Showing posts with label အားဖြည့်ဓမ္မစကားများ. Show all posts
Showing posts with label အားဖြည့်ဓမ္မစကားများ. Show all posts

ကျေနပ်တတ်တဲ့ စိတ်ဟာချမ်းသာမှု တစ်မျိုးပါ


ဘဝမှာ ချမ်းသာအစစ်ဟာ ဘာလဲလို့မေးရင် “ကျေနပ်အောင် နေတတ်တဲ့ စိတ်ပဲ”လို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်တော့ ချမ်းသာမှုဆိုတာဟာ ငွေရှိတိုင်းလည်း ချမ်းသာတာမဟုတ်ဘူး။ ရာထူးဂုဏ်ရှိလို့လည်း ချမ်းသာတာ မဟုတ်ဘူး။ ချမ်းသာအောင် နေတတ်တဲ့ အလေ့အကျင့်လေးကသာ ချမ်းသာမှုကို ပေးစွမ်းနိုင်တာပါ။ ကိုယ့်ရှိတာလေးနဲ့၊ ကိုယ့်အနေအထားလေးနဲ့ အပြစ်နည်းအောင်၊ အကုသိုလ်အဖြစ် သက်သာအောင် ကြိုးစားနေထိုင်နိုင်ရင် ဒါဟာ ဘာပဲဖြစ်ဖြစ် အမြဲပြောင်းလဲနေတဲ့ ဘဝမှာ ချမ်းသာတဲ့ တစ်ခဏလို့ ပြောရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားက “သန္တုဋ္ဌီ ပရမံ ဓနံ- ကျေနပ်တတ်တဲ့ အကျင့်ဟာ အကောင်းဆုံး ချမ်းသာ”လို့ ဟောတော်မူပါတယ်။ အဲဒီလို နေတာဟာ အပျင်းထူတာ မဟုတ်ဘဲ ကိုယ့်ကိုကိုယ် အပြစ်တွေနည်းအောင် လျော့ချပြီး နေတဲ့ အလေ့အကျင့်ဖြစ်တဲ့အတွက် များများလေ့ကျင့်နိုင်လေ ကိုယ့်ရဲ့ အလိုမကျမှုတွေ၊ မကျေနပ်မှုတွေကို များများလျော့ချနိုင်လေပဲ ဖြစ်ပါတယ်။ ဒါဟာ နေတတ်ရင် ကျေနပ်စရာဆိုတာမျိုးပါပဲ။ အရေးအကြီးဆုံးက မကျေမနပ် ဖြစ်စေတတ်တဲ့ အတွေးတွေကို အကြာကြီး သိမ်းမထားဖို့ပါပဲ။ မကျေနပ်တဲ့ အတွေးတွေဟာ စိတ်ကိုလေးစေတတ်တဲ့အတွက် အတွေးဆိုရင် အကြာကြီး မတွေးတာ ကောင်းပါတယ်။ အထူးသဖြင့် အကျိုးမရှိတဲ့ အတွေးတွေကို မွေးမထားဖို့ပဲ ဖြစ်ပါတယ်။ 

Read more »

ဒေါသသမား၊ မေတ္တာပွား



ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်ကြည့်ပါ။ ငါ ခဏခဏ စိတ်တိုနေသလား၊ ခဏခဏ မကျေမနပ် ဖြစ်နေသလား၊ ခဏခဏ အလိုမကျတွေ ဖြစ်နေသလား၊ ဘာမှမဟုတ်ဘဲနဲ့လည်း သူများအပေါ် အပြစ်တွေ မြင်နေတတ်သလား စသဖြင့် သတိပြုကြည့်လိုက်ပါ။ တကယ်လို့ အဲဒီလို ခဏခဏ အလိုမကျဖြစ်လိုက်၊ စိတ်ဆိုးစိတ်တိုလိုက်၊ မကျေမနပ်ဖြစ်လိုက် ဟိုဟာလည်းမဟုတ် ဒါလည်းမဟုတ် ဖြစ်လိုက်ဆိုရင် သေချာတယ် ဒါဟာ ကိုယ့်သန္တာန်မှာ ဒေါသတရားတွေ လွှမ်းမိုးထားနေလို့ပါပဲ။

 ဒေါသရဲ့ သဘောလက္ခဏာဟာ အဲဒီလို မကျေမနပ်တဲ့သဘော၊ အလိုမကျတဲ့ သဘော၊ စိတ်ဆိုးစိတ်တိုတတ်တဲ့ သဘောတွေ ခဏခဏ ဖြစ်ပေါ်စေတတ်ပါတယ်။ ထူးဆန်းတာက အဲဒီဒေါသတရားက ကိုယ့်ကိုလွှမ်းမိုးထားရင် မေတ္တာတရားက ကိုယ့်သန္တာန်မှာ အလိုလိုကို နည်းပါးလာတော့တာ ဖြစ်ပါတယ်။ ဒေါသအားကြီးရင် မေတ္တာနည်းနေတတ်ပြီး မေတ္တာနည်းရင် ဒေါသအရှိန်ကြောင့် အလိုလို အပူတွေ ကြီးလာတတ်ပါတယ်။ 

ဒီတော့ကား အဲဒီဒေါသကို အနိုင်ယူနိုင်တာဟာ မေတ္တာပဲရှိတဲ့အတွက် အလိုမကျ များများဖြစ်လေ၊ မကျေမနပ် များများဖြစ်လေ၊ စိတ်ဆိုးစိတ်တို များများဖြစ်လေ မေတ္တာကို များများပွားနိုင်အောင် ကြိုးစားလေ လုပ်ရမှာ ဖြစ်ပါတယ်။ မေတ္တာအားများလာလို့ မေတ္တာရဲ့ အေးငြိမ်းမှု သဘောတွေ ကိုယ့်သန္တာန်မှာ ကိန်းလာပြီဆိုရင် ဒေါသလည်း နည်းလာပြီး သည်းခံမှုတွေ၊ တရားနဲ့ ဆင်ခြင်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ်လည်းမေတ္တာအရှိန်နဲ့ အေးငြိမ်းလာမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

Read more »

ဘဝအစာ ဓမ္မကဗျာများ



ကုသိုလ်တစ်ခု နေ့စဉ်ပြု
ကြီးသည်သေးသည် ရွေးမစီဘဲ
ကုသိုလ်တစ်ခု နေ့စဉ်ပြုက
ပြုဖန်ပါများ ထိုကံများကား
ကုသိုလ်ပြုသူ များထိုသူကို
အခုချမ်းသာ နောင်ချမ်းသာအောင်
ကောင်းမှုအစွမ်း အံ့မခမ်းဖြင့်
အကြောင်းအစု အကောင်းပြုမည်
မုချအမှန် မလွဲတည်း။ ။

ဘဝနဲ့ ဓမ္မ
ဘဝမှာ ဓမ္မမပါရင်
အလှဆိုတာ ခဏပါပဲ။

အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှ
အလတ်တွေလည်း ဘဝအဖြာဖြာမှာ ဓမ္မပါမှ
အကြီးတွေလည်း ဘဝအဆုံး ဓမ္မသုံးမှ
တွေ့ကြုံလာရ တက်အကျနဲ့
အကောင်းအဆိုး ကြောင်းအကျိုးကို
ဓမ္မစကား၊ ဓမ္မအားနဲ့
အလှတရား ရသွားစေမှာ အမှန်ပါပဲ။

တွေကာမနှေး အသေအချာတွေးရင်
ဓမ္မဆိုတာ အကျင့်သိက္ခာ အဖြာဖြာနဲ့
အသိသတိ ထပ်တူရှိမယ့်
အဆင့်မခွဲ အကျင့်မြဲရေးပါပဲ။

ဒါကြောင့်...
အစနဲ့အဆုံး
ဘဝတစ်ခုလုံးမှာ အလှတွေဖုံးစေဖို့
ခဏမကြည့် ဓမ္မနဲ့ညှိပြီး
အသိအကျင့် ထပ်တူဆင့်လျက်
ဘဝထဲမှာ ဓမ္မတွဲကာ
လိုရာပန်းတိုင် သင်ဆွဲကိုင်လော့။ ။

မဇ္ဈိမလမ်း အကျင့်စွမ်း
မြင်အောင်ကြည့်ပါ ထင်ယောင်မမိပါနဲ့
သိအောင်တွေးပါ ထိအောင်မတွေးပါနဲ့
မှန်အောင်ပြောပါ ကြံဆောင်မပြောပါနဲ့
ကောင်းအောင်လုပ်ပါ စောင်းအောင်မလုပ်ပါနဲ့
ဖြောင့်အောင်မွေးပါ မှောင့်အောင်မမွေးပါနဲ့
ဟုတ်အောင်ထုတ်ပါ ပုတ်အောင်မထုတ်ပါနဲ့
ကြိုကြိုသိပါ အပိုအလိုမရှိပါနဲ့
ငြိမ်အောင်လုပ်ပါ တိမ်တောင်မလုပ်ပါနဲ့
စတဲ့စကားများ အခမဲ့ကြားနေငြားလည်း
အခမဲ့နေလို့လားမသိ အမှတ်တမဲ့ပင် များနေဘိ၏။

အများတကာ မသိလို့ မှားတာတွေ ရှိပေမယ့်
အမှားတွေကြား အများတကာလို မမှားရအောင်
အမှန်အသိနဲ့ ပြန်ညှိကြဖို့
မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အတွေး
မှန်ကန်တဲ့အပြော၊ မှန်ကန်တဲ့အလုပ်
မှန်ကန်တဲ့အသက်မွေးမှု၊ မန်ကန်တဲ့ အားထုတ်မှု
မှန်ကန်တဲ့ သတိရှိမှု၊ မှန်ကန်တဲ့ တည်ကြည်မှုတွေနဲ့
အသိပညာ အကျင့်ပါအောင်
မြင့်ရာရည်မှန်း အရောက်လှမ်းဖို့
အလယ်အလတ်လမ်း အကျင့်စွမ်းဖြင့်
လိုရာပန်းတိုင် သင်စွဲကိုင်လော့...။ ။

မချစ်မမုန်း အကောင်းဆုံး
ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ 
အချစ်များက အပြစ်များ၍
အမုန်းများက အရှုံးပွား၏။ 
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍
မေတ္တာ (ဥပေက္ခာ) နှလုံး ကျင့်ကာသုံးသည့်
အဖြူစင်ဆုံး ဤကျင့်ထုံးကား
အပြစ်လည်းကင်း အရှုံးကင်းမည့်
မချစ်မမုန်း အကောင်းဆုံးတည်း။ ။

ကောင်းမှုအစု ကြိုးစားပြုလော့
ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။

Read more »

ဘဝနီတိ (၂)


မနာလိုစိတ်
*********
လောကမှာ ညံ့တဲ့သူက တော်တဲ့သူကို မနာလို ဖြစ်တတ်တယ်။
မသာတဲ့သူက သာတဲ့သူကို မနာလို ဖြစ်တတ်တယ်။ 
အဲဒီလို မနာလို ဖြစ်တာဟာ ဒေါသရဲ့ သဘော၊ ဒေါသရဲ့ မနောပဲ ဖြစ်ပါတယ်။ ဒေါသဖြစ်ရင် အဲဒီ ဒေါသစိတ်က ကိုယ့်ကိုလည်း ပူလောင်စေတတ်သလို သူများကိုလည်း ငြိမ်းချမ်းမှုကို မပေးနိုင်ပါဘူး။ ဒေါသအားကြီးရင် သေတဲ့အဆင့်တောင် ရောက်သွားတတ်ပါတယ်။ 

ဒါကြောင့် ကိုယ့်ထက်သာတဲ့ သူတွေအပေါ်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပေးတဲ့ မုဒိတာ တရားမပွားနိုင်တောင်မှ မနာလို့စိတ်တွေ မများအောင်တော့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

စိတ်ကိုစင်ကြယ်အောင် လုပ်ပါ
**********************
သန့်ရှင်းတဲ့နားဟာ အကြားများတယ်
ကြည်လင်တဲ့ မျက်စိဟာ အမြင်များတယ်
စင်ကြယ်တဲ့စိတ်ဟာ အသိများတယ်

တင်းတိမ်မှု
********
တင်းတိမ်မှုဟာ အမြတ်ဆုံး ဥစ္စာပဲလို့ ဗုဒ္ဓမြတ်စွာ ဟောတော်မူပါတယ်။ ရှေးတုန်းကလူတွေဟာ အစားအစာကို ငါးပိချက်ကလေး၊ ငါးကလေးနဲ့ပဲ စားကြတယ်။ အဝတ်ကိုလည်း ကိုယ့်ဟာကိုယ် ယက်ဝတ်ကြတယ်။ စိတ်ချမ်းသာကြတာပါပဲ။ စိတ်ချမ်းသာတယ်ဆိုတာ ပေါမှချမ်းသာတာ မဟုတ်ပါဘူး။ မပေါလည်း ချမ်းသာအောင် နေတတ်ရင် ချမ်းသာနိုင်ပါတယ်။ 

ဒီနေရာမှာ တင်းတိမ်တာနဲ့ အပျင်းထူတာကို ရောမချမိဖို့ လိုပါတယ်။ ဝီရိယဆိုတာကတော့ အားစိုက်ရမှာပဲ ဖြစ်ပါတယ်။ ဝီရိယနဲ့ လောဘတဏှာဟာ တခြားစီပဲ ဖြစ်ပါတယ်။ တင်းတိမ်မှုဟာ လောဘတဏှာကို အကန့်လုပ်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ လိုချင်မှု လောဘဆိုတာ အဆုံးအပိုင်းအခြား မရှိတဲ့အတွက် လိုက်လို့ကို ဆုံးမှမဟုတ်ပါဘူး။ လိုက်လေဝေးလေ၊ လိုက်လေဆင်းရဲလေပဲ ဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်ဖို့ လောဘကို အကန့်လုပ်တဲ့အနေနဲ့ တင်းတိမ်ရောင့်ရဲနိုင်အောင် ကြိုးစားကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။ 

Read more »

စိတ်အားဖြည့် စကားစုလေးများ (၁၃)


အစွဲကင်းချင်ရင်
**********
အစွဲကင်းချင်တယ်လို့ တစ်ချို့က ပြောပါတယ်။ အဲဒီလို အစွဲကင်းဖို့အတွက်လည်း ဘာလုပ်သင့်သလဲလို့
 မေးပါတယ်။ ပြောရရင်တော့ အစွဲကင်းဖို့အတွက် အလွဲကင်းဖို့ လိုပါတယ်။ အလွဲကင်းဖို့အတွက် မလွဲမိဖို့ လိုပါတယ်။ မလွဲဖို့အတွက် မသိမှုကင်းဖို့ လိုပါတယ်။ မသိမှုကင်းဖို့အတွက် အသိရှိနေဖို့ လိုပါတယ်။ အသိရှိဖို့အတွက် သတိတရားရှိဖို့လိုပါတယ်။ သတိရှိနေရင် မမေ့တဲ့ သူပဲဖြစ်ပါတယ်။ မမေ့တဲ့သူဟာ အမှားတွေ မလုပ်မိတော့ပါဘူး။ အမှားမလုပ်ရင် အလွဲလည်း မရှိတော့ပါဘူး။ အလွဲမရှိရင် အစွဲလည်း ရှိမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဘုရားရှင်က “အပ္ဗမာဒေန သမ္ဗာဒေထ- မမေ့ကြပါနဲ့” လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။
---------------------------------------------------------------------------------------
မာန
*******
မာနကြီးခြင်းဟာ ခွေးမြီးလိုပါပဲ။ အမြီးထောင်ရုံသာရှိပြီး အသုံးကျမှု ဘာမှမရှိပါဘူး။

လောကလူတွင်၊ ငါသာလျှင်တိ၊ ငါ့ပြင်မရှိ၊ ထင်ဘိမှတ်ယောင်၊ မောဟဆောင်၍၊ အန်ထောင်မာန၊ မမူရတည့်။ သုတတရား၊ မြင်ကြားအသိ၊ များစွာရှိလည်း၊ သတိမယှဉ်၊ သမ္ဗဇဉ်မမှီး၊ မာနကြီးက၊ ခွေးမြီးပမာ၊ မည်စပါခဲ့၊ ထောင်ကမတ္တ၊ သုံးမကျရှင့်။ သူများကိုသာ၊ နှိပ်လိုစွာဖြင့်၊ ရန်စွထိပါး၊ အပြစ်များ၏။” 
(မဃဒေဝလင်္ကာသစ်)
-------------------------------------------------------

အပြစ်မြင်ရင် အပြစ်ထင်၍ အပြစ်မြင်က အပြစ်ရ၏
********************************
သူတပါး၏ အပြစ်အနာအဆာတို့ကို မရှုမကြည့်ရာ။
သူတပါးတို့၏ ကောင်းမှု၊ မကောင်းမှု ပြုမပြုကိုလည်း မရှုမကြည့်ရာ။
မိမိ၏ ကောင်းမှု၊ မကောင်းမှု ပြုမပြုကိုသာ ရှုကြည့်ရာ၏၊ 
(ဂေါတမ မြတ်စွာဘုရား)

အကုသိုလ်အပြစ်ဆိုတာ နှလုံးသွင်းမမှန်ရင် အလွန်အဖြစ်မြန်ပြီး အဖြစ်လွယ်တဲ့ သဘောရှိပါတယ်။ တစ်ခါတလေ တစ်ချို့ အပြစ်တွေဟာ  သူတပါးရဲ့ အပြုအမူတွေကို ကြည့်ပြီး သူ့အပြစ်က ကိုယ့်အပြစ်တွေ ဖြစ်ကုန်တာလည်း အများကြီးပါပဲ။ ဒါဟာ ကိုယ်ကခံယူချက်မမှန်၊ အမြင်မမှန်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ပုထုဇဉ်မှန်သမျှ အပြစ်ဆိုတာ ရှိနေကြမှာ၊ ဖြစ်နေကြမှာပါပဲ။ အပြစ်ဖြစ်တာချင်း အတူတူ သူများကိုကြည့်ပြီး ကိုယ့်မှာအပြစ်ဖြစ်တာဟာ ကိုယ့်အတွက်တော့ နှစ်ခါနာသလိုတောင် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သူများရဲ့ အပြုအမူတွေကို ကြည့်ပြီး အပြစ်ဖြစ်နေမယ့်အစား ကိုယ့်ရဲ့အပြုအမူတွေမှာ အကုသိုလ် အပြစ်ဖြစ်မဖြစ် စီစစ်ကာ အပြစ်ဖြစ်မယ်ထင်ရင် ရှောင်ကြည်ပြီး ကိုယ့်ကိုယ်ကိုသာ အပြစ်မဖြစ်အောင် သတိပြု နေထိုင်ကြရမှာ ဖြစ်ပါတယ်။ 
-----------------------------------------------------------

လူမိုက်တိရစ္ဆာန် နိဗ္ဗာန်စကား အလွန်ခါး၏
*************************
ပါရမီနဂို၊ မရှိလိုက၊ ကုသိုလ်သုစရိုက် မဟောထိုက်တည့်၊
လူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊ အလွန်ခါး၏၊ နားပါးမဝင်၊ မကြားချင်ဘူး၊ 
သိမြင်မဲ့စွာ၊ လူယုတ်မာအား၊ ခြင်းရာကောင်းဆိုး၊ ကြောင်းကျိုးတရား၊ မဟောကြားရာ၊
ဟောမိပါက၊ အပြစ်ရ၏။ 
(မဃဒေဝလင်္ကာသစ်၊ မန်လည်ဆရာတော်ဘုရားကြီး)

“လောကမှာ တရားကကျယ်၊ နားကငယ်၊ နားဝယ်မဆန့်ပြီ” ဆိုသလို တရားဆိုရင် မကြားလိုကြသူများ အများအပြားရှိ၏။ အထူးသဖြင့် မတရားအလုပ်တွေ၊ မဟုတ်တဲ့ အလုပ်တွေနဲ့ အရှုပ်ကြီး ရှုပ်နေကြသူများအား ကောင်းတဲ့အလုပ်၊ တရားထုတ်ဖို့ ပြောဆိုရခြင်းသည် အလွန်ပင် အသိခေါက်ခက်၊ အဝင်နက်လှပေ၏။ မတရားမှုသည် တရားမှုကို ကြောက်ရသကဲ့သို့ မဟုတ်တာလုပ်သူများသည်လည်း ဟုတ်တာပြောလာသည်ကို ကြောက်ကြစမြဲဖြစ်၏။ မသိမှု အားကြီးနေသဖြင့်လည်း မဟုတ်သည့် အလုပ်များဖြင့် လှုပ်ရှားနေကြသူများမှာ အဟုတ်တရားဆိုလျှင် နှုတ်စကားနဲ့ပင် မဆိုချင်ကြသူများ ဖြစ်နေတတ်ပေ၏။ ထိုသူများအား ဓမ္မစကား ပြောဆိုရန်မှာ ကျွဲပါးဆောင်းတီးပေးသလိုသာ ဖြစ်တတ်ပေ၏။ အခန့်မသင့်လျင် အပြစ်ပင်မြင်ပြီး ပြောသူပင်လျှင် အပြစ်ထင်တတ်ပေ၏။ 

ထို့ကြောင့် တရားအသိ၊ နားမရှိသူများအား၊ ဓမ္မအသိ၊ မျှကြည့်ဖို့ထက်၊ အမှားသိကာ ပြုပြင်လာမည့် အချိန်ကိုသာ စောင့်စားရင်း သဗ္ဗေသတ္တာ ကမ္မဿကာ သူ့ဖာသာသာ ပြုပြင်ပါဟု လျစ်လျူအမှု ပြုကြရတော့မည်သာ ဖြစ်ပါပေ၏။  
------------------------------------------------------------------------------------------------

လောကီထုံးစံ၊ လောကဓံကား၊ မကြံလည်းဖြစ်၊ ကြံလည်းနစ်၏
****************************************
လူတို့ကိစ္စ၊ လူ့လောက၌၊ ပြုသမျှမျိုး၊ ပြစ်အကျိုးတို့၊ ကောင်းဆိုးအတိ၊ မြဲမရှိဘူး။ လောကီထုံစံ၊ လောကဓံကား၊ မကြံလည်းဖြစ်၊ ကြံလည်းနစ်၏။ စင်စစ်မှတ်သား၊ မယုံစားနှင့်။ ယောက်ျားတကာ၊ အားထုတ်ရာတည့်။ ကြီးစွာလုံ့လ၊ ဝါယမမူ၊ မချကောင်းချေ၊ မလွတ်စေနှင့်၊ မသေမချင်း၊ ပြုအပ်နှင်း၏။ မယွင်းမှန်လှ၊ ဤလောက၌၊ လုံ့လမမူ၊ နတ်မကူဘူး။ လူလည်းလုံ့လ၊ နတ်လည်းမ၏။ 
(မဃဒေဝလင်္ကသစ်၊ မန်လည်ဆရာတော်ဘုရားကြီး)

အကောင်းအဆိုး၊ အတက်အကျ၊ အနိမ့်အမြင့်စတဲ့ လောကဓံဟာ သတ္တဝါတိုင်းအတွက် အချိန်မရွေး ရောက်လာတတ်တဲ့ သဘောရှိပါတယ်။ ထင်ထားတာတွေ၊ မဖြစ်တတ်သလို၊ ဖြစ်နေတာတွေလည်း ပျက်သွားတတ်ပါတယ်။ ဒါဟာ သဘာဝပါပဲ။ ဆိုတော့ကား သဘောဝက သူ့သဘော သူဆောင်နေတဲ့ အပိုင်းမှာ ကိုယ်ကပါ သူပြောင်းတိုင်း လိုက်ပြောင်းနေရင် ကိုယ့်အတွက်ကတော့ ကျရှုံးခြင်းတွေနဲ့ပဲ၊ နပမ်းလုံးနေရမှာ ဖြစ်ပါတယ်။ ကျရင်ပြထ၊ လဲရင်ပြန်ထူ၊ မှားရင်ပြန်ပြင် စသဖြင့် ပြင်ကိုပြင်နေရမှာ ဖြစ်ပါတယ်။ အရေးကြီးတာက ဇွဲမလျော့ဖို့ပါပဲ။ မယိုင်လဲဖို့ပါပဲ။ ကြိုစားဖို့ပါပဲ။ ကြိုးစားရင် တိုးပွားမယ်ဆိုတာ အသိဉာဏ်နဲ့ ယှဉ်တဲ့ ဇွဲလုံ့လကို မချဘဲ ပုံမှန်လှုပ်ရှားသွားရင် မဟာဇနက္ကမင်းကို မဏိမေခလာ ကူသလိုပါပဲ။ ဇွဲဆုပေးလိုက်တဲ့ သဘောမျိုးပါ။ လုံ့လမပြုရင် လူလည်းလျစ်လျူရှုသလို၊ နတ်လည်းမသိသလို ပြုတတ်ပေမယ့် လုံ့လပြုရင်တော့ လူလည်းကြည်ညို နတ်လည်းအကူပိုနေမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် မလျော့ပါနဲ့၊ မပေါ့ပါနဲ့၊ မပျော့ပါနဲ့ ပြီးတော့ ပျင်းနေတာတွေကို ကန်တော့ပါရဲ့လို့….။
-------------------------------------------------------------------------------

သံသရာခရီးရဲ့ ဖန်ဆင်းရှင်
******************
သတ္တဝါတွေ ဒုက္ခဖြစ်ရတဲ့ အကြောင်း၊ သံသရာ လည်စေကြရတဲ့ အကြောင်းတွဟာ အဝိဇ္ဇာဆိုတဲ့ မသိမှုနဲ့ တဏှာဆိုတဲ့ တွယ်တာမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ အမှန်တော့ ဒုက္ခပဲ ဖြစ်ဖြစ်၊ သုခပဲ ဖြစ်ဖြစ် အားလုံးဟာ သံသရာကို ရှည်စေ၊ သံသရာကို လည်စေတတ်ကြတာတွေပဲ ဖြစ်ပါတယ်။ စာလိုပြောတော့ ကောင်းတဲ့အလုပ် မကောင်းတဲ့ အလုပ်တွေဟာဉာဏ်နဲ့ မဖြတ်နိုင်သေးသမျှ လုပ်သမျှအလုပ်တိုင်းမှာ အကျိုးသက်ရောက်မှုက ရှိနေသေးတဲ့အတွက် ဒုက္ခသုခ အားလုံးဟာ သံသရာရှည်နေစေတာပဲ ဖြစ်ပါတယ်။ အဲဒီသံသရာ ရှည်စေရာမှာ ဒုက္ခနဲ့ ပတ်သက်တဲ့ သံသရာ လည်စေမှု၊ ရှည်စေမှုတွေကိုတော့ အဝိဇ္ဇာက ဦးဆောင်ပြီး တဏှာက နောက်ကလိုက်ကာ တွယ်တာနေတဲ့ သဘောဖြစ်ပြီး သုခနဲ့ ပတ်သက်တဲ့ သံသရှည်စေမှု၊ သံသရာလည်စေမှုကိုတော့ တွယ်တာမှုဆိုတဲ့ တဏှာက ဦးဆောင်ပြီး မသိမှုဆိုတဲ့ အဝိဇ္ဇာက နောက်ကာ ပါဝင်ပတ်သက်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် သတ္တဝါတွေရဲ့ အကောင်းအဆိုး သံသရာ ရှည်မှုတွေဟာ အဝိဇ္ဇာနဲ့ တဏှာကြောင့်ပဲလို့ ဆိုကြခြင်း ဖြစ်ပါတယ်။
----------------------------------------------------------------------

ပျက်စီးချိန်တန်သော်
*******************
ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်ဆီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)

ဘယ်သူပြောပြော နားမထောင်တဲ့သူ၊ ဘယ်လိုပြောပြော လက်မခံတဲ့သူ၊ ကိုယ့်သာမှန်တယ် အများက မှားတယ်ဆိုပြီး အမှားကို အမှန်ထင် ဇွတ်အတင်း လက်ခံထားတဲ့သူတွေကို တွေ့မိတဲ့ အခါ မန်လည်ဆရာတော်ကြီးရဲ့ အထက်ပါ လင်္ကာလေးကို သတိရမိပါတယ်။ တစ်ချို့ကလည်း ပျက်စီးဖို့ အကြောင်းဖန်လာလို့ရယ်လား မသိ အမှားလမ်းကကို ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတတ်ကြပါတယ်။ အဲဒီလို အမှားကို မမြင်မိတဲ့ အခါဆိုတော့ လုပ်သမျှအလုပ်တွေဟာလည်း မှားပြီးမှားရင်း ဖြစ်ကာ နောက်ဆုံး အမှားက အဆိုင်အခဲဖြစ်ပြီး ဘယ်သူမှ ကယ်လို့ မရလောက်အောင် ဖြစ်သွားတတ်တာလည်း အများကြီးပါပဲ။ 

ဒါကြောင့် ပျက်စီးချိန်တန်လာပြီဆိုရင် လုပ်သမျှအလုပ်၊ ပြောသမျှစကား၊ ကြံသမျှ အတွေးတွေဟာ အမှားတွေပဲ ထပ်ခါထပ်ခါဖြစ်ကာ ဘုရားတောင် ကယ်မရတဲ့သူလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ