အောင်မြင်ခြင်း၏ အဓိကပဲ့ကိုင်ရှင် (သို့) အကြီးအမှူးကြီး လေးပါး

ဒကာတစ်ယောက်က “ယခုဘဝတွင် လူတိုင်းအောင်မြင်မှုကို ရနိုင်ပါသလားဘုရား” ဟူသော အမေးတစ်ခုကို မေးဖူး၏။ သူ့အမေးနှင့် ပတ်သက်၍ “အကယ်၍ အတိတ်ကံ မရှိသဖြင့် ထင်သလောက် မအောင်မမြင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပဲ့ကိုင်ရှင်ကောင်းကောင်းသာ ရှိထားလျှင် ထိုပဲ့ကိုင်ရှင်များ၏ ပံ့ပိုးမှုဖြင့် အထိုက်အလျောက် အကျိုးသက်ရောက်မှုကား ရှိနေမည်မှာ အသေအချာပင် ဖြစ်ပါကြောင်း” ယေဘုယျအားဖြင့် ဖြေကြားပေးဖြစ်၏။ ပဲ့ကိုင်ရှင်ဟု ခေတ်စကားဖြင့် တင်စားပြီး ဆိုလိုက်ရသော်လည်း စင်စစ် အောင်မြင်လိုသူများ အဓိကလက်ကိုင် ထားသင့်သည်မှာ အကြီးအမှူတရား လေးပါးပင် ဖြစ်ပါ၏။ ထိုအကြီးအမှူးတရားသည် အောင်မြင်လိုသူများအား အောင်မြင်မှုရအောင် ဘက်ပေါင်းစုံမှ ထိန်းချုပ်ပေးတတ်သည့် သဘောရှိသဖြင့် ဤနေရာတွင် ပဲ့ကိုင်ရှင်ဟု တင်စားလိုက်ခြင်းပင် ဖြစ်ပါ၏။ အကြီးအမှူးဟူသော စကားကို ပါဠိဘာသာတွင် အဓိပတိဟု ဖွင့်ပြ၏။ ပဋ္ဌာန်းဒေသနာတော်တွင် အကြီးအမှူးပြု၍ ကျေးဇူးပြုတတ်သည့် ပစ္စည်းကို အဓိပတိပစ္စည်းဟု ရှင်းပြထား၏။

ပဋ္ဌာန်းဒေသနာတော်သည် အကြောင်းနှင့်အကျိုးကို ဆပ်စပ်ပြတော်မူသည့် ဒေသနာတော် ဖြစ်သည့်အလျောက် အဓိပတိပစ္စည်းနှင့် ပတ်သက်၍လည်း အကြီးအမှူးဟူသည့် ပဲ့ကိုင်ရှင် အကြောင်းကောင်းကြောင့် အောင်မြင်ခြင်းဟူသည့် အကျိုးကောင်းကို ရရှိနိုင်ကြောင်း ကြောင်းကျိုးဆက်စပ်ကာ နားလည်နိုင်မည် ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော် အဓိပတိပစ္စည်းအဖွင့်တွင် ထိုအကြီးအမှူး အဓိပတိတရား လေးပါးရှိကြောင်း ဖွင့်ဆိုရှင်းပြထား၏။ ယင်းလေးပါးမှာ ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိနှင့် ဝိမံသာဓိပတိတို့ပင် ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော် အဖွင့်အရ ဆန္ဒဟုဆိုအပ်သော အဓိပတိသည် ဆန္ဒနှင့်ယှဉ်သော စိတ်စေတသိက် တို့ကိုလည်းကောင်း၊ ထိုဆန္ဒနှင့်ယှဉ်သော စိတ်စေတသိက်လျှင် ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်တို့အားလည်းကောင်း အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုကြောင်း၊ အခြားသော ဝီရိယ၊ စိတ္တ၊ ဝီမံသဟု ဆိုအပ်သော အဓိပတိသည်လည်း ဆိုင်ရာတရားတို့နှင့်ယှဉ်သော စိတ်စေတသိက်တို့ကိုလည်းကောင်း၊ ထိုတရားတို့နှင့် ယှဉ်သောစေတသိက်လျှင် ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်တို့အားလည်းကောင်း အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုကြောင်း စသည်ဖြင့် မှတ်သားနိုင်ကြမည် ဖြစ်၏။

ပဋ္ဌာန်းဒေသနာတော် အဖွင့်အရ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဟူသော အဓိပတိ တရားလေးပါးသည် ထိုတရားလေးပါး လက်ကိုင်ထားသူများအား လိုလားတောင့်တအပ်သည့် ကောင်းကျိုးချမ်းသာများ ပြည့်စုံအောင်မြင်အောင် ပဲ့ကိုင်လမ်းညွန်ပေးနေသည့် အကြီးအမှုးများသဖွယ် ကျေးဇူးပြုပေးနေသည်ကို နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်၏။ စင်စစ်အားဖြင့် ထိုအဓိပတိ တရားလေးပါးသည် ဘုရားအလောင်း သူတော်ကောင်းကြီးများ သန္တာန်တွင် အဖြစ်များပြီး ထိုသူတော်ကောင်းများ၏ ဖြည့်ကျင့်နေသည့် ပါရမီများ လမ်းချော်မသွားအောင် ပဲ့ကိုင်လမ်းညွန် ပေးနေသည့် အကြီးအမှူးကြီးများ ဖြစ်သော်လည်း သာမန်ပုဂ္ဂိုလ်များ အတွက်လည်း ထိုအဓိပတိတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်နိုင်ပါက ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးများနှင့် အောင်မြင်မှုများကို ဧကန်မုချ ရစေနိုင်သည့် အထောက်အပံ့ တရားများပင် ဖြစ်ပါ၏။

မှန်၏။ မည်သူမဆို ဤအဓိပတိတရားလေးပါးကို လက်တွေ့ဘဝတွင် အသုံးချမည်ဆိုပါက ဖြစ်ချင်ခြင်းဆန္ဒ၊ ကြိုးစားအားထုတ်မှု ဝီရိယ၊ စိတ်အစဉ် ကြည်လင်ကောင်းမွန်မှု စိတ္တ၊ အကြောင်းအကျိုး အကောင်းအဆိုးကို ဆင်ခြင်ဆုံးဖြတ်နိုင်မှု ပညာ တရားများအဖြစ် အသုံးချနိုင်မည်သာ ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော်တွင် ဝီမံသာဓိပတိဟု ဆိုသော်လည်း ထိုအဓိပတိ၏ တရားကိုယ်မှာ ပညာပင်ဖြစ်၏။ ထို့ကြောင့် အောင်မြင်ခြင်းအတွက် အဓိကပဲ့ကိုင်ရှင်များဟု ဆိုလျှင် ဆန္ဒ၊ ဝီရိယ၊ စိတ္တနှင့် ပညာတရား ဤလေးပါးပင် ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။ အတိတ်ဘဝ အကြောင်းတရား တစ်ခုခုကြောင့် ကံမကောင်း အကြောင်းမလှမှုများ မည်မျှပင် ရှိနေသော်ငြားလည်း လက်တွေ့ပစ္စုပ္ပန်ဘဝတွင် ဤအဓိပတိတရား လေးပါးကိုသာ အသုံးချလိုက်နာ ကျင့်သုံးနိုင်မည်ဆိုပါက မဖြစ်နိုင်သည့်အရာဟူသည် မရှိနိုင်သည်အထိပင် အကျိုးတရားကို လက်တွေ့ခံစားနိုင်ကြမည်သာ ဖြစ်ပါ၏။

အနည်းငယ် ချဲ့၍ဆိုရသော် လောကလူသားများ အနေဖြင့် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်ပါစေ ရှေးဦးစွာ လိုအပ်သည်မှာ ပြင်းပြသည် ဆန္ဒပင် ဖြစ်၏။ ဆန္ဒ၏ သဘောမှာ လိုချင်ခြင်း ဖြစ်သော်လည်း ထိုလိုချင်ခြင်းသည် လောဘကဲ့သို့ မတရားလိုချင်မှုမျိုး မဟုတ်ဘဲ ကောင်းသည့်အလုပ်များတွင် လက်တွေ့လုပ်ဖြစ်အောင် အထောက်အပံ့ ပြုပေးသည့် ကောင်းသည့်ဆန္ဒပင် ဖြစ်သဖြင့် အလုပ်ကောင်းများဖြင့် အကောင်းလုပ်လိုသူများအား ဤဆန္ဒတရားက ရှေးဦးစွာ ဦးဆောင်မှုကို ပေးထားသည့် ပဲ့ကိုင်ရှင်ပင် ဖြစ်၏။ အလုပ်ကောင်းတစ်ခုခုကို လုပ်မည်ဆိုလျှင် လုပ်လိုသည့် ဆန္ဒမရှိဘဲ ကြိုးစားအားထုတ်မှု ဟူသည်မှာလည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိသဖြင့် အလုပ်တစ်ခုကို လက်တွေ့လုပ်ဖြစ်နိုင်ဖို့အတွက် ဆန္ဒတရားသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေခြင်း ဖြစ်၏။ ဆန္ဒရှိမှ ဝီရိယလည်း ရှိမည်ဖြစ်သဖြင့် ကောင်းသည့်အလုပ်များတွင် ဆန္ဒတရား အဖြစ်များအောင် ကြိုးစား မွေးမြူကြရမည်သာ ဖြစ်၏။

ဆန္ဒတရား ဦးစီးထားလျှင် ကြိုးစားအားထုတ်မှု ဝီရိယ တရားသည်လည်း တဖြည်းဖြည်း တိုးပွားလာနေမည်သာ ဖြစ်၏။ အကြောင်းကြောင့် အကျိုးဖြစ်ခြင်း အပိုင်းတွင် ဆန္ဒသည် အကြောင်းတစ်စိပ်တစ်ဒေသအဖြစ် ဝီရိယကို အထောက်အပံ့ ဖြစ်စေနိုင်သော်လည်း လက်တွေ့တွင် ကြိုးစားအားထုတ်မှု ဝီရိယ၏ အခန်းကဏ္ဍသည် ပို၍ အင်အားကြီးပေ၏။ “ဝီရိယဝတော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ဝီရိယရှိလျှင် မပြီးမြောက်နိုင်သည့် အလုပ်ကိစ္စဟူသည် မရှိနိုင်ကြောင်း” ဆိုသကဲ့သို့ ဝီရိယတရား အကြီးအမှူးထားပြီး လက်တွေ့ကြိုးစား အားထုတ်သူများအား အနည်းဆုံးအနေဖြင့် ဝီရိယအကျိုးကို ခံစားနိုင်ကြစေမည်သာ ဖြစ်၏။ လက်တွေ့အားထုတ်သည့် ဝီရိယတရားက ပဲ့ကိုင်ပေးထားလျှင် အလုပ်လုပ်သူများအား အကျိုးရလာဘ် တရားကို ဧကန်မုချ ရစေနိုင်ကြမည် ဖြစ်သဖြင့် လူတစ်ဦးတစ်ယောက်၏ အောင်မြင်မှုအတွက် ဝီရိယသည် အကြီးအမှူး ပဲ့ကိုင်တရားအဖြစ် အထောက်အပံ့ ပြုနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။

အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုမှာ စိတ္တဟုခေါ်သည့် စိတ်ပင်ဖြစ်၏။ “စိတ္တေန နိယတေ လောကော - လောကကြီးကို စိတ်ကဆောင်သည်”ဟု ဆိုသည့်အတိုင်း အရာရာတွင် စိတ်ကဆောင်ထားပေ၏။ စိတ်မပါလျှင် အလုပ်မလာသကဲ့သို့ စိတ်မရှိလျှင် အလုပ်လည်း မရှိဖြစ်တတ်၏။ စိတ်မကောင်းလျှင် အလုပ်မကောင်းနိုင်သကဲ့သို့ စိတ်ကောင်းလျှင် အလုပ်လည်း ကောင်းနေမည်သာ ဖြစ်သဖြင့် စိတ်စေတနာ ကောင်းရှိရေးသည် လောကသားတို့၏ အောင်မြင်ရေးအတွက် အထူးအရေးကြီးလှပေ၏။ လောကီအလုပ်တွင်ဖြစ်စေ၊ လောကုတ္တရာ အလုပ်တွင်ဖြစ်စေ စိတ်စေတနာက အကြီးအမှူးပြု၍ ဦးစီးထားလျှင် လက်တွေ့လုပ်ဆောင်မှု အပိုင်းများတွင်လည်း စွဲမြဲနေပြီး အကျိုးသက်ရောက်မှု အကောင်းများကို ဖြစ်ပေါ်စေ၏။ ဆန္ဒလည်းရှိ၊ ကြိုးစားမှုလည်းရှိ၊ စိတ်ကလည်း ဆောင်နေမည်ဆိုလျှင် ဘဝတွင် အောင်မြင်မှုရရန် (၇၅)ရာခိုင်နှုန်း သေချာနေပြီဟု ဆိုရမည်ဖြစ်၏။

သို့သော် အပြည့်အဝ အောင်မြင်မှုရရန်အတွက်ကား ဝိမံသဟုခေါ်သည့် ပညာလည်း ရှိထားရန် လိုအပ်ပေ၏။ ဝီမံသာဓိပတိ၌ ဝီမံသအရ ပညာကိုရည်ညွှန်းခြင်းဖြစ်ပြီး မှန်ကန်သည့် ဆန္ဒ၊ မှန်ကန်သည့် ကြိုးစားမှုနှင့် ကောင်းမြတ်သည့် စိတ်အစဉ်ဖြစ်ရန်အတွက်လည်း ပညာက နှိုင်းချိန်ပဲ့ကိုင်ပေးနိုင်ရမည်သာ ဖြစ်၏။ ပညာမပါသည့် ကြိုးစားအားထုတ်မှုသည် အချိန်ကုန်ပြီး ထိရောက်မှု မရှိနိုင်သကဲ့သို့ ပညာနှင့်မယှဉ်သည့် စိတ်၊ ဆန္ဒများသည်လည်း လွဲမှားမှုကို ဖြစ်ပွားစေတတ်ပေ၏။ ထို့ထက်အလွန်ဆိုရသော် ကိလေသာပယ်ခွါရေးအတွက် အဓိကကျသည့် အရာမှာလည်း ပညာပင်ဖြစ်၏။ ထိုပညာကို ဝိပဿနာဉာဏ်ပညာဟုလည်း ဆို၏။ ပဋ္ဌာန်းဒေသနာတော်တွင် ဖွင့်ဆိုပြသည့် ဝီမံသခေါ် ပညာသည် ဘဝအထက်တန်းမြင့်ရေး၊ ဘဝအောင်မြင်ရေးအတွက် ပဲ့ကိုင်ပေးသည့် ပညာမျိုဖြစ်ပြီး ဝိပဿနာအလုပ် အားထုတ်သဖြင့် ရရှိလာသည့် ဝိပဿနာဉာဏ်ပညာသည်ကား ဘဝလွတ်မြောက်ရေး၊ ကိလေသာ ပယ်ခွါရေးကို အကြီးအမှူးပြုပေးသည့် တရားမျိုးဖြစ်၏။ ပညာသည် လောကီလောကုတ္တရာ ဘဝအထွေထွေ တိုးတက်အောင်မြင်ရေးအတွက် အဓိကပဲ့ကိုင်ပေးသည့် အကြီးအမှူးပင် ဖြစ်ပါ၏။

ဤသို့ဆိုသော် အတိတ်အနာဂတ်များအား အသာထားပြီး ယခုပစ္စုပ္ပန် တည့်တည့်တွင်ပင် ကြီးပွားချင်သာ လိုသူများသည် ဖြစ်ချင်သည့် ဆန္ဒ၊ ကြိုးစားအားထုတ်မှု၊ ဝီရိယ၊ ထက်သန်ကောင်းမွန် စွဲမြဲသည့် စိတ်စေတနာ၊ စဉ်းစားနှိုင်းချိန်နိုင်သည့် ပညာတရားများကို လက်ကိုင်ထား၍ ကြိုးစားနိုင်ကြမည်ဆိုပါက ဘဝတွင် အောင်မြင်မှု ရမည်မှာ အသေအချာပင် ဖြစ်သည်ကို ကောက်ချက်ချနိုင်မည် ဖြစ်၏။ ဆန္ဒသာရှိပြီး ကြိုးစားမှု မရှိလျှင်၊ သို့မဟုတ် ကြိုးစားမှုကားရှိ၏ အသိဉာဏ်နှင့် မယှဉ်လျှင်၊ သို့မဟုတ် ဆန္ဒ၊ ဝီရိယ၊ ပညာတရားများ ရှိနေသော်လည်း စိတ်ကောင်းစေတနာကောင်း မထားလျှင် ဘဝတွင် ထင်သလောက် အောင်မြင်မှုလည်း ရနိုင်မည် မဟုတ်လှပေ။ ပြည့်စုံမှန်ကန်သည့် အောင်မြင်မှုများအတွက်ကား ဤအဓိပတိတရား လေးပါးလုံး အကြုံးဝင်ပြည့်စုံအောင် ကြိုးစားရမည်သာဖြစ်ပြီး ဤတရားလေးပါး ရှိထားလျှင်လည်း ဤတရားများက တစ်စုံတစ်ယောက်၏ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားအောင်မြင်ရေးအတွက် အကြီးအမှူးပြုကာ ထိန်းကြောင်းပြုပြင် ပဲ့ကိုင်ပေးနေမည်သာ ဖြစ်၏။

ဆိုလိုသည်မှာ လူ့ဘဝကို ရလာသည့်သူများသည် ဘဝကောင်းနေပြီးသား ဖြစ်သဖြင့် အကောင်းရထားသည့် ဘဝတွင် အောင်မြင်မှု ရရန်အတွက်လည်း ခက်ခဲမှုမရှိနိုင်ကြောင်း၊ အတိတ်ကံဟူသည် လက်ရှိလူ့ဘဝ ရနေသည့်အချက်ဖြင့်ပင် ကောင်းနေပြီဟု ခံယူကာ ယခုလက်ရှိအချိန်တွင်သာ အောင်မြင်မှုကို အထောက်အကူ ပြုနိုင်သည့် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာဟူသည့် အကြီးအမှူးတရားများကို ပဲ့ကိုင်အဖြစ်ထားလျက် လိုရာပန်းတိုင် အရောက်လှမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ဆန္ဒကောင်း၏ ပံ့ပိုးမှုကို အခြေခံပြီး ကြိုးစားအားထုတ်မှု ဝိရိယ၊ အပြစ်ကင်းသည့် စိတ်စေတနာ၊ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ခွဲခြားစိစစ်တတ်သည့် ပညာဟူသည့် ဤအဓိပတိတရားလေးပါးကို ပဲ့ကိုင်အဖြစ် အသုံးပြုကာ ပစ္စုပ္ပန်၊ သံသရာ ဘဝအဖြာဖြာတွင် အောင်မြင်မှုရအောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုရင်းဖြစ်၏။

ထို့ကြောင့် အောင်မြင်မှုကို အလိုရှိကြသည့် သူများအနေဖြင့် အတိတ်ကိုလည်း ပုံမချ၊ အနာဂတ်ကိုလည်း မမျှော်မှန်းဘဲ ယခုပစ္စုပ္ပန်ဘဝမှာပင် မိမိတို့ အလိုရှိသည့် အောင်မြန်မှုကို အရယူနိုင်ရန်အတွက် အောင်မြင်ခြင်း၏ အဓိကပဲ့ကိုင်များဖြစ်သည့် ဆန္ဒ၊ ဝိရိယ၊ စိတ္တ၊ ပညာဟူသည့် အကြီးအမှူး အဓိပတိတရား လေးပါးကိုသာ ပြည့်စုံအောင်ကြိုးစားလျက် လိုရာပန်းတိုင်ကို အရောက်လှမ်းကိုင်ကြရမှာ ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းရင်း အဓိပတိတရားများဖြင့် အဓိပတိ လူသားများဖြစ်အောင် အချိန်ရှိခိုက် လုံ့လစိုက်ကြရန်လည်း ထပ်မံ၍ အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Read more »

အရိပ်

မနှစ်က ဘုန်းဘုန်းတို့ မြန်မာပြည်ကိုပြန်ကြွတုန်း ဘုန်းဘုန်းရဲ့ ဇာတိရွာကိုလည်း တရားဟောရင်း ရောက်ဖြစ်ခဲ့ပါသေးတယ်။ ဘုန်းဘုန်းတို့ရွာက ဒိုက်ဦးမြို့နယ်ထဲမှာရှိတဲ့ ရွာလေးတစ်ရွာဆိုတော့ မြို့ပေါ်ကနေ တိုက်ရိုက်ရွာအထိ ကားသွားလို့ မရသေးပါဘူး။ ဒါကြောင့် ကားနဲ့သွားလို့ ရသလောက်ပဲသွားပြီး ရွာထဲကို လမ်းလျှောက်သွားခဲ့ကြပါတယ်။ ရွာကအမျိုးတွေကတော့ နွားလှည်းနဲ့ကြွဖို့၊ ဒါမှမဟုတ် ဆိုင်ကယ်နဲ့ကြွဖို့ ပြောကြပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက ရွာရဲ့အလှနဲ့ ရွာရဲ့သဘာဝ၊ ပြီးတော့ တောသူတောင်သားတွေရဲ့ ဘဝရပ်တည်မှု အခြေအနေ အဝဝကို သူတို့နဲ့အတူ တစ်ထပ်တည်း၊ တစ်သားတည်း ခံစားချင်တာနဲ့ လမ်းလျှောက်ပြီး ကြွဖြစ်လိုက်ပါတယ်။ ခြစ်ခြစ်တောက် ပူနေတဲ့ နေပူကျဲကျဲထဲမှာ လေပြေလေညှင်း အေးအေးလေးနဲ့ လယ်ကွင်းပြင် ဖွေးဖွေးလေးတွေကိုကြည့်ရင်း လာကြိုသူတွေနဲ့ စကားပြောကာ ရွာထဲကို ဝင်လာဖြစ်ပါတယ်။ ပူလွန်းလှတဲ့ နေပူထဲမှာ နောက်ကဒကာတစ်ယောက်က ထီးနဲ့လိုက်မိုးပေးတဲ့အတွက် ထီးရိပ်အောက်က လိုက်လာရင်း အရိပ်တစ်ခုကို ခံစားမိပါတယ်။ ထီးရိပ်ကလည်း တစ်မျိုးအေးတာပဲလို့။

ဒီလိုနဲ့ ရွာအလယ်လမ်းကို ဖြတ်လျှောက်ဖြစ်တဲ့အခါ ရွာလယ်လမ်းမှာ စိုက်ထားတဲ့ ကုက္ကိုပင်၊ ခရေပင်တွေရဲ့ အရိပ်အောက် ရောက်ပြန်တော့ သစ်ပင်ရဲ့အရိပ် အေးမြမှုလေးကလည်း တစ်မျိုးလေးပါပဲ။ မယ်တော်ခမည်းတော်တို့ အိမ်ကိုရောက်တော့ အိမ်ဘေးနားမှာလာရောက် စုရုံးပြီး အပြုံးကိုယ်စီ၊ ပီတိကိုယ်စီနဲ့ ကြိုနေကြတဲ့ ဆွေမျိုးတွေကို မြင်ရပြန်တော့လည်း ဆွေမျိုးရိပ်ရဲ့ အေးရိပ်ငြိမ်ကို တိတ်ဆိတ်စွာပဲ ရင်ထဲက ခံစားမိပြန်ပါတယ်။ အိမ်မှာခဏနားပြီး ရွာဦးကျောင်းကိုကြွပြန်တော့ ဘုရားကျောင်းကန်အရိပ်ရဲ့ အေးမြမှုကလည်း တမူထူးခြားတဲ့ အရိပ်ကို ပုံဖော်ပေးနေသလို ဖြစ်နေပြန်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ဥပုသ်နေ့ဖြစ်နေတော့ ရွာဦးကျောင်းမှာ ဖွင့်ထားတဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာဘာဝနာ တရားသံကလည်း နားထဲကိုရောက်လာကာ ရင်ထဲမှာ လှိုက်တက်လာအောင် အေးချမ်းရတဲ့ ဓမ္မအသံ၊ ဓမ္မအရသာ၊ ဓမ္မအရိပ်ကို ခံစားမိခဲ့ပါတယ်။ အဲဒီနေ့ တစ်နေ့လုံး ဘုန်းဘုန်းမှာ အချိန်သာကုန်သွားတယ် ဘာပင်ပန်းမှုမှမရှိဘဲ အရိပ်မျိုးစုံအောင်မှာ ခရီးတစ်ထောက်ပေါက်သွားခဲ့ရပါတယ်။

ရွာကနေ ရန်ကုန်ကို ပြန်ကြွတဲ့ အပြန်လမ်းမှာတော့ အတွေးတွေကအစုံပါပဲ။ အဲဒီအတွေးတွေထဲမှာ မှတ်မှတ်ရရ တွေးမိခဲ့တာက အရိပ်တွေအကြောင်းပဲ ဖြစ်ပါတယ်။ တောရိပ်တောင်ရိပ် သစ်ပင်ရိပ်နဲ့ ဆွေးရိပ်မျိုးရိပ် ကျောင်းကန်ရိပ် အပါအဝင် ဘုရားအရိပ် တရားအရိပ်ကအစ အရိပ်မျိုးစုံကို ရသပြည့်စွာ ခံစားရင်း အရိပ်တွေရဲ့ အေးချမ်းမှုလေးတွေကို အတွေးနယ်ချဲ့ နေမိပြန်ပါတယ်။ အရိပ်ဆိုတာ ဘယ်လိုအရိပ်မျိုးပဲ ဖြစ်ဖြစ် နားခိုသူတွေကို တဒင်္ဂ အခိုက်အတန့်ပဲဖြစ်ဖြစ် အေးချမ်းမှုကို ပေးနိုင်ကြောင်း ခေတ္တခဏ ခိုခဲ့ဖူးတဲ့ အရိပ်တွေကအစ စိတ်ထဲမှာ တရေးရေးပေါ်လာရင်း အတိတ်က အရိပ်တွေကိုပါ တွေးနေမိပြန်ပါတယ်။

ဟုတ်ပါတယ်။ အရိပ်ဆိုရင် ထီးရိပ်ပဲဖြစ်ဖြစ်၊ သစ်ပင်တောတောင်တွေရဲ့ အရိပ်ပဲဖြစ်ဖြစ်၊ အမျိုးတွေရဲ့ အရိပ်ပဲ ဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အရိပ်ပဲဖြစ်ဖြစ်၊ ဘုရားကျောင်းကန်အရိပ်ပဲ ဖြစ်ဖြစ်၊ တရားဓမ္မရဲ့ အရိပ်ပဲ ဖြစ်ဖြစ် သူ့အတိုင်းအတာနဲ့သူတော့ အရိပ်ခိုသူတွေကို အေးစေတယ်ဆိုတာ အရိပ်ခိုဖူးသူတိုင်း သိရှိခံစားမိကြမှာ ဖြစ်ပါတယ်။ လိုအပ်နေတဲ့ အချိန်မှာ ခိုလှုံလိုက်ရတဲ့ အရိပ်ဟာ အကြာကြီးမဟုတ်၊ အကြီးကြီး မဟုတ်ပေမယ့် အဲဒီအခိုက်မှာတော့ တဒင်္ဂလောက်ပဲဖြစ်ဖြစ် အေးငြိမ်းမှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ပိုပြီးအေးချမ်းစေဖို့ကတော့ ကိုယ်ခိုလိုက်တဲ့ အရိပ်အပေါ်မှာပဲ သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အရိပ်ရဲ့ သဘာဝဟာ အေးမြစေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ခက်တာက ဒီနေ့ခေတ်မှာ “အရိပ်နေနေ အခက်ချိုးချိုး” လုပ်တတ်သူတွေကြောင့် အရိပ်တွေဟာ တဖြည်းဖြည်းနဲ့ ဆိတ်သုဉ်းလာနေတဲ့ အချက်ပဲ ဖြစ်ဖြစ်ပါတယ်။ အရိပ်လည်းခိုသေး အကိုင်းလည်းချိုးသေး ဆိုသလို နားခိုခွင့်ရတဲ့ အခိုက်အတန့်လေးမှာ ကျေးဇူးတရားကို အလေးမထားဘဲ အရိပ်ကို ဖျက်စီးတတ်တဲ့ သူတွေကြောင့် မိုးပေးရတဲ့ အရိပ်တွေဟာ အမိုးအကာမရှိ၊ အကိုင်းအခက်မရှိ၊ ထောက်တည်ရာမရှိဘဲ ခက်ကျဲကျဲတွေ ဖြစ်လာနေတဲ့ သဘောတွေလည်း ရှိနေပြန်ပါတယ်။ သစ်ရိပ်တောရိပ်တွေကို ခိုလှုံရင်း သစ်တောတွေကို ဖျက်စီးနေသူများ၊ ဆွေးရိပ်မျိုးရိပ်ကို ခိုကိုးရင်း အမျိုးအဆွေကို ကျေးဇူးကန်းသူများ၊ ကျောင်းရိပ်ကန်ရိပ်ကို ခိုဝင်ရင်း ကျောင်းကန်အပေါ် အပြစ်ပြောနေသူများ၊ ဓမ္မလမ်းကို အမှန်ခိုကိုးပြီး လျောက်လှမ်းခြင်းမရှိဘဲ တစ်ပိုင်းတစ်စ သိသမျှကို လိုသလို ထုတ်ယူပြီး တရားတော်အပေါ် တစ်လွဲဖော်နေကြသူများ စတဲ့စတဲ့ အခက်ချိုးသူများကြောင့် အရိပ်အစစ်တွေမှာ တဖြည်းဖြည်းနဲ့ ပျောက်ပျောက် လာနေတာတွေလည်း ရှိနေပြပါတယ်။

ရှိပါစေတော့။ အရိပ်တွေနဲ့ ပတ်သက်ပြီး ကျန်တဲ့သူတွေအနေနဲ့ ဘယ်လိုတွေးမယ်ဆိုတာ မသိနိုင်ပေမယ့် ဘုန်းဘုန်းအနေနဲ့ကတော့ ဘုန်းဘုန်းရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျောက်မှာ ခိုခဲ့ဖူးတဲ့ အရိပ်တွေ အများကြီးရှိပေမယ့် အဲဒီအရိပ် တွေထဲမှာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံး အရိပ်ကတော့ ဓမ္မရိပ်ပဲ ဖြစ်ပါတယ်။ ဓမ္မရိပ်ကတော့ ခိုလှုံလာတဲ့ သူတွေကို အရွယ်မရွေး၊ လူမျိုးမရွေး၊ ဂုဏ်ပကာသန မရွေးဘဲ အေးချမ်းမှုကို ပေးစေပါတယ်။ ဓမ္မရိပ်ဟာ ခိုကိုးတဲ့သူရဲ့ တုံ့ပြန့်မှု၊ ကြိုးစားအားထုတ်မှု စတာတွေကိုလိုက်ပြီး ငြိမ်းအေးမှု အကျိုးတရားကိုလည်း လက်တွေ့ဖြစ်ပေါ်စေပါတယ်။ ဘယ်လိုအရိပ်မျိုးက ဘယ်လောက်ပဲ အေးချမ်း ပါတယ်ပြောပြော အဲဒီအေးချမ်းမှု အရိပ်ပိုင်ရှင်များကိုယ်တိုင် နောက်ဆုံး ဓမ္မရိပ်ကို ခုံလှုံမှသာ တကယ်အေးချမ်းမှုကို ဖြစ်သွားစေတဲ့အတွက် အရိပ်တကာ အရိပ်တွေထဲမှာ ဓမ္မရိပ်သာ အကောင်းဆုံးလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

အရိပ်ပေါင်းစုံကို ခိုခဲ့ဖူးတဲ့ ဘုန်းဘုန်းအနေနဲ့ အခုအချိန်ထိ အမှတ်ရဆုံး၊ အကြိုက်ဆုံး အရိပ်ကတော့ သစ်ပင်တောတောင် အရိပ်တွေအောက်မှာ တရားအရိပ်နဲ့ နေရတဲ့အရိပ်ပဲ ဖြစ်ပါတယ်။ တိတ်ဆိတ်တဲ့ နေရာလေးမှာ တောတောင်ရဲ့အေးငြိမ်းမှု၊ အပြစ်ကင်းတဲ့ ငှက်ငယ်လေးတွေရဲ့ တေးဆိုမှုနဲ့ သန့်ရှင်းလှတဲ့ သဘာဝ လေအေးအေးကို ရှုရှိုက်နေရမှုတွေက ဓမ္မအရိပ် ခိုလှုံမှုကို ပိုပြီးအေးငြိမ်းစေတာ ဖြစ်တဲ့အတွက် သဘာဝအရိပ်အောက်မှာ ဓမ္မအရိပ်ဟာ အကောင်းဆုံး အေးရိပ်ပဲလို့ ဆိုခြင်း ဖြစ်ပါတယ်။ အခိုက်အတန့် အရိပ်တွေကနေ ထွက်ခွါပြီး ဘဝတစ်လျှောက်လုံး လုံခြုံအေးချမ်းမှုကို ဖြစ်စေတဲ့ ဓမ္မအရိပ်မှာ ခိုလှုံခွင့် ရတဲ့သူတွေရဲ့ အသံတွေကို နားထောင်ကြည့်ရင်လည်း အားလုံးက အေးချမ်းတဲ့ ဓမ္မအရိပ်ကသာ အကောင်းဆုံး အရိပ်လို့ တစ်သံတည်း ထွက်လာကြမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါဟာ တဒင်္ဂအရိပ်နဲ့ ထာဝရအရိပ် ကွဲပြားမှုရဲ့ သက်ရောက်မှုကြောင့်ပဲ ဖြစ်ပါတယ်။

သာမန်လူတွေအနေနဲ့ ဘဝရပ်တည်မှုတွေကနေ ထွက်ခွာပြီး တောရိပ်တောင်ရိပ်အောက်မှာ ဓမ္မရိပ်နဲ့ နေဖို့ဆိုတာ မလွယ်လှပေမယ့် ဘဝထဲမှာပဲ ဓမ္မတွဲထားနိုင်မယ်ဆိုရင် အရိပ်တွေက မိမိတို့ကို တစ်ထပ်တည်းလိုက်ပြီး အထိုက်အလျောက် အေးငြိမ်းမှုကို ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ ဘဝထဲမှာ ကောင်းမှုကုသိုလ် တွဲထားနိုင်မယ်ဆိုရင် ဒါဟာ ဓမ္မအရိပ်ကို ကိုယ်စားပြုထားတာ ဖြစ်တဲ့အတွက် အဲဒီအရိပ်ဟာ ကုသိုလ်လုပ်နေသူ အနားကနေ ခွာမသွားဘဲ အကြောင်းစုံတာနဲ့ အကောင်းစုံကို ဖြစ်စေတော့တာ ဖြစ်ပါတယ်။ ဘဝရပ်တည်မှုတွေထဲကပဲ ပြုသမျှအမှုတွေ၊ ပြောသမျှစကားတွေ၊ ကြံသမျှ အကြံတွေမှာ စိတ်စေတနာကောင်းတွေနဲ့ ပြုမှုပြောဆိုကြံစည်သူများအတွက် အဲဒီအမှုတွေရဲ့ အေးရိပ်တွေက နေရောင်လရောင်အောက်မှာ ရောက်သွားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့နောက်ကို အဲဒီသူရဲ့ အရိပ်ဟာ ထပ်ကြပ်မကွာလိုက်နေသလို ကောင်းမှုအရိပ်တွေကလည်း ထပ်ကြပ်မကွာလိုက်နေပြီး ကောင်းကျိုးတွေကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဘုရားစကား အငှါးထားပြီး ပြောရမယ်ဆိုရင်တော့ “အရာရာမှာ စိတ်ဟာအဓိက အခရာကျကြောင်း၊ အကယ်၍ တစ်စုံတစ်ယောက်ဟာ အလုပ်တစ်ခုခုမှာ စိတ်စေတနာကောင်းကောင်းနဲ့ ပြောဆိုပြုလုပ်မယ်ဆိုရင် အဲဒီသူရဲ့နောက်ကို ကုသိုကောင်းမှုက အစဉ်အမြဲရောက်နေမှာ ဖြစ်ကြောင်း၊ ဥပမာအားဖြင့် အရိပ်ဟာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုနဲ့အတူ အမြဲရှိနေသလိုမျိုးပဲ ဖြစ်ကြောင်း” မိန့်မှာတော်မူထားတဲ့ မြတ်ဗုဒ္ဓရဲ့ ဓမ္မပဒလာ ဓမ္မစကားကိုပဲ ကိုးကားပြီး ပြောရမှာ ဖြစ်ပါတယ်။ ဘုရားရှင်က ကုသိုလ်ကောင်းမှုရဲ့ အကျိုးတရားကို အရိပ်နဲ့တင်စားပြီး အရိပ်ဟာ သတ္တဝါအားလုံးရဲ့နောက်ကို တကောက်ကောက်လိုက်နေသလို ကောင်းမှုလုပ်သူနောက်ကို ကောင်းကျိုးတွေကလည်း ထပ်ကြပ်မကွာ လိုက်နေမှာဖြစ်ကြောင်း ဥပမာထား ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘဝထဲမှာပဲ အရိပ်ကောင်းတွေ ခိုချင်သူများအနေနဲ့ နေ့စဉ်ဖြတ်သန်းမှုတွေမှာ ကုသိုလ်ကောင်းမှုတွေ တတ်နိုင်သမျှတွဲပြီး ကုသိုလ်အရိပ်၊ ဓမ္မအရိပ်ကို ခိုလှုံနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက “ဘဝမှာ ခိုလှုံစရာ အရိပ်မျိုးစုံ ရှိနေပြီး အရိပ်မှန်သမျှဟာလည်း ခိုကိုးသူတွေကို သူ့အတိုင်းအတာနဲ့သူ အထိုက်အလျောက် အေးငြိမ်းမှုကို ဖြစ်စေတတ်ပေမယ့် ဓမ္မအရိပ်ကသာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံး အရိပ်ဖြစ်တာကြောင့် ကျန်တဲ့တခြားတခြား အရိပ်တွေကို ခိုလှုံရင်း ဘဝထဲမှာ ဓမ္မတွဲပြီး တရားအရိပ်ပါ ခိုလှုံနိုင်အောင် ကြိုးစားရမှာဖြစ်ကြောင်း၊ နေ့စဉ်အလုပ်တွေမှာပဲ စိတ်စေတနာကောင်းနဲ့ ပြုလုပ်ပြောဆိုနေသူတွေဟာ ကောင်းမှုတစ်ခုခုနဲ့ နေသူတွေဖြစ်တဲ့အတွက် ဒီကောင်းမှုရဲ့အရိပ်ဟာလည်း ပြုလုပ်သူနဲ့ တစ်ထပ်တည်းရှိနေတာဖြစ်လို့ ဒါဟာ ဓမ္မအရိပ်ကို ခိုလှုံနေခြင်းပင် ဖြစ်ကြောင်း၊ ဓမ္မအရိပ်ကို သီးသန့်ခိုကိုးနိုင်ခြင်း မရှိသေးသူတွေ အနေနဲ့လည်း နေ့စဉ်အလုပ်တွေမှာပဲ ကုသိုလ်ဖြစ်အောင် လုပ်ကိုင်ရင်း ဘဝထဲမှာ ဓမ္မတွဲပြီး ကောင်းမှုအရိပ်ကို ခိုနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း” စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လူတိုင်းလူတိုင်း အရိပ်တစ်ခုခုကို ခိုဖူးကြတာဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ခိုဖူးတဲ့အရိပ်ကို ကျေးဇူးတစ်ခုအနေနဲ့ တုံ့ပြန်မှု မပြုနိုင်တာတောင်မှ အရိပ်နေနေ အခက်ချိုးချိုး မဖြစ်ရအောင် အသိသတိနဲ့ ကြိုးစားနေထိုင်ရင်း ဘဝအရိပ်တွေထဲမှာ ဓမ္မအရိပ်ကို တွဲပြီးခိုတဲ့အနေနဲ့ ကိုယ်နဲ့မခွဲဘဲ အရိပ်သဖွယ် အမြဲရှိနေတတ်တဲ့ အကောင်းအဆုံး အရိပ်ဖြစ်တဲ့ ကုသိုလ်အရိပ်ကိုပါ ခိုလှုံနိုင်အောင် ကြိုးစားကြဖို့ကိုလည်း စေတနာထား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

ဘဝနဲ့ ဓမ္မ



  • ဘဝမှာ ဓမ္မမပါရင်
    အလှဆိုတာ ခဏပါပဲ။

    အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှ
    အလတ်တွေလည်း ဘဝအဖြာဖြာမှာ ဓမ္မပါမှ
    အကြီးတွေလည်း ဘဝအဆုံး ဓမ္မသုံးမှ
    တွေ့ကြုံလာရ တက်အကျနဲ့
    အကောင်းအဆိုး ကြောင်းအကျိုးကို
    ဓမ္မစကား၊ ဓမ္မအားနဲ့
    အလှတရား ရသွားစေမှာ အမှန်ပါပဲ။

    တွေကာမနှေး အသေအချာတွေးရင်
    ဓမ္မဆိုတာ အကျင့်သိက္ခာ အဖြာဖြာနဲ့
    အသိသတိ ထပ်တူရှိမယ့်
    အဆင့်မခွဲ အကျင့်မြဲရေးပါပဲ။

    ဒါကြောင့်...
    အစနဲ့အဆုံး
    ဘဝတစ်ခုလုံးမှာ အလှတွေဖုံးစေဖို့
    ခဏမကြည့် ဓမ္မနဲ့ညှိပြီး
    အသိအကျင့် ထပ်တူဆင့်လျက်
    ဘဝထဲမှာ ဓမ္မတွဲကာ
    လိုရာပန်းတိုင် သင်ဆွဲကိုင်လော့။ ။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ