Spot မှသည် com အဖြစ်သို့… သို့မဟုတ် http://www.phonephonevi.blogspot.com မှ http://www.venvicitta.com သို့ …

အရုဏ်ဆွမ်း ဘုဉ်းပေးနေချိန် ထူးထူးခြားခြား ဖုန်းသံကမည်လာပါတယ်။ ကပ္ပိယဒကာလေးကို အခန်းထဲက ဖုန်းကိုသွားယူခဲ့ဖို့ ပြောပြီး ဖုန်းနားထောင်လိုက်တော့ “အရှင်ဘုရား… ဦးဝိစိတ္တပါလားဘုရား..“ဆိုတဲ့ အမေးနဲ့အတူ ဒကာမတစ်ယောက်ရဲ့ အသံကိုကြားလိုက်ရပါတယ်။ “အင်း… ဟုတ်ပါတယ်… ဒကာမ၊ ဘာဖြစ်လို့လဲ…“ ဆိုတော့ “တစ်ခြားမဟုတ်ပါဘူးဘုရား အရှင်ဘုရား ဘလောဂ်စပေါ့ ကနေပြီး ဒေါ့ကွန်ကို ပြောင်းမယ်ဆိုတာ သိရလို့… အဲဒါတပည့်တော်မ ဒိုမိန်ဝယ်လှူချင် လို့ပါဘုရား..၊ ဘယ်လိုလုပ်ရတယ်ဆိုတာ တပည့်တော်ကို အမိန့်ရှိပါဘုရား“ ဆိုပြီး ဒိုမိန်ဝယ်ပုံဝယ်နည်းမေးကာ ဘုန်းဘုန်းနဲ့ ဖုန်းပြောရင်းပဲ သူကိုယ်တိုင် တစ်ခါတည်း ဒိုမိန်တစ်ခု ၀ယ်ယူလှူဒါန်းလိုက်ပါတယ်။ စောစောစီးစီး ထူးခြားတဲ့ အလှူရှင်နဲ့ ဒိုမိန်အလှူတစ်ခု အထမြောက် အောင်မြင်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း ဘုန်းဘုန်းရဲ့ အင်တာနက်စာမျက်နှာလေးဟာ စပေါ့မှနေ ကွန်အဖြစ်သို့ နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့ပါတယ်။

ဒီလိုတိကျတဲ့ ကွန်အဖြစ်နဲ့ ကိုယ်ပိုင်ဆိုက်ဒ်လေးတစ်ခု ဖြစ်လာအောင် အကြံပြုသူကတော့ ဘုန်းဘုန်းတို့ထက်တောင် စာတွေရေးနိုင်၊ အွန်လိုင်းဘာသာရေး ပြန့်ပွားမှုတွေ လုပ်နေနိုင်၊ နေ့စဉ်နီးပါးပို့စ်လေးတွေ ရေးတင်နေနိုင်တဲ့အပြင် အသိမှသည် အကျင့်သို့ရောက်အောင် လက်တွေ့ကျင့်ကြံ ကြိုးစားနေတဲ့ အဖြူရောင်မေတ္တာ အင်တာနက်စာမျက်နှာပိုင်ရှင် ဘလောက်ဂါ ဒကာလေးဖိုးသားပဲ ဖြစ်ပါတယ်။ တစ်နေ့တော့ ဒီဒကာလေးဟာ ဘုန်းဘုန်းရဲ့ဘလောဂ် စီဘောက်စ်မှာ ဘုန်းဘုန်းရဲ့ ဘလောက်ကို ကွန်အဖြစ် ပြောင်းပေးစေချင်ပါကြောင်း သူ့အနေနဲ့ ဘုန်းဘုန်းတို့ရေးသမျှ ပို့စ်လေးတွေကို အီးမေးလ်မှတစ်ဆင့် မျှဝေပေးနေပေမယ့် ဘုန်းဘုန်းဆိုက်ဒ်ကို တိုက်ရိုက်ဝင်လို့ရအောင် ကိုယ်ပိုင်ဒိုမိန်နဲ့ ကွန်(com) သို့မဟုတ် နက်(net)အဖြစ်ပြောင်းလိုက်ရင် ဘလောက်ဂ်ကို ၀င်လို့မရတဲ့နေရာတွေကလည်း ၀င်လို့ရသွားနိုင်ကြောင်း အကြံပြု လျှောက်ထားလာတဲ့အတွက် ဘုန်းဘုန်းလည်း သူ့အကြံအတိုင်း ကိုယ်ပိုင်ဒိုမိန်နဲ့အတူ http://www.phonephonevi.blogspot.com/ မှ http://www.venvicitta.com/ အဖြစ်သို့ ပြောင်းလဲဖြစ်သွားခဲ့ပါတယ်။

အကျိုးတရားမှန်သမျှ အကြောင်းတရားကင်းပြီး ဘာမှမဖြစ်ဘူးဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို အခြေခံထားတဲ့ အမြဲထာဝရ မှန်ကန်နေတဲ့ မြတ်ဗုဒ္ဓရဲ့ ကြောင်းကျိုးဝါဒလေးဟာ ခုလိုလက်တွေ့ဘ၀မှာပဲ အကြောင်းကြောင့် အကျိုးပေါ်လာတာလေးတွေကို ရရှိခံစားရတာတွေကိုမြင်တော့ ဗုဒ္ဓဘုရားရှင်အပေါ် ဖြစ်ပေါ်နေတဲ့ ယုံကြည်မှုသဒ္ဓါဟာ ပိုပိုလို့တိုးလာမိပါတယ်။ စဉ်းစားတိုင်းကြည်ညိုရင်း စဉ်းစားတိုင်း ကြည်ညိုရင်းဖြစ်ရသလို သဗ္ဗညုတဉာဏ်တော်နဲ့ ကြည်ရှုဟောထားတော်မူတဲ့ မြတ်ဓမ္မများဟာ လက်တွေ့ဘ၀တွေထဲမှာ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု မှန်မှန်နေတာတွေ့ရတော့ အတိုင်းထက်အလွန် ပီတိတရားတွေ ဖြစ်စေခဲ့ပါတယ်။ ကျေးဇူးကြီးတော်မူတဲ့ အနန္တအနှိုင်းမဲ့ အရှင်မြတ်ပါတကားဟု နှလုံးသားထဲမှာ သဒ္ဓါတရားတွေ စွဲထင်သွားစေပါတော့တယ်။

ဟုတ်ပါတယ်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်သလို တစ်ခုခုကို လုပ်နေရင်လည်း အလုပ်ကနေ ပြန်ပြီးအကျိုးသက်ရောက်စေတယ် ဆိုတာ အလုပ်လုပ်နေတဲ့သူတိုင်း ခံစားရတဲ့ လက်တွေ့ကျတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ ကိုယ်တွေ့လေးနဲ့ ပြောကြည့်ရရင် ဘလောဂ်စာမျက်နှာတစ်ခုကို ဖန်တီးပြီး လက်တွေ့စာတွေရေးပြီး ဘာသာရေး အသိတွေ ပေးဖြစ်လာတော့ အရင်တုန်းက ဘာမှမလုပ်လို့ ဘာမှမဖြစ်လာတာတွေဟာ ခုတော့ အလုပ်လုပ်နေရင်း အကျိုးတွေ ဖြစ်ထွန်းနေပါတယ်။ အရင်းဆုံး အကျိုးဖြစ်ခဲ့တာက ဘုန်းဘုန်းကိုယ်တိုင်ပါ။ စာတွေရေးမယ်၊ ဘာသာရေးဆိုင်ရာ အမေးလေးတွေ မေးဖြေပေးတော့မယ်ဆိုတော့ စိတ်ထဲတွေ့ရာတွေ လျှောက်ရေးလျှောက်ဖြေ ပေးနေလို့မရတော့ပါဘူး။ ထေရ၀ါဒ ဗုဒ္ဓစာပေတွေနဲ့ မကိုက်ညီတဲ့ တစ်လွဲအယူအဆတွေကို ပေါက်ကရ လျှောက်ပြောနေလို့ မဖြစ်တော့ပါဘူး။ ဒါကြောင့် စာပေါင်းစုံကို ဖတ်ဖြစ်လာပါတယ်။ ဘာသာရေးရော အထွေထွေ ဗဟုသုတများရောပေါ့။ ဒီလို စာပေါင်းစုံဖတ်ဖြစ်တော့ စာပေကပေးတဲ့ အသိတွေ၊ ဟိုတုန်းက အမှတ်တမဲ့ ဖြစ်ခဲ့တဲ့ ဓမ္မတွေဟာ ဘုန်းဘုန်းကို ပိုပြီးတည်ကြည်စေ၊ လေးနက်စေ၊ သဒ္ဓါတရားကောင်းစေ၊ ဘာသာ၊ သာသနာနဲ့ အမျိုးကို ပိုပြီးစောင့်ရှောက်စေခဲ့ပါတယ်။ ဒါဟာ အလုပ်လုပ်လာခဲ့တဲ့ ဘုန်းဘုန်းရဲ့ လက်တွေ့ဘ၀ အကျိုးကျေးဇူးပါ။ စာတွေ့ရယ်လက်တွေ့ရယ် ပေါင်းပြီးရရှိလာတဲ့ ဒီအသိတွေကို တစ်ဆင့်ပြန်လည် မျှဝေပေးလာဖြစ်ပြန်တော့လည်း တစ်ခြားသူများအတွက်လည်း အသိပညာတွေ ထပ်တိုးလာ၊ စိတ်ငြိမ်းချမ်းမှုလေးတွေရလာ၊ စိတ်ဓာတ်လေးတွေ ပြုပြင်လာနိုင်တာ စတာတွေဖြစ်စေခဲ့ပါတယ်။ ဒီလိုအကျိုးပြုလာတာကိုလည်း တစ်ဘက်သူများရဲ့ ပြန်လည်တုန့်ပြန်မှုများက တစ်ဆင့်ပြန်လည် ခံစားမိတော့ ကျေနပ်မှု ပီတိလေးတွေ တိုးလာရပါတယ်။ “သြော်… ပီတိကိုစား အားရှိပါ၏“ ဆိုတာ ဒါပါလားလို့ ကိုယ့်လုပ်ရပ်အပေါ် ထပ်ပြီးကျေနပ်မှုတွေ၊ အားသစ်တွေ ဖြစ်စေပြန်ပါတယ်။ သေချာတာကတော့ ဒါဟာ ဘာမှမလုပ်ရင် ဘာမှမဖြစ်သလို့ တစ်ခုခုကို လုပ်နေတဲ့သူတွေရဲ့ လက်တွေ့အကျိုးသက်ရောက်မှုပါပဲ။

ခုလည်း အလုပ်လုပ်နေတဲ့ အတွက် အမျိုးဘာသာ သာသနာရဲ့ အကျိုးကို လိုလားသူတွေရဲ့ စွမ်းဆောင်ချက်ကြောင့် အကျိုးတစ်ခု ဖြစ်ခဲ့ပြန်ပါပြီ။ စပေါ့မှသည် ကွန်အဖြစ်နဲ့ ဗုဒ္ဓစာပေတွေ ဘာသာရေးအသိတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန်ဝေနိုင်ဖို့ အကြောင်းတွေ ဖြစ်ခဲ့ပြန်ပါပြီ။ အကြောင်းကောင်းတွေ ပေါ်ပေါက်ခဲ့ပြန်ပါပြီ။ အကြောင်းကောင်းပြီဆိုရင် အကျိုးလည်းကောင်းပေပြီပေါ့။ အကျိုးကောင်းတွေ ဖြစ်စေဖို့ အကြောင်းကောင်းတွေ ဖြစ်အောင် ပံ့ပိုးပေးခဲ့ကြတဲ့ ဒကာလေးဖိုးသား၊ ပြီးတော့ အလှူဒါနကို လိုအပ်နေတဲ့အချိန်မှာ လိုအပ်တဲ့အရာကို ထက်သန်စွာ ပေးလှူပေးတတ်တဲ့ ဒိုမိန်အလှူရှင် အဝေးရောက် ဒကာမတစ်ဦးတို့ရဲ့ စေတနာကလည်း ကိုယ့်အတွက်ရော အများအတွက်ပါ ကောင်းကျိုးတွေကို ဖြစ်စေခဲ့ပါတယ်။ အကြိမ်ကြိမ်လည်း သာဓုခေါ်ဖြစ်နေ၊ အကြောင်းကောင်းတွေ ဖန်တီးပေးနေသူတွေကိုလည်း မေတ္တာတွေ ပို့ဖြစ်နေပါတော့တယ်။ အမှန်အတိုင်းပြောရရင် ဘုန်းဘုန်းကို ဒကာလေးဖိုးသားက ဒိုမိန်ဝယ်ပြီး ကွန်အဖြစ်ကို ပြောင်းဖို့အကြံပြုတော့ ကိုယ်ကိုယ်တိုင် ဒိုမိန်ဝယ်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ ခက်တာက credit card က ဘုန်းဘုန်းမှာ မရှိပြန်ဘူး။ ဒီနိုင်ငံမှာရှိတဲ့ ဘုန်းဘုန်းတို့လူမျိုးတွေ မေးကြည့်ပြန်တော့လည်း မရှိကြဘူး။ မရှိတာက မလုပ်နိုင်လို့ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာက ဘုန်းဘုန်းတို့လူမျိုးများအတွက် ဒီလိုကဒ်မျိုးလုပ်ဖို့ အခက်အခဲ ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ဘုန်းဘုန်းစိတ်ထဲမှာ အလွန်ရင်းနှီးတဲ့ ဂျပန်ဒကာမတစ်ယောက်ကို အကူအညီတောင်းဖို့ စဉ်းစားနေတုန်း ဒီနေ့မနက် စောစောပဲ ဘုန်းဘုန်းတို့ မြန်မာဒကာမ တစ်ဦးရဲ့ အလှူက ဦးသွားခဲ့ပါတယ်။ သူများဆီက စပြီးအကူအညီတောင်းဖို့ အမြဲတမ်းဝန်လေတတ်တဲ့ ဘုန်းဘုန်းအတွက်ကတော့ ဒိုမိန်အလှူရှင်ရဲ့ ကျေးဇူးကြောင့် ၀န်လေးတဲ့အလုပ်ကို မလုပ်ဖြစ်ဘဲ ကောင်းသောအလုပ်ရဲ့ ကောင်းကျိုး အဖြစ်လက်တွေ အကျိုးဖြစ်ထွန်းခဲ့ပါတော့တယ်။

ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက အလုပ်လုပ်ဖို့ပါ။ ဘာမှမဖြစ်ချင်ရင်တော့ ဘာမှမလုပ်ဘဲ နေလို့ရပေမယ့် တစ်ခုခုဖြစ်ချင်ရင်တော့ တစ်ခုခုကို လုပ်မှဖြစ်မှာပါ။ ဘာမှမလုပ်တဲ့ သူတွေအတွက် အချိန်တွေဟာ အချည်းနှီးပိုနေတတ်၊ အချည်းနှီး ကုန်ဆုံးနေတတ်ပေမယ့် အလုပ်လုပ်နေသူတွေ အတွက်ကတော့ အချိန်မလောက်ဘဲ ရှိတတ်ပြီး ကုန်ဆုံးသွားသမျှ အချိန်တွေဟာလည်း အကျိုးရှိတဲ့ ကုန်ဆုံးမှုတွေချည်းပါပဲ။ ဘုန်းဘုန်းအနေနဲ့ ဒုတိယ၀ါကို မြန်မာပြည်မှာ ပြန်ဆိုမယ်ပြောတော့ ဒကာလေးတစ်ယောက်က အရှင်ဘုရား ဟိုရောက်ရင် ဘယ်လိုနေမလဲ… ပျင်းနေမှာပေါ့နော်လို့ ပြောဖူးပါတယ်။ ဘုန်းဘုန်းပြန်ပြောဖြစ်တာက “ပျင်းဖို့ အချိန်မရလောက်ပါဘူး“လို့ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဘုန်းဘုန်းအတွက်က ဘယ်နေရာရောက်ရောက် အလုပ်လုပ်နေမှာ ဖြစ်လို့ပါ။ အလုပ်လုပ်နေတဲ့သူအတွက် အလုပ်လည်း မရှားပါဘူး။ ဘုန်းဘုန်းက အဲဒီဒကာလေးကို ဘုန်းဘုန်းမြန်မာပြည် ပြန်ရောက်တဲ့အခါ “၀ါတွင်းသုံးလ ကျောင်းမှာရှိတဲ့ တပည့်တွေကို စာချပေးရဖို့ ရှိကြောင်း၊ အထူးသဖြင့် ဘုန်းဘုန်းကျောင်းကို ကိုးကွယ်နေတဲ့ ရပ်ကွက်ထဲက အသက်အရွယ် ကြီးနေပြီဖြစ်တဲ့ ဆင်းရဲသား ဒကာကြီး ဒကာမကြီးများကို ဥပုသ်နေ့တိုင်း တရားဓမ္မဟောပြောပေးရင် ၀ိပဿနာအလုပ်ကိုလည်း အားထုတ်ခိုင်းမှာဖြစ်ကြောင်း၊ ပြီးတော့ လူငယ်များအတွက်လည်း ဘာသာရေးအနှစ်သာရများကို ဟောပြောပို့ချပေးမှာဖြစ်ကြောင်း၊ အဲ… မြန်မာပြည်မှာ ရှိတဲ့အချိန်မှာတော့ အွန်လိုင်းကနေ စာရေးတဲ့အလုပ်ကိုတော့ ထင်သလောက် လုပ်နိုင်မှာမဟုတ်ကြောင်း“ စသဖြင့် ပြောပြဖြစ်ပါတယ်။

ဆိုလိုတာက အလုပ်လုပ်နေမှုနဲ့ ပတ်သက်လို့ပါ။ အလုပ်တစ်ခုခုကို လုပ်နေတဲ့သူများအတွက် အလုပ်မရှားသလို အချိန်လည်းမလောက်ပါဘူး၊ ပျင်းချိန်လည်း မရပါဘူးလို့ ဆိုလိုတာပါ။ အဓိကကတော့ ဘယ်နေရာရောက်ရောက် အလုပ်လုပ်နေဖို့ပါပဲ။ ဘုန်းဘုန်းအမြဲအမှတ်ရနေတဲ့ ဆုံးမစကားလေးတစ်ခု ရှိပါတယ်။ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတိလောကဘိဝံသရဲ့ “စားဖို့လုပ်ခြင်းထက် လုပ်ဖို့စားခြင်းက ပိုကောင်းတယ်“ ဆိုတဲ့ စကားလေးပါ။ သိပ်ကောင်းပြီး ထိမိတဲ့ စကားလေးပါ။ ဘုန်းဘုန်းတို့တတွေ စားဖို့အတွက်ပဲ လိုက်နေရင် ပြီးမှာမဟုတ်တော့ပါဘူး။ စားခဲ့တဲ့ဘ၀တွေကလည်း မနည်းပါဘူး။ ခုလည်းစားနေတုန်း၊ နောင်လည်းစားနေကြဦးမှာပါ။ သံသရာတစ်လျှောက်လုံး စားလာခဲ့ကြတာ၊ စားဖို့နောက်ချည်းပဲ လိုက်နေခဲ့ကြတာဆိုတော့ ပင်ပန်းလိုက်တာ။ ဆရာတော် ပြောသလိုပဲ လုပ်ဖို့စားကြတာဆိုရင် အစားနဲ့ပတ်သက်ပြီး သိပ်ဒုက္ခမရောက်နိုင်ပါဘူး။ ပြီးတော့ လုပ်နေတဲ့သူအတွက်လည်း အစားက မရှားပြန်ပါဘူး။ ဒါကြောင့် စားဖို့ချည်းပဲ လုပ်မနေကြဘဲ လုပ်ဖို့အတွက် စားတာလို့ စိတ်မှာထားပြီး အလုပ်ကိုပဲ ကြိုးစားလုပ်ကြဖို့ပါ။

ထားပါတော့။ ဘုန်းဘုန်းလည်း ပြောချင်တာက တစ်ခြား ပြောနေတာက တစ်ခြားဖြစ်နေပြန်ပါပြီ။ အဓိကပြောချင်တာက ဘုန်းဘုန်းရဲ့ ဓမ္မစာမျက်နှာ လိပ်စားပြောင်းသွားတယ် ဆိုတာကို ပြောချင်တာပါ။ လိပ်စာပြောင်းပေမယ့် အရင်လိပ်စာနဲ့ ၀င်ရင်လည်း ရီဒါရိုက်လုပ်ပေးထားတဲ့ အတွက် အပြောင်းအလဲ မရှိပါဘူး။ စတိုင်လ်ရော၊ စာသားရော၊ အကြောင်းအရာရော ဘာမှ မပြောင်းလဲဘဲ လိပ်စာသာ ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း ပြောချင်တာပါ။ ဒီအကြောင်းပြောင်းရင်းနဲ့ အကြောင်းအကျိုး ဆက်စပ်မှုလေးကိုလည်း ပြောဖြစ်သွား၊ အလုပ်လုပ်နေသူတွေ အကြောင်းလည်း ဂုဏ်ပြုသွားဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးကို တိုက်တွန်းလွန်တာက အလုပ်လုပ်နေကြဖို့ပါ။ ဘာမှမလုပ်ဘဲမနေကြဘဲ တစ်ခုခုကို လုပ်နေကြဖို့ပါ။ တစ်ခုခုဆိုပြီးရောဆိုပြီး မဟုတ်တာတွေလည်း မလုပ်မိကြဖို့လိုပါတယ်။ အဟုတ်လုပ်မှ အဟုတ်ဖြစ်မှာ ဖြစ်သလို အကောင်းလုပ်မှလည်း အကောင်းဖြစ်လာမှာပါ။ ဒါကြောင့် အကောင်းဖြစ်ဖို့ မကောင်းပစ်ပြီး ပြောင်းပြစ်လိုက်ကြပါဟု တိုက်တွန်းရင်း…

2 မှတ်ချက်များ (...ရေးရန်):

  • Anonymous says:
    Monday, July 13, 2009

    အဖြူရောင်မေတ္တာ said...
    ဘုန်းဘုန်း ၀မ်းသာလိုက်တာ.. ခုလို အသိအမှတ်ပြုခံရတဲ့ အတွက်ရယ်၊ နောက် ဘုန်းဘုန်း ဘလော့ .com ပြောင်းလဲသွားနိုင်တဲ့ အတွက်ရယ်။

    ဘုန်းဘုန်း ပြောမှပဲ.. ဖိုးသားလည်း လုပ်စရာလေးတွေ များနေတော့ အချိန်က မလောက်ဘူး ဖြစ်နေတယ် ဆိုတာ သတိထားမိတယ်.. အလုပ်လုပ်ဖို့အတွက် စားနေတယ် ဆိုတာတော့ ဖိုးသား ကြားဖူးတာ ကြာပြီ ဘုန်းဘုန်း။ နှလုံးသွင်း ခံယူမိတာ ကတော့ ဒီရောက်မှပါ။.. ကျောင်းတုန်းက ဖိုးသားရဲ့ ဆရာတစ်ယောက် ဆုံးမသွားတာ.. အင်းစိန် ရွာမ ဆရာတော်ဘုရားရဲ့ ဆုံးမစကား ဆိုတာကိုတော့ ခုမှ သိတာပါ။

    ဘုန်းဘုန်း ဆုံးမသွားသလို အကောင်းဖြစ်ဖို့ မကောင်းပစ်ပြီး ပြောင်းပြစ် နိုင်အောင်လည်း ဖိုးသား ကြိုးစားနေပါတယ် ဘုန်းဘုန်း.. မကောင်းတာတွေက များတော့ အချိန်တစ်ခုတော့ ယူရဦးမယ် ထင်ပါတယ် ဖိုးသား..။

    အစစ အရာရာအတွက် ကျေးဇူးပါ ဘုန်းဘုန်း။

    ဘုန်းဘုန်းကျန်းမာပါစေ၊ သာသနာ့ဝန် ခန္ဓာ့ဝန်ကိုလည်း လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ။
    ရိုသေစွာ ဦးခိုက်လျက်
    ဖိုးသား

  • ညခင်း says:
    Tuesday, July 14, 2009

    ဘုန်းဘုန်းဘုရား ဘုန်းဘုန်းဘလော့လိပ်စာလေး ပြောင်းလိုက်နိုင်တာ ၀မ်းသာပါတယ်။ အဆုံအမများစွာကို လည်းနာယူမှတ်သားသွားပါတယ်။
    တပည့်တော် ဆိုက်ဒ့်လေးမှာ လင့်ထားတာ လိပ်စာပြောင်းလိုက်ပါမယ့်ဘုရား
    ဘုန်းဘုန်း ကျန်းမာမျှတပါစေ။

    ညခင်း


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ