ဝိဘဇ္ဇဝါဒ နဲ့ Critical thinking…

ဝိဘဇ္ဇဝါဒဆိုတာ စိစစ်ဝေဖန် ပိုင်းခြားပြီး လက်ခံကျင့်သုံးတဲ့ အယူဝါဒဖြစ်ပြီး Critical thinking ဆိုတာကတော့ ဝေဖန်တွေးခေါ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို ဘာမှစဉ်းစားဆင်ခြင် သုံးသပ်ခြင်းမရှိဘဲ လက်ခံတဲ့သဘောမျိုး မဟုတ်ဘဲ အကြောင်းနဲ့အကျိုး၊ အဆိုးနဲ့အကောင်း ချင့်ချိန်ပိုင်းခြားကာ သဘာဝကျတဲ့ အကောင်းမျိုးဆိုရင် လက်ခံပြီး သဘာဝမကျတဲ့ မမှန်တဲ့အရာမျိုးဆိုရင် လက်ခံခြင်း မပြုတဲ့ သဘောကို ဝိဘဇ္ဇလို့ ပြောလိုက ပြောနိုင်မှာဖြစ်ပြီး တစ်ယောက်ယောက် တစ်ခုခုနဲ့ ပတ်သက်ပြီး စိစစ်တဲ့သဘော၊ သုံးသပ်တဲ့သဘော၊ ထောက်ပြဝေဖန်တဲ့ သဘောနဲ့ ကြံစည် တွေးခေါ်ခြင်းမျိုးကိုတော့ Critical thinking အနေနဲ့ ပြောလိုက ပြောနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Critical thinkingရဲ့ တစ်ချို့အဖွင့်တွေက အပြစ်ရှာတဲ့ သဘောနဲ့ တွေးခေါ်ခြင်းမျိုးကို ညွန်းဆိုတာတွေ ရှိတဲ့အတွက် ဝိဘဇ္ဇဝါဒရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့တော့ ကွာခြားမှုတွေ ရှိနိုင်ပါတယ်။ ဝိဘဇ္ဇဝါဒဟာ အပြစ်ရှာတဲ့ သဘောမျိုးမဟုတ်ဘဲ အကြောင်းအကျိုး ဆက်စပ်မှုရှိမရှိ၊ ယုတ္တိကျမှု ရှိမရှိစတာတွေကိုသာ ဝေဖန်စိစစ်ခြင်းသဘော ဖြစ်တဲ့အတွက် ဉာဏ်နဲ့ယှဉ်တဲ့ ဝေဘန်စိစစ်မှုလို့ ဆိုမယ်ဆိုက ဆိုနိုင်မှာ ဖြစ်ပါတယ်။

တစ်လောက ဒကာတစ်ယောက်နဲ့ စကားပြောတော့ သူက Critical thinking အကြောင်းကို ပြောလာပါတယ်။ ပြီးတော့ သူက “တပည့်တော်အမြင် အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ ဒီCritical thinkingဟာ တကယ်တော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) ကျော်လောက်ကတည်းက ဘုရားရှင်က ဖော်ထုတ်ထားပြီးသား ဖြစ်ပါတယ်၊ ကာလာမသူတို့သားတွေကို ဘုရားဟောတဲ့ အကြောင်းအရာတွေကိုကြည့်ရင် ဒီCritical thinkingရဲ့ သဘောတွေကို တွေ့ရမှာ ဖြစ်ပါတယ်၊ တပည့်တော် သေသေချာချာ မပြောတတ်ပေမယ့် ဒီခေတ်လူတွေ ပြောနေကြတဲ့ Critical thinking ဆိုတာ ဗုဒ္ဓဘုရားရှင် ထုတ်ဖော်ဟောကြားထားတဲ့ ကာလာမသုတ် တရားတော်လောက် မပြည့်စုံ၊ မထိမိဘူးလို့ ထင်ပါတယ်၊ တပည့်တော် ဒီကာလာမ သုတ်တော်ကို ဗိုလ်ချုပ်အောင်ဆန်းရေးတဲ့ စာတစ်ပုဒ်ကို ဖတ်ပြီးကတည်းက စိတ်ထဲမှာ စွဲစွဲမြဲမြဲ ဖြစ်နေမိတာ၊ ဒီအကြောင်း စာရေးချင်ပေမယ့် ဗုဒ္ဓစာပေအပိုင်းက သိပ်မပိုင်တော့ မရေးဖြစ်တာ၊ အရှင်ဘုရား ဒီအကြောင်းလေးကို ရေးပေးမယ်ဆိုရင် တော်တော်ကောင်းမှာပါဘုရား” စသဖြင့် ပြောလျှောက်လာပါတယ်။ ဘုန်းဘုန်းလည်း အဲဒီတုန်းက “အကြောင်း ညီညွတ်တဲ့အခါ ရေးတာပေါ့”လို့ ပြောပြီး မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့တာ ခုမှပဲ အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ အဲဒီဒကာ ပြောသလိုပဲ ဒီလိုစိစစ်ဝေဖန်တဲ့ အတွေးအခေါ်မျိုး၊ ယုတ္တိကျတဲ့ အယူအဆမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်လောက်ကတည်းက ဗုဒ္ဓဘုရား ထုတ်ဖော်ဟောကြားပြီးသား ဖြစ်ပါတယ်။ ဒါကို ကာလာမသုတ်ကို ဖတ်ဖူးတဲ့ ပညာရှင်အတော်များများက အသိအမှတ်ပြု လက်ခံပြီးသား ဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြား စိစစ်ပြီးမှ လက်ခံကျင့်သုံးသင့်တဲ့ အယူဝါဒခေါ် ဝိဘဇ္ဇဝါဒကို ဘုရားရှင်ကိုယ်တော်တိုင်က လက်ခံကျင့်သုံး ဟောပြောဖြန့်ဝေခဲ့ခြင်း ဖြစ်ပါတယ်။ အရာရာကို မျက်စိမှိတ် ယုံကြည်လက်ခံတတ်တဲ့ မျက်ကန်းယုံကြည်မှုကို အားမပေးဘဲ အကြောင်းအကျိုး ရှိမရှိ၊ မှန်ကန်ပြီး ယုတ္တိကျမှု ရှိမရှိ စသဖြင့် စိစစ်ဝေဖန်ပိုင်းခြားကာ ကိုယ်ပိုင်အသိဉာဏ်နဲ့ယှဉ်ပြီး လက်ခံသင့်မခံသင့် စဉ်းစားချင့်ချိန်ဖို့အတွက် ဒီလိုဝိဘဇ္ဇဝါဒမျိုးကို ဘုရားရှင်က ထုတ်ဖော်ပြသပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ကိုလည်း “ဗုဒ္ဓဟာ ကယ်တင်ရှင်မဟုတ်သလို ဖန်ဆင်းရှင်လည်း မဟုတ်ဘဲ နည်းပေးလမ်းပြပေးတဲ့ လမ်းညွန်အဖြစ်နဲ့ သတ္တဝါတွေကို အမှန်အမှား ခွဲခြားပြသပေးတဲ့ ဝိဘဇ္ဇဝါဒီပဲ”လို့ဆိုရင် ဒီစကားဟာ အလွန်လိုက်ဖက်တဲ့ စကားလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကလည်း ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလ အတွင်းမှာ ဟောကြားခဲ့တဲ့ တရားတော်တွေအရရယ်၊ ကာလာမသူတို့သားတွေကို ဟောကြားတော်မူတဲ့ ကေသမုတ္တိသုတ်လာ တရားတော်အရရယ်ကြောင့် ရဲရဲကြီးပြောရဲတာ ဖြစ်ပါတယ်။

ဘုရားရှင်ရဲ့ ဝိဘဇ္ဇ အယူအဆနဲ့ ပတ်သက်ပြီး ကာလာမသုတ်ခေါ် ကေသုမုတ္တိသုတ်ကိုကြည့်ရင် ဒီအဆိုကို ပိုပြီးထင်ဟပ်စေမှာ ဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ကေသမုတ္တိဆိုတဲ့ နိဂုံးရွာကြီး တစ်ရွာရှိပါတယ်။ အဲဒီရွာကြီးမှာ ကာလာမအမျိုးအနွယ်တွေ စုဝေးနေထိုင်ကြပါတယ်။ ဒါကြောင့် ဒီရွာကြီးကို ကေသမုတ္တိရွာ၊ ဒါမှမဟုတ် ကာလမရွာရယ်လို့ ခေါ်ကြခြင်း ဖြစ်ပါတယ်။ ဒီရွာဟာ မြို့ကြီးတွေရဲ့ အစပ်မှာ ရှိနေတဲ့အတွက် မြို့သွားတဲ့သူတိုင်းက ဖြတ်ကျော်ပြီး သွားကြရပါတယ်။ အဲဒီလို ကြားခံရွာကြီး ဖြစ်နေတဲ့အတွက်လည်း လူပေါင်းစုံ၊ အယူဝါဒပေါင်းစုံ၊ ဆရာပေါင်းစုံကလည်း ဒီရွာမှာ ဝင်ထွက်သွားလာနားခိုကာ ကိုယ်ပိုင် အယူအဆတွေကို ဟောပြောလေ့ရှိကြခြင်း ဖြစ်ပါတယ်။ ဟိုဆရာလာရင် တစ်မျိုးပြော၊ ဒီဆရာလာရင် တစ်မျိုးဟောပြီး အယူဝါဒ အမျိုးမျိုးကို နားကြားထားရတဲ့ ကာလာမ ရွာသူရွာသားတွေဟာ ဆရာအမျိုးမျိုးနဲ့ ဟောကြားချက် အမျိုးမျိုးကြောင့် ဘယ်အယူအဆကို လက်ခံပြီး ဘယ်အယူအဆက အမှန်ဆိုတာ ခွဲခြားဖို့ အတော်ကို ခက်ခဲနေကာ စိတ်မှာလည်း သို့လောသို့လော သံသယတွေပဲ တိုးပွားနေခဲ့တယ်လို့ ဆိုပါတယ်။

တစ်နေ့ မြတ်စွာဘုရားရှင်ဟာ အဲဒီကာလာမ ရွာကြီးကို ခရီးတစ်ထောက် ကြွရောက်တော်မူလာခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်သတင်းနဲ့ ဘုရားရှင် ကြွတော်မူလာတဲ့ အကြောင်းကိုကြားတော့ ကာလာမရွာသားများဟာ ဘုရားရှင်ထံ ချည်းကပ်ပြီး သူတို့ရဲ့ ခံစားချက်ကို လျှောက်ကြပါတယ်။ သူတို့က “အရှင်ဂေါတမ ကျွန်ုပ်တို့ နေထိုင်ရာအရပ်သို့ ရောက်လာသမျှသော ဘာသာရေး ခေါင်းဆောင်ဟူသမျှတို့သည် အချင်းကာလာမအနွယ်တို့ အယူဝါဒဟူသမျှတို့တွင် ငါတို့၏ အယူဝါဒသည်သာလျှင် အကောင်းဆုံးဖြစ်သည်ဟု ပြောလေ့ရှိကြသဖြင့် ကျွန်ုပ်တို့မှာ မည့်သည့်အယူဝါဒ အကျင့်အကြံဟာ ကောင်းကြောင်းကို မဆုံးဖြတ်နိုင်အောင် ဖြစ်နေကြရပါသည်ဘုရား”လို့ လျှောက်ထားတော်မူကြပါတယ်။ ဒီအခါမှာ မြတ်စွာဘုရားရှင်က ကိုယ်တော်မြတ်ရဲ့ အယူအဆ ဖြစ်တော်မူတဲ့ ဝိဘဇ္ဇဝါဒကို ရှင်းရှင်းလင်းလင်း မိန့်တော်မူလိုက်ပါတယ်။

ဗုဒ္ဓဘုရားရှင်က “အချင်းကာလာမတို့ သင်တို့သည် အယူဝါဒတစ်ခုကို
၁။ တဆင့်ကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အမှန်မယူကြနှင့်၊
၂။ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်၊
၃။ ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလဖြင့်လည်း အမှန်မယူကြနှင့်၊
၎။ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်၊
၅။ မိမိကြံစည်ထားသောအကြံဖြစ်၍ ဟုတ်လှပြီဟူ၍လည်း အမှန်မယူကြနှင့်၊
၆။ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျ၍လည်း အမှန်မယူကြနှင့်၊
၇။ အထောက်အထားရှိသည်ဆို၍လည်း အမှန်မယူကြနှင့်၊
၈။ မိမိယူဆသည့် အယူအဆနှင့် အယူဝါဒခြင်း တူရုံမျှနှင့်လည်း အမှန်မယူကြနှင့်၊
၉။ မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း အမှန်မယူကြနှင့်၊
၁ဝ။ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်၊

သင်တို့သည် မိမိတို့ကိုယ်တိုင် “ဤတရားတို့သည် အကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏”ဟု သိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့။ “ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ချီးမွမ်းအပ်သောတရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင်၊ ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ကုန်၏” ဟု သိကြသောအခါ ထိုတရားတို့ကို ကျင့်ကြံကြကုန်လော့” ဟူ၍ ဟောကြားတော်မူလိုက်ပါတယ်။ ဒီတော့မှ ကာလာမရွာသားတွေဟာ သံသယရှင်းသွားပြီး ဘယ်လိုအယူအဆကို လက်ခံယူဆသင့်တယ်ဆိုတာ သဘောပေါက် သိမြင်သွားခဲ့ကြပါတယ်။ (အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊ ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်)

ဒါက ကာလာမရွာသားများကို ဘုရားရှင်ဟောတော်မူခဲ့တဲ့ တရားတော် အစစ်အမှန်ပဲ ဖြစ်ပါတယ်။ ဒီဟောကြားချက်ကို ကြည့်မယ်ဆိုရင် မြတ်စွာဘုရားရှင်ရဲ့ ဝိဘဇ္ဇဝါဒနဲ့ ယုတ္တိကျမှုကို အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြတ်စွာဘုရားရှင်ရဲ့ အယူဝါဒရေးရာနဲ့ ပတ်သက်တဲ့ လွတ်လပ်ပွင့်လင်း၊ အမြင်ရှင်းကာ ဉာဏ်ပါသည့် သဘောကို ကောင်းကောင်းကြီး သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဘုရားရှင် မိန့်တော်မူတဲ့ စိစစ်ဝေဖန်ပိုင်းခြားစေတဲ့ သဘောတရားမှာ အရာရာကို အဆိုးဘက်က ရှုမြင်ကာ ဆီလိုအပေါက်ရှာပြီး ဝေဖန်မှုသဘောမျိုးမှ မဟုတ်ဘဲ ဉာဏ်နဲ့ယှဉ်တဲ့ ကြောင်းကျိုးသင့်ပြီး လက်တွေ့ဆန်တဲ့ စိစစ်ဝေဖန်မှု သဘောမျိုးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်စားနေတဲ့ Critical thinkingရဲ့ သဘောက တစ်ခါတစ်လေ အပြစ်ရှာတဲ့ သဘောမျိုးနဲ့ တွေးခေါ်စေမှုမျိုး ဖြစ်နေပေမယ့် မြတ်ဗုဒ္ဓရဲ့ ဝိဘဇ္ဇဝါဒကတော့ ဒီသဘောမျိုးကိုရှောင်းပြီး ကိုယ်ကိုယ်တိုင် လက်တွေ့လုပ်ဆောင်စေကာ ကောင်းရင်၊ အပြစ်မရှိရင် လက်ခံလိုက်နာ ကျင့်သုံးပြီး၊ မကောင်းရင်၊ အပြစ်ရှိရင် လက်မခံဘဲ ပယ်ဖို့ လမ်းညွှန်ပေးမှု သက်သက်သာ ဖြစ်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗုဒ္ဓဘာသာရဲ့ အယူဝါဒ ရေးရာနဲ့ ပတ်သက်ပြီး “ဗုဒ္ဓရဲ့ အယူဝါဒတွေဟာ လွတ်လပ်ပြီး ဒီမိုကရေစီဆန်တယ်”လို့ ပညာရှင်များက ကောက်ချက်ချကြခြင်း ဖြစ်ပါတယ်။

ထားပါတော့။ ဒီမှာအဓိကပြောချင်တာက ဝိဘဇ္ဇဝါဒနဲ့ Critical thinkingအကြောင်းလေး နည်းနည်းပြောချင်တာ ဖြစ်ပါတယ်။ ဝိဘဇ္ဇဝါဒဟာ ဉာဏ်နဲ့ယှဉ်ကာ ယုတ္တိကျတဲ့ စိစစ်ဝေဖန်ပိုင်းခြားပြီး လက်ခံကျင့်သုံးတဲ့ ဝါဒဖြစ်ပြီး Critical thinking ကတော့ စိစစ်ပိုင်းခြားတဲ့ အတွေးအခေါ်ဆိုပေမယ့် တစ်ခါတရံမှာ အပြစ်ရှာတဲ့ ဝေဖန်တွေးခေါ်မှုမျိုးတွေ ပါဝင်နေတတ်တယ်ဆိုတာ ခွဲခြားသိစေချင်တာ ဖြစ်ပါတယ်။ Critical thinkingလို အတွေးအခေါ်မျိုး လိုအပ်ပေမယ့် ဉာဏ်နဲ့ယှဉ်တဲ့ Critical thinkingမျိုး ဖြစ်ဖို့လည်း လိုအပ်ကာ ဒီလိုအပ်ချက်အတွက် အပြည့်စုံဆုံး အယူဝါဒဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဝိဘဇ္ဇဝါဒပဲဆိုတာ ထုတ်ဖော် ပြောကြားလိုတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုပွင့်လင်းပြီး ယုတ္တိကျကာ ဉာဏ်နဲ့ယှဉ်တဲ့ ဝေဖန်စိစစ်တဲ့ ဝိဘဇ္ဇဝါဒမျိုးကို လက်ခံကျင့်သုံးပြီး ကိုယ့်ရဲ့အယူဝါဒရေးရာမှာ အမှားမရှိရအောင် လိုက်နာကျင့်သုံးကြဖို့ အသိပေးတိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အယူဝါဒ အမျိုးမျိုးနဲ့ ဟောပြောမှုအမျိုးမျိုး၊ ဆရာအမျိုးမျိုး၊ ဂိုဏ်းအမျိုးမျိုး၊ တွေးခေါ်မှု အမျိုးမျိုးတွေ ရောယှက်ရှုတ်ထွေးလာတဲ့ ဒီလိုခေတ်ကာလကြီးမှာ အယူအမှား အတွေးအမှားကြောင့် ဘဝအမှားတွေ မဖြစ်ကြစေဖို့ ကိုယ်ယုံကြည်ကိုးကွယ် လက်ခံကျင့်သုံးတဲ့ အယူဝါဒဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဝိဘဇ္ဇဝါဒလို မှတ်ကျောက်အတင်ခံနိုင်၊ စိစစ်ဝေဖန်ခံနိုင်တဲ့ အယူဝါဒ ဟုတ်မဟုတ် ကိုယ်ကိုယ်တိုင်ပဲ ဉာဏ်နဲ့ယှဉ်ကာ စိစစ်ဝေဖန်ပြီး လက်ခံကျင့်သုံးကြဖို့နဲ့ ဗုဒ္ဓဘာသာဝင်ဆိုရင်လည်း ဗုဒ္ဓအလိုတော်အတိုင်း ဝိဘဇ္ဇဝါဒီဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း ဝိဘဇ္ဇဝါဒနဲ့ Critical thinking အကြောင်း တစ်စေ့တစ်စောင်း လေ့လာတင်ပြလိုက်ရပါကြောင်း…။

မှတ်ချက်။ စာရေးဖို့ ကုန်ကြမ်းရှာပေးတဲ့သဘောနဲ့ Critical thinkingအကြောင်း ပြောဆိုဆွေးနွေးပေးခဲ့တဲ့ ဒကာတော်ကို အထူးကျေးဇူးတင်ပါတယ်။

1 မှတ်ချက်များ (...ရေးရန်):

  • ၀င်းနိုင်ဦး says:
    Friday, July 15, 2011

    အရှင်ဘုရားရဲ့ post လေးဟာ တပည့်တော်တို့အတွက် အလွန်ပဲ ကျေးဇူးများလှပါတယ်ဘုရား ၊ ၀ိဘဇ္ဇဆိုတဲ့ အတွေးအမြင်တစ်ခုကိုပါ ထပ်တိုးပြီး မှတ်သားနာယူလိုက်ရပါတယ်ဘုရား ၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဘိဓမ္မာများဟာ ရှေးဦးကျပြီး အမြဲတစေ မှန်ကန်ကောင်းမွန်နေတာကို တွေ့ရတဲ့အတွက် ဂုဏ်ယူမိပါတယ်ဘုရား ၊ Critical thinking နဲ့ပတ်သက်ပြီး Wikipedia ရဲ့စာမျက်နှာမှာ The origins of critical thinking can be traced in Western thought to the Socratic method of Ancient Greece and in the East, to the Buddhist Abhidharma. လို့ဖေါ်ပြထားတာကိုလည်း တွေ့ရပါတယ်ဘုရား ။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ