ဘဝနဲ့ ဓမ္မ



  • ဘဝမှာ ဓမ္မမပါရင်
    အလှဆိုတာ ခဏပါပဲ။

    အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှ
    အလတ်တွေလည်း ဘဝအဖြာဖြာမှာ ဓမ္မပါမှ
    အကြီးတွေလည်း ဘဝအဆုံး ဓမ္မသုံးမှ
    တွေ့ကြုံလာရ တက်အကျနဲ့
    အကောင်းအဆိုး ကြောင်းအကျိုးကို
    ဓမ္မစကား၊ ဓမ္မအားနဲ့
    အလှတရား ရသွားစေမှာ အမှန်ပါပဲ။

    တွေကာမနှေး အသေအချာတွေးရင်
    ဓမ္မဆိုတာ အကျင့်သိက္ခာ အဖြာဖြာနဲ့
    အသိသတိ ထပ်တူရှိမယ့်
    အဆင့်မခွဲ အကျင့်မြဲရေးပါပဲ။

    ဒါကြောင့်...
    အစနဲ့အဆုံး
    ဘဝတစ်ခုလုံးမှာ အလှတွေဖုံးစေဖို့
    ခဏမကြည့် ဓမ္မနဲ့ညှိပြီး
    အသိအကျင့် ထပ်တူဆင့်လျက်
    ဘဝထဲမှာ ဓမ္မတွဲကာ
    လိုရာပန်းတိုင် သင်ဆွဲကိုင်လော့။ ။

Read more »

Facebook က အမေးတစ်ပုဒ် (၅)

Kaungmyat Thu
ဆရာတော် အရှင်ဘုရား... ကံကံ၏ အကျိုးကျေးဇူးဆိုတာ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ပဲ ဆိုင်ပါသလားဘုရား။ အလုပ်ကောင်းပြီး စေတနာမကောင်းရင် ကံကောင်းပါသလားဘုရား။ စေတနာကောင်းပြီး အလုပ်မကောင်းရင်ရော ကံဆိုးပါသလားဘုရား။ လူတိုင်းမှာ အမှားကိုယ်စီ ရှိကြပါတယ်ဘုရား မရှောင်နိုင်လို့ မှားခဲ့ရင် ကံဆိုးပါသလားဘုရား။ ကရုနာရှေ့ထားပြီး ပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ဘုရား။

Ashin Vicitta ‎>> Kaungmyat Thu
ကံဆိုတာ အလုပ်ကိုပြောတာဖြစ်ပြီး အလုပ်ဆိုတာမှာလည်း စေတနာပါတဲ့ အလုပ်ကသာ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ ဖြစ်ပါတယ်။ စေတနာ စေတသိက်ဟာ စိတ်ကိုလှုံဆော်ပေးတဲ့ အရာဖြစ်ပြီး ကောင်းတဲ့အလုပ်တွေမှာလည်း စေတနာက ယှဉ်နေပြီး မကောင်းတဲ့အလုပ်တွေမှာလည်း စေတနာက ယှဉ်နေတတ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့အလုပ်တွေ ဖြစ်ပေမယ့် စေတနာမပါရင်၊ စေတနာအားနည်းရင် အကျိုးသက်ရောက်မှုလည်း မရှိဘဲ အားနည်းနေတတ်သလို၊ မကောင်းတဲ့ အလုပ်တွေမှာလည်း စေတနာ မပါရင်၊ စေတနာ မရှိရင် အကျိုးသက်ရောက်မှုလည်း မရှိဘဲ ဖြစ်နေတတ်ပါတယ်။ အကျိုးသက်ရောက်မှုကောင်း ရှိခြင်းမရှိခြင်းဟာ ကံကောင်းခြင်း၊ မကောင်းခြင်းပဲ ဖြစ်ပါတယ်။ ဒီသဘောအရ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် ကောင်းတဲ့အလုပ်တွေမှာ စေတနာကောင်းရှိဖို့လိုသလို၊ တကယ်လို့ ကောင်းတဲ့အလုပ်တွေမှာ စေတနာ မပါခဲ့ရင်လည်း ကောင်းကျိုးမရရုံလောက်သာဖြစ်ပြီး အပြစ်သက်ရောက်မှုက မရှိနိုင်တဲ့အတွက်ဖြေဆည်လို့ ရနိုင်ပေမယ့် မကောင်းတဲ့အလုပ်တွေမှာတော့ မလုပ်ဘဲ နေနိုင်အောင် ကြိုးစားတာက အကောင်းဆုံးပါပဲ။ မရှောင်နိုင်လို့ မဖြစ်မနေ လုပ်ရတဲ့ အခါ မကောင်းတဲ့ အလုပ်တွေမှာတော့ စေတနာမပါအောင် အထူးကြိုးစားရမှာ ဖြစ်ပါတယ်။

ခက်တာက ပုထုဇဉ်ပုဂ္ဂိုလ်တွေရဲ့ စိတ်ဟာ ဘယ်လောက်ပဲ ခိုင်ပါတယ်ပြောပြော သဒ္ဓါတရား မမြဲသေးတဲ့အတွက် တစ်ခါတလေ စေတနာမပါဘူးလို့ ဆိုနေပေမယ့် စေတနာ ပါသွားတာတွေက အများကြီးပါပဲ။ အဲဒီလို အမြဲပြောင်းနေတဲ့အတွက် ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် လုပ်တဲ့အခါမှာ စေတနာ မပါအောင် ကြိုးစားပေမယ့် ပါသွားတာတွေရှိတတ်သလို၊ စေတနာပါအောင် ကြိုးစားပေမယ့်လည်း မပါတတ်တာတွေလည်း ရှိတတ်ပါတယ်။ လုပ်တဲ့သူရဲ့ စိတ်အစဉ်နဲ့ စေတနာမှာပဲလိုက်ပြီး အကျိုးသက်ရောက်မှု ရရှိမရှိ၊ ကံကောင်းမကောင်းဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ စိတ်စေတနာဟာ မတည်ငြိမ်တဲ့အတွက် ကောင်းတဲ့အလုပ်တွေမှာ လုပ်နိုင်သမျှ၊ လုပ်လို့ရသလောက် လုပ်ကြရမှာဖြစ်ပြီး မကောင်းတဲ့အလုပ်တွေမှာတော့ ရှောင်နိုင်သမျှ ရှောင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါလေးကို ပြန်ဖတ်ကြည့်ပါဦး။
http://www.facebook.com/note.php?note_id=215589285128027

Read more »

စိတ်တိုင်းမကျ ဖြစ်ခဲ့ကြရင်

ဘုန်းဘုန်းမှာ မရှိသင့်တဲ့ မကောင်းတဲ့ အကျင့်လို့ပဲ ပြောရမလား မသိဘူး။ “အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန် လုပ်တတ်တဲ့အကျင့်၊ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် လုပ်လိုက်ရမှ ကျေနပ်တတ်တဲ့အကျင့် ပြီးတော့ သူများလုပ်ရင်လည်း စိတ်တိုင်းမကျတတ်တဲ့ အကျင့်” စတဲ့ အကျင့်လေးတွေ ရှိနေပါတယ်။ အကျင့်ဆိုတာ စရိုက်ပဲ ဖြစ်တဲ့အတွက် ဘုန်းဘုန်းရဲ့ ဒီအကျင့်လေးတွေဟာ မွေးကတည်းက ပါလာတဲ့ စရိုက်လို ဖြစ်နေတာပါ။ ကိုယ့်ကိုယ်ကို သတိပြုကြည့်တဲ့အခါ တစ်ခါတစ်လေ သဒ္ဓါစရိုက်လေးတွေ အားကောင်းနေတတ်သလို၊ တစ်ခါတစ်လေလည်း ရာဂစရိုက်လေးတွေ အားကောင်းနေတတ်တာကို တွေ့ရပါတယ်။ ရာဂစရိုက်နဲ့ သဒ္ဓါစရိုက်က သဘောသွားချင်း ခပ်ဆင်ဆင်လေးပါ။ ဒီလိုစရိုက်တွေ ရှိတဲ့သူဟာ ရတနာသုံးပါး အပေါ်မှာ ကြည်ညိုမှု အားကောင်းတတ်သလို၊ သန့်သန့်ရှင်းရှင်းနဲ့ လှလှပပလေးတွေ၊ ကိလေသာ ဖြစ်စရာလေးတွေ အပေါ်မှာလည်း တပ်မက်နေတတ်ပြန်ပါတယ်။ ဒီစရိုက်ကြောင့်ပဲလား မသိဘူး။ အလုပ်တစ်ခုခုကို သေသေသပ်သပ် လုပ်နေမိတတ်သလို သူများက လုပ်ပေးလာလို့ မသေမသပ် ဖြစ်နေရင်၊ ခိုင်းတဲ့အတိုင်း ချက်ချင်းမြန်မြန်ဆန်ဆန် မလုပ်ရင် စိတ်ထဲမှာ ဘဝင်မကျဘဲ အလိုလို စိတ်တိုင်းမကျကို ဖြစ်နေတော့တာ ဖြစ်ပါတယ်။

ခုနောက်ပိုင်းတော့ ဒီအကျင့်ကို သတိကပ်ပြီး ထိန်းထိန်းသိမ်းသိမ်း နေနိုင်အောင် ကြိုးစားကြည့်တာ အရင်ကလောက် မဆိုးဘူးလို့ ထင်ရပါတယ်။ စိတ်အလိုမကျ ဖြစ်ခဲ့ရင်လည်း အသိသတိကပ်ပြီး သည်းခံတတ်တဲ့ အကျင့်လေးတွေနဲ့ တဖြည်းဖြည်း ရင့်ကျက်လာတာကို ကိုယ့်ကိုယ်ကို သတိထားမိလာပါတယ်။ တစ်ခါတစ်လေ စရိုက်အကျင့်လေးတွေ မကောင်းပေမယ့် ကောင်းတဲ့ အကျင့်လေးတွေနဲ့ ပြုပြင်ကြည့်တဲ့အခါ အကျင့်ဆိုးလေးတွေ တဖြည်းဖြည်း ပြောင်းလာတယ် ဆိုတာကို ကိုယ့်တွေ့နဲ့ယှဉ်ပြီး သဘောပေါက်လာမိပါတယ်။ အထူးသဖြင့် စိတ်တိုင်းမကျတဲ့ အခါတွေမှာ ကိုယ့်ကိုယ်ကိုယ် ဖြေဆည်ပြီး သက်သောင့်သက်သာဖြစ်အောင် လေ့ကျင့်လာနိုင်တာလေးတွေဟာ ဘဝအတွက်တော့ တကယ့်ကို တန်ဘိုးမဖြတ်နိုင်တဲ့ အမြတ်တစ်ခုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ စိတ်အလိုမကျတဲ့အခါ၊ ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့အခါ ခံစားရတဲ့ စိတ်အစဉ်နဲ့ ပြောင်းလွဲသွားတဲ့ အမူအရာ အသွင်အပြင်တွေဟာ ခုနောက်ပိုင်းတော့ သိသိသာသာ လျော့နည်းလာတယ်လို့ ခံစားမိပါတယ်။ အဓိကကတော့ စိတ်တိုင်းမကျတဲ့အခါ ဖြေဆည်လာတတ်တဲ့အတွက် ကိုယ့်ကိုယ်တိုင် သက်သောင့်သက်သာ ဖြစ်လာတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် ပုထုဇဉ်တွေဟာ စိတ်တိုင်းမကျတာတွေကြောင့် နေ့စဉ်နဲ့အမျှ ပင်ပန်းနေကြတာတွေက အများကြီးပါပဲ။ ထစ်ခနဲဆို စိတ်အလိုမကျဖြစ်လိုက်၊ ဗြုန်းကနဲဆို စိတ်တိုင်းမကျ ဖြစ်လိုက်နဲ့ တစ်ခါတစ်လေ ဘာကြောင့်လဲလို့ ပြန်တွေးကြည့်ရင် အကြောင်းပြစရာ မရှိတဲ့အဖြစ်ပါ။ တစ်ယောက်တည်းနေလည်း စိတ်တိုင်းမကျဖြစ်နေတတ်သလို၊ အများနဲ့ နေတဲ့အခါတွေမှာလည်း စိတ်တိုင်းမကျတာတွေက ဖြစ်ဖြစ်နေကြပြန်ပါတယ်။ နေချင်တဲ့သူနဲ့ အတူနေရတော့လည်း စိတ်တိုင်းမကျ ဖြစ်ကြပြန်သလို မနေချင်တဲ့သူတွေနဲ့ အတူနေရတော့လည်း စိတ်တိုင်းမကျ ဖြစ်ကြရပြန်ပါတယ်။ ကိုယ့်ဖာသာကိုဖန်တီး ကိုယ့်ဖာသာကိုယ် လုပ်နေတဲ့ အလုပ်တွေမှာတောင် စိတ်တိုင်းမကျတာတွေ ဖြစ်ဖြစ်နေပြီး တစ်ယောက်တည်း ဒေါသဖြစ်လိုက်၊ အော်လိုက်ဟစ်လိုက် လုပ်နေကြတာတွေ ရှိသလို ကိုယ်ခိုင်းလို့ အဆင်မပြေပြန်ရင်လည်း စိတ်တိုင်းမကျဖြစ်ပြီး ဆူလိုက်ဆဲလိုက် လုပ်ဖြစ်နေပြန်ပါတယ်။ ကိုယ်ပဲလုပ်၊ ကိုယ်ပဲခိုင်းပြီး ကိုယ်ပဲစိတ်တိုင်းမကျ ဖြစ်နေတတ်တာဆိုတော့ ခံစားရတော့လည်း ကိုယ်ပဲဖြစ်နေတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ့်အလိုအတိုင်း မဖြစ်ရာက စိတ်တိုင်းမကျဖြစ်ပြီး ကိုယ်ကိုယ်တိုင်ပဲ ဒုက္ခလှလှတွေ့ကြရတာ ဖြစ်ပါတယ်။

အမှန်တော့ သေချာတွေးကြည့်ရင် စိတ်တိုင်းကျဖို့ဆိုတာ သူများတွေအပေါ်မှာ မပြောနဲ့ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်စိတ်တိုင်းကျ မဖြစ်တာတွေက အများကြီးပါပဲ။ တစ်နေ့ကုန်လို့ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ကြည့်ရင် စိတ်တိုင်းကျတာတွေက များသလား၊ စိတ်တိုင်းမကျတာတွေက များသလားဆိုရင် စိတ်တိုင်းမကျတာတွေကပဲ များနေတတ်ပါတယ်။ ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ ကိုယ့်အလုပ်တွေမှာ စိတ်တိုင်းမကျ ဖြစ်နေတတ်ခဲ့သလို ကိုယ့်အခြေအနေနဲ့ ကိုယ့်အရှိလေးတွေအပေါ် စိတ်တိုင်းမကျ ဖြစ်နေတတ်တာတွေလည်း ရှိပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင်၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းမကျ ဖြစ်နေကြတာဆိုတော့ သူတပါးအပေါ်မှာ၊ သူတပါးနဲ့ ပတ်သက်တာတွေမှာ ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာက ပိုလိုတောင် ဆိုးသွားတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

တစ်ခါတစ်လေ ဘဝမှာ ဖြစ်တတ်တာလေးတွေ ရှိပါတယ်။ ကိုယ်တန်ဘိုးထားတဲ့ သူ၊ ကိုယ်တန်ဘိုးထားတဲ့ အရာတွေကို ကိုယ်ကကိုယ့်စိတ်တိုင်းကျ ဖြစ်စေချင်တာလေးတွေပါ။ ကိုယ်ထားသလိုနေ၊ ကိုယ်ပြောသလိုလုပ် ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေတာပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ကိုယ့်သဘောအတိုင်း မဖြစ်တာတွေက အများကြီးပါပဲ။ လိုချင်တာတွေ၊ ဖြစ်စေချင်တာတွေ များလေလေ၊ စိတ်တိုင်းမကျတာတွေက များနေလေပဲ ဖြစ်ပါတယ်။ သူများမပြောနဲ့ ကိုယ်ကိုယ်တိုင်လည်း လိုချင်မှုတွေ၊ ဖြစ်ချင်မှုတွေ၊ ရချင်မှုတွေ များနေတဲ့အခါ ထင်တိုင်းမဖြစ်လို့ စိတ်ညစ်ရတာတွေ၊ စိတ်တိုင်းမကျ ဖြစ်ရတာတွေ၊ အလိုမကျ ဖြစ်ရတာတွေ အများကြီး ရှိနေတတ်တာကို သတိပြုကြည့်ရင် သိနိုင်ပါတယ်။

ဆိုတော့ကား ဒီလိုစိတ်တိုင်းမကျ ဖြစ်ရတာဟာ ဘာကြောင့်လဲလို့ စဉ်စားကြည့်တော့ လိုချင်မှုတွေ၊ ဖြစ်ချင်မှုတွေ၊ ရောင့်ရဲတင်းတိမ်နိုင်ခြင်း မရှိမှုတွေ၊ နှလုံးသွင်း မမှန်ကန်မှုတွေကြောင့်လို့ပဲ ယေဘုယျ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင်က ဖြစ်ချင်လိုချင်မှုတွေများနေသမျှ၊ တင်းတိမ်ရောင့်ရဲနိုင်တဲ့ အကျင့်လေးတွေနဲ့ မနေနိုင်သေးသမျှ၊ အကုသိုလ်မဖြစ်အောင်၊ အပြစ်မဖြစ်အောင် တွေးမြင်တတ်တဲ့ အကျင့်လေးတွေ နည်းနေသမျှ ကိုယ့်ကိုယ်ကိုလည်း အလိုကျမှာ၊ စိတ်တိုင်းကျမှာ မဟုတ်သလို ကိုယ်ကိုယ်တိုင်က စိတ်တိုင်းမကျရင် ကျန်တဲ့သူတွေ ဘာပဲလုပ်ပေးလုပ်ပေး စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာလည်း မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ စိတ်ဆိုတာ အချိန်မရွေး ပြောင်းလဲဖြစ်ပျက်နေတတ်တဲ့ သဘောရှိတဲ့အတွက် အမျိုးမျိုး ဖြစ်နေတဲ့ ဒီစိတ်အစဉ်တွေရဲ့ အလိုအတိုင်း တစ်ထပ်ကျဖို့ဆိုတာက သာမန်လူတွေ အနေနဲ့ တကယ့်ကို မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ စိတ်ဟာ လွှတ်ထားရင် လွှတ်ထားတဲ့အလျောက် အဆင်းတွေနောက်၊ အသံတွေနောက်၊ အနံ့တွေနောက်၊ အရသာတွေနောက်၊ အထိအတွေ့တွေနောက်၊ အတွေးအကြံတွေနောက် တကောက်ကောက် လိုက်နေတတ်တဲ့ သဘောရှိတဲ့အတွက် သူဆွဲသွားတဲ့ အာရုံတိုင်းရဲ့ နောက်ကိုသာ လိုက်နေလို့ကတော့ ဘယ်တော့မှ စိတ်တိုင်းကျတယ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။ စိတ်အလိုပြည့်တယ်၊ စိတ်ကျေနပ်တယ်ဆိုတာ မရှိနိုင်ပါဘူး။

အဲဒီလိုဆိုတော့ စိတ်ကိုသူ့သဘောအတိုင်း လွှတ်ထားရင် ကျေနပ်နှစ်သက်မှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက် သူ့သဘောအတိုင်း မထားဘဲ ကိုယ့်ရဲ့အသိသတိနဲ့ပဲ ဒီစိတ်ကို ထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ်အောင်၊ စိတ်တိုင်းမကျတာတွေ လျော့နည်းလာအောင် ကြိုးစားအားထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။ သူဆွဲသမျှ အာရုံတွေနောက်ကို မရောက်သွားရအောင် ကိုယ့်ကိုယ်ကိုပဲ ဖြေဆည်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖြေဆည်ဖို့ဆိုတော့ အဓိကလုပ်ရမှာက စိတ်ကိုသတိကပ်နိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ စိတ်ကို သူဆွဲဆောင်ရာ အာရုံတွေနောက်ကို လိုက်မသွားမိအောင် ထိန်းဖို့ပဲဖြစ်ပါတယ်။ မြင်သမျှအရာတွေ၊ ကြားသမျှအသံတွေ၊ နံသမျှအနံ့တွေ၊ ခံစားသမျှ အရာသာတွေ၊ တွေ့ထိသမျှ အထိအတွေတွေ့မှာ သတိလက်လွတ် မခံစားမိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ အာရုံတွေနောက်ကို သတိလွတ်ပြီး လိုက်ခံစားမိလို့ စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်လည်း အချိန်မီသတိဝင်ကာ “အရာအားလုံးဟာ ကိုယ်ဖြစ်ချင်သလို မဖြစ်ဘဲ သူ့သဘော သူဆောင်နေပြီး အတ္တဆိုတာ မရှိ၊ အနတ္တပဲ ရှိတယ်” ဆိုတဲ့အချက်ကို အထပ်ထပ်နှလုံးသွင်းပြီး အကြိမ်ကြိမ် ဖြေဆည်နိုင်အောင် ကြိုးစားကြည့်ရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါ “ငါဆိုတာမရှိ၊ ငါ့ဥစ္စာဆိုတာ၊ ငါပိုင်ဆိုင်တယ်ဆိုတာ မရှိတဲ့ လောကကြီးမှာ ငါ့သဘောအတိုင်း ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း” သတိပြုဆင်ခြင်ပြီး ဖြေဆည်ကြည့်ရမှာ ဖြစ်သလို သူတပါးကို အကြောင်းပြုပြီး စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုနဲ့ ချိန်ထိုးကြည့်ကာ “ကိုယ်ကိုယ်တိုင်တောင် ကိုယ့်သဘောအတိုင်း မဖြစ်တာ၊ သူတပါးတွေကို ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” စသဖြင့် အသိသတိနဲ့ ဖြေဆည်ကြည့်ရမှာ ဖြစ်ပါတယ်။ အားလုံးကိုခြုံပြီး ဖြေဆည်ကြည့်ဖို့ကတော့ “သတိကပ်ပြီး စိတ်ကိုအာရုံတွေနောက် မလိုက်နိုင်အောင် ထိန်းချုပ်ကာ ဖြေဆည်ကြည့်ကြဖို့ပဲ” ဖြစ်ပါတယ်။

ဆိုလိုတာက ကိလေသာထူပြောလှတယ် လောကကြီးမှာ ကိလေသာတရားတွေနဲ့ နပန်းလုံးနေရတဲ့ သတ္တဝါများ အနေနဲ့ လိုချင်ဖြစ်ချင်တာတွေ များနေသမျှ၊ ကိုယ့်အတိုင်းအတာနဲ့ကိုယ် သက်သောင့်သက်သာ ဖြစ်အောင် တင်းတိမ်ရောင့်ရဲခြင်း မလုပ်နိုင်သေးသမျှ၊ တွေ့ကြုံလာသမျှ အရာတွေအပေါ်မှာ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းပြီး မနေနိုင်သေးသမျှ စိတ်တိုင်းမကျတာတွေ၊ အလိုမကျတာတွေ ဆိုတာ ရှိနေကြမှာဖြစ်ပြီး အဲဒီလို စိတ်အလိုမကျမှုတွေ ရှိနေသမျှ ကိုယ်စိတ်ဆင်းရဲမှုတွေလည်း ရှိနေကြဦးမှာ ဖြစ်တဲ့အတွက် ဒီလိုစိတ်အလိုမကျမှုတွေကနေ အထိုက်အလျောက် သက်သောင့်သက်သာဖြစ်ဖို့ ကိုယ့်ကိုယ်ကိုသာ အသိသတိနဲ့ ဖြေဆည်နိုင်အောင် ကြိုးစားရင် အာရုံတွေနောက်ကို စိတ်မလိုက်ဖြစ်အောင် လေ့ကျင့်နေထိုင်ကြရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်အလိုမကျမှုတွေ ခဏခဏ ဖြစ်တတ်ကြတဲ့ ဘုန်းဘုန်းအပါအဝင် လောကီဘုံသား သတ္တဝါများအနေနဲ့ နေရတဲ့အခိုက်မှာ စိတ်အလိုမကျဖြစ်တိုင်း ခံစားရတဲ့ ကိုယ်စိတ်ဒုက္ခတွေကနေ အထိုက်အလျောက် သက်သာမှုတွေ ဖြစ်စေဖို့ စိတ်ကိုသူ့အလိုအတိုင်း လွတ်မထားဘဲ အာရုံတွေနောက်ကို ဒီစိတ်က လိုက်မသွားခင် ကိုယ့်အနေနဲ့ အသိသတိဦးပြီး ကိုယ့်စိတ်ကို အမြန်ဆုံး ထိန်းချုပ်ကာ ဖြေဆည်နိုင်အောင်သာ အကြိမ်ကြိမ် ကြိုးစားကြည့်ကြပါလို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ