယ်သတ်မှတ်ပြီး အလှူခံတာထက် များရင်လည်း များတတ်ပါတယ်။ ဒါကြောင့် တောင်းတဲ့အခါ၊ အလှူခံတဲ့အခါ အမုန်းမရအောင် အစွန်းမရောက်ဖို့ အခြေအနေ အရိပ်အကဲ သိဖို့လိုပါတယ်။

တောင်းပါများရင် အမုန်းရတတ်တယ်ဆိုတဲ့ စကားလေးနဲ့စပ်ပြီး ဗုဒ္ဓစာပေထဲက ဇာတ်တော်လေးတစ်ခုကို သတိရမိပါတယ်။ အဲဒီဇာတ်တော်လေးကို ဒီနေရာမှာ တိုက်ဆိုင်မှုရှိတဲ့အတွက် တင်ပြလိုက်ပါတယ်။ ဇာတ်တော်ရဲ့အမည်က မဏိကဏ္ဌဇာတ်တော်ပါ။

ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းအုပ်ချုပ်ချိန်က ဘုန်းဘုန်းတို့ ဘုရားလောင်းဟာ ချမ်းသာတဲ့ပုဏ္ဏားမျိုးမှာ မွေးဖွားပါတယ်။ ဘုရားလောင်းပုဏ္ဏားမှာ ညီငယ်တစ်ယောက်လည်း ရှိပါတယ်။ မိဘနှစ်ပါး ကွယ်လွန်သွားတဲ့အခါ ညီအစ်ကိုနှစ်ယောက်လုံး ရသေ့များဝတ်ပြီး နောင်တော်ရသေ့က ဂင်္ဂါမြစ်အထက်ပိုင်း ကျောင်းသင်္ခမ်းမှာနေပြီး ညီတော်ရသေ့က ဂင်္ဂါမြစ်အောက်ပိုင်း ကျောင်းသင်္ခမ်းမှာ ကမ္မဋ္ဌာန်းအားထုတ်ပြီး နေကြပါတယ်။ တစ်နေ့မှာ မဏိကဏ္ဌဆိုတဲ့ နဂါးမင်းဟာ လူငယ်အသွင် ဖန်ဆင်းပြီး ဂင်္ဂါမြစ်ကမ်းနားတစ်လျှောက် လမ်းလျှောက်ထွက်ရင်း ညီတော်ရသေ့ရဲ့ ကျောင်းသင်္ခမ်းကိုရောက် စကားပြောဆိုကြကာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှု ရသွားပါတယ်။ နဂါးမင်းဟာ ပြန်ခါနီးဆိုရင် ရသေ့အပေါ် ချစ်ခင်ကျင်နာမှုကို ပြတဲ့သဘောနဲ့ လူငယ်အသွင်ဖျောက်ပြီး နဂါးအသွင်းဖြင့် ရသေ့တစ်ကိုယ်လုံးကို ရစ်ပတ်ပြီး ခေါင်းပေါ်မှာ ပါးပြင်းမိုးကာ ခဏနေပြီးမှ ပြန်သွားလေ့ရှိပါတယ်။ ဒီလိုပဲ နေ့စဉ်ဖြစ်နေတဲ့အခါ ညီတော်ရသေ့ဟာ ကြောက်စိတ်ဝင်ပြီး စားမ၀င်အိပ်မပျော် တရားလည်းအားထုတ်လို့မရဘဲ ပိန်ချုံးလာပါတယ်။ ဒီအကြောင်းကို နောင်တော်ရသေ့နဲ့တွေ့လို့ ပြောဆိုတဲ့အခါ နောင်တော်က နောင်အခါ နဂါးမင်းလာရင် နဂါးမင်း အမောက်မှာ ၀တ်ဆင်လာတဲ့ ပတ္တမြားကို တောင်းဖို့ အကြံပြုပါတယ်။ ညီတော်ရသေ့လည်း နောင်တော်အကြံပြုတဲ့အတိုင်း နဂါးမင်းလာတဲ့အခါ ပတ္တမြားကို တောင်းပါတယ်။ နဂါးမင်းဟာ သူတန်ဘိုးထား ကြည်ညိုမှုအပေါ်မှာ အခွင့်ရေးယူပြီး သူအမြတ်တနိုးထားတဲ့ ပတ္တမြားကိုမှ တောင်းလာပြီဆိုတော့ စိတ်မှာကွက်လာပါတယ်။ ရသေ့ဆီသွားတိုင်း ပတ္တမြားကိုပဲ တောင်းတောင်းနေလေတော့ ရသေ့ထံ မသွားချင်ဖြစ်လာပါတယ်။ ကြည်ညိုရာကနေ အခွင့်အရေးယူကာ တောင်းဆိုလာနေတော့ အကြည်ညိုပျက်လာပါတယ်။ နောက်ပိုင်း နဂါးမင်းဟာ တောင်းလွန်းတဲ့ အဲဒီရသေ့ထံ မသွားတော့ပါဘူး။ နဂါးလည်း စိတ်နဲ့သတ္တ၀ါဆိုတော့ တောင်းတာကို စိတ်ပျက်ပြီး မကျေမနပ် အမုန်းတွေပဲ ဖြစ်နေပါတော့တယ်။ နဂါးမင်း မလာတော့တဲ့အတွက် ညီတော်ရသေ့ကတော့ တရားကောင်းကောင်း အားထုတ်လို့ ရသွားပါတယ်။ ဒီနေရာမှာ ရသေ့အနေနဲ့ တရားအားထုတ်ချင်လို့ မလာအောင် တမင်တောင်းတာဖြစ်ပေမယ့် သာမန်လူတွေ အတွက်ကတော့ တောင်းပါများရင် လိုတာမရဘဲ အမုန်းပဲ ရတတ်စေပါတယ်။ ဒါက လက်တွေ့ဘ၀ ပစ္စည်းဝတ္ထုများ တောင်းတာမတောင်းတာနဲ့ ပတ်သက်လို့ ပြောပြတာပါ။ တောင်းပါများရင် အမုန်းရတတ်တာကို သိစေချင်တာပါ။

တကယ်တော့ တောင်းလို့ရတာထက် လုပ်လို့ရတာက ပိုကောင်းပါတယ်။ တောင်းပြီးယူတာထက် လုပ်ပြီးယူတာက ပိုတန်ဘိုးရှိပါတယ်။ တောင်းတယ်ဆိုတာ သူများကို အားကိုးတာဖြစ်ပြီး လုပ်ယူတယ်ဆိုတာက ကိုယ့်ကိုယ်ကို အားကိုးတာ ဖြစ်ပါတယ်။ သူများအားကိုးတာဖြစ်တဲ့အတွက် သူများသဒါမှ ရမှာဖြစ်ပြီး လုပ်ယူတာကတော့ ကိုယ်အားရှိသလောက် ရပါတယ်။ ဘာသာတရား ရှုထောင့်က ပြောရင်တော့ ဆုတောင်းပြီး ယူတာနဲ့ ကျင့်ကြံပြီး ယူတဲ့ သဘောလို့ နားလည်နိုင်ပါတယ်။ ဆုတောင်းလို့ ရနိုင်ပေမယ့် အဆုံးစွန်ဖြစ်တဲ့ လွတ်မြောက်မှု၊ ငြိမ်းချမ်းမှုကိုတော့ မရနိုင်ပါဘူး။ ကျင့်ကြံမှုကတော့ အဆုံးစွန်ဖြစ်တဲ့ အကောင်းဆုံးအထိ ရနိုင်ပါတယ်။ ဒီသဘောအရ မတောင်းပါနဲ့၊ ကျင့်ကြံပါလို့ပြောတာ ဖြစ်ပါတယ်။ လောကီပိုင်းမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာပိုင်းမှာပဲ ဖြစ်ဖြစ် တောင်းပြီး ရတယ်ဆိုတာ မရှိပါဘူး။ ရခဲ့ရင်လည်း တန်ဘိုးအကြီးဆုံးတော့ မဖြစ်နိုင်ပါဘူး။ လုပ်ပြီး ရယူတာကပဲ အကောင်းဆုံးကို ရနိုင်ပါတယ်။ လောကီပိုင်းမှာလည်း ကိုယ့်ကိုယ်ကို အရည်အချင်းရှိအောင် ကြိုးစားလုပ်ကိုင်ထားရင် ဒီပညာရပ်က ကိုယ့်ကိုတောင်းစရာ မလိုအောင် ပေးချင်သူတွေက နောက်ကလိုက်နေကြမှာပါ။ လောကုတ္တရာပိုင်းမှာလည်း အကျင့်တရားသာ ကောင်းနေမယ်၊ သီလသမာဓိပညာသာ အားကောင်းနေမယ်ဆိုရင် အလှူခံစရာကို မလိုဘဲ လှူချင်တမ်းချင်သူတွေက မပြတ်ဖြစ်နေကြမှာပါ။ ဒါကြောင့် လိုချင်ရချင်မှုတွေကို တောင်းမယူကြဘဲ အလုပ်တစ်ခုခုကို ကြိုးစားအားထုတ် ကျင့်ကြံကြိုးကုတ်ကာ လုပ်ပြီးယူကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက လောကီပိုင်းမှာပဲ ဖြစ်ဖြစ် လောကုတ္တပိုင်းမှာပဲ ဖြစ်ဖြစ် တောင့်တနေဖို့ထက် လက်တွေ့လုပ်ဆောင် ကျင့်ကြံနေဖို့က အရေးကြီးပါတယ်။ ရချင်တာကို တောင်းပြီးယူတာထက် လုပ်ပြီးယူတာက လက်တွေ့ကျကာ တန်ဘိုးရှိပါတယ်။ တောင်းတဲ့အခါ တောင်းတိုင်းမရနိုင်ပေမယ့် ကျင့်ကြံနိုင်ရင်တော့ ကျင့်ကြံတဲ့အတိုင်း ရနိုင်ပါတယ်။ သူများပေးမှကမ်းမ ရမယ့်အရာကို စောင့်မျှော်တောင့်တ မနေဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ပြီး ရတာက ပိုပြီးအဓိပ္ပါယ် ပြည့်ဝပါတယ်။ ဒါကြောင့် တောင်းတယ်ဆိုတာဟာ အတောင်းမတော်ရင် အမုန်းရတတ်တဲ့အပြင် ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး ဆုတောင်းမတော်ရင် တဏှာရဲ့ ချယ်လှယ်မှုနဲ့ နိမ့်ကျတဲ့ ဘ၀ကို ရောက်စေနိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် တောင်းမနေကြဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ကျင့်ကြံကျိုးကုတ်မှုတွေနဲ့ လက်တွေ့ရအောင် လုပ်ယူကျင့်ယူကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အားလုံး လိုချင်တာကို ကျင့်ကြံအားထုတ်ပြီး ရယူနိုင်ကြပါစေ…

Read more »

အပတ်စဉ် တရားပွဲများနှင့် တရားသင်တန်းများ..

ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တမှ ကိုရီးယားနိုင်ငံရောက် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများအတွက် အပတ်စဉ် တရားပွဲများ၊ အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများနှင့် ဓမ္မသင်တန်းများကို အောက်ပါအတိုင်း ဟောကြားပြသ သင်ကြားပို့ချ ပေးမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို ကြွရောက်နာယူ၊ လေ့လာသင်ယူနိုင်ပါကြောင်း အသိပေး ဖိတ်ကြားအပ်ပါသည်။

၁။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (မြန်မာများအတွက် တနင်္ဂနွေတရားပွဲ)
အချိန် = နေ့လယ် ၁နာရီမှ ၂နာရီအထိ
နေရာ = စိတ္တသုခ ဘုန်းတော်ကြီးကျောင်း

၂။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း (ကိုရီးယားများအတွက် ဗုဒ္ဓဟူး ဓမ္မသင်တန်း)
အချိန် = ညနေ ၇ နာရီမှ ၈ နာရီ ခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၁-၄-၂၀၁၀ ရက်နေ့မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကိုရီးယားလို သင်ကြားပို့ချပေးမည်။

၃။ အပတ်စဉ် စနေနေ့တိုင်း (မြန်မာ၊ ကိုရီးယားများအတွက် စနေတရားပွဲနှင့် ၀ိပဿနာတရား အားထုတ်နည်း)
အချိန် = နေ့လယ်၂ နာရီမှ ၃ နာရီခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၄-၄-၂၀၁၀ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်း ကိုရီးယားလို ဟောကြားပြသပေးမည်။


Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ