ခလုပ်ထိမှ အမိတကြမယ်ဆိုရင်…

ခလုပ်ထိမှ အမိတ နေသူများကို တွေ့ရတိုင်း ခလုပ်မထိခင် တ,ကြရင် မကောင်းဘူးလားလို့ ကလေးကလား အတွေးပွားမိပါတယ်။ ပုထုဇင်တွေရဲ့ သဘာဝအတိုင်း သတ္တ၀ါတွေဟာ ဆင်းရဲဒုက္ခ မရောက်သေးရင်၊ ဘေးဒုက္ခမကြုံသေးရင် အားကိုးရာကို မရှာတတ်ကြသေးပါဘူး။ ဒုက္ခတွေကြုံ ဆင်းရဲတွေစုံမှပဲ ကယ်တင်ရှင်ကို ရှာတတ်ကြပါတယ်။ အရှင်းပြောရရင် သေဘေးနဲ့ကြုံကာ သေရတော့မယ်ဆိုမှ အသေကောင်းအောင် လုပ်ချင်တတ်ကြပါတယ်။ အားရှိနေတုန်း၊ အချိန်ရှိတုန်း၊ လုပ်နိုင်နေတုန်း ကြိုးစားရဖွေရမှာကို ဘေးဒုက္ခကြုံမှ ရှာနေကြတော့ အားအင်ကုန်ခမ်းပြီး အားကိုရာက မစွမ်းဖြစ်တတ်ကြပါတယ်။ မရတော့မှ အားကိုးရှာတော့ ရှာသလို မရ၊ တ,သလိုမရ ဖြစ်ကုန်ပါတယ်။ ဒါကြောင့် ရှာတယ်၊ တ,တယ်ဆိုတာကလည်း ရှာလို့ရချိန်၊ တ,လို့ရချိန်၊ ရှာနိုင်တ,နိုင်ချိန်မှာ ရှာတာ၊ တ,တာကောင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ မြန်မာစကားပုံအတိုင်း ပြောရရင်တော့ ခလုပ်ထိမှ အမိတမနေဘဲ ခလုပ်မထိခင် အမိတတာက ပိုကောင်းပါတယ်ပေါ့။

“သတ္တ၀ါတွေဟာ ဘေးဖြစ်မှပဲ ကိုးကွယ်ရာကို ရှာတတ်ကြတယ်”လို့ ဆိုသလိုပဲ သူသူကိုယ်ကိုယ် သေဘေးနဲ့ မကြုံသေးရင် မကြောက်တတ်ကြပါဘူး။ တကယ့်ကို ကိုယ်ကိုယ်တိုင် သေရတော့မယ်ဆိုတာကို မသိသေးရင် ဘယ်သူတွေ ဘာပဲပြောပြော ဘယ်လောက်ပဲ ဆုံးမဆုံးမ မလိုက်နာကြ၊ မဆင်ခြင်ကြပါဘူး။ သူတော်ကောင်းများ၊ အတွေ့အကြုံရှိသူများက မကောင်းတဲ့လုပ်ရပ်များ၊ မကောင်းတဲ့ အနေအထိုင်၊ အပြောအဆိုများကို ဆင်ခြင်ကာ ကောင်းတာတွေနဲ့နေဖို့ ဘယ်လောက်ပဲပြောပြော၊ ဘ၀ရဲ့ အားကိုရာကိုရှာဖို့ ဘယ်လိုပဲ ဆုံးမဆုံးမ တကယ်လက်တွေ့ သေရလောက်မယ့် အဖြစ်မျိုးနဲ့ မကြုံသေးရင် ကိုယ်လုပ်နေတဲ့ မကောင်းတဲ့ အလုပ်တွေ အပေါ်မှာ မရှောင်ကြဉ်ကြ၊ မဆင်ခြင်ကြသေးပါဘူး။ ဘုန်းဘုန်းကိုယ်တိုင်လည်း အသောက်အစား၊ အလောင်းအစား လုပ်နေကြတဲ့သူတွေကို တွေ့တိုင်း မလုပ်ကြဖို့၊ ရှောင်ကြဉ်ကြဖို့ ပြောဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့ကတော့ သေလုမျောပါး မဖြစ်သေးလို့လား မသိဘူး သောက်မြဲ ကစားနေကြမြဲပါပဲ။ သူတို့ရှေ့မှာ ဒီအသောက်အစား၊ အလောင်းအစားတွေကြောင့် ဒုက္ခဖြစ်သွားကြတဲ့ သူတွေကို တွေ့နေရပေမယ့် ကိုယ်ကိုယ်တိုင် အဆိုးဆုံး မဖြစ်သေးလို့နဲ့တူတယ် မရှောင်ကြဉ်ကြပါဘူး။ တစ်ခါတစ်လေ ကိုယ့်ကိုယ်တိုင်တောင် သူတို့တွေကို ပြောဆိုဆုံးမပေးဖို့ အားလျော့လာပါတယ်။ သူတို့ကိုယ်တိုင် မရှောင်ကြတော့ ကြာရင်ပြောတဲ့သူတောင် အပြစ်ဖြစ်လာနိုင်ပါတယ်။ ကိုယ်အပြစ်ဖြစ်တာထက် သူတို့ပါ အပြစ်ဖြစ်လာမှာကို စိုးမိပါတယ်။ ကွယ်ရာမှာ နောက်သလို ပြောင်သလိုပြောကြရင်း ကာယကံ၊ ၀စီကံ၊ မနောကံ အပြစ်တွေ ဖြစ်မှာစိုးမိပါတယ်။ ဘာပဲဖြစ်ဖြစ် ရသလောက်တော့ ပြောဆိုဆုံးမကြည့်ရမှာပါပဲလို့ အားတင်းထားရပါတယ်။

ထားပါတော့။ ပြောချင်တာက ပုထုဇင်တွေဟာ မကောင်းတဲ့အလုပ်၊ မကောင်းတဲ့အကျင့်တွေကို ကိုယ်ကိုယ်တိုင် လုပ်နေကျင့်နေတယ်ဆိုတာ သိကြပေမယ့် ဒီလုပ်ရပ်တွေကြောင့် သေလုမျောပါးဖြစ်တဲ့အထိ ဆင်းရဲဒုက္ခ မတွေ့ကြသေးရင် ရှောင်ကြဉ်ကြဖို့ တော်တော်ခဲရင်းတယ် ဆိုတဲ့အချက်ပါပဲ။ ကိုယ်ကိုယ်တိုင် သေရမယ့်အထိ ခလုပ်မထိသေးရင် ဘ၀ရဲ့ အမိသဖွယ်ဖြစ်တဲ့ အားကိုရာအမှန်ကို မရှာကြ၊ မတ,ကြသေးဘူးဆိုတာပါ။ တစ်ခါတစ်လေ သေရတော့မယ်ဆိုတာသိလို့ ကုသိုလ်ကောင်းမှုတွေ၊ တရားဘာဝနာ အားထုတ်မှုတွေ လုပ်နေတဲ့သူတွေတောင် တရားအရှိန်ကြောင့် အခုချက်ချင်း မသေတော့ဘူးဆိုတဲ့ အခါ “ငါမသေနိုင်သေးပါဘူး”ဆိုပြီး အားထုတ်မြဲအကျင့်၊ ပြုလုပ်မြဲ အလုပ်တွေကို လျော့ပစ်တတ်ကြပါသေးတယ်။ အချိန်အကန့်အသတ်ပဲ နေရတော့မယ့် ရောဂါကို ခံစားရမှပဲ အားကိုရာ ဘာသာတရားကို ဖိလုပ်ဖြစ်ရာမှ ဒီရောဂါက သက်သာလာပြီး ထင်သလို သတ်မှတ်ချိန်မှာ မသေတော့ဘူးဆိုတဲ့ အခါ ဘာသာတရား အားထုတ်မှုကို လျော့ချတတ်ကြပါတယ်။

အသိဒကာမလေး တစ်ယောက်က သူ့ကိုယ်တွေ့ကို ပြောဖူးပါတယ်။ သူ့မှာ သေရတော့မယ့် ကင်ဆာရောဂါ တစ်ခုဖြစ်တဲ့အကြောင်း၊ သေရမယ်ဆိုတာသိတော့ အရမ်းကို ကြောက်သွားပြီး ရိပ်သာမှာ ကြိုးစားပမ်းစား တရားအလုပ် အားထုတ်ဖြစ်ကြောင်း၊ နောက်တော့ အဲဒီကင်ဆာ ရောဂါဟာ ဆေးအရှိန်တွေရော တရားအရှိန်တွေကြောင့် ထင်ပါတယ် မပြန့်ပွားတော့ပဲ ဒီကင်ဆာကြောင့် မသေရတော့ဘူးဆိုတာ သိရတော့ လုပ်နေကြ တရားအလုပ်အပေါ် စိတ်မပါဖြစ်လာပြီး အရှိန်တွေ လျော့လာဖူးကြောင်း၊ ချက်ချင်းပဲ သေရတော့မလို ဖြစ်တုန်းက ဘာသာတရားအလုပ်ကို အားကိုးတကြီးနဲ့ ရှာခဲ့ပေမယ့် ဒီရောဂါက ဆက်ပြီးမပြန့် ပွားတော့ဘူးဆိုတော့ တရားအားထုတ်မှုမှာ အားလျော့လာပြီး သေရမှာကို မေ့လာမိကြောင်း စသဖြင့် သူ့ရဲ့ကိုယ်တွေ့ခံစားချက်ကို ပြောပြဖူးပါတယ်။ ဟုတ်ပါတယ်။ ပုထုဇင်တွေရဲ့ စိတ်အစဉ်ဟာ ဒီလိုပါပဲ တကယ် သေလုမျောပါး မဖြစ်သေးရင် မကြောက်ကြသေးပါဘူး။

ဒကာမလေးရဲ့ ကိုယ်တွေ့လေးကို နားထောင်ပြီး သေခြင်းတရားရဲ့ ကြောက်စရာကောင်းပုံကို ကောင်းကောင်းသဘော ပေါက်သွားပြီး လွတ်မြောက်ရာကို ရှာသွားခဲ့သူ၊ ခလုပ်မထိခင် အမိတသွားခဲ့သူ တစ်ယောက်အကြောင်း သတိရမိလိုက်ပါတယ်။ သူကတော့ ဗုဒ္ဓဘာသာ သမိုင်းမှာ အလွန်ထင်ရှားတဲ့ အသောကခေါ် သိရီဓမ္မာသောကမင်းကြီးရဲ့ ညီတော် တိဿပဲ ဖြစ်ပါတယ်။ ညီတော်တိဿဟာ အသောကမင်းကြီးရဲ့ သာသနာအပေါ် ချီးမြှောက်မှုတွေ၊ ရဟန်းသံဃာတော်များကို လိုလေသေးမရှိ လှူဒါန်းထောက်ပံ့မှုတွေကို ကြည့်ပြီး “အင်း… သံဃာတော်များနယ် တယ်ဇိမ်ကျလှပါလား၊ စာဖို့းသောက်ဖို့ ၀တ်ဖို့အတွက် မပူရတဲ့အပြင် အကောင်းစားတွေပဲ သုံးဆောင်နေရတော့ စည်းစိမ်ယဇ်နေကြမှာပဲ…” စသဖြင့် မကြားတကြား ရွဲ့သလို စောင်းသလို ရေရွတ်တယ်လို့ ဆိုပါတယ်။ ဒီစကားကို အသောက မင်းကြီးကြားတော့ သူ့ညီကို ခေါ်ပြီး “ကဲ…ညီတော် မင်းကို ဒီနေ့ကစပြီး ရှင်ဘုရင် ရာထူး (၇)ရက်ပေးမယ်၊ ဘုရင်အဖြစ်နဲ့ မင်းကြိုက်သလို တိုင်းပြည်အုပ်ချုပ်ပြီး မင်းစည်းစိမ်ကို ခံစားပါ၊ ဒါပေမယ့် (၇)ရက်ပြည့်ပြီးရင်တော့ မင်းကိုသတ်မယ်…”ဆိုပြီး မင်းရာထူး၊ စည်းစိမ်ကို ပေးလိုက်ပါတယ်။ ညီတော် တိဿဟာ ရှင်ဘုရင်အဖြစ်နဲ့ မင်းစည်းစိမ်တွေကို ရရှိခံစားနေရပေမယ့် (၇) ရက်ပြည့်ပြီးရင် သတ်မယ်ဆိုတဲ့ သေခြင်းတရားက ရှိနေလေတော့ ဒီစည်းစိမ်ဥစ္စာတွေ အပေါ်မှာ မခံစားနိုင်၊ မပျော်ပိုက်နိုင်ပါဘူးတဲ့။ တစ်ရက်ကုန်မှာကို ကြောက်နေပါတော့တယ်တဲ့။ သေရတော့မယ်ဆိုတဲ့ အသိက သူ့ကိုအကြောက်တရားတွေနဲ့ လွှမ်းမိုးထားတဲ့အတွက် ဘာကိုမှ မခံစားချင်တော့ဘူးတဲ့လေ။ ဒီတော့မှ အသောကမင်းကြီးက သူ့ညီကို “လွတ်မြောက်ရာ၊ သေခြင်းကင်းရာကို ရှာနေကြတဲ့ ဒီသာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များဆိုတာ သေခြင်းတရားကို အမြဲနှလုံးသွင်း ဆင်ခြင်နေတဲ့အတွက် မင်းပြောသလို စည်းစိမ်ဥစ္စာတွေမှာ ဇိမ်မယဇ်နိုင်တဲ့အကြောင်း” ပြောဆိုဆုံးမလိုက်ပါတယ်။ နောက်ဆုံး ညီတော်တိဿဟာ လောကီစည်းစိမ်တွေ ပစ်ပြီး သာသနာ့ဘောင်သို့ အပြီးဝင်ရောက်သွားပါတော့တယ်။ မှန်ပါတယ်။ ညီတော်တိဿရဲ့ အဖြစ်ဟာ စည်းစိမ်ဥစ္စာတွေ ဘယ်လောက်ပဲရှိရှိ သေရမယ်ဆိုတဲ့ အသိကရှိနေတော့ မပျော်နိုင်မပါးနိုင်တဲ့ အဖြစ်ပါ။ သူဟာ သေခြင်းတရားကို ကောင်းစွာသဘော ပေါက်သွားသူ၊ ခလုပ်မထိခင် အမိတသူတစ်ယောက် ဖြစ်ခဲ့သူပါ။

တကယ်တော့ သေခြင်းတရားဟာ ဆင်ခြင်ကြည့်ရင် တော်တော်ကြောက်စရာ ကောင်းပါတယ်။ ပုထုဇင်မှန်သမျှ သေရမှာ ကြောက်ကြပါတယ်။ ဒါပေမယ့် မသိမှု အ၀ိဇ္ဇာအားကြီးတဲ့ သူတွေကတော့ ဒီသေခြင်းတရားကို မေ့နေတတ်ကြပါတယ်။ နေ့စဉ်သွားလာ လှုပ်ရှားနေပေမယ့် ကိုယ့်ကိုယ်ကို မသေတော့မယ့် သူတွေလိုပါပဲ။ ပေါ့ပေါ့နေ ပေါ့ပေါ့စားကို ဖြစ်နေကြပါတယ်။ ဆိုးတာက တိုးတက်လှတဲ့ ရုပ်ပိုင်းဆိုင်ရာ နောက်ကိုလိုက်ပြီး စိတ်အလို လိုက်မိနေကြတာတွေပါ။ ကိုယ်ကျင့်တရားတွေ ပျက်ပြားပြီး မကောင်းမှု ဒုစရိုက်များနဲ့ ပျော်မွေ့နေကြပါတယ်။ သေခြင်းတရားကို လက်တွေ့မခံစားရသေးတော့ သေရမှာကိုမေ့ပြီး ဖြစ်သမျှအခြေအနေနဲ့ ရသမျှ အနေအထားလေးတွေမှာ နစ်မွန်းနေပါတယ်။ ဒီလိုနေရင်း ရုတ်တရက် သေရမယ့် ဘေးနဲ့ကြုံတဲ့အခါကျတော့မှ ဟိုတဒီတ ဟိုအားကိုးရှာ ဒီအားကိုးရှာတွေ လုပ်ကုန်ကြပါတယ်။ ဒါပေမယ့် အချိန်ရှိတုန်း၊ လုပ်အားရှိတုန်း၊ လုပ်နိုင်နေတုန်း အားကိုးရာကို မရှာမိဘဲ အားအင်ကုန်ခမ်း သေးမယ့်လမ်းရောက်မှ ရှာကြတော့ နောက်ကျကုန်တော့တာပေါ့။ အမိတတယ်ဆိုရင်လည်း ခလုပ်ထိမှ တမနေဘဲ ခလုပ်မထိခင် တမှ အကျိုးရှိပြီး အားပြည့်အင်ပြည့် ကယ်နိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောလိုတာက ကိုယ့်ကိုယ်ကို အသိဝင်ကြဖို့ပါ။ ခလုပ်ထိအောင် စောင့်မနေကြဘဲ ခလုပ်မထိခင် ပြင်ဆင်ကြဖို့ပါ။ အမိတ,ချင်ရင် အမိက မ,နိုင်ချိန်မှာ တ,နိုင်အောင် ကြိုးစားကြဖို့ပါ။ ခလုပ်ဆိုတာ သွားရင်းလာရင်းနဲ့လည်း အသွားမတော်ရင် အချိန်မရွေး ထိနိုင်တဲ့အတွက် သွားရင်းသွားရင်း အမိမကယ်နိုင်တဲ့ အဝေးရောက်မှ ခလုပ်ထိလို့ အမိတ,မယ်ဆိုရင် အမိလည်း မမ,နိုင်ပါဘူး။ ကိုယ်ထူကိုယ်ထ ဆိုသလို ကိုယ်ထူပြီး ကိုယ်ထမှ ဖြစ်မှာပါ။ အဓိကကတော့ ထိမှတ,တာထက် မထိခင် ကြိုတင်ပြီး မထိအောင် သတိပြုဆင်ခြင်တာက ပိုကောင်းပါတယ်။ သတိထားပြီးနေလို့မှ ခလုပ်ထိလာရင်လည်း ကိုယ်က ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်တဲ့အတွက် သက်သောင့်သက်သာဖြစ်အောင် ကုသလို့ ရပါတယ်။ ဒီလိုပါပဲ လူ့လောကမှာ သွားလာလှုပ်ရှားနေကြတဲ့ လောကသများအနေနဲ့ ခလုပ်ဆိုတဲ့ ဆင်းရဲဒုက္ခ၊ ဘေးဒုက္ခ၊ သေခြင်းဒုက္ခရောက်လာမှ အားကိုးရာကို ရှာကြတကြတာထက် ဒီအရာတွေ မရောက်လာခင် ကြိုတင်ပြီးတော့ ကိုယ့်ကိုယ်ကို ပြင်ဆင်တဲ့အနေနဲ့ မကောင်းတဲ့အကျင့်စရိုက်တွေ၊ လုပ်ရပ်တွေကို ရှောင်ကြဉ်ပြီး ကောင်းတာတွေနဲ့ ကာကွယ်ပြင်ဆင်ထားနိုင်အောင် ကြိုးစားတာက ပိုပြီးကောင်းပါတယ်။ ဘေးဒုက္ခကြုံ၊ သေခြင်းနဲ့ကြုံမှ ကိုးကွယ်ရာကို ရှာတာထက် မလာခင် ဆင်ခြင်တာက ပိုပြီးလက်တွေ့ကျကာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားချိန်မှာ ရောက်လာလည်းပဲ အဆင်သင့် ခုခံကာကွယ်နိုင်ပါတယ်။ သေခြင်းတရားကို ရဲရဲ့ ရင်ဆိုင်နိုင်ပါတယ်။

ဒါကြောင့် ရခဲတဲ့ဘ၀ကို ရရှိထားကြတဲ့ အမြင့်ဆုံး လူသားများအနေနဲ့ အသက်ရှင်စဲအခိုက်မှာ နေချင်သလိုနေ ဖြစ်ချင်သလို ဖြစ်ပြီး သေခါနီးမှ သံသရာ ဘ၀ကူးကောင်းရေးအတွက် အားကိုးရာကို ရှာသလိုမျိုး၊ လောကစကားနဲ့ ပြောရရင် ခလုပ်ထိမှ အမိတတာမျိုး မဖြစ်ကြစေဘဲ ဒီဒုက္ခဆင်းရဲတွေ ရောက်မလာခင်၊ ခလုပ်မထိခင် ကိုယ်ထူကိုယ်ထတဲ့ ပုံစံမျိုးနဲ့ မကောင်းတဲ့ အကျင့်စရိုက်များကို သတိပြုဆင်ခြင်ကာ ကောင်းတဲ့အကျင့် စရိုက်များနဲ့သာ အချိန်ရှိတုန်း၊ အခွင့်သာတုန်း၊ လုပ်နိုင်နေတုန်း ကြိုးစားကြဖို့၊ ခလုပ်ထိမှ အမိမတကြဘဲ ခလုပ်မထိခင် အမိအရ အသိရှိကြဖို့၊ ခလုပ်ထိတဲ့အခါလည်း မကြောက်မရွံ့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားကြဖို့ အထူးတိုက်တွန်းလိုက်ရ ပါတော့တယ်…။ အားလုံး ခလုပ်ထိမှ အမိတကြတဲ့ အဖြစ်မျိုးမှ ကင်းလွှတ်ကြပါစေ…

Read more »

နဲနဲလေးတော့ လွဲနေတယ် (၃)...

ဂြိုဟ်တိုင်များနဲ့ ဗုဒ္ဓဘာသာ…
လွဲနေတာလေးတွေ ပြောရင်းနဲ့ နောက်ထပ်အလွဲတစ်ခု ပြောစရာ ပေါ်လာပြန်ပါတယ်။ အဲဒါက စေတီပုထိုးများနဲ့ ဂြိုဟ်တိုင်များကိစ္စ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားတယ်၊ ဘုရားသွားတယ်နဲ့ တကယ်တော့ ဘုရားသွားပြီး ဘုရားအာရုံပြု ရှိခိုးကြတာထက် ဘုရားရောက်ရောက်ချင်း ဂြိုဟ်တိုင်လိုက်ရှာ နေကြတာတွေပါ။ ကိုယ်မွေးတဲ့ မွေးနေ့အလိုက် လုပ်ထားတဲ့ ဂြိုဟ်တိုင်တွေမှာ သွားပြီးဘုရားကို ရေသွားပက်ကြတာ၊ ခေါင်းပေါ်ကနေ ရေလောင်းပေးကြတာ၊ အမွေးတိုင်း၊ ဖယောင်တိုင်းအစည်းလိုက် မီးရှို့ပြီး ဘုရားကို မီးတိုက်ကြတာတွေဟာ ရုပ်ပွားဆင်းတုတော် ဖြစ်တဲ့ဘုရားက ဘာမှ မပြောပေမယ့် သက်ရှိသူတစ်ယောက်သာ ဆိုရင် ထရိုက်လိုက်မှာ အမှန်ပါပဲ။

ဘုန်းဘုန်းတို့ကျောင်းက အိမ်တော်ရာ ဘုရားဝင်းထဲမှာ ရှိတော့ ဘုရားလာဖူးတဲ့ သူတွေရဲ့ လုပ်ဆောင်ချက်တွေကို တွေ့မြင်နေရပါတယ်။ တွေ့ရုံတင်မဟုတ်ပါဘူး။ ဘုန်းဘုန်းကိုယ်တိုင် ဦးဆောင်ဖွဲ့ပေးထားတဲ့ ဗုဒ္ဓဟူးဝတ်အသင်းက ဗုဒ္ဓဟူးနေ့ မနက်တိုင်း သန့်ရှင်းရေး လုပ်ကြတဲ့ အခါမှာ အသင်းဝင်အချို့ရဲ့ ဂြိုဟ်တိုင်နားက မခွါနိုင်တာတွေကိုလည်း သတိထားမိပါတယ်။ တံမြက်လှဲ၊ ဘုရားပန်းလဲ၊ ရင်ပြင်သန့်ရှင်းရေးတွေ အားလုံးလုပ်ပြီး ကိုယ့်ဂြိုဟ်တိုင် ကိုယ်သွားကာ ဆောင်းတွင်းမနက် စောစောစီးစီး ဘုရားကို ခေါင်းပေါ်ကနေလောင်းလို့ သက်စေ့ရေပက် နေတာတွေကြောင့် သူတို့ကို ပြောပြရပါသေးတယ်။ ကိုယ်ကိုယ်တိုင် ဆောင်းတွင်းကြီးမှာ ခေါင်းပေါ်ကနေ ရေလောင်းကြည့်ပါလားလို့…။ လွဲနေတာတွေပါ။

ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားကြတယ်ဆိုရင် ဘုရားရင်ပြင်တော်မှာ ရှိတဲ့ စနေ၊ တနင်္ဂနွေ၊ တနင်္လာစတဲ့ ဆိုင်ရာနေ့နံတွေကို အရောက်သွားကာ ဂြိုဟ်တိုင်မှာရှိတဲ့ ဘုရားရုပ်ပွားနဲ့ ရုပ်ပွားတော်အောက်က နဂါး၊ ဂဠုံ၊ ကျားစတဲ့ သတ္တ၀ါတွေကို အဓိကသွားပြီး သက်စေ့ရေလောင်းနေကြတာ တွေ့ဖူးကြမှာပါ။ ကိုယ်ကိုယ်တိုင်လည်း အဲဒီအထဲမှာ ပါရင်ပါနေကြမှာပါ။ ပြောတော့ ဘုရားကို သက်စေ့ရေလှူတာတဲ့။ နောက်ဆုံးတော့ ဗေဒင်ဆရာစကားအတိုင်း လိုက်လုပ်နေကြတာတွေပါ။ ဘုရားကို ရေလှူချင်တယ်၊ ရေသပ်ပယ်ချင်တယ် ဆိုရင်လည်း သက်စေ့တွေ ဘာတွေလုပ်မနေနဲ့ပေါ့။ နေ့နံတွေ ဘာတွေရွေး မနေနဲ့ပေါ့။ သင့်လျော်တဲ့ ရုပ်ပွားဆင်းတုတော်ကို သေသေချာချာ ကျကျနန သန့်သန့်ရှင်းရှင်းလုပ်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကို အာရုံပြုလို့ အပူအအေး သင့်မြတ်တဲ့အချိန်တွေမှာ ရေသပ္ပါယ်သင့်တာပေါ့။ မီးပူဇော်တာလည်း ဒီအတိုင်းပါပဲ။ ဘုရားမီးပူဇော်တယ် ဆိုရင်လည်း ဖယောင်းတိုင် သက်စေ့တွေ ဘာတွေလုပ်မနေနဲ့ ဘုရားရှင်ကို မီးမြိုက်သလို မဖြစ်အောင် ခပ်ဝေးဝေးကနေ ထွန်းညှိပူဇော်ကြပေါ့။ မီးပူဇော်တယ်ဆိုတာ အမှောင်ကျတဲ့အချိန်မှာ ဘုရားကို အလင်းရအောင် ညဘက်ပူဇော်တာဖြစ်ပါတယ်။ ခုတော့ နေ့ခင်းကြောင်တောင်ကြီးလည်း ဘုရားရှေ့နားမှာ ဖယောင်းတိုင်တွေ သက်စေ့ထွန်းပြီး လှူထားတာဟာ မီးပူဇော်တာနဲ့ မတူဘဲ နေ့ခင်းကြောင်တောင် ဘုရားကို မီးတိုက်သလို ဖြစ်နေပါတယ်။ ကိုယ်ကိုယ်တိုင် မီးအပူခံကြည့်ဖို့တောင် လိုနေပါပြီ။ ဒါကြောင့် ဗုဒ္ဓဘာသာတွေ ဘုရားပျောက်နေကြတယ်လို့ တစ်ချို့က ပြောကြတာ ဖြစ်မှာပါ။

ဟုတ်သင့်သလောက်လည်း ဟုတ်နေပါတယ်။ ရွှေတိဂုံဘုရားသွားပြီး ဘုရားစေတီမှာ ဌပနာထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဓာတ်တော်ကို အာရုံပြု၊ ဘုရားဂုဏ်ကို နှလုံးသားမှာတည်ကာ ဘုရားရှိခိုး ပူဇော်ရမယ့်အစား ဂြိုဟ်တိုင်သွားပြီး ရေလောင်း၊ မီးတိုက်နေကြတော့ ဘုရားသွားတဲ့ အဓိပ္ပါယ်ပျောက်ကာ ဘုရားသွားပြီး ဘုရားမမြင်ကြတဲ့ သူတွေလို့ ပြောစရာ ဖြစ်ကုန်ပါတော့တယ်။ ဘုရားသွားဖူးတာ မဟုတ်ဘဲ ဘုရားကို အလည်သွားသလို ဖြစ်နေပါတယ်။ ဖြစ်သင့်တာက ဘုရားစေတီ သွားရင်လည်း သင့်လျော်တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရွေးချယ်၊ ဘုရားရုပ်ပွားတော် ဒါမှမဟုတ် စေတီတော်ကို မှန်းကာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ လွှမ်းခြံပြီး ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ၊ တရားထိုင်တာတွေ လုပ်သင့်ပါတယ်။ ဘုရားကို ရေပူဇော်ချင်တယ်၊ မီးပူဇော်ချင်တယ်ဆိုရင်လည်း အပူအအေးမျှတဲ့အခါ၊ အမှောင်ရှိတဲ့အခါမျိုးမှာ သက်တော်ထင်ရှား ဘုရားရှင်ကို ရေသပ်ပယ်ပေးနေသလို၊ ညအမှောင်မှာ ဘုရားရှင်ကို အလင်းဓာတ်နဲ့ ပူဇော်သလို၊ အနံ့အသက်ကောင်းအောင် အမွေးတိုင်နဲ့ ပူဇော်သလို စေတနာအပြည့်နဲ့ ရိုရိုသေသေ လေးလေးစားစား ပြုစုပူဇော်သင့်ပါတယ်။ ဒါမှ ဘုရားသွားခြင်းရဲ့ အဓိပ္ပါယ်ပြည့်ဝပြီး ဂြိုဟ်တိုင်များက ခွါနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာများအနေနဲ့ ဘာသာရေးကို လောကီရေးတွေနဲ့ မရောယှက်ရအောင် လောကီဆရာတွေ အလိုကျ လုပ်မိနေတတ်တဲ့ “ဘုရားအကြောင်းပြကာ ဂြိုဟ်တိုင်များမှာ သွားပြီး စောစောစီးစီး ဆောင်းတွင်းကြီးမှာ ဆင်းတုတော်ကို ရေလောင်းတာတို့၊ နေ့လယ်နေ့ခင်း ဘုရားရှင်ကို မီးတိုက်တာတို့ မလုပ်ကြဘဲ ပုံတော်ကိုမှန်း ဂုဏ်တော်လွှမ်းကာ ရုပ်ပွားဆင်းတုတော်ကို အပူအအေးကင်းတဲ့ အချိန်မှာ သေသေချာချာ ကျကျနန ရေသပ္ပါယ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ အမှောင်ကိုခွင်းဖို့ လိုအပ်တဲ့အချိန်မှာ မီးထွန်းပူဇော်ခြင်း စသည်တို့ကို ပြုခြင်းဖြင့်သာ ဂြိုဟ်တိုင်များက ခွါပြီး ဘုရားသွားခြင်းရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ သက်ရောက်အောင်သာ ကြိုးစားလုပ်ဆောင် သင့်ပါကြောင်း” အလွဲလေးများကို ထောက်ပြရင်း အမှန်းလမ်းကို ကောက်ပြလိုက်ပါတယ်။

Read more »

အနိုင်အရှုံး…

ယနေ့ခေတ်သည် ပြိုင်ဆိုင်မှုများ အလွန်ပြင်းထန်သည့် ခေတ်ဖြစ်၏။ အောင်မြင်လိုမှု အနိုင်ရလိုမှု ပြင်းထန်သည့် ခေတ်ဖြစ်၏။ သို့ဖြစ်၍လည်း အမျိုးမျိုးသော ပြိုင်ပွဲများကို ဖန်တီးကာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြခြင်းဖြစ်၏။ ပြိုင်ပွဲကျင်းပ၍ ယှဉ်ပြိုင်ကြပြီ ဆိုကတည်းက အနိုင်အရှုံး အဆုံးအဖြတ် သိလို၍ဖြစ်၏။ ယှဉ်ပြိုင်မှုပြုကြသည်မှာ အဖြေတစ်ခုကို တိတိကျကျ ဖော်ထုတ်လို၍ဖြစ်၏။ အနိုင် သို့မဟုတ် အရှုံး တစ်ခုခု သိလို၍ ဖြစ်၏။ မည်သည့် ပြိုင်ပွဲမဆို ထွက်ပေါ်လာသည့် အဖြေကား တစ်ခုတည်းသာ ဖြစ်၏။ အနိုင် သို့မဟုတ် အရှုံးသာ ဖြစ်၏။ သရေဖြစ်နေလျင် ပြိုင်ပွဲ၏ အဆုံးမဟုတ်သေးဘဲ ဆက်လက်ယှဉ်ပြိုင်ရန် လိုအပ်သည့် သဘောဖြစ်၏။ သတ္တ၀ါတို့၏ သဘောကား ပြိုင်ဆိုင်မှု ပြုလာလျှင် မိမိကသာ အနိုင်ရလိုကြ၏။ မိမိမဟုတ်လျှင် မိမိနှင့် နီးစပ်ပတ်သက်ရာကို အနိုင်ရစေလိုကြ၏။ အမျိုးချင်းယှဉ်လာလျှင် မိမိအမျိုး၊ ဆရာချင်းယှဉ်လာလျှင် မိမိဆရာ၊ တပည့်ချင်းယှဉ်လာလျှင် မိမိတပည့်၊ ရပ်ကွက်ချင်း ယှဉ်လာလျှင် မိမိရပ်ကွက်၊ မြို့ရွာချင်း ယှဉ်လာလျှင် မိမိမြို့ရွာ၊ တိုင်းနှင့်ပြည်နယ်ချင်း ယှဉ်လာလျှင် မိမိတိုင်းနှင့်ပြည်နယ်၊ နိုင်ငံချင်း ယှဉ်လာလျှင် မိမိနိုင်ငံ၊ မိမိနိုင်ငံ မပါလျှင် မိမိနှင့်အိမ်နီးချင်းနိုင်ငံ၊ မိမိနှင့် ကိုးကွယ်ရာ၊ ယှဉ်ကျေးမှုတူရာ အုပ်စုတူရာ စသည်ဖြင့် မိမိနှင့် ပတ်သက်ဆက်နွယ်ရာကို အနိုင်ရစေလိုကြ၏။ ယုတ်စွအဆုံး ခွေးချင်းကိုက်လျှင်ပင် မိမိအိမ်က ခွေးအနိုင်ရမှ ကြိုက်ကြ၏။ ဤသည်မှာ သတ္တ၀ါတို့၏ ငါစွဲအတ္တစွဲများကြောင့်ပင် ဖြစ်၏။ ဤသို့သာ ပြိုင်ဆိုင်နေကြလျှင် အနိုင်အရှုံးသည် အဆုံးမရှိ ဖြစ်နေကြမည်သာ ဖြစ်၏။

စင်စစ် မည်သည့်ပြိုင်ဆိုင်မှုကို ပြုသည်ဖြစ်စေ အနိုင်နှင့် အရှုံးနှစ်ခုလုံးသည် ကောင်းသည့်လက္ခဏာ မဟုတ်ပေ။ မိမိတို့၏ အတ္တစွဲကြောင့် ပြိုင်ဆိုင်မှုများတွင် အနိုင်ရလိုကြသော်လည်း အနိုင်ရသူသည် ရန်သူတိုးပွားကာ ထာဝရစိတ်ချမ်းသာမှုကို မရနိုင်သကဲ့သို့ ရှုံးချင်၍ ရှုံးခြင်းမဟုတ်သဖြင့် ရှုံးနိမ့်သူသည်လည်း ဆင်းရဲဒုက္ခပွားကာ စိတ်ဆင်းရဲမည်သာ ဖြစ်၏။ အရင်းစစ်လျှင် အခြားသူများနှင့် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများ၏ ရလာဘ်သည် အနိုင်ဖြစ်စေ အရှုံးဖြစ်စေ မည်သည့်ရလာဘ်မျှ မကောင်းလှပေ။ အကောင်းဆုံးကား မိမိကိုယ်ကို အနိုင်ရခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။ ဤစကားသည် မြတ်ဗုဒ္ဓ၏ စကားဖြစ်၏။ ဗုဒ္ဓက “အနိုင်ရသူသည် ရန်ကိုပွားစေ၏။ ရှုံးသောသူသည် ဆင်းရဲစွာ နေရ၏။ ကိလေသာ ငြိမ်းပြီးသောသူသည် အနိုင်အရှုံးကို စွန့်၍ ချမ်းသာစွာ နေရ၏။” (ဓမ္မပဒ၊ ကောသလရညော ပဇာယ၀တ္ထု) ဟု မိန့်တော်မူ၏။ ပြိုင်ဆိုင်မှုများ၏ အဖြေဖြစ်သည့် အနိုင်အရှုံးတွင် အနိုင်ရသူသည် ရန်ပွားစေပြီး၊ ရှုံးနိမ့်သူသည် ဆင်းရဲစွာ နေရသဖြင့် အခြားသူများနှင့် ပြိုင်ဆိုင်မှု မပြုဘဲ မိမိ၏ အတွင်းကိလေသာများကို ငြိမ်းအောင်ပြုခြင်းဖြင့် မိမိကိုယ်ကို အနိုင်ရအောင် ပြုခြင်းသည်သာ အမှန်ချမ်းသာမှုကို ဖြစ်စေကြောင်း ဆိုလိုရင်းဖြစ်၏။

မှန်၏။ မိမိတို့ယှဉ်ပြိုင်မှု၏ အနိုင်အရှုံးတွင် အနိုင်ရသည့်ပုဂ္ဂိုလ်သည် အမှန်တကယ် အနိုင်ရမှု ဖြစ်မဖြစ်ဆိုသည်ကို ဆင်ခြင်သုံးသပ်ရန် လိုအပ်ပေ၏။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်နှင့် ခိုက်ရန်ဖြစ်၍ တစ်ဘက်သူ ရှုံးနိမ့်ပြီး မိမိက အနိုင်ရလိုက်သည် ဆိုကြပါစို့ အနိုင်ရလိုက်သည့် မိမိမှာ အမှန်တကယ် အနိုင်ရလိုက်ခြင်း ဖြစ်မဖြစ် စဉ်းစားရန် လိုအပ်၏။ ဤသို့သော ပြိုင်ပွဲမျိုးတွင် မိမိအနိုင်ရလိုက်သည်ဟု ထင်ပါက မှားသွားနိုင်၏။ အမှန်အားဖြင့် မိမိနိုင်လိုက်ခြင်း မဟုတ်။ ရှုံးနိမ့်သွားခြင်းသာ ဖြစ်၏။ မိမိသန္တာန်၌ရှိသည့် ခန္တီတရား၊ မေတ္တာတရားများ ရှုံးနိမ့်သွားပြီး ဒေါသတရားသာ ရရှိလိုက်ခြင်းဖြစ်၏။ ဒေါသမှာ ကုသိုလ်တရားမဟုတ်၊ အကုသိုလ်တရားသာ ဖြစ်၏။ မိမိသည် ဒေါသဟူသော အကုသိုလ်ကိုသာ ရရှိလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ကုသိုလ်မရဘဲ အကုသိုလ်ရလိုက်ခြင်းသည် အနိုင်ရခြင်းမဟုတ်၊ ရှုံးနိမ့်သွားခြင်းသာ ဖြစ်၏။

သူတပါးကို အနိုင်ရခြင်းကဲ့သို့သော အနိုင်ရမှုမျိုးကို ဗုဒ္ဓက အားမပေးပေ။ ဗုဒ္ဓက သူတပါးကို အနိုင်ရခြင်းသည် အမှန်တကယ် အနိုင်ရခြင်း မဟုတ်၊ မိမိကိုယ်ကိုအနိုင်ရခြင်း၊ မိမိ၏သန္တာန်၌ရှိသည့် အကုသိုလ်ကိလေသာ တရားတို့ကို အပြင်မထွက်အောင် ထိန်းသိမ်းနိုင်ခြင်း၊ ချုပ်တည်းနိုင်ခြင်းသည်သာ အမှန်တကယ် အနိုင်ရခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။

ဗုဒ္ဓလက်ထက်က အနတ္တပုစ္ဆကဟူသော ပုဏ္ဏာတစ်ဦးရှိ၏။ ပုဏ္ဏားကြီးသည် ကြွေအံကစားခြင်းဟူသော လောင်းကစားကို အမြဲပြုလုပ်လေ့ရှိ၏။ များသောအားဖြင့် အနိုင်ရသည်သာများ၏။ တစ်နေ့ ပုဏ္ဏားကြီးသည် ဘုရားရှင်ထံသို့ သွားရောက်ဖူးမြှော်၍ အကျိုးစီးပွားရှိမှု မရှိမှုနှင့်စပ်သည့် တရားစကားကို မေးလျှောက်၏ ဗုဒ္ဓက
- နေထွက်အောင်အိပ်ခြင်း
- ပျင်းရိခြင်း
- ကြမ်းကြုတ်ခက်ထန်ခြင်း
- အရက်သေစာသောက်စားမူးယဇ်ခြင်း
- အဓွန့်ရှည်သော ခရီးကို တစ်ယောက်တည်းသွားခြင်း
- သူတပါးသားမယားကို မှီဝဲခြင်း
တို့သည် အကျိုးစီးပွားမဲ့စေသည့် တရားများဖြစ်ကြောင်း မိန့်တော်မူ၏။
ယင်းတရားခြောက်းပါးကို နားကြားပြီးနောက် ပုဏ္ဏားကြီးသည် ဘုရားရှင်တို့သည် အကျိုးစီးပွားရှိသည့် တရားကိုသာ သိသည်မဟုတ်၊ အကျိုးမဲ့စေနိုင်သည့် တရားကိုလည်းသိကြောင်း ချီးကျူးပြောဆိုလေ၏။

ပုဏ္ဏားကြီး၏ အမေးကို ဖြေကြားပြီးနောက် ဗုဒ္ဓက ပုဏ္ဏားကြီးအား “ပုဏ္ဏားကြီး သင်အဘယ်အမှုဖြင့် အသက်မွေးပါသနည်း”ဟု မေး၏။ ပုဏ္ဏားကြီးက “တပည့်တော် ကြွေအံကစားသောအမှုဖြင့် အသက်မွေးပါသည်ဘုရား”ဟု လျှောက်၏။ “ကြွေအံကစားသည့်အခါ နိုင်ခြင်းဖြစ်သလော၊ ရှုံးခြင်းဖြစ်သလော”ဟု ဗုဒ္ဓက မေးတော်မူပြန်၏်။ ပုဏ္ဏားကြီးက “အရှင်ဘုရား…နိုင်ခြင်းလည်းဖြစ်ပါသည်။ တစ်ခါတစ်ရံ ရှုံးခြင်းလည်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက “ပုဏ္ဏားကြီး…ဤသို့ နိုင်ခြင်းသည် အနည်းငယ်သာဖြစ်သည်။ သူတပါးကို အနိုင်ရသောသူ၏ အောင်မြင်ခြင်းသည် မမြတ်၊ အကြင်သူသည် ခန္ဓာကိုယ်အတွင်းမှာရှိသည့် ကိလေသာတို့ကို နိုင်ခြင်းဖြင့် မိမိကိုယ်ကို အောင်၏။ ထိုသူ၏ အောင်နိုင်ခြင်းသည်သာ မြတ်၏။ ထိုမိမိကိုယ်ကို အောင်သောသူကို တစ်စုံတစ်ယောက်သော တန်ခိုးရှင် နတ်ဗြဟ္မာတို့သော်မှလည်း ရှုံးနိမ့်အောင်ပြုခြင်းငှါ မတတ်နိုင်သည် သာတည်း” (ဓမ္မပဒ၊ အနတ္ထပုစ္ဆကဗြဟ္မဏ၀တ္ထု) ဟု ဟောကြားတော်မူ၏။

အထက်ပါ ဒေသနာတော်အရ အနိုင်အရှုံးတစ်ခုခုတွင် မိမိကိုယ်ကို အနိုင်ရခြင်း၊ မိမိ၏အတွင်း ကိလေသာတို့ကို ထိန်းချုပ်နိုင်ခြင်းသည်သာ အမြတ်ဆုံးသော အနိုင်ခြင်းဖြစ်ကြောင်း သိနိုင်၏။ ဗုဒ္ဓအလိုတော်အရ အနိုင်အရှုံးသတ်မှတ်မှုမှာ ရုပ်ပိုင်းဆိုင်ရာ အနိုင်အရှုံးကို ဆိုလိုသည်မဟုတ်။ စိတ်ပိုင်းဆိုင်ရာ အနိုင်အရှုံးကိုသာ ဆိုလိုရင်းဖြစ်ပေ၏။ သတ္တ၀ါတို့သည် များသောအားဖြင့် မိမိတို့၏ စိတ်ကိုအလိုလိုက်လေ့ ရှိကြ၏။ အာရုံနောက်သို့လိုက်၍ စိတ်ကိုလွှတ်ထားတတ်၏။ စိတ်အလိုလိုက်မှုကြောင့် ဆုံးရှုံးမှုများလည်း မရေမတွက်နိုင်အောင် ကြုံခဲ့ကြပြီးဖြစ်၏။ အာရုံကို အမှီပြု၍ လိုချင်တပ်မက်မှု လောဘတရားများလည်း တိုးပွားခဲ့ဖူးကြလေပြီ။ စိတ်ကို မထိန်းချုပ်နိုင်သဖြင့် ဒေါသတရားများနှင့်လည်း ဘ၀ကိုကျင်လည်ခဲ့ရဖူးပေပြီ။ အချို့ဆိုလျင် စိတ်ကိုအလိုလိုက်မှု စိတ်ကိုမထိန်းချုပ်နိုင်မှုကြောင့် ဤဘ၀တွင်ပင် ဒုက္ခမျိုးစုံကို ကြုံတွေ့ကြရ၏။ မိမိသန္တာန်တွင်ရှိသည့် လိုချင်တပ်မက်မှု လောဘစိတ်ကို အနိုင်မယူနိုင်၊ မထိန်းချုပ်နိုင်သဖြင့် သူတပါးပစ္စည်း ဥစ္စာများကို မတရားယူမှု အထိကျူးလွန်ကြ၏။ ဤကျူးလွန်မှုသည် ကိုယ်ကျင့်တရား ဖောက်ပြန်မှုပင်ဖြစ်၏။ ကိုယ်ကျင့်တရားပျက်သူသည် သီလမလုံခြုံသူပင်ဖြစ်၏။ သီလမလုံခြုံလျှင် ယခုဘ၀မှာပင် အရာရာကို ထိတ်လန့်ကြောက်ရွံ့ နေရတတ်၏။ သီလပျက်ဆီးမှုကြောင့် နောင်ဘ၀တွင်လည်း ဒုဂ္ဂတိဘ၀သို့ ရောက်ရတတ်၏။ လူ့ဘ၀ဟူသည့် သုဂတိဘ၀ရောက်ပြီးမှ နိမ့်ကျသော ဒုဂ္ဂတိဘ၀သို့ ရောက်သွားခြင်းသည် ဘ၀ကို ရှုံးနိမ့်သွားခြင်းသာဖြစ်၏။

ထို့အတူ မိမိသန္တာန်တွင်ရှိသည့် ဒေါသတရားကို အနိုင်မယူနိုင်သဖြင့် အရာရာကို ရှုံးနိမ့်သွားရသည့် ပုဂ္ဂိုလ်များလည်း မရေမတွက်နိုင်အောင် ရှိကြ၏။ တရားရုံး၌ အမှုရင်ဆိုင် နေကြရသည့်သူများ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အပြစ်ခံနေကြရသူများကို ကြည့်လျှင် စိတ်အလိုလိုက်မှု၏ လက်တွေ့ အကျိုးရလာဘ်ကို ကောင်းစွာသိနိုင်မည် ဖြစ်၏။ ထိုသူများသည် မိမိတို့၏စိတ်ကို အနိုင်မယူနိုင်သဖြင့် အရှုံးကြီး ရှုံးနိမ့်မှုများ၏ သာဓကပင်ဖြစ်၏။ အချို့ဆိုလျှင် ဘာမဟုတ်သည့် အသေးအဖွဲကိစ္စလေးကို အကြောင်းပြု၍ ခိုက်ရန်ဖြစ်ပြီး လူသတ်မှုကို ကျူးလွန်သည်အထိဖြစ်ကာ ထောင်နန်းစံခဲ့ရ၏။ ခဏတာဖြစ်ပေါ်လာသည့် ဒေါသစိတ်ကို အနိုင်မယူနိုင်သဖြင့် ထိုဒေါသက မိမိကို အနိုင်ယူသွားခြင်းဖြစ်၏။ ဒေါသက အနိုင်ယူလိုက်သဖြင့် မိမိဘ၀ အရှုံးပေါ်ခဲ့ရ၏။ စင်စစ် ကိလေသာတရားများတွင် ဒေါသတရားသည် ကြောက်စရာအကောင်းဆုံးဖြစ်၏။ သတ္တ၀ါများကို ဒုက္ခအများဆုံး ဖြစ်ပေါ်စေသည့် တရားလည်းဖြစ်၏။ “ဒေါသော အတ္တံ နဇာနာတိ” ဟူသော စကားအတိုင်းပင် ဒေါသတရားဖြစ်လာလျှင် အကျိုးအပြစ်ကို မသိကြတော့ပေ။ ဒေါသကြောင့် အကောင်းအဆိုး၊ အမှားအမှန်ကို မခွဲခြားတတ်ကြတော့ပေ။ ထိုသို့ မခွဲခြားနိုင်သဖြင့် လုပ်မိလုပ်ရာ လုပ်လိုက်တတ်ကြ၏။ လုပ်သမျှအရာများသည်လည်း အမှားများသာ ဖြစ်နေတတ်၏။ နောက်မှ ပြန်သတိရသော်လည်း နောက်ကျသွားပေပြီ။ ပြုပြင်၍ မရနိုင်သည့်အမှားနှင့် နောင်တတရားကိုသာ ရရှိလိုက်ကြ၏။ ထို့အပြင် ဒေါသစိတ်လွန်ကဲသည့် ပုဂ္ဂိုလ်များမှာ ရုပ်အဆင်းပါ ပြောင်းလဲသွားတတ်ကြ၏။ ဒေါသစိတ်ကြောင့် မျက်နှာအမူအရာ နီမြန်းလာပြီး ဣနြေ္ဒမဲ့ဖြစ်ကာ ပတ်ဝန်းကျင်တွင်လည်း အရှက်ရတတ်၏။ ဒေါသစိတ်ကို အနိုင်မယူနိုင်သဖြင့် ဘ၀မှာ ရှုံးနိမ့်မှုများနှင့်သာ ကြုံတွေ့ကြရတတ်၏။

စင်စစ် လောက၌ အခက်ခဲဆုံးအလုပ်မှာ စိတ်ကို ထိန်းချုပ်ခြင်းပင်ဖြစ်၏။ အရာရာကို ဖန်တီးနိုင်စွမ်း ရှိသည်မှာ စိတ်ပင်ဖြစ်၏။ ဘ၀ကိုလှစေသည်မှာလည်း ဤစိတ်ကြောင့်ပင်ဖြစ်ပြီး ဘ၀ကို ပျက်စေသည်မှာလည်း ဤစိတ်ပင်ဖြစ်၏။ ထို့ကြောင့်လည်း ဗုဒ္ဓက အရာရာမှာ စိတ်သာလျှင် အဓိကကျကြောင်း ဟောထားခြင်း ဖြစ်ပေ၏။ စိတ်ကိုနိုင်လျှင် အရာရာကို အနိုင်ရသည်ဟု မိန့်တော်မူခြင်းဖြစ်ပေ၏။ ဗုဒ္ဓအလိုတော်အရ အတိတ်ကုသိုလ်ကံကြောင့် လူ့ဘ၀ကို ရရှိလာသော်လည်း လူ့ဘ၀မှ နိမ့်ကျသည့် ဘုံဘ၀သို့ ရောက်ရှိသွားလျှင် ထိုသူသည် အရှုံးသမားသာဖြစ်သည်ဟု ဆိုနိုင်၏။ ဤသို့ ရှုံးနိမ့်ရခြင်းသည် မိမိသန္တာန်တွင် ရှိသည့် မကောင်းသည့် အကုသိုလ်စိတ်များကို မထိန်းချုပ်နိုင်၍ဖြစ်၏။

အမှန်အားဖြင့် မကောင်းမှုကို အနိုင်ယူနိုင်သည်မှာ ကောင်းမှုကုသိုလ်သာဖြစ်၏။ ကောင်းမှုကုသိုလ်ဖြစ်ရန် မိမိစိတ်ကို ကောင်းသည့်အာရုံ၌ ပျော်မွေ့နိုင်အောင် ကြိုးစားရမည် ဖြစ်၏။ စိတ်ကို ကောင်းမှု၌ ပျော်နိုင်အောင် ထိန်းချုပ်ရမည် ဖြစ်၏။ လောဘဖြစ်မည့်စိတ်ကို မဖြစ်အောင်ထိန်းနိုင်ခြင်းသည် စိတ်ကို အနိုင်ရလိုက်ခြင်းဖြစ်၏။ ဒေါသဖြစ်မည့်စိတ်ကို မဖြစ်အောင် ထိန်းနိုင်ခြင်းသည် မိမိစိတ်ကို တစ်နည်းအားဖြင့် မိမိကိုယ်ကို အနိုင်ရလိုက်ခြင်းပင်ဖြစ်၏။ မနာလိုဝန်တို ဖြစ်မည့်စိတ်ကို မဖြစ်အောင် ထိန်းလိုက်ခြင်းသည် မိမိကိုယ်ကို အနိုင်ရလိုက်ခြင်း ဖြစ်၏။ အပြောလွယ်သလောက် အလုပ်ခက်ဆိုသကဲ့သို့ ဤသို့စိတ်ကို ထိန်းချုပ်နိုင်ရန်မှာ မိမိသန္တာန်တွင် မမေ့လျော့ခြင်း အပ္ပမာဒသတိတရား ရှိမှဖြစ်နိုင်ပေ၏။ သတိတရားရှိနေလျှင် စိတ်ကို ထိန်းချုပ်နိုင်ပြီး မိမိကိုယ်ကို အနိုင်ယူနိုင်မည် ဖြစ်၏။ ဤသို့သော အနိုင်ယူမှုမျိုးသည်သာ စစ်မှန်သည့် ဘုရားအလိုကျ အနိုင်ရမှု၊ သူတော်ကောင်းများ ချီးကျူးသည့် အနိုင်ရမှုမျိုး ဖြစ်ပေ၏။

ထို့ကြောင့် အရာရာကို အနိုင်ရလိုပါက သူတပါးအပေါ် အနိုင်မယူဘဲ မိမိကိုယ်ကို အနိုင်ယူနိုင်အောင်၊ မိမိသန္တာန်၌ ရှိသည့် ကိလေသာတရားများကို အပြင်မထွက်အောင် သတိတရားလက်ကိုင်ထားပြီး ထိန်းချုပ်နိုင်အောင် လေ့ကျင့်ရင်း ဘ၀မှာ ရှုံးနိမ့်မှုများမရှိရအောင် ကြိုးစားအားထုတ်နိုင်ကြစေရန် ဤစောင်းပါးဖြင့် သတိပေး တင်ပြလိုက်ရပါ၏။ အားလုံးမိမိကိုယ်ကို မိမိအနိုင်ယူနိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ