ဝိပါက်ကြမ္မာ မလွတ်သာ…

ဝိပါက်ဆိုတာ ဝိပါကဆိုတဲ့ ပါဠိစကားကို မြန်မာမှု ပြုထားတဲ့ ပါဠိပျက်စကားလုံး တစ်ခုပဲဖြစ်ပါတယ်။ ဝိပါကရဲ့ အဓိပ္ပါယ်က အကျိုးလို့ အဓိပ္ပါယ်ရပြီး သတ္တဝါတစ်ဦးဦး စေတနာနဲ့ လုပ်ခဲ့တဲ့ အလုပ်တစ်ခုခုရဲ့ အကျိုးသက်ရောက်မှုကို ပြောလိုတာ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်ပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့အလုပ်ပဲ ဖြစ်ဖြစ် စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ အလုပ်တွေရဲ့နောက်မှာ ဝိပါက်ဆိုတဲ့ အကျိုးသက်ရောက်မှုတွေက ထပ်ကြပ်မကွာ လိုက်နေတတ်တဲ့အတွက် ဘယ်လိုနေရာမှာ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်နေပါစေ အချိန်တန်တဲ့အခါ အကျိုးသက်ရောက်မှုတွေက ရှိနေမှာဖြစ်ပြီး ရှောင်တိမ်းလို့ မရတဲ့ သဘောပဲ ဖြစ်ပါတယ်။ အဲဒီလို ရှောင်တိမ်းလို့ မရဘဲ အချိန်တန် အကျိုးသက်ရောက်မှုတွေ ရှိလာတာကိုပဲ တစ်ချို့က ဝဋ်လိုက်တယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်တစ်ခုခုရဲ့နောက်မှာ အကျိုးဝိပါက်တွေကတော့ ရောက်နေကြမှာ ဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့အခါမှာ ကောင်းတာတွေကို ရွေးချယ်လုပ်ပြီး မကောင်းတဲ့ အလုပ်တွေဆိုရင်တော့ မလုပ်ဖြစ်အောင်ကြိုးစားကာ လုပ်ဖြစ်ခဲ့ကြမယ်ဆိုရင်လည်း ဝဋ်အဖြစ် ပြန်ရောက်လာတဲ့ အကုသိုလ်မျိုး မဖြစ်အောင် အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။

စေတနာပါပါနဲ့ လုပ်ခဲ့ကြတဲ့ အလုပ်တွေရဲ့ အကျိုးဝိပါက်တွေထဲမှာ မကောင်းတဲ့ ဝိပါက်တွေကတော့ လူတိုင်းမလိုလားတဲ့ ဝိပါက်တွေဖြစ်နေပြီး ရောက်လာရင်လည်း ရှောင်တိမ်းလို့ မရတဲ့ဝိပါက်တွေပဲ ဖြစ်ပါတယ်။ မရဆိုရင် သာမန်လူတွေ မပြောနဲ့ ဘုရားရဟန္တာတောင်မှ ဒီလိုဝဋ်အဖြစ် ပြန်ရောက်လာတဲ့ အကုသိုလ် အကျိုးဝိပါက်တွေကို ရှောင်တိမ်းလို့ မရ၊ ပြန်လည်ပေးဆပ်ကြရတာတွေ ရှိပါတယ်။ ဘုရားရှင် ကိုယ်တော်တိုင်လည်း နောက်ဆုံးဘုရားဖြစ်တဲ့ ဘဝအထိ ရောက်ရှိလာတဲ့ ဝဋ်ကျွေးတွေကို ပြန်လည် ပေးဆပ်တော် မူသွားခဲ့ပါတယ်။ ဘုရားရှင်တို့ရဲ့ တန်ခိုးတော်နဲ့ အထိုက်အလျောက် ရှောင်မယ်ဆိုရင် ရှောင်လို့ရပေမယ့် ဝဋ်ကျွေးဆိုတဲ့ ဝိပါက်တွေရဲ့ အပြစ်ကြီးတတ်ပုံကို နောင်လာနောက်သားများ အထူးသတိထားမိစေဖို့ ရှောင်တိမ်းမသွားဘဲ ပြန်လည်ပေးဆပ်တော်မူကာ ဒီဝိပါက်တွေဟာ ဘယ်တုန်းက ဘာလုပ်ခဲ့တဲ့အတွက် ရောက်လာခဲ့တဲ့ အကျိုးဆက်တွေဖြစ်ကြောင်းကိုလည်း ပြန်လည်ဟောကြား တော်မူခဲ့ပါတယ်။ ဒါကို ပိဋကတ်တွေမှာတော့ ဝိပါက်တော် (၁၂)ပါးအဖြစ် ပြန်လည်မှတ်တမ်း တင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘုရားရှင်ကိုယ်တော်တိုင် ပြန်လည်ပေးဆပ်ကာ အတိတ်ဆောင်ပြီး ဟောတော်မူခဲ့တဲ့ အဲဒီဝိပါက်တော် (၁၂)ပါးက
၁။ သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲခြင်းကို ခံရခြင်း
၂။ စိဉ္စမာန၏ စွပ်စွဲခြင်းကို ခံရခြင်း
၃။ ဘုရားနှင့် တပည့်ရဟန်းငါးရာတို့အား သုန္ဒရီပရိဗိုဇ်မကို သတ်ကြောင်း လူအများအထင်မှားကာ စွပ်စွဲခံရခြင်း
၎။ ခြေမတော်၌ သွေးစိမ်တည်အောင် ကျောက်လွှာအထိခံရခြင်း
၅။ ရှင်တော်မြတ်ကို အသေသတ်ရန် လူသတ်လေးသမားများအား ဒေဝဒတ်၏ စေခိုင်းမှုကို ခံရခြင်း
၆။ ကိုယ်တော်မြတ်အား နာဠာဂိရိဆင်ဖြင့် နင်းသတ်မှုကို ခံရစေရန် စေခိုင်းခံရခြင်း
၇။ ခြေမတော်ကို ဆရာဇီဝက၏ ဓားဖြင့်ခွဲသည်ကို ခံတော်မူရခြင်း
၈။ ခေါင်းကိုက်ရောဂါကို မကြာခဏ ခံစားရခြင်း
၉။ ဝေရဉ္ဇာပြည်၌ ဝါတွင်းသုံးလ ကာလပတ်လုံး ကြမ်းတမ်းသည့် မုယောမှုန့်ကိုသာ ဘုဉ်းပေးသုံးဆောင်ခဲ့ရခြင်း
၁၀။ ခါးတော်ညောင်းညာ နာကျင်ကိုက်ခဲခြင်း
၁၁။ ပရိနိဗ္ဗာန် စံတော်မူခါနီးအခါ၌ သွေးဝမ်းသွန်သည့် ရောဂါဝေဒနာကို ခံစားရခြင်း
၁၂။ သဗ္ဗညုတဉာဏ်တော်ကို ရရှိရန် ခြောက်နှစ်ကြာအောင် ဒုက္ကရစရိယအကျင့်ကို ကျင့်တော်မူခဲ့ရခြင်း
ဆိုတဲ့ ဝိပါက်တော်တွေပဲ ဖြစ်ပါတယ်။

ဒီဝိပါက်တော်တွေကိုကြည့်ရင် အကြောင်းကြောင့် အကျိုးဖြစ်ခဲ့တယ်ဆိုတာ လက်တွေ့သိရမှာ ဖြစ်သလို အဲဒီ အကျိုးတရားဟာလည်း ဝဋ်ကျွေးအဆင့်ရောက်သွားပါက နောက်ဆုံးဘဝ ဘုရားဖြစ်တော်မူတဲ့အထိ အကျိုးသက်ရောက်မှုကို ဖြစ်စေတော့တယ်ဆိုတာလည်း သိရှိမှတ်သားရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်က ဒီအကျိုးတရားများဟာ အတိတ်ဘဝ ပါရမီဖြည့်စဉ်အခါ ပြုလုပ်ခဲ့တဲ့ အတိတ်အကြောင်းများ ဖြစ်ကြောင်း ပြန်လည်ဟောကြားပေးခဲ့ပါတယ်။

ပထမဝိပါက်တော်
မြတ်စွာဘုရားရှင်ဟာ ပါရမီဖြည့်စဉ် အလောင်းတော်ဘဝမှာ မုနာဠိအမည်ရှိတဲ့ အရက်သမားတစ်ယောက် ဖြစ်ခဲ့ပြီး အဲဒီဘဝမှာ သုရဘိ အမည်တော်ရှိတဲ့ ပစ္စေကဗုဒ္ဓအရှင်မြတ်ကို “ဒီကိုယ်တော်ဟာ လူသူလေးပါး ဆိတ်ကွယ်ရာ အရပ်မှာဆိုရင် ကာမဂုဏ်လိုက်စား မွေ့လျော်ပျော်ပါးနေတဲ့ သီလမရှိတဲ့ ဒုဿီလ ပုဂ္ဂိုလ်တစ်ယောက်သာ ဖြစ်တယ်” စသဖြင့် စွပ်စွဲစကား ပြောမှားတော်မူခဲ့ဖူးပါတယ်။ အဲဒီမကောင်းမှု ကံကြောင့်ပဲ နှစ်ပေါင်းများစွာ ငရဲမှာ ခံခဲ့ရပြီး အခုနောက်ဆုံး ဘုရားရှင်ဘဝမှာလည်း လူသူအများ အထင်မှားအောင် သုန္ဒရီပရိဗိုဇ်မရဲ့ စွပ်စွဲခြင်းကို ခံတော်မူခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယဝိပါက်တော်
မြတ်စွာဘုရားရှင်ဟာ ပါရမီဖြည့်စဉ် အလောင်းတော်ဘဝမှာ သဗ္ဗာဘိဘူ အမည်တော်ရတဲ့ ပေစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးရဲ့ တပည့်သာဝက ဖြစ်ခဲ့ဖူးပါတယ်။ နန္ဒအမည်ရတဲ့ အဲဒီဘဝမှာ ပေစ္စေကဗုဒ္ဓါ အရှင်မြတ်ရဲ့ တပည့်သာဝက ဖြစ်ပေမယ့် ဆရာဖြစ်တဲ့ သဗ္ဗာဘိဘူ ပေစ္စေကဗုဒ္ဓ အရှင်မြတ်ကို “သီလမရှိတဲ့ သူယုတ်မာ တစ်ဦးသာ ဖြစ်တယ်” စသဖြင့် စေတနာပါပါနဲ့ စွပ်စွဲစကား အပြောမှားကာ ကဲ့ရဲ့ခဲ့ဖူးပါတယ်။ အဲဒီမကောင်းမှုကံကြောင့် အနှစ်တစ်သောင်းကြာ ငရဲမှာဒုက္ခခံစားခဲ့ရပြီး လူဖြစ်တဲ့ ဘဝအတော်များများမှာလည်း လူသူလေးပါးတို့ရဲ့ မဟုတ်မတရား စွပ်စွဲမှုများကို ခံခဲ့ရကာ နောက်ဆုံးဘုရားဖြစ်ရာ ဘဝမှာလည်း ပရိတ်သတ်အလယ်မှာ စိဉ္စမာန မိန်းမယုတ်ရဲ့ မဟုတ်မတရား စွပ်စွဲမှုကို ခံတော်မူခဲ့ရတာ ဖြစ်ပါတယ်။

တတိယဝိပါက်တော်
ဘုရားအလောင်းဟာ ပါရမီဖြည့်စဉ် ဘဝတစ်ခုမှာ လူအများ ကြည်ညိုလေးစားပြီး၊ တပည့်ငါးရာကျော်နဲ့ ထင်ရှားတဲ့ ပုဏ္ဏားပါမောက္ခဆရာကြီး တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က အဘိညာဉ်တန်ခိုးနဲ့ ပြည့်စုံတော်မူတဲ့ ဘီမအမည်ရှိတဲ့ ရသေ့တစ်ပါးကို ဘုရားလောင်း ဆရာကြီးက “ဒီရသေ့ဟာ ကာမစည်းစိမ်ကိုပဲ ခံစားနေတဲ့ ရသေ့စဉ်းလဲဖြစ်တယ်” လို့ စွပ်စွဲကဲ့ရဲ့ကာ တပည့်ငါးရာကိုလည်း တစ်ဆင့်ပြောပြန်ပါတယ်။ တပည့်တွေကလည်း ဆရာ့စကားကို ထောက်ခံပြီး မြို့ရွာအတွင်း ဆွမ်းခံကြွနေတဲ့ ရသေ့ကို “ဒီရသေ့ဟာ ကာမစည်းစိမ်ကို ခံစားသူ စဉ်းလဲတဲ့ရသေ့ပဲ ဖြစ်ကြောင်း” အိမ်ပေါက်စေ့ လိုက်လံကဲ့ရဲ့ ကြပါတယ်။ ဒီအကုသိုလ်ကံကြောင့်ပဲ မကောင်းကျိုးကို ခံစားရပြီး ယခုဘဝမှာ ဘုရားရှင်ရဲ့ တပည့်ရဟန်းငါးရာ အဖြစ်နဲ့ တိတ္ထိတွေသတ်လို့ သေသွားတဲ့ သုန္ဒရီပရိဗိုဇ်ကို ဘုရားရှင်ရဲ့ အဲဒီတပည့်ရဟန်းငါးရာက သတ်တယ်လို့ အထင်မှားကာ လူအများရဲ့ မဟုတ်မတရား စွပ်စွဲခြင်းကို ခံကြရတာ ဖြစ်ပါတယ်။

စတုတ္ထဝိပါက်တော်
ပါရမီဖြည့်စဉ် ဘဝတစ်ခုမှာ ဘုရားလောင်းဟာ အဖေတူအမေကွဲဖြစ်တဲ့ ညီငယ်ကို စည်းစိမ်ဥစ္စာကို လိုချင်တပ်မက်တဲ့စိတ်နဲ့ တောင်ချောက်ကြားမှာ ပစ်ချပြီး ကျောက်တုံးနဲ့ ဖိညှပ်ကြိတ်ချေကာ သတ်ဖြတ်ခဲ့ဖူးပါတယ်။ စေတနာ ရည်ရွယ်ချက်ရှိရှိနဲ့ တမင်လုပ်ခဲ့တဲ့ အဲဒီအကုသိုလ် ဝဋ်ကြွေးကြောင့် နောက်ဆုံ ဘုရားအဖြစ်ကိုရောက်တဲ့ အခါမှာလည်း ဒေဝဒတ်က ကျောက်မောင်းဆင်ကာ လုပ်ကြံတာကို ခံခဲ့ရပြီး ကျောက်လွှာထိကာ ခြေမတော်မှာ သွေးစိမ်တည်တဲ့အထိ ပြန်လည်ပေးဆပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပဉ္စမဝိပါက်တော်
ဘုရားအလောင်းတော်ဟာ ဘဝတစ်ခုမှာ ခပ်ပေပေ လူငယ်တစ်ယောက် ဖြစ်ခဲ့စဉ်က ကစားနေရင်း လမ်းခရီးကို ကြွသွားတဲ့ ပစ္စေကဗုဒ္ဓ အရှင်မြတ်တစ်ပါးကို တွေ့မြင်ပြီး လမ်းမှာရှိတဲ့ ကျောက်ခဲများနဲ့ ကောက်ယူ ပစ်ပေါက်ခဲ့ဖူးပါတယ်။ အဲဒီအကုသိုလ် အကျိုးဆက်ကြောင့် နောက်ဆုံးဘုရားဘဝမှာလည်း ကိုယ်တော်မြတ်ကို အသေသတ်ဖို့ ဒေဝဒတ်က လူသတ်လေးသမားများကို စေလွှတ်ပြီး အသတ်ခိုင်းတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆဋ္ဌဝိပါက်တော်
ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ် ဘဝတစ်ခုမှာ ဆင်ထိန်းယောက်ျားဖြစ်ခဲ့ပြီး ဆွမ်းခံကြွတော်မူသော ပစ္စေကဗုဒ္ဓ အရှင်မြတ်တစ်ပါးကို ဆင်နဲ့နင်းသတ်မည့်ဟန်လုပ်ကာ အကြိမ်ကြိမ် ခြိမ်းချောက်ခဲ့ဖူးပါတယ်။ အဲဒီ အကုသိုလ်ဝဋ်ကျွေးကြောင့် ဘုရားဖြစ်တော်မူတဲ့ ဒီဘဝအထိ အကျိုးဆက်ပါလာကာ ရာဇဂြိုဟ်ပြည်မှာရှိတဲ့ နာဠာဂိရိဆင်က ကိုယ်တော်မြတ်ကို နင်းသတ်ရန် ချည်းကပ်လာတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

သတ္တမဝိပါက်
ဘုရားမြတ်စွာ အလောင်းတော်ဘဝ တစ်ခုက အလွန်မာန်မာန တက်ကြွလွန်းတဲ့ ရှင်ဘုရင်တစ်ပါး ဖြစ်ခဲ့ပြီး ယောက်ျားတစ်ယောက်ကို စေတနာ ရည်ရွယ်ချက် ပြင်းပြင်းနဲ့ ကိုယ်တိုင်ပဲ လှံနဲ့ထိုးဆွ သတ်ဖြတ်ခဲ့ဖူးပါတယ်။ အဲဒီအကုသိုလ် အကျိုးဆက်ကြောင်း ဘဝအဆက်ဆက် ငရဲမှာ ဖြစ်ခဲ့ရပြီး နောက်ဆုံးဘုရားဘဝမှာလည်း ဒေဝဒတ်ကျောက်မောင်းထိပြီး သွေးစိမ်းတည်ခဲ့တဲ့ ခြေမတော်ကို ဆေးဆရာဇီဝကရဲ့ ဓားနဲ့ခွဲပြီး ကုသမှုကို ခံယူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အဋ္ဌမဝိပါက်တော်
ဘုရားမြတ်စွာ အလောင်းတော်ဘဝက တံငါရွာတစ်ရွာမှာ တံငါးသည်ရဲ့သားငယ်အဖြစ် ကျင်လည် ခဲ့ရဖူးပါတယ်။ အဲဒီဘဝမှာ ကိုယ်တိုင်ကငါးတွေကို မသတ်ပေမယ့် ဆွေမျိုးများက ငါးတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာကိုကြည့်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ မကောင်းတဲ့အကုသိုလ်ရဲ့ အကျိုးဆက်ကြောင့် ယခုနောက်ဆုံး ဘုရားအဖြစ်မှာလည်း ဦးခေါင်းကိုက်ရောဂါ မကြာမကြာခံစားခဲ့ရတာ ဖြစ်ပါတယ်။ (အဲဒီတုန်းက ငါးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတဲ့ ဆွေမျိုးတွေကတော့ ဘုရားရှင် သတ်တော်ထင်ရှား ရှိစဉ်က ဝိဋဋူဘရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ကြရပါတယ်။)

နဝမဝိပါက်တော်
ဘုရားမြတ်စွာ အလောင်းတော်ဘဝက ဖုဿမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်နဲ့ ကြုံခဲ့ပြီး အဲဒီဘုရားရှင်ရဲ့ တပည့်ရဟန်းတော်များကို “ကိုယ်တော်တို့တွေ အကောင်းစား ဆွမ်းကွမ်းတွေကို စားမနေကြနဲ့၊ ကိုယ်တော်တို့နဲ့ မုယောမှုန့်ပဲ တန်တယ်”ဆိုပြီး ရေရွတ်စကား အပြောမှားခဲ့ဖူးပါတယ်။ အဲဒီအကုသိုလ် ဝဋ်ကျွေးတော်ကြောင့် နောက်ဆုံးဘုရားဘဝမှာ ဝေရဉ္ဇာပြည်မှာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးနဲ့ကြုံကာ ဝါတွင်းသုံးလကာလပတ်လုံး မုယောမှုန့်ပဲ ဘုဉ်းပေးတော်မူခဲ့ရတာ ဖြစ်ပါတယ်။ (မုယောဆိုတာ ကြမ်းတမ်းတဲ့ ကောက်စပါး တစ်မျိုးပဲ ဖြစ်ပါတယ်။)

ဒသမဝိပါက်တော်
ဘုရားမြတ်စွာ အလောင်းတော်ဘဝက လက်ဝှေ့သမား တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလက်ဝှေ့သမားဘဝမှာ ပြိုင်ဘက်လက်ဝှေ့သမားကို စေတနာ ရည်ရွယ်ချက်ရှိရှိနဲ့ ခါးရိုးကို ရိုက်ချိုးတော်မူခဲ့ ဖူးပါတယ်။ အဲဒီ အကုသိုလ် အကျိုးဆက်ကြောင့် နောက်ဆုံးဘုရားဘဝမှာလည်း ခါးတော်ညောင်းညာ နာကျင်ကိုက်ခဲခြင်း ဝေဒနာကို ခံစားတော်မူခဲ့ရတာ ဖြစ်ပါတယ်။

ဧကဒသမဝိပါက်တော်
ဘုရားမြတ်စွာ အလောင်းတော်ဘဝက ဆေးဆရာတစ်ဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဆေးသမားဘဝက ဆေးဖိုးဝါးခမပေးလိုတဲ့ သူဋ္ဌေးသားတစ်ဦးကို စေတနာအလိုဆိုးနဲ့ ဝမ်းနှုတ်ဆေးတွေ တိုက်ကျွေးခဲ့ဖူးပါတယ်။ အဲဒီအကုသိုလ် အကျိုးဆက်ကြောင့် အခုနောက်ဆုံး ဘုရားဘဝမှာလည်း ပရိနိဗ္ဗာန်စံတော်မူခါနီး သွေးဝမ်းသွားတဲ့ ရောဂါကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

ဒွါဒသမဝိပါက်တော်
ဘုရားမြတ်စွာဟာ အလောင်းတော်ဘဝ တစ်ခုမှာ ကဿပ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်နဲ့ ကြုံတွေ့ခဲ့ပြီး ဇောတိပါလ အမည်ရတဲ့ ပုဏ္ဏားလုလင်တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဘဝတုန်းက ဇောတိပါလ ပုဏ္ဏားဟာ ကဿပမြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ကို ရတယ်ဆိုတဲ့ သတင်းကိုကြားပြီး “ဒီဦးပြည်းရဟန်းအနေနဲ့ သဗ္ဗညုတဉာဏ်ကို ရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ သဗ္ဗညုတဉာဏ်ဆိုတာ အမတန်ရခဲတဲ့ တရားဖြစ်ပါတယ်၊ ဒီကိုယ်တော်အနေနဲ့ မဖြစ်နိုင်ဘူး”စသဖြင့် နှုတ်နဲ့ပြစ်မှား ပြောကြားခဲ့ဖူးပါတယ်။ အဲဒီ အကုသိုလ်ဝဋ်ကျွေးကြောင့် ယခုနောက်ဆုံးဘဝမှာ ကိုယ်တော်မြတ်လည်း သဗ္ဗညုတဉာဏ်တော်ကိုရဖို့ ပင်ပင်ပန်းပန်း ခဲခဲရင်းရင်းနဲ့ ခြောက်နှစ်တိုင်တိုင် ကြိုးစားအားထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ (ခုဒ္ဒကနိကာယ်၊ ထေရပါဒါနပါဠိ၊ ပုဗ္ဗကမ္မ ပိလောတိက ဗုဒ္ဓအပဒါန်၊ နှာ၊ ၃၄၆)

ဒါက ကျမ်းဂန်မှာလာတဲ့ ဗုဒ္ဓကိုယ်တော်တိုင် အတိတ်ဆောင်ကာ ပြန်လည်ဟောကြားတော်မူခဲ့တဲ့ ဝဋ်ကျွေးတော်ခေါ် ဝိပါက်တော် (၁၂)ပါးပဲ ဖြစ်ပါတယ်။ ဒီဝိပါက်တော် (၁၂)ပါးဟာ ဘုရားရှင် ကိုယ်တော်မြတ် အလောင်းတော်ဘဝ၊ ပါရမီဖြည့်စဉ်ကာလတုန်းက မသိမှုအားကြီးပြီး စေတနာ ရည်ရွယ်ချက်ကြီးကြီးနဲ့ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ တန်ပြန်သက်ရောက်မှု အကျိုးဆက်များပဲ ဖြစ်ပါတယ်။ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီးတဲ့ အခါမှာတော့ အဲဒီဝဋ်ကျွေးတော်အားလုံးကို အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်ခဲ့ပေမယ့် နောက်ဆုံးဘဝ ရရှိထားတဲ့ ခန္ဓာကိုယ်အနေနဲ့ကတော့ အကြွေးကျန်သေးတဲ့ ဝဋ်ကျွေးတော်များကို ပေးဆပ်တော်မူခဲ့ရတာ ဖြစ်ပါတယ်။ အကုသိုလ်ဝဋ်ကျွေးဆိုတာ စေတနာအားကောင်းရင် အားကောင်းတဲ့အလျောက် သာမန်လူတွေမပြောနဲ့ ဘုရားရဟန္တာများတောင်မှ ရှောင်တိမ်းမရ ပေးဆပ်ကြရတဲ့ သဘောရှိတယ်ဆိုတာ ဒီဝိပါက်တော်များက သက်သေပြနေတော့တာ ဖြစ်ပါတယ်။ ဝိပါက်ကြမ္မာရှိရင် ဘယ်လိုမှ မလွတ်နိုင်ဘူးဆိုတာ ထင်ရှားစေတော့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားရှင်တောင်မှ ပေးဆပ်ခဲ့ရတဲ့ ဒီဝိပါက်တော်များကိုကြည့်ပြီး သာမန်ပုထုဇဉ် သတ္တဝါတွေ အနေနဲ့ ဝဋ်ကျွေးဆိုတာ ရှောင်တိမ်းလို့ ရတာမဟုတ်တဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တွေမှာ သတိပညာ ပါအောင်ကြိုးစားပြီး မကောင်းတဲ့ အလုပ်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြကာ မသိလို့ လုပ်ခဲ့မိကြရင်လည်း ဝဋ်လည်တတ်တဲ့ ဝိပါက်ကြမ္မာ အကုသိုလ်ကံမျိုးအထိ မရောက်ရအောင် ကိုယ့်ရဲ့ကာယကံ၊ ဝစီကံ၊ မနောကံတွေကို အထူးစောင့်ထိန်းကြဖို့ တိုက်တွန်းရင်း ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့တဲ့ ဝိပါက်တော် (၁၂)ပါးအကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ