ရတာမလို လိုတာမရ ဤလောက…

“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါလိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ရချင်တာက တစ်မျိုး၊ ရနေတာက တစ်မျိုး ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေတော့ ကိုယ်ရတာကို မကျေနပ်နိုင်၊ အလိုမပြည့်နိုင်ဖြစ်ရုံမက သူများရတာကိုပါ လိုချင်လာပြန်ပါတယ်။ သူများကလည်း သူ့ရှိတဲ့အရာကို မလိုချင်ပဲ ကိုယ့်ကိုကြည့်ပြီး ကိုယ်ဆီကအရာကို လိုချင်နေကြပြန်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို အားကျပြီး ကိုယ့်ရှိတဲ့အရာကို အလိုမကျ သူ့ဆီကအရာကို တောင့်တကြပြန်ပါတယ်။ ရချင်တာကတစ်မျိုး ရနေတာက တစ်မျိုးဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း “ ရတာမလို လိုတာမရတဲ့ လောကကြီးပါလား“ လို့ ဆိုကြခြင်းဖြစ်ပါတယ်။

တကယ်တော့ အာသဝေါကုန်ခမ်းပြီး ရဟန္တာအဖြစ်ကို မရသေးသမျှ ဘယ်သူမှ အလိုပြည့်ကြမှာ မဟုတ်ပါဘူး။ ခုတစ်မျိုးတော်ကြာတစ်မျိုး ဖြစ်နေတဲ့ စိတ်ကြောင့်လည်း ခုလိုချင်ပေမယ့် နောင်မလိုချင် ဖြစ်တတ်သလို အခုရနေတာကိုလည်း မရချင်ဖြစ်လာ၊ စိတ်ကုန်လာ ဖြစ်တတ်ပါတယ်။ ကိုယ်ရထားတာကို အလိုမပြည့်နိုင်ပဲ သူများရနေတာကို လိုချင်တတ်ကြပြန်ပါတယ်။ ကိုယ့်ဘ၀ကို မကျေနပ်နိုင်ဘဲ သူများဘ၀ကို အားကျနေတတ်ပြန်ပါတယ်။ တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ လူတွေက ဘုန်းကြီးတွေဘ၀ကို အားကျလို့ သာသနာ့ဘောင်ဝင်ဖို့ ကြိုးစားကြပေမယ့် ဘုန်းကြီးအချို့ကျပြန်တော့ လူ့ဘ၀အားကျကာ လူထွက်ဖြစ်တတ်ကြ တာတွေလည်း ရှိပြန်ပါတယ်။ တစ်ချို့လည်း နာမည်ကြီးနေတဲ့သူတွေကို ကြည့်ပြီးသူတို့ဘ၀လေးကို အားကျလို့ သူတို့လိုဖြစ်အောင် ကြိုးစားကြပေမယ့် နာမည်ကြီးနေတဲ့ သူတွေကလည်း သူတို့ဘ၀ရဲ့ ဒုက္ခနဲ့ လွတ်လပ်မှု မရှိတာတွေကြောင့် ဘာမှမဖြစ်ဘဲ ရိုးရိုးအေးအေးလေးပဲ ဖြစ်နေတဲ့ သာမန်လူတွေရဲ့ ဘ၀ကို အားကျပြန်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်နေရတဲ့ လက်ရှိဘ၀အခြေအနေနဲ့ လက်ရှိနေရတဲ့ တိုင်းပြည်နိုင်ငံကြောင့် တိုးတက်ပြီး ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြသလို တိုးတက်ပြီး နိုင်ငံမှာရှိနေတဲ့ သူတွေကျပြန်တော့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲ့ပေမယ့် အေးချမ်းပြီး စိတ်ချမ်းသာမယ်ထင်တဲ့ နိုင်ငံလေးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြပြန်ပါတယ်။ ဒါတွေအားလုံးဟာ ကိုယ်ရဲ့လက်ရှိ အခြေအနေတွေပေါ်မှာ အလိုမကျဖြစ်ပြီး တစ်ခြားအရာတွေပေါ်မှာ တောင့်တလိုချင်မှုတွေ၊ ရတာကိုမလိုချင်ဘဲ လိုတာကို ရချင်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ စာစကားနဲ့ ပြောရရင်ရှိတာလေးနဲ့ မရောင့်ရဲနိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့လည်း နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံပြောဆိုဖူးပါတယ်။ တစ်ခါတစ်လေ သူတို့တွေရဲ့ ညဉ်းသံလေးတွေ ကြားရပါတယ်။ တစ်ချို့ ဆရာတော်ကြီးများက ဆိုဆုံးမဖူးပါတယ်။ “အရှင်ဘုရားတို့… ဘုန်းမကြီးကြစေနဲ့၊ နာမည်မကြီးကြစေနဲ့၊ တပည့်တော်တို့လည်း ငယ်တုန်းက ဒီစိတ်လေးတွေနဲ့ ကြိုးစားအားထုတ်ခဲ့ကြလို့ ခုဒီဘ၀ကို ရောက်လာခဲ့တယ်၊ ရောက်လာတော့လည်း ဒီလိုနေရတဲ့ဘ၀ကို ငြီးငွေ့လာတယ်၊ ဒကာဒကာမတွေနဲ့ ပြောဆိုဆက်ဆံရမှာကို စိတ်ကုန်လာတယ်..၊ တစ်ခါတစ်လေ ဘာမှမဖြစ်တဲ့ ဘ၀၊ ရိုးရှင်းတဲ့ဘ၀လေးကိုပဲ ပြန်လိုချင်နေမိတယ်၊ စိတ်ကလည်း ခက်သား ရတာကိုတော့ မလိုချင်ဘူး မရတာကျတော့ လိုချင်ပြန်တယ်၊ ဒါကြောင့် အရှင်ဘုရားတို့လည်း သိပ်ပြီးမလိုချင်ကြနဲ့၊ ရှိတဲ့အတိုင်းအတာလေး အပေါ်မှာပဲ ကျေနပ်နိုင်အောင် ကြိုးစားကြ…“ စသဖြင့် သြ၀ါဒ ပေးတာလေးတွေကို မှတ်သားရဖူးပါတယ်။

ဘုန်းကြီးလေ ဒုက္ခရောက်လေဆိုတဲ့ ဒီစကား သိပ်မှန်ပါတယ်။ တစ်လောက မင်းကွန်းဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိလေးကို ဖတ်မိတော့ ဆရာတော်ရဲ့ ကဗျာလေးတွေထဲမှာ တိပိဋကဖြစ်ပြီးနောက် နာမည်ကြီးပြီး ပူဇော်မှုတွေများ၊ ဒကာဒကာမတွေများ လာတဲ့အခါ သိပ်ပင်ပန်းရတဲ့ အကြောင်း ညဉ်းထားတာလေး ဖတ်ရတော့ “သြော်… ဆရာတော်တို့ ဒုက္ခကလည်း မသေးပါလား“လို့ အပင်ပန်းခံ၊ ဒုက္ခခံပြီး အမျိုးဘာသာ၊ သာသနာအတွက် ကြိုးစားဆောက်ရွက်တော် မူခဲ့တဲ့အပေါ် ကြည်ညိုလေးစားမိရင်း တစ်ဘက်ကလည်း ဒီလိုဒုက္ခတွေကြောင့် ပင်ပန်းရတဲ့အကြောင်း ညဉ်းထားတဲ့ ညဉ်းချင်းလေးဖတ်ရတော့ ဆရာတော်ကြီးကို သနားမိပြီး စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ စိတ်မကောင်းဖြစ်ဆိုလည်း ဖြစ်ချင်စရာပါ။ ဆရာတော်ရဲ့ ညဉ်းချင်းလေးက သိပ်ပြီးရသမြောက်နေတာကိုး။ ဆရာတော်ကြီးက…
“တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊
ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့် ပြောမပြချင်။
ကိုယ့်ကျောင်းနှင့်ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။
အပူအအေး ယှက်ထွေးကာ ဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။
မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော်သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊
သူတကာချမ်းသာလို့ ထင်မြင်ကြ
သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့ ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။ (ညည်းချင်းသဖြန်)
လို့ စပ်ဆိုတော်မူခဲ့တဲ့ ဒီညဉ်းချင်းလေးဟာ သတ္တ၀ါတွေရဲ့ အလိုမပြည့်မှုတွေ၊ ဖြစ်နေတာနဲ့ ဖြစ်ချင်တာတွေဟာ ထင်သလို မရဘူးဆိုတာတွေကို အသိပေးနေ၊ သံဝေဂပေးနေသလို ဖြစ်ပါတယ်။

မှန်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ဟာ သိပ်ပြီးနာမည်ကြီးလာ ဘုန်းကြီးလာပြီဆိုရင် ဒုက္ခပါကြီးလာပါတော့တယ်။ ဒါကိုမသိတဲ့အခါ ဒီဒဏ်ကို မခံဖူးသူတွေက အားကျမိကြမှာ၊ အဲဒီပုဂ္ဂိုလ်အတိုင်း ဖြစ်ချင်မိကြမှာ ဓမ္မတာပါ။ ကိုယ့်မှာမရှိတဲ့အရာ၊ ကိုယ်မကြုံဖူးတဲ့အရာ၊ ကိုယ်ဖြစ်ချင်ပေမယ့် မဖြစ်တဲ့အရာတွေ သူများမှာဖြစ်နေတာကို ကြည့်ပြီး ဘယ်သူတွေက ဒုက္ခလို့ ဘယ်လောက်ပဲပြောပြော ကိုယ်ကဖြစ်ချင်နေ၊ ရချင်နေတဲ့အတွက် ဒီဒုက္ခဆိုတဲ့အရာကိုပဲ လိုလိုချင်ချင်ဖြစ်နေတတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကြားဖူးတာလေး တစ်ခုရှိပါတယ်။ ရယ်စရလို့ ဆိုပေမယ့် ကြည့်သူရဲ့ အမြင်ပေါ်လိုက်ပြီး ခြားနားကြောင်းကို ဒီအကြောင်းလေးက သက်သေပြနေပါတယ်။ ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးဟာ ကပ္ပိယသာဂိဆိုတဲ့ ကလေးနဲ့ အတူနေပါတယ်။ သာဂိလေးဟာ ဆရာတော့်အနားမှာ အမြဲနေပေးရပါတယ်။ ဆရာတော်လိုတာကို လုပ်ပေးရပါတယ်။ ဆရာတော်ဆွမ်းစားရင်လည်း အမြဲအနားမှာ ရှိပေးရပါတယ်။ အမြဲအနားမှာ နေနေတော့ ဆရာတော်ကြီးရဲ့ နေထိုင်ပြောဆို ကျင့်ကြံတာတွေကိုလည်း သိခွင့်ရနေပါတယ်။ ဆရာတော်ကြီးဟာ လက္ခဏာရေးသုံးပါးကို အမြဲဆင်ခြင်နေတဲ့ ဆရာတော်ဖြစ်တော့ ဘာပဲလုပ်လုပ် ဘာပဲစားစား အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည် ဆင်ခြင်လေ့ရှိပါတယ်။ တစ်နေ့တော့ ဆရာတော်ကြီးဟာ ဆွမ်းစားချိန် ဆင်ခြင်နေကျအတိုင်း ဟင်းဆယ်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ အသားတုံးကို ဘုဉ်းပေးတဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ကြက်သားတုံးကို ဆယ်ထည့်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ၀က်သားတုံးထည့်လည်း ဒုက္ခဒုက္ခ..စသည်ဖြင့် နှုတ်မှထွက်ပြီး ဆင်ခြင်ပါတယ်။ ဒါကို အနားမှာ ယက်ခပ်ပေးနေတဲ့ သာဂိက ကြက်သားတုံး ၀က်သားတုံးတွေကို ကြည့်ကာ အားမလိုအားမရဖြစ်ပြီး “အင်း… ဒါမျိုးဒုက္ခကတော့ သာဂိတို့လည်း ခံစားချင်ပါရဲ့“လို့ နှုတ်က ရေရွတ်မိပါတယ်တဲ့။ ဒီအကြောင်းလေးဟာ ဟာသရသဖြစ်စရာ ဆိုပေမယ့် ဆရာတော်ကြီးရဲ့ ခံယူချက်နဲ့ သာဂိရဲ့ အမြင်မတူ ဖြစ်စဉ်လေးပါ။ ဆရာတော်ကြီးဟာ ဒီလိုရသမျိုး နေ့စဉ်ဘုဉ်းပေးနေရတဲ့အတွက် ငြီးငွေ့ပြီး ဒုက္ခလို့ထင်ကာ ဆင်ခြင်နေပေမယ့် သာဂိအတွက်ကတော့ သုခဖြစ်နေတော့တာပါ။ ဒါကြောင့် သတ္တ၀ါတွေဟာ ကိုယ့်အနေအထားကို အလိုမကျဖြစ်ပြီး သူများကိုအားကျမှု ဖြစ်တတ်ကြခြင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အခြေအနေအရ ရှိတဲ့အတိုင်းအတာလေးကို ရောင့်ရဲနိုင်အောင် ကြိုးစားခြင်းဟာ နေရတဲ့ခိုက်မှာ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

ဒီနေရာမှာ သဘောကျစရာကောင်းတဲ့ စကားလေးတစ်ခုရှိပါတယ်။ “ရှိတာလေးနဲ့ ရောင့်ရဲပါ“တဲ့။ ဒီစကားလေးက သိပ်တန်ဘိုးရှိပါတယ်။ ဗုဒ္ဓစာပေမှာတော့ “တုဋ္ဌီ သုခါ ယာ ဣတရေန= ရသမျှ၊ ရှိသမျှနဲ့ ကျေနပ်နှစ်သိမ့်နိုင်ခြင်းဟာ ချမ်းသာ၏“ လို့ ဖော်ပြထားပါတယ်။ သိကြတဲ့အတိုင်းပဲ ရတာလေးအပေါ်မှာ မရောင့်ရဲနိုင် မကျေနပ်နိုင်ကြတော့ တစ်ချို့က ပိုပြီးရအောင် ကြိုးစားကြပါတယ်။ ပိုပြီးလိုချင် ပိုပြီးရချင်တော့ တရားတာရော မတရားတာရော မသိတော့ဘဲ ရဖို့တစ်ခုတည်းကြည့်ပြီး လုပ်မိကြရာက ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဒုက္ခဖြစ်ကြရပါတယ်။ ရချင်တဲ့ လိုချင်တဲ့ လောဘဆိုတာ အကန့်လေးနဲ့ တားပေးရပါတယ်။ အဲဒါကို တုဋ္ဌီ (ရောင့်ရဲတင်းတိမ်နိုင်ခြင်း)လို့ ခေါ်ပါတယ်။ အကန့်မထားရင် ရပြီးရင်းရချင်၊ လိုပြီးရင်လိုချင် ဖြစ်လာတတ်ပါတယ်။ ရပြန်တော့လည်း ကျေနပ်နှစ်သိမ့်မှု မဖြစ်နိုင်ဘဲ နောက်တစ်ခုကို ရဖို့အားထုတ်လာတတ်ပါတယ်။ ဒီလိုနဲ့ မဆုံးနိုင်တော့ဘဲ နောက်ဆုံးတော့ အလိုမကျမှုတွေနဲ့သာ လည်နေကြပါတော့တယ်။

သတ္တ၀ါတွေဟာ ရနေတာကို မကျေနပ်နိုင်၊ မတင်းတိမ်နိုင်ဖြစ်တတ်ပြီး မရသေးတာကို လိုချင်တတ်တာ သဘာဝဖြစ်ပေမယ့် ရှိသမျှအတိုင်းအတာ၊ ရသမျှအတိုင်းအတာ၊ ကံပေးသမျှ အတိုင်းအတာလေးနဲ့တော့ ရောင့်ရဲ့နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒီလိုမှ မရောင့်ရဲ့နိုင်ရင် ရချင်မှု၊ လိုချင်မှု၊ ရသမျှကို အလိုမကျနိုင်မှု၊ ရပြီးတော့လည်း ထပ်ရချင်မှု၊ သူ့ရှိတာကို အားကျမှု စတာတွေကြောင့် ဒီဟာတွေနောက်ကို လိုက်ရင်းလိုက်ရင်း မဆုံးနိုင်အောင်ပင် ဖြစ်နေတတ်ပါတယ်။ သေချာတာကတော့ ကိုယ်ကဘယ်လိုပဲ လိုချင်ရချင်နေပေမယ့် လောကကြီးဟာ သူ့သဘောအတိုင်းသာ ဖြစ်နေတော့ လိုချင်တာကို ရချင်မှလည်း ရနိုင်မှာ၊ ရတဲ့ဟာလည်း ကိုယ်လိုချင်တဲ့ဟာ ဖြစ်ချင်မှဖြစ်မှာဆိုတာပါပဲ။ ဒါကြောင့် ရတာမလို လိုတာမရတဲ့ လောကကြီးမှာ ရချင်မှုနောက်တွေပဲ လိုက်မနေကြပဲ ရသမျှ ရှိသမျှအပေါ်မှာသာ ရောင့်ရဲနိုင်အောင်၊ ကျေနပ်နိုင်အောင် ကြိုးစားသင့်ကြပါကြောင်း..

Read more »

သိအောင်လုပ်ပါ…

သိခြင်းနှင့် မသိခြင်းကို စာလိုပြောလျှင် ၀ိဇ္ဇာနှင့် အ၀ိဇ္ဇာဟု ပြောနိုင်၏။ အ၀ိဇ္ဇာကား မသိခြင်းဖြစ်ပြီး ၀ိဇ္ဇာကား သိခြင်းဖြစ်၏။ မသိမှုများလာလျှင် သိမှုကွယ်ပျောက်တတ်ပြီး သိလာလျှင်ကား မသိမှုကို ပယ်ဖျောက်ပေးတတ်၏။ ထိုသိမှုသည် ဖတ်မှတ်လေ့လာ နာကြားသဖြင့် သိရှိရသည့် အမှတ်သညာ အသိနှင့် လက်တွေ့လိုက်နာကျင့်ကြံ အားထုတ်သဖြင့် သိရှိလာသည့် ဉာဏ်နှင့်ယှဉ်သည့် အသိဟူ၍ နှစ်မျိုးရှိ၏။ ထိုအသိနှစ်မျိုးလုံး ရှိရန်လိုအပ်၏။ ယနေ့ခေတ် လူအများစုသည် ပညာသိဖြင့် သိရန်ဝေးစွ သညာသိဖြင့်ပင် သိသူအလွန်ရှားနေသည်ကို တွေ့ရ၏။ အထူးသဖြင့် ဗုဒ္ဓဘာသာ အများစုသည် ထိုသို့ဖြစ်နေကြ၏။ ဗုဒ္ဓဘာသာ အမည်ခံထားသော်လည်း မိမိတို့ကိုးကွယ်သည့် ဗုဒ္ဓဘာသာနှင့်စပ်၍ တစ်လုံးတစ်ပါဒမျှ မသိဖြစ်နေကြ၏။ ဗုဒ္ဓ၏ စစ်မှန်သည့် အဆုံးအမများနှင့် တွေ့ကြုံနေရသော်လည်း မသိမှုများက ဖုံးလွှမ်းထားသဖြင့် သိခွင့်သာပါလျှက် မသိကြဘဲ ဖြစ်နေကြ၏။ မသိ၍ သိအောင်လုပ်သည်လား ဆိုသော်လည်း မလုပ်ကြပေ။ စင်စစ် မသိပါက သိအောင်လုပ်သင့်၏။ ရှေးဦးစွာ သညာသိဖြင့် သိအောင်ကြိုးစားပြီး ပညာသိဖြင့် သိသည်အထိ အားထုတ်သင့်၏။ “မသိ၍ မလုပ်၊ မလုပ်သဖြင့် မသိ“ သို့ဆိုလျှင် မည့်သည့်အချိန်တွင် လုပ်၍ မည်သည့်အချိန်တွင် သိကြမည်နည်း။ ဤသို့သာ မလုပ်မသိ၊ မသိမလုပ် သံသရာတွင် ကျင်လည်နေမည်ဆိုပါက ပညာသိဖြင့် သိရန်မဆိုထားဘိ သညာသိဖြင့် သိရန်ပင် အလွန်ဝေးကွာ နေပေတော့မည်သာ ဖြစ်၏။

စာရေးသူသည် အသက်အရွယ်အရ ဖြတ်သန်းကျင်လည်ရသည့် ပတ်ဝန်းကျင် အနေအထားအရ လူအတော်များများနှင့် တွေ့ကြုံဆက်ဆံ ပြောဆိုဟောပြောဖူး၏။ လူငယ်၊ လူလတ်၊ လူကြီး အရွယ်သုံးမျိုးလုံးနှင့် ဆုံမိဖူး၏။ မသိမှုကား သုံးမျိုးလုံး အတူတူပင် ဖြစ်ကြ၏။ တစ်ခါတစ်ရံ လူကြီးများကပင် မသိမှု ပိုကြသေး၏။ အရင်မွေး၍သာ အကြီးဖြစ်နေသော်လည်း အသိပညာ အနေဖြင့်ကား အငယ်ဖြစ်နေကြ၏။ မသိမှုများလာသည့် အခါ အမှားအမှန်ကိုလည်း မခွဲခြားတတ်ဘဲ ဖြစ်တတ်၏။ အမှားကို အမှန် အမှန်ကို အမှားထင်နေမိတတ်၏။ ထို့ထက် ပိုဆိုသည်ကား မသိမှု အလွန်အားကောင်းလာသည့် အခါ ကုသိုလ်မှန်း မသိ အကုသိုလ်မှန်း မသိဖြစ်လာတတ်ခြင်းပင် ဖြစ်၏။ ကုသိုလ်ကို အကုသိုလ်ထင်၊ အကုသိုလ်ကို ကုသိုလ်ထင်ကာ ရေလိုက်လွဲလာတတ်ခြင်းပင် ဖြစ်၏။ အကယ်၍ တစ်စုံတစ်ဦးသည် ကုသိုလ် အကုသိုလ်ကို မသိဖြစ်နေလျှင် လူ့ဘ၀ကို ရနေသော်လည်း ထိုသူကို လူဟုပင် ဆိုရန်ခက်ခဲလှ၏။ စင်စစ် လူဟူသည် “ကုသလာကုသလံ မနသိ ဇာနာတီတိ မနုေဿာ= ကုသိုလ်အကုသိုလ်ကို သိတတ်သောကြောင့် လူမည်၏“ ဟု ဆိုသဖြင့် ကုသိုလ်အကုသိုလ်ကို ခွဲခြားသိရှိရန် လိုအပ်လှ၏။ အကြောင်းအကျိုး၊ အကောင်းအဆုံးကို နားလည်သဘောက်ပေါက်ရန် လိုအပ်လှ၏။ ထိုသို့ မဟုတ်လျှင် လူ့ဘ၀ကို ရနေသော်လည်း လူဟုဆိုရန် မလွယ်လှပေ။ ထို့ကြောင့်လည်း ဘုရားရှင်က “မနုဿဿ ဘာဝေါ ဒုလ္လဘော= လူ၏အဖြစ်သည် ရခဲလှ၏“ဟု ဆိုခြင်းဖြစ်၏။ ထိုသို့ လူ့ဘ၀ကို ရနေသော်လည်း လူမဖြစ်သည့်သူများ၊ လူဟုခေါ်ရန် မသင့်သူများသည် မသိမှုများကြောင့်သာ ထိုအခြေအနေသို့ ရောက်နေခြင်းဖြစ်၏။ မသိမှုသည် သတ္တ၀ါများကို မည်သည့်အခါမျှ ကောင်းကျိုးပေးမည် မဟုတ်ပေ။ သို့ဖြစ်၍လည်း သိအောင်လုပ်ရန် တိုက်တွန်းနေရခြင်းဖြစ်၏။

ဗုဒ္ဓရှင်တော်မြတ်က “ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း သိအောင်လုပ်“ဟု ဟောတော်မူထား၏။ ထိုစကားကို ပါဠိလို “ပဇာနာတိ“ဟုဆို၏။ “ပဇာနာတိ= အထူးထူးအပြားပြားသိ၏“ဟု အဓိပ္ပါယ်ရ၏။ အထူးထူးအပြားပြား သိခြင်းဟူသည် မိမိ၏အတွင်း အပြင်နှင့် ပတ်သက်သည်များကို သိခြင်းဖြစ်၏။ ရှင်းအောင်ပြောရလျှင် စိတ်နှင့် ရုပ်တွင်ဖြစ်ပေါ်လာသည့် အရာမှန်သမျှကို သိခြင်းဖြစ်၏။ ထို့ထက်ပိုပြီး ရှင်းအောင်ပြောရလျှင် ခန္ဓာငါးပါးတွင် ဖြစ်ပေါ်လာသည့် အရာများကို သိခြင်းဖြစ်၏။ ခန္ဓာငါးတွင် ရုပ်ခန္ဓာသည် တစ်ပါးတည်းသာဖြစ်ပြီး နာမ်ခန္ဓာကား လေးပါးရှိ၏။ ထို့ကြောင့် ရုပ်ကိုသိအောင်လုပ်ဖို့ထက် နာမ်ခန္ဓာဟုခေါ်သည့် စိတ်ကို သိအောင်လုပ်ဖို့က ပိုခက်လှ၏။ ဘုရားရှင်သည် ထိုအသိခက်လှသည့် စိတ်ကို သိစေရန် မိမိကိုယ်ကို သတိကပ်ထားရန် လိုကြောင်း သတိတရားဖြင့် စောင့်ကြည့်ပြီး “မိမိသန္တာန်မှာ ရာဂစိတ်ဖြစ်လျှင်လည်း ရာဂစိတ်ဖြစ်သည်ဟု သိ၏၊ ရာဂကင်းသည့်စိတ်လျှင်လည်း ရာဂကင်းသည့် စိတ်ဖြစ်သည်ဟု သိ၏၊ ဒေါသစိတ်ဖြစ်လျှင်လည်း ဒေါသစိတ်ဖြစ်သည်ဟု သိ၏၊ ဒေါသကင်းသည့် စိတ်ဖြစ်လျှင်လည်း ဒေါသကင်းသည့် စိတ်ဖြစ်၏ဟု သိ၏၊ မောဟင်းစိတ်ဖြစ်လျှင်လည်း မောဟစိတ်ဖြစ်သည်ဟု သိ၏၊ မောဟကင်းသည့် စိတ်ဖြစ်လျှင်လည်း မောဟကင်းသည့် စိတ်ဖြစ်သည်ဟု သိ၏“ စသည်ဖြင့် ဖြစ်ပေါ်လာသည့် မည်သည့်စိတ်ကိုမဆို ဖြစ်ခိုက်ဖြစ်စဲမှာ သိရန်လိုကြောင်း ရှင်းပြတော်မူ၏။ အဘယ့်ကြောင့် ထိုသို့ မည်သည့်စိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကို သိရန်လိုသည်ဟုဆိုရခြင်းမှာမူ ဖြစ်ခိုက်ကို သိမှသာလျှင် ထိုစိတ်သည် ရှေ့ဆက်မဖြစ်နိုင်ဘဲ ရပ်တန့်သွားမည်ဖြစ်သောကြောင့် ဖြစ်၏။ အကယ်၍ ထိုစိတ်၏ ဖြစ်စဲဖြစ်ခိုက်ကို မသိလျှင် အစွဲတရားဝင်လာတတ်ပြီး ထိုစိတ်၏ စေခိုင်းရာနောက်ပါသွားကာ ကိလေသာများ၊ အကုသိုလ်တရားများသာ တိုးပွားလာတတ်ပေ၏။ မည်သည့်စိတ်မဆို ချက်ချင်းသိလျှင် ချက်ချင်းရပ်တန့်နိုင်မည်ဖြစ်ပြီး ချက်ချင်းမသိဘဲ ဖြစ်နေပါလျှင် ထိုစိတ်၏ လွှမ်းမိုးသက်ရောက်မှုကို ခံရလျှက် လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်များ အဖြစ်ပြောင်းလဲ သွားတတ်၏။ ထိုအခါ မနောကံအပြစ်မှသည် နှုတ်ဖြင့်ကျူးလွန်မှု ၀စီကံအပြစ်၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ကာယကံအပြစ် အထိ ကျရောက်လာတတ်ပေ၏။ ဤသည်မှာ ဖြစ်ပေါ်လာသည့် စိတ်ကို ဖြစ်ခိုက်တွင် မသိမှုကြောင့်ဖြစ်၏။

မှန်၏။ မည်သူမဆို တစ်ခါတစ်ရံ မိမိတို့၏ စိတ်ကို သတိထားကြည့်မိသည့် အခါလေးများ ရှိတတ်၏။ ဖြစ်ပေါ်နေသည့် ကောင်းစိတ်၊ မကောင်းစိတ်ကို သတိထားမိသည့် အခါများလည်း ရှိတတ်၏။ ထိုသို့ သတိထားမိလိုက်သည့်အခါ ဖြစ်ပေါ်နေသည့် ထိုစိတ်သည် ရပ်တန့်သွားပြီး ရှေ့ဆက်မဖြစ်တော့ဘဲ နောက်စိတ်တစ်ခု ဖြစ်ပေါ်လာသည်ကို သတိပြုမိကြမည်ဖြစ်၏။ ဤသည်မှာ စိတ်၏သဘောပင် ဖြစ်၏။ စိတ်သည်တစ်ချိန်တည်းတွင် မည်သည့်အခါမျှ နှစ်စိတ်ဖြစ်ရိုးမရှိပေ။ အလွန်လျင်မြန်သောကြောင့်သာ နှစ်စိတ်သုံးစိတ်ဖြစ်သည့်ဟု ထင်မှတ်တတ်ကြ၏။ ရှေ့စိတ်ကို သိလိုက်သည့်နှင့် ထိုရှေ့စိတ်ပျောက်ပြီး နောက်သိသည့်စိတ် ဖြစ်ပေါ်လာ၏။ ထိုနည်းအတိုင်း သိလိုက်သိလိုက်တိုင်း စိတ်အသစ်အသစ် ဖြစ်ပေါ်နေခြင်းဖြစ်၏။ ထိုဖြစ်တိုင်းဖြစ်တိုင်း စိတ်ကိုသိအောင် ကြိုးစားရန်သာ လိုအပ်လှ၏။ ဥပမာအားဖြင့် တစ်စုံတစ်ခုကိုဖြစ်စေ တစ်စုံတစ်ယောက်ကိုဖြစ်စေ အကြောင်းပြုပြီး မိမိ၏စိတ်တွင် အလိုမကျဖြစ်သည့်စိတ်၊ မနာလိုဖြစ်သည့်စိတ် ဖြစ်ပေါ်လာသည့်အခါ ထိုစိတ်ဖြစ်သည်ကို ချက်ချင်းသိနိုင်အောင် သတိပြုသင့်၏။ ထိုစိတ်ဖြစ်ခိုက်တွင် “ငါ့မှာ ဒီစိတ်ဖြစ်နေပါလား“ဟု သိလိုက်သည်နှင့် တစ်ပြိုင်နက် ထိုစိတ်သည်ရှေ့ဆက် မဖြစ်တော့ဘဲ ရပ်တန့်သွားတော့၏။ ထို့ကြောင့် မည်သည့်စိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကို သိအောင်ကြိုးစားဟု ဆိုခြင်းဖြစ်၏။ အကယ်၍ ဖြစ်ပေါ်လာသည့် စိတ်၏ဖြစ်စဲဖြစ်ခိုက်ကို မသိပါက အစွဲတရားဝင်လာတတ်၏။ ဒေါသဖြစ်သည့်အခိုက် ထိုဒေါသစိတ်ကို မသိပါက အစွဲတရားဝင်လာပြီး ဒေါသအလျောက် ပြောဆိုမိတတ်၊ ကိုယ်ထိလက်ရောက် ကျူးလွန်မိတတ်၏။ ဤသည်မှာ ဖြစ်ခိုက်ကို မသိဘဲ စွဲသွားမိသောကြောင့်ဖြစ်၏။ ထို့အတူပင် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုအပေါ် သဘောကျ ကျေနပ်နှစ်သက်မိသည့် စိတ်ဖြစ်ပေါ်လာသည့် အခါတွင်လည်း ထိုစိတ်၏ ဖြစ်ခိုက်ကို သိအောင်သတိပြုရမည် ဖြစ်၏။ မသိဘဲ လွှတ်ထားမိပါက အစွဲတရားဖြစ်ပေါ်လာပြီး တဏှာရာဂစိတ်၊ လိုချင်တပ်မက်မှု လောဘစိတ်စသည် ဖြစ်ပေါ်တတ်၏။ အကယ်၍ လိုချင်သည့်အတိုင်း ဖြစ်မလာပြန်လျှင် ဒေါသစိတ်က ထပ်ဆင့်ဝင်လာတတ်ပြန်၏။ ဤသဘောသည်လည်း ဖြစ်ပေါ်လာသည့် စိတ်၏ဖြစ်ခိုက်ကို မသိသောကြောင့်သာ ဖြစ်၏။ ထို့ကြောင့် မည်သည့်စိတ်ပဲ ဖြစ်ဖြစ် သိအောင်လုပ်ရမည်ဟု ဆိုခြင်းဖြစ်ပါ၏။

မဟာစည် ဆရာတော်ကြီး မိန့်တော်မူသည့် တရားရှုမှတ်နည်း လင်္ကာလေးရှိ၏။ “ဖြစ်ခိုက်မရှု ရုပ်နာမ်စု စွဲမှုဝင်ရောက်သည်၊ ဖြစ်တိုင်းမှတ်ရှု ရုပ်နာမ်စု စွဲမှုကင်းပျောက်သည်“ ဟူ၍ဖြစ်၏။ ဆိုလိုသည်မှာ မိမိ၏ စိတ်တွင်ဖြစ်စေ၊ ရုပ်တွင်ဖြစ်စေ ဖြစ်သမျှ၊ ပေါ်သမျှကို ဖြစ်ခိုက်ပေါ်ခိုက်တွင် သိရန်လိုအပ်ပြီး မသိလိုက်ပါက အစွဲတရားဝင်တတ်ကြောင်း၊ ဖြစ်သမျှအခိုက်ကို သိလိုက်နိုင်ပါက အစွဲကင်းပျောက်မည်ဖြစ်ကြောင်း ဆိုလို၏။ အစွဲတရားသည်ကား အလွန်ကြောက်စရာကောင်းလှ၏။ စွဲလန်းမိလျှင် အမှန်ကို မမြင်ဖြစ်လာ၏။ မမြဲခြင်းသဘောကို မြဲသည်ဟု ထင်လာတတ်ပြီး မရှိကို အရှိဟု ထင်လာတတ်၏။ မပိုင်သည်ကို ပိုင်သည်ဟု ထင်လာတတ်ပြီး ငါမဟုတ်သည်ကို ငါဟုထင်လာတတ်၏။ ထို့ကြောင့်လည်း ငါ၊ ငါ့ဥစ္စာ၊ ငါ့ရာထူး၊ ငါ့ဂုဏ်ဝါစသည်ဖြင့် ငါစွဲများဖြင့် အချိန်ကုန်ကာ လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည် ပြိုင်လာကြခြင်းဖြစ်၏။ သေချာသည်မှာ အကောင်းဖြစ်စေ အဆိုးဖြစ်စေ စွဲလန်းမိလျှင် မကောင်းဖြစ်တတ်ပြီး ဒုက္ခရောက်တတ်သည် ဟူသည့်အချက်ပင် ဖြစ်၏။ စင်စစ်။ ထိုအစွဲတရားဖြစ်ပေါ်ခြင်း၏ အကြောင်းကား မသိမှုကြောင့်ပင် ဖြစ်ပါ၏။ ထိုမသိမှုသည်လည်း ဖြစ်ခေါ်ပေါ်ခိုက်ကို မသိလိုက်မှုပင် ဖြစ်၏။ ဖြစ်ခိုက်ပေါ်ခိုက်ကို သိလိုက်ပါက ထိုအစွဲတရား ဖြစ်ပေါ်ရန် အကြောင်းမရှိတော့ပေ။ အစွဲတရားကင်းလျှင် ဒုက္ခကင်းမည်သာ ဖြစ်၏။ ဒုက္ခကင်းခြင်းသည် ချမ်းသာခြင်းပင်ဖြစ်၏။ ထို့ကြောင့် ဒုက္ခမရှိ ချမ်းသာသိဖို့ အစွဲမရှိကြရန် လိုကြောင်း ဆိုခြင်းဖြစ်၏။ အစွဲမရှိရန်အတွက်ကား သိမှပင်ဖြစ်၏။

အချုပ်အားဖြင့် ပြောလိုသည်မှာ ဘာပဲဖြစ်ဖြစ် သိအောင်လုပ်ရန် ပြောလိုရင်းဖြစ်၏။ ကာမဂုဏ် အာရုံများ တိုးတက်ဖြစ်ထွန်း များပြားလာသည့် ယနေ့ခေတ်တွင် ထိုကာမဂုဏ်အာရုံများ၏ ဖုံးလွှမ်းမှုကြောင့် သတ္တ၀ါတို့သည် လောဘ၊ ဒေါသ၊ မောဟ မာနစသည့် ကိလေသာများဖြင့်သာ အချိန်ကုန်နေကြပြီး သိသင့်သိထိုက်သည်များကို မသိနိုင်ဖြစ်နေကြရ၏။ မသိကြသဖြင့် ဒုက္ခများလည်း ဖြစ်နေကြရ၏။ ဒုက္ခဖြစ်ရခြင်းသည် စွဲလမ်းမိကြသဖြင့် ဖြစ်ရခြင်းဖြစ်၏။ ထိုစွဲလန်းမှု၏ အကြောင်းကား မသိမှု အ၀ိဇ္ဇာကြောင့်ပင် ဖြစ်ပါ၏။ ထိုမသိမှုကို အကြွင်းမဲ့ ပယ်သတ်နိုင်ရန်အတွက်ကား အစစအရာရာ သိအောင်ကြိုးစားမှသာ ဖြစ်ပေမည်။ သိရန်အတွက်ကား ရှေးဦးစွာ သညာသိဖြစ်ဖြင့် သိအောင်ကြိုးစားရမည်ဖြစ်ပြီး ထိုမှ ပညာသိဖြင့် သိအောင် ကြိုးစားရမည်သာ ဖြစ်ပါ၏။ ပညာသိဖြင့် သိရန်အတွက်ကား မြတ်စွာဘုရားရှင်၏ လမ်းညွှန်မှုအတိုင်း စိတ်မှာဖြစ်စေ၊ ရုပ်မှာဖြစ်စေ ဖြစ်ပေါ်လာသည့် အရာများကို သတိကပ်လျက် ဖြစ်ခိုက်ပေါ်ခိုက်၊ ဖြစ်စဲပေါ်စဲမှာပင် သိအောင်ကြိုးစားရမည်သာ ဖြစ်ပါ၏။ ထိုသို့ ဖြစ်ခိုက်ပေါ်ခိုက်တွင် အလိုက်သင့် လိုက်သိနေမည်ဆိုလျှင် ရုပ်နာမ်ကိုအမှီပြု၍ အစွဲတရားလည်း ဖြစ်ပေါ်လာမည် မဟုတ်တော့ပေ။ အစွဲမရှိလျှင် ဒုက္ခလည်း မရှိနိုင်ပေ။ ဒုက္ခမရှိလျှင် အခိုက်အတန့်အားဖြင့် ငြိမ်းနေမည်သာ ဖြစ်ပါ၏။ အကြွင်းမဲ့ ငြိမ်းရန်အတွက်ကား အကြွင်းမရှိ ပယ်သတ်နိုင်ရန် လိုအပ်ပေ၏။ ထို့ကြောင့် မသိမှုများကြောင့် စွဲလမ်းမှုတွေဖြစ်နေရပြီး စွဲလမ်းမှုများကြောင့် ဒုက္ခဖြစ်နေကြရသည့် လောကကြီးတွင် ဒုက္ခဖြစ်ကြောင်း စွဲလန်းမှုကို ပယ်ဖျောက်နိုင်ရန် မည်သည့်အရာပဲဖြစ်ဖြစ် ဖြစ်ခိုက်ပေါ်ခိုက်၊ ဖြစ်စဲပေါ်စဲတွင် သိအောင်သာလုပ်ကြပါဟု တိုက်တွန်းလိုက်ရပါသတည်း။

Read more »

Spot မှသည် com အဖြစ်သို့… သို့မဟုတ် http://www.phonephonevi.blogspot.com မှ http://www.venvicitta.com သို့ …

အရုဏ်ဆွမ်း ဘုဉ်းပေးနေချိန် ထူးထူးခြားခြား ဖုန်းသံကမည်လာပါတယ်။ ကပ္ပိယဒကာလေးကို အခန်းထဲက ဖုန်းကိုသွားယူခဲ့ဖို့ ပြောပြီး ဖုန်းနားထောင်လိုက်တော့ “အရှင်ဘုရား… ဦးဝိစိတ္တပါလားဘုရား..“ဆိုတဲ့ အမေးနဲ့အတူ ဒကာမတစ်ယောက်ရဲ့ အသံကိုကြားလိုက်ရပါတယ်။ “အင်း… ဟုတ်ပါတယ်… ဒကာမ၊ ဘာဖြစ်လို့လဲ…“ ဆိုတော့ “တစ်ခြားမဟုတ်ပါဘူးဘုရား အရှင်ဘုရား ဘလောဂ်စပေါ့ ကနေပြီး ဒေါ့ကွန်ကို ပြောင်းမယ်ဆိုတာ သိရလို့… အဲဒါတပည့်တော်မ ဒိုမိန်ဝယ်လှူချင် လို့ပါဘုရား..၊ ဘယ်လိုလုပ်ရတယ်ဆိုတာ တပည့်တော်ကို အမိန့်ရှိပါဘုရား“ ဆိုပြီး ဒိုမိန်ဝယ်ပုံဝယ်နည်းမေးကာ ဘုန်းဘုန်းနဲ့ ဖုန်းပြောရင်းပဲ သူကိုယ်တိုင် တစ်ခါတည်း ဒိုမိန်တစ်ခု ၀ယ်ယူလှူဒါန်းလိုက်ပါတယ်။ စောစောစီးစီး ထူးခြားတဲ့ အလှူရှင်နဲ့ ဒိုမိန်အလှူတစ်ခု အထမြောက် အောင်မြင်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း ဘုန်းဘုန်းရဲ့ အင်တာနက်စာမျက်နှာလေးဟာ စပေါ့မှနေ ကွန်အဖြစ်သို့ နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့ပါတယ်။

ဒီလိုတိကျတဲ့ ကွန်အဖြစ်နဲ့ ကိုယ်ပိုင်ဆိုက်ဒ်လေးတစ်ခု ဖြစ်လာအောင် အကြံပြုသူကတော့ ဘုန်းဘုန်းတို့ထက်တောင် စာတွေရေးနိုင်၊ အွန်လိုင်းဘာသာရေး ပြန့်ပွားမှုတွေ လုပ်နေနိုင်၊ နေ့စဉ်နီးပါးပို့စ်လေးတွေ ရေးတင်နေနိုင်တဲ့အပြင် အသိမှသည် အကျင့်သို့ရောက်အောင် လက်တွေ့ကျင့်ကြံ ကြိုးစားနေတဲ့ အဖြူရောင်မေတ္တာ အင်တာနက်စာမျက်နှာပိုင်ရှင် ဘလောက်ဂါ ဒကာလေးဖိုးသားပဲ ဖြစ်ပါတယ်။ တစ်နေ့တော့ ဒီဒကာလေးဟာ ဘုန်းဘုန်းရဲ့ဘလောဂ် စီဘောက်စ်မှာ ဘုန်းဘုန်းရဲ့ ဘလောက်ကို ကွန်အဖြစ် ပြောင်းပေးစေချင်ပါကြောင်း သူ့အနေနဲ့ ဘုန်းဘုန်းတို့ရေးသမျှ ပို့စ်လေးတွေကို အီးမေးလ်မှတစ်ဆင့် မျှဝေပေးနေပေမယ့် ဘုန်းဘုန်းဆိုက်ဒ်ကို တိုက်ရိုက်ဝင်လို့ရအောင် ကိုယ်ပိုင်ဒိုမိန်နဲ့ ကွန်(com) သို့မဟုတ် နက်(net)အဖြစ်ပြောင်းလိုက်ရင် ဘလောက်ဂ်ကို ၀င်လို့မရတဲ့နေရာတွေကလည်း ၀င်လို့ရသွားနိုင်ကြောင်း အကြံပြု လျှောက်ထားလာတဲ့အတွက် ဘုန်းဘုန်းလည်း သူ့အကြံအတိုင်း ကိုယ်ပိုင်ဒိုမိန်နဲ့အတူ http://www.phonephonevi.blogspot.com/ မှ http://www.venvicitta.com/ အဖြစ်သို့ ပြောင်းလဲဖြစ်သွားခဲ့ပါတယ်။

အကျိုးတရားမှန်သမျှ အကြောင်းတရားကင်းပြီး ဘာမှမဖြစ်ဘူးဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို အခြေခံထားတဲ့ အမြဲထာဝရ မှန်ကန်နေတဲ့ မြတ်ဗုဒ္ဓရဲ့ ကြောင်းကျိုးဝါဒလေးဟာ ခုလိုလက်တွေ့ဘ၀မှာပဲ အကြောင်းကြောင့် အကျိုးပေါ်လာတာလေးတွေကို ရရှိခံစားရတာတွေကိုမြင်တော့ ဗုဒ္ဓဘုရားရှင်အပေါ် ဖြစ်ပေါ်နေတဲ့ ယုံကြည်မှုသဒ္ဓါဟာ ပိုပိုလို့တိုးလာမိပါတယ်။ စဉ်းစားတိုင်းကြည်ညိုရင်း စဉ်းစားတိုင်း ကြည်ညိုရင်းဖြစ်ရသလို သဗ္ဗညုတဉာဏ်တော်နဲ့ ကြည်ရှုဟောထားတော်မူတဲ့ မြတ်ဓမ္မများဟာ လက်တွေ့ဘ၀တွေထဲမှာ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု မှန်မှန်နေတာတွေ့ရတော့ အတိုင်းထက်အလွန် ပီတိတရားတွေ ဖြစ်စေခဲ့ပါတယ်။ ကျေးဇူးကြီးတော်မူတဲ့ အနန္တအနှိုင်းမဲ့ အရှင်မြတ်ပါတကားဟု နှလုံးသားထဲမှာ သဒ္ဓါတရားတွေ စွဲထင်သွားစေပါတော့တယ်။

ဟုတ်ပါတယ်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်သလို တစ်ခုခုကို လုပ်နေရင်လည်း အလုပ်ကနေ ပြန်ပြီးအကျိုးသက်ရောက်စေတယ် ဆိုတာ အလုပ်လုပ်နေတဲ့သူတိုင်း ခံစားရတဲ့ လက်တွေ့ကျတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ ကိုယ်တွေ့လေးနဲ့ ပြောကြည့်ရရင် ဘလောဂ်စာမျက်နှာတစ်ခုကို ဖန်တီးပြီး လက်တွေ့စာတွေရေးပြီး ဘာသာရေး အသိတွေ ပေးဖြစ်လာတော့ အရင်တုန်းက ဘာမှမလုပ်လို့ ဘာမှမဖြစ်လာတာတွေဟာ ခုတော့ အလုပ်လုပ်နေရင်း အကျိုးတွေ ဖြစ်ထွန်းနေပါတယ်။ အရင်းဆုံး အကျိုးဖြစ်ခဲ့တာက ဘုန်းဘုန်းကိုယ်တိုင်ပါ။ စာတွေရေးမယ်၊ ဘာသာရေးဆိုင်ရာ အမေးလေးတွေ မေးဖြေပေးတော့မယ်ဆိုတော့ စိတ်ထဲတွေ့ရာတွေ လျှောက်ရေးလျှောက်ဖြေ ပေးနေလို့မရတော့ပါဘူး။ ထေရ၀ါဒ ဗုဒ္ဓစာပေတွေနဲ့ မကိုက်ညီတဲ့ တစ်လွဲအယူအဆတွေကို ပေါက်ကရ လျှောက်ပြောနေလို့ မဖြစ်တော့ပါဘူး။ ဒါကြောင့် စာပေါင်းစုံကို ဖတ်ဖြစ်လာပါတယ်။ ဘာသာရေးရော အထွေထွေ ဗဟုသုတများရောပေါ့။ ဒီလို စာပေါင်းစုံဖတ်ဖြစ်တော့ စာပေကပေးတဲ့ အသိတွေ၊ ဟိုတုန်းက အမှတ်တမဲ့ ဖြစ်ခဲ့တဲ့ ဓမ္မတွေဟာ ဘုန်းဘုန်းကို ပိုပြီးတည်ကြည်စေ၊ လေးနက်စေ၊ သဒ္ဓါတရားကောင်းစေ၊ ဘာသာ၊ သာသနာနဲ့ အမျိုးကို ပိုပြီးစောင့်ရှောက်စေခဲ့ပါတယ်။ ဒါဟာ အလုပ်လုပ်လာခဲ့တဲ့ ဘုန်းဘုန်းရဲ့ လက်တွေ့ဘ၀ အကျိုးကျေးဇူးပါ။ စာတွေ့ရယ်လက်တွေ့ရယ် ပေါင်းပြီးရရှိလာတဲ့ ဒီအသိတွေကို တစ်ဆင့်ပြန်လည် မျှဝေပေးလာဖြစ်ပြန်တော့လည်း တစ်ခြားသူများအတွက်လည်း အသိပညာတွေ ထပ်တိုးလာ၊ စိတ်ငြိမ်းချမ်းမှုလေးတွေရလာ၊ စိတ်ဓာတ်လေးတွေ ပြုပြင်လာနိုင်တာ စတာတွေဖြစ်စေခဲ့ပါတယ်။ ဒီလိုအကျိုးပြုလာတာကိုလည်း တစ်ဘက်သူများရဲ့ ပြန်လည်တုန့်ပြန်မှုများက တစ်ဆင့်ပြန်လည် ခံစားမိတော့ ကျေနပ်မှု ပီတိလေးတွေ တိုးလာရပါတယ်။ “သြော်… ပီတိကိုစား အားရှိပါ၏“ ဆိုတာ ဒါပါလားလို့ ကိုယ့်လုပ်ရပ်အပေါ် ထပ်ပြီးကျေနပ်မှုတွေ၊ အားသစ်တွေ ဖြစ်စေပြန်ပါတယ်။ သေချာတာကတော့ ဒါဟာ ဘာမှမလုပ်ရင် ဘာမှမဖြစ်သလို့ တစ်ခုခုကို လုပ်နေတဲ့သူတွေရဲ့ လက်တွေ့အကျိုးသက်ရောက်မှုပါပဲ။

ခုလည်း အလုပ်လုပ်နေတဲ့ အတွက် အမျိုးဘာသာ သာသနာရဲ့ အကျိုးကို လိုလားသူတွေရဲ့ စွမ်းဆောင်ချက်ကြောင့် အကျိုးတစ်ခု ဖြစ်ခဲ့ပြန်ပါပြီ။ စပေါ့မှသည် ကွန်အဖြစ်နဲ့ ဗုဒ္ဓစာပေတွေ ဘာသာရေးအသိတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန်ဝေနိုင်ဖို့ အကြောင်းတွေ ဖြစ်ခဲ့ပြန်ပါပြီ။ အကြောင်းကောင်းတွေ ပေါ်ပေါက်ခဲ့ပြန်ပါပြီ။ အကြောင်းကောင်းပြီဆိုရင် အကျိုးလည်းကောင်းပေပြီပေါ့။ အကျိုးကောင်းတွေ ဖြစ်စေဖို့ အကြောင်းကောင်းတွေ ဖြစ်အောင် ပံ့ပိုးပေးခဲ့ကြတဲ့ ဒကာလေးဖိုးသား၊ ပြီးတော့ အလှူဒါနကို လိုအပ်နေတဲ့အချိန်မှာ လိုအပ်တဲ့အရာကို ထက်သန်စွာ ပေးလှူပေးတတ်တဲ့ ဒိုမိန်အလှူရှင် အဝေးရောက် ဒကာမတစ်ဦးတို့ရဲ့ စေတနာကလည်း ကိုယ့်အတွက်ရော အများအတွက်ပါ ကောင်းကျိုးတွေကို ဖြစ်စေခဲ့ပါတယ်။ အကြိမ်ကြိမ်လည်း သာဓုခေါ်ဖြစ်နေ၊ အကြောင်းကောင်းတွေ ဖန်တီးပေးနေသူတွေကိုလည်း မေတ္တာတွေ ပို့ဖြစ်နေပါတော့တယ်။ အမှန်အတိုင်းပြောရရင် ဘုန်းဘုန်းကို ဒကာလေးဖိုးသားက ဒိုမိန်ဝယ်ပြီး ကွန်အဖြစ်ကို ပြောင်းဖို့အကြံပြုတော့ ကိုယ်ကိုယ်တိုင် ဒိုမိန်ဝယ်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ ခက်တာက credit card က ဘုန်းဘုန်းမှာ မရှိပြန်ဘူး။ ဒီနိုင်ငံမှာရှိတဲ့ ဘုန်းဘုန်းတို့လူမျိုးတွေ မေးကြည့်ပြန်တော့လည်း မရှိကြဘူး။ မရှိတာက မလုပ်နိုင်လို့ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာက ဘုန်းဘုန်းတို့လူမျိုးများအတွက် ဒီလိုကဒ်မျိုးလုပ်ဖို့ အခက်အခဲ ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ဘုန်းဘုန်းစိတ်ထဲမှာ အလွန်ရင်းနှီးတဲ့ ဂျပန်ဒကာမတစ်ယောက်ကို အကူအညီတောင်းဖို့ စဉ်းစားနေတုန်း ဒီနေ့မနက် စောစောပဲ ဘုန်းဘုန်းတို့ မြန်မာဒကာမ တစ်ဦးရဲ့ အလှူက ဦးသွားခဲ့ပါတယ်။ သူများဆီက စပြီးအကူအညီတောင်းဖို့ အမြဲတမ်းဝန်လေတတ်တဲ့ ဘုန်းဘုန်းအတွက်ကတော့ ဒိုမိန်အလှူရှင်ရဲ့ ကျေးဇူးကြောင့် ၀န်လေးတဲ့အလုပ်ကို မလုပ်ဖြစ်ဘဲ ကောင်းသောအလုပ်ရဲ့ ကောင်းကျိုး အဖြစ်လက်တွေ အကျိုးဖြစ်ထွန်းခဲ့ပါတော့တယ်။

ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက အလုပ်လုပ်ဖို့ပါ။ ဘာမှမဖြစ်ချင်ရင်တော့ ဘာမှမလုပ်ဘဲ နေလို့ရပေမယ့် တစ်ခုခုဖြစ်ချင်ရင်တော့ တစ်ခုခုကို လုပ်မှဖြစ်မှာပါ။ ဘာမှမလုပ်တဲ့ သူတွေအတွက် အချိန်တွေဟာ အချည်းနှီးပိုနေတတ်၊ အချည်းနှီး ကုန်ဆုံးနေတတ်ပေမယ့် အလုပ်လုပ်နေသူတွေ အတွက်ကတော့ အချိန်မလောက်ဘဲ ရှိတတ်ပြီး ကုန်ဆုံးသွားသမျှ အချိန်တွေဟာလည်း အကျိုးရှိတဲ့ ကုန်ဆုံးမှုတွေချည်းပါပဲ။ ဘုန်းဘုန်းအနေနဲ့ ဒုတိယ၀ါကို မြန်မာပြည်မှာ ပြန်ဆိုမယ်ပြောတော့ ဒကာလေးတစ်ယောက်က အရှင်ဘုရား ဟိုရောက်ရင် ဘယ်လိုနေမလဲ… ပျင်းနေမှာပေါ့နော်လို့ ပြောဖူးပါတယ်။ ဘုန်းဘုန်းပြန်ပြောဖြစ်တာက “ပျင်းဖို့ အချိန်မရလောက်ပါဘူး“လို့ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဘုန်းဘုန်းအတွက်က ဘယ်နေရာရောက်ရောက် အလုပ်လုပ်နေမှာ ဖြစ်လို့ပါ။ အလုပ်လုပ်နေတဲ့သူအတွက် အလုပ်လည်း မရှားပါဘူး။ ဘုန်းဘုန်းက အဲဒီဒကာလေးကို ဘုန်းဘုန်းမြန်မာပြည် ပြန်ရောက်တဲ့အခါ “၀ါတွင်းသုံးလ ကျောင်းမှာရှိတဲ့ တပည့်တွေကို စာချပေးရဖို့ ရှိကြောင်း၊ အထူးသဖြင့် ဘုန်းဘုန်းကျောင်းကို ကိုးကွယ်နေတဲ့ ရပ်ကွက်ထဲက အသက်အရွယ် ကြီးနေပြီဖြစ်တဲ့ ဆင်းရဲသား ဒကာကြီး ဒကာမကြီးများကို ဥပုသ်နေ့တိုင်း တရားဓမ္မဟောပြောပေးရင် ၀ိပဿနာအလုပ်ကိုလည်း အားထုတ်ခိုင်းမှာဖြစ်ကြောင်း၊ ပြီးတော့ လူငယ်များအတွက်လည်း ဘာသာရေးအနှစ်သာရများကို ဟောပြောပို့ချပေးမှာဖြစ်ကြောင်း၊ အဲ… မြန်မာပြည်မှာ ရှိတဲ့အချိန်မှာတော့ အွန်လိုင်းကနေ စာရေးတဲ့အလုပ်ကိုတော့ ထင်သလောက် လုပ်နိုင်မှာမဟုတ်ကြောင်း“ စသဖြင့် ပြောပြဖြစ်ပါတယ်။

ဆိုလိုတာက အလုပ်လုပ်နေမှုနဲ့ ပတ်သက်လို့ပါ။ အလုပ်တစ်ခုခုကို လုပ်နေတဲ့သူများအတွက် အလုပ်မရှားသလို အချိန်လည်းမလောက်ပါဘူး၊ ပျင်းချိန်လည်း မရပါဘူးလို့ ဆိုလိုတာပါ။ အဓိကကတော့ ဘယ်နေရာရောက်ရောက် အလုပ်လုပ်နေဖို့ပါပဲ။ ဘုန်းဘုန်းအမြဲအမှတ်ရနေတဲ့ ဆုံးမစကားလေးတစ်ခု ရှိပါတယ်။ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတိလောကဘိဝံသရဲ့ “စားဖို့လုပ်ခြင်းထက် လုပ်ဖို့စားခြင်းက ပိုကောင်းတယ်“ ဆိုတဲ့ စကားလေးပါ။ သိပ်ကောင်းပြီး ထိမိတဲ့ စကားလေးပါ။ ဘုန်းဘုန်းတို့တတွေ စားဖို့အတွက်ပဲ လိုက်နေရင် ပြီးမှာမဟုတ်တော့ပါဘူး။ စားခဲ့တဲ့ဘ၀တွေကလည်း မနည်းပါဘူး။ ခုလည်းစားနေတုန်း၊ နောင်လည်းစားနေကြဦးမှာပါ။ သံသရာတစ်လျှောက်လုံး စားလာခဲ့ကြတာ၊ စားဖို့နောက်ချည်းပဲ လိုက်နေခဲ့ကြတာဆိုတော့ ပင်ပန်းလိုက်တာ။ ဆရာတော် ပြောသလိုပဲ လုပ်ဖို့စားကြတာဆိုရင် အစားနဲ့ပတ်သက်ပြီး သိပ်ဒုက္ခမရောက်နိုင်ပါဘူး။ ပြီးတော့ လုပ်နေတဲ့သူအတွက်လည်း အစားက မရှားပြန်ပါဘူး။ ဒါကြောင့် စားဖို့ချည်းပဲ လုပ်မနေကြဘဲ လုပ်ဖို့အတွက် စားတာလို့ စိတ်မှာထားပြီး အလုပ်ကိုပဲ ကြိုးစားလုပ်ကြဖို့ပါ။

ထားပါတော့။ ဘုန်းဘုန်းလည်း ပြောချင်တာက တစ်ခြား ပြောနေတာက တစ်ခြားဖြစ်နေပြန်ပါပြီ။ အဓိကပြောချင်တာက ဘုန်းဘုန်းရဲ့ ဓမ္မစာမျက်နှာ လိပ်စားပြောင်းသွားတယ် ဆိုတာကို ပြောချင်တာပါ။ လိပ်စာပြောင်းပေမယ့် အရင်လိပ်စာနဲ့ ၀င်ရင်လည်း ရီဒါရိုက်လုပ်ပေးထားတဲ့ အတွက် အပြောင်းအလဲ မရှိပါဘူး။ စတိုင်လ်ရော၊ စာသားရော၊ အကြောင်းအရာရော ဘာမှ မပြောင်းလဲဘဲ လိပ်စာသာ ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း ပြောချင်တာပါ။ ဒီအကြောင်းပြောင်းရင်းနဲ့ အကြောင်းအကျိုး ဆက်စပ်မှုလေးကိုလည်း ပြောဖြစ်သွား၊ အလုပ်လုပ်နေသူတွေ အကြောင်းလည်း ဂုဏ်ပြုသွားဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးကို တိုက်တွန်းလွန်တာက အလုပ်လုပ်နေကြဖို့ပါ။ ဘာမှမလုပ်ဘဲမနေကြဘဲ တစ်ခုခုကို လုပ်နေကြဖို့ပါ။ တစ်ခုခုဆိုပြီးရောဆိုပြီး မဟုတ်တာတွေလည်း မလုပ်မိကြဖို့လိုပါတယ်။ အဟုတ်လုပ်မှ အဟုတ်ဖြစ်မှာ ဖြစ်သလို အကောင်းလုပ်မှလည်း အကောင်းဖြစ်လာမှာပါ။ ဒါကြောင့် အကောင်းဖြစ်ဖို့ မကောင်းပစ်ပြီး ပြောင်းပြစ်လိုက်ကြပါဟု တိုက်တွန်းရင်း…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ