ကြားသိနေရ ရှတတ…

ဘာရယ်မဟုတ်ပါဘူး။ ဘုန်းဘုန်းပတ်ဝန်းကျင်မှာ တွေ့ရမြင်ရ၊ ကြားရ၊ သိရတတ်တဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်ရတဲ့၊ စိတ်ထဲရင်ထဲမှာ ရှတတဖြစ်ရတဲ့ အကြောင်းလေးတွေ နည်းနည်း ပြောကြည့်မလားလို့ပါ။ ဒီလိုပြောလို့ လူ့ကိစ္စဝင်ရှုတ်တယ်ဆိုပြီး အပြစ်တင်ချင်သူတွေလည်း တင်ကြပါစေ၊ အပြစ်မြင်သူတွေလည်း မြင်ကြပါစေ၊ အပြစ်မြင်ပြီး ပြုပြင်သူတွေလည်း ပြင်ကြပါစေ၊ မပြုပြင်လို့ ဟိုထင်ဒီထင် ထင်မယ်ဆိုလည်း ထင်ကြပါစေပေါ့။ ဘုန်းဘုန်းကတော့ ကောင်းစေချင်တဲ့ စေတနာ အရင်းခံနဲ့ ဘုန်းဘုန်းတစ်သီး ပုဂ္ဂလ အနေနဲ့ တင်ပြသင့်တာလေးတွေ၊ အသိပေးသင့်တာလေးတွေတော့ အသိပေးရဦးမှာ ဖြစ်ပါတယ်။ အကောင်းမြင်လို့ ပြောင်းပြင်သွားသူ တစ်ယောက်နှစ်ယောက် စသည် ရှိသွားတယ်ဆိုရင်တော့ ဘယ်သူတွေဘာပြောပြော ဘုန်းဘုန်းအနေနဲ့ စာတွေရေးပေးနေရကျိုး၊ တစ်လုံးတစ်ပါဒ အသိမျှပေးရကျိုး နပ်ပြီလို့ ခံယူမိပါတယ်။ ဘယ်သူမှ ပြင်သူမရှိဘူးဆိုတော့လည်း ဖတ်မိသူတွေ ဗဟုသုတလို့ပဲ သဘောထားရမှာ ဖြစ်ပါတယ်။

ပြောချင်တာက အမိနိုင်ငံတော်ကနေ ထွက်လာပြီးမှ သူများနိုင်ငံမှာ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့ ပြဿနာတွေပါ။ အဲဒီပြဿနာတွေကလည်း အလုပ်ထဲမှာ ဖြစ်တဲ့ပြဿနာ၊ အလုပ်ရှင်က ဖိနှိပ်လို့ ဖြစ်ရတဲ့ ပြဿနာတွေဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ဒီလိုကိစ္စမျိုး ဆိုရင်တော့ ဒါဟာ လူသားချင်း စာနာထောက်ထားမှု အပြင် လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးတွေအရ ပြောသင့်ပြောထိုက်၊ တိုင်သင့်တိုင်ထိုက်တာတွေ ဖြစ်လို့ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ ပြဿနာက လုပ်ငန်းခွင် အပြင်မှာ ဖြစ်ကြတဲ့ ပြဿနာတွေပါ။ ဒီပြဿနာတွေကလည်း ဘယ်သူမှလုပ်လို့ ဖြစ်တာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်လုပ်လို့ ဖြစ်ခဲ့ကြရတဲ့ ပြဿနာတွေပဲ ဖြစ်နေပြန်ပါတယ်။ အဲဒါကိုပဲ ဟိုဟာမကောင်းလို့၊ ဒါမကောင်းလို့၊ ဟိုလူကြောင့်၊ ဒီလူကြောင့် စသဖြင့် ဆိုလာပြန်တော့ ဘယ်သူ့ကိုဘယ်လိုသွားပြီး ဘာလုပ်ပေးရမှန်းကို မသိရတာတွေလည်း ရှိနေတတ်တဲ့ အဖြစ်ပါ။ ဆိုကြပါစို့။ အရက်ဆိုင်သွားပြီး အရက်အမူးလွန်ကာ ရန်ဖြစ်ပြီး အရိုက်ခံရတဲ့ ပြဿနာတွေ၊ ကာရာအိုကေခန်းသွားပြီး အပြန်လမ်းမှာ မူးယဇ်အော်ဟစ်နေတဲ့အတွက် သူများက တိုင်လို့ရဲစခန်းကို ရောက်ရတဲ့ ပြဿနာတွေ၊ လမ်းပေါ်မှာမူးပြီး လူမိုက်တွေက ရိုက်လို့အသားအနာခံကာ ပြန်လာရတဲ့ ပြဿနာတွေ၊ နိုက်ကလပ်မှာသွားပြီး ကခုန်သောက်စားကြပြီး ရန်ဖြစ်ရာက တစ်ယောက်နဲ့တစ်ယောက် ရိုက်ကြလို့ ကွဲကြပြဲကြ ရုံးရောက်ဂတ်ရောက်ကြရတဲ့ ပြဿနာတွေ စတာတွေဟာ ဘယ်သူကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ပုံချကြတာထက် အဓိကတရားခံကတော့ ကိုယ်ကအဲဒီလို နေရာမျိုးကို ရောက်သွားမိခဲ့ကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ချို့လည်း ပြောတတ်ကြပါတယ်။ လူငယ်သဘာဝ အလုပ်ပင်ပန်းတော့ စိတ်ဖြေတတ်တဲ့ သဘောလေးတွေ ရှိတတ်တာပေါ့တဲ့။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် ပြဿနာ မဖြစ်စေတဲ့ စိတ်ဖြေနည်းလေးတွေနဲ့ ဖြေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ သူများနိုင်ငံမှာလာပြီး ပြဿနာ ဖြစ်ရင်တော့ သူ့နိုင်ငံ သူ့စည်းကမ်းအတိုင်း အရေးယူခံရမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါတောင်မှ ဒီနိုင်ငံမှာ အများကြီးတော်သေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တော်တယ်ဆိုပေမယ့် လွန်လာရင်တော့ အခြေအနေအရ ဥပဒေဆိုတာ ပြောင်းလာတတ်ပါတယ်။ အခုဆိုရင် ရန်ဖြစ်တဲ့သူတွေမှာ တစ်ချို့က ရန်ဖြစ်အောင် တမင်လုပ်ကာ အထိုးခံပြီး အလျော်တောင်းတာတွေ ရှိတဲ့အတွက် အခုနောက်ပိုင်း ကိုရီးယား အစိုးရက ရန်ဖြစ်ရင် ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်ဘက်လုံး အလျော်ပေးရမယ်ဆိုတာတွေ ဖြစ်လာပါတယ်။ ဒါဟာ ရန်ဖြစ်သူ အမျိုးမျိုးကြောင့် ဥပဒေကလည်း ပြောင်းလာပေးရတာတွေ သဘောပဲ ဖြစ်ပါတယ်။

တစ်လောကတောင် ကိုရီးယား သတင်းဌာနတစ်ခုက လွှင့်သွားတာ တွေ့လိုက်ရပါသေးတယ်။ နိုင်ငံခြားသားတွေ အချင်းချင်း အုပ်စုဖွဲ့ပြီး ညညဆို မူးပြီးသောင်းကျန်းကာ ရန်ဖြစ်နေတတ်တဲ့အတွက် အဲဒီရပ်ကွက်မှာရှိတဲ့ အိမ်ရှင်နိုင်ငံသားတွေဆို ညမှောင်ရင် အပြင်တောင် မထွက်ရဲသလို ဖြစ်ရကြောင်း ကိုယ့်နိုင်ငံမှာလာပြီး သောင်းကျန်းကြတဲ့ ဒီလိုနိုင်ငံခြားသား အချို့ကြောင့် ကိုယ့်နိုင်ငံသားတွေတောင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားမှု မလုပ်ရဲတာတွေ ဖြစ်လာတဲ့အပေါ်မှာ ကိုရီးယားအစိုးရက နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်မှုတွေ လုပ်လာဖို့ ဖြစ်လာနိုင်စရာရှိကြောင်း စသဖြင့် ထုတ်လွှင့်သွားတာကို ကြည့်လိုက်ရပါတယ်။ ဥပဒေအတည်ပြုပြီး တစ်မျိုးပြီးတစ်မျိုး ပေါ်လာမယ်ဆိုရင် အနေကြပ်လာမှာက နိုင်ငံခြားသားတွေပဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ ပိုဆိုးတာက အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်မပြန်နိုင်သေးဘဲ တရားမဝင် အလုပ်သမားအဖြစ် နေနေရတဲ့ မြန်မာအလုပ်သမားတွေအတွက် သွားရေးလာရေး အနေကြပ်လာနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

သိတဲ့အတိုင်း သူများနိုင်ငံမှာ တရားဝင် အဖြစ်နဲ့ နေရတာနဲ့ တရားမဝင် နေနေရတာ လွတ်လပ်မှု အနေနဲ့ အများကြီးကို ကွာခြားပါတယ်။ တရားမဝင်အဖြစ် နေနေရတဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ ကျီးလန့်စာ စားနေရတဲ့ ဘဝမျိုးပါ။ ဘယ်အချိန်မှာမိလို့ ဘယ်တော့ ပြန်ရမယ်ဆိုတာ ဘယ်လိုမှ မှန်းဆလို့ မရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာမှ တစ်ချို့က ကိုယ်အို (အိုဗာစတေး) နေရတဲ့ ဘဝကို မေ့ထားပြီး စိတ်လွတ်ကိုယ်လွတ် သောက်စားပျော်ပါးနေကြတာတွေ ရှိနေပြန်ပါတယ်။ မမိသေးရင်တော့ ကောင်းတာပေါ့။ မိသွားမယ်ဆိုရင် အကျိုးယုတ်တာက ကိုယ်ပဲဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အိုဗာစတေးတွေရဲ့ ဘဝဟာ အဲဒီလောက်ကို စိတ်ကျဉ်းကြပ်ရတာ ဖြစ်ပါတယ်။ တစ်ခါတခါကျတော့လည်း ထိန်းထိန်းသိမ်းသိမ်း နေရမယ့် ကိုယ့်ဘဝကိုမေ့ပြီး အစွန်းလွတ် လုပ်တတ်ကြတဲ့ ကိုရွှေအိုတွေရဲ့ လုပ်ရပ်တွေက ပြဿနာကို ဖိတ်ခေါ်နေတဲ့ သဘောလို ဖြစ်နေပြန်ပါတယ်။ သတိပေးတဲ့သူတွေက ပေးနေပေမယ့် သူတို့ကိုယ်တိုင်က မဆင်ခြင်တော့လည်း ဘာတတ်နိုင်မှာလဲပေါ့။ အိုဗာစတေးနဲ့ နေနေရတာ အမြဲစိုးရိမ်နေရတဲ့အတွက် မလိုအပ်ဘဲ အိုသွားတဲ့ ကောင်လေးတစ်ယောက်ကိုကြည့်ပြီး ဒကာတစ်ယောက်က ဒီလိုတရားဝင်ဘဝမျိုး ငွေပေးပြီး ဝယ်လို့ရရင် ဝယ်လိုက်ချင်သေးတယ်လို့တောင် ပြောဖူးပါတယ်။ ဒါပေမယ့် အပြောခံရသူကတော့ သူမဟုတ်သလိုပါပဲ။

တစ်ချို့လည်း (၆)နှစ်နေလို့ရတဲ့ တရားဝင် အလုပ်သမားဘဝကို တစ်လနှစ်လ၊ ခြောက်လတစ်နှစ်၊ နှစ်နှစ်လောက်နဲ့ တရားမဝင် ဖြစ်သွားကြတာတွေလည်း ရှိပါတယ်။ တစ်ချို့က အခြေအနေရ မအိုမဖြစ်လို့ အိုလိုက်ရတာတွေ ရှိတတ်ပေမယ့် တစ်ချို့ကတော့ တရားမဝင်ဖြစ်အောင် ကိုယ့်ဖာသာကိုယ် လုပ်ယူသလို ဖြစ်လို့ကို အိုသွားတာတွေလည်း ရှိပါတယ်။ အသိဒကာလေး တစ်ယောက်နှစ်ယောက်ဆိုရင် စက်ရုံတွေ တစ်ရုံပြီး တစ်ရုံပြောင်းလွန်းလို့ကို အိုသွားကြရတဲ့ အဖြစ်တွေ ရှိပါတယ်။ အမှန်ဆိုရင် တရားဝင်အနေနဲ့ အီးနိုင်းအလုပ်သမား တစ်ယောက်ဟာ စက်ရုံသုံးရုံအထိ ပြောင်းခွင့်ရှိပါတယ်။ သုံးရုံထက်ကျော်ရင်တော့ တရားမဝင်တော့ပါဘူး။ အဲဒီလို ဥပဒေရှိတာကို သိရဲ့နဲ့ တစ်ချို့က ဘယ်ရုံက ဘာဖြစ်လို့၊ ဘယ်သူတွေက ဘယ်လိုဆက်ဆံလို့၊ ဘယ်သူနဲ့ ဘာဖြစ်လို့၊ ဘယ်အလုပ်က ဘယ်လိုဖြစ်လို့ စသဖြင့် အကြောင်းမျိုးစုံပြပြီးတော့ကို ပြောင်းကြတာ ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်၊ ကိုယ့်ကုမ္ပဏီ၊ ကိုယ့်စက်ရုံမှ မဟုတ်တာပဲ။ တစ်ခုမဟုတ် တစ်ခုကတော့ အဆင်မပြေတာ ရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ဒီအလုပ်လုပ်ဖို့ ခေါ်ကတည်းကိုက သူ့နိုင်ငံသားတွေ မလုပ်နိုင်တဲ့ အလုပ်မှာ ခိုင်းဖို့ခေါ်တာဖြစ်တော့ သူဋ္ဌေးသားလိုတော့ ဘယ်နေလို့ ရနိုင်မှာလည်းပေါ့။ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်မှာ ဘယ်လိုပဲ ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်တဲ့ ဘဝနဲ့ နေခဲ့ရနေခဲ့ရ သူများနိုင်ငံမှာတော့ ပူတာအေးတာ၊ ထိတာရှတာတွေကတော့ ရှိကိုရှိနေမှာဖြစ်ပါတယ်။ ဒါကတော့ အတတ်နိုင်ဆုံး သည်းခံရမယ့် ကိစ္စဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ သိပ်ပြီးလူမဆန် ဖြစ်လာတယ်၊ ကျန်းမာရေးကို ထိခိုက်လာတယ်၊ အသက်အန္တရာယ်အထိ ရှိလာနိုင်တယ် ဆိုရင်တော့ ပြောင်းသင့်ရင်ပြောင်း၊ တိုင်သင့်ရင် တိုင်ရမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ အတတ်နိုင်ဆုံး သည်းခံတာ ကောင်းပါတယ်။

ပြောလက်စနဲ့ ပြောရပါဦးမယ်။ တစ်လောက ဒကာလေးတစ်ယောက် ကျောင်းမှာတည်းချင်လို့ဆိုပြီး ရောက်လာပါတယ်။ သူလည်းအပြောင်းအရွေ့ အတော်နာမည်ကြီးတယ်ဆိုတာပါပဲ။ နောက်ဆုံးတော့ အလုပ်ပြောင်းပြီး ကျောင်းရောက်လာခဲ့ပါတယ်။ သူငယ်ချင်းတွေ ရှိပေမယ့် မကောင်းကျောင်းပို့တာတော့ မဟုတ်ကြပါဘူး။ ကျောင်းရောက်သွားရင် ကောင်းများကောင်းသွားလေမလားဆိုတဲ့ သဘောမျိုး ဖြစ်ကြမှာပါ။ ကျောင်းဆိုတာကတော့ လျှောက်လာရင် လက်ခံပေးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းနေရင် ကျောင်းစည်းကမ်းနဲ့ အညီတော့ နေပေးရမှာဖြစ်ပါတယ်။ သူ့ကိုပြောတော့ “တင်ပါ ကျောင်းစည်းကမ်းအတိုင်း နေပါမယ်ဘုရား”လို့ လျှောက်ပါတယ်။ ပြီးတော့ သူနေချင်သလို နေနေတာနဲ့ ကျောင်းကနေ အလုပ်အမြန်ရှာဖို့ ပြောရင်း တခြားကို သွားခိုင်းရပါတယ်။ ဘာရယ်မဟုတ်ပါဘူး။ စည်းကမ်းအတိုင်းကတော့ ရှိရမှာပေါ့။ ကျောင်းစရောက်တဲ့နေ့က သူ့ကြည့်ရတာ တစ်ရုံပြီး တစ်ရုံပြောင်းနေတာသိတော့ ဘုန်းဘုန်းက အခုမင်းဘယ်ကနေ ပြောင်းလာတာလဲဆိုတော့ ဟိုဂယောင်ဂျူးဘက်က ပြောင်းလာတာပါဘုရားတဲ့။ အဲဒီမှာ အလုပ် အဆင်မပြေဘူးလားဆိုတော့ အလုပ်က ကောင်းပါတယ်ဘုရား၊ တပည့်တော်က ဒယ်ဂူးမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ ဝေးပြီး တောထဲမှာ ရောက်နေတော့ အဆင်မပြေတာနဲ့ ပြောင်းလာတာပါ၊ အဝေးကြီးမှာ တပည့်တော် တစ်ယောက်ထဲ ဖြစ်နေလို့ပါဘုရားတဲ့လေ။ “ဖြစ်မှဖြစ်ရလေကွာ၊ ဟိုး အဝေးကြီးမှာ ရှိနေတဲ့ မြန်မာပြည်ကတောင် ဒီအထိရောက်လာပြီးမှ ဒါလေးကို ဝေးတယ်ဆိုတော့ မင်းဟာက ဘယ်လိုလုပ်မလဲ”လို့ သူ့ကို ကရုဏာသက်တဲ့ သဘောနဲ့တောင် ဘုန်းဘုန်းက ပြောလိုက်မိပါသေးတယ်။ သူကတော့ မထူးပါဘူး။ အများအပြောအရ ဘယ်သူကသူ့ကို ဘယ်လောက်ပဲ ပြောပြော သူကတော့ ဘာမှမဖြစ်၊ ဘာမှမခံစားရတဲ့သူလိုပါပဲ ဘုရားတဲ့။ ဘုန်းဘုန်းမှာ အင်းလို့သက်ပြင်းချရုံကလွဲပြီး ဘာမှကို ပြောစရာ မရှိတော့တာ ဖြစ်ပါတယ်။ အဲဒီလို ကလေးတွေကလည်း ကြာလေများလေများ ဖြစ်နေသလားလို့တောင် ထင်မိပါတယ်ဘုရားလို့ တိုက်တိုက်ဆိုင်ဆိုင် ဒကာတစ်ယောက်က လျှောက်သွားပါသေးတယ်။

ရှိပါစေတော့။ ပြောမယ်ဆိုရင် ပြောစရာတွေက အများကြီးပါပဲ။ ဘုန်းဘုန်းအနေနဲ့ အခုလိုပြောနေတာက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကြောင်းကို စာတစ်တန်ပေတစ်တန်နဲ့ အပြစ်ပြပြီး ဂုဏ်သိက္ခာချနေတာ မဟုတ်ပါဘူး။ ကောင်းတဲ့သူတွေ အများကြီးထဲက တစ်ချို့တစ်ချို့ကိုသာ ကိုယ့်ဘဝလေးတွေကို သတိရပြီး ကြိုးစားစေချင်တဲ့ သဘောနဲ့ ပြောတာဖြစ်ပါတယ်။ မုန်းလို့၊ မတည့်လို့၊ ကြည့်မရလို့ အပြစ်တွေ ဖော်ပေးနေတာ မဟုတ်ပါဘူး။ ဘုန်းဘုန်းတို့လို သူတွေကမှ အမှားလေးတွေကို ထောက်မပြရင် ဘယ်သူက ထောက်ပြပြီး ပြုပြင်ပေးမှာလဲလို့ တွေးမိပြီး ကောင်းစေချင်တဲ့ စေတနာ၊ ပြုပြင်စေချင်တဲ့ စေတနာ၊ အသုံးနဲ့အဖြုန်း၊ အမှားနဲ့အမှန်၊ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို ရွေးချယ်ကာ သူများနိုင်ငံမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ နေနေရတဲ့ ဘဝကနေ ရုန်းထွက်ကာ အကျိုးရလာဘ်ကောင်း တစ်ခုခု ရစေချင်တဲ့ စေတနာ၊ ကရုဏာ၊ ပြီးတော့ စစ်မှန်တဲ့ မေတ္တာ သက်သက်နဲ့ မီးမောင်းထိုးပြလိုခြင်းကြောင့်ပဲ ပြောပေးရတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒါကြောင့် တွေ့ရမြင်ရ ကြားရတာလေးတွေ အများကြီး ရှိနေပေမယ့် ကိုယ့်လူမျိုးတွေနဲ့ ပတ်သက်တဲ့ စိတ်မကောင်းစရာလေးတွေ ကြားရတိုင်း ရင်ထဲစိတ်ထဲမှာ အားမလို အားမရ ရှတတဖြစ်ရတဲ့ ဘုန်းဘုန်းတစ်ပါးအနေနဲ့ ဒီလိုရှတတ ဖြစ်စရာလေးတွေကို အသိပေးတင်ပြရင်း ရှတတဖြစ်ရတဲ့ စိတ်အစဉ်ကို ကောင်းသတင်းလေးတွေနဲ့ လှတတဖြစ်အောင် အလှဆင်နိုင်ကြဖို့ ကိုရီးယားရောက် ရွှေမြန်မာအချို့ကို အသိပေးရင်း ကိုယ့်ဘဝကို ကိုယ်အကောင်းဆုံး ဖြစ်အောင်သာ ကြိုးစားကြဖို့ တိုက်တွန်းစကားပါး လိုက်ရပါတယ်။

မြန်မာလူမျိုးများရဲ့ ရှတတသတင်းတွေကနေ လှတတ သတင်းများအဖြစ် စောင့်မျှော်နားထောင်ရင်း….

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ