ဝိဘဇ္ဇဝါဒ နဲ့ Critical thinking…

ဝိဘဇ္ဇဝါဒဆိုတာ စိစစ်ဝေဖန် ပိုင်းခြားပြီး လက်ခံကျင့်သုံးတဲ့ အယူဝါဒဖြစ်ပြီး Critical thinking ဆိုတာကတော့ ဝေဖန်တွေးခေါ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို ဘာမှစဉ်းစားဆင်ခြင် သုံးသပ်ခြင်းမရှိဘဲ လက်ခံတဲ့သဘောမျိုး မဟုတ်ဘဲ အကြောင်းနဲ့အကျိုး၊ အဆိုးနဲ့အကောင်း ချင့်ချိန်ပိုင်းခြားကာ သဘာဝကျတဲ့ အကောင်းမျိုးဆိုရင် လက်ခံပြီး သဘာဝမကျတဲ့ မမှန်တဲ့အရာမျိုးဆိုရင် လက်ခံခြင်း မပြုတဲ့ သဘောကို ဝိဘဇ္ဇလို့ ပြောလိုက ပြောနိုင်မှာဖြစ်ပြီး တစ်ယောက်ယောက် တစ်ခုခုနဲ့ ပတ်သက်ပြီး စိစစ်တဲ့သဘော၊ သုံးသပ်တဲ့သဘော၊ ထောက်ပြဝေဖန်တဲ့ သဘောနဲ့ ကြံစည် တွေးခေါ်ခြင်းမျိုးကိုတော့ Critical thinking အနေနဲ့ ပြောလိုက ပြောနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Critical thinkingရဲ့ တစ်ချို့အဖွင့်တွေက အပြစ်ရှာတဲ့ သဘောနဲ့ တွေးခေါ်ခြင်းမျိုးကို ညွန်းဆိုတာတွေ ရှိတဲ့အတွက် ဝိဘဇ္ဇဝါဒရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့တော့ ကွာခြားမှုတွေ ရှိနိုင်ပါတယ်။ ဝိဘဇ္ဇဝါဒဟာ အပြစ်ရှာတဲ့ သဘောမျိုးမဟုတ်ဘဲ အကြောင်းအကျိုး ဆက်စပ်မှုရှိမရှိ၊ ယုတ္တိကျမှု ရှိမရှိစတာတွေကိုသာ ဝေဖန်စိစစ်ခြင်းသဘော ဖြစ်တဲ့အတွက် ဉာဏ်နဲ့ယှဉ်တဲ့ ဝေဘန်စိစစ်မှုလို့ ဆိုမယ်ဆိုက ဆိုနိုင်မှာ ဖြစ်ပါတယ်။

တစ်လောက ဒကာတစ်ယောက်နဲ့ စကားပြောတော့ သူက Critical thinking အကြောင်းကို ပြောလာပါတယ်။ ပြီးတော့ သူက “တပည့်တော်အမြင် အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ ဒီCritical thinkingဟာ တကယ်တော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) ကျော်လောက်ကတည်းက ဘုရားရှင်က ဖော်ထုတ်ထားပြီးသား ဖြစ်ပါတယ်၊ ကာလာမသူတို့သားတွေကို ဘုရားဟောတဲ့ အကြောင်းအရာတွေကိုကြည့်ရင် ဒီCritical thinkingရဲ့ သဘောတွေကို တွေ့ရမှာ ဖြစ်ပါတယ်၊ တပည့်တော် သေသေချာချာ မပြောတတ်ပေမယ့် ဒီခေတ်လူတွေ ပြောနေကြတဲ့ Critical thinking ဆိုတာ ဗုဒ္ဓဘုရားရှင် ထုတ်ဖော်ဟောကြားထားတဲ့ ကာလာမသုတ် တရားတော်လောက် မပြည့်စုံ၊ မထိမိဘူးလို့ ထင်ပါတယ်၊ တပည့်တော် ဒီကာလာမ သုတ်တော်ကို ဗိုလ်ချုပ်အောင်ဆန်းရေးတဲ့ စာတစ်ပုဒ်ကို ဖတ်ပြီးကတည်းက စိတ်ထဲမှာ စွဲစွဲမြဲမြဲ ဖြစ်နေမိတာ၊ ဒီအကြောင်း စာရေးချင်ပေမယ့် ဗုဒ္ဓစာပေအပိုင်းက သိပ်မပိုင်တော့ မရေးဖြစ်တာ၊ အရှင်ဘုရား ဒီအကြောင်းလေးကို ရေးပေးမယ်ဆိုရင် တော်တော်ကောင်းမှာပါဘုရား” စသဖြင့် ပြောလျှောက်လာပါတယ်။ ဘုန်းဘုန်းလည်း အဲဒီတုန်းက “အကြောင်း ညီညွတ်တဲ့အခါ ရေးတာပေါ့”လို့ ပြောပြီး မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့တာ ခုမှပဲ အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ အဲဒီဒကာ ပြောသလိုပဲ ဒီလိုစိစစ်ဝေဖန်တဲ့ အတွေးအခေါ်မျိုး၊ ယုတ္တိကျတဲ့ အယူအဆမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်လောက်ကတည်းက ဗုဒ္ဓဘုရား ထုတ်ဖော်ဟောကြားပြီးသား ဖြစ်ပါတယ်။ ဒါကို ကာလာမသုတ်ကို ဖတ်ဖူးတဲ့ ပညာရှင်အတော်များများက အသိအမှတ်ပြု လက်ခံပြီးသား ဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြား စိစစ်ပြီးမှ လက်ခံကျင့်သုံးသင့်တဲ့ အယူဝါဒခေါ် ဝိဘဇ္ဇဝါဒကို ဘုရားရှင်ကိုယ်တော်တိုင်က လက်ခံကျင့်သုံး ဟောပြောဖြန့်ဝေခဲ့ခြင်း ဖြစ်ပါတယ်။ အရာရာကို မျက်စိမှိတ် ယုံကြည်လက်ခံတတ်တဲ့ မျက်ကန်းယုံကြည်မှုကို အားမပေးဘဲ အကြောင်းအကျိုး ရှိမရှိ၊ မှန်ကန်ပြီး ယုတ္တိကျမှု ရှိမရှိ စသဖြင့် စိစစ်ဝေဖန်ပိုင်းခြားကာ ကိုယ်ပိုင်အသိဉာဏ်နဲ့ယှဉ်ပြီး လက်ခံသင့်မခံသင့် စဉ်းစားချင့်ချိန်ဖို့အတွက် ဒီလိုဝိဘဇ္ဇဝါဒမျိုးကို ဘုရားရှင်က ထုတ်ဖော်ပြသပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ကိုလည်း “ဗုဒ္ဓဟာ ကယ်တင်ရှင်မဟုတ်သလို ဖန်ဆင်းရှင်လည်း မဟုတ်ဘဲ နည်းပေးလမ်းပြပေးတဲ့ လမ်းညွန်အဖြစ်နဲ့ သတ္တဝါတွေကို အမှန်အမှား ခွဲခြားပြသပေးတဲ့ ဝိဘဇ္ဇဝါဒီပဲ”လို့ဆိုရင် ဒီစကားဟာ အလွန်လိုက်ဖက်တဲ့ စကားလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကလည်း ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလ အတွင်းမှာ ဟောကြားခဲ့တဲ့ တရားတော်တွေအရရယ်၊ ကာလာမသူတို့သားတွေကို ဟောကြားတော်မူတဲ့ ကေသမုတ္တိသုတ်လာ တရားတော်အရရယ်ကြောင့် ရဲရဲကြီးပြောရဲတာ ဖြစ်ပါတယ်။

ဘုရားရှင်ရဲ့ ဝိဘဇ္ဇ အယူအဆနဲ့ ပတ်သက်ပြီး ကာလာမသုတ်ခေါ် ကေသုမုတ္တိသုတ်ကိုကြည့်ရင် ဒီအဆိုကို ပိုပြီးထင်ဟပ်စေမှာ ဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ကေသမုတ္တိဆိုတဲ့ နိဂုံးရွာကြီး တစ်ရွာရှိပါတယ်။ အဲဒီရွာကြီးမှာ ကာလာမအမျိုးအနွယ်တွေ စုဝေးနေထိုင်ကြပါတယ်။ ဒါကြောင့် ဒီရွာကြီးကို ကေသမုတ္တိရွာ၊ ဒါမှမဟုတ် ကာလမရွာရယ်လို့ ခေါ်ကြခြင်း ဖြစ်ပါတယ်။ ဒီရွာဟာ မြို့ကြီးတွေရဲ့ အစပ်မှာ ရှိနေတဲ့အတွက် မြို့သွားတဲ့သူတိုင်းက ဖြတ်ကျော်ပြီး သွားကြရပါတယ်။ အဲဒီလို ကြားခံရွာကြီး ဖြစ်နေတဲ့အတွက်လည်း လူပေါင်းစုံ၊ အယူဝါဒပေါင်းစုံ၊ ဆရာပေါင်းစုံကလည်း ဒီရွာမှာ ဝင်ထွက်သွားလာနားခိုကာ ကိုယ်ပိုင် အယူအဆတွေကို ဟောပြောလေ့ရှိကြခြင်း ဖြစ်ပါတယ်။ ဟိုဆရာလာရင် တစ်မျိုးပြော၊ ဒီဆရာလာရင် တစ်မျိုးဟောပြီး အယူဝါဒ အမျိုးမျိုးကို နားကြားထားရတဲ့ ကာလာမ ရွာသူရွာသားတွေဟာ ဆရာအမျိုးမျိုးနဲ့ ဟောကြားချက် အမျိုးမျိုးကြောင့် ဘယ်အယူအဆကို လက်ခံပြီး ဘယ်အယူအဆက အမှန်ဆိုတာ ခွဲခြားဖို့ အတော်ကို ခက်ခဲနေကာ စိတ်မှာလည်း သို့လောသို့လော သံသယတွေပဲ တိုးပွားနေခဲ့တယ်လို့ ဆိုပါတယ်။

တစ်နေ့ မြတ်စွာဘုရားရှင်ဟာ အဲဒီကာလာမ ရွာကြီးကို ခရီးတစ်ထောက် ကြွရောက်တော်မူလာခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်သတင်းနဲ့ ဘုရားရှင် ကြွတော်မူလာတဲ့ အကြောင်းကိုကြားတော့ ကာလာမရွာသားများဟာ ဘုရားရှင်ထံ ချည်းကပ်ပြီး သူတို့ရဲ့ ခံစားချက်ကို လျှောက်ကြပါတယ်။ သူတို့က “အရှင်ဂေါတမ ကျွန်ုပ်တို့ နေထိုင်ရာအရပ်သို့ ရောက်လာသမျှသော ဘာသာရေး ခေါင်းဆောင်ဟူသမျှတို့သည် အချင်းကာလာမအနွယ်တို့ အယူဝါဒဟူသမျှတို့တွင် ငါတို့၏ အယူဝါဒသည်သာလျှင် အကောင်းဆုံးဖြစ်သည်ဟု ပြောလေ့ရှိကြသဖြင့် ကျွန်ုပ်တို့မှာ မည့်သည့်အယူဝါဒ အကျင့်အကြံဟာ ကောင်းကြောင်းကို မဆုံးဖြတ်နိုင်အောင် ဖြစ်နေကြရပါသည်ဘုရား”လို့ လျှောက်ထားတော်မူကြပါတယ်။ ဒီအခါမှာ မြတ်စွာဘုရားရှင်က ကိုယ်တော်မြတ်ရဲ့ အယူအဆ ဖြစ်တော်မူတဲ့ ဝိဘဇ္ဇဝါဒကို ရှင်းရှင်းလင်းလင်း မိန့်တော်မူလိုက်ပါတယ်။

ဗုဒ္ဓဘုရားရှင်က “အချင်းကာလာမတို့ သင်တို့သည် အယူဝါဒတစ်ခုကို
၁။ တဆင့်ကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အမှန်မယူကြနှင့်၊
၂။ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်၊
၃။ ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလဖြင့်လည်း အမှန်မယူကြနှင့်၊
၎။ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်၊
၅။ မိမိကြံစည်ထားသောအကြံဖြစ်၍ ဟုတ်လှပြီဟူ၍လည်း အမှန်မယူကြနှင့်၊
၆။ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျ၍လည်း အမှန်မယူကြနှင့်၊
၇။ အထောက်အထားရှိသည်ဆို၍လည်း အမှန်မယူကြနှင့်၊
၈။ မိမိယူဆသည့် အယူအဆနှင့် အယူဝါဒခြင်း တူရုံမျှနှင့်လည်း အမှန်မယူကြနှင့်၊
၉။ မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း အမှန်မယူကြနှင့်၊
၁ဝ။ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်၊

သင်တို့သည် မိမိတို့ကိုယ်တိုင် “ဤတရားတို့သည် အကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏”ဟု သိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့။ “ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ချီးမွမ်းအပ်သောတရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင်၊ ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ကုန်၏” ဟု သိကြသောအခါ ထိုတရားတို့ကို ကျင့်ကြံကြကုန်လော့” ဟူ၍ ဟောကြားတော်မူလိုက်ပါတယ်။ ဒီတော့မှ ကာလာမရွာသားတွေဟာ သံသယရှင်းသွားပြီး ဘယ်လိုအယူအဆကို လက်ခံယူဆသင့်တယ်ဆိုတာ သဘောပေါက် သိမြင်သွားခဲ့ကြပါတယ်။ (အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊ ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်)

ဒါက ကာလာမရွာသားများကို ဘုရားရှင်ဟောတော်မူခဲ့တဲ့ တရားတော် အစစ်အမှန်ပဲ ဖြစ်ပါတယ်။ ဒီဟောကြားချက်ကို ကြည့်မယ်ဆိုရင် မြတ်စွာဘုရားရှင်ရဲ့ ဝိဘဇ္ဇဝါဒနဲ့ ယုတ္တိကျမှုကို အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြတ်စွာဘုရားရှင်ရဲ့ အယူဝါဒရေးရာနဲ့ ပတ်သက်တဲ့ လွတ်လပ်ပွင့်လင်း၊ အမြင်ရှင်းကာ ဉာဏ်ပါသည့် သဘောကို ကောင်းကောင်းကြီး သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဘုရားရှင် မိန့်တော်မူတဲ့ စိစစ်ဝေဖန်ပိုင်းခြားစေတဲ့ သဘောတရားမှာ အရာရာကို အဆိုးဘက်က ရှုမြင်ကာ ဆီလိုအပေါက်ရှာပြီး ဝေဖန်မှုသဘောမျိုးမှ မဟုတ်ဘဲ ဉာဏ်နဲ့ယှဉ်တဲ့ ကြောင်းကျိုးသင့်ပြီး လက်တွေ့ဆန်တဲ့ စိစစ်ဝေဖန်မှု သဘောမျိုးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်စားနေတဲ့ Critical thinkingရဲ့ သဘောက တစ်ခါတစ်လေ အပြစ်ရှာတဲ့ သဘောမျိုးနဲ့ တွေးခေါ်စေမှုမျိုး ဖြစ်နေပေမယ့် မြတ်ဗုဒ္ဓရဲ့ ဝိဘဇ္ဇဝါဒကတော့ ဒီသဘောမျိုးကိုရှောင်းပြီး ကိုယ်ကိုယ်တိုင် လက်တွေ့လုပ်ဆောင်စေကာ ကောင်းရင်၊ အပြစ်မရှိရင် လက်ခံလိုက်နာ ကျင့်သုံးပြီး၊ မကောင်းရင်၊ အပြစ်ရှိရင် လက်မခံဘဲ ပယ်ဖို့ လမ်းညွှန်ပေးမှု သက်သက်သာ ဖြစ်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗုဒ္ဓဘာသာရဲ့ အယူဝါဒ ရေးရာနဲ့ ပတ်သက်ပြီး “ဗုဒ္ဓရဲ့ အယူဝါဒတွေဟာ လွတ်လပ်ပြီး ဒီမိုကရေစီဆန်တယ်”လို့ ပညာရှင်များက ကောက်ချက်ချကြခြင်း ဖြစ်ပါတယ်။

ထားပါတော့။ ဒီမှာအဓိကပြောချင်တာက ဝိဘဇ္ဇဝါဒနဲ့ Critical thinkingအကြောင်းလေး နည်းနည်းပြောချင်တာ ဖြစ်ပါတယ်။ ဝိဘဇ္ဇဝါဒဟာ ဉာဏ်နဲ့ယှဉ်ကာ ယုတ္တိကျတဲ့ စိစစ်ဝေဖန်ပိုင်းခြားပြီး လက်ခံကျင့်သုံးတဲ့ ဝါဒဖြစ်ပြီး Critical thinking ကတော့ စိစစ်ပိုင်းခြားတဲ့ အတွေးအခေါ်ဆိုပေမယ့် တစ်ခါတရံမှာ အပြစ်ရှာတဲ့ ဝေဖန်တွေးခေါ်မှုမျိုးတွေ ပါဝင်နေတတ်တယ်ဆိုတာ ခွဲခြားသိစေချင်တာ ဖြစ်ပါတယ်။ Critical thinkingလို အတွေးအခေါ်မျိုး လိုအပ်ပေမယ့် ဉာဏ်နဲ့ယှဉ်တဲ့ Critical thinkingမျိုး ဖြစ်ဖို့လည်း လိုအပ်ကာ ဒီလိုအပ်ချက်အတွက် အပြည့်စုံဆုံး အယူဝါဒဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဝိဘဇ္ဇဝါဒပဲဆိုတာ ထုတ်ဖော် ပြောကြားလိုတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုပွင့်လင်းပြီး ယုတ္တိကျကာ ဉာဏ်နဲ့ယှဉ်တဲ့ ဝေဖန်စိစစ်တဲ့ ဝိဘဇ္ဇဝါဒမျိုးကို လက်ခံကျင့်သုံးပြီး ကိုယ့်ရဲ့အယူဝါဒရေးရာမှာ အမှားမရှိရအောင် လိုက်နာကျင့်သုံးကြဖို့ အသိပေးတိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အယူဝါဒ အမျိုးမျိုးနဲ့ ဟောပြောမှုအမျိုးမျိုး၊ ဆရာအမျိုးမျိုး၊ ဂိုဏ်းအမျိုးမျိုး၊ တွေးခေါ်မှု အမျိုးမျိုးတွေ ရောယှက်ရှုတ်ထွေးလာတဲ့ ဒီလိုခေတ်ကာလကြီးမှာ အယူအမှား အတွေးအမှားကြောင့် ဘဝအမှားတွေ မဖြစ်ကြစေဖို့ ကိုယ်ယုံကြည်ကိုးကွယ် လက်ခံကျင့်သုံးတဲ့ အယူဝါဒဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဝိဘဇ္ဇဝါဒလို မှတ်ကျောက်အတင်ခံနိုင်၊ စိစစ်ဝေဖန်ခံနိုင်တဲ့ အယူဝါဒ ဟုတ်မဟုတ် ကိုယ်ကိုယ်တိုင်ပဲ ဉာဏ်နဲ့ယှဉ်ကာ စိစစ်ဝေဖန်ပြီး လက်ခံကျင့်သုံးကြဖို့နဲ့ ဗုဒ္ဓဘာသာဝင်ဆိုရင်လည်း ဗုဒ္ဓအလိုတော်အတိုင်း ဝိဘဇ္ဇဝါဒီဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း ဝိဘဇ္ဇဝါဒနဲ့ Critical thinking အကြောင်း တစ်စေ့တစ်စောင်း လေ့လာတင်ပြလိုက်ရပါကြောင်း…။

မှတ်ချက်။ စာရေးဖို့ ကုန်ကြမ်းရှာပေးတဲ့သဘောနဲ့ Critical thinkingအကြောင်း ပြောဆိုဆွေးနွေးပေးခဲ့တဲ့ ဒကာတော်ကို အထူးကျေးဇူးတင်ပါတယ်။

Read more »

Facebookက အမေးတစ်ပုဒ် (၂)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta)မှာ တင်ထားတဲ့ “ကိုယ့်ကိုယ်ကို ပြန်သတ်ခြင်း” ဆိုတဲ့ ပို့စ်အောက်မှာ မေးထားတဲ့ အမေးလေးတစ်ပုဒ်ပါ။ စိတ်ဝင်စားစရာကောင်းပြီး သိသင့်တယ်ထင်လို့ ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။

မေး။ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ ပတ်သက်ပြီး တပည့်တော် သိချင်တာလေး တစ်ခုကို မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။ အဲဒါ မမေးခင် လူ (သတ္တဝါ) ဟာ မိမိကိုယ်မိမိ အချစ်ဆုံးလို့ တပည့်တော် ကြားနာဖူးပါတယ် ဘုရား။ အဲဒါ မြတ်စွာဘုရားဟောတာ ဟုတ်မဟုတ် သိချင်ပါတယ်။ အကယ်၍ မြတ်စွာဘုရားက အဲလို ဟောခဲ့တယ်ဆိုရင် ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်တဲ့လူဟာ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို သတ်သေရတာလဲ ဆိုတာသိချင်ပါတယ် အရှင်ဘုရား။ ပြီးတော့ မိမိကိုယ်မိမိ အချစ်ဆုံးပါဆိုတဲ့လူဟာ ဘာဖြစ်လို့ တစ်ခြားတစ်ယောက်အတွက် အသက်ပေးပြီး အသေခံ ကြပါသလဲ။ ဥပမာ တိုက်ပွဲတစ်ခုခုမှာ ကိုယ်အရမ်းလေးစား ချစ်ခင်ရတဲ့ ဗိုလ်ကြီးအတွက် အသက်ပေးပြီး အသေခံ ကာကွယ်တဲ့ရဲဘော်တို့၊ သားလေး ကားတိုက်ခံရမှာကို သားကိုတွန်းပြီး အစားဝင် ကားအတိုက်ခံပြီး သားအစား အသေဝင်ခံလိုက်တဲ့မိခင်တို့ အဲဒီအကြောင်းလေး တပည့်တော် သိချင်ပါတယ် အရှင်ဘုရား ဖြေကြားပေးတော်မူပါ။
သက်နိုင်

ဖြေ။ အတ္တသမံ ပေမံ နတ္ထိ - မိမိထက် ပိုပြီး၊ ဘယ်သူ့ကိုမှ၊ မချစ်နိုင်၊ မိမိကိုယ်ကို မိမိအချစ်ဆုံး ဆိုတဲ့ဘုရား စကားတော်ရှိပါတယ်။ ဒီစကားက ပုထုဇဉ်သတ္တဝါများ ဖြစ်တတ်တဲ့ သဘောကို ပြောထားတာ ဖြစ်ပါတယ်။ ပုထုဇဉ်သတ္တဝါတွေဟာ တဏှာမာနဒိဋ္ဌိ တရားများရဲ့ လွှမ်းမိုးမှုကြောင့် ကိုယ့်ကိုယ်ကိုသာ အမြဲရှေးတန်းတင်ကာ ကိုယ့်ကိုယ်ကို ဦးစားပေးမှုတွေ ရှိတတ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ထင်နေတတ်တဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီတဏှာမာနစတဲ့ တရားတွေကြောင့် မိမိရဲ့ရုပ်နာမ်တွေမှာ တဏှာနဲ့စွဲလမ်းချစ်ခင် တွယ်တာနေပြီး အဲဒီလို မိမိကိုယ်ကို ချစ်ခင်မှုကြောင့်ပဲ မိမိနဲ့ပတ်သက်ရာ၊ မိမိချစ်ခင်မြတ်နိုး လေးစားရာတွေမှာလည်း ချစ်ခင်တွယ်တာနေမိတော့တာ ဖြစ်ပါတယ်။ သတ္တဝါအများ ချစ်လေ့ရှိတာက ငါဆိုတဲ့အတ္တကို ချစ်နေကြတာ ဖြစ်ပါတယ်။ ဘုရားဖြစ်စေချင်တဲ့ အချစ်က အတ္တကုန်ရာ၊ တဏှာကုန်ရာကို ချစ်စေချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က မိမိကိုယ်ကို တကယ်ချစ်တယ်လို့ဆိုရင် ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ရာ၏လို့ မိန့်တော်မူထားတာ ဖြစ်ပါတယ်။ ဒီစကားတော်က ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်ကိုယ်ကို မကောင်းမှု ဒုစရိုက်တွေက ရှောင်ကြဉ်ပြီး အကျင့်သီလကို ကောင်းစွာစောင့်ထိန်းကာ ကိလေသာကုန်ရာကို သုတ်သင်ကြဖို့ တိုက်တွန်းတော်မူထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် လောကသားတွေကတော့ တဏှာပေမစတဲ့ စွဲလမ်းမှုတွေနဲ့ ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်အောင် လုပ်နေကြတဲ့ သဘောရှိပါတယ်။ ရုပ်နာမ်ခန္ဓာကြီးကို အချစ်ဆုံးဖြစ်အောင် လုပ်နေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငါ့စိတ်မှာ၊ ငါ့ခန္ဓာမှာ သောကတွေ ဒုက္ခတွေ ဖြစ်လာခဲ့ရင် မခံမရပ်နိုင်ဖြစ်ပြီး မထူးပါဘူးကွာဆိုကာ နောက်ဆုံးကိုယ့်ကိုယ်ကို သတ်သေသွားတဲ့အထိ ဖြစ်ကြခြင်း ဖြစ်ပါတယ်။ ဒါဟာ ဒီခန္ဓာကြီးနဲ့ ဒီစိတ်ခံစားမှုကို ချစ်လွန်းလို့ ဖြစ်တာပါ။ သာမန်တွေးရင် ကိုယ့်ကိုယ်ကို ချစ်တဲ့သူက ဘာလို့ ကိုယ့်ကိုယ်ကို သတ်သေမှာလဲလို့ တွေးစရာရှိပါတယ်။ ဒီလိုချစ်လို့လည်း ဒီရုပ်နာမ်မှာ ဒီထက်ပိုပြီး ဖြစ်ပေါ်လာမယ့် ဒုက္ခတွေ မခံစားစေလို၊ မဖြစ်ပေါ်စေလိုလို့ ငါဆိုတဲ့တဏှာအစွဲ၊ ဒီရုပ်ဒီခန္ဓာပြတ်ရင် ပြီးတာပဲဆိုတဲ့ ဒိဋ္ဌိအစွဲစတာတွေကြောင့် ကိုယ့်ကိုယ်သတ်သေကြခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေသွားသူ အတော်များများကို ကြည့်ရင်စိတ်ချမ်းသာလို့၊ ပျော်လို့၊ အယူအဆမှန်လို့ သတ်သေသွားကြတယ်ဆိုတာ မရှိပါဘူး။ ဒုက္ခများလို့၊ အယူမှားလို့ ဖြစ်တာတွေပဲ များနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ်ချစ်လို့မဟုတ်ပါဘူး။ မချစ်လို့ လုပ်ကြတာပါ။ တကယ်ချစ်ရင် ဒီဒုက္ခတွေဖြစ်စေတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိစတဲ့ တရားတွေကိုပဲ သတ်နိုင်အောင်ကြိုးစားကြမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ့်ကိုယ်ကို တဏှာနဲ့ စွဲလမ်းမှုတင် မလုံလောက်ဘဲ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ်လေးစားရတဲ့သူ စတာတွေအထိ ဆက်စပ်ကာ စွဲလန်းတတ်တာတွေလည်း ရှိပါတယ်။

ဒါကြောင့် ဒီလိုငါစွဲလေးတွေကြောင့် ငါ့သားလေး တစ်ခုခုဖြစ်မှာကို စိုးရိမ်တာ၊ ငါ့ဆရာ တစ်ခုခုဖြစ်မှာကို စိုးရိမ်တာတွေဖြစ်ပြီး သူတို့တွေဘာမှ မဖြစ်အောင် ကာကွယ်လိုကြတာ ဖြစ်ပါတယ်။ ငါလေးတွေက ဦးစီးထားကြလို့ပဲဖြစ်ပါတယ်။ ကပ်ပြီးပြောကြေးဆိုရင် အဲဒီသူတွေ သူများသားသမီး အတွက်ဆို ကိုယ့်ကိုယ်ကို အသေခံမလား၊ သူများက လေးစားကြည်ညိုရတဲ့ သူများဆရာသမားအတွက်ဆို ဒီလို လုပ်နိုင်မလားဆိုတော့ ငါ့သားသမီးမှ မဟုတ်တာ၊ ငါ့ဆရာမှ မဟုတ်တာ စတာတွေ ဖြစ်ပေါ်လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ ငါဆိုတဲ့ အတ္တကိုချစ်နေတဲ့ လွဲနေတဲ့ အချစ်လွဲကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ခုနပြောသလို အကျင့်သီလကို ကောင်းအောင်လုပ်ပြီး ကိလေသာ တဏှာကုန်ရာကိုပဲ ကြိုးစားကြမှာ ဖြစ်ပါတယ်။

Read more »

ကြားသိနေရ ရှတတ…

ဘာရယ်မဟုတ်ပါဘူး။ ဘုန်းဘုန်းပတ်ဝန်းကျင်မှာ တွေ့ရမြင်ရ၊ ကြားရ၊ သိရတတ်တဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်ရတဲ့၊ စိတ်ထဲရင်ထဲမှာ ရှတတဖြစ်ရတဲ့ အကြောင်းလေးတွေ နည်းနည်း ပြောကြည့်မလားလို့ပါ။ ဒီလိုပြောလို့ လူ့ကိစ္စဝင်ရှုတ်တယ်ဆိုပြီး အပြစ်တင်ချင်သူတွေလည်း တင်ကြပါစေ၊ အပြစ်မြင်သူတွေလည်း မြင်ကြပါစေ၊ အပြစ်မြင်ပြီး ပြုပြင်သူတွေလည်း ပြင်ကြပါစေ၊ မပြုပြင်လို့ ဟိုထင်ဒီထင် ထင်မယ်ဆိုလည်း ထင်ကြပါစေပေါ့။ ဘုန်းဘုန်းကတော့ ကောင်းစေချင်တဲ့ စေတနာ အရင်းခံနဲ့ ဘုန်းဘုန်းတစ်သီး ပုဂ္ဂလ အနေနဲ့ တင်ပြသင့်တာလေးတွေ၊ အသိပေးသင့်တာလေးတွေတော့ အသိပေးရဦးမှာ ဖြစ်ပါတယ်။ အကောင်းမြင်လို့ ပြောင်းပြင်သွားသူ တစ်ယောက်နှစ်ယောက် စသည် ရှိသွားတယ်ဆိုရင်တော့ ဘယ်သူတွေဘာပြောပြော ဘုန်းဘုန်းအနေနဲ့ စာတွေရေးပေးနေရကျိုး၊ တစ်လုံးတစ်ပါဒ အသိမျှပေးရကျိုး နပ်ပြီလို့ ခံယူမိပါတယ်။ ဘယ်သူမှ ပြင်သူမရှိဘူးဆိုတော့လည်း ဖတ်မိသူတွေ ဗဟုသုတလို့ပဲ သဘောထားရမှာ ဖြစ်ပါတယ်။

ပြောချင်တာက အမိနိုင်ငံတော်ကနေ ထွက်လာပြီးမှ သူများနိုင်ငံမှာ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့ ပြဿနာတွေပါ။ အဲဒီပြဿနာတွေကလည်း အလုပ်ထဲမှာ ဖြစ်တဲ့ပြဿနာ၊ အလုပ်ရှင်က ဖိနှိပ်လို့ ဖြစ်ရတဲ့ ပြဿနာတွေဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ဒီလိုကိစ္စမျိုး ဆိုရင်တော့ ဒါဟာ လူသားချင်း စာနာထောက်ထားမှု အပြင် လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးတွေအရ ပြောသင့်ပြောထိုက်၊ တိုင်သင့်တိုင်ထိုက်တာတွေ ဖြစ်လို့ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ ပြဿနာက လုပ်ငန်းခွင် အပြင်မှာ ဖြစ်ကြတဲ့ ပြဿနာတွေပါ။ ဒီပြဿနာတွေကလည်း ဘယ်သူမှလုပ်လို့ ဖြစ်တာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်လုပ်လို့ ဖြစ်ခဲ့ကြရတဲ့ ပြဿနာတွေပဲ ဖြစ်နေပြန်ပါတယ်။ အဲဒါကိုပဲ ဟိုဟာမကောင်းလို့၊ ဒါမကောင်းလို့၊ ဟိုလူကြောင့်၊ ဒီလူကြောင့် စသဖြင့် ဆိုလာပြန်တော့ ဘယ်သူ့ကိုဘယ်လိုသွားပြီး ဘာလုပ်ပေးရမှန်းကို မသိရတာတွေလည်း ရှိနေတတ်တဲ့ အဖြစ်ပါ။ ဆိုကြပါစို့။ အရက်ဆိုင်သွားပြီး အရက်အမူးလွန်ကာ ရန်ဖြစ်ပြီး အရိုက်ခံရတဲ့ ပြဿနာတွေ၊ ကာရာအိုကေခန်းသွားပြီး အပြန်လမ်းမှာ မူးယဇ်အော်ဟစ်နေတဲ့အတွက် သူများက တိုင်လို့ရဲစခန်းကို ရောက်ရတဲ့ ပြဿနာတွေ၊ လမ်းပေါ်မှာမူးပြီး လူမိုက်တွေက ရိုက်လို့အသားအနာခံကာ ပြန်လာရတဲ့ ပြဿနာတွေ၊ နိုက်ကလပ်မှာသွားပြီး ကခုန်သောက်စားကြပြီး ရန်ဖြစ်ရာက တစ်ယောက်နဲ့တစ်ယောက် ရိုက်ကြလို့ ကွဲကြပြဲကြ ရုံးရောက်ဂတ်ရောက်ကြရတဲ့ ပြဿနာတွေ စတာတွေဟာ ဘယ်သူကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ပုံချကြတာထက် အဓိကတရားခံကတော့ ကိုယ်ကအဲဒီလို နေရာမျိုးကို ရောက်သွားမိခဲ့ကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ချို့လည်း ပြောတတ်ကြပါတယ်။ လူငယ်သဘာဝ အလုပ်ပင်ပန်းတော့ စိတ်ဖြေတတ်တဲ့ သဘောလေးတွေ ရှိတတ်တာပေါ့တဲ့။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် ပြဿနာ မဖြစ်စေတဲ့ စိတ်ဖြေနည်းလေးတွေနဲ့ ဖြေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ သူများနိုင်ငံမှာလာပြီး ပြဿနာ ဖြစ်ရင်တော့ သူ့နိုင်ငံ သူ့စည်းကမ်းအတိုင်း အရေးယူခံရမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါတောင်မှ ဒီနိုင်ငံမှာ အများကြီးတော်သေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တော်တယ်ဆိုပေမယ့် လွန်လာရင်တော့ အခြေအနေအရ ဥပဒေဆိုတာ ပြောင်းလာတတ်ပါတယ်။ အခုဆိုရင် ရန်ဖြစ်တဲ့သူတွေမှာ တစ်ချို့က ရန်ဖြစ်အောင် တမင်လုပ်ကာ အထိုးခံပြီး အလျော်တောင်းတာတွေ ရှိတဲ့အတွက် အခုနောက်ပိုင်း ကိုရီးယား အစိုးရက ရန်ဖြစ်ရင် ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်ဘက်လုံး အလျော်ပေးရမယ်ဆိုတာတွေ ဖြစ်လာပါတယ်။ ဒါဟာ ရန်ဖြစ်သူ အမျိုးမျိုးကြောင့် ဥပဒေကလည်း ပြောင်းလာပေးရတာတွေ သဘောပဲ ဖြစ်ပါတယ်။

တစ်လောကတောင် ကိုရီးယား သတင်းဌာနတစ်ခုက လွှင့်သွားတာ တွေ့လိုက်ရပါသေးတယ်။ နိုင်ငံခြားသားတွေ အချင်းချင်း အုပ်စုဖွဲ့ပြီး ညညဆို မူးပြီးသောင်းကျန်းကာ ရန်ဖြစ်နေတတ်တဲ့အတွက် အဲဒီရပ်ကွက်မှာရှိတဲ့ အိမ်ရှင်နိုင်ငံသားတွေဆို ညမှောင်ရင် အပြင်တောင် မထွက်ရဲသလို ဖြစ်ရကြောင်း ကိုယ့်နိုင်ငံမှာလာပြီး သောင်းကျန်းကြတဲ့ ဒီလိုနိုင်ငံခြားသား အချို့ကြောင့် ကိုယ့်နိုင်ငံသားတွေတောင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားမှု မလုပ်ရဲတာတွေ ဖြစ်လာတဲ့အပေါ်မှာ ကိုရီးယားအစိုးရက နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်မှုတွေ လုပ်လာဖို့ ဖြစ်လာနိုင်စရာရှိကြောင်း စသဖြင့် ထုတ်လွှင့်သွားတာကို ကြည့်လိုက်ရပါတယ်။ ဥပဒေအတည်ပြုပြီး တစ်မျိုးပြီးတစ်မျိုး ပေါ်လာမယ်ဆိုရင် အနေကြပ်လာမှာက နိုင်ငံခြားသားတွေပဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ ပိုဆိုးတာက အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်မပြန်နိုင်သေးဘဲ တရားမဝင် အလုပ်သမားအဖြစ် နေနေရတဲ့ မြန်မာအလုပ်သမားတွေအတွက် သွားရေးလာရေး အနေကြပ်လာနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

သိတဲ့အတိုင်း သူများနိုင်ငံမှာ တရားဝင် အဖြစ်နဲ့ နေရတာနဲ့ တရားမဝင် နေနေရတာ လွတ်လပ်မှု အနေနဲ့ အများကြီးကို ကွာခြားပါတယ်။ တရားမဝင်အဖြစ် နေနေရတဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ ကျီးလန့်စာ စားနေရတဲ့ ဘဝမျိုးပါ။ ဘယ်အချိန်မှာမိလို့ ဘယ်တော့ ပြန်ရမယ်ဆိုတာ ဘယ်လိုမှ မှန်းဆလို့ မရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာမှ တစ်ချို့က ကိုယ်အို (အိုဗာစတေး) နေရတဲ့ ဘဝကို မေ့ထားပြီး စိတ်လွတ်ကိုယ်လွတ် သောက်စားပျော်ပါးနေကြတာတွေ ရှိနေပြန်ပါတယ်။ မမိသေးရင်တော့ ကောင်းတာပေါ့။ မိသွားမယ်ဆိုရင် အကျိုးယုတ်တာက ကိုယ်ပဲဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အိုဗာစတေးတွေရဲ့ ဘဝဟာ အဲဒီလောက်ကို စိတ်ကျဉ်းကြပ်ရတာ ဖြစ်ပါတယ်။ တစ်ခါတခါကျတော့လည်း ထိန်းထိန်းသိမ်းသိမ်း နေရမယ့် ကိုယ့်ဘဝကိုမေ့ပြီး အစွန်းလွတ် လုပ်တတ်ကြတဲ့ ကိုရွှေအိုတွေရဲ့ လုပ်ရပ်တွေက ပြဿနာကို ဖိတ်ခေါ်နေတဲ့ သဘောလို ဖြစ်နေပြန်ပါတယ်။ သတိပေးတဲ့သူတွေက ပေးနေပေမယ့် သူတို့ကိုယ်တိုင်က မဆင်ခြင်တော့လည်း ဘာတတ်နိုင်မှာလဲပေါ့။ အိုဗာစတေးနဲ့ နေနေရတာ အမြဲစိုးရိမ်နေရတဲ့အတွက် မလိုအပ်ဘဲ အိုသွားတဲ့ ကောင်လေးတစ်ယောက်ကိုကြည့်ပြီး ဒကာတစ်ယောက်က ဒီလိုတရားဝင်ဘဝမျိုး ငွေပေးပြီး ဝယ်လို့ရရင် ဝယ်လိုက်ချင်သေးတယ်လို့တောင် ပြောဖူးပါတယ်။ ဒါပေမယ့် အပြောခံရသူကတော့ သူမဟုတ်သလိုပါပဲ။

တစ်ချို့လည်း (၆)နှစ်နေလို့ရတဲ့ တရားဝင် အလုပ်သမားဘဝကို တစ်လနှစ်လ၊ ခြောက်လတစ်နှစ်၊ နှစ်နှစ်လောက်နဲ့ တရားမဝင် ဖြစ်သွားကြတာတွေလည်း ရှိပါတယ်။ တစ်ချို့က အခြေအနေရ မအိုမဖြစ်လို့ အိုလိုက်ရတာတွေ ရှိတတ်ပေမယ့် တစ်ချို့ကတော့ တရားမဝင်ဖြစ်အောင် ကိုယ့်ဖာသာကိုယ် လုပ်ယူသလို ဖြစ်လို့ကို အိုသွားတာတွေလည်း ရှိပါတယ်။ အသိဒကာလေး တစ်ယောက်နှစ်ယောက်ဆိုရင် စက်ရုံတွေ တစ်ရုံပြီး တစ်ရုံပြောင်းလွန်းလို့ကို အိုသွားကြရတဲ့ အဖြစ်တွေ ရှိပါတယ်။ အမှန်ဆိုရင် တရားဝင်အနေနဲ့ အီးနိုင်းအလုပ်သမား တစ်ယောက်ဟာ စက်ရုံသုံးရုံအထိ ပြောင်းခွင့်ရှိပါတယ်။ သုံးရုံထက်ကျော်ရင်တော့ တရားမဝင်တော့ပါဘူး။ အဲဒီလို ဥပဒေရှိတာကို သိရဲ့နဲ့ တစ်ချို့က ဘယ်ရုံက ဘာဖြစ်လို့၊ ဘယ်သူတွေက ဘယ်လိုဆက်ဆံလို့၊ ဘယ်သူနဲ့ ဘာဖြစ်လို့၊ ဘယ်အလုပ်က ဘယ်လိုဖြစ်လို့ စသဖြင့် အကြောင်းမျိုးစုံပြပြီးတော့ကို ပြောင်းကြတာ ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်၊ ကိုယ့်ကုမ္ပဏီ၊ ကိုယ့်စက်ရုံမှ မဟုတ်တာပဲ။ တစ်ခုမဟုတ် တစ်ခုကတော့ အဆင်မပြေတာ ရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ဒီအလုပ်လုပ်ဖို့ ခေါ်ကတည်းကိုက သူ့နိုင်ငံသားတွေ မလုပ်နိုင်တဲ့ အလုပ်မှာ ခိုင်းဖို့ခေါ်တာဖြစ်တော့ သူဋ္ဌေးသားလိုတော့ ဘယ်နေလို့ ရနိုင်မှာလည်းပေါ့။ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်မှာ ဘယ်လိုပဲ ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်တဲ့ ဘဝနဲ့ နေခဲ့ရနေခဲ့ရ သူများနိုင်ငံမှာတော့ ပူတာအေးတာ၊ ထိတာရှတာတွေကတော့ ရှိကိုရှိနေမှာဖြစ်ပါတယ်။ ဒါကတော့ အတတ်နိုင်ဆုံး သည်းခံရမယ့် ကိစ္စဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ သိပ်ပြီးလူမဆန် ဖြစ်လာတယ်၊ ကျန်းမာရေးကို ထိခိုက်လာတယ်၊ အသက်အန္တရာယ်အထိ ရှိလာနိုင်တယ် ဆိုရင်တော့ ပြောင်းသင့်ရင်ပြောင်း၊ တိုင်သင့်ရင် တိုင်ရမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ အတတ်နိုင်ဆုံး သည်းခံတာ ကောင်းပါတယ်။

ပြောလက်စနဲ့ ပြောရပါဦးမယ်။ တစ်လောက ဒကာလေးတစ်ယောက် ကျောင်းမှာတည်းချင်လို့ဆိုပြီး ရောက်လာပါတယ်။ သူလည်းအပြောင်းအရွေ့ အတော်နာမည်ကြီးတယ်ဆိုတာပါပဲ။ နောက်ဆုံးတော့ အလုပ်ပြောင်းပြီး ကျောင်းရောက်လာခဲ့ပါတယ်။ သူငယ်ချင်းတွေ ရှိပေမယ့် မကောင်းကျောင်းပို့တာတော့ မဟုတ်ကြပါဘူး။ ကျောင်းရောက်သွားရင် ကောင်းများကောင်းသွားလေမလားဆိုတဲ့ သဘောမျိုး ဖြစ်ကြမှာပါ။ ကျောင်းဆိုတာကတော့ လျှောက်လာရင် လက်ခံပေးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းနေရင် ကျောင်းစည်းကမ်းနဲ့ အညီတော့ နေပေးရမှာဖြစ်ပါတယ်။ သူ့ကိုပြောတော့ “တင်ပါ ကျောင်းစည်းကမ်းအတိုင်း နေပါမယ်ဘုရား”လို့ လျှောက်ပါတယ်။ ပြီးတော့ သူနေချင်သလို နေနေတာနဲ့ ကျောင်းကနေ အလုပ်အမြန်ရှာဖို့ ပြောရင်း တခြားကို သွားခိုင်းရပါတယ်။ ဘာရယ်မဟုတ်ပါဘူး။ စည်းကမ်းအတိုင်းကတော့ ရှိရမှာပေါ့။ ကျောင်းစရောက်တဲ့နေ့က သူ့ကြည့်ရတာ တစ်ရုံပြီး တစ်ရုံပြောင်းနေတာသိတော့ ဘုန်းဘုန်းက အခုမင်းဘယ်ကနေ ပြောင်းလာတာလဲဆိုတော့ ဟိုဂယောင်ဂျူးဘက်က ပြောင်းလာတာပါဘုရားတဲ့။ အဲဒီမှာ အလုပ် အဆင်မပြေဘူးလားဆိုတော့ အလုပ်က ကောင်းပါတယ်ဘုရား၊ တပည့်တော်က ဒယ်ဂူးမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ ဝေးပြီး တောထဲမှာ ရောက်နေတော့ အဆင်မပြေတာနဲ့ ပြောင်းလာတာပါ၊ အဝေးကြီးမှာ တပည့်တော် တစ်ယောက်ထဲ ဖြစ်နေလို့ပါဘုရားတဲ့လေ။ “ဖြစ်မှဖြစ်ရလေကွာ၊ ဟိုး အဝေးကြီးမှာ ရှိနေတဲ့ မြန်မာပြည်ကတောင် ဒီအထိရောက်လာပြီးမှ ဒါလေးကို ဝေးတယ်ဆိုတော့ မင်းဟာက ဘယ်လိုလုပ်မလဲ”လို့ သူ့ကို ကရုဏာသက်တဲ့ သဘောနဲ့တောင် ဘုန်းဘုန်းက ပြောလိုက်မိပါသေးတယ်။ သူကတော့ မထူးပါဘူး။ အများအပြောအရ ဘယ်သူကသူ့ကို ဘယ်လောက်ပဲ ပြောပြော သူကတော့ ဘာမှမဖြစ်၊ ဘာမှမခံစားရတဲ့သူလိုပါပဲ ဘုရားတဲ့။ ဘုန်းဘုန်းမှာ အင်းလို့သက်ပြင်းချရုံကလွဲပြီး ဘာမှကို ပြောစရာ မရှိတော့တာ ဖြစ်ပါတယ်။ အဲဒီလို ကလေးတွေကလည်း ကြာလေများလေများ ဖြစ်နေသလားလို့တောင် ထင်မိပါတယ်ဘုရားလို့ တိုက်တိုက်ဆိုင်ဆိုင် ဒကာတစ်ယောက်က လျှောက်သွားပါသေးတယ်။

ရှိပါစေတော့။ ပြောမယ်ဆိုရင် ပြောစရာတွေက အများကြီးပါပဲ။ ဘုန်းဘုန်းအနေနဲ့ အခုလိုပြောနေတာက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကြောင်းကို စာတစ်တန်ပေတစ်တန်နဲ့ အပြစ်ပြပြီး ဂုဏ်သိက္ခာချနေတာ မဟုတ်ပါဘူး။ ကောင်းတဲ့သူတွေ အများကြီးထဲက တစ်ချို့တစ်ချို့ကိုသာ ကိုယ့်ဘဝလေးတွေကို သတိရပြီး ကြိုးစားစေချင်တဲ့ သဘောနဲ့ ပြောတာဖြစ်ပါတယ်။ မုန်းလို့၊ မတည့်လို့၊ ကြည့်မရလို့ အပြစ်တွေ ဖော်ပေးနေတာ မဟုတ်ပါဘူး။ ဘုန်းဘုန်းတို့လို သူတွေကမှ အမှားလေးတွေကို ထောက်မပြရင် ဘယ်သူက ထောက်ပြပြီး ပြုပြင်ပေးမှာလဲလို့ တွေးမိပြီး ကောင်းစေချင်တဲ့ စေတနာ၊ ပြုပြင်စေချင်တဲ့ စေတနာ၊ အသုံးနဲ့အဖြုန်း၊ အမှားနဲ့အမှန်၊ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို ရွေးချယ်ကာ သူများနိုင်ငံမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ နေနေရတဲ့ ဘဝကနေ ရုန်းထွက်ကာ အကျိုးရလာဘ်ကောင်း တစ်ခုခု ရစေချင်တဲ့ စေတနာ၊ ကရုဏာ၊ ပြီးတော့ စစ်မှန်တဲ့ မေတ္တာ သက်သက်နဲ့ မီးမောင်းထိုးပြလိုခြင်းကြောင့်ပဲ ပြောပေးရတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒါကြောင့် တွေ့ရမြင်ရ ကြားရတာလေးတွေ အများကြီး ရှိနေပေမယ့် ကိုယ့်လူမျိုးတွေနဲ့ ပတ်သက်တဲ့ စိတ်မကောင်းစရာလေးတွေ ကြားရတိုင်း ရင်ထဲစိတ်ထဲမှာ အားမလို အားမရ ရှတတဖြစ်ရတဲ့ ဘုန်းဘုန်းတစ်ပါးအနေနဲ့ ဒီလိုရှတတ ဖြစ်စရာလေးတွေကို အသိပေးတင်ပြရင်း ရှတတဖြစ်ရတဲ့ စိတ်အစဉ်ကို ကောင်းသတင်းလေးတွေနဲ့ လှတတဖြစ်အောင် အလှဆင်နိုင်ကြဖို့ ကိုရီးယားရောက် ရွှေမြန်မာအချို့ကို အသိပေးရင်း ကိုယ့်ဘဝကို ကိုယ်အကောင်းဆုံး ဖြစ်အောင်သာ ကြိုးစားကြဖို့ တိုက်တွန်းစကားပါး လိုက်ရပါတယ်။

မြန်မာလူမျိုးများရဲ့ ရှတတသတင်းတွေကနေ လှတတ သတင်းများအဖြစ် စောင့်မျှော်နားထောင်ရင်း….

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ