နှစ်ဆယ်၊ ရှစ်ဆယ် သီအိုရီ (20%, 80% theory)

ဘုန်းဘုန်း မြန်မာပြည်မှာ ရောက်နေတဲ့အခိုက် မြန်မာပြည်ကိုလာပြီး တရားလည်းအားထုတ်၊ တရားလည်းနာ၊ ခရီးလည်းထွက်ဖို့ ရောက်လာကြတဲ့ ကိုရီးယားအဖွဲ့တွေနဲ့အတူ ဘုန်းဘုန်းလည်း မြန်မာပြည်အထက်ပိုင်း ခရီးကို လိုက်ပါသွားဖြစ်ခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်က ရောက်တဲ့နေရာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေကို ဖူးမြော်ပူဇော်ရင်း ဆရာတော်ကြီးများ ဟောကြားချီးမြှင့်တဲ့ တရားတော်ကို နာလိုတဲ့ ရည်ရွယ်ချက် ဖြစ်တဲ့အတွက် ရောက်တဲ့နေရာတိုင်းမှာတော့ အဲဒီရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဖြစ်ခဲ့ကြပါတယ်။ ဒီအဖွဲ့တွေနဲ့အတူ လိုက်ပါသွားရင် နားကြားခဲ့ရတဲ့ ဆရာတော်ကြီးများရဲ့ တရားတွေကလည်း အလွန်မှတ်သားစရာ ကောင်းလှပါတယ်။ ဒီလို မှတ်သားစရာ အနှစ်သာရတွေထဲက မင်းကွန်းတောင်ရိုးမှာရှိတဲ့ တိပိဋက မင်းကွန်းဆရာတော်ကြီးရဲ့ အမွေကိုဆက်ခံရင်း သာသနာပြု လုပ်ငန်းများ လုပ်ဆောင်နေတဲ့ လက်ရှိတိပိဋက ဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ ဟောကြားချီးမြှင့် ပေးတော်မူတဲ့ တရားတစ်ပုဒ်ကလည်း အလွန်မှတ်သားဖွယ် ဖြစ်ခဲ့ပါတယ်။

ဆရာတော်နဲ့တွေ့တုန်း ကိုရီးယား ဒကာတစ်ယောက်က သူတို့နိုင်ငံမှာ ဘာလေးပဲဖြစ်ဖြစ် လူအချို့ဟာ အလွယ်တကူ ဘဝကို အရှုံးပေးကာ ကိုယ့်ကိုယ်ကို သတ်သေလေ့ရှိကြောင်း၊ အဲဒီလို သတ်သေလေ့ရှိတဲ့ သူတွေနဲ့ ပတ်သက်ပြီး ဆရာတော့်အနေနဲ့ ဘယ်လိုမြင်ပြီး ဘယ်လိုတရားမျိုး ချီးမြှင့်ချင်ပါလဲဘုရားလို့ မေးလျှောက်တဲ့အတွက် ဆရာတော်က သူ့အမေးကို အခြေခံကာ လူတွေရဲ့ လောကဓံကို မခံနိုင်မှုများ၊ အတ္တမာနပါတဲ့ အမြင်အတွေးများနဲ့ ပတ်သက်မှုများအကြောင်း တရားစကား မိန့်ကြားတော်မူပါတယ်။ ပြီးတော့ ဆရာတော်က သူ့အတွေ့အကြုံကို အခြေခံပြီး နှစ်ဆယ်၊ ရှစ်ဆယ် သီအိုရီလေး အကြောင်းကိုပါ ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။

ဆရာတော်က “လောကမှာရှိတဲ့ လူအတော်များများဟာ ကောင်းတာနဲ့ မကောင်းတာ နှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါ ကောင်းတာတွေနဲ့ တွေ့ကြုံခံစားရရင် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရရှိခံစားနေရတဲ့ အပေါ်မှာ အလိုမကျနိုင်ဘဲ နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ခံစားရတယ်လို့ ထင်နေတတ်ပြီး မကောင်းတဲ့အရာ နှစ်ဆယ်ရာခိုင်းနှုန်းလောက် တွေ့ကြုံခံစားရရင်တော့ ရှစ်ဆယ်ရာခိုင်းနှုန်းလောက် ခံစားနေရတယ်လို့ ထင်နေတတ်ကြောင်း၊ ကောင်းတဲ့ခံစားချက်ဆိုရင် အများကြီးကို အနည်းလေးလို့ ထင်နေတတ်ပြီး မကောင်းတဲ့ ခံစားချက်ဆိုရင်တော့ နည်းနည်းလေးကိုလည်း အများကြီးလို့ ထင်နေတတ်ကြောင်း၊ သူများခံစားတဲ့ ကောင်းတဲ့ခံစားချက်မျိုးနဲ့ ကိုယ်ခံစားရတဲ့ ကောင်းတဲ့ခံစားချက်မျိုး အတူတူဖြစ်ပေမယ့် ကိုယ့်ခံစားချက်ကျတော့ နည်းတယ်လို့ထင်နေတတ်ပြီး သူများနဲ့ကိုယ်နဲ့ အတူတူပဲ ခံစားရတဲ့ မကောင်းတဲ့ ခံစားမှုမျိုးကျတော့ ကိုယ်ခံစားရတဲ့ မကောင်းတဲ့ ခံစားမှုက ပိုပြီးကြီးတယ်လို့ ထင်နေတတ်ကြောင်း၊ ကိုယ့်ကျတော့ အကြီးကို အသေးထင်၊ အသေးကို အကြီးလို့ ထင်မြင်လေ့ရှိတတ်ကြောင်း၊ တကယ်တော့ ဒီလိုခံစားမှုမျိုးဆိုတာ ပုဂ္ဂိုလ်သတ္တဝါတိုင်းအတွက် အားလုံးအတူတူပဲ ဖြစ်ကြောင်း အတ္တစွဲ၊ မာနစွဲ၊ တဏှာစွဲတွေကြောင့်သာ ပြောင်းပြန်မြင်နေကြတာ ဖြစ်ကြောင်း…” စသဖြင့် နှစ်ဆယ်ရှစ်ဆယ် သီအိုရီလေးကို အခြေခံပြီး ပြောသင့်ပြောထိုက်တဲ့ တရားစကားကို မိန့်ကြားပေးတော် မူခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဆရာတော် အမိန့်ရှိတော်မူလိုက်မှပဲ တစ်ခါတရံ ကိုယ်ကိုယ်တိုင်လည်း အဲဒီလို အမြင်မျိုး ရှိနေတယ်ဆိုတာ သတိထားမိခဲ့ပါတယ်။ တဒင်္ဂအခိုက်အတန့် ကောင်းတယ်လို့ ထင်နေရတဲ့ အရာလေးတွေ ရရှိခံစားရတဲ့အခါ ရရှိလာတဲ့ အတိုင်းအတာ အပေါ်မှာ မရောင့်ရဲနိုင်ဘဲ ပိုပိုပြီး ရယူခံစားလိုမှုများက လွှမ်းမိုးလာတတ်တဲ့ သဘောရှိပါတယ်။ ဒီလို ပိုပိုပြီး လိုချင်ရချင် ခံစားချင်တာတွေကြောင့်ပဲ ရရှိလာတဲ့ အနေအထားအပေါ်မှာ နည်းတယ်လို့ ထင်နေတတ်ကြတာ ဖြစ်ပါတယ်။ ကောင်းတဲ့အရာလေးတွေဆိုရင် အများကြီးရနေပေမယ့် သူများလောက်မရဘူး၊ သူများလောက် မပြည့်စုံဘူးစသည်ဖြင့် ထင်နေတတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အရာတွေ၊ မကောင်းတဲ့ ခံစားချက်တွေမှာကျတော့ သူများလည်း ကိုယ့်လောက်ပဲ၊ ကိုယ်လည်းသူတို့လောက်ပဲ တွေ့ကြုံခံစားရပေမယ့် ကိုယ်ခံစားရတဲ့ ခံစားချက်ကျတော့ အရမ်းကိုပြင်းတယ်လို့ ထင်နေတတ်ကြတဲ့ သဘောရှိပါတယ်။

ဆိုကြပါစို့။ သူများလည်း နှလုံးရောဂါ၊ ဆီးချိုသွေးတိုး ရောဂါဖြစ်တာပါပဲ။ ကိုယ်လည်း အဲဒီလိုရောဂါမျိုး ဖြစ်နေတာပါပဲ။ ဒါပေမယ့် ကိုယ်ဖြစ်တဲ့အခါကျတော့ ဘယ်လိုမှကို မခံစားနိုင်လောက်အောင်၊ သူများထက်ကို အဆရာထောင်မက ပြင်းထန်တယ်လို့ ထင်ရလောက်အောင်ကို စိတ်ကထင်နေတော့တာ ဖြစ်ပါတယ်။ သူများလည်း ဒီရောဂါ ဒီဆေးပဲ သောက်ရတာပဲ၊ ကိုယ်လည်း ဒီအတိုင်းပဲ သောက်ရတာပါပဲ။ ကိုယ့်ကျတော့မှ ဆေးကပိုခါးနေသလို၊ ပိုများနေသလို၊ ပိုဈေးကြီးနေသလို ထင်နေတတ်ကြပြန်ပါတယ်။ ဒါဘာလဲဆိုတော့ ကိုယ်ကိုယ်တိုင် ခံစားဖြစ်ပေါ်လာတဲ့အခါ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ သူ့ဖြစ်တော့ ဘာမှမသိသလို၊ ဘာမှမခံစားရသလို ရှိနေခဲ့ကြပေမယ့် ကိုယ့်ဖြစ်တဲ့အခါကျတော့ ငါ့ကျမှလာပြီး ရွေးဖြစ်တယ်လို့ ထင်ကုန်တော့တာ ဖြစ်ပါတယ်။

တကယ်တော့ သူ့ကျတော့ဖြစ်တယ်၊ ငါ့ကျတော့ ဖြစ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ရုပ်တရားကို ပိုင်ဆိုင် ထားနေကြလို့သာ ဖြစ်ပါတယ်။ သူလည်းဒီရုပ်ခန္ဓာရှိလို့ ခံစားမှု ဖြစ်လာရတာ ဖြစ်သလို ကိုယ်လည်းပဲ ဒီရုပ်ခန္ဓာကို ပိုင်ဆိုင်ထားလို့ ဒီလိုခံစားကြရတာ ဖြစ်ပါတယ်။ အဲဒီလို ရုပ်ရှိကြလို့ ဖြစ်ကြရတဲ့ အပေါ်မှာ ပုထုဇဉ် သဘာဝ ငါစွဲအတ္တစွဲလေးတွေက ရှိနေကြတော့ ကောင်းတဲ့သဘောလေးတွေဆို ကိုယ်ပဲရယူပိုင်ဆိုင်လို၊ ခံစားလိုနေကြပြီး မကောင်းတဲ့ သဘောတွေဆိုရင်တော့ ကိုယ်မခံစားရ၊ ကိုယ်မဖြစ်ရရင် ပိုကောင်းနေတဲ့ သဘောတွေ ရှိနေကြတာ ဖြစ်ပါတယ်။ အရာရာ ကိုယ့်အလိုအတိုင်း မဖြစ်ဘဲ သူ့အလိုအတိုင်း ဖြစ်တတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ်တောင့်တသလို မဖြစ်တဲ့အခါ ကိုယ့်ဖြစ်တဲ့အခါကျတော့ အတူတူချင်းကိုပဲ ကိုယ်ကပိုဖြစ်တယ်၊ ကိုယ်က ပိုခံစားရတယ်လို့ ထင်နေတော့တာ ဖြစ်ပါတယ်။

အလားတူ ကောင်းတဲ့ခံစားမှုလေးတွေမှာလည်း ဒီအတိုင်းပါပဲ။ ကောင်းတာတွေဆိုတော့ ကိုယ်ပဲ ခံစားချင်၊ ရယူချင်နေတဲ့အတွက် ရတဲ့ဝေပုံချင်းအတူတူ ကိုယ်ရတဲ့အပေါ်မှာ နည်းတယ်၊ မကောင်းဘူးဆိုတဲ့ စိတ်အတွေးနဲ့ ပိုပိုပြီး ရချင်နေကြတော့ အများကြီးရခဲ့တာကိုပဲ အနည်းလေးရတယ်လို့ ထင်နေတတ်တာ ဖြစ်ပါတယ်။ ကောင်းတာတွေ၊ လိုချင်တာတွေဆိုတာကလည်း အလိုပြည့်တယ်ဆိုတာ မရှိတဲ့အတွက် ရပြီးရင်း ရချင်၊ လိုပြီးရင်း လိုချင်နေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့ သိန်းထောင်နဲ့ သန်းနဲ့ချီအောင် ချမ်းသာနေတဲ့သူတွေကို မေးကြည့် ထပ်ယူဦးမှာလားဆိုရင် ယူဦးမယ်ဆိုတာတွေပဲ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လောက်တောင်ချမ်းသာလို့၊ ဘလောက်အကျိုးခံစားရလို့ နောက်ထပ် မလိုတော့ဘူး၊ နားသွားပြီဆိုတာ မရှိပါဘူး။ ရပြီးရင်းရချင်၊ လိုပြီးရင်း လိုချင် ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒီလို အတောမသတ်နိုင်တဲ့ လောဘသဘောက ရှိနေတဲ့အတွက် မြတ်ဗုဒ္ဓက ရောင့်ရဲနိုင်အောင်ကြိုးစားကြဖို့ တိုက်တွန်းတော်မူခြင်း ဖြစ်ပါတယ်။ ရောင့်ရဲတယ်ဆိုတာ ဘာမှမလုပ်ဘဲ ရှိတာလေးကို ထိုင်စားနေဖို့ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရှိတဲ့ အနေအထားလေး အပေါ်မှာ သက်သောင့်သက်သာ ဖြစ်အောင် နေထိုင်ကြည့်ဖို့ ဆိုခြင်းဖြစ်ပါတယ်။ ဘယ်သူကတော့ ဘယ်လောက်ဖြစ်တယ်၊ ဘယ်လိုချမ်းသာတယ်၊ ဘယ်လို သုံးနိုင်တယ် စသဖြင့် သူများသုံးနိုင်၊ ဖြုန်းနိုင်၊ စားနိုင်သောက်နိုင်တဲ့ အပေါ်တွေမှာ အားမလိုအားမရ၊ ကြိတ်မနိုင်ခဲမရ မဖြစ်ကြဘဲ ကိုယ့်ရှိတဲ့အပေါ်မှာပဲ ရှိသမျှ၊ ရသမျှနဲ့ ကျေနပ်နိုင်အောင် ကိုယ့်ရဲ့လောဘကို အကန့်လေးလုပ်ကြည့်ကြဖို့ မိန့်တော်မူခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ မြတ်ဗုဒ္ဓ မိန့်တော်မူသလိုပဲ လောဘကို အကန့်လေးထားနိုင်မယ်ဆိုရင် ခုနပြောခဲ့တဲ့ ကိုယ့်ကျတော့နည်းတယ်၊ သူ့ကျတော့ များတယ်ဆိုတဲ့ အမြင်ခံစားချက်မျိုး နည်းလာနိုင်ပါတယ်။ ကိုယ်ရရှိခံစားရတဲ့ အတိုင်းအတာလေး အပေါ်မှာပဲ အလိုက်သင့် သက်သောင့်သက်သာ ဖြစ်အောင် နေထိုင်လာနိုင်ပါတယ်။ ဒီထက်ပိုပြီး အမြင်တွေမှန်ချင်တယ်၊ အမှန်အတိုင်း အရှိအတိုင်း လက်ခံချင်တယ် ဆိုရင်တော့ အမှန်အတိုင်းမြင်စေနိုင်တဲ့ ဉာဏ်မျက်စိရအောင် ကြိုးစားဖို့ပဲ ရှိပါတယ်။ အရှိကိုအရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း၊ မမြဲတာကို မမြဲတဲ့အတိုင်း၊ မြဲတာကို မြဲတဲ့အတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း၊ အပျက်ကို အပျက်အတိုင်း မြင်နိုင်ဖို့ကတော့ သတိပဋ္ဌာန် အလုပ်အားထုတ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဝိပဿနာ သတိပဋ္ဌာန် အလုပ်ကို ကြိုးစားအားထုတ်ထားကြတဲ့ သူတွေကတော့ ယထာဘူတံ ပဇာနာတိ - အရှိကို အရှိအတိုင်းသိလို့ ဆိုတဲ့အတိုင်း ဖြစ်စဲဖြစ်ခိုက်ကို အရှိအတိုင်းပဲ မြင်အောင်ကြည့်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သူများတယ်၊ ကိုယ်နည်းတယ်၊ ကိုယ့်ကျတော့ ပိုကြီးတယ်၊ သူ့ကျတော့ ပိုသေးတယ်ဆိုတဲ့ အမြင်အတွေးမျိုး ဝင်လာကြမှာ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင်တော့ နှစ်ဆယ်ရှိရင် နှစ်ဆယ်ပဲ မြင်ကြမှာဖြစ်ပြီး ဆစ်ဆယ်ရှိရင်လည်း ရှစ်ဆယ်ပဲ မြင်လာကြတော့မှာ ဖြစ်ပါတယ်။

ဆိုလိုတာက လူအတော်များများရဲ့ စိတ်အစဉ်ဟာ ကောင်းတာတွေကျတော့ အများကို အနည်းလို့ မြင်နေထင်နေတတ်ပြီး မကောင်းတာတွေကျတော့ အနည်းကို အများလို့ ထင်နေတတ်ကြောင်းနဲ့ ဒီလို ထင်နေတတ်ခြင်းဟာ ပုဂ္ဂိုလ်သတ္တဝါ အသီးသီးမှာ ရှိနေကြတဲ့ ငါစွဲလေးများနဲ့ အယူလွဲလေးများကြောင့်သာ ဖြစ်ကြောင်း၊ ဒါကြောင့် ဒီလို အမြင်လွဲလေးတွေ မဖြစ်ရအောင် ကိုယ့်သန္တာန်မှာရှိတဲ့ လောဘကို အကန့်လေးနဲ့ထားနိုင်အောင် ကြိုးစားရင်း အသေးအကြီး၊ အနည်းအများကို အရှိအတိုင်း မြင်စေဖို့ ဝိပဿနာ တရားအလုပ်ကိုသာ ကြိုးစားအားထုတ်ဖို့ လိုကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ရုပ်တရားပိုင်ဆိုင်ထားတဲ့ သူတွေမှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရှိနေခြင်းကြောင့် ရရှိလာတဲ့ ခံစားချက်ဆိုတာလည်း အကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် ဘယ်သူ့ဘယ်သူမှ အနည်းအများ၊ အသေးအကြီးဆိုတာ မထားဘဲ အတူတူပဲ ဖြစ်စေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သတ္တဝါတိုင်း ရရှိလာခဲ့ကြတဲ့ ခန္ဓာကိုယ်နဲ့ စိတ်မှာပဲ သုခဒုက္ခဆိုတာ ရှိနေတာဖြစ်တဲ့အတွက် သုခပဲဖြစ်ဖြစ်၊ ဒုက္ခပဲဖြစ်ဖြစ် အရှိအတိုင်း မြင်သိကြဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တိပိဋကဆရာတော် အမိန့်ရှိတော်မူတဲ့ နှစ်ဆယ်ရှစ်ဆယ် သီအိုရီလိုပဲ သတ္တဝါ အတော်များများဟာ ကောင်းတာဆိုရင် ကိုယ့်ကျတော့နည်းတယ်၊ သူ့ကျတော့ များတယ်လို့ ထင်မြင်နေတတ်ပြီး၊ ဆိုးတာဆိုရင် ကိုယ့်ကျတော့ကြီးတယ်၊ သူ့ကျတော့ သေးတယ်လို့ ထင်မြင်နေတတ်ကြတဲ့အပြင် ဒီအထင်အမြင်များကြောင့် ဖြစ်ပေါ်လာခဲ့ရတဲ့ ဒုက္ခများဟာလည်း ပိုပိုများလာနေတတ်တဲ့အတွက် ဒီလိုထင်မြင်ယူဆမှုမျိုးကို အရှိအတိုင်း၊ အမှန်အတိုင်း မြင်စေနိုင်ဖို့ ကိုယ့်စိတ်ကို အကန့်လေးများနဲ့ ထိန်းချုပ်ကာ သတိပဋ္ဌာန် အလုပ်ကိုသာ ကြိုးစားအားထုတ်ဖို့သာ ရှိပါတော့ကြောင်း တင်ပြရင်း နှစ်ဆယ်ရှစ်ဆယ် သီအိုရီကို အကြောင်းပြုလို့ အသိတစ်ခုရစေဖို့ ကောင်းမှုတစ်ခု ပြုလိုက်ရပါတယ်။

1 မှတ်ချက်များ (...ရေးရန်):

  • သိသလိုလိုနဲ့ မသိဖြစ်နေတဲ့ အချက်လေးတွေပါ၊ အလုံးအတွက် သတိပြုနိုင်အောင် ရေးသား ဆုံးမနိုင်တဲ့ ဆရာတော်ရဲ့ အရေးအသားအတွက် အလွန်ကျေးဇူးတင်ပါတယ်ဘုရား။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ