လုံခြုံရေး…

လောကီဘုံသား လူအများအတွက် ဘဝမှာ လုံခြုံရေးက သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတွေဟာ လူတိုင်းလူတိုင်းအတွက် တကယ့်ကိုပဲ အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာများ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့၊ လက်ရှိရရှိထားတဲ့ လူ့ဘဝလိုမျိုး ကောင်းတဲ့ ဘဝခန္ဓာကနေ နိမ့်ကျမသွားဖို့နဲ့ ကောင်းတဲ့စိတ်စေတနာလေးတွေ မယိမ်းယိုင်သွားဖို့ ဆိုတဲ့အချက်တွေဟာ လူတိုင်းတောင့်တနေတဲ့ အရာတွေဖြစ်သလို ဒီတောင့်တချက်များ ပြည့်စုံဖို့လည်း နည်းအမျိုးမျိုးနဲ့ ကြိုးစားနေတတ်ကြပါတယ်။ လူအတော်များများဟာ တောင့်တပေမယ့်လည်း တောင့်တတဲ့အတိုင်း မပြည့်နိုင်ပဲ ဖြစ်နေကြသလို စည်းစိမ်ဥစ္စာ၊ ဘဝခန္ဓာနဲ့ စိတ်စေတနာတို့ရဲ့ လုံခြုံရေးအတွက်လည်း အာမခံချက် မပေးနိုင်ဘဲ ဖြစ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗုဒ္ဓဘုရားရှင်ရဲ့ စစ်မှန်တဲ့ လမ်းညွန်မှုအတိုင်း လက်တွေ့လိုက်နာ ကျင့်ကြံသူများကတော့ ဒီအရာတွေရဲ့ လုံခြုံရေးအတွက် ကောင်းကောင်းကြီး အာမခံနိုင်ကြမှာ ဖြစ်သလို လက်တွေ့လည်း လုံခြုံစိတ်ချနေကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်က စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်စေတနာရဲ့ လုံခြုံရေးအတွက် အကောင်းဆုံးလမ်းတွေကို ညွန်ပြပေးတော်မူပါတယ်။ ဘုရားရှင် ပေးတော်မူတဲ့ လမ်းစဉ်ဟာ ကိုယ်ကိုယ်တိုင် လက်တွေ့လိုက်နာ ကျင့်သုံးရမယ့် လမ်းစဉ်သာဖြစ်ပြီး သူများက အစားထိုးလုပ်ပေးလို့ရတဲ့ နည်းစနစ် မဟုတ်ပါဘူး။ ဒါကြောင့် တကယ့်ကိုပဲ မိမိတို့ လိုလားတောင့်တတဲ့ လုံခြုံရေးကို လိုချင်တဲ့သူများ အတွက်တော့ ဘုရားပေးတဲ့ လမ်းစဉ်ဟာ အကောင်းဆုံး လက်တွေ့အသုံးချ လမ်းစဉ်ဖြစ်ကြောင်း ဆိုကြခြင်း ဖြစ်ပါတယ်။

ဘုရားပေးတဲ့ ဒီလမ်းစဉ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ဒါနပြုရေး၊ သီလဆောက်တည်ရေး၊ ဘာဝနာပွားရေး လမ်းစဉ်ပဲဖြစ်ပါတယ်။ ဒါနဟာ စည်းစိမ်ဥစ္စာများ လုံခြုံရေးအတွက် အထောက်အကူ ပေးမှာဖြစ်ပြီး သီလကတော့ ဘဝလုံခြုံရေးအတွက် အာမခံပေးမှာဖြစ်ကာ ဘာဝနာကတော့ စိတ်ဓာတ်လုံခြုံရေးအတွက် တာဝန်ယူပေးမှာ ဖြစ်ပါတယ်။ ဒါနလုပ်နေသူဟာ စည်းစိမ်ဥစ္စာများ လုံခြုံအောင် လုပ်နေသူဖြစ်ပြီး သီလစောင့်ထိန်းနေသူဟာ ဘဝလုံခြုံအောင် လုပ်နေသူဖြစ်ကာ ဘာဝနာအလုပ် အားထုတ်နေသူကတော့ စိတ်လုံခြုံအောင် လုပ်နေသူပဲ ဖြစ်ပါတယ်။ ဒါနသီလဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်နေသမျှ ဒီကုသိုလ်တွေရဲ့ တန်ခိုးတွေဟာလည်း တိုးပွားနေမှာဖြစ်ပြီး ဒီလိုတန်ခိုးတွေ ပိုင်ဆိုင်းထားသူတွေဟာလည်း တကယ့်ကို တန်ခိုးရှင်တွေဖြစ်နေကာ တန်ခိုးကြီးလေ လုံခြုံစိတ်ချမှုလည်း အားကြီးလေပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။

တကယ်တော့ လောကသားများ လိုလားတောင့်တပါတယ် ဆိုတဲ့ စည်းစိမ်ဥစ္စာ၊ ဘဝခန္ဓာနဲ့ စိတ်စေတနာတွေရဲ့ လုံခြုံစိတ်ချရေးဟာ ဒါနသီလဘာဝနာတွေကလွဲလို့ တခြားအရာတွေနဲ့ ထိန်းပေးလို့ မရပါဘူး။ တစ်ခြားတခြားသော တန်ခိုးရှင် ဖန်တီးရှင်တွေက ဘယ်လိုပုံစံမျိုးနဲ့ပဲ လုံခြုံစိတ်ချအောင် ထိန်းသိမ်းနိုင်ပါစေ ဒါနလုပ်ပြီး၊ သီလဆောက်တည်ပြီး၊ တရားဘာဝနာ အားထုတ်ပြီး ထိန်းတာလောက် ဘယ်လိုမှ စိတ်ချအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုံခြုံမှုတွေဆိုတာ ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ လုပ်ပေးနိုင်တဲ့ အရာတွေ မဟုတ်လို့ဘဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ် လူအတော်များများ ကြိုးစားနေကြတာက စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးကို အဓိကထား ကြိုးစားနေကြတာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချရေးဟာ အတော့်ကို စိုးရိမ်စရာ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲထားထား၊ ဘယ်လိုလူကပဲ စောင့်ရှောက်စောင့်ရှောက် ဒီပစ္စည်းဥစ္စာတွေရဲ့ လုံခြုံမှုဟာ စိတ်မချရပါဘူး။ ဒီစည်းစိမ်ဥစ္စာတွေဟာ အမြဲစိုးရိမ်မှုကို ဖြစ်စေတတ်တဲ့အပြင် ရေး၊ မီး၊ မင်း၊ ခိုးသူ မချစ်မနှစ်သက်သူဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့လည်း အမြဲမပြတ် ဆက်ဆံနေတဲ့အတွက် အချိန်မရွေး၊ နေရာမရွေး ပျောက်ပျက်တတ်တဲ့ သဘောရှိနေပါတယ်။ စည်းစိမ်ဥစ္စာရဲ့ သဘောဟာ ထိုက်မှရတတ်တဲ့ သဘောရှိတဲ့ အတွက်ကြောင့် ဘယ်လောက်ပဲ ကြိုးစားရှာဖွေ စုဆောင်းပေမယ့် အချိန်တန်တော့လည်း ပျောက်ပျက်သွားတတ်ပြန်ပါတယ်။ တစ်ခါတလေ ဒီပစ္စည်းဥစ္စာတွေ မပျောက်ပျက်အောင် နည်းအမျိုးမျိုးနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေမယ့်လည်း သူ့ရဲ့လုံခြုံစိတ်ချမှုဟာ နည်းနည်းမှ အာမခံချက် မပေးနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချမှုဟာ ဒါနပြုခြင်းမှတပါး အခြားမရှိဘူးဆိုတဲ့ အဖြေပဲ ထွက်လာခဲ့တော့တာ ဖြစ်ပါတယ်။

ဒါနပြုခြင်းဟာ စည်းစိမ်ဥစ္စာတွေရဲ့ ပျောက်ပျက်မှုကနေ ကာကွယ်ပေးခြင်းဖြစ်သလို ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံတိုးပွားမှုကိုလည်း ထိန်းသိမ်းပေးခြင်း ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေဟာ ကိုယ်မသေခင်မှာလည်း အချိန်မရွေး ပျက်စီးဆုံးရှုံးသွားတတ်သလို သေရင်လည်း ထားခဲ့ရမယ့် အရာတွေ ဖြစ်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံမှုနဲ့ နောင်သံသရာအတွက် ယူဆောင်သွားမှုတို့အတွက် ဒီစည်းစိမ် ဥစ္စာတွေကို အရင်းပြုပြီး ဒါနလုပ်ပေးခြင်းမှတပါး အခြားမရှိဘူးဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ အရာတွေကို အရင်းပြုပြီး စိတ်စေတနာ ကောင်းကောင်းနဲ့ ပေးကမ်းလှူဒါန်းမှုကို ပြုပေးခြင်းဟာ ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချမှုအတွက် ထာဝရမပျက်စီးနိုင်တဲ့ အနုဂါမိက ရွှေအိုးမြုပ်နေတာ ဖြစ်တဲ့အတွက် များများပြုနိုင်လေ များများလုံခြုံစိတ်ချရလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးအတွက် ဒါနပြုပေးရမှာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဒီလိုပါပဲ။ ဘဝခန္ဓာ လုံခြုံရေးအတွက်လည်း သီလဆောက်တည်ပေးရမှာ ဖြစ်ပါတယ်။ ဘဝခန္ဓာဆိုတာ အနာရောဂါ အမျိုးမျိုးနဲ့ ဆက်ဆံနေရတဲ့အတွက် အနှစ်ချုပ်ကြည့်ရင် ဘာမှမက်စရာ မရှိလှပါဘူး။ ဒီလို အနှစ်မရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့်လည်း ဒီဘဝ၊ ဒီခန္ဓာကို အမှီပြုပြီး ဖြစ်လိုက်ရတဲ့ရောဂါ၊ ဖြစ်လိုက်ရတဲ့ ပြဿနာတွေဟာ မရေမတွက်နိုင်အောင်ပဲ ဖြစ်ပါတယ်။ ရုပ်ခန္ဓာရှိနေသမျှ ရောဂါဆိုတာလည်း ရှိနေမှာဖြစ်တဲ့အတွက် ရောဂါစုကြီးကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါတွေဟာ ဒီဘဝဒီခန္ဓာရဲ့ လုံခြုံမှုအတွက် သီလကလွဲပြီး တခြားဘယ်အရာတွေနဲ့မှ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

သီလဆိုတာ ကိုယ်ကျင့်သီလဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ကျင့်ကြံပြီး ကိုယ့်ရဲ့ဘဝကို လှအောင်၊ ကိုယ့်ရဲ့ဘဝကို လုံခြုံအောင် သီလအကျင့်နဲ့ပဲ ထိန်းပေးရမှာ ဖြစ်ပါတယ်။ ဘဝကောင်းဖို့နဲ့ ရရှိလာတဲ့ ဘဝခန္ဓာလှဖို့၊ လုံခြုံဖို့အတွက် သီလအကျင့်က အရမ်းအရေးကြီးပါတယ်။ ရောဂါတွေနဲ့ ဆက်ဆံရတဲ့ ဒီဘဝဒီခန္ဓာကြီးမှာ ရောဂါပေါင်းစုံ ရနေခြင်းဟာ တစ်နည်းပြောရရင် သီလမလုံခြုံတဲ့ အတွက်ကြောင့်လို့လည်း ပြောနိုင်မှာ ဖြစ်ပါတယ်။ သီလမလုံခြုံတဲ့အတွက် ဘဝခန္ဓာဟာလည်း လုံခြုံစိတ်ချမှု မရှိဘဲ ဖြစ်ရတာ ဖြစ်ပါတယ်။ လက်တွေ့ဘဝတွေမှာ ကြည့်လိုက်မယ်ဆိုရင် ခန္ဓာရတဲ့သူချင်းအတူတူ တစ်ချို့က ကိုယ်လက်အင်္ဂါ စုံစုံလင်လင်နဲ့ ဖြစ်နေရသလို၊ တစ်ချို့ကတော့ ခြေမစုံလက်မစုံ ဖြစ်လာသူတွေလည်း ရှိတတ်ပါတယ်။ တစ်ချို့က ကျန်းမာရေး ကောင်းနေပေမယ့် တစ်ချို့ကျတော့ မွေးကတည်းက အနာရောဂါ အစုံနဲ့ မွေးလာသူတွေ ရှိနေပြန်ပါတယ်။ တစ်ချို့ဆိုရင် ဘဝခန္ဓာ ရလာပေမယ့် လူ့ဘဝလူ့ခန္ဓာ မဟုတ်ဘဲ အလွန်နိမ့်ကျတဲ့ တိရစ္ဆာန်ဘဝခန္ဓာ ရလာသူတွေအထိ ရှိတတ်ပါတယ်။ အရင်းစစ်တော့ ဒါဟာ သီလမလုံလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝခန္ဓာလုံခြုံဖို့အတွက် သီလဆောက်တည်ခြင်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် အရေးကြီးဆုံးဖြစ်တဲ့ စိတ်လုံခြုံဖို့ အတွက်ကတော့ ဘာဝနာနဲ့ ခြုံကြရမှာ ဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲ စိတ်ဆိုတဲ့သဘောဟာ တဒင်္ဂအခိုက်အတန့်အတွင်းမှာ အရာအထောင်မက ပြောင်းလဲဖြစ်ပျက်တတ်တဲ့ သဘောရှိပါတယ်။ အထူးသဖြင့် အာရုံပေါင်းစုံနဲ့ အတွေးပေါင်းစုံရဲ့ ချယ်လှယ်မှုကြောင့် စိတ်အစဉ်ဟာ အမြဲမပျက် ဖောက်ပြန်နေတတ်ပါတယ်။ ဖောက်ပြန်တယ်ဆိုတဲ့ သဘောကိုက ကောင်းတဲ့သဘောကနေ မကောင်းတဲ့သဘောကို ရောက်ရှိသွားတဲ့ သဘောဖြစ်တဲ့အတွက် စိတ်မှာများများ ဖောက်ပြန်လေ အဲဒီစိတ်ပိုင်ရှင်မှာ မကောင်းတဲ့သဘောတွေ များများတိုးလေလေ ဖြစ်နေမှာဖြစ်ပါတယ်။ မကောင်းတဲ့ စိတ်နဲ့နေနေရလေ လုံခြုံစိတ်ချရမှုလည်း နည်းလေလေ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမကောင်းတဲ့ စိတ်အတွေးတွေနဲ့ မလုံမခြုံဖြစ်တတ်တဲ့ စိတ်ကို လုံခြုံစိတ်ချမှု ရှိရလေအောင် ဘာဝနာနဲ့ ထိန်းပေးဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဘာဝနာ အလုပ်ဟာ စိတ်အစဉ်ကို ထိန်းချုပ်ပေးတဲ့ စိတ်ထိန်းကိရိယာ တစ်ခုပဲ ဖြစ်ပါတယ်။ အာရုံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ ပွားများအားထုတ်ပြီး ထိန်းပေးတဲ့ သမထဘာဝနာပဲ ဖြစ်ဖြစ်၊ စိတ်နဲ့ရုပ်မှာ ပေါ်လာသမျှ အာရုံတွေကို ကိလေသာ ကြားမခိုအောင် သတိကပ်ပြီး အရှိအတိုင်း ဉာဏ်နဲ့ယှဉ်ကာ သိမှတ်ပေးရတဲ့ ဝိပဿနာ ဘာဝနာပဲ ဖြစ်ဖြစ် ဘယ်လိုဘာဝနာ အလုပ်ကိုပဲ လုပ်နေလုပ်နေ ဒါဟာ စိတ်ကိုလုံခြုံအောင် လုပ်ပေးနေတာ ဖြစ်တဲ့အတွက် များများလုပ်နိုင်လေ စိတ်မှာများများ လုံခြုံလေပဲ ဖြစ်ပါတယ်။ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ တစ်မျိုးမျိုးကို ကြိုးစားအားထုတ်နေပါက ကိလေသာ ကြားမခိုနိုင်ဘဲ စိတ်အစဉ်မှာ သန့်စင်နေတတ်တဲ့အတွက် သန့်ရှင်းစင်ကြယ်နေတဲ့ စိတ်ဟာ လုံခြုံမှုအပြည့်ရှိတဲ့ စိတ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ကိလေသာများနေတဲ့စိတ်ဟာ မကောင်းတဲ့ အတွေးများနဲ့ ကြောက်လန့်နေရပြီး ကြောက်လန့်မှုရှိနေတဲ့ စိတ်ဟာ လုံခြုံမှု မရှိတဲ့စိတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိလေသာ တရားတွေကြောင့် အကြောက်တရားများနဲ့ မလုံမခြုံဖြစ်နေတတ်တဲ့ စိတ်ကို လုံခြုံစိတ်ချရမှုရှိအောင် ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက ဘဝမှာ သတ္တဝါတွေဟာ လုံခြုံရေးအတွက် အမျိုးမျိုး ကြိုးစားကြတဲ့ နေရာမှာ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်အစဉ်ရဲ့ လုံခြုံရေးကတော့ အထူးလိုလားတောင့်တတတ်တဲ့ ကြိုးစားမှုတွေ ဖြစ်နေတဲ့အတွက် ဒီအရာတွေရဲ့ လုံခြုံရေးအတွက် တခြားအရာတွေနဲ့ ကြိုးစားကြတာထက် ဒါနသီလဘဝနာ အလုပ်များနဲ့ ကြိုးစားတာက အကောင်းဆုံး ဘဝလုံခြုံရေးပဲ ဖြစ်တယ်ဆိုတာ သိစေလိုတာ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာဆိုတာ လက်ရှိအချိန်မှာလည်း ရန်သူမျိုးငါးပါးတွေနဲ့ မပြတ်ဆက်ဆံနေတဲ့အပြင် သေရင်လည်း ထားခဲ့ရမယ့် အရာတွေ ဖြစ်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးကို ဒါနပြုလုပ်ပေးခြင်းနဲ့ပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို ရရှိထားတဲ့ ဘဝခန္ဓာဆိုတာလည်း အနာရောဂါ အမျိုးမျိုးနဲ့ အမြဲဆက်ဆံနေတဲ့အတွက် ဘဝခန္ဓာကိုယ်ရဲ့ လုံခြုံမှုဟာ ဒီဘဝလည်း လုံခြုံ၊ နောင်သံသရာမှာလည်း လုံခြုံမှုကို ဖြစ်စေတတ်တဲ့ သီလဆောက်တည်မှုနဲ့ပဲ လုံခြုံအောင် ကြိုးစားရမှာဖြစ်ပြီး စိတ်ဆိုတာကလည်း ကိလေသာအာရုံတွေနဲ့ အမြဲနှိပ်စက်ခံရတတ်တဲ့အပြင် မကောင်းတဲ့အာရုံတွေမှာပဲ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ဒီစိတ်အစဉ် လုံခြုံရေးအတွက်လည်း ကိလေသာကြားခိုမှုကို တားမြစ်ပေးနိုင်တဲ့ ဘာဝနာ အလုပ်နဲ့ပဲ လုံခြုံအောင် စောင့်ရှောက်ကြရမှာ ဖြစ်တယ်ဆိုတာ သဘောပေါက် စေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လုံခြုံရေး၊ လုံခြုံရေးလို့ ဆိုနေကြတဲ့ သတ္တဝါတွေ အနေနဲ့ တစ်ခြားတခြား လုံခြုံရေးတွေထက် မိမိတို့ဘဝရဲ့ အဓိက လုံခြုံရမယ့် အရာတွေဖြစ်တဲ့ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်အစဉ်ရဲ့ လုံခြုံရေးကိုသာ ဦးစားပေးကြရမှာ ဖြစ်တဲ့အတွက် ဒီအရာတွေ လုံခြုံမှုရှိအောင် ဒါနအလုပ်၊ သီလအလုပ်၊ ဘာဝနာအလုပ်များကို ကြိုးစားအားထုတ်ရင်းနဲ့ပဲ အချိန်ရှိခိုက် လုံခြုံရေးအတွက် အားစိုက်လိုက်ကြဖို့ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ