ဘုရား ရဟန္တာနှင့် ငါဟူသော ဝေါဟာရ…

တစ်ဦးသော နတ်သားသည် တစ်ခုသော တော်အုပ်ကြီး၌ နေ၏။ သူနေသော တောအုပ်ထဲသို့ ရဟန္တာကြီးများ လာရောက် နေထိုင်ကြလေရာ ထိုနတ်သားသည် ရဟန္တာကြီးများ အချင်းချင်း ပြောကြသော စကားများကို ကြားနေရ၏။ ထိုအခါ ယင်းရဟန္တာကြီးများ ပြောစကားကို အကြောင်းပြု၍ ထိုနတ်သားသည် ရဟန္တာကြီးများ အပေါ်တွင် ယုံမှားသံသယ ဖြစ်လာ၏။ ရဟန္တာကြီးများ ပြောဆိုသော စကားများကား “ငါစားသည်၊ ငါသောက်သည်၊ ငါအိပ်သည်၊ င့ါပစ္စည်း၊ ငါ့ဟာ၊ ငါ့သပိတ်၊ ငါ့သင်္ကန်း” ဤသို့စသည်ဖြင့် အတ္တစွဲ ငါ၊ ငါဟူသော စကားများဖြစ်သတည်း။ ထိုစကားကို အကြောင်းပြု၍ နတ်သားသည် တွေးမိလာ၏။ “အစက ဤကိုယ်တော်ကြီးများကို ရဟန္တာဟု ငါမှတ်ထင်ခဲ့သည်။ ရဟန္တာတို့မည်သည် ငါ၊ ငါဟူ၍ အတ္တစွဲနှင့်စပ်သော စကား၊ အတ္တစွဲမကင်းသော စကားကို ဆိုကြ၊ ပြောကြရာသလော၊ မဆိုမပြောရာသလော”ဟု သို့လော သို့လောတွေးတော ဒွိဟသံသယ ဖြစ်လာသည်။

တစ်နေ့သ၌ ထိုနတ်သားသည် မိမိ၏ ယုံမှားသံသယ ကင်းပခြင်းငှါ ဘုရားအထံတော်သို့ ချည်းကပ်ပြီး ထိုပြဿနာရပ်ကို တင်ပြလျှောက်ထားကာ မေးမြန်းခြင်းပြုလေ၏။
မေး= လူနတ်ဗြဟ္မာတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား အကြင်ရဟန်းသည် ရဟန္တာဆိုပါက၊ ရဟန်းကိစ္စ ပြီးစီးသော ပုဂ္ဂိုလ်မှန်ပါက၊ အာသဝေါ ကုန်ခမ်းပြီး ဖြစ်ပါက၊ တစ်ဖန် ပဋိသန္ဓေနေရခြင်း မရှိသော နောက်ဆုံး ခန္ဓာဝန် အတ္တဘောရှိသည် ဆိုပါက ထိုရဟန်းသည် “အဟံ ၀ဒါမိ- ငါပြောသည်ဟူ၍ လည်းကောင်း၊ အဟံ ပိဝါမိ- ငါသောက်၏ဟူ၍ လည်းကောင်း၊ မမစီဝရံ- ငါ့သင်္ကန်းဟူ၍ လည်းကောင်း“ အတ္တစွဲ ငါဟူသော စကားကို ဆိုရာပါသလော။

ဖြေ= အချင်း ဒါယကာနတ်သား… မှတ်သားလော့။ အကြင်ရဟန်းသည် ကုန်ပြီးသော အာသဝေါတရား လေးပါးလည်းရှိ၏။ ပြီးပြီးသော ရဟန်းကိစ္စ ၁၆ပါးလည်း ရှိ၏။ နောက်ထပ်တစ်ဖန် ပဋိသန္ဓေ နေခြင်းမရှိသော နောက်ဆုံး ခန္ဓာဝန်ကိုလည်း ဆောင်၏။ ထိုရဟန်းသည် အဟံ ၀ဒါမီတိပိ- ငါပြောသည်၊ ငါဆိုသည်ဟူ၍ လည်းကောင်း၊ မမံ-ငါ့ကို၊ ပရေ- တစ်ပါးသော သူတို့က၊ ၀ဒန္တီတိပိ- ပြောကုန်သည်၊ ဆိုကုန်သည်ဟူ၍ လည်းကောင်း ပြောဆိုပေရာသည်။ ခန္ဓာလောက၌ လိမ္မာသော ရဟန်းကား လူ့ဝေါဟာရ၊ လူ့အသုံးအနှုန်းကို သိတော်မူ၏။ သိသောကြောင့် လောကဝေါဟာမျှဖြင့် ဆိုရာသည်၊ ဆိုနိုင်ပေသည်၊ ဆိုကောင်းသည် မှတ်ရာ၏။

အချင်း ဒါယကာနတ်သား… ငါထင်ရှားစွာ ဆိုဦးအံ့။ ခန္ဓာငါးတို့သည် သွားကုန်၏၊ စားကုန်၏၊ ရပ်ကုန်၏၊ နေကုန်၏၊ ခန္ဓာငါးပါးတို့သည် အိပ်ကုန်၏၊ သောက်ကုန်၏ဆိုခဲ့သော် လည်းကောင်း၊ ဤသင်္ကန်းကား ခန္ဓာငါးပါး၏ သင်္ကန်းတည်း၊ ဤသပိတ်ကား ခန္ဓာငါးပါး၏ သပိတ်တည်းဟု ဤသို့သော ဝေါဟာရဖြင့် ဆိုခြင်း၊ ပြောခြင်း၊ သုံးနှုန်းခြင်း ပြုခဲ့သည်ရှိသော် လောကဝေါဟာရ အစဉ်အလာ ပြောရိုးဆိုရိုး လူ့အသုံးအနှုန်း ပျက်လေ၏။

အချင်းဒါယကာနတ်သား… ယင်းသို့ ခန္ဓာငါးပါး သွားသည်၊ ခန္ဓာငါပါးစားသည် စသည်ဖြင့် မဆိုဘဲ လူ့ဝေါဟာရ၊ လူ့အသုံးအနှုန်းဖြင့်သာလျှင် (လူ့ဝေါဟာရနှင့် မဆန့်ကျင်သော စကားဖြင့်) ရဟန္တာသည် ဆိုပေရာ၏။ လောကဝေါဟာရ လူ့အသုံးအနှုန်း မပျက်စေခြင်းငှါ၊ နားလည်စေခြင်းငှါ “ငါသွားသည်၊ ငါစားသည်၊ ငါ့သင်္ကန်းဟူ၍ ဘုရားပစ္စေက ဗုဒ္ဓါတိုသည်လည်း ဆိုကုန်၏။ ရဟန္တာတို့သည်လည်း ဆိုပေကုန်၏။ အတ္တစွဲဟူ၍ ဆိုသည်မဟုတ်။
(သဂါထာဝ္ဂသံယုတ်၊ ပါဠိ၊ အဋ္ဌကထာ)

မှတ်ချက်။ ၊ဒဂုန်ဦးစန်းငွေ၏ “ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ ပေါင်းချုပ်“ စာအုပ်မှ တစ်ဆင့်ပြန်လည် ကူးယူဖော်ပြပါသည်။

Read more »

သဗ္ဗေသတ္တာ ကမ္မဿကာ…

“ပါရမီနဂို၊ မရှိလိုက၊ ကုသိုလ်သုစရိုက်၊ မဟောထိုက်တည့်၊
သူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊ အလွန်ခါး၏၊ နားပါးမ၀င်၊ မကြားချင်ဘူး၊
သိမြင်မဲ့စွာ၊ လူယုတ်မာအား၊ ခြင်းရာကောင်းဆိုး၊ ကြောင်းကျိုးတရား၊ မဟောကြားရာ၊
ဟောမိပါက၊ အပြစ်ရ၏။“
(မန်လည်ဆရာတော်)

မဃဒေ၀လင်္ကာ ဆုံးမစာများကိုဖတ်ရင်း အထပ်ပါစာပိုဒ်လေးကို အထူးသတိထားမိလိုက်၏။ သတိပြုမိသည် ဆိုသည်ထက် စာရေးသူတို့၏ ဘ၀အခြေအနေဖြင့် တိုက်ဆိုင်ချိန်ထိုး စဉ်းစားမိသည်ဆိုက ပို၍သင့်လျော်၏။ စာရေးသူတို့သည် သာသနာ့ဝန်ထမ်း ရဟန်းတော်များဖြစ်၍ လူအမျိုးမျိုးနှင့် ဆက်ဆံနေရ၏။ စရိုက်ပေါင်းစုံသည့် ဒကာ၊ဒကာမများနှင့် ဆက်ဆံနေရ၏။ ရဟန်းသံဃာတော်များသည် အများဆိုင်ဖြစ်၍လည်း မည်သူဟူ၍ သီးခြားခွဲပြီး ဆက်ဆံ၍ မရပေ။ ကိုးကွယ်ဆည်းကပ် ပင့်ဖိတ်လျှောက်ထား ဆက်ကပ်လာလျှင် ချီးမြှောက်လက်ခံ ဟောကြားဆုံးမ ပေးရ၏။ ထိုအမျိုးမျိုးသော စရိုက်ရှိသည့် လူများကြားတွင် အချို့ကား ဆုံးမလွယ်၏။ အချို့ကား ဆုံးမရခက်၏။ အချို့ကား လွယ်သည်လည်းမဟုတ် ခက်သည်လည်းမဟုတ်သည့် ကြားလူများဖြစ်နေ၏။ အချို့ကား အနုနည်းဖြင့် ဆုံးမသော် နာခံလွယ်၏။ အချို့ကား အကြမ်းနည်းဖြင့် ဆုံမပြောဆိုမှသာ လိုက်နာကျင့်သုံး၏။ အချို့ကား ချော့တစ်ခါ ခြောာက်တစ်လှည့် သွန်သင်ပြရ၏။ အချို့ကား အနုနည်း၊ အကြမ်းနည်း၊ ချော့တစ်ခါ ခြောက်တစ်လှည့် မည်သို့ပင် ဆုံးမပြောဆို ဟောပြောပေးသော်လည်း နားမ၀င်လှပေ။ ဆုံးမ၍ ခက်လှပေ၏။ နောက်ဆုံး ထိုသူများအား ဆုံးမပြောဆိုသည့် ဆရာပင် လက်လျှော့လိုက်ရ၏။ လက်မလျှော့၍လည်း မရပေ။ ကြာလျှင်ထိုဆုံးမရ ခက်သူများအား အကုသိုလ်အပြစ်သာ ပို၍ကြီးလာ နိုင်စရာ ရှိပေတော့၏။ မန်လည်ဆရာတော်ကြီး ဆုံးမသကဲ့သို့ပင် ထိုသူများမှာ ပါရမီဓာတ်ခံ မရှိသူများ၊ သဒ္ဓါတရားဓာတ်ခံ မရှိသူများ ဖြစ်ဟန်တူပေ၏။ ထို့ကြောင့် ဆုံးမသွန်သင်၍ မရတော့သည့်အဆုံး မိမိကိုယ်ကိုသာ သက်သောင့်သက်သာဖြစ်အောင် နေလိုက်ရတော့၏။ “သဗ္ဗေသတ္တာ ကမ္မဿကာ- သူ့ထိုက်နဲ့ သူ့ကံပဲ ရှိပါစေတော့…“ဟုသာ ဥပေက္ခာ ပြုလိုက်ရတော့၏။


မှန်၏။ လောကတွင် ထိုကဲ့သို့ ဆုံးမရခက်သူများ အများအပြားရှိ၏။ မကြာမကြာလည်း ဆုံဖူးပါ၏။ မည်မျှပင် ပြောဆိုဆုံးမစေကာမူ နားမ၀င်ဘဲ ဖြစ်နေသူများရှိ၏။ လူ့လောကတွင် လူအချင်းချင်း မဆုံးမနိုင်သဖြင့် ဘုန်းကြီးရဟန်းသံဃာ ဆုံးမလျှင်ကား နားထောင်ကောင်း၏ဟူသော အတွေးဖြင့် ဘုန်းကြီးထံအပ်နှံ ဆုံးမစေကြသည်လည်း ရှိ၏။ ပင်ကိုယ်က ပါရမီဓာတ်ခံ မရှိသဖြင့် ရဟန်းသံဃာတော်များ ဆုံးမလည်း မရလှပေ။ ရှေ့တွင်ကား နာခံသယောင် ရှိသော်လည်း ကွယ်ရာရောက်လျှင် လုပ်ချင်သလို လုပ်ကြတော့၏။ ထိုသို့သော သူများကို များများကြုံမိသည့်အခါ မန်လည်ဆရာတော်ကြီး မိန့်တော်မူသကဲ့သို့ပင် ဟောပြောဆုံးမမိသူပင် အပြစ်ဖြစ်လေတော့၏။ “ဘုန်းကြီးက နေရာတကာပါတယ်…၊ လူ့ကိစ္စ၀င်ပါတယ်…၊ လူ့လောကအကြောင်း နားမလည်းဘူး..“ စသည်ဖြင့် ဘုန်းကြီးကိုပင် အပြစ်မြင်လာတတ်၏။ ထို့ကြောင့်လည်း ဆုံးမဟောပြောပေးကြသည့် ဆရာသမားများမှာ ထိုကဲ့သို့သော သူများကြောင့် “သူထိုက်နဲ့ သူ့ကံရှိစေတော့“ဟု ဥပေက္ခာ ပြုလိုက်ရလေတော့၏။

အမှန်အားဖြင့် ဥပေက္ခာပြုသည်ဟူသည် ဖြစ်ချင်ရာဖြစ်စေတော့ဟူသော အဆိုးမြင်သဘောဖြင့် လစ်လျူရှုပစ်လိုက်ခြင်း မဟုတ်။ ထိုသူကို အမှီပြုပြီး အကုသိုလ်လည်းမဖြစ်၊ ကုသိုလ်လည်း မဖြစ်အောင် နေလိုက်ခြင်းသာ ဖြစ်ပါ၏။ “ကုသိုလ်မရချင် နေပါစေ အကုသိုလ်တော့ အဖြစ်မခံတော့”ဟူသော သဘောဖြင့်သာ နေလိုက်ခြင်းဖြစ်ပါ၏။ ထိုပုဂ္ဂိုလ်ကို မုန်း၍မဟုတ်။ ထို့အတူ ချစ်၍လည်းမဟုတ်ပေ။ မိမိကိုယ်ကို အပြစ်အဖြစ်မခံတော့ဘဲ နေလိုက်ခြင်းသာ ဖြစ်၏။

စင်စစ် လောကတွင် လုပ်၍မရသည့် အရာများ များစွာရှိ၏။ ထိုမရသည့်အရာများကို မရရအောင် လိုက်လုပ်နေလျှင် လိုက်လုပ်သူပင် ပင်ပန်းပြီး အပြစ်ဖြစ်စေတတ်၏။ အနန္တစွမ်းအားရှင်ဖြစ်သည့် အနှိုင်းမဲ့ မြတ်စွာဘုရားသည်ပင် သတ္တ၀ါအားလုံးကို ကယ်တင်ချေချွတ် မသွားခဲ့ပေ။ ပါရမီရှိသည့် ကျွတ်ထိုက်သည့် သတ္တ၀ါများကိုသာ ကယ်တင်သွားတော်မူခဲ့၏။ ဘုရားရှင် ပွင့်ထွန်းတော်မူလာခြင်းသည်ပင် ကျွတ်ထိုက်သည့် သတ္တ၀ါများကို ချွတ်သွားရန်အတွက်သာ ဖြစ်ပါ၏။ ဘုရားရှင်သည်လည်း ဆုံးမပြောဆို ဟောပြော၍ ရသည့်သူများကိုသာ ဟောပြောဆုံးမ သွားတော်မူခဲ့၏။ မရသည့်သူများကိုကား ဥပေက္ခာတရားဖြင့်သာ နေတော်မူသွားခဲ့၏။ ဗုဒ္ဓသည် မဟာကရုဏာရှင် မှန်သော်လည်း ပြောဆိုဆုံးမ ချေချွတ်ရမည့် သူများကိုသာ ချေချွတ်တော်မူသွား၏။ အားလုံးအပေါ် သနားကျင်နာတော်မူသော်လည်း ဟောပြော၍ မရနိုင်သူကိုကား အချိန်ကုန် မခံတော့သည်ကို တွေ့ရ၏။ ထို့ကြောင့်လည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော အကျင့်တရားကို လက်ကိုင်ကျင့်သုံးရန် တပည့်သာဝကများအား ဟောကြားဆုံးမတော် မူခဲ့ခြင်း ဖြစ်ဟန်တူပေ၏။ သတ္တ၀ါများတွင် မိမိနှင့် တန်းတူသူများကို မေတ္တာထားပြီး ဆက်ဆံ၊ မိမိအောက် နိမ့်ကျသူများကို ကရုဏာတရားဖြင့် ဆက်ဆံ၊ မိမိထက်သာသူများကို မုဒိတာ တရားဖြင့် ဆက်ဆံ၊ မည်သို့မှ ဆက်ဆံ၍ မရသူများကို ဥပေက္ခာဖြင့်သာ နေလိုက်ကြရန် ညွန်ပြတော်မူခဲ့၏။

ဘုရားရှင်ကိုယ်တော်တိုင်လည်း ထိုသို့ကျင့်သုံးသွား၏။ အခါတစ်ပါး မြတ်စွာဘုရားသည် မြင်းများကို ဆုံးမသွန်သင် ပေးနေသည့် ကေသိမြင်းဆရာနှင့် တွေ့ဆုံ၏။ ထိုသို့ တွေ့ဆုံသည့်အခါ ဗုဒ္ဓက မြင်းဆရာကြီးအား မြင်းများကို မည်သို့မည်ပုံ ဆုံးမကြောင်း မေးတော်မူ၏။ ထိုအခါ မြင်းဆရာကြီးက “အနုနည်းဖြင့် ဆုံးမရန်လိုအပ်သည့် မြင်းများကို အနုနည်းဖြင့် ဆုံးမပြီး အကြမ်းနည်းဖြင့် ဆုံးမမှရသည့် မြင်းများကို အကြမ်းနည်းဖြင့် ဆုံးမကာ အနုအကြမ်း မည်သို့မျှ ဆုံးမ၍ မရသည့် မြင်းများကိုကား သတ်ပစ်ကြောင်း“ လျှောက်ထား၏။ တစ်ဖန်မြင်းဆရာက မြတ်စွာဘုရားရှင် အနေဖြင့် တပည့်သာဝကများကို မည်သို့မည်ပုံ ဆုံးမတော်မူပါသနည်းဟု ဘုရားရှင်၏ ဆုံးမသွန်သင်မှုကို မေးလျှောက်၏။ မြတ်ဗုဒ္ဓက “ငါဘုရားသည်လည်း မြင်းဆရာကြီးကဲ့သို့ပင် အနုနည်းဖြင့် ဆုံးမရမည့် သူများကို အနုနည်းဖြင့် ဆုံးမပြီး အကြမ်းနည်းဖြင့် ဆုံးမရမည့်သူများကို အကြမ်းနည်းဖြင့် ဆုံးမကာ အနုနည်း အကြမ်းနည်းဖြင့် မည်သို့မျှ ဆုံးမ၍ မရသူများကို သတ်ပစ်ကြောင်း” မိန်တော်မူ၏။ ကေသိမြင်းဆရာကြီးမှာ ဘုရားရှင်က သတ်ပစ်သည်ဟူသော စကားကို ကြားသဖြင့် အလွန်တုန်လှုပ်သွားပြီး “အရှင်ဘုရားက ဆုံးမ၍ မရသည့်သူကို သတ်ပစ်သည်ဆိုခြင်းမှာ မည်သို့မျှ နားမလည်ကြောင်း အဓိပ္ပါယ်လည်း မရှိကြောင်း” အပြစ်ဆိုလေ၏။ ထိုအခါ ဘုရားရှင်က “ငါဘုရားက ဆုံးမ၍ မရသည့်သူများကို သတ်ပစ်သည်ဆိုသည်မှာ အသက်ကို သတ်ပစ်ခြင်း မဟုတ်ကြောင်း ဥပေက္ခာ ပြုလိုက်ခြင်းကို ဆိုခြင်းဖြစ်ကြောင်း” မိန့်တော်မူလိုက်၏။ ဆိုလိုသည်မှာ ဘုရားရှင်သည်လည်း မည်သို့မျှ ဆုံးမ၍ မရသူများကို ဥပေက္ခာပြတော်မူလေ့ ရှိကြောင်း ဆိုလိုရင်းဖြစ်ပါ၏။

ဤနေရာတွင် ဘုရားရှင် သုံးတော်မူသည့် သတ်ပစ်ခြင်းဟူသော စကားတစ်ခွန်းကို အထပ်ထပ် စဉ်းစားကြည့်ရန် လိုအပ်၏။ ဆုံးမ၍ မရသည့်သူများကို ဗုဒ္ဓသည် ဥပေက္ခာပြုလိုက်၏။ ဗုဒ္ဓ၏ ဥပေက္ခာပြုခြင်းသည် သတ်ပစ်ခံရခြင်း ဖြစ်၏။ မှန်၏။ လောကတွင် သူတော်ကောင်းများ၊ ဆရာသမား မိဘများစသူတို့၏ ဥပေက္ခာပြုခြင်းကို ခံရသူများ၏ ဘ၀သည် အသတ်ခံလိုက်ရသည်နှင့် တူ၏။ မိမိအား အကောင်းအဆုံး၊ အကြောင်းအကျိုးကို ပြောဆိုဆုံးမ သွန်သင်ပြသမည့်သူ မရှိတော့သည့် ဘ၀သည် တွေးကြည့်ရုံဖြင့်ပင် ကြောက်စရာကောင်းလှ၏။ ဥပေက္ခာအပြုခံရသူ တစ်ယောက်သည် လမ်းပျောက်သွားသည့် သူတစ်ယောက်နှင့်သာ တူပေတော့၏။ မိမိဘာလုပ်လုပ် မည်သူမျှ တည့်မတ်ပေးမည့်သူမရှိ၊ လမ်းညွှန်ပေးမည့်သူမရှိ၊ အကြံပြုပေးမည့်သူမရှိ၊ အမှားအမှန် ခွဲခြားပေးမည့်သူမရှိဖြင့် ညဥ့်သန်းခေါင်ယာမ် အလွန်မှောင်မိုက်သည့် လှိုင်ဂူထဲတွင် ရောက်နေသူနှင့်သာ တူနေပေတော့၏။ “ပုထုဇင်ပုဂ္ဂိုလ်များသည် ကလျာဏမိတ္တဟူသော အဆွေခင်ပွန်းကောင်းကို အမှီပြုမှသာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးကို ဖြစ်စေနိုင်သည်”ဟု ဆို၏။ သို့ဆိုလျှင် ထိုသူတော်ကောင်းတို့၏ ဥပေက္ခာပြုခြင်းကို ခံရသူသည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးမှ လွဲချော်နေသူသာ ဖြစ်နေပေတော့၏။ ရရှိလာသည့် ဘ၀အခိုက်တွင် လောကသားတို့၏ ဥပေက္ခာပြုခြင်းကို ခံရသူ၏ ဘ၀သည် အလွန်ကြောက်မက်ဖွယ် ကောင်းလှပေတော့၏။ အရှင်လတ်လတ် ဘ၀သေနေသူနှင့်သာ တူနေပေတော့၏။ ထို့ကြောင့် မည်မျှပင် ဆိုးသွင်းသူဖြစ်နေသော်လည်း ဥပေက္ခာ အပြုခံရသူ မဖြစ်အောင် ကြိုးစားသင့်လှပေ၏။

ဤနေရာတွင် စာရေးသူ တင်ပြလိုသည်မှာ ဥပေက္ခာပြုလိုက်ခြင်းနှင့် ဥပေက္ခာ အပြုခံရခြင်းတို့၏ အကျိုးသက်ရောက်မှုပင် ဖြစ်၏။ တစ်ခါတစ်ရံတွင် မည်သို့ပင် ပြုပြင်သွန်သင် ဆုံးမသော်လည်း မရသည့်သူများ ရှိ၏။ ထိုသူများကို မရရအောင် အပင်ပန်းခံပြီး ကြိုးစားနေလျှင် မိမိသည်သာ ပင်ပန်းနွမ်းနယ်ပြီး အကုသိုလ် အပြစ်တွေသာ တိုးပွားလာစေတတ်၏။ ထိုအခြေအနေတွင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး မိမိပါ အကုသိုလ် အဖြစ်ခံသင့် မသင့် ဆင်ခြင်စဉ်းစားသင့်လှ၏။ စင်စစ် ယခုဘ၀တွင်သာ အတိတ်ကံ တစ်ခုခုကြောင့် လာရောက်ပတ်သက် တော်စပ်နေရသော်လည်း ဘ၀သံသရာခရီးသို့ ဆက်လက် လျှောက်လှမ်းကြသည့်အခါ မိမိလမ်း မိမိလျှောက်ရမည်သာ ဖြစ်၏။ အဖေ၊ အမေ၊ ညီအစ်ကို မောင်နှစ်မ၊ မိတ်ဆွေအပေါင်းအသင်း တို့သည်ကား ထိုသူတို့ ပြုသည့်ကံအတိုင်းသာ ဆက်လျှောက်သွားကြမည်သာ ဖြစ်၏။ ထို့ကြောင့် မိမိလမ်း မိမိလျှောက်စဉ်အတွင်း သူတစ်ပါးကို အမှီပြု၍ မိမိပါ နစ်မွန်းနိုင်လာလျှင် ထိုသူကိုလည်း ဥပေက္ခာပြုလိုက်ရန် လိုအပ်ပေ၏။ တစ်နည်းအားဖြင့်ဆိုသော် ထိုပြုပြင် သွန်သင်၍ မရသူကို အမှီပြု၍ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်အောင် နေလိုက်ကြရန်သာ ဖြစ်၏။ တစ်ခါတစ်ရံ ဥပေက္ခာပြုလိုက်သဖြင့် အပြုခံရသူသည် နောင်တရပြီး ပြုပြင်ပြောင်းလဲ သွားတတ်သည်လည်း ရှိ၏။ ထိုအခါ ဥပေက္ခာပြုလိုက်ခြင်းသည် ကောင်းသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပြန်၏။ သေချာသည်မှာ ဥပေက္ခာပြုလိုက်သဖြင့် မိမိကိုယ်တိုင် ရှေးဦးစွာ သက်သောင့်သက်သာ ဖြစ်သွားခြင်းပင် ဖြစ်၏။

တစ်ဘက်တွင် ဥပေက္ခာ အပြုခံရသူများ စဉ်းစားရမည့် အချက်များ၊ သတိပြုရမည့် အချက်များမှာလည်း အလွန်များလှ၏။ နေရသည့်အခိုက် ခဏတာတွင် မကောင်းသည့်လုပ်ရပ် ဆိုးသွင်းသည့် လုပ်ရပ်များဖြင့်သာ နေသွားကြမည်လားဟု မိမိကိုယ်ကို သုံးသပ်ရန်လိုအပ်၏။ ဥပေက္ခာ အပြုခံရလောက်သည်အထိ မိမိအခြေအနေကို အဖြစ်ခံမည်လားဟု မေးခွန်းထုတ်ရန်လိုအပ်၏။ စာရေးသူ မြန်မာပြည်တွင် ရှိစဉ်က ဒကာမကြီး တစ်ယောက်က သူ့အမျိုးသားနှင့် ပတ်သက်သည်များကို လျှောက်ဖူး၏။ အမျိုးသားသည် အမျိုးမျိုး စိတ်ဆင်းရဲအောင် လုပ်လေ့ရှိကြောင်း ပြောပြ၏။ ထိုအခါ စာရေးသူက “ဒီလိုဆိုရင် ဒကာမကြီးရဲ့ အမျိုးသားကို သူ့ထိုက်နဲ့ သူကံပဲလို့ သဘောထားပြီး ဥပေက္ခာပြုကြည့်ပါ“လို့ ပြောဖြစ်လိုက်၏။ ဒကာမကြီးကား သူ့အမျိုးသားကို “ဘုန်းဘုန်းကတောင် ရှင့်ကိုဒီလို ပြောနေတယ်“လို့ ပြန်ပြောလိုက်သဖြင့် ထိုဒကာကြီး အလွန်တုန်လှုပ်သွားပြီး သူ့ရဲ့အမူအကျင့်တွေ တဖြည်းဖြည်း ပြောင်လဲသွားကြောင်း လျှောက်ဖူး၏။ သေချာတွေးကြည့်လျှင် အသိရှိသူများမှာ အမှန်တကယ် ဥပေက္ခာပြုခံရခြင်းကို မဆိုထားဘိ စကားသံမျှဖြင့်ပင် ကြောက်သွားတတ်၏။ အမှန်လည်း ကြောက်စရာကောင်းလှ၏။ ထို့ကြောင့် မည်မျှပင် မကောင်းသော်လည်း ဥပေက္ခာအပြုခံရသည်အထိ မိမိတို့၏ လုပ်ရပ်များကို အဖြစ်မခံသင့်ဟု ဆိုခြင်းဖြစ်၏။

အချုပ်အားဖြင့် ဆိုရသော် လောကတွင် ကောင်းသူများရှိသကဲ့သို့ မကောင်းသူများလည်း ရှိ၏၊ ပြုပြင်၍ ရသူများ ရှိသကဲ့သို့ မည်သို့မျှ ပြုပြင်ပြောဆို ဆုံးမ၍ မရသူများလည်း ရှိသဖြင့် မရသည့်အရာကို အတင်းရအောင် လုပ်ယူမည့်အစား မိမိကိုယ်ကိုသာ သင့်သောင့်သက်သာ ဖြစ်အောင်ကြိုးစားသင့်ပေ၏။ ထို့ကြောင့် ပါရမီဓာတ်ခံ မရှိသူ၊ မကောင်းသည့် စရိုက်ဖြင့် မွေးဖွားလာသူ၊ မည်သို့ပင် ကောင်းအောင်ပြောသော်လည်း နားမ၀င်သူ၊ အသိဉာဏ်ပညာ မရှိဘဲ မိုက်မဲသူ စသူစသူတို့သည် နိဗ္ဗာန်စကား၊ သူတော်ကောင်းစကား အဘယ်မျှပင် ကြိုးစားပြောကြား ပေးနေသော်လည်း နာယူမှုမရှိ၊ လက်ခံမှုမရှိသည့်အပြင် မိမိကိုပင် အပြစ်မြင်လာတတ်သဖြင့် မရသည့်အရာများတွင် အကုသိုလ်အပြစ် ဖြစ်နေမည့်အစား မိမိကိုယ်တိုင်သာ သက်သောင့်သက်သာ ဖြစ်စေရန် “သဗ္ဗေသတ္တာ ကမ္မသကာ“ဟုသာ သဘောထားလိုက်သင့်ပါကြောင်း…

Read more »

မှန်ကြည့်လိုက်ပါ…

“ကံမသိ မှန်ကြည့်“ ဟူသော စကားရှိ၏။ ကြည်လင်ပြတ်သားရှင်းလင်းသည့် မှန်သည် ကြည့်သူများကို မျက်နှာလိုက်ခြင်းမရှိ အရှိအတိုင်း ထင်ရှားစေ၏။ မည်သူကြည့်ကြည့် ကြည့်သူ၏ အမူအရာအတိုင်း တစ်ထပ်တည်း ပေါ်လွင်စေ၏။ မှန်သည် ရာထူးကြီးသူကြည့်လျှင်လည်း အရှိအတိုင်းပေါ်လွင်စေ၏။ မည်သည့်ရာထူးမျှ မရှိသူကြည့်လျှင်လည်း အရှိအတိုင်းဖော်ပြ၏။ ထို့အတူ ရုပ်ဆိုးသူ၊ ရုပ်လှသူ၊ ပိုက်ဆံရှိသူ၊ မရှိသူ၊ နာမည်ကြီးသူ၊ မကြီးသူ၊ အသားဖြူသူ မဖြူသူ စသည့် မည်သည့်ပုဂ္ဂိုလ်မျိုးကပင် ကြည့်ကြည့် အရှိအတိုင်း ထင်ရှားစေ၏။ မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသကဲ့သို့ မျက်နှာလိုက်၍ လှအောင်ကောင်းအောင် ထင်ရှားပေါ်လွင်စေခြင်းသည် မှန်၌မရှိပေ။ မှန်သည် မျက်နှာလိုက်တတ်သည့် အရာမဟုတ်ပေ။ ထို့အတူ ကံတရားသည်လည်း မျက်နှာလိုက်၍ အကျိုးပေးသည်ဟူ၍ မရှိပေ။ မည်သူမဆို ကောင်းသည့်အလုပ်လုပ်လျှင် ကောင်းကျိုးကို ဖြစ်ပေါ်စေပြီး မကောင်းသည့် အလုပ်လုပ်လျှင် မကောင်းပြစ်ကို ဖြစ်ပေါ်စေ၏။ ရာထူးဌာနန္တရ၊ ပညာဂုဏ်စသည်ကြီးမား၍ ကောင်းကျိုးကို ဖြစ်စေ၊ အသက်သိက္ခာဂုဏ်ဝါ နိမ့်ကျ၍ မကောင်းကျိုးကိုဖြစ်စေ၊ အသားဖြူ၍၊ ချမ်းသာ၍ ကောင်းကျိုးကို ဖြစ်စေ၊ အသားမည်း၍ ဆင်းရဲ၍ မကောင်းကျိုးကိုဖြစ်စေသည့် မျက်နှာလိုက်ပြီး အကျိုးပေးမှုမျိုးသည် ကံတရား၌ လုံးဝမရှိပေ။ ထို့ကြောင့် ကံကိုမသိ၊ ကံကို မယုံသူများသည် မှန်ကိုသာ ကြည့်ကြည့်ပါဟု ဆိုခြင်းဖြစ်ပါ၏။

ဓမ္မနီတိတွင် ကံနှင့်ပတ်သက်၍ ဖော်ပြထားသည့် ဂါထာလေး တစ်ခုရှိ၏။
“ပုညံပါပဖလံ ယော စေ၊ နသဒ္ဓဟတိ သစ္စတော။
သော ဝေ သကနာနံ ခိပ္ပံ၊ အာဒါသတလ မာနယေ“
ဟူသော ဤဓမ္မနီတိ စကား၏ ဆိုလိုရင်းမှာ
“အကြင်သူသည် ကုသိုလ်ကံအကုသိုလ်ကံတို့၏ အကျိုးအပြစ်ကို အမှန်အတိုင်း မယုံကြည်ငြားအံ့ စင်စစ် ထိုသူသည် မိမိ၏မျက်နှာကို အလျင်အမြန် မှန်ရှေ့သို့ ဆောင်ယူ၍ ကြည့်ရှုရာ၏“ ဟူ၍ ဖြစ်၏။

ဆိုလိုသည်မှာ ကံကံ၏ အကျိုးကို မယုံကြည်သူသည် မှန်ကိုယူပြီး မိမိမျက်နှာကို မှန်ဖြင့်ကြည့်ကြရန် ဆိုလို၏။ မိမိ၏ မျက်နှာသည် လှပပြီး မိမိတစ်ကိုယ်လုံးသည်လည်း ကိုယ်လက်အင်္ဂါစုံလင်စွာဖြင့် တင့်တယ်နေလျှင် မိမိ၏ အတိတ်က ပြုခဲ့သည့် ကောင်းကံ၏ အကျိုးဆက်အဖြစ် မြင်နိုင်မည်ဖြစ်ပြီး မှန်ကြည့်သည့်အခါ မိမိ၏မျက်နှာသည် မလှမပ၊ ကိုယ်လက်အင်္ဂါလည်း မစုံမလင် မိမိကိုယ်ကို မိမိပြန်ကြည့်၍မှ မကျေနပ်မနှစ်သက်နိုင်သည့် အနေအထားကို တွေ့ရလျင် မိမိအတိတ်က ပြုခဲ့သည့် အကုသိုလ်ကံ တစ်ခုခု၏ အကျိုးဆက်အဖြစ် မြင်နိုင်မည်ဖြစ်၏။ ထို့ကြောင့် အတိတ်က မိမိဘာဖြစ်ခဲ့သည် ဘာလုပ်ခဲ့သည်ဆိုသည့်ကို သိလိုသူများသည် မိမိကိုယ်ကို မှန်ဖြင့်ကြည့်ပြီး မိမိလက်ရှိ ရရှိထားသည့် အခြေအနေကို ကြည့်ကာသိနိုင်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏ လူချင်းတူသော်လည်း အကျိုးပေးကွာခြားသည်မှာ အခြားသူလုပ်၍ ဖြစ်သည်မဟုတ် မိမိကိုယ်တိုင် ပြုလုပ်ခဲ့၍သာ ဖြစ်ပါ၏။ ထို့ကြောင့် လောကကြီးတစ်ခုလုံးကို ကြည့်လိုက်လျင် လူအမျိုးမျိုး စရိုက်အမျိုးမျိုး ဘ၀အမျိုးမျိုး ဖြစ်နေကြသည်ကို တွေ့နေရခြင်းဖြစ်၏။ ဗုဒ္ဓဘာသာ၏ ကမ္မ၀ါဒ သဘောအရ လူအမျိုးမျိုး အဖုံဖုံဖြစ်နေခြင်းသည် မိမိတို့ ပြုလုပ်ခဲ့သည့် ကောင်းကံ၊ မကောင်းကံများ၏ အကျိုးဆက်ကြောင့် ဖြစ်ကြောင်း နားလည်သဘောပေါက်နိုင်ကြ၏။

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အချိန် သုဘအမည်ရှိသော လုလင်ငယ်တစ်ယောက်က ဘုရားရှင်အား လူအမျိုးမျိုးဖြစ်နေရခြင်း၊ ကွဲပြားနေရခြင်း အကြောင်းကို မေးလျှောက်ဖူး၏။
သုဘလုလင်က“အရှင်ဘုရား… လောက၌ အချို့သောသူများသည် အသက်တိုပြီး အချို့သည် အသက်ရှည်ကြသည်ကို တွေ့ရပါသည်။ ထိုသို့ဖြစ်ခြင်းမှာ မည်သို့သော ကံများကို ပြုလုပ်ခဲ့၍ ဖြစ်ပါသနည်း ဘုရား“ဟု မေးလျှောက်၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သား သုဘ… လောက၌ အချို့သောသူများသည် သတ္တ၀ါတို့အပေါ်တွင် သနားခြင်းကင်းလျက် ရက်ရက်စက်စက် သတ်ဖြတ်ကြ၏။ ထိုသူတို့သေလျှင် ငရဲသို့ကျရောက်တတ်ပြီး ရှေးကုသိုလ် တစ်ခုခုကြောင့် ငရဲသို့မကျဘဲ လူ့ဘ၀ရလာပါက ကြာရှည်စွာ မနေရဘဲ အသက်တိုတတ်၏။ အချို့သူများသည်ကား သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရားထားကာ သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ကြ၏။ ထိုသူများသေလျှင် အထက်နတ်ပြည်သို့ ရောက်ရတတ်ပြီး လူ့ပြည်သို့ ရောက်လာလျှင်လည်း အသက်ရှည်စွာ နေကြရ၏“ဟု ဖြေတော်မူ၏။

ဆက်လက်၍ သုဘလုလင်က “အရှင်ဘုရား… လောက၌ အချို့သူတို့သည် အနာရောဂါထူပြောပြီး အချို့မှာ အနာရောဂါ ကင်းရှင်းကြသည်ကို တွေ့ရပါသည်။ ထိုသူတို့သည် မည်သို့သော ကံများကြောင့် ကွဲပြားမှု ဖြစ်ရသနည်း ဘုရား“ဟု လျှောက်၏။ “ချစ်သား… လောက၌ အချို့သူတို့သည် သတ္တ၀ါတို့အပေါ် သနားညှာတာခြင်း ကင်းမဲ့ပြီး တုတ်၊ ဓား၊ လက်နက် စသည်ဖြင့် ညှဉ်းဆဲနှိပ်စက်လေ့ရှိ၏။ ထိုသူတို့သေလျှင် ငရဲသို့ ကျရောက်တတ်ပြီး ရှေးကုသိုလ် တစ်ခုခုကြောင့် ငရဲသို့ မကျရောက်ဘဲ လူ့ဘ၀ရလာပါက အနာရောဂါ အမျိုးမျိုးဖြင့်သာ ခံစားနေထိုင်ကြရ၏။ အချို့ကား သတ္တ၀ါတို့အပေါ် သနားညှာတာစိတ်ထားက ညှဉ်းပမ်းနှိပ်စက်ခြင်းမှ ရှောင်ကြဉ်ကြ၏။ ထိုသူများသေလျှင် အထက်နတ်ပြည်သို့ ရောက်ရတတ်ပြီး လူပြည်သို့ ရောက်လာပါကလည်း အနာရောဂါကင်း၍ ကျန်းမာစွာနေရ၏“ ဟု ဘုရားမြတ်စွာ ဖြေကြားတော်မူ၏။

ထိုအပြင် လုလင်ငယ်မှ ဆက်လက်၍ “လောက၌ အချို့သူများမှာ ရုပ်အဆင်းအင်္ဂါ ဆိုးရွားလှပြီး အချို့မှာ ရုပ်အဆင်းအင်္ဂါ လှပတင်တယ်ကြကြောင်း၊ အချို့မှာ အခြံအရံ မိတ်ဆွေအပေါင်းအသင်း မရှိဘဲ အထီးကျန်လှပြီး အချို့မှာ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများလှပါကြောင်း၊ အချို့မှာ ဥစ္စာမရှိ အလွန်ဆင်းရဲလှပြီး အချို့မှာ စည်းစိမ်ဥစ္စာအပြည့်ဖြင့် အလွန်ချမ်းသာလှပါကြောင်း၊ အချို့မှာ အမျိုးဇာတ်ယုတ်နိမ့်ပြီး အချို့မှာ အမျိုးဇာတ်မြင့်မြတ်လှပါကြောင်း၊ အချို့မှာ အသိအလိမ္မာ ဉာဏ်ပညာ အလွန်နည်းပါပြီး အချို့မှာ ဉာဏ်ပညာ အလွန်ကြီးမားလှပါကြောင်း ထိုသို့ဖြစ်ရခြင်းမှာ အဘယ်သို့သော အကြောင်းကံများကြောင်း ဖြစ်ပါရသနည်းဘုရား…“ဟု မေးလျှောက်ပြန်၏။

ထိုလုလင်၏ အမေးများကို မြတ်စွာဘုရားရှင်က “ ဒေါသအလွန်ကြီးပြီး သူတစ်ပါးကို ပုတ်ခတ်ပြောဆိုလေ့ရှိသော သူတို့သည် ရုပ်အဆင်းအင်္ဂါမလှမပ ဖြစ်တတ်ပြီး ဒေါသမထွတ်၊ သူတပါးအပြစ်ကို ပြောလေ့မရှိ၊ စိတ်ကြဉ်လင် အေးမြသူတို့သည် ဖြစ်လေရာ ဘ၀တိုင်းတွင် ရုပ်အဆင်းအင်္ဂါ လှပတင့်တယ်တတ်ကြောင်း၊ သူတပါးအပေါ် မနာလိုခြင်း၊ ငြူစူခြင်း ဣဿာ အားကြီးသူများသည် အခြံအရံ မိတ်ဆွေအပေါင်းအသင်းမရှိ ရှားပါးကာ အထီးကျန်တတ်ပြီး ဣဿာနည်းပြီး ၀မ်းမြောက်ခြင်း မုဒိတာ အားကောင်းသူများသည် အခြံအရံ မိတ်ဆွေအပေါင်း အသင်း ပေါများတတ်ကြောင်း၊ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းမရှိဘဲ ၀န်တိုမှု မစ္ဆေရ အားကြီးသော သူများသည် ဥစ္စာမရှိ ဆင်းရဲမွဲတေတတ်ပြီး ၀န်တိုမှု မစ္ဆေရ မရှိဘဲ လှူဒါန်းပေးကမ်း စွန့်ကြဲလေ့ရှိသော သူတို့သည် စည်းစိမ်ဥစ္စာ ပြည့်စုံကာ ချမ်းသာတတ်ကြောင်း၊ ထောင်လွှားတက်ကြွပြီး မောက်မာသည့် မာန်မာနရှိသူများသည် အမျိုးဇာတ်ယုတ်ညံ့တတ်ပြီး မာနမရှိဘဲ မိမိကိုယ်ကို နှိမ့်ချလေ့ရှိသည့်အပြင် ရိုသေထိုက်သူကို ရိုသေတတ်သူများသည် အမျိုးဇာတ် အလွန်မြင့်မြတ်တတ်ကြောင်း၊ ပညာရှိသူတော်ကောင်းတို့ထံ ချည်းကပ်၍ ကုသိုလ်အကုသိုလ်ကိုလည်းကောင်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မှီဝဲသင့် မမှီဝဲသင့်ကိုလည်းကောင်း သံသရာ ကောင်းစေမည့် တရားအနှစ်သာရ တို့ကိုလည်းကောင်း မေးမြန်းလေ့မရှိဘဲ ထင်မိထင်ရာ ဒုစရိုက်မှုများဖြင့်သာ ကျင်လည်နေကြသူများသည် အသိဉာဏ်ပညာမရှိ ဖြစ်တတ်ပြီး ပညာရှိသူတော်ကောင်းတို့ထံ ကြည်ဖြူနှစ်သက် လေးမြတ်စွာ ဆည်းကပ်လျက် ဓမ္မအနှစ်သာရများကို မေးမြန်းစီစစ် နားကြားလေ့ရှိသော သူတို့သည် အသိဉာဏ် ပညာ အလွန်အားကြီးတတ်ကြောင်း“ တစ်ခုချင်း ဖြေကြားပေးတော် မူခဲ့လေ၏။ (စူဠကမ္မ၀ိဘင်္ဂသုတ်)

အထက်ပါ အမေးအဖြေများကား သုဘလုလင်မေးသဖြင့် ဘုရားရှင် ဖြေကြားပေးတော်မူခဲ့သည့် ကံအကျိုးပေးမှုများ အကြောင်းပင် ဖြစ်ပါ၏။ ဤအမေးအဖြေများသည် ဗုဒ္ဓဘာသာ၏ ကမ္မ၀ါဒကို မီးမောင်းထိုးပြပေးတော်မူထား၏။ မည်သူမဆို ယခုလက်ရှိ မိမိရရှိထားသည့် အနေအထားများသည် အတိတ်က မိမိလုပ်ခဲ့သည့် လုပ်ရပ်များ၏ အကျိုးရလာဘ်များအဖြစ် မှန်ကြည်သကဲ့သို့ ထင်ရှားစွာ တွေ့မြင်နိုင်၏။ ရုပ်ဆိုးခြင်း ရုပ်လြှခင်း၊ အမျိုးယုတ်ခြင်း အမျိုးညြံ့ခင်း၊ ဉာဏ်ကောင်းခြင်း မကောင်းခြင်း စသည့် ကွဲပြားခြားနားမှုများ၏ အဓိက အကြောင်းရင်းမှာ မိမိကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းများသာ ဖြစ်ပါ၏။ မိမိမျက်နှာကို မိမိမှန်ဖြင့် ပြန်ကြည့်နေရသကဲ့သို့ ကံတရားများ၏ အကျိုးပေးမှုများက တန်ပြန်သက်ရောက်မှုကို ဖြစ်စေ၏။ အချုပ်ကြည့်လျှင် မိမိကိုယ်တိုင်၏ ဖန်တီးမှုများပင် ဖြစ်၏။ ထို့ကြောင့်လည်း မြန်မာစကားတွင် “ဘယ်သူမပြု မိမိမှု“ဟု ဆိုကြခြင်းဖြစ်၏။ ဘုရားရှင်က “မိမိမကောင်းမှု ပြုမိလျှင် မိမိသည်သာ ထိုမကောင်းမှု၏ အကျိုးကို ခံစားရမည်ဖြစ်ပြီး မိမိကောင်းမှုပြုလျှင်လည်း မိမိကိုယ်တိုင်ပဲ ထိုကောင်းမှု၏ အကျိုးကို ခံစားရမည်ဖြစ်ကြောင်း“ မိန့်ကြားတော်မူ၏။ ဤစကားသည် ကံတရား၌ မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်း မရှိသည်ကို ထင်ရှားသိမြင်စေ၏။ မှန်ကြည်သည့်အခါ မြန်မာပဲကြည့်ကြည့် ကိုရီးယားပဲကြည့်ကြည့်၊ အမေရိကန်ပဲကြည့်ကြည့်၊ ဂျပန်ပဲကြည့်ကြည့်၊ ဖြူသူပဲကြည့်ကြည့် မဲသူပဲကြည့်ကြည့် မည်သူပင်ကြည့်ပါစေ မှန်တွင်ပေါ်လာသည့် ထင်ဟပ်မှုသည်ကား အရှိအတိုင်းပင် ဖြစ်ပေါ်သကဲ့သို့ ကံတရားသည်လည်း မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးက မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ တန်ပြန်အကျိုးသက်ရောက်မှုကား ထိုသူတို့ ပြုသည့်အတိုင်းသာ၊ ထိုသူတို့စိတ်စေတနာ အတိုင်းသာ ဖြစ်ပါ၏။ ကံတရား၏ အကျိုးပေးမှုသည် ဂုဏ်ပကာသနမရှိ၊ ရာထူးဌာနန္တရမရှိ၊ ပစ္စည်းဥစ္စာမရှိ သတ္တ၀ါမှန်သမျှ တစ်ပြေးညီတည်းသာ ဖြစ်ပါ၏။ ထို့ကြောင့် “ကံမသိ မှန်ကြည့်“ဟု ဆိုကြခြင်းဖြစ်၏။

အချုပ်အားဖြင့် ပြောလိုသည်မှာ လောကသား၊ သတ္တ၀ါသားတို့သည် လူ့ဘုံဟူသည့် မနုဿဘုံဌာနတွင် အတူတကွ လာဖြစ်ကြသော်လည်း လူအမျိုးမျိုး၊ အကျင့်စရိုက်အမျိုး၊ အခြေအနေ အမျိုးမျိုးဖြစ်နေကြပြီး ထိုအမျိုးမျိုးသော ပုဂ္ဂိုလ်သတ္တ၀ါတို့၏ မျက်မှောက်အခြေအနေများသည် မည်သူတစ်ဦး တစ်ယောက်၏ ပြုလုပ်ဖန်တီး ပေးမှုများကြောင့် ဖြစ်သည်မဟုတ်ဘဲ မိမိကိုယ်တိုင် ပြုလုပ်ဖန်တီးမှုများကြောင့် ဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်ပါ၏။ ထိုသဘောကို အမှန်တကယ် နားလည်သဘောပေါက်မှု မရှိပါက မှန်ရှေ့သွားပြီး မိမိကိုယ်ကို မှန်ကြည့်ကြည့်ပါက သိနိုင်၏။ မှန်သည် အရှိကို အရှိအတိုင်း ထင်ပေါ်စေ၏။ ထို့အတူ ကံသည်လည်း ပြုလုပ်သူ၏ လုပ်ဆောင်ချက် စိတ်စေတနာအတိုင်း အကျိုးရလာဘ်ကို ဖြစ်ပေါ်စေ၏။ ပြုလုပ်သူသည် ကောင်းသည့်အကျိုးကို အလိုရှိပါက ကောင်းသည့်အလုပ်ကိုသာ လုပ်ရန်ရှိပြီး မကောင်းသည့်အလုပ်ကို လုပ်ပါက မကောင်းသည့် ရလာဘ်ကိုသာ ရရှိမည်ဖြစ်ပေ၏။ ထို့ကြောင့် ဘ၀လွတ်မြောက်မှုကို မရသေးသူများသည် ကျင်လည်ရမည့် ဘ၀သံသရာတွင် မိမိတို့ အလိုရှိသည့် အကျိုးရလာဘ်ကို အတိတ်က မိမိတို့ပြုလုပ်ခဲ့သည့် အကျိုးရလာဘ်အဖြစ် ရရှိနေရသည့် ယခုလက်ရှိ ရုပ်နာမ်အစုကြီးကို မှန်ကြည့်သကဲ့သို့ မြင်အောင်ကြည့်ပြီး အနာဂတ်အတွက် စဉ်းစားဆင်ခြင် သတိဝင်လျှက် ပြမှုနေထိုင် ပြောဆိုကြံစည်သင့်ပါကြောင်း “ကံမသိ မှန်ကြည့်ကြဖို့“ စေတနာစကားဖြင့် အသိပေးလိုက်ရပေတော့၏။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ