ရဟန်းဘ၀နဲ့ အနေသနအမှု…

ရဟန်းဘ၀ဆိုတာ ရခဲတဲ့ ဒုလ္လဘတစ်ခုပါ။ ပြောရရင်တော့ ရဟန်းဘ၀ ရနေတာဟာ ဒုလ္လဘတရား ငါးပါးနဲ့ အကုန်ပြည့်စုံနေတာလို့ ပြောလို့ရပါတယ်။ သိတဲ့အတိုင်းပဲ ဘုရားပွင့်ဖို့ဆိုတာ ရခဲခြင်း၊ လူ့ဘ၀ဆိုတာ ရခဲခြင်း၊ သဒ္ဓါတရားနဲ့ ပြည့်စုံဖို့ဆိုတာလည်း ရခဲခြင်း၊ ရဟန်းဘ၀ဆိုတာလည်း ရခဲခြင်း နောက်ဆုံး သူတော်ကောင်းတရားကို ကြားနာဖို့ဆိုတာလည်း ရခဲခြင်းဆိုတဲ့ ဒီဒုလ္လဘ တရားငါးပါးမှာ ရဟန်းဘ၀ကိုသာ ရနေပြီဆိုရင် ကျန်တဲ့ဒုလ္လဘ တရားများလည်း အကုန်ရနေသလိုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဘုရားရှင်ပွင့်မှ သာသနာဆိုတာ ရှိနေတာဖြစ်ပြီး ရဟန်းဘ၀လည်း ရနိုင်တာဖြစ်ပါတယ်။ ရဟန်းဘ၀ဆိုတာ လူသားတွေပဲ ရနိုင်တာဖြစ်တဲ့အပြင် သဒ္ဓါတရား မရှိရင်လည်း ရဟန်းဘ၀ ရယူဖို့ မလွယ်လှပါဘူး။ နောက်ဆုံး သူတော်ကောင်းတရား နာကြားဖို့ရာ ခက်တယ်ဆိုတဲ့ ဒုလ္လဘတရား အတွက်ကတော့ ရဟန်းဘ၀ရောက်တာနက် တပြိုင်နက် ဗုဒ္ဓဓမ္မတွေ နာကြားရုံတင်မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် လေ့လာဟောပြောခွင့်ပါ ရနေတော့တာပါ။ ဒါကြောင့် ရဟန်းဘ၀ရနေခြင်းဟာ ရခဲတဲ့ တရားတွေ အကုန်ရနေတာလို့ ဆိုခြင်းပါ။

ဒီလိုစဉ်းစားလိုက်တော့ ရနေတဲ့ ကိုယ့်ရဲ့ရဟန်းဘ၀ဟာ သိပ်ကိုတန်ဘိုး ရှိနေပါလားလို့ ကျေနပ်မိပါတယ်။ ဒါပေမယ့် တစ်ဘက်က ပြန်ကြည့်ပြန်တော့ ရဟန်းဘ၀ဆိုတာ ရဖို့ခဲရင်းသလောက် နေဖို့လည်း ခဲရင်းလှပါတယ်။ လူတွေအတွက် စားဝတ်နေရေးကျန်းမာရေးဟာ အရေးကြီးဆုံး အရာများဖြစ်သလို ရဟန်းတွေအတွက်လည်း ဒီအရာတွေက မဖြစ်မနေ လိုအပ်ပြန်ပါတယ်။ စားဖို့၊ ၀တ်ဖို့၊ နေဖို့ ပြီးတော့ ကျန်းမာဖို့။ ဘုရားကတော့ သိမ်ထဲမှာ တစ်ခါတည်း ဒီလေးမျိုးကို မပူမပင်ရအောင် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးကို ဆောင်ထားဖို့ ညွန်ကြားပေးခဲ့ပါတယ်။ ဆွမ်းအတွက် ဘာမှကြောင့်ကြမစိုက်နဲ့ သပိတ်ဆောင်ပြီး ဆွမ်းခံစားတဲ့။ သင်္ကန်းအတွက်လည်း သူများစွန့်ပစ်ထားတဲ့ အ၀တ်အပိုင်းအစတွေကို ရှာဖွေလျှော်ဖွတ်ချုပ်ဆိုးပြီး ၀တ်ပါတဲ့။ ကျောင်းအတွက်ကတော့ သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်ဟာ ကျောင်းပါပဲတဲ့။ ပြီးတော့ ဆေးအတွက်ကတော့ ပူတိမုတ္တလို့ခေါ်တဲ့ နွားကျင်ငယ်ရေကို ဆီးဖြူသီး ဖန်ခါးသီးစတာတွေနဲ့ စိမ်ပြီးဘုဉ်းပေး၊ အဲဒါလေကောင်းတယ်၊ လေကောင်းရင် ၀မ်းကောင်းပြီး ၀မ်းတစ်လုံးကောင်းရင်း ခေါင်းတစ်လုံး မခဲဘူးတဲ့။ စားဝတ်နေရေး ကျန်းမာရေးအတွက် ဒီလေမျိုးကို ဆောင်ထားဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့လည်း ဘုန်းကံကြီးမားလို့ လှူမယ့်တန်းမယ့်သူ ရှိရင် သူတို့လှူတဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတွေကို သုံးဆောင်နိုင်ပါတယ်ဆိုပြီး ခွင့်ပြုထားပါသေးတယ်။

တပည့်သာဝကတွေအတွက် စီစဉ်ညွန်ကြားတော်မူခဲ့တဲ့ ဗုဒ္ဓရှင်တော်ရဲ့ မေတ္တာ၊ ကရုဏာဟာ ကြီးမားလှပါတယ်။ ခက်တာက ယနေ့ခေတ် အခြေအနေနဲ့ ရထားတဲ့ ရဟန်းဘ၀ပါ။ ဗုဒ္ဓရှင်တော် ဖြစ်စေချင်သလို ရဟန်းဆိုတာ ငှက်လိုကျင့်ဖို့၊ ရောင့်ရဲနိုင်အောင် ကျင့်ဖို့ကလည်း မဖြစ်နိုင်သေးတဲ့ အခြေအနေ။ ရဟန်းအလုပ် ရဟန်းလုပ်နေရင် ဒီစားဝတ်နေရေးအတွက် ပူစရာမလိုဘဲ သူ့အလိုလို ဖြစ်လာမယ်ဆိုတာ ယုံကြည်နေပေမယ့် ရောက်ရှိနေတဲ့ အခြေအနေနဲ့ နေရာဒေသကလည်း စကားပြောပြန်ပါတယ်။ စာသင်သား ရဟန်းသာမဏေများရဲ့ ဘ၀၊ ဘုန်းကံနည်းပါးတဲ့ သာသနာ့ဝန်ထမ်းတွေရဲ့ ဘ၀၊ ဗုဒ္ဓဘာသာ မထွန်းကားတဲ့ အရပ်မှာ ရောက်နေတဲ့ သာသနာပြုများရဲ့ ဘ၀ စတဲ့စတဲ့ အခြေအနေတွေက စားဝတ်နေရေးနဲ့ ကျန်းမာရေးကို အခက်တွေ့စေပြန်ပါတယ်။ ပြီးတော့ ထေရ၀ါဒ ရဟန်းတော်များရဲ့ ရပ်တည်မှုဟာ လူဒကာဒကာမများအပေါ် မှီတည်နေတာဖြစ်တဲ့အတွက် စားဝတ်နေရေးစီးပွားရေး တဖြည်းဖြည်းဆုတ်ယုတ်လာတဲ့ သူတို့တွေမှာလည်း သူတို့ကိုယ်တိုင် နေဖို့စားဖို့ဝတ်ဖို့တောင် အနိုင်နိုင်ဖြစ်နေပြန်တော့ သာသနာကို ချီးမြှောက်ထောက်ပံ့မှု အပိုင်းမှာ ထင်သလောက် မလုပ်နိုင်ကြဘူး ဖြစ်နေပြန်ပါတယ်။ ဒီလိုဒီလို အခြေအနေများကြောင့်လည်း ယနေ့ခေတ် ရဟန်းတော်များရဲ့ ဘ၀ဟာ စားဝတ်နေရေး အခက်တွေ့လာကုန်ပါတယ်။ ဒီလို အခက်အခဲတွေကြောင့်လည်း စာပေပရိယတ်နဲ့ ပဋိပတ်အားထုတ်မှုအပိုင်းမှာ ယုတ်လျော့လာပြီး အနေအစား အဆင်ပြေဖို့ ကြိုးစားလာကုန်တယ်နဲ့ တူပါတယ်။ စာပေပရိယတ် အားထုတ်မှု အားနည်းလာတော့ ပညာတရားလည်း ယုတ်လျော့လာကုန်ပါတယ်။ ပညာနည်းတော့ လုပ်သင့်မလုပ်သင့် မစဉ်းစားဘဲ အနေအစား ချောင့်မယ့်နည်းတွေနောက် လိုက်ကုန်ပါလေရော…။ ရဟန်းသာမဏေတွေရဲ့ ဒီလိုမသင့်လျော်တဲ့ အပြုအမူတွေ မြင်ရပြန်တော့ တစ်ချို့သဒ္ဓါတရား အခြေခံအားနည်းတဲ့ ဒကာဒကမတွေကလည်း ကြည်ညိုလေးစားမှုတွေ ယုတ်လျော့ကုန်ပါတယ်။

စာပေပရိယတ် အားထုတ်မှု ယုတ်လျော့လာပြီး သဒ္ဓါတရားခေါင်းပါးလာတဲ့ အခါမှာတော့ ဘုရားပေးတဲ့နည်းနဲ့ စားဝတ်နေရေးကျန်းမာရေးကို မဖြေရှင်းတော့ဘဲ တိုးတက်လာတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ နောက်လိုက်ပြီး အနေအစားချောင်အောင် ဘုန်းကံကြီးမားအောင် အလွယ်လမ်းလိုက်တဲ့ ရဟန်းများလည်း တဖြည်းဖြည်း များများလာကြတာကို တွေ့နေရပြန်ပါတယ်။ ဘုန်းကြီးအောင် မအပ်စပ်တဲ့နည်းတွေနဲ့ ဒကာဒကာမများရဲ့ လှူဒါန်းမှုကို ရယူကြပြန်ပါတယ်။ မအပ်တဲ့ အနေသနအမှုတွေနဲ့ အသက်မွေးမှုတွေ လုပ်လာပြန်ပါတယ်။ ဗေဒင်ဟောပေးတာတို့၊ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးတာတို့၊ လက္ခဏာကြည့်ပေးတာတို့၊ နှစ်လုံးသုံးလုံး ပေးတာတို့ စတဲ့အလုပ်တွေလုပ်ပြီး ပစ္စည်းလေးပါး ပေါများအောင် လုပ်လာကြပါတော့တယ်။ ဒကာဒကမများကလည်း ပညာအားနည်းလာတော့ ကိုးကွယ်သင့်လား မကိုးသင့်လား မစဉ်းစားဘဲ သူတို့ကိုယ်တိုင် ကြီးပွားချမ်းသာချင်ကြတော့ ဒီလိုမအပ်တဲ့ နည်းနဲ့အသက်မွေးနေတဲ့ ရဟန်းတော်များကို ကိုးကွယ်ဆည်းကပ်ကြပါတယ်။ ဒီတော့ သာသနာမှာ အဲလိုမအပ်တဲ့ နည်းနဲ့ အသက်မွေးနေကြတဲ့ သာသနာ့ဝန်ထမ်းများ တိုးပွားကုန်ပါတယ်။ ပိုပြီးဆိုးတာ ဒီနည်းနဲ့ အသက်မွေးတဲ့ ရဟန်းတော်များဟာ နေ့ချင်းညချင်း ကြီးပွားသွားပြီး စာသင်တိုက်မှာ စာပေပရိယတ် သင်ကြားပို့ချပေးနေတဲ့ ရဟန်းသာမဏေများမှာတော့ စားဝတ်နေရေး တဖြည်းဖြည်းချို့တဲ့ လာပါတော့တယ်။ တစ်ချို့ဆိုရင် ဒီလိုဆင်းးရဲတဲ့ သာသနာ့ဘောင်ကနေ မနေနိုင်လို့ ထွက်သွားတာတွေအထိ ရှိလာပါတယ်။ သာသနာမှာ အစစ်အမှန် ရဟန်းတော်များရဲ့ ဘ၀ဟာ ပင်ပန်းချို့တဲပြီး မအပ်စပ်တဲ့နည်းနဲ့ အသက်မွေးနေတဲ့ ရဟန်းတွေကတော့ ရွှေကျောင်းတွေ၊ ကားကြီးကားသေးတွေနဲ့ အရမ်းကို ကြီးပွားနေပါတော့တယ်။

အင်း… ရဟန်းဘ၀ အနေအစား ခက်လှပါလားလို့ ကိုယ်ကိုယ်တိုင် စာသင်သားဘ၀ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲများကို တွေးမိရင်း ဒကာမတစ်ယောက် လျှောက်ဖူးတာကို ပြန်သတိရမိပါတယ်။ ဒကာမကြီးကတော့ ရဟန်းဆိုတဲ့ ကြည်ညိုမှုထက် သားတစ်ယောက်လို သံယောဇဉ်ဖြစ်မိနေတော့ သူ့ရဟန်း ဆင်းရဲပင်ပန်းနေတာကို မကြည့်ရက်ဖူးနဲ့တူပါတယ်။ ဒါကြောင့် ဒကာမကြီးက “ဦးဇင်း… ဦးဇင်းလည်း တစ်ခြားဘုန်းကြီးတွေလို ဗေဒင်လက္ခဏာသင်၊ ဒါမှမဟုတ် နှစ်လုံးသုံးလုံး ပေးပြီး လူတွေအကျိုးပြု လုပ်ပေးပါလား..“လို့ လျှောက်ပါတယ်။ ရင်ထဲမှာ မကောင်းလိုက်တာ။ ဒီအလုပ်တွေ လုပ်ပေးနေတာ လူတွေအကျိုးပြု လုပ်ပေးနေတာတဲ့။ ဒကာမကြီးကို အားနာပေမယ့် နားလည်အောင်တော့ ပြောလိုက်ပါတယ်။ “ဒကာမကြီး အဲဒါ လူတွေအကျိုးရှိအောင် လုပ်ပေးနေတာ မဟုတ်ဘူး၊ လူဒကာဒကာမတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးနေတာပါ၊ ဒါတွေလုပ်ပေးတော့ လုပ်ပေးတဲ့ဘုန်းကြီးကို လုပ်ပေးတဲ့အတွက် ကြည်ညိုပြီး မလုပ်ပေးတဲ့ ဘုန်းကြီးကိုတော့ အပြစ်ပြောကုန်တတ်ပါတယ်၊ ရင်ထဲက တကယ်ကြည်ညိုလို့ မဟုတ်ဘဲ သူတို့ကို တစ်ခုခု လုပ်ပေးလို့ လှူတာမျိုးဟာ သဒ္ဓါတရား မစစ်မှန်ပါဘူး၊ အဲဒီဘုန်းကြီးတွေ ဗေဒင်မဟော၊ နှစ်လုံးသုံးလုံး မပေးတော့ရင် ဒီဒကာဒကာမတွေ လာမှာမဟုတ်တော့ဘူး၊ မယုံရင် စောင့်ကြည့်ပါ၊ ဦးဇင်းကတော့ လျှာမြက်ပေါက်သွားပါစေ ဒီလိုမအပ်တဲ့ အနေသနအမှုနဲ့တော့ အနေအစား ချောင်အောင်မလုပ်ဘူး..“ လို့ စိတ်ထဲ ရှိတာပြောဖြစ်လိုက်ပါတယ်။ ဒကာမကြီးလည်း စေတနာစကားက အလွဲဖြစ်သွားတော့ စိတ်မကောင်းဖြစ်ပြီး အားနာသွားပါတယ်။ ပြီးတော့မှ “ဦးဇင်းရယ်… သာသနာတော်နဲ့ မအပ်စပ်တဲ့ အသက်မွေးမှုဆိုတာ ဘာတွေလဲ…၊ တပည့်တော်တို့ ဒါတွေသိထားတော့ ရဟန်းသံဃာ ရွေးချယ်ကိုးကွယ် နိုင်တာပေါ့ဘုရား…“လို့ မေးမြန်းလျှောက်ထားလို့ ရဟန်းတော်များရဲ့ မပြုအပ်တဲ့ အနေသနအမှုများကို ရှင်းပြဖြစ်ပါတယ်။

ဒကာမကြီးရေ… သာသနာတော်နဲ့ မအပ်စပ်တဲ့အပြင် ဒကာဒကာမများရဲ့ သဒ္ဓါတရားကိုပါ ပျက်စီးစေနိုင်တဲ့ ဒီအနေသနအမှုတွေကတော့…
၁။ အံ့သြဖွယ်ဖြစ်အောင် ပြောဆိုနေထိုင်ခြင်း
၂။ ပစ္စည်းလာဘ်လာဘရအောင် ဆွယ်၍ပြောဆိုခြင်း
၃။ အခြားသူတို့ လှူဒါန်းထားသည်ကို အခြားသူတို့အား သိစေခြင်း
၎။ အခြားပုဂ္ဂိုလ်တို့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း
၅။ တစ်နေရာမှရသော ပစ္စည်းကို အခြားတစ်နေရာ၌ ပေးကမ်းခြင်း
၆။ သစ်သားကိုပေးခြင်း
၇။ ထန်းရွက်သစ်ရွက်စသည်ပေးခြင်း
၈။ ဆပ်ပြာဆပ်ပြာမှုန်စသည်ပေးခြင်း
၉။ မိမိကိုယ်ကို နှိမ့်ချ၍ ကျွန်ုပ်ကျွန်တော်စသည်ဖြင့် လူနှင့်အပြိုင်ပြောဆိုခြင်း
၁၀။ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်း
၁၁။ မျက်နှာသစ်ရေ စသည်ပေးခြင်း
၁၂။ ကလေးထိန်းပေးခြင်း
၁၃။ မပင့်ဖိတ်ဘဲ အိမ်တွင်းဝင်ရောက်နေထိုင်ခြင်း
၁၄။ မြေနေရာ ကောင်းမကောင်း ရွေးချယ်ပေးခြင်း
၁၅။ တိရစ္ဆာန်တို့၏ လက္ခဏာကျမ်းအတတ်ကို သင်ကြားပေးခြင်း
၁၆။ ဗေဒင်လက္ခဏာ ဟောပြောပေးခြင်း
၁၇။ နက္ခတ်ရွေးချယ်ပေးခြင်း
၁၈။ လူတို့ခိုင်းစေသည်ကို လုပ်ကိုင်ပေးခြင်း
၁၉။ လူတို့သတင်းစကားကို ယူဆောင်ပေးခြင်း
၂၀။ စားသောက်ဖွယ်ကို ပေးကမ်းခြင်း
၂၁။ ဆေးကုပေးခြင်း ”
(မဟာနိဒ္ဒေသပါဠိ- ၂၉၀-၃၉၆၊ မစ္ဖျိမပဏ္ဏာသပါဠိ- ၂) တို့ပဲ ဖြစ်ပါတယ်လို့ ရှင်းပြဖြစ်ခဲ့ပါတယ်။

မှန်ပါတယ်။ ဒီ အနေသန အမှုတွေကတော့ ရဟန်းတော်များအတွက် မအပ်စပ်တဲ့ ပစ္စည်းလေးပါး ရှာဖွေမှုတွေပါပဲ။ ရဟန်းဘ၀ အနေအစား ဘယ်လောက်ပဲခက်ခက် ဒီအမှုတွေနဲ့တော့ အသက်မွေးမှု မဖြစ်ရအောင် နေမယ်လို့ စာသင်သား ဘ၀ကနေ စွဲလာတဲ့ ဒီအစွဲဟာ စာပေရေးသား ပို့ချပြီး တရားဓမ္မပြန်လည် ဟောကြားကာ ပရဟိတလုပ်ငန်းတွေ တတ်နိုင်သလောက် လုပ်နေနိုင်ပြီဖြစ်တဲ့ အခုလို အချိန်မျိုးမှာ ပြန်လည်စဉ်းစားမိတော့ ရရှိနေတဲ့ ရဟန်းဘ၀ကို ကျေနပ်နေမိပါတယ်။ သေချာတာကတော့ ခေတ်ကာလ အနေအထားအရ ရဟန်းဘ၀မှာ စားဝတ်နေရေး ဘယ်လောက်ပဲခက်ခက် ရဟန်းတော်များရဲ့ အလုပ်ဖြစ်တဲ့ ဂန္တဓုရလို့ခေါ်တဲ့ စာပေပို့ချဟောပြခြင်းတာဝန်၊ ၀ိပဿနာဓုရလို့ခေါ်တဲ့ တရားပြတရားဟောခြင်း တာဝန်တစ်ခုခုကိုသာ စိတ်ရှည်ဇွဲသန် သီးခံပြီး ပြုလုပ်နေမယ်ဆိုရင် အရမ်းကြီး မပြည့်စုံတာတောင်မှ ရဟန်းဘ၀မှာ သက်သောင့်သက်သာ နေရမယ်ဆိုတာ သေချာပါတယ်။ ဒီလို ဓုရနှစ်ဖြာနဲ့အညီ ကျင့်ကြံနေထိုင်ကြတဲ့ ရဟန်းတော်များကို သဒ္ဓါတရားရော ပညာပါအားကောင်းတဲ့ ဒကာဒကာမများကတော့ ရှာဖွေကိုးကွယ်နေပြီး သာသနာတော် အဓွန့်ရှည်အောင် ထိန်းသိမ်းစောင့်ရှောက်ပေး နေလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ တရားစောင့်တဲ့ပုဂ္ဂိုလ်ကို တရားကလည်း ပြန့်စောင့်တယ်ဆိုတာ လက်တွေ့သိနိုင်ကြပါတယ်။

ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်လှတဲ့ ခေတ်ကာလကြီးမှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုနောက်ကို လိုက်ရင်း ခက်ခဲလာတဲ့ ဘ၀ရပ်တည်မှုများတွင် လူတွေရဲ့ ဘ၀ရပ်တည်မှုတွင်မက ရဟန်းတော်များရဲ့ ဘ၀ရပ်တည်မှုပါ ခက်ခဲလာပေမယ့် တစ်ဘ၀တည်းကိုသာ ကြည့်ပြီး စားဝတ်နေရေး ကျန်းမာရေးအဆင်ပြေအောင် မလုပ်ကြဘဲ သံသရာအတွက်ပါ ထည့်စဉ်းစားပြီး လူပဲဖြစ်ဖြစ် ရဟန်းတော်များပဲ ဖြစ်ဖြစ် မအပ်စပ်တဲ့ အသက်မွေးမှုများနဲ့ အသက်မမွေးကြဖို့၊ ကျင့်ဝတ်သိက္ခာနှင့်အညီ ၀ီရိယထား ကြိုးစားကြပါက ဘ၀ရပ်တည်မှု အဆင်ပြေနိုင်မှာ ဖြစ်တဲ့အတွက် ရဟန်းတော်များရော လူများပါ ရခဲတဲ့ ဒုလ္လဘတရားကို ရရှိထားတာနဲ့ညီအောင် အကျင့်ကောင်းပြီး အလုပ်ပါကောင်းအောင် ကြိုးစားကြဖို့၊ အထူးသဖြင့် ရဟန်းဘ၀သည် ဒုလ္လဘတရားငါးပါးလုံး ပြည့်စုံအောင် ရရှိထားတဲ့ ဘ၀ဖြစ်တဲ့အတွက် တန်ဘိုးရှိစွာ ရရှိထားတဲ့ ရဟန်းဘ၀ကို ပစ္စည်းလာဘ်လာဘ ပြည့်စုံပေါများမှု တစ်ခုတည်းနောက်ကို လိုက်ပြီး မအပ်တဲ့ အနေသနအမှုနဲ့ အသက်မမွေးမိကြဖို့ ဘုန်းဘုန်းကိုယ်တိုင် ကိုယ့်အတွက်ကိုယ် သတိပေးရင်း ဓမ္မမိတ်ဆွေများအတွက်ပါ တစ်ဆင့်အသိပေး မျှဝေလိုက်ရပါကြောင်း…

Read more »

တကယ့်ဒုက္ခငြိမ်းရာဟူသည်….

ဘုန်းဘုန်း မြန်မာပြည် ပြန်ကြွသွားတော့ မြန်မာပြည်က ဒကာဒကာမတွေက ဘုန်းဘုန်းကိုကြည့်ပြီး အားကျလို့တဲ့…။ သူတို့က နေ့စဉ်မြန်မာ့အသံနဲ့ မြ၀တီက လွှင့်နေတဲ့ ကိုရီးယား ဇာတ်ကားတွေ ကြည့်ပြီး ကိုရီးယားကို အရမ်းအထင်ကြီးနေကြတယ်လေ။ ဒါကြောင့် ကိုရီးယားရောက်နေတဲ့ ဘုန်းဘုန်းကိုလည်း အားကျတာနေမှာပါ။ ဇာတ်ကားတွေထဲမှာပြတဲ့ တိုးတက်လှတဲ့ ကိုရီးယားနိုင်ငံကိုကြည့်ပြီး ကိုရီးယား နိုင်ငံသားတွေ ကံကောင်းလိုက်ကြတာလို့ တွေးနေကြတယ်နဲ့ တူပါတယ်။ ကိုယ့်နိုင်ငံမှာ နေ့စဉ်တွေ့မြင် ခံစားနေရတဲ့ ဆင်းရဲ့မွဲတေမှု၊ ဆုတ်ယုတ်ကျဆင်းမှု၊ ကိုယ်ကျင့်တရား ပျက်ပြားမှု စတာတွေကို သူများနိုင်ငံရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ၊ သန့်ရှင်းသပ်ရပ်မှုတွေ၊ ခေတ်မီမှုတွေ၊ လူနေမှုပုံစံမြင့်မားမှုတွေ စတာတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်တဲ့ နိုင်ငံကို ပိုပြီးအားကျကုန်တယ်နဲ့ တူပါတယ်။ သူတို့ကိုယ်တိုင် အားကျရုံနဲ့ မကျေနပ်သေးဘူး ဘုန်းဘုန်းကိုတောင် အစစ်ထည့် လိုက်ကြသေးတယ်။ “အရှင်ဘုရားတို့ပဲ ကောင်းပါတယ်၊ အေးအေးဆေးဆေး နေရတယ်၊ ဘာမှပူစရာ မရှိဘူး၊ ဒုက္ခငြိမ်းတယ်၊ အဲဒီမှာလူဖြစ်ရတာတောင် ပိုကောင်းသေးတယ်၊ မြန်မာပြည်ကိုပြန်ကြွ မလာနဲ့တော့၊ ဒီမှာဆို ဆင်းရဲဒုက္ခတွေနဲ့ပဲ တွေ့နေရမှာ၊ ဟိုမှာဆိုတော့ အရှင်ဘုရားအတွက် ဘာမှပူစရာ မရှိဘူး၊ အရှင်ဘုရားတို့ကတော့ ဒုက္ခငြိမ်းတဲ့ နေရာကို ရောက်နေသလိုပဲ၊ အားကျလိုက်တာ ဘုရား..” စတဲ့စတဲ့ အပြောတွေနဲ့ သူတို့အမြင် သူတို့အတွေး သူတို့အားကျမှုတွေနဲ့ ခရားရေလွှတ် ပြောဆိုလျှောက်ထားကြပါတယ်။

“အင်း…ဟုတ်မှာပါလေ၊ သူတို့လည်း ပုထုဇင်လူသားတွေပဲ ဆိုတော့ ကိုယ့်မှာမရှိတော့ သူများရှိတဲ့ အရာတွေကိုကြည့်ပြီး အားကျမိမှာပေါ့၊ သူများတွေ နေသလို၊ ၀တ်သလို၊ စားသလို နေချင်ဝတ်ချင် စားချင်ကြမှာပေါ့၊ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်တဲ့ နိုင်ငံကို အားကျနေကြတာ ဖြစ်မှာပေါ့၊ ကိုယ်နဲ့နှိုင်းယှဉ်ပြီး ကိုယ့်ဒုက္ခတွေလောက် သူတို့ဒုက္ခတွေက မကြီးဘူးလို့မြင်တော့ ဒုက္ခမရှိဘူးလို့ ထင်ကြမှာပေါ့…” စတဲ့ ဖြေတွေးများဖြင့်ပဲ ဘုန်းဘုန်းတို့ မြန်မာများဘက်က တွေးကြည့်ပေးလိုက်ပါတယ်။ ဒါပေမယ့် အကြောင်းတိုက်ဆိုင်တဲ့ အခါမှာတော့ ဘ၀ရဲ့အလှနဲ့ ဘ၀ရဲ့အမှန်ကို ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေအပေါ် အားကျနေတဲ့ သူတို့ကို ဓမ္မအနှစ်သာရများနဲ့ ချိန်ထိုးပြီး ပြောပြဖြစ်ပါတယ်။

အမှန်တော့ လောကကြီး တစ်ခုလုံးကို ခြေအဆုံး လျှောက်သွားပြီး လျှောက်နေကြည့်ကြည့်လိုက်ပါ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဒုက္ခငြိမ်းတဲ့ နေရာဆိုတာ မရှိပါဘူး။ သူ့နေရာ သူ့ဒေသ သူ့ဒုက္ခနဲ့ သူကတော့ ရှိနေကြတာပါပဲ။ မြန်မာတွေ အားကျတဲ့ ကိုရီးယားမှာလည်း ကိုရီးယားဒုက္ခ၊ ဂျပန်မှာလည်း ဂျပန်ဒုက္ခ၊ စင်္ကပူမှာလည်း စင်္ကပူဒုက္ခ၊ နောက်ဆုံး တစ်ကမ္ဘာလုံးက အထင်ကြီးပြီး သွားချင်နေတဲ့ အမေရိကန်မှာလည်း အမေရိကန်ဒုက္ခ စတဲ့ ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာ၊ ဘယ်နိုင်ငံမှာမဆို ဆင်းရဲဒုက္ခတွေက သူ့နေရာနဲ့သူ၊ သူလူမျိုးနဲ့သူ ရှိနေကြပါတယ်။ တကယ်တော့ ဒီခန္ဓာကြီးကိုက ဒုက္ခအစုကြီး ဖြစ်နေတာပါ။ ခန္ဓာဝန်ဒုက္ခကြီး ရှိနေသမျှ သတ္တ၀ါတိုင်း ဒုက္ခကိုယ်စီ ရှိနေကြပါတယ်။ ခန္ဓာရှိလို့ ဒုက္ခရှိနေတာ ဖြစ်တဲ့အတွက် ခန္ဓာအစုကြီးကို ပိုင်ဆိုင်ထားတဲ့ သတ္တ၀ါမှန်သမျှ ဘယ်နေရာ ဘယ်ဒေသ ဘယ်နိုင်ငံမှာမဆို ဒုက္ခကတော့ ရှိနေမှာ အမှန်ပါပဲ။ လောကကြီးတစ်ခုလုံးကို ကြည့်လိုက်ရင် သတ္တ၀ါတွေ ဘာကြောင့်ဒုက္ခ ဖြစ်နေကြသလဲလို့ ကြည့်လိုက်ရင် ဒီခန္ဓာအစု ရှိနေကြလို့ပဲဆိုတာ ရှင်းနေပါတယ်။ ခန္ဓာရှိတဲ့အတွက် စားဖို့၊ ၀တ်ဖို့ နေဖို့ ရှာဖွေလုပ်ကိုင် နေကြရပါတယ်။ ဒီလို လုပ်ကိုင်နေရသမျှ ဒုက္ခကိုယ်စီ ရှိလာရတော့တာပါပဲ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ရှိနေတဲ့အတွက် လုပ်ကိုင်ရှာဖွေရတာ အနည်းငယ် သက်သောင့်သက်သာ ရှိတယ်၊ မပင်မပန်း ရှိတယ်လို့ ထင်နေရပေမယ့် ရုပ်နာမ်ခန္ဓာအစုကို ပိုင်ဆိုင်ထားကြတာ ဖြစ်တဲ့အတွက် အမြဲမပြတ် ဒီခန္ဓာကိုယ်ကြီးရဲ့ ဖောက်ပြန်ပျက်ဆီးမှု ဒုက္ခတွေကတော့ အလွန်အမတန် တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေမှာလည်း ရှိနေကြတာပါပဲ။ ဒီသဘောတရား ရှိနေလို့လည်း ဗုဒ္ဓက ဒုက္ခသစ္စာကို ထုတ်နှုတ်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဘုရားရှင်က “ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်သော သူ၊ မချစ်မနှစ်သက်သော အရာတို့နှင့် အတူတကွ ယှဉ်တွဲနေထိုင်ရခြင်း၊ ချစ်ခင်နှစ်သက်သောသူ၊ ချစ်ခင်နှစ်သက်သော အရာတို့နှင့် သေကွဲရှင်ကွဲ ကွဲရခြင်း၊ လိုချင်တောင့်တသည့် အရာကို မရခြင်းတို့သည် ဒုက္ခများဖြစ်ပြီး အချုပ်အားဖြင့် စွဲလမ်းတတ်သော ဤခန္ဓာကြီးကပင် ဒုက္ခဖြစ်ကြောင်း“ ဟောပြတော်မူပါတယ်။ ဘုရားရှင်ရဲ့ ဒီအဖွင့်ကိုကြည့်ရင် နာမ်ရုပ်နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ သတ္တ၀ါတွေ မှန်သမျှ ဘယ်နေရာ၊ ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာပဲရှိရှိ ဒုက္ခငြိမ်းတယ် ဆိုတာမရှိပါဘူး။ ဒုက္ခကိုယ်စီပိုက်ပြီး နေနေကြသူတွေပဲ ဖြစ်ပါတယ်။ ခန္ဓာဝန်လက်စ မသိမ်းသေးသမျှ ဒုက္ခငြိမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ထပ်တစ်ဖန် ဘ၀သစ်ကို မဖြစ်စေနိုင်တော့တဲ့ ကိလေသာကုန်ခမ်း နိဗ္ဗာန်လမ်းကို မရောက်သေးသမျှ ခန္ဓာဝန်လက်စ သိမ်းနိုင်မှာ မဟုတ်ဘဲ ခန္ဓာရှိနေသူမှန်သမျှ ဒုက္ခငြိမ်းတယ်ဆိုတာ မရှိပါဘူး။

ဒါပေမယ့် ဘုန်းဘုန်းတို့ မြန်မာများဟာ ဒီသဘောတရားတွေကို မေ့နေပြီး ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကြောင့် အခိုက်အတန့် သက်သာမှု၊ စားဝတ်နေရေး အဆင်ပြေမှုတွေကိုကြည့်ကာ တိုးတက်တဲ့ နိုင်ငံတွေအပေါ် အားကျနေကြပါတယ်။ တကယ်တော့ အဲဒီလို တိုးတက်တဲ့ နိုင်ငံတွေမှာ ဒုက္ခက ပိုလို့တောင် ကြီးနေပါသေးတယ်။ သူတို့ အဓိက ရင်ဆိုင်နေရတာက ကာယိက ဒုက္ခလို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခနဲ့၊ စေတသိက ဒုက္ခလို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဒုက္ခနှစ်မျိုးမှာ စိတ်ပိုင်ဆိုင်ရာ ဒုက္ခပဲ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတွေ ဘယ်လောက်ပဲ တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ မတိုးတက်တဲ့အတွက် တစ်ခြားဆင်းရဲပြီး ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံတဲ့ နိုင်ငံတွေထက်ပိုပြီး ဒုက္ခများလှပါတယ်။ ရုပ်ချမ်းသာပေမယ့် စိတ်မချမ်းသာတဲ့အတွက် ဘယ်လိုမှ ဒုက္ခမငြိမ်းနိုင်ကြပါဘူး။ ဒါကြောင့်လည်း စိတ်မှာရောဂါတွေရပြီး ထစ်ခနဲဆို ကိုယ့်ကိုယ်ကို သတ်သေကြ၊ ဟိုပေါ်က ခုန်ချ၊ ဒီပေါ်က ခုန်ချနဲ့ လောကဓံလှိုင်း ရိုက်ခတ်မှုဒဏ် မခံနိုင်ဘဲ အလွယ်တကူ ဘ၀ကို အရှုံးပေးသူတွေ ဖြစ်ကုန်ကြပါတယ်။ ဟိုတစ်လောက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေး ဂယက်ရိုက်မှု ဖြစ်တုန်းကဆို ကိုရီးယားနိုင်ငံရဲ့ မြေအောက်ဘူတာ အချို့မှာ ရဲအစောင့်တွေတောင် ထားပေးထားရပါတယ်။ အဲဒီလို မလုပ်ရင် ရထားလာချိန် ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသူတွေ ရှိကြလို့ပါ။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ပဲ တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ မတိုးတက်ဘူးဆိုရင် တစ်ခြားဆင်းရဲတဲ့ နိုင်ငံတွေထက်တောင် ဒုက္ခကပိုသေးတယ်ဆိုတဲ့ သဘောကို ထင်ရှားစေပါတယ်။

နောက်ပြီး ဘုန်းဘုန်းတို့ မြန်မာပြည်ကသူအချို့ ပြောတာလေးတွေ ရှိပါတယ်။ “ဟိုမှာဆိုတော့ အေးအေးဆေးဆေး နေရတာပေါ့…“တဲ့။ ဒီစကားကို အကြောင်းအမျိုးမျိုးကြောင့် တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာလူမျိုးများကို မေးကြည့်ရင် သိနိုင်ပါတယ်။ “သူတို့အေးအေး ဆေးဆေးနေနိုင်ကြရဲ့လား…“လို့..။ အများစုကတော့ ညီးပြလိုက်ပါလိမ့်မယ်။ ကိုယ့်နိုင်ငံ မဟုတ်တဲ့အပြင် လူမူရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုစတာတွေ မတူညီတဲ့ နိုင်ငံမှာ ရောက်နေတာ ဘယ်လိုလုပ် အေးအေးဆေးဆေး နေနိုင်ကြမှာလဲလို့ ပြောကြပါလိမ့်မယ်။ ပြီးတော့ အဲဒီလို နိုင်ငံတွေ ရောက်လာတာဟာလည်း အေးအေးဆေးဆေး နေဖို့ရောက်နေကြတာမှ မဟုတ်ပဲကိုး။ မိသားစု စားဝတ်နေရေး တစ်ခုခုကြောင့် သူများနိုင်ငံမှာလာပြီး ငွေရှာရတာဆိုတော့ သူများမျက်နှာ ကြည့်နေရတယ်လေ။ သူတို့ပေးတာယူ၊ သူတို့ခိုင်းတာ လုပ်နေရတာဆိုတော့ ကိုယ့်စိတ်နဲ့သူတို့ကိုယ် လုပ်ချင်လည်းလုပ် မလုပ်ချင်လည်း လုပ်နေရတာ ဘယ်လိုမှ အေးအေးဆေးဆေး မရှိနိုင်ပါဘူး။ အရှင်းဆုံး ပြောရရင် နိုင်ငံရပ်ခြားကို ရောက်နေတဲ့သူမှန်သမျှ လူပဲဖြစ်ဖြစ် ဘုန်းကြီးပဲဖြစ်ဖြစ် ဘယ်သူမှ အေးအေးဆေးဆေး မရှိလှပါဘူး။ ဒုက္ခလေးတွေ ကိုယ်စီရှိနေကြတာပါပဲ။ နိုင်ငံရပ်ခြားမှာ ရှိနေကြတဲ့ ဘုန်းကြီးတွေလည်း နေရေးထိုင်ရေး စားရေးဝတ်ရေး ဒုက္ခတွေရှိကြသလို လူတွေလည်း ရှိကြတာပါပဲ။ ကိုယ်တင်ပဲလားဆိုတော့ အဲဒီနိုင်ငံ အသီးသီးမှာရှိတဲ့ သူတို့နိုင်ငံသားတွေလည်းပဲ ဒီဒုက္ခတွေက ရှိနေကြတာပါပဲ။ သေချာစမ်းစစ်ကြည့်လိုက်တော့ ဒီဒုက္ခအားလုံးဟာ ရောက်ရှိနေထိုင်ကြတဲ့ နေရာဒေသတွေကြောင့်လို့ ဆိုတာထက် သတ္တ၀ါ အသီးသီး ရရှိထားတဲ့ ခန္ဓာဆိုတဲ့ လောကကြီးကြောင့်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဒီလိုဆိုရင် ရှင်းပါတယ်။ တကယ်ဒုက္ခငြိမ်းချင်ရင် အကောင်းဆုံးနိုင်ငံ၊ အတိုးတက်ဆုံး နိုင်ငံတွေကို လိုက်ပြီးသွားလာ နေထိုင်စရာ မလိုပါဘူး။ ဘယ်နေရာမှာပဲနေနေ ကိုယ့်လောက ကိုယ်ငြိမ်းအောင် လုပ်နိုင်ရင် ဒုက္ခငြိမ်းတာပဲပေါ့။ ကိုယ့်လောကဆိုတာ ကိုယ့်ခန္ဓာကိုပြောတာပါ။ ခန္ဓာဆိုတဲ့ ဒီအိမ်၊ ဒီလောကကြီးကို ပြောတာပါ။ ခန္ဓာကြောင့်ဆိုလို့ ခန္ဓာကြီး မရှိအောင် ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်ရုံနဲ့တော့ အမှန်ဒုက္ခ မငြိမ်းနိုင်ပါဘူး။ တကယ်ငြိမ်းဖို့က ဒီခန္ဓာအိမ်ဆိုတဲ့ ကိုယ်ပိုင်လောကကြီးကို တည်ဆောက်ပေးတဲ့ တဏှာဆိုတဲ့ လက်သမားကို အရင်တွေ့အောင်ရှားပြီး နောက်ထပ်တစ်ဖန် ဒီအိမ်ကို မဆောက်နိုင်အောင် အပြီးမောင်းထုတ်လိုက်နိုင်မှ တကယ်ငြိမ်းမှာပါ။ ဘုရားရှင်ကိုယ်တော်တိုင် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူမူချင်း ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားတော် ရှိပါတယ်။ ဘုရားရှင်က “အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာယောက်ျား လက်သမားကို ရှာသောငါသည် ထိုတဏှာ လက်သမား မြင်နိုင်သော ဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာမှာ လွန်စွာကျင်လည် ခံရလေပြီ…။ ခန္ဓအိမ်ကို ဆောက်လက်တတ်သော ဟယ်…တဏှာ လက်သမား ငါသည်သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ ခန္ဓာအိမ်ကို နောင်တဖန် သင်ဆောက်လုပ်ရမည် မဟုတ်။ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ။ အ၀ိဇ္ဖာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ။ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ။ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရောက်ရှိပြီ..“လို့ ဒီလို ဥဒါန်းစကားဆိုခဲ့ပါတယ်။ မှန်ပါတယ်။ မြတ်စွာဘုရားရှင် ကျူးရင့်တော်မူတဲ့ ဒီဥဒါန်းစကားတော်အတိုင်း အရဟတ္တမဂ်ဉာဏ်နဲ့ ခန္ဓာအိမ်ကို ဖြစ်စေတတ်တဲ့ တဏှာကို အပြီးပယ်သတ်နိုင်မှသာ နောက်ထပ်တစ်ဖန် ခန္ဓာရရှိမှု မဖြစ်တော့မှာ ဖြစ်ပါတယ်။ ဒီခန္ဓာမရှိရင် ခန္ဓာဆိုတဲ့အိမ်မှာ ဖြစ်ပေါ်လာမယ့် ဒုက္ခတွေလည်း မရှိနိုင်တော့ပါဘူး။ ဒီလိုနည်းဖြင့်သာ ဒုက္ခငြိမ်းရာအမှန် ဖြစ်စေမှာဖြစ်ပါတယ်။ ခန္ဓာဝန် ဒုက္ခငြိမ်းပြီဆိုရင် ဘယ်နေရာ ဘယ်ဒေသမှာပဲနေနေ ငြိမ်းနေပါပြီ။ ဒီဒုက္ခမငြိမ်းသေးသမျှတော့ ဘယ်လောက်ပဲ တိုးတက်တဲ့ နိုင်ငံဖြစ်ပါစေ ဒုက္ခကတော့ ရှိနေကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဒုက္ခအားလုံးရဲ့ တရားခံဖြစ်တဲ့ တဏှာကို အပြီးပိုင် ပယ်စွန့်နိုင်အောင် ကြိုးစားပြီး တကယ့်ဒုက္ခငြိမ်းရာကို ရှာကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ ဒုက္ခဖြစ်ကြောင်း အရင်းခံဖြစ်တဲ့ တဏှာကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ပယ်သတ်ကာ အာသဝေါကုန်ခမ်း ရဟန္တာအဖြစ်သို့ ရောက်မှသာ ဒုက္ခငြိမ်းရာအမှန် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တဲ့အတွက် လက်ရှိပစ္စုပ္ပန် အချိန်လေးကိုပဲ ဒုက္ခငြိမ်းအောင် ကြိုးစားလိုက်ကြပါဟု…

Read more »

ဒါကြောင့် ဒီလိုပါ... ပြီးတော့ ဒီလိုဖြစ်စေချင်တာပါ…

“ငြင်းခုံမှုများ ရပ်ကြစို့“ ဆိုတဲ့ ပို့စ်လေးတစ်ခု ရေးတင်ပြီးနောက်မှာ ကွန့်မန့်တ်မှာရော စီဘောက်စ်မှာပါ မှတ်ချက်အမျိုးမျိုး ရေးလာကြပါတယ်။ အားလုံးကို တစ်ခုချင်း ပြန်မဖြေရှင်းခဲ့ပေမယ့် အသေအချာ ဖတ်ဖြစ်ပါတယ်။ မှတ်ချက်အားလုံးနီးပါးဟာ အမှန်သစ္စာတည်ရေး၊ အလွဲအမှား၊ အယူအဆအမှားများ မဖြစ်စေရေးဆိုတဲ့ ကောင်းတဲ့စိတ် စေတနာလေးတွေ ရှိနေကြတယ်ဆိုတာ တွေ့ရပါတယ်။ ဒီအတွက် ၀မ်းလည်းဝမ်းသာမိပါတယ်။ ဗုဒ္ဓဘာသာ မြန်မာအများရဲ့ စိတ်သဘောထား အမှန်လေးတွေကိုပါ တွေ့လိုက်ရတော့ ရင်ထဲမှာ တကယ့်ကိုပဲ ကြည့်နူးမိပါတယ်။ လူကြီးလူကောင်းဆန်တဲ့ အပြုအမူလေးတွေ၊ ရန်တုံ့မူလိုတဲ့ သဘောတွေ၊ သူ့ဆရာမှန်တယ်၊ ကိုယ့်ဆရာမှန်တယ်ဆိုတဲ့ သဘောတွေ မတွေ့ရဘဲ ဗုဒ္ဓဓမ္မ အနှစ်သာရများ အမှန်တကယ် ရှိစေလိုရေးကို ဦးတည်နေတယ်ဆိုတာလည်း ခံစားမိပါတယ်။ တစ်ချို့ကလည်း ဘုန်းဘုန်းအမြင်ကို ဖော်ပြပြီး ဆုံးဖြတ်ပေးစေချင်တဲ့ သဘောလေးတွေ တွေ့ရပါတယ်။

အမှန်တော့ ဘုန်းဘုန်းကိုယ်တိုင်လည်း လက်ရှိဖြစ်ပျက်နေတဲ့ ဓမ္မအဓမ္မ အခြေအနေလေးတွေကို မသိလို့ မဟုတ်ပါဘူး။ သိနေပါတယ်။ ပိုလို့တောင် သိနေတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘုန်းဘုန်းကိုယ်တိုင် ပြည်ပနိုင်ငံမှာနေပြီး တတ်နိုင်သမျှ အွန်လိုင်းသာသနာပြု လုပ်ငန်းလေးတွေ လုပ်နေ၊ အွန်လိုင်းစာမျက်နှာ အစုံကို ဖတ်နေတဲ့အပြင် မကြာသေးခင်ကမှ မြန်မာပြည်မှာ ၀ါဆိုပြီး ပြန်ကြွလာတာဆိုတော့ အတွင်းအပြင် အစုံသိနေရလို့ပဲ ဖြစ်ပါတယ်။ ဒီလို သိနေတဲ့အတွက်ကြောင့်လည်း ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတဲ့ မှတ်ချက်မပေးဘဲ အစွမ်းနှစ်ဘက်လွတ်အောင် စာရေးဖော်ပြ ဖြစ်တာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ပြီး အမှန်အမှား ခွဲခြားတတ်အောင် တရားဟော ဆရာများ၏ လက်ရှိအခြေအနေလေးတွေကို မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။

ဘုန်းဘုန်းတစ်သီးပုဂ္ဂလ အမြင်ပြောရရင် လက်ရှိမြန်မာပြည် သာသနာရေးဟာ အလွန်အားနည်းနေတာကို တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာ ရဟန်းတော်များရော ဗုဒ္ဓဘာသာဝင်များပါ မသိမှုတွေ များလာနေတာကို တွေ့ရပါတယ်။ မသိမှုများတဲ့အတွက်လည်း အမှားတွေ များလာတာ ဖြစ်ပါတယ်။ ရဟန်းတော်များဘက်က ကြည့်ရင် စာပေပရိယတ်ပိုင်းမှာ အားနည်းလာကြပြီး အကျင့်တရားပိုင်းမှာပါ ဆုတ်ယုတ်လာကြပါတယ်။ လူဒကာဒကာမများဆိုရင် ပိုလို့တောင်ဆိုးပါတယ်။ မသိဆို ဘာမှကို မသိကြတော့ပါဘူး။ အဲဒီလို မသိမှုတွေ များလာတော့ အခုလို ပြောသမျှယုံ ဖြစ်ကုန်တော့တာပါ။ လောကမှာ လိမ်လို့အကောင်းဆုံးက ဘာသာရေးကို ခုတုံးလုပ်ပြီးလိမ်တာပဲလို့ ဆိုရလောက်အောင် အလိမ်အကောက် အမျိုးမျိုးနဲ့ လိမ်နေကြတာကို တွေ့နေရပါတယ်။ ကိုယ်ကိုယ်တိုင်က မသိမှုတွေများပြီး စူးစမ်းဆင်ခြင်မှု မရှိတဲ့အခါ အဲဒီအလိမ် သမားများနောက် တကောက်ကောက်လိုက်မိ နေတတ်ကုန်ပါတယ်။

နောက်ဆုံးအရင်းစစ်တော့ မသိကြတာတွေပါ။ ဆရာလုပ်သူတွေလည်း မသိကြ၊ နောက်လိုက်တွေလည်း မသိကြဘဲ ကိုယ်သိတာလေးတွေနဲ့ သူတစ်လူငါတစ်မင်း လုပ်ကုန်ကြတော့တာပါပဲ။ အဆိုးဆုံးက ဆရာလုပ်သူတွေ မသိကြတာတွေပါ။ အရင်ရေးခဲ့သလို စာအသိနဲ့ ဆရာလုပ်သူတွေရော၊ ငါအသိနဲ့ ဆရာလုပ်သူတွေကိုယ်တိုင် လွဲနေကြလေတော့ နောက်လိုက်တွေလည်း လွဲကုန်ကြပြီပေါ့။ မသိတာချင်း အတူတူ စာအသိနဲ့ ဆရာလုပ်သူတွေဟာ စာပေအထောက်အထား အခိုင်အမာ ရှိနေတဲ့အတွက် ထင်သလောက် ဝေဖန်ပြစ်တင် ထောက်ပြစရာ မရှိပေမယ့် စာမသိဘဲ ငါအသိနဲ့ ဆရာလုပ်သူတွေမှာတော့ ပြဿနာတွေ ဖြစ်နေတာတွေ တွေ့မြင်ကြားသိနေရပါတယ်။ ဒါကြောင့်လည်း ခုနောက်ပိုင်း နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများမှ “တရားဟော ဓမ္မကထိကများသည် အနည်းဆုံး ဓမ္မာစရိယအဆင့် ရှိရမည်“လို့ ညွန်ကြားတော်မူခြင်း ဖြစ်ပါတယ်။ စာသိပြီး ငါစွဲမာနစွဲတွေ ရှိလာရင်လည်း အမှားတွေ ဖြစ်လာတတ်ပါတယ်။ ပညာတတ်များ မိုက်ပြီဆိုရင် ပိုပြီးကြောက်စရာ ကောင်းပါတယ်။ ပြီးတော့ ငါသိဆရာတွေရဲ့ ဟောပြောချက် အချို့ဟာ ထေရ၀ါဒ စာပေနဲ့ ညှိတဲ့အခါမှာ လွဲနေတာကို တွေ့ရပြန်ပါတယ်။ စာသိရော ငါသိပါ အရေးကြီးတယ် ဆိုပေမယ့် ငါသိဟာ စရိုက်အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်း အသိခြင်း မတူဘဲ အသိအမျိုးမျိုး ဖြစ်နေတဲ့အတွက် ပုံသေသတ်မှတ်လို့ မရပါဘူး။ ဒါကြောင့် စာပေကိုတော့ အဓိကမှတ်ကျောက်အဖြစ် ထားရပါတယ်။ ဗုဒ္ဓဟောကြားတဲ့ တရားတော်များနဲ့ ချိန်ပြီးသတ်မှတ် ဆုံးဖြတ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ငါသိကိုလည်း စာသိနဲ့ ညှိယူရပါတယ်။ စာကိုတော့ ဘောင်ကျော်လို့ မရပါဘူး။ မြန်မာပြည်မှာ ထေရ၀ါဒ အားကောင်းနေတာဟာလည်း ဒီစာပေပရိယတ်အားကောင်း နေလို့ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားဟော ဓမ္မများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းမရှိဘဲ တစ်သွေမတိမ်း လက်ခံထားတဲ့ ထေရ၀ါဒ စာပေတွေ ရှိနေတဲ့အတွက် သာသနာ အားကောင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာ ဘာသာရေး အရှုတ်အရှင်းတွေ ဖြစ်လာရင် ဘုရားဟော စာပေနဲ့ပဲ ညှိနှိုင်းဆုံးဖြတ်လေ့ရှိပါတယ်။ ဒါကိုတော့ ငါသိနဲ့ ဟောပြောနေသူများ အထူးသတိပြုသင့်လှပါတယ်။ ဖားအောက်ဆရာတော်ကြီးက “တို့က… တရားကမ္မဋ္ဌာန်းတွေ လက်တွေ့ကျင့်ကြံဖို့ ပြသနေပေမယ့် စာကိုတော့ ဘယ်တော့မှ မကျော်စေပါဘူး၊ စာနဲ့အမြဲညှိပြီးမှ လက်တွေ့ကျင့်ကြံစေပါတယ်..“ လို့ ဆရာတော်ကြီးရဲ့ တပည့်တစ်ပါးက ပြောဖူးပါတယ်။ ဆရာတော် အမိန့်ရှိတော်မူတဲ့အတိုင်း ငါသိသမားတွေလည်း စာနဲ့တော့ ညှိကြဖို့ လိုပါတယ်။ အထူးသဖြင့် ရဟန်းတော်များဆိုရင် ၀ိနည်းတော်ကိုတော့ အထူးအလေးပြုသင့်ပါတယ်။ ၀ိနည်းတော်ကို အလေးမထားဘဲ ပစ်ပယ်ထားလိုက်ရင် ထေရ၀ါဒမှ ယနေ့ဝိနည်းကွယ်ပျောက်နေတဲ့ မဟာယာနပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ငါတွေ့အားသန်သူများ အနေဖြင့် ငါ့တွေ့ကို စာတွေနဲ့ညှိပြီး ၀ိနည်းတော်ကို အလေးထားဖို့ တိုက်တွန်းခြင်းဖြစ်ပါတယ်။

နောက်ပြီး ဆိုင်ရာဆိုင်ရာ ဆရာတော်များရဲ့ တရားတော်ကို နှစ်သက်လက်ခံ လိုက်နာကျင့်သုံးကြတဲ့ ပရိတ်သတ်များ အနေဖြင့်လည်း အထူးသတိထားသင့်တဲ့ အချက်တွေရှိပါတယ်။ ကိုယ်က ဘာမှမသိတဲ့အတွက် ကိုယ့်အတွက် အနည်းငယ်မျှ တိုက်ဆိုင်သွားတဲ့ ဆရာသမားရဲ့ တရားတော်ကိုပဲ တစ်သမှတ်တည်း အသေစွဲ မယူထားဖို့ လိုပါတယ်။ တကယ်တော့ ကိုယ်သိသွားတဲ့အချက် ကိုယ်နဲ့တိုက်ဆိုင်သွားတဲ့ ဟောပြောချက်ဟာလည်း ဘယ်အဆင့်အထိ ရှိတယ်ဆိုတာ ဆုံးဖြတ်ဖို့ ခက်လှပါတယ်။ တစ်ခါတစ်ရံမှာ တစ်ချို့ ယောဂီတွေဟာ သမာဓိနိမိတ်တွေ အပေါ်မှာကိုပဲ ကိုယ့်ကိုယ်ကို တရားအစစ် ရပြီလို့ ထင်တတ်တာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် တရားအားထုတ်တဲ့ အခါမှာ ကိုယ့်အနားမှာ စာပေပရိယတ်ရော လက်တွေ့အားထုတ်မှုပါ ပြည့်စုံတဲ့ ဆရာကောင်းလိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အဲဒီလို ဆရာကောင်းတွေလည်း မြန်မာပြည်မှာ ရှိပါတယ်။ ဒီလို ဆရာတွေထံမှာလည်း စမ်းသပ် အားထုတ်ကြည့်သင့်ပါတယ်။

ဒီနေရာမှာ ဘုန်းဘုန်းပြောလိုတာက “ဓမ္မအဓမ္မ အဖြစ်မှန်တွေကို ဘုန်းဘုန်းကိုယ်တိုင် သိရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလိုနေရာမျိုးမှာ ၀င်ရောက်မဆွေးနွေးတာလဲ…၊ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး အနေနဲ့ ဘာကြောင့် သွေးအေးနေတာလဲ” ဆိုရင် ဘုန်းဘုန်းအနေနဲ့ ကိုယ့်ကိုယ်ကို ဓမ္မအနှစ်သာရ အသိခိုင်အောင် အရင်လုပ်နေလို့ပါလို့ ပြောပါရစေ။ ကိုယ်ကိုယ်တိုင်က အသိမပြည့်စုံသေးလို့ပါလို့ အကြောင်းပြပါရစေ။ ခေါင်းရှောင်တာ မဟုတ်ပါဘူး။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတာကတော့ အချိန်တန်ရင် အမှန်သစ္စာက ဖြေရှင်းပေးသွားလိမ့်မယ်လို့လည်း ယုံကြည်နေလို့ပါ။ မဂ္ဂင်ရှစ်ပါးအကျင့်တရား ရှိနေသမျှ ရဟန္တာများ မဆိတ်သုဉ်းဘူးဆိုတဲ့အတိုင်း ဗုဒ္ဓဓမ္မကို အမှန်အတိုင်း လက်ခံလိုက်နာ ကျင့်သုံးနေကြတဲ့ သူတော်ကောင်းများ ရှိနေသမျှ ဓမ္မ၀ါဒ မကျရှုံးသေးဘူးလို့ ခံယူထားလို့ပါ။ ပြီးတော့ တစ်ချို့ကိစ္စတွေဟာ ပြန်လည်တုံ့ပြန်ရင် ပိုပြီးပွဲဆူကာ ပိုပြီးပြန့်နှံ့သွားတတ်ပြီး ကြေငြာပေးသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အဓမ္မဘက်က တိုက်ခိုက်မှုတွေ အားကောင်းနေပေမယ့် အဲဒီတိုက်ခိုက်မှုတွေဟာလည်း ပုဂ္ဂိုလ်ရေး အစွဲတရားကြောင့် ဖြစ်တယ်ဆိုတာ သဘောပေါက်ပြီး အချိန်တန်ရင် သူတို့ကိုယ်တိုင် သဘောပေါက်သွားလိမ့်မယ်လို့လည်း ခံယူထားတဲ့ အတွက်ကြောင့် ဘုန်းဘုန်းအနေနဲ့ ဘာမှမတုံ့ပြန်ဘဲ ဓမ္မစကား သက်သက်ကိုပဲ ရေးသားတင်ပြနေခြင်း ဖြစ်ပါတယ်။ အကယ်၍ သူတို့က သဘောမပေါက်ဘဲ အမှားအတိုင်းဆက်ပြီး လက်ခံလိုက်နာ ကျင့်သုံးနေရင်တော့ သဗ္ဗေသတ္တာ ကမ္မသကာထဲထည့်ပြီး ကိုယ်ကိုယ်တိုင် လွတ်အောင်ရုန်းကြဖို့ပဲ ရှိပါတယ်။ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ဓမ္မ၀ါဒ အသိရှိအောင် ကြိုးစားကြည့်ဖို့ပါပဲ။

နောက်ဆုံးအနေနဲ့ အကြံပြုချင်တာက အွန်လိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဓမ္မအဓမ္မ ဖြေရှင်းချက်များတွင် ၀ိုင်းဝန်းအကြံပြု ပြောဆိုနေသူများ အနေဖြင့် တစ်ဦးနဲ့တစ်ဦး ပြေပြေလည်လည် ဖြစ်စေချင်ပါတယ်။ ကိုယ့်အမြင်ကို ကိုယ်ပြောတာဆိုပေမယ့် အပြောများရင်၊ အပြောကြမ်းရင် အမှားတွေ ပါလာတတ်ပါတယ်။ ပြောရင်းပြောရင်း မလိုလားအပ်တဲ့ အပြစ်တွေ စော်ကားမှုတွေ ၀င်လာတတ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို ကိုယ့်ကိုယ်ကို အရင်ကာကွယ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို ခိုင်မာအောင် လုပ်သင့်တယ်လို့ ထင်ပါတယ်။ အမှန်တော့ အားလုံး သူ့ဘက်ကိုယ့်ဘက် ကာကွယ်ပြောဆိုနေကြတာဟာ မှန်တယ်ထင်လို့ ပြောနေကြတာတွေ ဖြစ်ပါတယ်။ အမှန်သစ္စာက ရှိနေပေမယ့် အမှားကို စွဲကိုင်ထားသူများကလည်း ကိုယ့်ကိုယ်ကို မှားနေတယ်လို့ ထင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကလည်း အပြိုင်အဆိုင် ပြန်လည်တုံ့ပြန်ကြပါလိမ့်မယ်။ ဒီလိုဆိုရင် အမှန်ရောက်မှာ မဟုတ်ဘဲ ဓမ္မစာမျက်နှာတွေမှာ အယုတ်ဆိုးစေပါတယ်။ ဓမ္မအစစ်အမှန်ဆိုတာ ငြင်းချက်ထုတ်စရာ မလိုဘဲ လက်တွေ့ကျင့်ကြံ ရယူရမယ့် အရာဖြစ်ပါတယ်။ ဒါကြောင့် အချိန်တန်ရင် ပြီးသွားမှာပါလို့ သဘောထားပြီး ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုသာ လမ်းမလွဲစေဖို့ သဒ္ဓါပညာကို သတိနဲ့ယှဉ်ပြီး ကျင့်သုံးကြဖို့ အကြံပြုလိုက်ပါတယ်။

မှတ်ချက်။ ၊၊ အဓမ္မ၀ါဒရန်ကို ကာကွယ်နေကြသည့် သူများကို အထူးကျေးဇူးတင်ပါတယ်။ အားလည်းအားပေး နေပါတယ်။ လိုအပ်ရင်လည်း အမြဲအဆင်သင့် ရှိပါတယ်။ ပြီးတော့ အထက်ပါ ရေးသားချက်များဟာ ဘယ်သူ့ကိုမှ အပြစ်ပြောလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ အားလုံးကို ပြေပြေလည်လည် ရှိစေချင်တဲ့ စေတနာ သက်သက်သာ ဖြစ်ပါကြောင်း ၀န်ခံပါတယ်။ ဒီပို့စ်လေးနဲ့ပဲ နောက်ဆုံးတင်ပြရင်း နောက်နောင်ပို့စ်များတွင် ဓမ္မရသ သက်သက်ကိုသာ တင်ပြပါမည့်အကြောင်း…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ