ပညတ်ကို ပယ်သည်ဆိုရာတွင်…

လောကီပညတ်နယ်မှာ ရှိနေပါလျက် မျက်စီစုံမှိတ်ပြီး ပညတ်ကိုပယ်ကာ ပရမတ်ပရမတ်လို့ သံကုန်ဟစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဟောပြောချက်များ ဆွေးနွေးချက်များကို နားထောင်ရင်း အစွန်းရောက်နေတဲ့ သူ့ရဲ့ပညတ်ပယ် အယူအဆအပေါ် စိုးရိမ်မိပါတယ်။ သူ့အတွက် သူ့အယူအဆနဲ့သူ ရှိပါစေလို့ ထားနိုင်ပေမယ့် သူ့ကိုအမှီပြုကာ သူ့နောက်လိုက်နေတဲ့ သူတွေအထိပါ အလွဲတွေ ဖြစ်ကုန်၊ အလွဲတွေ ယူဆကုန်မှာကိုတော့ မလိုလားပါဘူး။ ဘုရားရှင်တောင် ပညတ်ကို မပယ်ခဲ့ဘဲ ဝေါဟာရပညတ် တစ်ခုအဖြစ် အသိအမှတ်ပြုကာ သမ္မုတိသစ္စာအနေဖြင့် ဟောတော်မူခဲ့တာနဲ့ ဆန့်ကျင်ပြီး သူက ၀ိနည်းတော်လည်း ပညတ်၊ သံဃာ့အဖွဲ့အစည်းဆိုတာလည်း ပညတ်၊ သံဃာအဖွဲ့အစည်းက ထုတ်ထားတာတွေလည်း ပညတ်စသဖြင့် ပြောဆိုနေတဲ့အပြင် သူပြောလို့ မှားတာတွေကို ထောက်ပြရင်လည်း သူကဒီစကားတွေကို အတည်မယူပါဘူး ပညတ်လို့ သဘောထားပါတယ်၊ အဓိကမကျတဲ့ အခေါ်အဝေါ်တွေမှာ အကန့်တွေ မထားပါနဲ့ဆိုပြီး အမှားကို ပညတ်နဲ့ဖာထေးနေပြန်ပါတယ်။ ဒါဟာ ဘုရားရှင်ရဲ့ အလယ်အလတ်လမ်းစဉ် မဟုတ်ဘဲ အစွန်းရောက်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။ တစ်ခုခုကို စွဲကိုင်ပြီး ဇွတ်အတင်း ငြင်းဆန်နေမှုဟာ လွဲမှားမှုကို ရှည်ကြာစေပြီး အမှန်တရားနဲ့ ဝေးနေစေပါတယ်။

မှန်ပါတယ်။ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ရေးနဲ့ ကိလေသာကုန်ကာ လောကီနယ်မှ ထွက်မြောက်ရေးဟာ ပရမတ်ကို အမှန်နားလည်ပြီး ဉာဏ်နဲ့သိဖို့က ပိုအရေးကြီးတယ် ဆိုပေမယ့် သမ္မုတိသစ္စာဆိုတဲ့ လောကဝေါဟာရများ၊ လောကသတ်မှတ်ချက်များဟာလည်း ပယ်ကောင်းတဲ့ အရာမဟုတ်ပါဘူး။ ထာဝရမရှိနိုင်ပေမယ့် သမ္မုတိသစ္စာဆိုတဲ့ ပညတ်အမှန်တရားဟာလည်း လောကမှာ တကယ်ရှိနေတဲ့ အမှန်တရားပါပဲ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း သစ္စာလေးပါးကို သိပြီးနောက်ပိုင်း အတ္တ၀ါဒ ကြီးစိုးနေတဲ့ သူတွေနဲ့ ဆန့်ကျင်ပြီး အနတ္တ၀ါဒကို အစွမ်းကုန် ထုတ်ဖော်ဟောကြားခဲ့တာပါပဲ။ ဒါပေမယ့် ဘုရားရှင်ဟာ ပညတ်ဝေါဟာရကို မပယ်ခဲ့ပါဘူး။ သမ္မုတိသစ္စာကို အသုံးချကာ ပရမတ္ထသစ္စာအဖြစ် သဘောပေါက်အောင် သစ္စာဉာဏ်နဲ့ ထင်ရှားစေခဲ့ပါတယ်။ ဒါကြောင့်လည်း လောကကြောင်းအရ လိုအပ်တဲ့ ဟောပြောမှုတွေ၊ ပညတ်မှုတွေ၊ ဆောင်ရန်ရှောင်ရန်တွေ၊ ပစ္စုပ္ပန် သံသရာကြီးပွားရေး လမ်းစဉ်တွေကို ချမှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ပရမတ္ထသစ္စာကို သိအောင်ဟောပြောပေးခဲသလို သမ္မုတိသစ္စာကိုလည်း လိုအပ်သလို ထုတ်ဖော်ပေးခဲ့ပါတယ်။ ပရမတ္တသစ္စာကိုပဲ တစ်ဘက်သတ်စွဲကိုင်ပြီး သမ္မုတိသစ္စာကို ပယ်ခဲ့ရိုးမရှိခဲ့ပါဘူး။

ဒီလို ဘုရားရှင်ရဲ့အလိုနဲ့ ဆန့်ကျင်ပြီး အရာရာ ပညတ်တွေပါဆိုကာ ထင်ရာဟောပြော နေမိပါက လယ်တီဆရာတော် ဘုရားကြီး ဆုံမသလို “ပရမတ်ပြန် အကြောင်သမားတွေမို့ ထောင်လွှားကြသူ့ထက်ငါ” ဖြစ်ကာ အပါယ်ဘောင်လားကြရမယ့် ကိန်းဆိုက်နေပါလိမ့်မယ်။ လယ်တီဆရာတော်ကြီးရဲ့ ၀ိပဿနာ ဒီပနီ၊ သစ္စာကထာမှာ ရှင်းပြတော်မူခဲ့တဲ့ သစ္စတရား ၂ပါးရှင်းတမ်းလေးကို ဖတ်မိတော့ ပရမတ်ပြန် အကြောင်သမားတွေ သိထားသင့်တဲ့ အချက်ပါလားလို့ တွေးမိပါတယ်။ ဒီသစ္စကထာမှာ ဆရာတော်ကြီးက အောက်ပါအတိုင်း ရှင်းပြတော်မူပါတယ်။

“သစ္စာဆိုသည်ကား သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ်ဖြောင့်မှန်သည်ကို ဆိုသတည်း။ ထိုသစ္စာသည် (၁) သမ္မုတိသစ္စာတစ်ပါး၊ (၂) ပရမတ္တသစ္စာ တစ်ပါးဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် သမ္မုတိသစ္စာဆိုသည်ကား လောကီဘုံသား လူအများတို့၏ ခေါ်ရိုးပြောရိုးဖြစ်သော သမ္မုတိပညတ်တို့၏ အလယ်၌ အဖြောင့်အမှန်မျိုးသည် သမ္မုတိသစ္စာမည်၏။ အတ္တရှိ၏၊ ဇီဝရှိ၏၊ ပုဂ္ဂိုလ်ရှိ၏၊ သတ္တ၀ါရှိ၏၊ လူရှိ၏၊ နတ်ရှိ၏၊ သိကြားရှိ၏၊ ဗြဟ္မာရှိ၏၊ ဆင်မြင်းကျွဲနွားရှိ၏၊ ဦးခေါင်း လက် ခြေစသော အင်္ဂါကြီးငယ်ရှိ၏၊ ဆံပယ်အမွေး ခြေသည်းလက်သည်းရှိ၏ စသည်တို့ပေတည်း။
ဤသမ္မုတိသစ္စာသည် မုသာဝါဒ၏ ဆန့်ကျင်ဖက်ပေတည်း။ မုသာဝါဒကို ပယ်နိုင်၏။ တစ်ဘ၀အတွင်းတွင် အခါခါဖြစ်ခြင်း၊ အခါခါချုပ်ခြင်းဟူ၍ မရှိပဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲနေသော အတ္တမည်သည် ဧကန်အမှန်ရှိ၏။ ဇီဝမည်သည် ဧကန်အမှန်ရှိ၏ဟု ပြောဆိုကြသော စကားမျိုးတို့သည် လောကီဘုံသား လူအများတို့၏ ပြောရိုးဆိုရိုးအတိုင်း ပြောဆိုကြသော စကားဖြစ်၍ ပြောဆိုသောသူမှာ မုသာဝါဒမဖြစ်၊ ဘယ်သူတစ်ဦးတစ်ယောက်မှ လှည့်စားခြင်းမဖြစ်။ ပရမတ္ထသစ္စာ အလိုအားဖြင့်မူကား ထိုစကားသည် အနိစ္စ၌ နိစ္စဟူ၍ ဖောက်ပြန်ခြင်း၊ အနတ္တ၌ အတ္တဟူ၍ ဖောက်ပြန်ခြင်းတည်းဟူသော ၀ိပလ္လာသအမှန်ဖြစ်၏။ ထိုဝိပလ္လာသတရားကို မယ်နိုင်သေးသမျှ ကာလပတ်လုံး သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်။

ပရမတ္ထသစ္စာဆိုသည်ကား ဓာတ်သဘာဝ၊ ဓမ္မသဘာဝ အလိုအားဖြင့် အလွန်ဟုတ်မှန်လှသော ရှိမရှိစကားမျိုး တရားမျိုးသည် ပရမတ္ထသစ္စာမည်၏။ ရှိမရှိနှစ်ပါးတွင် ရှိဆိုသည်ကား ပထ၀ီဓာတ်ရှိ၏၊ အာပေါဓာတ်ရှိ၏၊ တေဇောဓာတ်ရှိ၏၊ ၀ါယောဓာတ်ရှိ၏၊ စိတ်ဝိညာဏ်ရှိ၏၊ ဖဿ ဝေဒနာ သညာ စေတနာစသည်ရှိ၏။ ရုပ်ခန္ဓာရှိ၏၊ နာမ်ခန္ဓာရှိ၏ စသည်တို့ပေတည်း။ မရှိဆိုသည်ကား အတ္တမရှိ၊ ဇီဝမရှိ၊ ပုဂ္ဂိုလ်မရှိ၊ သတ္တ၀ါမရှိ၊ လူမရှိ၊ နတ်မရှိ၊ သိကြားမရှိ၊ ဗြဟ္မာမရှိ၊ ဆင်းမြင်းကျွဲနွားမရှိ၊ ဦးခေါင်းဟူ၍ မရှိ၊ လက်ခြေစသော အင်္ဂါကြီးငယ်ဟူ၍ မရှိ၊ ဆံပင်အမွေး ခြေသည်းလက်သည်းဟူ၍ မရှိစသည်တို့ပေတည်း။

သမ္မုတိသစ္စာအလိုအားဖြင့် ပုဂ္ဂိုလ်ရှိ၏။ သတ္တ၀ါရှိ၏။ ပုဂ္ဂိုလ်သတ္တ၀ါတို့သည် တစ်ဘ၀မှ တစ်ဘ၀သို့ ကျင်လည်ပြောင်းသွား၍ နေကြ၏။ ပရမတ္ထသစ္စာ အလိုအားဖြင့် ပုဂ္ဂိုလ်မရှိ၊ သတ္တ၀ါမရှိ၊ တစ်ဘ၀မှတစ်ဘ၀သို့ ကျင်လည်ပြောင်းသွားသည်ဟူ၍ မရှိ။ သို့သော် ဤသစ္စာနှစ်ပါးသည် ဖြောင့်ဖြောင့်ဆန့်ကျင်ဖက် ဖြစ်နေဘိ၏တကားဟု ဆိုရန်ရှိ၏။ ဖြောင်ဖြောင့်ဆန့်ကျင်ဖက် မဖြစ်ကြစေရန် အဖြေမှာကား သမ္မုတိသစ္စာအလို ပရမတ္ထသစ္စာအလိုဟူ၍ အလိုနှစ်ပါးသီးသန့်ခြားလျက် ရှိလေပြီ။ သမ္မုတိသစ္စာအလိုနှင့် ပုဂ္ဂိုလ်သတ္တ၀ါစသည် ရှိ၏ဟု ပြောဆိုခဲ့သော် သမ္မုတိသစ္စာအလို ဆိုသောကြောင့် ပရမတ္ထသစ္စာဆရာက မငြင်းပယ်ရ။ ပုဂ္ဂိုလ်သတ္တ၀ါဟု သမ္မုတိပညတ်ရှိသည်ကား အမှန်ပင်ဖြစ်၏။ ပရမတ္ထသစ္စာအလိုအားဖြင့် ပုဂ္ဂိုလ်သတ္တ၀ါ မရှိဟူ၍ ပြောဆိုခဲ့သော် ပရမတ္ထသစ္စာအလို ဆိုသောကြောင့် သမ္မုတိသစ္စာဆရာက မငြင်းပယ်ရ။ ပရမတ္ထသစ္စာဟူသည် ရုပ်တရား နာမ်တရားသည်သာ အမှန်ပင်ဖြစ်၏။ ပရမတ္ထသစ္စာမှာ ပုဂ္ဂိုလ်ဟူ၍ မရှိသတ္တ၀ါဟူ၍မရှိ။…”

ဒီမှာ ဖော်ပြပေးခဲ့တဲ့ လယ်တီဆရာတော်ကြီးရဲ့ သစ္စာအဖွင့်ကို ကြည့်ပါက ပရမတ်တစ်ခုတည်းကိုပဲ ဆွဲကိုင်ကာ ပညတ်မှန်သမျှကို ပယ်ဖို့ကြိုးစားနေသူများ အထူးသတိပြုသင့်တဲ့ အချက်ကို တွေ့နိုင်ပါတယ်။ သစ္စာနှစ်မျိုးလုံး သူ့ရှုထောင့်နဲ့သူ အမှန်ပင်ဖြစ်နေတဲ့အတွက် တစ်မျိုးတည်း ဆုတ်ကိုင်ပြီး ကိုယ်ဆုတ်ကိုင်ထားတာကိုပဲ အမှန်လို့ အတင်းမငြင်းပယ်သင့်တာကို သတိပြုနိုင်ပါတယ်။ အဲဒီလိုတစ်မျိုးတည်း ဆုတ်ကိုင်ထားပါက လောကနဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်နေတဲ့အတွက် အစွန်းရောက်သွားတတ်တာကို သဘောပေါက်နိုင်ပါတယ်။ အချိန်အခါနဲ့ ကာလဒေသအလိုက် ပညတ်နဲ့ ပရမတ်ကို ညီမျှအောင် အသုံးချတတ်ဖို့ လိုပါတယ်။ အဲလိုမဟုတ်ဘဲ ဒါတွေဟာ ပညတ်တွေပါဆိုပြီး အရာရာ ပညတ်ကိုပုံချမယ်ဆိုရင်တော့ လောကနဲ့ဆန်ကျင်ကာ အစွန်းမလွတ်ဖြစ်တတ်ပါတယ်။ ဗုဒ္ဓရဲ့ လမ်းစဉ်ဖြစ်တဲ့ အလယ်အလတ်လမ်းစဉ်ကို ပယ်ရာရောက်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောလိုတာက ပညတ်ကို ပယ်တယ်ဆိုတာ တစ်လွဲအမြင် တစ်လွဲအတွေး တစ်လွဲနားလည်မှုနဲ့ အစွန်းရောက်တဲ့အထိ မဖြစ်ကြဖို့ပါ။ ပရမတ်က အဓိကကျပေမယ့် ပညတ်ကလည်း လိုက်နာကျင့်သုံးဖို့ လိုပြန်ပါတယ်။ ပညတ်တွေဟာ စွဲကိုင်ထားဖို့ မဟုတ်ပေမယ့် လောကကြောင်းအရ လိုအပ်တဲ့ အမှန်တရားတွေ ဖြစ်တဲ့အတွက် လစ်လျူရှုဖို့လည်း မဟုတ်ပါဘူး။ အခေါ်အဝေါ် သတ်မှတ်ချက်တွေဆိုပေမယ့် လောကသားတွေရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ထိန်းပေးတဲ့ အမှန်တရားများ ဖြစ်တဲ့အတွက် ဒီသတ်မှတ်ချက်တွေကိုလည်း လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ ပညတ်နယ်က လွန်ပြီး ပရမတ်နယ်ကို အလုံးစုံရောက်သွားကြတဲ့ ကိလေသာကုန်ခမ်း ရဟန္တာများပင် လောကကြောင်းအရ ပညတ်သတ်မှတ်ထားတဲ့ ၀ိနည်းသိက္ခာပုဒ်စတဲ့ ပညတ်ချက်များကို လိုက်နာကျင့်သုံးကြတာ ဖြစ်တဲ့အတွက် ပရမတ်တစ်ခုတည်းကို ကိုင်စွဲပြီး ဘာပဲဖြစ်ဖြစ် ပညတ်တွေပါပဲလို့ ပညတ်ကို ပယ်နေသူများ အနေဖြင့် တစ်လွဲနားလည်မှုများနဲ့ အစွန်းမရောက်အောင် သတိဆောင်ကြဖို့ လိုပါတယ်။ အဆုံးစွန်ထိ မရောက်သေးဘဲ အနည်းငယ် သိတာလေးများနဲ့ ပရမတ်ပြန် အကြောင်သမားများ မဖြစ်ကြဖို့နဲ့ ဘာပဲဖြစ်ဖြစ် မဇ္ဈိမပဋိပဒါဖြစ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်ကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

Read more »

အကြွေးဆပ်ရင်း အကြွေးထပ်နေကြသူများ…

မြန်မာနိုင်ငံကနေ နိုင်ငံခြားထွက်ပြီး အလုပ်လာလုပ်နေတဲ့ ဒကာလေးတစ်ယောက် တစ်နေ့ကျောင်းကို ရောက်လာပြီး ဟိုစပ်စပ် ဒီစပ်စပ် စကားတွေ ပြောကြရင်း သူ့အကြောင်းနဲ့ ပတ်သက်လို့ မေးမြန်းပြောဆို ဖြစ်ပါတယ်။ နိုင်ငံခြားထွက်ဖို့ ခက်ခဲတဲ့အကြောင်း၊ ဒီကိုရောက်လာဖို့ စောင့်ရတာ တော်တော်လေး ကြာသွားကြောင်း၊ ပိုဆိုးတာက နိုင်ငံခြား ရောက်မလာခင် ပြည်တွင်းမှာနေတုန်း သုံးခဲ့ရတဲ့ ငွေတွေရဲ့ အတိုးတွေက တစ်နေ့တစ်ခြား တိုးတိုးနေတာက ပိုဆိုးကြောင်း၊ ဒါကြောင့် အခုလို ရောက်လာတဲ့အချိန်မှာ အတိုးနဲ့ချေးခဲ့ရတဲ့ ငွေကြွေးတွေကို အရင်ကျေအောင် ဆပ်ဖို့လုပ်နေရကြောင်း စသဖြင့် ဒကာလေးက ပြောပြပါတယ်။ သူပြောတာကို နားထောင်ပြီး စိတ်မကောင်းဖြစ်သွားပေမယ့် အားပေးဆုံးမစကားတော့ ပြောဖြစ်လိုက်ပါတယ်။ “ဒီလို ခက်ခက်ခဲခဲ အကြွေးတွေအတင်ခံပြီး ရောက်လာပြီးနောက်မှာ ကိုယ်လာခဲ့ရတဲ့ အခြေအနေ၊ ကိုယ့်ဘ၀အခြေအနေကို မမေ့ဖို့နဲ့ သူများဆီက ယူထားခဲ့တဲ့ အကြွေးတွေကို အရင်ကျေအောင် ကြိုးစားဆပ်ရင်း ကိုယ့်ဘ၀ရှေ့ရေးအတွက်လည်း အသုံးနဲ့အဖြုန်း ဆင်ခြင်သုံးဖို့…” စသဖြင့် ထုံးစံအတိုင်း ဆုံးမပေးဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဒကာလေး ပြန်ခါနီးမှာ “ဒကာလေးရေ… ဒီကိုရောက်လာပြီးမှ အကြွေးဆပ်ရင်း အကြွေးထပ်နေ သူတွေလိုတော့ မဖြစ်စေနဲ့နော်…”လို့ ထပ်ပြီး သတိပေးစကား ပြောဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ အကြွေးဆပ်ရင်း အကြွေးထပ်နေသူ မဖြစ်အောင် ပြောဖြစ်လိုက်တာက အကြွေးဆပ်ရင်း အကြွေးတွေ ထပ်တင်နေကြတဲ့ ရွှေမြန်မာ အချို့ကို တွေ့နေရလို့ ဒီလိုမဖြစ်အောင် ကြုံတိုင်းပြောနေရတာ ဖြစ်ပါတယ်။ တစ်ချို့ နိုင်ငံခြားမထွက်ခင်က စိတ်ကူးရင် စီမံချက်တွေ အပြည့်နဲ့ ဟိုရောက်ရင် ပိုက်ဆံကို ဘယ်လိုကြိုးစားရှာမယ်၊ ရသမျှကိုစုပြီး မထွက်ခင်က ချေးငှါးထားတဲ့ အကြွေးတွေရယ် အတိုးတွေရယ်ကို အရင်ကြေအောင်ဆပ်ကာ ကျန်တဲ့အလုပ်သက်တမ်းကိုတော့ မိသားစု စားဝတ်နေရေးနဲ့ ကိုယ့်ဘ၀ ရှေ့ရေးအတွက် ကြိုးစားစုမယ် ဆိုပြီး ထွက်လာကြပါတယ်။ နိုင်ငံခြားရောက်ပြီးတဲ့ အခါမှာတော့ ပြည်တွင်းမှာ ရှိတုန်းက သိထားတဲ့ အခြေအနေနဲ့ လက်တွေ့ဘ၀ အနေအထား မတူညီတာတွေ၊ စိတ်ဖိစီးမှုတွေ၊ ကိုယ်စိတ်ပင်ပန်းမှုတွေကြောင့် မထွက်ခင် ယဉ်ခဲ့ရတဲ့ စိတ်ကူးတွေဟာ ပျောက်ကုန်ပါတော့တယ်။ စိတ်ကူးပျောက်နေပေမယ့် အလုပ်ကိုကြိုးစားလုပ်ပြီး အကြွေးလေးတွေ ကျေတဲ့အထိ ဆပ်နိုင်ရင်တော့ တော်ပါသေးတယ်။ အဲလိုမဟုတ်ဘဲ အကြွေးမကြေခင် အကြွေးဆပ်ဖို့ လုပ်နေရင်း စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်လို့ စိတ်ဖြေတဲ့အနေနဲ့ အရက်သောက်၊ ဖဲရိုက်၊ အလောင်းအစား လုပ်ဖြစ်လိုက်ရင်တော့ အကြွေးကျေဖို့နေနေသာသာ ဆပ်ရမယ့် အကြွေးတွေပဲ ထပ်ထပ်တင်လာပါလိမ့်မယ်။ အကြွေးဆပ်ရင်း အကြွေးတွေ ထပ်လာပါလိမ့်မယ်။ တစ်ချို့ကလေးတွေ ရှိပါတယ်။ ပြည်ပအတွေ့အကြုံမရှိ၊ ဘုမသိ ဘမသိဆိုတော့ အခက်အခဲတွေ ကြုံတဲ့အခါ စိတ်ဓာတ်မကြံ့ခိုင်ဖြစ်ပြီး စိတ်အလိုလိုက် လုပ်ဖြစ်တာတွေပါ။ ဒီလို အခါမျိုးမှာ အပေါင်းအသင်းမှားပြီး ပေါင်းမိရင်တော့ ဘ၀မှာ အဖက်ဆယ်ဖို့ မလွယ်လှပါဘူး။ နစ်ပြီးရင်းနစ် ဖြစ်ကုန်ပါတော့တယ်။

အပေါင်းအသင်းဆိုတာကလည်း ကောင်းတဲ့ဘက်မှာ အဖော်ပြုဖို့ ခက်သလောက် မကောင်းတဲ့ဘက်မှာတော့ အချိန်မရွေး ရှိနေတတ်ပါတယ်။ စိတ်ဓာတ်တွေကျလို့ ဒုက္ခရောက်နေချိန်မှာ စိတ်ဓာတ်ခွန်အားဖြစ်အောင် သူတော်ကောင်းစကားတွေ သူတော်ကောင်းတရားတွေနဲ့ ဖေးမကူညီပေးဖို့ထက် “လာပါကွာ ဖြစ်သမျှအကြောင်း အကောင်းချည်ပဲ၊ ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့”လို့ဆိုကာ အရက်ဆိုင်ခေါ်သွား၊ ဖဲရိုက်ခေါ်သွား၊ နှိုက်ကလပ်ခေါ်သွားတာတွေက များပါတယ်။ ဒီလိုအချိန်မှာ ကိုယ်က အချိန်မှီမထိန်းဘဲ အဲဒါတွေအပေါ်မှာ သာယာမိပြီ ကျေနပ်မိပြီ ဆိုရင်တော့ နိုင်ငံခြား ထွက်လာတဲ့ ရည်မှန်းချက်ပျောက်ပြီး အကြွေးဆပ်ဖို့နေနေသာ အကြွေးတွေတောင် ထပ်လာကုန်တတ်ပါတယ်။ မကောင်းမှုဆိုတာက အစမလုပ်တာကောင်းပါတယ်။ စမိရင် ဖြတ်ဖို့မလွယ်တော့ဘူးလေ။ စိတ်ဖြေတဲ့သဘောနဲ့ အပျော်စမိရာက ဖြတ်မရဖြစ်ကုန်တဲ့ သူတွေကလည်း မနည်းဘူးမဟုတ်လား။ တစ်ချို့ဆို စိတ်ဖြေတဲ့အနေနဲ့ အပျော်ဖဲကစားရာမှ ရှုံးလို့မဲလိုက်ရင်း ဆပ်ရမယ့် ဖဲကြွေးက သူ့ရဲ့ လုပ်ခ လေးငါးလစာအထိ ဖြစ်ကုန်တာတွေ ရှိပါတယ်။ ကြွေးဟောင်းဆပ်ဖို့ဝေးစွ ဖဲကြွေးအတွက် ကြွေးသစ်တွေပဲ တိုးလာပါတယ်။ ဒီကြားထဲ မာတုဂါမ ကိစ္စပါ ပါလာပြီဆိုရင်တော့ ကုန်ဖို့သာ ပြင်ပေတော့လို့ပဲ ပြောရပါလိမ့်မယ်။ တစ်ချို့ လက်တွေ့တွေ့နေရတဲ့ သူတွေတောင်မဟုတ်ဘဲ အွန်လိုင်းပေါ်မှာ ချက်တင်းလုပ်ရင်း တွေ့တာတွေနဲ့ ဒုက္ခရောက်ခဲ့ကြတာလည်း မနည်းဘူး။ တစ်ချို့ကလေးတွေဆို အွန်လိုင်းမှာ တွေ့တဲ့ မာတုဂါမကို စွဲလန်းမိလို့ အကြွေးထပ်တင်တာတောင် ရှိသေးတယ်။ ဟိုဘက်က မာတုဂါမကလည်း အပျော့စွဲလေးနဲ့ ဟိုးချွဲဒီခွဲလုပ်ကာ ဘာလိုတယ်၊ ညာလိုတယ်ဆိုပြီး တောင်းတတ်ပါတယ်။ ဒါကို ဒီဘက်က ဘသားချောက အဟုတ်မှတ်လို့ မရှိရှိတာ ရှာဖွေချေးငှါး ပို့ပေးရှာပါတယ်။ နောက်တော့ မာတုဂါမက သူ့ကိုပစ်ပြီး အသစ်ရှာတယ်တဲ့လေ။ အဲဒါနဲ့ သူမှာ ဒုက္ခတစ်ခုတိုးပြီး မာတုဂါမအတွက် ပို့ပေးတာတွေပါ အကြွေးတင်ကာ ဆပ်နေရပြန်ပါတယ်။ ဒါဟာ အကြွေးဆပ်ရင်း အကြွေးထပ်နေတာတွေပါ။ လုပ်ကြံမဟုတ်တဲ့ လက်တွေ့အဖြစ်တွေပါ။

အင်း…ဒီလို အကြွေးကိစ္စတွေဟာ ဒီဘ၀ ဒီလောက်ပဲ ပြတ်သွားမယ်ဆိုရင်တော့ တော်သေးတယ်လို့ ပြောရပါမယ်။ အဲလိုမဟုတ်ဘဲ သံသရာအထိ ပါသွားမယ့် အကြွေးတွေသာဆိုရင် တွေးတောင်မတွေးရဲ စရာပါပဲ။ အခုဘ၀မှာတောင် အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့အကြွေးတွေကို ကျေအောင်မဆပ်နိုင်သေးဘဲ လက်ရှိလုပ်နေတဲ့ ကိုယ့်ရဲ့မကောင်းတဲ့ လုပ်ရပ်တွေကြောင့် နောက်ထပ် ပေးဆပ်ရမယ့် သံသရာနဲ့ချီတဲ့ အကြွေးတွေ ထပ်တိုးနေမယ်ဆိုရင်တော့ အကြွေးကင်းရာ နိဗ္ဗာန်နဲ့ကတော့ ဝေးပြီးရင်းဝေးရင်း ဖြစ်နေပါလိမ့်မယ်။ ကိုယ့်ရဲ့လုပ်ရပ်တစ်ခုဟာ စေတနာပါပါနဲ့ လုပ်လိုက်မိရင် အကြွေးဖြစ်စေပါတယ်။ အကြွေးဆိုရင်တော့ ပေးဆပ်ရမှာပါ။ ထုံးစံအတိုင်း ပေးဆပ်တဲ့အခါ အရင်းရော အတိုးရော ပေးဆပ်ရသလို ဘာမှမဟုတ်ပါဘူးဆိုပြီး လုပ်လိုက်တဲ့ မကောင်းတဲ့ လုပ်ရပ်တစ်ခုဟာ သူ့ရဲ့တန်ပြန် အကျိုးပေးကို ခံရတဲ့အခါမှာ ပေးဆပ်ရတဲ့ အတိုးက ဖော်မပြနိုင်အောင် များပါတယ်။ တစ်ချို့အတိုးတွေဆို အောက်ကနေ ပြန်မတက်နိုင်လောက်အောင်၊ ဘုရားပွင့်သော်လည်း ဘုရားသာသနာနဲ့ ကြုံခွင့်မရအောင်၊ အကြွေးဆပ်ပြီးပြန်တော့လည်း ကောင်းတဲ့သုဂတိဘ၀မှာ ကောင်းကောင်းမွန်မွန် မဖြစ်သေးဘဲ အိုနာကျိုးကန်းအဖြစ် ပြန်ဖြစ်အောင်အထိ အပိုပေးဆပ်လိုက်ရတာတွေ ရှိပါတယ်။ အတိုးပေါ် အတိုးထပ်တဲ့ သဘောပါပဲ။ ဒါဟာ မကောင်းတဲ့ လုပ်ရပ်တစ်ခုကြောင့် ပေးဆပ်ရတဲ့ အကုသိုလ်အကြွေးရဲ့ သဘောပဲ ဖြစ်ပါတယ်။ စာလိုပြောတော့ ကံကံရဲ့အကျိုးပဲပေါ့။

လောကဓံလှိုင်း ရိုက်ခတ်မှုတွေကြောင့် ဘာပဲလုပ်လုပ် အဆင်မပြေ ဖြစ်နေတဲ့ ဒကာလေးတစ်ယောက်က “အရှင်ဘုရားရေ… တပည့်တော် ဘ၀ကလည်း ၀ဋ်ကြီးလိုက်တာဘုရား…၊ ဘာပဲလုပ်လုပ် အဆင်မပြေဘဲကို ဖြစ်နေပါတယ်။ အိမ်မှာဆိုလည်း အကြီးဆုံးဆိုတော့ အကိုကြီး အဖအရာ သဘောထားပြီး တပည့်တော် ဘ၀နဲ့ရင်းကာ အိမ်အတွက် ဖြည့်ဆည်းပေးပါတယ်။ အိမ်မှာလည်း ပြည့်စုံတယ်ကို မရှိပါဘူး။ အသက်အရွယ် ရလာတဲ့ ခုချိန်ထိတောင် အိမ်အတွက်တွေးရင်း အိမ်ထောင်ပြုဖို့ စိတ်မကူးနိုင်သေးဘူး။ တပည့်တော် ရည်စားကဆို မစောင့်နိုင်လို့ စွန့်တောင်သွားပါတယ်။ ဒီကြားထဲ တပည့်တော်အောက်က ညီတွေက မလိမ္မာတော့ သူတို့ကိစ္စတွေအထိ လိုက်ဖြေရှင်းနေ၊ ဆောင်ရွက်နေရတော့ တပည့်တော် ရှာသမျှ ဘာမှအဖတ်မတင်ဘူး ဖြစ်နေတယ်ဘုရား၊ အရှင်ဘုရား သိတဲ့အတိုင်း တပည့်တော်ရဲ့ ၀ဋ်ကြွေးက ကြီးတော့ တပည့်တော် ဒီဘ၀မှာ အတတ်နိုင်ဆုံး ကံငါးပါးကို လုံအောင်ထိန်းပြီး ဘာသာတရားကို ကြိုးစားလုပ်ပါတယ်၊ ဒီလို ကုသိုလ်လေးတွေ လုပ်တိုင်းလုပ်တိုင်းလည်း အတိတ်ရဲ့ ၀ဋ်ကြွေးတွေ ဒီဘ၀ဒီမျှနဲ့ပဲ ကျေပါစေလို့ ဆုတောင်းမိပါတယ် ဘုရား..၊ အရှင်ဘုရားအနေနဲ့ တပည့်တော်ကို တစ်ခုခု မိန့်ကြားပေးပါဘုရား…” စသဖြင့် လျှောက်ဖူးပါတယ်။

“ဟုတ်တယ် ဒကာလေးရေ…။ အကြွေးဆိုတာကတော့ ဆပ်ပေးရမှာပဲ။ အတိတ်က ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာ အကုန်မသိနိုင်ပေမယ့် အခုဘ၀ရဲ့ အခြေအနေတွေဟာ အတိတ်ဘ၀တစ်ခုခုက ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေရဲ့ အကြွေးတွေပါပဲ။ အတိတ်ကချေးခဲ့တဲ့ အကြွေးတွေရဲ့ အတိုးတွေပါပဲ။ ဘယ်လောက်ထိ ဆပ်ရမယ်ဆိုတာ မပြောနိုင်၊ မသိနိုင်ပေမယ့် အဲဒီအတိတ်ကြွေးတွေကို ဆပ်ရင်း နောက်ထပ် အကြွေးသစ်တွေ မတိုးဖို့ဘဲ အခုလက်ရှိအချိန်မှာ ကြိုးစားရတော့မှာပါ။ ၀ဋ်ကြွေးတွေကြီးတယ်ဆိုပြီး လုပ်ချင်ရာလုပ်ကာ နောက်ထပ်အကြွေးတွေ ထပ်မရှိဖို့ပဲ လိုပါတယ်။ ကြုံလာသမျှ ဒုက္ခတွေကို ခါးစည်းခံပြီး စိတ်ကောင်းစေတနာကောင်းနဲ့ ကြိုးစားရင်း အတိတ်က အကြွေးကို ဆပ်နိုင်သမျှ ဆပ်နိုင်အောင် လုပ်ဖို့လိုပါတယ်။ အကြွေးကျေတာမကျေတာ ကိုယ်နဲ့မဆိုင်ဘဲ နောက်ထပ်အကြွေးမတင်အောင် စိတ်ကောင်းစေတနာကောင်းနဲ့ ကောင်းတဲ့အလုပ်တွေမှာ ကြိုးစားပြီး လုပ်ရမှာကပဲ ကိုယ့်ရဲ့အလုပ် ဖြစ်ပါတယ်။ ကြွေးဟောင်းကို ဆပ်ရင်း ကြွေးသစ်မထပ်အောင် ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံတွေကို သတိနဲ့ထိမ်းပြီး ပြုမူပြောဆိုကြံစီ နေထိုင်ဖို့ကသာ ကိုယ့်ရဲ့အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒကာလေး အနေနဲ့ အတိတ်က အကြွေးတွေကိုဆပ်ရင်း နောက်ထပ်အကြွေးတွေ မထပ်ရအောင် ကောင်းတဲ့စိတ်စေတနာများနဲ့သာ တတ်နိုင်သမျှ ကြိုးစားနေထိုင်ဖို့၊ အပါယ်လားစေနိုင်တဲ့အထိ အတိုးကြီးတတ်တဲ့ အကြွေးတွေ မတင်မိအောင် ကံငါးပါးကို လုံအောင်ထိန်းပြီး မကောင်းတဲ့ ဒုစရိုက်များကို ရှောင်ကာ ကောင်းတဲ့သုစရိုက်များနဲ့ နေနိုင်အောင် ကြိုးစားဖို့နဲ့ ဘာပဲဖြစ်ဖြစ် ၀ဋ်ကြွေးအားလုံးကို အကျေဆပ်နိုင်မယ့် ၀ိပဿနာအလုပ် အားထုတ်နိုင်အောင် ကြိုးစားဖို့ပဲ တိုက်တွန်းရမှာပါ....” စသဖြင့် အကြွေးဆပ်ရင်း အကြွေးမထပ်အောင် အဲဒီဒကာလေးကို မိန့်ကြားပေးဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ အထူးပြောချင်တာက အကြွေးဆပ်နေရတဲ့ ကိုယ့်ဘ၀ကို မမေ့ကြဖို့ပါ။ အတိတ်ဘ၀တစ်ခုခုက တင်ကျန်လာတဲ့ အကြွေးတွေကို ဒီဘ၀မှာ လာဆပ်ရင်း အကြွေးပေါ် အကြွေးမထပ်အောင်၊ အတိုးပေါ် အတိုးမထပ်အောင် ကြိုးစားကြဖို့ပါ။ ဒီလိုကြိုးစားတဲ့အခါ တစ်ဘ၀တစ်နပ်စာကို ကြည့်ပြီး ဖြစ်သလို မလုပ်ကြပဲ သံသရာနဲ့ချီကာ ပေးဆပ်ရမယ့် အတိုးကြွေးကို တွေးလို့ ကြိုးစားလုပ်ကိုင်ကြဖို့ပါ။ မကောင်းတဲ့ စိတ်စေတနာနဲ့ လုပ်တဲ့လုပ်ရပ်များရဲ့ အကြွေးအတိုးဟာ ကြောက်စရာ ကောင်းလောက်အောင် ကြီးမားတယ်ဆိုတာ သဘောပေါက်ပြီး ဘာပဲလုပ်လုပ် ကောင်းတဲ့စိတ် စေတနာလေးတွေနဲ့ လုပ်ကြဖို့ပါ။ သေချာတာကတော့ အကြွေးရှိရင် ဆပ်ရမယ်ဆိုတာပါပဲ။ နောက်ဆုံးအနေနဲ့ “အကြွေးဆပ်ရင်း အကြွေးထပ်နေသူများ မဖြစ်စေကြဘဲ အကြွေးဆပ်ရင်း အကြွေးမထပ်အောင်သာ ကြိုးစားကြပါ..”လို့ပဲ ပြောပါရစေတော့။

Read more »

Live Questions and Answers (1)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

7 Feb 10, 08:11 AM
Anonymous:
အရှင်ရာဟုလာက တာဝတိံသာနတ်ပြည်မှာ ပရိနိဗ္ဗာန်စံတယ်ဆိုတာ သိလိုပါတယ်ဘုရား။ သက်တော် ၄၀ မပြည်မီ၊ တစ်နေရာမှာလဲ ၅၀ မပြည့်မီ ပရိနိဗ္ဗာန်ပြုတယ်လို့ သိရပါတယ်။ ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့တဲ့ ဆုကြီးပန်ဖြစ်ရင် ဘာကြောင့် သက်တော် မရှည်ရတာပါလဲဘုရား။
7 Feb 10, 07:28 PM
မနာပဒါယီ >> Anonymous:
ပိဋကသုံးပုံ ပါဠိတော် မူရင်းတွေမှာတော့ အရှင်ရာဟုလာနဲ့ ပတ်သက်တဲ့ ဟောကြားချက်များ၊ ဆုံးမချက်များ၊ အရှင်ရာဟုလာရဲ့ သိက္ခာသုံးပါး အကျင့်တရားကျင့်ပုံများ၊ ရာဟုလောဝါဒ သုတ္တန်များ စတဲ့အကြောင်းအရာတွေပဲ တွေ့ရပါတယ်။ မဟာဝဂ္ဂ သံယုတ်အဋ္ဌကထာ နှာ၊ ၂၄၆မှာတော့ အရှင်ရာဟုလာမထေရ် တာဝတိံသာ နတ်ပြည်တွင် ပရိနိဗ္ဗာန်ပြုကြောင်း ဖော်ပြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်သက်တော်၄၀ ဒါမှမဟုတ် ၅၀မပြည့်မီ ပရိနိဗ္ဗာန်ပြုတော်မူတာနဲ့ ပတ်သက်လို့ကတော့ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ခဲ့တဲ့ ပါရမီရှင်ကြီးတိုင်း ပစ္စုပ္ပန်ဘ၀မှာ လိုချင်သလို သက်တမ်းအတိုအရှည် မပြုကြပါဘူး။ အတိတ်ဘ၀ ပါရမီ ဖြည့်စဉ်ကာလ တစ်ခုခုမှာ အမှားပြုခဲ့တဲ့ ၀ဋ်အကျိုးပေး ရှိခဲ့မယ်ဆိုရင် အဲဒီ အကျိုးပေးအတိုင်း ပြုမူနေထိုင် သွားတတ်တာတွေ ရှိပါတယ်။ ဘုရားရှင်အပါအ၀င် အရှင်မဟာမောဂ္ဂလာန်စတဲ့ မထေရ်ကြီးများလည်း ဒီလိုပဲ ၀ဋ်ကြွေးအတိုင်း နောက်ဆုံးဘ၀မှာ ပေးဆပ်တော်မူသွားခဲ့ပါတယ်။ ဒါကြောင့် အရှင်ရာဟုလာမထေရ်အနေနဲ့ ငယ်ငယ်ရွယ်ရွယ် ပရိနိဗ္ဗာန်ပြုခြင်းဟာ ဒီအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

12 Feb 10, 09:52 PM
Soe Naing:
Phone Phone, Please explain me about ashin Sula Pan. If his elder brother, Ashin Maha Pan is also a arahat, why did he act lack of marcy upon other monk (his young brother)? Just being naive and not just be naive and not being a bright person is only his fate. Not his crime. Why did Ashin Mahapan do like that?
14 Feb 10, 02:49 AM
မနာပဒါယီ>>Soe Naing..:
စူဠပန္ထက မထေရ်ဟာ ကဿပမြတ်စွာဘုရားရှင်လက်ထက် ဉာဏ်ထိုင်းတဲ့ ရဟန်းတစ်ပါးကို ကဲ့ရဲ့ခဲ့မိတဲ့အတွက် ယခုဘ၀မှာ ဉာဏ်ပညာထိုင်းခဲ့ရပါတယ်။ ဒါကို အကိုဖြစ်တဲ့ မဟာပန္ထကက ဒီလောက်ဉာဏ်ထိုင်းနေရင် သာသနာတော်နဲ့ မတော်ဘူးဆိုပြီး နှင်ထုတ်ခဲ့ပါတယ်။ ဒီနေရာမှာ ရဟန္တာဖြစ်တဲ့ အစ်ကို ရဟန်းအနေနဲ့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ မလုပ်သင့်ဘူးလို့ တွေးစရာရှိပါတယ်။ စာပေမှာကတော့ အစ်ကိုရဟန်းဟာ ရဟန္တာဖြစ်ပေမယ့် စူဠပန္ထကရဲ့ အလိုအဇ္ဈာသယကို မသိသောကြောင့် ညီတော်ကို တရားထူး ရစေလိုတဲ့ စေတနာအားကြီးပြီး မရတဲ့အခါ အားမလို အားမရဖြစ်ကာ နှင်ထုတ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကလည်း အကယ်၍ ဒီလိုနှင်ထုတ်လိုက်တဲ့အတွက် မြတ်စွာဘုရားရှင်နဲ့တွေ့ကာ အခုလို တရားကမ္မဋ္ဌာန်းပြပေးမှုကို ရစေလိုလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သာဝကတွေဟာ ဘယ်လောက်ပဲ ဉာဏ်ပညာကြီးပါစေ ဘုရားရှင်တို့လောက် ဝေနေယျစ္ဆာသယကို မသိနိုင်ပါဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ကတော့ တရားမင်းဖြစ်တော်မူတဲ့အတွက် တရားတော်နဲ့ပတ်သက်ပြီး ဘယ်လိုပုဂ္ဂိုလ်ဟာ ဘယ်လိုတရားနဲ့ သင့်လျော်တယ်ဆိုတာ သိပြီး ဟောတော်မူနိုင်တဲ့အတွက် စူဠပန္ထကကိုလည်း ရဟန္တာအဖြစ် ရောက်စေတော်မူပါတယ်။

သေချာတာကတော့ မဟာပန္တကမထေရ်ဟာ ရဟန္တာဖြစ်နေတဲ့အတွက် ညီတော်နဲ့ပတ်သက်တဲ့ အလိုဆိုးကတော့ မရှိဘူးဆိုတာပါပဲ။ တရားအနှစ်ထူးကို ရစေလိုတဲ့ စေတနာအားကြီးတယ်ဆိုတာ သေချာပါတယ်။ မဟာပန္ထကမထေရ်ဟာ ဘုရားရှင်လောက် သတ္တ၀ါတွေရဲ့ အလိုဆန္ဒကို မသိဘူးနိုင်ဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် ဒီလို လုပ်ရပ်မျိုး လုပ်မိခဲ့ခြင်း ဖြစ်ပါတယ်။ စေတနာမပါတဲ့ လုပ်ရပ်ပါ။ အကယ်၍ စေတနာပါခဲ့တယ်ဆိုရင်လည်း ဘုရားရှင်ရဲ့ ဟောပြောမှုကြောင့် ညီတော် တရားရနိုင်တာကို သိတဲ့အတွက် ဘုရားရှင်နဲ့ ညီတော် တွေ့စေလိုတဲ့ စေတနာပါတယ်ဆိုတာ နားလည်ကြည်ညိုနိုင်ပါတယ်။

22 Feb 10, 10:54 PM
အောင်ကြီး:
ကုမာ၇ီ ဗြဟဟစရိယသီလအကြောင်း ရှင်းပြပါဘုရား။ အိမ်ထောင်မရှိတဲ့သူတွေ စောင့်လိုရတယ်ဆိုတာ ဟုတ်ပါသလားဘုရား…။
23 Feb 10, 05:04 AM
မနာပဒါယီ>>> အောင်ကြီး:
ကောမာရဗြဟ္မစရိယသီလလို့ ခေါ်ပါတယ်။ အိမ်ထောင်မရှိသူများ မေထုန်နဲ့ပတ်သက်ပြီး မကျင့်သုံးဘဲ တစ်သက်လုံး ဆောက်တည်သွားခြင်းမျိုးပါ။ ငါးပါးသီလမှာ ကာမေသုမိစ္ဆာစာရ အစား အဗြဟ္မစရိယနဲ့ အစားထိုးကျင့်သုံးတဲ့ သီလမျိုး ဖြစ်တဲ့အတွက် ပိုပြီးမြင့်မြတ်တယ်လို့ ဆိုပါတယ်။ သူတော်စင်တို့ စက်ဆုတ်ဖွယ် ယုတ်မာသော ကာမဂုဏ်မေထုန်အကျင့်ကို လူ့ဘ၀မှာပင် ကျေကျေနပ်နပ် ရှောင်ကြဉ်ဆောက်တည်တဲ့ ပါရမီရှင် သူတော်စင် အကျင့်လို့ဆိုပါတယ်။ ကောမာရဗြဟ္မစရိယဆိုတာ ငယ်သွေးငယ်မူ ဖြူစင်သူတို့ရဲ့ မြတ်သောအကျင့်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီသီလ တောင်းပုံကတော့ “အဟံ ဘန္တေ တိသရဏေန သဟ ကောမာရဗြဟ္မစရိယသီလံ ဓမ္မံယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ” (အရှင်ဘုရား တပည့်တော်အား သရဏဂုံးသုံးပါးနှင့်တကွ ကောမာရဗြဟ္မစရိယ သီလကို သနားစောင့်ရှောက် ချီးမြှောက်သဖြင့် ပေးသနားတော်မူပါ) လို့ တောင်းရပါတယ်။ အမျိုးသမီးဆိုရင် ကောမာရီဗြဟ္မစရိယသီလံလို့ အစားထိုးဆိုရုံပါပဲ။ ဒီလို သီလတောင်းပြီး ငါးပါးသီလ သိက္ခာပုဒ်ယူတဲ့အခါမှာ ကာမေသုမိစ္ဆာစာရ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ နေရာမှာ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိလို့ အစားထိုးဆိုရုံပါပဲ။ အမှန်တော့ ဒီကောမာရဗြဟ္မစရိယသီလဆိုတာ မေထုန်မှုမပြုတဲ့ ငါးပါးသီလပါပဲ။ သာမန်လူများ နေ့စဉ်စောင့်ထိန်းရမယ့် သီလမှာ မေထုန်နဲ့ပတ်သက်တဲ့အကျင့်ကို မြင့်မြတ်စွာ အထူးစောင့်ထိန်းခြင်းပဲ ဖြစ်ပါတယ်။ စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ...။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ