မတောင်းပါနဲ့…

“မလိုချင်ရင် ရတယ်..”ဆိုတဲ့ စကားကို လက်တွေ့ဘ၀ အတွေ့အကြုံအရပိုပြီး သဘောပေါက်မိပါတယ်။ ဒါကလည်း လိုချင်နေရင် မရဘဲ ဖြစ်နေတတ်တာကို ကြုံတွေ့ရလို့ပါ။ လိုချင်ရချင်လို့ တောင်းလေလေ အတောင်းခံရတဲ့ ပုဂ္ဂိုလ်က မပေးချင်လေလေ ဖြစ်ပြီး မတောင်းဘဲ နေလေလေ ပေးချင်တဲ့သူက များလေလေ ဖြစ်ပါတယ်။ တောင်းယူတာနဲ့ မတောင်းပဲ ရတာနှစ်မျိုးမှာ မတောင်းဘဲ ရတာက ပိုကောင်းပါတယ်။ တောင်းလို့ရတာဟာ ပေးသူက စေတနာရှိလို့ ပေးလိုက်တာ ဟုတ်ချင်မှဟုတ်မှာပါ။ မတောင်းဘဲ သူ့အလိုလို ရလာတာကတော့ ပေးသူကိုယ်တိုင်က လိုလိုလားလားရှိလို့ ပေးလာတာဖြစ်တဲ့အတွက် စေတနာအပြည့်နဲ့ ရလိုက်ခြင်းဖြစ်ပါတယ်။ လူ့ရဲ့သဘောက လိုရင်ပြောပါလို့ ပြောထားပေမယ့် တကယ်လိုလို့ ပြောတဲ့အခါ မပေးချင်တတ်ပါဘူး။ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် တောင်းပါများ၊ အလှူခံပါများရင် အမုန်းခံရတတ်ပြီး မပေးချင် မလှူချင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် “မတောင်းပါနဲ့၊ အလှူမခံပါနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်တယ်။ သူသူကိုယ်ကိုယ် ကိုယ့်စိတ်ကပါပြီး ပေးလိုက်တာကို ပိုနှစ်သက်ကြပါတယ်။ တစ်ချို့ဆို ကိုယ့်လောက် အဆင်မပြေသူတွေ၊ ဒုက္ခရောက်သူတွေကို တွေ့တဲ့အခါ ကိုယ်မစားရရင် နေပါစေ ပေးဖြစ်တတ်ပါတယ်။ ကိုယ့်အတိုင်းအတာလေးနဲ့ နှိုင်းချိန်ပြီး ထောက်ပံ့ဖြစ်နေတတ်ပါတယ်။ ပုံမှန်ပေးနေ၊ ထောက်ပံ့နေကျ ဖြစ်တဲ့အတွက် အချိန်တန်ရင် ပေးနေဖြစ်ပါတယ်။ ဒီလိုပေးနေရတာကိုလည်း စေတနာအပြည့်နဲ့ ကျေနပ်နေမိပါတယ်။ ဒါကို အပေးခံရသူက ပေးမှန်းသိတော့ ဘာလိုတယ်၊ ညာလိုတယ်ဆိုပြီး တောင်းဆိုလာရင် “ငါဒီလောက်ပေးနေ၊ ထေက်ပံ့နေတာကိုပဲ…”ဆိုတဲ့ အတွေးနဲ့ စိတ်မှာကွက်လာ တတ်ပါတယ်။ ပေးနေရဲ့သားနဲ့ အလိုက်မသိ ထပ်တောင်းလာတော့ စေတနာကပျက်ပြီး မပေးချင် ဖြစ်လာပါတယ်။ ပုထုဇင်ရဲ့ စိတ်ဆိုတာ ဒီလိုပါပဲ။ ကိုယ့်ဆန္ဒနဲ့ ပေးလှူနေတုန်းကတော့ အကောင်းပါပဲ။ အဲဒီအပေါ် တစ်ဖက်လူက တောင်းလာရင်တော့ မကောင်းဖြစ်ကုန်ပါတယ်။ စိတ်ဆိုတာ အမြဲပြောင်းနေတာဖြစ်လို့ ပေးချင်စိတ်ရှိလို့ ပေးတာလေးကို ကြည်ကြည်ဖြူဖြူ လက်မခံဘဲ “ဒီလောက်စေတနာ ကောင်းတာ တောင်းကြည့်ရင်တော့ ရမှာပဲ…”ဆိုပြီး တောင်းမိပါက ပေးသူရဲ့ စေတနာ ပျက်ပြားလာပြီး တောင်းမိတဲ့အတွက် အမုန်းပဲ ရလာတတ်ပါတယ်။ ဒါကြောင့် မတောင်းပါနဲ့လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒကာကြီးတစ်ယောက်က ပြောဖူးပါတယ်။ “တပည့်တော် အရင်ကတော့ ဒီဆရာတော်ကျောင်းကို ခဏခဏရောက်ပါတယ်။ ခုနောက်ပိုင်းတော့ မသွားဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တပည့်တော် ကျောင်းကိုသွားတိုင်း ဆရာတော်က ဘာလိုတယ်၊ ဘာလှူပါ၊ ညာလှူပါဆိုပြီး အလှူခံခံ နေတဲ့အခါ ကြာတော့ တပည့်တော်လည်း စေတနာပျက်ပြီး မသွားချင်တော့ဘူး။ ဘုန်းကြီးရဟန်းပဲဘုရား ဒီလောက်များများ စားစားလည်း မလိုပါဘူး။ ပစ္စည်းလေးပါး လုံလောက်ရင် ပြီးတာပဲ မဟုတ်လားဘုရား…”ဆိုပြီး ဒကာကြီးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။ ဒီဒကာကြီးဟာ အရင်ကတော့ ဆရာတော်ကို ကြည်ညိုမှု အားကောင်းခဲ့ပါတယ်။ နောက် ဆရာတော်က အလှူခံပါများတော့ ပုထုဇင်သဘာဝ အကြည်ညို ပျက်လာတာ ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးတော့ တောင်းမိလိုက်တဲ့ အတွက်ပါပဲ။

မှန်ပါတယ်။ လူလည်းတောင်းပါများရင် အမုန်းရတတ်သလို ရဟန်းသံဃာလည်း အလှူခံပါများရင် အမုန်းရတတ်ပါတယ်။ တောင်းပါဆိုလို့ တောင်းကြတယ်၊ အလှူခံပါဆိုလို့ အလှူခံကြတယ် ဆိုပေမယ့် အတောင်းခံရတဲ့သူ၊ အလှူပေးမယ့်သူက အဆင်ပြေတဲ့ အချိန်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲလိုမှမဟုတ်ဘဲ ကိုယ်တောင်းတဲ့အချိန်၊ ကိုယ်အလှူခံတဲ့ အချိန်မှာ သူလည်း အဆင်မပြေတဲ့အချိန် ဖြစ်နေလို့ကတော့ တောင်းတဲ့သူကိုလည်း အတောင်းခံရတဲ့သူက မုန်းတတ်သလို တောင်းတာကို မရတဲ့အတွက် အတောင်းခံရတဲ့သူကို တောင်းသူကလည်း မုန်းတတ်ပါတယ်။ အရင်းစစ်တော့ တောင်းတဲ့အတွက်၊ အလှူခံတဲ့ အတွက်ကြောင့်ပါပဲ။

အမှန်တော့ အလှူခံတာပဲ ဖြစ်ဖြစ် တောင်းတာပဲဖြစ်ဖြစ် ကာလဒေသ အခြေအနေ အချိန်အခါ မသိဘဲ လုပ်မိရင်တော့ တောင်းပါများရင်၊ အလှူခံပါများရင် အမုန်းရတတ်ပါတယ်။ တောင်းခြင်း၊ အလှူခံခြင်းကြောင့် အမုန်းခံရတတ်တယ်လို့ ဆိုရမှာပေါ့။ သတ္တ၀ါတွေရဲ့ သဘောကိုက မလုပ်နဲ့ဆိုရင် လုပ်ချင်တတ်ကြသလို လုပ်ပါလို့ပြောရင် မလုပ်ချင် တတ်ကြတဲ့ သဘောကိုး။ ပေးပါ၊ လှူပါလို့ပြောရင် ပေးချင်လှူချင်တဲ့ စိတ်ရှိချင်မှ ရှိမှာပါ။ တစ်ခါတစ်ခါတော့လည်း သူ့အလိုလို သဒ္ဓါပေါက်ပြီး ပေးတာ၊ လှူဒါန်းလာတာလည်း ရှိပါတယ်။ အဲလိုသဒ္ဓါပေါက်လို့ ပေးမှု၊လှူဒါန်းမှုက ကိုယ်သတ်မှတ်ပြီး အလှူခံတာထက် များရင်လည်း များတတ်ပါတယ်။ ဒါကြောင့် တောင်းတဲ့အခါ၊ အလှူခံတဲ့အခါ အမုန်းမရအောင် အစွန်းမရောက်ဖို့ အခြေအနေ အရိပ်အကဲ သိဖို့လိုပါတယ်။

တောင်းပါများရင် အမုန်းရတတ်တယ်ဆိုတဲ့ စကားလေးနဲ့စပ်ပြီး ဗုဒ္ဓစာပေထဲက ဇာတ်တော်လေးတစ်ခုကို သတိရမိပါတယ်။ အဲဒီဇာတ်တော်လေးကို ဒီနေရာမှာ တိုက်ဆိုင်မှုရှိတဲ့အတွက် တင်ပြလိုက်ပါတယ်။ ဇာတ်တော်ရဲ့အမည်က မဏိကဏ္ဌဇာတ်တော်ပါ။

ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းအုပ်ချုပ်ချိန်က ဘုန်းဘုန်းတို့ ဘုရားလောင်းဟာ ချမ်းသာတဲ့ပုဏ္ဏားမျိုးမှာ မွေးဖွားပါတယ်။ ဘုရားလောင်းပုဏ္ဏားမှာ ညီငယ်တစ်ယောက်လည်း ရှိပါတယ်။ မိဘနှစ်ပါး ကွယ်လွန်သွားတဲ့အခါ ညီအစ်ကိုနှစ်ယောက်လုံး ရသေ့များဝတ်ပြီး နောင်တော်ရသေ့က ဂင်္ဂါမြစ်အထက်ပိုင်း ကျောင်းသင်္ခမ်းမှာနေပြီး ညီတော်ရသေ့က ဂင်္ဂါမြစ်အောက်ပိုင်း ကျောင်းသင်္ခမ်းမှာ ကမ္မဋ္ဌာန်းအားထုတ်ပြီး နေကြပါတယ်။ တစ်နေ့မှာ မဏိကဏ္ဌဆိုတဲ့ နဂါးမင်းဟာ လူငယ်အသွင် ဖန်ဆင်းပြီး ဂင်္ဂါမြစ်ကမ်းနားတစ်လျှောက် လမ်းလျှောက်ထွက်ရင်း ညီတော်ရသေ့ရဲ့ ကျောင်းသင်္ခမ်းကိုရောက် စကားပြောဆိုကြကာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှု ရသွားပါတယ်။ နဂါးမင်းဟာ ပြန်ခါနီးဆိုရင် ရသေ့အပေါ် ချစ်ခင်ကျင်နာမှုကို ပြတဲ့သဘောနဲ့ လူငယ်အသွင်ဖျောက်ပြီး နဂါးအသွင်းဖြင့် ရသေ့တစ်ကိုယ်လုံးကို ရစ်ပတ်ပြီး ခေါင်းပေါ်မှာ ပါးပြင်းမိုးကာ ခဏနေပြီးမှ ပြန်သွားလေ့ရှိပါတယ်။ ဒီလိုပဲ နေ့စဉ်ဖြစ်နေတဲ့အခါ ညီတော်ရသေ့ဟာ ကြောက်စိတ်ဝင်ပြီး စားမ၀င်အိပ်မပျော် တရားလည်းအားထုတ်လို့မရဘဲ ပိန်ချုံးလာပါတယ်။ ဒီအကြောင်းကို နောင်တော်ရသေ့နဲ့တွေ့လို့ ပြောဆိုတဲ့အခါ နောင်တော်က နောင်အခါ နဂါးမင်းလာရင် နဂါးမင်း အမောက်မှာ ၀တ်ဆင်လာတဲ့ ပတ္တမြားကို တောင်းဖို့ အကြံပြုပါတယ်။ ညီတော်ရသေ့လည်း နောင်တော်အကြံပြုတဲ့အတိုင်း နဂါးမင်းလာတဲ့အခါ ပတ္တမြားကို တောင်းပါတယ်။ နဂါးမင်းဟာ သူတန်ဘိုးထား ကြည်ညိုမှုအပေါ်မှာ အခွင့်ရေးယူပြီး သူအမြတ်တနိုးထားတဲ့ ပတ္တမြားကိုမှ တောင်းလာပြီဆိုတော့ စိတ်မှာကွက်လာပါတယ်။ ရသေ့ဆီသွားတိုင်း ပတ္တမြားကိုပဲ တောင်းတောင်းနေလေတော့ ရသေ့ထံ မသွားချင်ဖြစ်လာပါတယ်။ ကြည်ညိုရာကနေ အခွင့်အရေးယူကာ တောင်းဆိုလာနေတော့ အကြည်ညိုပျက်လာပါတယ်။ နောက်ပိုင်း နဂါးမင်းဟာ တောင်းလွန်းတဲ့ အဲဒီရသေ့ထံ မသွားတော့ပါဘူး။ နဂါးလည်း စိတ်နဲ့သတ္တ၀ါဆိုတော့ တောင်းတာကို စိတ်ပျက်ပြီး မကျေမနပ် အမုန်းတွေပဲ ဖြစ်နေပါတော့တယ်။ နဂါးမင်း မလာတော့တဲ့အတွက် ညီတော်ရသေ့ကတော့ တရားကောင်းကောင်း အားထုတ်လို့ ရသွားပါတယ်။ ဒီနေရာမှာ ရသေ့အနေနဲ့ တရားအားထုတ်ချင်လို့ မလာအောင် တမင်တောင်းတာဖြစ်ပေမယ့် သာမန်လူတွေ အတွက်ကတော့ တောင်းပါများရင် လိုတာမရဘဲ အမုန်းပဲ ရတတ်စေပါတယ်။ ဒါက လက်တွေ့ဘ၀ ပစ္စည်းဝတ္ထုများ တောင်းတာမတောင်းတာနဲ့ ပတ်သက်လို့ ပြောပြတာပါ။ တောင်းပါများရင် အမုန်းရတတ်တာကို သိစေချင်တာပါ။

တကယ်တော့ တောင်းလို့ရတာထက် လုပ်လို့ရတာက ပိုကောင်းပါတယ်။ တောင်းပြီးယူတာထက် လုပ်ပြီးယူတာက ပိုတန်ဘိုးရှိပါတယ်။ တောင်းတယ်ဆိုတာ သူများကို အားကိုးတာဖြစ်ပြီး လုပ်ယူတယ်ဆိုတာက ကိုယ့်ကိုယ်ကို အားကိုးတာ ဖြစ်ပါတယ်။ သူများအားကိုးတာဖြစ်တဲ့အတွက် သူများသဒါမှ ရမှာဖြစ်ပြီး လုပ်ယူတာကတော့ ကိုယ်အားရှိသလောက် ရပါတယ်။ ဘာသာတရား ရှုထောင့်က ပြောရင်တော့ ဆုတောင်းပြီး ယူတာနဲ့ ကျင့်ကြံပြီး ယူတဲ့ သဘောလို့ နားလည်နိုင်ပါတယ်။ ဆုတောင်းလို့ ရနိုင်ပေမယ့် အဆုံးစွန်ဖြစ်တဲ့ လွတ်မြောက်မှု၊ ငြိမ်းချမ်းမှုကိုတော့ မရနိုင်ပါဘူး။ ကျင့်ကြံမှုကတော့ အဆုံးစွန်ဖြစ်တဲ့ အကောင်းဆုံးအထိ ရနိုင်ပါတယ်။ ဒီသဘောအရ မတောင်းပါနဲ့၊ ကျင့်ကြံပါလို့ပြောတာ ဖြစ်ပါတယ်။ လောကီပိုင်းမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာပိုင်းမှာပဲ ဖြစ်ဖြစ် တောင်းပြီး ရတယ်ဆိုတာ မရှိပါဘူး။ ရခဲ့ရင်လည်း တန်ဘိုးအကြီးဆုံးတော့ မဖြစ်နိုင်ပါဘူး။ လုပ်ပြီး ရယူတာကပဲ အကောင်းဆုံးကို ရနိုင်ပါတယ်။ လောကီပိုင်းမှာလည်း ကိုယ့်ကိုယ်ကို အရည်အချင်းရှိအောင် ကြိုးစားလုပ်ကိုင်ထားရင် ဒီပညာရပ်က ကိုယ့်ကိုတောင်းစရာ မလိုအောင် ပေးချင်သူတွေက နောက်ကလိုက်နေကြမှာပါ။ လောကုတ္တရာပိုင်းမှာလည်း အကျင့်တရားသာ ကောင်းနေမယ်၊ သီလသမာဓိပညာသာ အားကောင်းနေမယ်ဆိုရင် အလှူခံစရာကို မလိုဘဲ လှူချင်တမ်းချင်သူတွေက မပြတ်ဖြစ်နေကြမှာပါ။ ဒါကြောင့် လိုချင်ရချင်မှုတွေကို တောင်းမယူကြဘဲ အလုပ်တစ်ခုခုကို ကြိုးစားအားထုတ် ကျင့်ကြံကြိုးကုတ်ကာ လုပ်ပြီးယူကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက လောကီပိုင်းမှာပဲ ဖြစ်ဖြစ် လောကုတ္တပိုင်းမှာပဲ ဖြစ်ဖြစ် တောင့်တနေဖို့ထက် လက်တွေ့လုပ်ဆောင် ကျင့်ကြံနေဖို့က အရေးကြီးပါတယ်။ ရချင်တာကို တောင်းပြီးယူတာထက် လုပ်ပြီးယူတာက လက်တွေ့ကျကာ တန်ဘိုးရှိပါတယ်။ တောင်းတဲ့အခါ တောင်းတိုင်းမရနိုင်ပေမယ့် ကျင့်ကြံနိုင်ရင်တော့ ကျင့်ကြံတဲ့အတိုင်း ရနိုင်ပါတယ်။ သူများပေးမှကမ်းမ ရမယ့်အရာကို စောင့်မျှော်တောင့်တ မနေဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ပြီး ရတာက ပိုပြီးအဓိပ္ပါယ် ပြည့်ဝပါတယ်။ ဒါကြောင့် တောင်းတယ်ဆိုတာဟာ အတောင်းမတော်ရင် အမုန်းရတတ်တဲ့အပြင် ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး ဆုတောင်းမတော်ရင် တဏှာရဲ့ ချယ်လှယ်မှုနဲ့ နိမ့်ကျတဲ့ ဘ၀ကို ရောက်စေနိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် တောင်းမနေကြဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ကျင့်ကြံကျိုးကုတ်မှုတွေနဲ့ လက်တွေ့ရအောင် လုပ်ယူကျင့်ယူကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အားလုံး လိုချင်တာကို ကျင့်ကြံအားထုတ်ပြီး ရယူနိုင်ကြပါစေ…

Read more »

အပတ်စဉ် တရားပွဲများနှင့် တရားသင်တန်းများ..

ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တမှ ကိုရီးယားနိုင်ငံရောက် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများအတွက် အပတ်စဉ် တရားပွဲများ၊ အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများနှင့် ဓမ္မသင်တန်းများကို အောက်ပါအတိုင်း ဟောကြားပြသ သင်ကြားပို့ချ ပေးမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို ကြွရောက်နာယူ၊ လေ့လာသင်ယူနိုင်ပါကြောင်း အသိပေး ဖိတ်ကြားအပ်ပါသည်။

၁။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (မြန်မာများအတွက် တနင်္ဂနွေတရားပွဲ)
အချိန် = နေ့လယ် ၁နာရီမှ ၂နာရီအထိ
နေရာ = စိတ္တသုခ ဘုန်းတော်ကြီးကျောင်း

၂။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း (ကိုရီးယားများအတွက် ဗုဒ္ဓဟူး ဓမ္မသင်တန်း)
အချိန် = ညနေ ၇ နာရီမှ ၈ နာရီ ခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၁-၄-၂၀၁၀ ရက်နေ့မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကိုရီးယားလို သင်ကြားပို့ချပေးမည်။

၃။ အပတ်စဉ် စနေနေ့တိုင်း (မြန်မာ၊ ကိုရီးယားများအတွက် စနေတရားပွဲနှင့် ၀ိပဿနာတရား အားထုတ်နည်း)
အချိန် = နေ့လယ်၂ နာရီမှ ၃ နာရီခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၄-၄-၂၀၁၀ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်း ကိုရီးယားလို ဟောကြားပြသပေးမည်။


Read more »

ဓမ္မဒူတ မဟုတ်… ဒေသန္တရဗဟုသုတမျှသာ…


၆-၃-၂၀၁၀ ရက်နေ့မှ ၂၃-၃-၂၀၁၀ ရက်နေ့အထိ ဘုန်းဘုန်းတို့ ပြည်ပခရီး ထွက်ဖြစ်ခဲ့ပါတယ်။ စင်္ကပူ၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ တစ်ညတာ ထိုင်ဝမ်ခရီးစဉ်တွေပါပဲ။ နှစ်ပတ်ကျော်ကျော် သုံးပတ်နီးပါး ကြာသွားပါတယ်။ ဓမ္မဒူတခေါ် သာသနာပြုခရီး မဟုတ်ဘဲ၊ ဒေသန္တရ ဗဟုသုတခေါ် လေ့လာရေး ခရီးအဖြစ် ကြွရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ခရီးကြွရင်း ရောက်တဲ့အရပ်မှာ ရှိနေတဲ့ ဘုန်းဘုန်းတို့ရဲ့ ရဟန်းဒကာ၊ ရဟန်းအမများနဲ့ ကြည်ညိုရင်းစွဲ ရှိနေပြီးသား အသိဒကာဒကာမများကိုတော့ ဓမ္မစကား ဟောကြားပေးဖြစ်ခဲ့တာပေါ့။ ထိုင်ဝမ်မြို့ တိုင်ပေလေဆိပ်က ထွက်တယ်ဆိုတာနဲ့ မတူညီတဲ့ ရာသီဥတုနဲ့ စတင်ရင်ဆိုင်ရပါတယ်။ အရမ်းအေးတဲ့ နေရာကနေ ဆောင်းရာသီဆိုတာ မရှိဘဲ နွေနဲ့မိုးရာသီပဲ ရှိတဲ့ စင်္ကာပူနိုင်ငံဘက်ကို ထွက်လာတာဆိုတော့ အအေးထဲက အပူထဲရောက်သွားသလို ရာသီဥတု အပြောင်းအလဲဒဏ်ကို ခံရပါတော့တယ်။ ပုံမှန်ခံနေကျသူတွေ အတွက် သိပ်မသိသာပေမယ့် အအေးတောထဲက သူတွေအတွက်တော့ ချွေးတွေနဲ့ ရွှဲဆိုနေပါတော့တယ်။

စင်္ကာပူလေဆိပ်ကို ရောက်တယ်ဆိုရင်ပဲ လာကြိုနေတဲ့ ရဟန်းအမဇနီးမောင်နှံက အဆင်သင့်စောင့်နေပါတယ်။ ပြီးတော့ တည်းခိုမယ့် ဘုန်းကြီးကျောင်းကို ထွက်ခဲ့ပါတယ်။ ကျောင်းအသွားလမ်းမှာ မြင်သမျှ မြင်ကွင်းများကို ကြည့်ပြီး ၁၉၉၈ခုနှစ်က ရောက်ခဲ့တဲ့ စင်္ကာပူနဲ့ အခုတစ်ခါ ပြန်ရောက်လာတဲ့ စင်္ကာပူ နိုင်ငံရဲ့ ပြောင်းလဲနေမှု၊ ဟိုတုန်းက မြင်ခဲ့ရတဲ့ ခံစားချက်နဲ့ အခုမြင်နေရတဲ့ ခံစားချက် မတူညီလှတဲ့ ဘုန်းဘုန်းရဲ့ ခံစားမှုများက အမြဲပြောင်းလဲနေတဲ့ ပုထုဇင်တွေရဲ့ စိတ်အစဉ်ကို ထင်ဟပ်စေပါတယ်။ အမှန်တော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှု ကွာခြားတဲ့ သဘောပါပဲ။ ဟိုတုန်းက နိုင်ငံခြားတိုင်းပြည်ကို မရောက်ဖူးခင်ကဆိုရင် တောမှာမွေးတဲ့ တောသားတစ်ယောက်အတွက် ရန်ကုန်မြို့ကြီးဟာ အစစအရာရာ အံ့သြစရာများ ဖြစ်ခဲ့သလို ရန်ကုန်ကအထွက် မြန်မာပြည်ထက် တိုးတက်တယ်လို့ ထင်ရတဲ့ နိုင်ငံတွေရောက်ပြန်တော့ တောသားမြို့ရောက်သလို ဖြစ်ခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း အဲဒီတုန်းက စင်္ကာပူမှာ အရင်ရောက်နေတဲ့ ရွှေမြန်မာတွေက ဘုန်းဘုန်းတို့ကို မြင်တော့ ရွာကဘုန်းကြီးတွေ ကြွာလာတယ်ဟေ့လို့ သူတို့အချင်းချင်း လှမ်းပြောကြတာ ဖြစ်မှာပါ။ ဒီတုန်းက ဟေ့… ဒို့ ရွာကလာတာမဟုတ်ဘူး၊ ရန်ကုန်ကလာတာလို့တောင် ပြန်ပြောဖြစ်လိုက်ပါသေးတယ်။ နောက်တော့မှ ဟိုစက်ပစ္စည်းမသုံးတတ်၊ ဒီခလုပ်မနှိပ်တတ် ဖြစ်ခဲ့ရတဲ့ ကိုယ့်အဖြစ်ကိုကြည့်ပြီး အင်း…ရွာကဘုန်းကြီးတွေလို့ သူတို့ပြောတာ ဟုတ်နေပါလားလို့ သဘောပေါက်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ စင်္ကာပူထက် ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်တယ်လို့ ထင်ရတဲ့ ကိုရီးယားနိုင်ငံမှာ အနေကြာပြီး စင်္ကာပူကို ရောက်သွားတာဆိုတော့ တိုးတက်လှပါတယ်ဆိုတဲ့ စင်္ကာပူက ရန်ကုန်ပုံစံ ပြန်ဖြစ်သွားသလိုပါပဲ။ ဒါဟာ ပြောင်းလဲတတ်တဲ့ လူ့ခံစားချက်တွေပါပဲ။ ကိုရီးယားထက် တိုးတက်တဲ့ နိုင်ငံတွေ ရောက်ဖြစ်ရင်လည်း ဒီလိုခံစားချက်မျိုး ထပ်ဖြစ်နေဦးမှာပါပဲ။ အရင်းစစ်တော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေနဲ့ ဘ၀အဆင့်မြင့်မှု မမြင့်မှုတွေကို သတ်မှတ်ကြတဲ့ ခေတ်ကာလ အခြေအနေကြီးကြောင့်ပဲ ဖြစ်ပါတယ်။

ပိုပြီး မထူးဆန်းတာက စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံလို ဖြစ်နေတော့တာပါပဲ။ ဘယ်နေရာရောက်ရောက် မြန်မာများနဲ့ ပြည့်နေတတ်သလို မြန်မာနိုင်ငံမှာ ရှိတာတွေ အကုန်ရှိနေတာတွေပါ။ မရှိတာတွေလည်း ရှိကုန်ပါတယ်။ လွတ်လပ်မှုနဲ့ ထိန်းချုပ်မှု မရှိတာကတော့ ပုထုဇင်တွေရဲ့ စိတ်အစဉ်ကို အထိမ်းအကွပ်မဲ့စေပါတယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေကြားမှာ အတုမြင်အတတ်သင် ဆိုတာတွေ ဖြစ်ကုန်ပါတယ်။ ခေတ်မီတယ်လို့ ဆိုကြတဲ့ သူတို့အမြင်တွေက ဘာသာတရား ရှုထောင့်ကကြည့်ရင် အပြစ်ဖြစ်စရာတွေ ဖြစ်နေတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုတွေက ကိုယ်ကျင့်တရားပိုင်းအထိ အနိုင်ယူနေတာကို သတိပြုမိခဲ့ပါတယ်။ ပိုဆိုးတာက အဲဒီမှာ ရောက်နေတဲ့ မြန်မာအများစုရဲ့ မျက်နှာတွေမှာ လောကဓံလှိုင်း ရိုက်ခတ်မှုတွေရယ်၊ ရာသီဥတု ပူပြင်းမှုဒဏ်တွေရယ်၊ အလုပ်ပင်ပန်းမှု ဒဏ်တွေရယ်ကြောင့် ကြည်လင်အေးဆေးမှု မရှိတဲ့အချက်ပါပဲ။ အချိန်အတိုတွင်း အိုဆာလိုက်တာလို့ ခံစားမိခဲ့ပါတယ်။ သတ္တ၀ါတွေဟာ အမြဲတမ်း အိုနေကြတာဆိုပေမယ့် တိုးတောင်းလှတဲ့ အချိန်လေးမှာပဲ ပိုပြီးအိုဆာသွားတယ်လို့ ထင်ရလောက်အောင် သူတို့ဘ၀တွေမှာ ဒုက္ခပင်လယ်တွေ ဝေနေကြတာတွေပါ။ လုပ်ရတဲ့အလုပ်နဲ့ ရတဲ့လခတွေ သိရပြန်တော့ ဘုန်းဘုန်းတို့လို အလှူခံပုဂ္ဂိုလ်တွေ အနေနဲ့ သုံးတောင်မသုံးရက်၊ အလှူတောင် မခံရက်လောက်အောင် သနားမိပြန်ပါတယ်။ အဲဒီမှာရှိတုန်း တစ်နေ့ ဒကာမလေးတစ်ယောက်က ဟိုဟိုဒီဒီလိုက်ပို့ရင်း တိုလီမိုလီလေးတွေ ၀ယ်လိုက်တာ စင်္ကာပူဒေါ်လာ တစ်ရာကျော်လောက် ကုန်သွားပါတယ်။ နာရီပိုင်းအတွင်း သုံးလိုက်တဲ့ အသုံးစရိတ်ဟာ တစ်ချို့အလုပ် လာလုပ်သူတွေအတွက် တစ်ပတ်နှစ်ပတ်စာ လုပ်ခလောက်ဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း ပင်ပင်ပန်းပန်းရှာဖွေပြီး လှူဒါန်းတတ်ကြတဲ့ မြန်မာဗုဒ္ဓဘာသာအများရဲ့ သဒ္ဓါတရားကို လေးစားရတဲ့အပြင် သူတို့ရဲ့အလှူအပေါ်မှာလည်း အလှူခံဖို့ ၀န်လေးမိပြန်ပါတယ်။ ဘုန်းဘုန်းကတော့ ရင်းနှီးတဲ့ ဒကာဒကာမတွေဆိုရင် လိုရင်ပြောမယ်ဆိုပြီး တစ်ခါတစ်လေ ငြင်းဆန်မိပါတယ်။ ဆိုလိုတာက ဘုန်းဘုန်းတို့လို အလှူပုဂ္ဂိုလ်တွေ အနေနဲ့ နိုင်ငံခြားမှာ ရှိနေတဲ့ အလုပ်သမား မြန်မာများရဲ့ အခက်အခဲနဲ့ သဒ္ဓါတရားကို ထောက်ဆပြီး သူတို့ချွေးနဲစာတွေကို အလှူခံတာနဲ့အမျှ အလှူအကျိုးကြီးအောင်လည်း ကိုယ့်ဘက်က အကျင့်တရားရော အတ္တပရ အလုပ်များပါ ကြိုးစားလုပ်ဆောင်ရင်း ဒကာဒကာမများအတွက် မေတ္တာဓာတ်များ များများပွားပေးဖို့ လိုတယ်ဆိုတဲ့ အချက်ပါပဲ။

ထားပါတော့။ စင်္ကာပူမှာ တစ်ပတ်လောက်နေပြီး မလေးရှားဘက်ကို ကူးဖြစ်ပါတယ်။ ကူးတဲ့အခါ ပုံမှန်ဘက်စ်ကားနဲ့ကူးရင် အစစ်အဆေး အလုပ်ရှုပ်မှာဖြစ်လို့ ဘုန်းဘုန်းရဲ့ ဒကာဒကာမတွေက ကွာလာလမ်ပူ Kuala Lumpur)အထိ ကားငှါးပေးကြပါတယ်။ ကေအယ်လ်(KL)ကို နေ့ဆွမ်းစားအမှီ ရောက်ခဲ့ပါတယ်။ မလေးရှားကျပြန်တော့လည်း မြန်မာနိုင်ငံအတိုင်းပါပဲ။ မြန်မာတွေ နေရာအနံ့မှာ ပုံစံအမျိုးမျိုး ဘ၀အမျိုးမျိုးနဲ့ လှုပ်ရှားနေကြ၊ ၀မ်းရေးအတွက် ကြိုးစားနေကြတာတွေလည်း တွေ့ခဲ့ရပြန်ပါတယ်။ ကေအယ်လ်မှာ သွားရောက်လေ့လာသင့်တဲ့ နေရာတွေ သွားရောက်ပြီး နောက်တစ်နေ့ ညနေပိုင်း ဘက်စ်ကားနဲ့ ပီနန်ဘက်ကို ကြွဖြစ်ခဲ့ပါတယ်။ ဘက်စ်ကားစီးချိန် လေးနာရီကျော် ငါးနာရီခန့်ကြာခဲ့ပါတယ်။ နောက်နေ့မှာတော့ ညီမတစ်ယောက်ရဲ့ အဆောင်မှာ မြန်မာများစုပေါင်းပြီး ဆွမ်းကပ်တရားနာ လုပ်ကြလို့ ကြွရောက်ချီးမြောက်ကာ တရားဓမ္မ ဟောကြားပေးဖြစ်ပါတယ်။ ပီနန်မှာတော့ ပီနန်ဆရာတော်ကြီးကျောင်းမှာ တည်းခိုဖြစ်ပါတယ်။ ဆရာတော်ကြီးကတော့ မြန်မာများအတွက်ရော မြန်မာရဟန်းတော်များအတွက် ပီနန်မှာ အားထားစရာ၊ ဂုဏ်ယူစရာ ဖြစ်နေပါတော့တယ်။ ဆရာတော်ကြီးက ပီနန်ကျောင်းကို သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးဆို ဘယ်သူမဆို တည်းခိုခွင့်ရအောင် ညွန်ကြားထားလေတော့ အသိမရှိတဲ့ ဘုန်းကြီးတွေအတွက်လည်း အလွန်အဆင်ပြေလှပါတယ်။ ဆရာတော်ကြီးရဲ့ သာသနာပြု လုပ်ဆောင်ချက်တွေဟာ ကမ္ဘာတစ်ဝန်းမှာ ဂုဏ်ယူစရာတွေများလှပါတယ်။ ကမ္ဘာမှာ မြန်မာဘုန်းတော်ကြီး ကျောင်းလို့ ထည်ထည်ဝါ၀ါ ခန့်ခန့်ငြားငြား ညွန်ပြနိုင်ဖို့ဆိုတာ ပီနန်ဆရာတော်ကြီးရဲ့ ကျောင်းတိုက်တွေပဲ ရှိတယ်လို့ ထင်ပါတယ်။ ပီနန်မှာရှိတဲ့ မြန်မာကျောင်းဆိုရင်လည်း နိုင်ငံခြားသားများအတွက် လည်ပတ်စရာ တစ်ခုအဖြစ် ခရီးသွားလမ်းညွန်ထဲအထိ ပါဝင်နေပြီး နေ့စဉ်လာရောက် လေ့လာသူများနဲ့ အမြဲ စည်ပင်လို့ နေပါတယ်။ တစ်ဘက်ကလည်း ဆရာတော်ကြီး မရှိတော့ရင် ဆရာတော်ကြီး တည်ထောင်တော်မူခဲ့တဲ့ ကျောင်းတိုက်တွေကို တရုတ်တွေ လွှမ်းမိုးသွားမှာကို စိုးရိမ်မိပြန်ပါတယ်။ ရေရှည်အတွက် ဆရာတော်ကြီးကတော့ စီစဉ်ခဲ့မှာပါ။

အမှန်ပြောရရင် နိုင်ငံတကာမှာ မြန်မာဘုန်းကြီးကျောင်းများနဲ့ တစ်ခြားထေရ၀ါဒနိုင်ငံ ဘုန်းကြီးကျောင်းများ ယှဉ်လိုက်ရင် မြန်မာဘုန်းကြီးကျောင်းတွေဟာ ဟိုတစ်စု ဒီတစ်စုနဲ့ အခိုက်အတန့် ယာယီငှါရမ်းထားတာတွေပဲ များနေတတ်ပါတယ်။ တစ်ခြားနိုင်ငံ ဘုန်းကြီးကျောင်းတွေကတော့ အများကြီးမရှိသလို ရှိတဲ့ကျောင်းကလည်း ထည်ထည်ဝါ၀ါ ခန့်ခန့်ငြားငြား ရှိလှပါတယ်။ ပီနန်ဆရာတော်ကြီးက ဒီအချက်ကို သဘောပေါက်ပြီး ပီနန်၊ စင်္ကာပူ၊ အမေရိက စတဲ့နိုင်ငံတွေမှာ ရှိတဲ့ကျောင်းတွေကို ကျောင်းနဲ့တူအောင် ခန့်ငြားထည်ဝါမှုအပြည့်နဲ့ တည်ထောင်နိုင်တဲ့ ဂုဏ်ယူစရာပြယုဂ်အဖြစ် ထင်ရှားစေပါတယ်။ ကံကောင်းတယ်လို့ပဲ ပြောရပါမယ်။ ဘုန်းဘုန်းလည်း ပီနန်ဆရာတော်ကျောင်းမှာ တည်းခွင့်ရတုန်း ဆရာတော်ကြီးနဲ့ပါ စကားပြောခွင့် ရခဲ့ပါတယ်။ ဆရာတော်ကြီးက ဘုန်းဘုန်းတို့လို နိုင်ငံခြားရောက် သာသနာပြု ရဟန်းတော်တွေအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံစကားတွေနဲ့ နည်းပေးလမ်းညွှန်မှု အပြည့်ပေးတော်မူပါတယ်။ ဆရာတော်ကြီးရဲ့ စကားတွေမှာ ဘုန်းဘုန်းတို့နဲ့ မတူတဲ့ တွေးခေါ်မျှော်မြင်မှုများနဲ့ အဖိုးတန် မှတ်သားစရာတွေ အများကြီး ပါပါတယ်။ စကားလုံးတိုင်းမှာ ယူစရာတွေ ထည့်ပြောသွားပါတယ်။ ဘုန်းဘုန်းရဲ့ ခရီးစဉ်မှာ တန်ဘိုးမဖြတ်နိုင်တာက ဆရာတော်ကြီးနဲ့ တွေ့ဆုံကာ စကားပြောခွင့် ရခဲ့တာပါပဲ။

ဆရာတော်ကြီးနဲ့ စကားပြောတော့ နိုင်ငံတကာမှာ မြန်မာများ မညီညွတ်ရတဲ့အကြောင်း၊ ဘုန်းကြီးကျောင်းများ ကွဲရတဲ့အကြောင်း၊ မြန်မာဘုန်းကြီးကျောင်းများ ခန့်ခန့်ငြားငြားမရှိ ဟိုတစ်စုဒီတစ်စု ဖြစ်ရတဲ့အကြောင်းများလည်း ပြောဖြစ်ခဲ့ပါတယ်။ ဆရာတော်ကြီးက မြန်မာတွေ ဘယ်နေရာရောက်ရောက် မညီမညွတ် ဖြစ်ကြတဲ့ အကြောင်းရင်းကို ဘုန်းဘုန်းကိုမေးတော့ ဘုန်းဘုန်းက မနာလို မရှုစိမ့်ဖြစ်တဲ့အတွက်ကြောင့် တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ကွဲပြား ခိုက်ရန်များကြတာ ဖြစ်နိုင်ကြောင်း အရိုးခံ လျှောက်ထားဖြစ်ပါတယ်။ ဆရာတော်ကြီးကတော့ မြန်မာတွေ ဘာကြောင့် ဒီလို မညီမညွတ်ဖြစ်ရတာလဲဆိုရင် အဓိကကတော့ မွဲလို့ဖြစ်တာလို့ အမိန့်ရှိပါတယ်။ မွဲတဲ့အတွက် ကိုယ့်ထက်သာသွားမှာ မလိုလားဘဲ တိုက်ခိုက်နေကြတာ ဖြစ်ကြောင်း မိန့်တော်မူပါတယ်။ အများနဲ့ မတူတဲ့ ဆရာတော်ကြီးရဲ့ အမြင်ဟာ လက်တွေ့ဘ၀မှာ တကယ့်ကို ဖြစ်နေတာပါပဲ။ မွဲတဲ့အပြင် အသိဉာဏ်ပါ ခေါင်းပါးလာနေတော့ မြန်မာတွေဟာ စည်းလုံးမှုပါ ပျက်ပြားလာပြီး တစ်စတစ်စ ဆုတ်ယုတ်မှုတွေပဲ များများလာနေပါတော့တယ်။

မလေးရှားနိုင်ငံမှာ လေးငါးရက်လောက်နေပြီး ကမ္ဘောဒီယား နိုင်ငံဘက်ကို ခရီးဆက်ဖြစ်ပါတယ်။ ကေအယ်လ်ကနေ အန်ကောဝပ် (Angkor wat ) ကျောင်းတော်ကြီးရှိရာ ကမ္ဘောဒီယားနိုင်ငံ Siam Reap မြို့ကို တိုက်ရိုက်လေကြောင်းနဲ့ သွားရောက်ဖြစ်ခဲ့ပါတယ်။ ကမ္ဘောဒီယားရဲ့ မြို့တော်ဖြစ်တဲ့ ဖနွမ်းပင် (Phnom Penh) ထက် ဒီအန်ကောဝပ် ဘုရားကျောင်းရှိရာ Siam Reap မြို့ကို နိုင်ငံခြားသား ခရီးသွားများ အလာများကြပါတယ်။ ထိုင်းနိုင်ငံနဲ့နီးတဲ့အတွက် ထိုင်းဘက်က ကားနဲ့လာသူတွေ ရှိသလို Siam Reapကနေ ထိုင်းကို ကူးသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဘုရားကျောင်းရှိရာ မြို့ကတော့ ကမ္ဘောဒီယားရဲ့ နိုင်ငံခြားငွေ ရှာဖွေပေးရာ အဓိကနေရာကြီး ဖြစ်နေပါတယ်။ တိုးရစ်ဇုန်ဆိုလည်း မမှားပါဘူး။ နေထိုင်သွားလာစရိတ် သက်သာတဲ့အပြင် စားစရိတ်ပါ မျှတတဲ့အတွက် နိုင်ငံခြားသား အများစု လာရောက်လေ့ရှိပါတယ်။ ပိုကောင်းတာက ဘယ်နိုင်ငံသားမဆို အလွယ်တကူ Arrival Visa ထုတ်ပေးထားတာ ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ မြန်မာနိုင်ငံလို သွားရေးလာရေး ခက်ခဲတဲ့ နိုင်ငံသားများအတွက်လည်း အလွန်အဆင်ပြေလှပါတယ်။

အန်ကောဝပ် ဘုရားကျောင်းဟာ မူလက ဟိန္ဒူဘုရားကျောင်း ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးအဖြစ် ထေရ၀ါဒ ဗုဒ္ဓဘာသာ ၉၀ရာခိုင်နှုန်းခန့်ရှိတဲ့ ကမ္ဘောဒီယား အများစုက ဂုဏ်ယူလေ့ရှိကြပါတယ်။ ဒီကျောင်းတော်ကြီးကြောင့်လည်း ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီယား နယ်စပ်ပြဿနာများ မကြာခဏ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အန်ကောဝပ်ကျောင်းကြီးရဲ့ ရှေးကျတဲ့ အနုပညာ လက်ရာများကို ကြည့်ရင် ဟိန္ဒူနတ်ဘုရားတစ်ဆူ ဖြစ်တဲ့ ဗိသျှနူးရုပ်ပုံတွေကို နေရာအတော်များများမှာ တွေ့ရတတ်ပါတယ်။ Siam Reap မှာရှိတဲ့ အန်ကောဝပ် ဘုရားကျောင်း နယ်နိမိတ်ဝန်းကျင်မှာလည်း အလားတူ ရှေးဟောင်းဘုန်းကြီး ကျောင်းများလည်း ရှိနေတော့ လှည့်လည်လေ့လာဖို့ အချိန်အတော်ပေးမှကို ပြည့်စုံနှံ့စပ်နိုင်ပါတယ်။ ဘုန်းဘုန်းလည်း ၂ရက်လောက် အချိန်ပေး လေ့လာပြီး ကမ္ဘောဒီးယားရဲ့ မြို့တော် ဖနွမ်းပင်ကို ဘက်စ်ကားနဲ့ ထွက်လာခဲ့ပါတယ်။

အန်ကောဝပ်ကနေ ဖနွမ်းပင်ကို အဝေးပြေကားနဲ့ ၆နာရီလောက် စီးရပါတယ်။ ကားကတော့ မြန်မာပြည်မှာ စွဲနေတဲ့ ကားတွေလိုပါပဲ။ ကွာခြားတာက ကမ္ဘောဒီးယားဟာ မြန်မာလောက် မချမ်းသာပေမယ့် အဝေးပြေးလမ်းမကြီး အပါအ၀င် မြို့တွင်းလမ်းတွေတော့ ကောင်းအောင်လုပ်ထားပေးတာပဲ ဖြစ်ပါတယ်။ ဖနွမ်းပင်ရောက်တော့ နေ့လယ် ၂နာရီလောက် ရှိနေပါပြီ။ မြို့တော်ဖြစ်လို့ ရောက်အောင်သွားဖြစ်ခဲ့ပေမယ့် လည်ပတ်စရာ လေ့လာစရာ သိပ်မရှိပါဘူး။ အဆောက်အဦတွေရဲ့ တိုးတက်မှုကလည်း မြန်မာပြည်လောက် မဖြစ်ထွန်းသေးပါဘူး။ အဲဒီနေ့နားပြီး နောက်နေ့မနက်စောစောမှပဲ လည်သင့်တဲ့ နေရာတွေ သွားရောက်လေ့လာ ဖြစ်ပါတယ်။ ဘုရင့်နန်းတော်နဲ့ နန်းတော်တွင်းမှာ ရှိတဲ့ ငွေဘုရားတွေကို သွားရောက်ခဲ့ပြီး ခမာတွေဝင်လာကာ လူတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ စာသင်ကျောင်းကို သွားရောက်ခဲ့ပါတယ်။ ဒီအထက်တန်းကျောင်းဟာ အဲဒီအချိန်တုန်းက အတိုင်းပဲထားပြီး ပြတိုက်အဖြစ် ပြသထားပါတယ်။ သတ်ဖြတ်ခံထားရတဲ့သူတွေရဲ့ ဓာတ်ပုံတွေနဲ့ အမျိုးမျိုး နှိပ်စက်ထားတဲ့ ပုံတွေကို ပြသထားတာ ကြည့်ရတဲ့သူတွေတောင် စိတ်မကောင်း ဖြစ်ရပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာတော့ ခမာတွေရဲ့ လူသတ်ရာ killing Field ခေါ် လူသတ်ကွင်းကို သွားရောက်ဖြစ်ခဲ့ပါတယ်။ အသတ်ခံထားရတဲ့ သူတွေရဲ့ မူလဦးခေါင်းခွံတွေကို ပြတိုက်မှာထားပြီး ပြသပေးထားပါတယ်။ ခမာတွေရဲ့ ရက်စက်မှုကတော့ ကမ္ဘောဒီယားတွေ အတွက် တစ်သက်မမေ့စရာတွေပါပဲ။

ကမ္ဘောဒီယားမှာ သုံးညအိပ် လေးရက်လောက် နေထိုင်လေ့လာပြီး စင်္ကာပူမှာ ရှိတဲ့ ရဟန်းအမများရဲ့ ဆွမ်းကပ်တရားပွဲအမီ စင်္ကပူကို ပြန်ကြွခဲ့ရပါတယ်။ တနင်္ဂနွေနေ့ ဆွမ်းကပ်တရားဟောပြီး နောက်တနင်္လာနေ့မှာ ထိုင်ဝမ်ကတစ်ဆင့် ကိုရီးယားကို ပြန်ကြွလာဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်မြို့ထဲမှာရှိတဲ့ ဟိုတယ်မှာ တစ်ညတာအိပ်၊ ညပိုင်းလေ့လာ လည်ပတ်ပြီး နောက်နေ့ နေ့လယ်ဖလိုက်နဲ့ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကိုရောက်၊ အဲဒီမှ ဘုန်းဘုန်းကျောင်းကို အဝေးပြေးကားကြီးနဲ့ လေးနာရီလောက်ထပ်စီးကာ ပြန်လာခဲ့ပါတယ်။ ကျောင်းရောက်တော့ ည ၉နာရီခွဲသွားပါပြီ။ ရေမိုးချိုး ဘုရားရှိခိုးပြီး ၆ရက်နေ့ကနေ စတင်ခဲ့တဲ့ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။

သေချာတာကတော့ ၁၈ရက်ကြာ ကြွရောက်ခဲ့တဲ့ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ သာသနာပြုကြွရောက်ခဲ့တဲ့ ဓမ္မဒူတ ခရီးမဟုတ်ခဲ့ဘဲ၊ နေရာဒေသအသစ်တွေကို ကြွရောက်လေ့လာ အတွေ့အကြုံရှာခဲ့တဲ့ ဒေသန္တရဗဟုသုတ ခရီးသက်သက်သာ ဖြစ်ခဲ့တယ်ဆိုတာပါပဲ။ အတွေ့အကြုံဆိုတာ ၀ယ်ယူရတယ်လို့ ဆိုသလို အချိန်တွေ၊ ငွေတွေနဲ့ ၀ယ်ယူလေ့လာခဲ့ရတဲ့ ဒီခရီး အတွေ့အကြုံကတော့ ဘုန်းဘုန်းတို့အတွက် အနာဂတ်မှာ ဆောင်စရာ ရှောင်စရာ အတုယူ လိုက်နာစရာတွေကို ပေးခဲ့တယ်ဆိုတာ သေချာနေပါတော့တယ်…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ