တောင်းဖို့ထက် ရှောင်ဖို့က အဓိက…

မကြာသေးခင်က ဖြစ်ပါတယ်။ နိုင်ငံခြားမှာရောက်နေတဲ့ ဒကာတစ်ယောက်က ဖုန်းဆက်ပြီး လျှောက်ထားလာပါတယ်။ သူက “ဘုန်းဘုန်းဘုရား တပည့်တော်မေးလျှောက်စရာ နည်းနည်းရှိလို့ပါဘုရား၊ လွန်ခဲ့တဲ့ သုံးရက်လောက်က တပည့်တော်ရဲ့ အမေဆုံးသွားပါတယ်။ အခုဆိုရင်တော့ အသုဘ ချနေလောက်ပါပြီ၊ အမေဆုံးသွားတဲ့အကြောင်း သိရတော့ တပည့်တော်မှာ အတွေးပေါင်းစုံ ဝင်နေခဲ့ပါတယ်။ အဝေးကြီးကိုရောက်နေတဲ့ တပည့်တော်မှာ မိဘတွေ စားဝတ်နေရေး အဆင်ပြေစေဖို့ ပစ္စည်းဝတ္ထုရှာဖွေ ပေးနိုင်ပေမယ့် ကိုယ်တိုင်ကိုယ်ကျ ပြုစုခွင့် မရခဲ့ဘူး ဖြစ်နေခဲ့ပါတယ်၊ အဝေးရောက်နေတဲ့ တပည့်တော်တို့ရဲ့ ဘဝဟာ တော်တော်ကို ဝဋ်ကျွေးကြီးပါလားလို့လည်း မကြာမကြာ စဉ်းစားဖြစ်ခဲ့ပါတယ်၊ တပည့်တော်တို့ရဲ့ ဘဝဟာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေက တခြားစီကို ဖြစ်နေရပါတယ်၊ အဲဒါဘယ်လို အကုသိုလ်တွေကြောင့် ဒီလိုဖြစ်နေကြရပြီး နောင်ဆိုရင် အဲဒီလိုမဖြစ်ရအောင် ဘာကုသိုလ်တွေလုပ်ပြီး ဘယ်လိုဆုတောင်းရမလဲဆိုတာ တပည့်တော်ကို မိန့်ကြားပေးပါဘုရား”လို့ မေးလျှောက်လာပါတယ်။ သူ့အမေးနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းအနေနဲ့ အကျိုးသင့်အကြောင်းသင့် ပြောပြရင်း အကုသိုလ်ဝဋ်ကျွေးတွေရဲ့ သဘောနဲ့ ဒီလိုအကုသိုလ်ဝဋ်ကျွေးဆိုတာ ဆုတောင်းဖို့ထက် မလုပ်ဘဲ ရှောင်ဖို့က အဓိကကျတဲ့အကြောင်း စသဖြင့် ရှင်းပြပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ လူအတော်များများဟာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တခြားစီပဲ ဖြစ်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းမကျဘဲ ဘဝနောက်ကို ဆန္ဒမရောက်တာတွေလည်း အများကြီး ရှိနေကြမှာပါ။ တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ကြရတဲ့ သဘောတွေ ရှိနေကြတဲ့အတွက် တစ်ချို့က ဒီလိုအဖြစ်တွေကို မလိုချင်ကြတော့တဲ့ သဘောတွေ ရှိနေတတ်ကြပါတယ်။ တစ်ချို့လည်း ကြီးလိုက်တဲ့ဝဋ်ကျွေးရယ်လို့ ဖြေဆည်ရာမရ ဖြစ်ကြရပြီး ဒီလိုအဖြစ်ဆိုးတွေက အမြန်ဆုံး လွတ်ကြဖို့ တောင်းဆုလေးတွေ ချွေလေ့ရှိတတ်ကြပါတယ်။ ခက်တာက ပါးစပ်ကတောင်းနေကြပေမယ့် လုပ်တဲ့အလုပ်တွေက မကောင်းကြဘဲ ဖြစ်နေကြတော့ တောင်းတိုင်းလည်းမရ၊ လုပ်တိုင်းလည်း မလှဘဲ ဖြစ်နေရတဲ့ သဘောရှိနေတတ်ကြပါတယ်။

တကယ်တော့ အကုသိုလ်ဝဋ်ကျွေးဆိုတာ ဆုတောင်းနေရုံနဲ့ ကျေပျောက်တဲ့ သဘောမဟုတ်ပါဘူး။ ဆုတောင်းနေရုံနဲ့ နောင်မအကျိုးမပေးတော့တဲ့ သဘောမဟုတ်ပါဘူး။ ဒီဝဋ်ကျွေးတွေ နောင်ရောက်မလာအောင် အကုသိုလ်ကို မလုပ်ဘဲနေမှ ရတဲ့သဘောပဲ ဖြစ်ပါတယ်။ မကောင်းတဲ့အလုပ်တွေ၊ မကောင်းတဲ့အကျိုးတွေ မဖြစ်အောင် ဆုတောင်းနေရုံနဲ့တော့ ဒီအကျိုးတွေက ကျေပျောက်သွားမှာ မဟုတ်ပါဘူး။ အလုပ်တစ်ခုဟာ စေတနာပါပါနဲ့ လုပ်မိရင် တန်ပြန်သက်ရောက်မှုကို ဖြစ်စေတတ်တဲ့ သဘောရှိတဲ့အတွက် မကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ မဖြစ်ဖို့ မကောင်းတဲ့အလုပ်တွေ မလုပ်မိဖို့ပဲ အရေးကြီးပါတယ်။ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ပါဆိုသလိုမျိုး မကောင်းတဲ့အလုပ်တွေ လုပ်ပြီးမှ ကျေပါစေဆိုတာမျိုးကတော့ နောင်မှတတဲ့နောင်တပဲ ဖြစ်နေတော့မှာ ဖြစ်ပါတယ်။ အကုသိုလ်ရဲ့ တန်ပြန်သဘောဟာ မရောက်လာအောင် ဆုတောင်းနေတာထက် မလုပ်ဖြစ်အောင် ကြိုးစားနေထိုင်ခြင်းက အကောင်းဆုံး ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရဲ့ ကံကံရဲ့ အကြောင်းအကျိုး ဆက်စပ်မှု၊ တန်ပြန်သက်ရောက်မှု သဘောအရ စေတနာပါပါနဲ့ လုပ်တဲ့အလုပ်တိုင်းမှာ တန်ပြန်အကျိုးသက်ရောက်မှုက ရှိနေကြမြဲဖြစ်ပါတယ်။ အလုပ်ကောင်းမှာ စေတနာကောင်းထားပြီး လုပ်ရင် ကောင်းကျိုးကို ရစေမှာဖြစ်သလို အလုပ်ဆိုးမှာ စေတနာပါပါနဲ့ လုပ်ရင်လည်း မကောင်းကျိုးက ရောက်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။ စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ အလုပ်တစ်ခုဟာ အကျိုးမပေးရသေးခင် ပျောက်ပျက်သွားတတ်တဲ့ သဘောမရှိသေးဘဲ အခါအခွင့် သင်တဲ့အခါ၊ အကျိုးပေးချိန် ကျတဲ့အခါမှာ သက်ရောက်မှုက ဖြစ်လာမှာ ဖြစ်ပါတယ်။ ကိလေသာကုန်သွားလို့ ရဟန္တာ ဖြစ်သွားမယ်ဆိုရင်တော့ ကံအကျိုးပေးတွေကို ဖြတ်တောက်ပြီး ဖြစ်တဲ့အတွက် သက်ရောက်မှု မရှိနိုင်တော့ပေမယ့် သာမန်ပုထုဇဉ်တွေ အတွက်တော့ အခါအခွင့်သင့်ရင် ရောက်လာနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ ဒီကံတွေရောက်လာတာဟာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ကံအကျိုးပေးတွေ ရောက်လာတဲ့အခါ ကောင်းကံအကျိုးပေး ရောက်လာမှုမှာ အထူးပြောစရ မရှိပေမယ့် မကောင်းကံတွေ သက်ရောက်မှုရှိလာတဲ့ အခါမှာတော့ သတ္တဝါ အတော်များများက ကြောက်ရွံ့လာတတ်ကြပါတယ်။ မကောင်းတဲ့ အကျိုးပေးတွေ ရောက်လာတဲ့အခါကျမှ ဒုက္ခတရားနဲ့ သေခြင်းတရားအပေါ်မှာ တုန်လှုပ်လာတတ်တဲ့ သဘောရှိကြပါတယ်။ အဲဒီအခါမှ ခြေမကိုင်မိ လက်မကိုင်မိဘဲ ဟိုပြေးဒီပြေးကာ နီးစပ်ရာတွေမှာ တောင်းဆုလေးတွေ ချွေကြတော့တာ ဖြစ်ပါတယ်။ ဒီလိုဆိုးကျိုးတွေ အမြန်ပျောက်စေဖို့၊ နောင်မရောက်စေဖို့ စသဖြင့် ဝဋ်ကျွေးပြေဘုရားဆိုလား၊ ဆုတောင်းပြည့်ဘုရားဆိုလား စတဲ့ စေတီလေးတွေမှာ သွားပြီးတော့ တောင်းချင်ရာတောင်းနေကြတော့တာ ဖြစ်ပါတယ်။

တကယ်တော့ လုပ်ချင်ရာလုပ်ခဲ့ပြီးမှ တောင်းနေကြတာထက်စာရင် မလုပ်ဖြစ်အောင် ကြိုးစားတာက အကောင်းဆုံး ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ ကောင်းကံနဲ့ မကောင်းကံရဲ့ ခြားနားချက်က နှိုင်းမရအောင် ဖြစ်နေတဲ့အတွက် ဆုတောင်းနေကြတာထက်စာရင် မကောင်းတာကိုရှောင်ပြီး ကောင်းတာကို ဆောင်နိုင်အောင် ကြိုးစားတာက ပိုပြီးလက်တွေ့ကျတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ဝဋ်တွေကြီးလို့ အပြစ်တွေကြီးမှာကို ကြောက်ပြီး ဒီလိုမျိုးနောင်မဖြစ်အောင် တောင်းဆုတွေ ချွေနေကြတာထက်စာရင် ဒီလိုဝဋ်ကျွေးတွေ ဖြစ်စေမယ့် အလုပ်မျိုးတွေ မလုပ်ဖြစ်အောင် ရှောင်ကြဉ်တာက သဘာဝကျတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မကောင်းကျိုးတွေ မဖြစ်အောင် တောင်းခြင်းထက် အဲဒါတွေကို မလုပ်ဖြစ်အောင် ရှောင်ခြင်းက သဘာဝကျပြီး ရှောင်နေရုံနဲ့ မပြီးဘဲ သူနဲ့ဆန့်ကျင်ဘက် ကောင်းတာတွေကို ဆောင်နိုင်အောင်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အပြစ်တွေကျေပြီး အနှစ်တွေ ဝေနိုင်ကြမှာ ဖြစ်ပါတယ်။

ဘုရားရှင်တိုင်း မိန့်မှာတော်မူတဲ့ စကားသုံးခွန်းရှိပါတယ်။ မကောင်းတာကိုရှောင်ပြီး ကောင်းတာကိုဆောင်ဖို့၊ ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ဖြူစင်အောင် ကြိုးစားကြဖို့ ဆိုတဲ့ စကားသုံးခွန်းပဲ ဖြစ်ပါတယ်။ ဒီစကားတော်များဟာ သုံးခွန်းတည်းဆိုပေမယ့် အလွန်လေးနက် ကျယ်ပြန့်လှပါတယ်။ လိုက်နာဖို့ခက်သလို လိုက်နာနိုင်ရင်လည်း အပြည့်အဝ အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ မကောင်းတဲ့ အလုပ်တွေဟာ စေတနာပါပါ၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်မိရင် အကုသိုလ် အဆင့်ကိုကျော်ပြီး ဝဋ်ကျွေး အဆင့်အထိ ရောက်သွားတတ်ကာ အကုသိုလ်ကို ကုသိုလ်နဲ့ ချေဖျက်နိုင်ပေမယ့် ဝဋ်ကိုတော့ ကျေအောင်ဆပ်မှပဲ ပြတ်စေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝဋ်မှာအမြဲ ငရဲမှာ အပလို့ ဆိုကြခြင်း ဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့ မကောင်းတဲ့အလုပ်တွေဟာ ဝဋ်အဆင့်ကို ရောက်သွားမယ်ဆိုရင်တော့ ဆုတောင်းနေရုံနဲ့ မကျေပျောက်နိုင်ဘဲ ပြန်လည်ပေးဆပ်ပြီးမှ ကျေပျောက်နိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် လုပ်ပြီးမှ တောင်းနေကြတာထက်စာရင် မလုပ်ဖြစ်အောင် ရှောင်လိုက်တာက အကောင်းဆုံးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဗုဒ္ဓလက်ထက်က ဗောဓိကုမာရ အမည်ရတဲ့ မင်းသားတစ်ယောက် ရှိပါတယ်။ ဒီမင်းသားဟာ အိမ်ထောင်ကျပြီး သားသမီးမထွန်းကားဘဲ ဖြစ်နေပါတယ်။ တစ်နေ့တော့ မင်းသားဟာ မြတ်စွာဘုရားရှင်ကို ဆွမ်းပင့်ကပ်ပါတယ်။ ဆွမ်းမကပ်ခင် ဘုရားရှင် ပြဿဒ်ပေါ်ကို ကြွတော်မူမယ့် နေရာမှာ ကော်ဇောအနီးခင်းပြီး ကြိုတင်ဆုတောင်း အဓိဋ္ဌာန်ပြုထားလိုက်ပါတယ်။ ဘုရားရှင် ဒီအခင်းပေါ်က နင်းပြီးကြွရင် သားသမီး ရပါစေလို့ သူက ဆုတောင်းထားပါတယ်။ သူအဓိဋ္ဌာန်ပြု ဆုတောင်းတာကို သိလည်းသိ သူ့ရဲ့အတိတ်ကံ ဝဋ်ကျွေးကိုလည်း သိတော်မူတဲ့ ဘုရားရှင်က ကော်ဇောအခင်းကို ဖယ်လိုက်ဖို့ မိန့်တော်မူပါတယ်။ မင်းသားကလည်း ဘုရားရှင်ကို နင်းသွားစေလိုပါတယ်။ အကြိမ်ကြိမ်တောင်းပန် အကြိမ်ကြိမ် ငြင်းဆိုပြီး ဘုရားရှင်က “မင်းသားအနေနဲ့ အတိတ်ဘဝတစ်ခုမှာ သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းကို ရောက်သွားတဲ့အချိန် စားရေးသောက်ရေးအတွက် အဲဒီကျွန်းပေါ်မှာရှိတဲ့ ငှက်ဥတွေကို နှစ်ပေါင်းအတော်ကြကြာ နှိုက်ယူစားသောက်ခဲ့တဲ့ အကုသိုလ်ဝဋ်ကျွေး ရှိခဲ့တဲ့အတွက် သားသမီး မရနိုင်ကြောင်း” မိန့်တော်မူပြီး တရားဟောတော်မူခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။

ဒီအကြောင်းကိုကြည့်ရင် ဘုရားရှင်နဲ့ တိုက်ရိုက်တွေ့ကြုံရတဲ့ သူတွေတောင်မှ အကုသိုလ်ဝဋ်ကြွေးကို ဆုတောင်းလို့ မရနိုင်၊ မကျေနိုင် ဖြစ်ခဲ့ကြတယ်ဆိုတာကို သတိပြုဆင်ခြင်နိုင်ပါတယ်။ အတိတ်ကံ အကျိုးပေးပါလာရင် ဘယ်သူချေဖျက်ဖျက် မပျက်နိုင်တဲ့အတွက် ကျန်ခဲ့တဲ့ အတိတ်ကြွေးတွေကတော့ ရှိပါစေတော့။ အခုလက်ရှိဘဝမှာပဲ ဒီလိုအကုသိုလ်အကျွေးတွေ မဖြစ်ရအောင် ရှောင်ကြဉ်ကြဖို့ပဲ ဖြစ်ပါတယ်။ မလိုချင်တဲ့အရာ၊ မဖြစ်ချင်တဲ့အရာ၊ မရချင်တဲ့ ရလာဘ်တွေဟာ ဆုတောင်းနေဖို့ထက် ဒီအရာတွေကို ဖြစ်စေတတ်တဲ့ အလုပ်တွေကို မလုပ်ဘဲ ရှောင်လိုက်တာက အကောင်းဆုံးနဲ့ အသေချာဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ဒါဟာ ကံရဲ့အကျိုးပေးကို ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်လုပ်ယူလိုက်ခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက အခုလက်ရှိတွေ့ကြုံနေကြရတဲ့ မကောင်းတဲ့ရလာဘ်တွေ၊ မကောင်းတဲ့အကျိုးပေးတွေဟာ အတိတ်ဘဝတစ်ခုခုက ကိုယ်ကိုယ်တိုင် လုပ်ခဲ့ကြတဲ့ အကုသိုလ်တွေရဲ့ အကျိုးရလာဘ်ဖြစ်နေပြီး ဒီရလာဘ်တွေ နောင်မတွေ့ဖို့ ဆုတောင်းနေတာထက်စာရင် ဒီလိုရလာဘ်မျိုးကို ဖြစ်စေတဲ့ အလုပ်တွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ခြင်းက အကောင်းဆုံးပဲ ဖြစ်တဲ့အတွက် တောင်းဖို့ထက် ရှောင်ဖို့က အရေးကြီးကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ မကောင်းတာကိုရှောင်ပြီးရုံနဲ့ မပြီးသေးဘဲ ကောင်းတာတွေ ရောက်လာဖို့အတွက် အကောင်းတွေကိုလည်း ဆောင်ထားဖို့လည်းလိုကြောင်း အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာလေးပဲ ဖြစ်ဖြစ်၊ မကောင်းတာတွေ ကြုံလာတဲ့အခါ ဒီအရာတွေ မရောက်လာဖို့ ဆုတောင်းလေ့ ရှိကြတဲ့ သူတွေအနေနဲ့ ပြီးခဲ့တာတွေကိုထားပြီး လက်ရှိရရှိနေတဲ့ အခြေအနေကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး အခုလို မလိုချင်တဲ့အရာတွေ နောင်ရောက်မလာရအောင် ဘာမဖြစ်ရပါလို၏၊ ဘယ်လိုဖြစ်ပါရစေ စသဖြင့် ဆုတောင်းနေဖို့ထက် အဲဒီအရာတွေကို ဖြစ်စေတတ်တဲ့ အလုပ်တွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်နိုင်ဖို့ပဲ ကြိုးစားကြပါလို့ အသိပေးစကား ပြောကြားရင်း မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကိုဆောင်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းလိုက်ရပါတယ်။

Read more »

အမှန်ပင် မင်္ဂလာရှိခဲ့ပါ၏



၂၉-၅-၂၀၁၁ရက်၊ တနင်္ဂနွေနေ့၊ မနေ့က ဘုန်းဘုန်းတို့ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ဆရာ ကန်တော့ပွဲနဲ့ စာပေ ဆွေးနွေးပွဲလေး ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဆရာဒကာ ညီညာပေါင်းစုလို့ ကောင်းမှုတွေ ပြုလုပ်ဖြစ်ခဲ့ကြတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဒီကုသိုလ်ပွဲကတော့ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့တဲ့ ကောင်းမှု အမျိုးမျိုးတွေထဲက မတူညီတဲ့ တမူထူးခြား ကုသိုလ်တရား ဖြစ်ခဲ့ပါတယ်။ စိတ္တသုခ အဖွဲ့သားများအတွက် ထူးခြားတဲ့ ကုသိုလ်ပွဲလို့ ဆိုရတာက အခုဒီပွဲမှာ အဝေးက ကြွရောက်လာတဲ့ နိုင်ငံကျော် စာရေးဆရာ ဆရာဖေမြင့်နဲ့ နိုင်ငံကျော် ပန်းချီကာတွန်းဆရာ ဆရာအော်ပီကျယ်တို့ တက်ရောက်ချီးမြှင့်ကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ သင်ဆရာမြင်ဆရာကြားဆရာ စတဲ့ ဘယ်လိုဆရာမျိုးကိုပဲ ဖြစ်ဖြစ် တစ်လုံးတစ်ပါဒ အသိမျှပေးကြတဲ့ ဆရာများဟာ ကျေးဇူးကြီးမားကြတဲ့ ဆရာသမားများပဲ ဖြစ်တယ်လို့ ဆိုတဲ့အတိုင်း အခုလို ဆရာသမားများ ကြွရောက်လာခဲ့ခြင်းဟာ တကယ့်ကိုပဲ အကျိုးတရား၊ ကျေးဇူးတရား များခဲ့ကြပါတယ်။

မြန်မာပြည်မှာဆို ဒီလိုအနီးကပ် ရင်းရင်းနှီးနှီး တွေ့ဆုံဖို့ဆိုတာ မလွယ်လှတဲ့ ဆရာများနဲ့ အခုလို အဝေးတနေရာမှာ နီးကပ်စွာ ရှိခွင့်ရတာ တစ်ခုလောက်နဲ့ကိုပဲ ကျေနပ်စရာ ကောင်းနေပြီလို့ ပြောလို့ရတဲ့ အခြေအနေကနေပြီး ဆရာများရဲ့ အသိပေးစကား ဘဝအတွက် အားဖြစ်စေမယ့် အဆုံးအမများကိုပါ နားကြားခွင့် ရခဲ့ကြတဲ့အထိ အကောင်းဆုံး အခွင့်အရေးကို ရရှိခဲ့ကြတဲ့ အတွက်ကြောင့် အချိုပေါ်သကာလောင်း ဖော်မပြနိုင်အောင် ပီတိလောင်းခဲ့တဲ့ ပွဲလေးလို့ ဆိုရတာဖြစ်ပါတယ်။ ဆရာဝန်တစ်ဖြစ်လဲ စာရေးဆရာ၊ အခြေမြင့်ပြီး အနေတင့်နေတဲ့ ဆရာဖေမြင့်နဲ့ အင်ဂျင်နီယာ တစ်ဖြစ်လဲ ကာတွန်းဆရာ၊ အတော်ပီတဲ့ ဆရာအော်ပီတို့ရဲ့ စာပေဆိုင်ရာ ဆွေးနွေးမှုလေးတွေကလည်း ဘဝမှာ ဘယ်လိုမှကို တန်ဘိုးဖြတ်လို့ မရတဲ့ မှတ်သားလိုက်နာစရာ နှလုံးသား အာဟာရလေးများ ဖြစ်ခဲ့ရပါတယ်။ မေးသူကမေး၊ ဖြေသူကဖြေ၊ နာသူကနာ၊ မှတ်သူကမှတ်နဲ့ ကြည့်ရတဲ့ မြင်ကွင်းဟာ (၃)နာရီဆိုတဲ့ အချိန်အတွင်းမှာ ပြုံးပျော်စရာတွေပဲ ဖြစ်ခဲ့ရပါတယ်။

ပျော်တပြုံးပြုံး မော်မဆုံး ဖြစ်ခဲ့ရတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဟောပြောပွဲမှာ လှူသမျှအလှူ၊ ပြောသမျှစကား၊ ကြားသမျှအသံ၊ မြင်သမျှအရာတွေဟာ ကုသိုလ်ဖြစ်စရာ၊ စိတ်ကြည်နူးစရာ၊ ပီတိဖြစ်စရာတွေနဲ့ပဲ အစအဆုံး လွှမ်းမိုးထားခဲ့တဲ့အတွက် မနေ့ကပြုလုပ်ခဲ့ကြတဲ့ ပွဲလေးကို အမှန်ပင် မင်္ဂလာ ရှိတဲ့ပွဲလေးလို့ ဘုန်းဘုန်းတို့က ဆိုရခြင်းဖြစ်ပါတယ်။ ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလ မုတ္တမံ ပူဇော်ထိုက်တဲသူကို ပူဇော်ခြင်းဟာ မင်္ဂလာတစ်ပါးလို့ ရှင်တော်ဘုရား ဟောကြားတော်မူတဲ့အတိုင်း အပူဇော်ခံ၊ အကန်တော့ခံ ဆရာများဖြစ်တဲ့ ဆရာဖေမြင့်နဲ့ ဆရာအော်ပီကျယ်တို့ဟာ မိမိတို့ထက် အသက်သိက္ခာဂုဏ်ဝါ ကြီးလွန်းလှတဲ့ ဆရာသမားများ ဖြစ်နေတဲ့အတွက်လည်း အပူဇော်ခံထိုက်နေတဲ့အပြင် ပူဇော်ကန်တော့ကြတဲ့ စိတ္တသုခ အဖွဲ့သားများ အနေနဲ့လည်း ကတညူတ ကတဝေဒီ သူတပါးရဲ့ ကျေးဇူးတရားကို သိတတ်ပြီး ပြန်ဆပ်ကြခြင်းဟာ မင်္ဂလာတရားတစ်ခုပဲ ဖြစ်ကြောင်း လက်တွေ့လောင်းက ထင်ရှားပြခဲ့ကြတဲ့အတွက် ဆရာနဲ့တပည့် အမှန်ပင် မင်္ဂလာတွေနဲ့ ပြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို နှစ်ဖက်စုံတဲ့ မင်္ဂလာပွဲလေး ဖြစ်ခဲ့တဲ့အတွက်ကြောင့် စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဆွေးနွေးပွဲဟာ အမှန်ပင် မင်္ဂလာရှိတဲ့ပွဲလေးလို့ ဆိုရခြင်း ဖြစ်ပါတယ်။

မင်္ဂလာပါ ရှိရုံမကဘဲ ပညာတွေပါ ရှိစေဖို့ အကြင်နာအပြည့်နဲ့ ဟောပြောဆွေးနွေးပေးခဲ့ကြတဲ့ ဆရာဖေနဲ့ ဆရာကျယ်တို့ရဲ့ သွေဖယ်မသွားတဲ့ ဖေကျယ်စကားတွေကလည်း မရည်ရွယ်ပဲ မှတ်သားစရာတွေ ဖြစ်နေခဲ့ကြတဲ့ အတွက် ဆရာများအပြန်မှာ ကျန်ခဲ့ကြတဲ့ အသံတွေက ကောင်းလိုက်တာ၊ မှန်လိုက်တာစသဖြင့် ပြောမဆုံးအောင် ရှိနေခဲ့ကြပြန်ပါတယ်။ အကြောင်းမကုန်လို့ ပေါင်းဆုံနိုင်မယ်ဆိုရင် နောင်နှစ်တွေမှာလည်း ဒီထက်ပိုပြီး အကောင်းတွေစုံအောင် ကြိုးစားနေမယ့်အကြောင်း စိတ္တသုခ အဖွဲ့သားများက ထပ်လောင်းပြီး ဆရာများထံ အမှားစကား ပါးလိုက်ကြသလို မအားတဲ့ကြားက အားတွေပြခဲ့ကြတဲ့ ဆရာသမားများကလည်း အားတွေမကျခင် အမှားတွေကိုပြနိုင်ဖို့ အချိန်ပေးကာ ရေးကာပြနေပြီး မနှေးမကြာ ကြွလာနိုင်အောင် ကြိုးစားပါမည့်အကြောင်း အားသစ်တွေ လောင်းသွားခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် မနေ့က ကျင်းပပြုလုပ်ခဲ့ကြတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဆွေးနွေးပွဲလေး ကတော့ တစ်မူထားခြားတဲ့ ကုသိုလ်ပွဲလေးနဲ့ ပညာပေးပွဲလေးဖြစ်ကာ မင်္ဂလာရှိတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်ဆိုတာကတော့ လက်တွေ့တက်ရောက် ဆင်နွဲခဲ့ကြတဲ့ သူအားလုံးရဲ့ ရင်ထဲက အမှန်တရားဖြစ်ခဲ့ပြီး အမှတ်တရတွေထဲက အမှတ်ရစရာ အကောင်းဆုံးတစ်ခုအဖြစ် ကမ္ဗည်းတွင်ရစ်ခဲ့ပါကြောင်း မှတ်တမ်းတင်ကာ ဂုဏ်ပြုလိုက်ပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၁)...

အသေထွက် အရှင်ထွက်နဲ့ ဗုဒ္ဓဘာသာ
မြန်မာဗုဒ္ဓဘာသာများကြားမှာ အသေထွက်၊ အရှင်ထွက်ကိစ္စက တော်တော်ကို အပြောများပြီး အယုံအကြည်လည်း များနေတာကို တွေ့ရတတ်ပါတယ်။ တစ်ခါတလေ မြန်မာပြည်အနှံ့ ဟိုဟိုဒီဒီ ကြွတဲ့အခါ ကားဂိတ်ရထားဂိတ်တွေမှာ ဘုရားပုံ၊ ဘုန်းကြီးပုံ၊ ဘိုးတော်ဘွားတော်ပုံတွေ လိုက်ရောင်းတဲ့ ဈေးသည်များရဲ့ “ဒီဆရာတော်က နှစ်ဘယ်နှစ်ထောင် ရှိပြီ၊ ဒီပုံက ဟိုအရှင်ထွက် ဆရာတော်ကြီးရဲ့ပုံ၊ ဒီဆရာတော်ကြီးက ဘယ်လိုထွက်ရပ်ပေါက်တာ၊ ဒီပုံကို ပူဇော်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်” စသဖြင့် ပြောဆိုကာ လှည့်လည် ရောင်းချနေတဲ့ အသံတွေကို ကြားရတတ်သလို တစ်ခါတစ်ခါလည်း ဒကာဒကာမအချို့နဲ့ စကားပြောရင်း “ဘယ်ဆရာတော်ကြီးကတော့ ဘယ်လိုထွက်ရပ်ပေါက်သွားတာ၊ သူတို့ကိုးကွယ်တဲ့ ဘယ်ဘုန်းကြီးကတော့ အရှင်ထွက်ထွက်သွားတာ၊ ဘယ်ဆရာတော်ကြီးကတော့ ပျံတော်မူသွားတာ ကြာပေမယ့် ခန္ဓာကိုယ်ကြီးက မပုတ်မသိုးဘဲ ခုချိန်ထိ ခေါင်းရိတ်ပေးနေရတာ၊ လက်သည်းခြေသည်းတွေ ညှပ်ပေးနေရတာ” စသဖြင့် ပြောဆို လျှောက်ထားသံကိုလည်း နားထောင်ဖြစ်ခဲ့ဖူးပါတယ်။ ကြုံရင်ကြုံသလို ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပေးဖြစ်ပေမယ့် မြန်မာဗုဒ္ဓဘာသာအများရဲ့ အရိုးစွဲနေတဲ့ အသေထွက်၊ အရှင်ထွက်လို့ခေါ်တဲ့ ထွက်ရပ်ပေါက်ကိစ္စနဲ့ ပတ်သက်တဲ့ ယုံကြည်မှုတွေကတော့ ရှိမြဲရှိနေတာပဲ ဖြစ်ပါတယ်။ ဆိုးတာက လွဲနေတာကို လွဲနေမှန်းမသိတာကိုက နည်းနည်းလေးကို လွဲနေကြတာ ဖြစ်ပါတယ်။

တကယ်တော့ ဘယ်သူမဆို အသေပဲထွက်ထွက်၊ အရှင်ပဲထွက်ထွက် ဒါဟာ အသက်ထွက်တာပဲ ဖြစ်ပါတယ်။ အသက်ထွက်တယ်ဆိုတာ သေတာကို ပြောတာဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာအလိုအရ သတ္တဝါ တစ်ဦးတစ်ယောက် သေတယ်ဆိုတာ နာမ်သက်ရုပ်သက် နှစ်ခုလုံးချုပ်သွားတာကိုပဲ ဆိုတာဖြစ်ပါတယ်။ နာမ်ရုပ် နှစ်ပါးနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါမှန်သမျှ ဘဝတစ်ခု နိဂုံးချုပ်သွားတယ်ဆိုရင် ဒါဟာနာမ်သက်ရုပ်သက် နှစ်ခုလုံး ချုပ်သွားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါဆိုရင် ရုပ်နာမ်နှစ်ပါးနဲ့ တည်ဆောက်ထားတဲ့ ပုဂ္ဂိုလ်သတ္တဝါ မှန်သမျှ လူပဲဖြစ်ဖြစ်၊ ရဟန်းသံဃာပဲ ဖြစ်ဖြစ်၊ ဘုရားပစ္စေကပဲ ဖြစ်ဖြစ် သေဆုံးသွားကြတဲ့အခါ အကုန်လုံး နာမ်သက်ရုပ်သက် သေသွားကြတာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလို သေသွားကြတဲ့ သတ္တဝါမှန်သမျှ အရှင်ထွက်သွားတယ်၊ အသေထွက်သွားတယ်ဆိုတာ မရှိနိုင်တော့ပါဘူး။ သေပြီးမှ ဘယ်လိုလာပြတယ်၊ ဘယ်မှာရှိနေတယ် စတာတွေ ဖြစ်လာတယ်ဆိုရင် ဒါဟာ သေပြီးနောက်ဘဝ ရောက်သွားပြီးမှ ထင်ရှားလာတဲ့ သဘောပဲ ဖြစ်ပါတယ်။ ရုပ်သာသေပြီး နာမ်ကမသေဘဲ တစ်ခြားဘဝကို ကူးပြောင်းသွားတာလို့ ယူဆခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာ အလိုနဲ့ မကိုက်ညီဘဲ ဝိညာဉ်ကို လက်ခံတဲ့သဘော၊ အတ္တကို လက်ခံတဲ့သဘော ဖြစ်သွားတတ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အတ္တဝိညာဉ်ဆိုတာ မရှိဘဲ နာမ်နဲ့ရုပ်ပဲ ရှိတယ်ဆိုတဲ့ အချက်ကို သတိပြုရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘဝကူးသွားတယ်ဆိုတာ ဘာကကူးတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအမေးအတွက်တော့ မသေခင် လုပ်ခဲ့တဲ့ ကံအစွမ်းတွေက ကူးတာလို့ပဲ ဖြေရမှာ ဖြစ်ပါတယ်။

ထားပါတော့။ ပြောချင်တာက အသေထွက် အရှင်ထွက်နဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ဘုရားရှင်များ၊ ရဟန္တာ မထေရ်ကြီးများ စတဲ့ သီလသမာဓိ ပညာ အားကောင်းတဲ့ သူတော်ကောင်းများ အားလုံးဟာ ပျံလွန်တော်မူသွား၊ ပရိနိဗ္ဗာန် ပြုတော်မူသွားတဲ့အခါ အများထင်နေသလို အရှင်ထွက် ထွက်သွားကြတာ မဟုတ်သလို အသေထွက်လည်း ထွက်သွားကြတာ မဟုတ်ဘဲ နာမ်သက်ရုပ်သက် သေသွားကြတာပဲ ဖြစ်ပါတယ်။ ဒီလို နာမ်ရုပ်နှစ်ခုလုံး သေသွားကြတာ ဖြစ်တဲ့အတွက် မသေခင် ပျောက်သွားတယ်၊ ပျံတော်မူသွားပေမယ့် ရုပ်ကမသေဘဲ ဒီအတိုင်းပဲ ရှိနေတယ် စတာတွေလည်း မရှိတော့ပါဘူး။ ဒါဆိုရင် တစ်ချို့ဆရာတော်ကြီးများရဲ့ ရုပ်အလောင်းတွေက ဘာကြောင့် ဆံတော်တွေ ရှည်လာရတာလဲ၊ မပုတ်မသိုးဘဲ ရှိနေရတာလဲ၊ ခြေသည်းလက်သည်းတွေ ဘာကြောင့် ထွက်လာရတာလဲ စသဖြင့် မေးစရာ ရှိပါတယ်။ ဒီလိုသဘောတွေကို လက်တွေ့မြင်လို့လားလို့ မေးရင်အတော်များများက တဆင့်စကားနဲ့ ဆင့်ပွားကြတဲ့ သဘောရှိပါတယ်။ တကယ်လို့ လက်တွေ့မြင်တွေ့တာ ဆိုရင်လည်း ဒါဟာ အကယ်၍ ရဟန္တာ မထေရ်ကြီးများ အနေဖြင့် မသေခင် အဓိဋ္ဌာန် တစ်ခုခု ပြုတော်မူသွားတဲ့အခါ၊ တစ်စုံတစ်ယောက်ကို ချီးမြှောက်လိုတဲ့ အခါမျိုးမှာ အဲဒီ ရဟန္တာများရဲ့ အဓိဋ္ဌာန်ချက်အတိုင်း ကျန်ရစ်ခဲ့တဲ့ ရုပ်အကောင်ဟာ တည်တံ့နေတတ်တာမျိုး ရှိတတ်တဲ့အတွက် ဒီလို အဓိဋ္ဌာန်မျိုးကြောင့်လို့ပဲ ယေဘုယျ မှတ်ယူထားရမှာ ဖြစ်ပါတယ်။ ဒါကလည်း အတော်ကို ဖြစ်ခဲတဲ့ ကိစ္စမျိုးပဲ ဖြစ်ပါတယ်။

နောက် အသေထွက်၊ အရှင်ထွက်နဲ့ ပတ်သက်ပြီး စဉ်းစားစရာ အချက်အချို့ ရှိပါတယ်။ တစ်ချို့က ဗုဒ္ဓစာပေကို နားလည်မှုလွဲပြီး အသုံးပြုတဲ့ အတွက်ကြောင့် ဒီလိုအသေထွက် အရှင်ထွက် အယူအဆမျိုး ဖြစ်လာတာလို့လည်း ယူဆနိုင်ကြပါတယ်။ ဗုဒ္ဓစာပေမှာ နိဗ္ဗာန်အမျိုးအစား နှစ်မျိုးရှိကြောင်း ပြဆိုထားပါတယ်။ အဲဒီနှစ်မျိုးက သဥပါဒိသေသနိဗ္ဗာန်နဲ့ အနုပါဒိသေသနိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ သဥပါဒိသေသ နိဗ္ဗာန်ဆိုတာ ခန္ဓာအကြွင်းရှိတဲ့ နိဗ္ဗာန်ဖြစ်ပြီး အနုပါဒိသေသနိဗ္ဗာန်ဆိုတာ ခန္ဓာအကြွင်းမရှိတော့တဲ့ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ ဒါက ကိလေသာကုန်ခမ်း ရဟန္တာဖြစ်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်များနဲ့ ပတ်သက်တဲ့ နိဗ္ဗာန်တွေပဲ ဖြစ်ပါတယ်။ ရဟန္တာပုဂ္ဂိုလ်များမှာ ကိလေသာကုန်ခမ်း ရဟန္တာဖြစ်သွားပေမယ့် ပရိနိဗ္ဗာန်မပြုသေးတဲ့ အချိန်မှာ သဥပါဒိသေသ နိဗ္ဗာန်ကို ရရှိခံစားနေတာ ဖြစ်ပြီး ရဟန္တာဘဝနဲ့ ပရိနိဗ္ဗာန်ပြုသွားပြီဆိုရင် ဒါဟာ ခန္ဓာကိုယ်အကြွင်းအကျန် မရှိတော့တဲ့ အနုပါဒေသသနိဗ္ဗာန်ကို ရရှိသွားတော့တာ ဖြစ်ပါတယ်။

ဆိုလိုတာက သက်ရှိထင်ရှား ရဟန္တာများဟာ ပရိနိဗ္ဗာန်မပြုသေးတဲ့အတွက် ခန္ဓာကိုယ် ရှိနေသေးပေမယ့် ပရိနိဗ္ဗာန်ပြုသွားတဲ့ အခါမှာတော့ ဒီရုပ်ခန္ဓာလည်း ချုပ်ပျောက်သွားတော့တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်လည်း အကြွင်းမရှိတော့တာ ဖြစ်ပါတယ်။ ဒီလို ရဟန္တာပုဂ္ဂိုလ်များရဲ့ ခန္ဓာအကြွင်းရှိ၊ မရှိတဲ့ နိဗ္ဗာန်သဘောတွေကြောင့် အသက်ရှိနေသေးပေမယ့် ကိလေသာတွေက ထွက်ပြီးဖြစ်နေတဲ့အတွက် ရှင်နေပေမယ့် ထွက်ပြီးတဲ့သဘော၊ ပရိနိဗ္ဗာန်ပြုသွားတဲ့ အခါမှာတော့ ခန္ဓာကိုယ်လည်း အကြွင်းမရှိ သေသွားတာ ဖြစ်လို့ ကိလေသာလည်းသေ၊ ခန္ဓာလည်းသေသွားတဲ့ အသေထွက်သွားတဲ့ သဘောမျိုးတွေကြောင့် အသေထွက် အရှင်ထွက်တွေလို့ ဆိုတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီလို အဓိပ္ပါယ်မျိုးဆိုရင်တော့ ရဟန္တာနဲ့ အသေထွက် အရှင်ထွက် ပြဿနာက အထွေအထူး ပြောစရာ မရှိနိုင်ပါဘူး။ အဲလိုမှမဟုတ်ဘဲ မသေခင် ထွက်သွားကြတယ်ဆိုရင်တော့ ဒါဟာ ဗုဒ္ဓဘာသာ အယူအဆတွေနဲ့ လွဲနေတော့တာ ဖြစ်ပါတယ်။

အချုပ်ပြောချင်တာက ဘုရားရှင်အပါအဝင် ဧတဒဂ်ရ ရဟန္တာများအားလုံးဟာ အသေထွက်သွားတယ်၊ အရှင်ထွက်သွားတယ်ဆိုတာ မရှိဘဲ အားလုံးပရိနိဗ္ဗာန်ပြုတော် မူသွားတဲ့အခါ နာမ်ရုပ်အားလုံး ချုပ်သွားကြတာတွေပဲ ဖြစ်တဲ့အတွက် ဒီနေ့ခေတ် ထင်နေကြသလို ဘယ်ပုဂ္ဂိုလ်ကတော့ အရှင်ထွက်သွားတယ်၊ ဘယ်သူကတော့ အသေထွက်သွားတယ်စတဲ့ ထွက်ရပ်ပေါက် အယူအစတွေဟာ စာပေအဖွင့်တွေအရ လွဲနေကြတာတွေ ဖြစ်ကြောင်း၊ ဘယ်သူမဆို နိဗ္ဗာန် မရသေးသမျှ သေပြီးနောက်မှာ ဘဝအသစ်မှာ ဖြစ်ကြရမှာဖြစ်ပြီး အဲဒီဘဝအသစ်ကနေ ဘဝဟောင်းရဲ့ အကြောင်းတွေကို ထင်ရှားပြရင်လည်း ဒါဟာ အရှင်ထွက်သွားလို့ မဟုတ်ဘဲ ဘဝအသစ်ကနေ ထင်ရှားပြခြင်းသာ ဖြစ်ကြောင်း၊ နိဗ္ဗာန်ရသွားပြီဆိုရင်တော့ ဘဝအဆုံးသတ်သွားပြီ ဖြစ်တဲ့အတွက် ဘဝအသစ်ဆိုတာလည်း မရှိတော့သလို လာပြီးထင်ရှားပြတယ်ဆိုတာလည်း မရှိတော့ကြောင်း သဘောပေါက် သိစေချင်တာ ဖြစ်ပါတယ်။ အဲဒီလို နာလည်းပြီး နားလည်မှုလွဲနေကြတဲ့ အသေထွက် အရှင်ထွက် အလွဲတွေကိုလည်း မလွဲရအောင် သတိဆောင်ပြီး ဉာဏ်နဲ့ယှဉ်ကာ စဉ်းစားကြဖို့ တိုက်တွန်းရင်း လွဲနေတတ်တဲ့အလွဲ တစ်ခုအဖြစ် အသိပေးတင်ပြလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ