ဥပုသ်နေ့မဟုတ်တဲ့ ဥပုသ်သီလ၊ အလှူခံပုဂ္ဂိုလ်နဲ့ ရွေးချယ်မှု…

Q. အရှင်ဘုရား
တပည့်တော်အား ပြန်လည်ဖြေကြား ရှင်းလင်းပေး၍ ကျေးဇူးအထူးတင်ရှိပါသည်။ အောက်ပါမေးခွန်း များကိုလည်း ဖြေကြားပေးပါဘုရား...
၁။ ဥပုသ်နေ့ မဟုတ်သော စနေ၊ တနင်္ဂနွေနေ့များ၌ ဥပုသ်စောင့်၍ ရနိုင်ပါသလားဘုရား
၂။ တပည့်တော် ၀ါဆိုသင်္ကန်းအား မိမိကိုယ်တိုင် ၁စုံလှူ၍ ကျန်သင်္ကန်း ၅စုံအား အသိမိတ်ဆွေ မရှိဆင်းရဲသား အသက်ကြီးသူများအား လှူဒါန်းချင်ပါသည်။ သူတို့ သေဆုံးသွားသောအခါ သင်္ကန်းအလှူဒါန အကျိုးပါသွားစေ ချင်ပါသည်။ မိမိကိုယ်တိုင် ၆စုံလုံး ကပ်လှူခြင်းနှင့် ၎င်းတို့အား ပေးလှူခြင်း မည်သည့်အရာက အကျိုးများပါသလဲဘုရား။


တပည့်တော်များသောအားဖြင့် ဆင်းရဲသူများ၊ ဒုက္ခရောက်သူများအား လှူဒါန်းလေ့ရှိပြီး အလှူခံပုဂ္ဂိုလ် မြတ်မမြတ်ကို သိပ်မကြည့်ဖြစ်ပါ။ ဘုန်းဘုန်း၏ ပြန်ကြားစာတွင် ၎င်းအချက်ပါရှိပါ၍ တပည့်တော် သင်္ကန်း၆စုံလုံးကို သီလနှင့်ပြည့်စုံသည့် ဆရာတော်ကြီးများအား ကိုယ်တိုင်ကပ်လှူလျင် ကောင်းမည်လားဟု ဇဝေဇ၀ါဖြစ်နေပါသည်ဘုရား။ မည်သည့်အရာက အကျိုးများမည် ဖြစ်ပါသလဲဘုရား။ ယခုမှစ၍ ဆင်းရဲသားများထက် မွန်မြတ်သော ဆရာတော်ကြီးများအား လှူဒါန်းခြင်းကို ဦးစားပေးလျှင် ကောင်းမည်ဖြစ်ပါသလားဘုရား…။
ကျေးဇူးအထူးတင်ရှိပါသည်။
သင်းသင်းအေး
(MYANMAR TASAKI CO., LTD.)

A. ၁။ မင်္ဂလာပါ ဒကာမရေ… ဥပုသ်နေ့မဟုတ်တဲ့ တစ်ခြားနေ့တွေမှာလည်း ဥပုသ်သီလကို စောင့်ထိန်းနိုင်ပါတယ်။ နေ့စဉ်စောင့်ထိန်းနိုင်ရင် ပိုကောင်းပါတယ်။ တကယ်တော့ ဥပုသ်သီလဆိုတာ တပတ်မှာ တစ်ရက်လောက်တော့ သီလကို အထူးစောင့်ထိန်း စေလိုတဲ့အတွက် ဥပုသ်နေ့မှာ သတ်မှတ်ပေးပြီး ရှစ်ပါး၊ ကိုးပါးသီလများကို စောင့်ထိန်းဖို့ အထူးသတ်မှတ်ပေးတဲ့ သီလဖြစ်ပါတယ်။ စွမ်းနိုင်ရင်တော့ နေ့စဉ်စောင့်ထိန်းနိုင်ရင် ပိုကောင်းပါတယ်။ ငါးပါးသီလထက်ပိုလွန်ပြီး မေထုန်မလိုက်စားဖို့၊ နေ့လွဲညစာမစားဖို့၊ ကခြင်းတီးခြင်းသီဆိုခြင်းများ မလုပ်ဖို့၊ အမွေးနံ့သာ မလိမ်းဖို့၊ နူးညံ့လှတဲ့ အိပ်ရာနေရာတွေမှာ မနေထိုင်ဖို့ စသဖြင့် ပညတ်ပေးထားတဲ့ ရှစ်ပါးကိုးပါး သီလများကိုကြည့်ရင် ကာမဂုဏ်အာရုံတွေ၊ ကိလေသာတရားတွေကို မလုပ်ဖြစ်အောင်၊ မကျူးလွန်မိအောင် ကိုယ့်ရဲ့ကာယကံ ၀စီကံတွေကို ချုပ်တီးနိုင်အောင် သီလနဲ့ ထိန်းစေလိုခြင်းဖြစ်ကြောင်း သိနိုင်ပါတယ်။ ဒါကြောင့် ဒီရှစ်ပါး ကိုးပါးသီလများဟာ ဥပုသ်နေ့မှ မဟုတ်ဘဲ ကျန်တဲ့နေတွေမှာလည်း ထိန်းနိုင်ရင် အကုသိုလ် အဖြစ်နည်းပြီး ကိလေသာလျော့နည်း စေမှာဖြစ်တဲ့အတွက် နေ့စဉ်စောင့်ထိန်းနိုင်ရင် ကောင်းပါတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဥပုသ်နေ့ကလွဲပြီး ကျန်တဲ့နေ့တွေမှာလည်း စောင့်ထိန်းကောင်းပါတယ်လို့ သိစေလိုပါတယ်။

၂။ အလှူဒါနကတော့ စေတနာသုံးတန်ပြဋ္ဌာန်းပြီး ပြတ်သားစွာ လှူမယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို မဆို လှူဒါန်းနိုင်ပြီး အလှူကုသိုလ်မြောက်ကာ ကုသိုလ်ရပါတယ်။ အကျိုးပေးအနေနဲ့သာ အလှူခံပုဂ္ဂိုလ်ကို လိုက်ပြီး ကွဲပြားတာဖြစ်ပါတယ်။ အလှူခံပုဂ္ဂိုလ်များဖြစ်တဲ့ ၁။ တိရိစ္ဆာန်သတ္တ၀ါများ ၂။ လူဒုဿီလခေါ် တံငါမုဆိုးစသော ဒုစရိုက်မှု ပြလုပ်သူများ ၃။ လူသီလ၀န္တခေါ် သာသနာပအခါမျိုး၌ ငါးပါးသီလမြဲသူများ ၄။ ရသေ့ပရိဗိုဇ်ခေါ် သာသနပအခါ ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်များ၊ ၅။ သောတာပတ္တိမဂ္ဂန်ပုဂ္ဂိုလ် ၆။ သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် ၇။ သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၈။ သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ၉။ အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၁၀။ အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ၁၁။ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၁၂။ အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် ၁၃။ ပစ္စေကဗုဒ္ဓ ၁၄။ သမ္မာသမ္ဗုဒ္ဓဆိုတဲ့ အလှူခံပုဂ္ဂိုလ် (၁၄) ယောက်ထဲမှာ ယုတ်စွအဆုံး တိရိစ္ဆာန်ကိုတောင် စေတနာအပြည့်နဲ့ ကျွေးမွေးလှူဒါန်းရင် ကုသိုလ်ရပြီး ဘ၀ပေါင်း တစ်ရာအထိ ကောင်းမှုအကျိုးပေးကြောင်း၊ တိရိစ္ဆာန်ထက် သီလမရှိတဲ့ လူပုဂ္ဂိုလ်ကို လှူဒါန်းရင်လည်း ဘ၀ပေါင်း တစ်ထောင်အထိ အကျိုးပေးကြောင်း စသဖြင့် အလှူခံပုဂ္ဂိုလ် မြင့်မြတ်တာနဲ့ အလှူရဲ့ အကျိုးကြီးမှုလည်း ကွာခြားသွားကြောင်း စာပေတွေမှာ ဖွင့်ဆိုရှင်းပြပါတယ်။

ဒီနေရာမှာ ဒကာမရဲ့ အလှူကတော့ ဘယ်လိုမျိုး အနေနဲ့ပဲလှူလှူ စေတနာပြဋ္ဌာန်းပြီးသား ဖြစ်လို့ အကျိုးပေးကောင်းပြီး ကုသိုလ်ဖြစ်နေတယ်ဆိုတာ အထူးပြောစရာ မရှိပါဘူး။ အကျိုးပေးကြီးမှု မကြီးမှုကတော့ အလှူခံပုဂ္ဂိုလ် အပိုင်းနဲ့ဆိုင်သွားပါပြီ။ ဒကာမရဲ့ စေတနာကတော့ ပြည့်စုံနေမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ပုထုဇင်တွေဖြစ်နေသမျှ စေတနာသဒ္ဓါတရားက မခိုင်မြဲသေးတဲ့အတွက် စေတနာကွက်တာ၊ သဒ္ဓါကွက်တာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့်လည်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုယ်က ပုထုဇင်ဖြစ်နေတဲ့အတွက် ပုဂ္ဂိုလ်ကို ရွေးချယ်ရာမှာ သီလပြည့်စုံမှု ရှိမရှိ အတိအကျ မသိနိုင်တာတွေလည်း ရှိတတ်ပါတယ်။ ဒီနေ့ခေတ် အလှူခံပုဂ္ဂိုလ်တွေကြားမှာ နာမည်ကြီးပြီး အကျင့်လွဲနေတဲ့ အလှူခံပုဂ္ဂိုလ်အချို့လည်း ရှိနေတဲ့အတွက် အလှူဒါနပြုတဲ့အခါမှာ ယုံကြည်မှုနဲ့ စူးစမ်းဆင်ခြင်မှုကို ညီမျှအောင် ပြုဖို့လိုတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်းလှူဒါန်းတာနဲ့ ပတ်သက်ပြီး ဒကာမသိချင်တာလေးကို ပြောရမယ်ဆိုရင် သင်္ကန်းတစ်စုံပဲလှူလှူ အများကြီးပဲလှူလှူ စေတနာကောင်းရင် အလှူကြီးပြီး စေတနာနည်းရင် အလှူသေးမှာ ဖြစ်ပါတယ်။ ဒကာမ လှူလိုတဲ့ တစ်စုံဟာ စေတနာအရ ကြီးနေမယ်လို့ ယုံကြည်သလို သူများတွေကိုလည်း ဒါနအကျိုးကို ရစေလိုတဲ့အတွက် ပေးလှူစေတာဟာလည်း စေတနာရော မေတ္တာပါ ပြဋ္ဌာန်းနေတဲ့အတွက် ဒကာမအာရုံပြုထားသလို ကိုယ်ကတစ်စုံပဲလှူပြီး ကျန်ငါးစုံကို မရှိဆင်းရဲသားတွေကို ပေးလှူစေတာ ပိုပြီးကောင်းပါတယ်။ အကျိုးပေးအနေနဲ့ကလည်း ကိုယ်လှူတဲ့ တစ်စုံအတွက်လည်း ကုသိုလ်ရပြီးသား ဖြစ်နေသလို သူတစ်ပါးတို့အားလည်း ပေးလှူစေတဲ့အတွက် သူတို့လည်း ကုသိုလ်ရသလို သူတို့လှူတိုင်းလှူတိုင်း ကိုယ့်မှာလည်း ကုသိုလ်တွေ တိုးနေစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒကာမအနေနဲ့ သင်္ကန်း၆စုံလုံးကို ကိုယ်တစ်ယောက်တည်း လှူဒါန်းတာထက် ကိုယ်လည်းလှူ သူများတွေကိုလည်း ပေးလှူစေတာက ပိုအကျိုးကြီးကြောင်း အကြံပြုလိုပါတယ်။

နောက်တစ်ချက် ဒကာမမေးထားသလို မရှိဆင်းရဲသား ဒုက္ခရောက်နေသူများထက် သီလနဲ့ပြည့်စုံတဲ့ ဆရာတော်ကြီးတွေကိုပဲ သင်္ကန်း၆စုံလုံး လှူရင်ကောင်းမကောင်းဆိုတဲ့ အချက်ကတော့ အကြံပြုလိုပါတယ်။ အလှူလှူတဲ့အခါ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူသင့်တယ်ဆိုပေမယ့် ကိုယ်လှူတဲ့ ပစ္စည်းဝတ္ထုရဲ့ အသုံးတည့်မှု မတည်မှု အချိန်အခါ ညီမှုမညီမှုတွေကိုလည်း ကြည့်ဖို့လိုပါတယ်။ သီလနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းတာဟာ လှူဒါန်းတဲ့အခိုက်မှာ အကျိုးကြီးပေမယ့် အလှူဝတ္ထုရဲ့ အသုံးကျမှုကတော့ နောက်ပိုင်းမှာ သိပ်မရှိလှပါဘူး။ ဆိုကြပါစို့ သီလသမာဓိနဲ့ ပြည့်စုံတဲ့ နာမည်ကြီး ဆရာတော်ကြီးတွေကို ကိုယ်ကလှူလိုက်တဲ့ ပစ္စည်းဟာ ဆရာတော်ကြီးများအတွက် ကိုယ့်လိုပဲ လှူဒါန်းသူတွေများနေတော့ ကိုယ့်အလှူကို တိုက်ရိုက်အသုံးပြုချင်မှ ပြုနိုင်ကြမှာ ဖြစ်ပါတယ်။ သင်္ကးန်လှူလည်း သင်္ကန်းကို တစ်နေရာမှာ ချောင်ထိုးထားရင်လည်း ထားနိုင်ပါတယ်။ အကယ်၍များ အဲဒီသင်္ကန်းတွေကို ဆင်းရဲနွမ်းပါးနေတဲ့ စာသင်သားလေးတွေ၊ မပြည့်စုံတဲ့ ကျောင်းတိုက်လေးတွေ၊ လိုအပ်နေတဲ့ နေရာလေးတွေမှာ လှူဖြစ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အလှူပစ္စည်းဟာ အလှူခံပုဂ္ဂိုလ်တွေ အတွက်လည်း အကျိုးကြီးပြီး သူတို့တွေ ၀တ်ရုံသုံးဆောင်တိုင်းလည်း ကိုယ့်မှာကုသိုလ် တိုးနေမှာဖြစ်ပါတယ်။ ဒီထက်ပိုဝမ်းသာစရာက အလှူဒါနကို လိုအပ်နေတဲ့နေရာမှာ လိုနေတဲ့ဆန္ဒကို ဖြည့်ပေးတဲ့ သဘောမျိုး လှူလိုက်ရတဲ့အတွက်လည်း ပိုပြီးဝမ်းသာ ကြည်နူးစရာ ဖြစ်ပါတယ်။

အလှူဒါနဟာ အလှူခံပုဂ္ဂိုလ်ကိုလိုက်ပြီး အကျိုးအကြီးအသေး ကွာခြားတယ်ဆိုပေမယ့် ပုဂ္ဂိုလ်တစ်ဦးချင်းကို လှူဒါန်းတာထက် အဖွဲ့အစည်းနဲ့ အများကို ရည်ရွယ်ပြီး လှူဒါန်းတာက ပိုပြီးအကျိုးကြီးစေပါတယ်။ အလှူခံပုဂ္ဂိုလ် ၁၄ယောက်ထဲမှာ အမြတ်ဆုံးအလှူခံဖြစ်တဲ့ မြတ်စွာဘုရားကလည်း မိထွေးတော် ဂေါတမီက မိမိကို ရည်မှန်းပြီး လှူဒါန်းလာတဲ့ အလှူအတွက် “ဂေါတမီ... သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါဘုရားကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့” (ဒက္ခိဏ၀ိဘင်္ဂသုတ်) လို့ သံဃိက အလှူရဲ့ အကျိုးကြီးပုံကို မိန့်တော်မူပါတယ်။ ဒီနေရာမှာ ဘုရားကို လှူတာထက် သံဃာကို လှူတာက ပိုမြတ်ပြီး ပိုအကျိုးကြီးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ သံဃိက အလှူရဲ့ အကျိုးကြီးမှုကို ရည်ရွယ်လိုတာ ဖြစ်ပါတယ်။ အမှန်တော့ ဘုရားရှင်ကသာ အမြတ်ဆုံး အလှူခံ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘုရားရှင်ရော သံဃာတော်ရော တစ်ပေါင်းတည်း လှူနိုင်ရင်တော့ အကောင်းဆုံး အလှူပဲပေါ့။ တကယ်တော့ သံဃာဆိုတာ အဖွဲ့အစည်း အပေါင်းအစည်းပဲ ဖြစ်ပါတယ်။ တစ်ပါးချင်းအနေနဲ့ သီလတွေ ချို့ယွင်းနိုင်ပေမယ့် သံဃာအများဖြစ်သွားတဲ့အခါ သီလမရှိသူလည်း သံဃာ့အားနဲ့ သံဃာတောထဲမှာဆိုရင် သံဃာလိုပဲ အကျိုးကျေးဇူးကို အပြည့်အ၀ပေးစေနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဒကာမရဲ့ အမေးဖြစ်တဲ့ “ဆင်းရဲသားများထက် မွန်မြတ်တဲ့ ဆရာတော်ကြီးများကို ရွေးချယ်ပြီး လှူဒါန်းရင်း ကောင်းမည်လား” ဆိုတဲ့ အမေးကို စေတနာ သဒ္ဓါတရားအပြည့်နဲ့ လိုအပ်တဲ့နေရာမှာ၊ လိုအပ်တဲ့အလှူကို ပုဂ္ဂိုလ်တစ်ဦးချင်းထက် အများကို ရည်မှန်းပြီး လှူဒါန်းတာက ပိုကောင်းတယ်လို့ အကြံပြု ဖြေကြားပေးလိုပါတယ်။

Read more »

ပဋ္ဌာန်းဆက်…

“အခုလို တစ်ယောက်နဲ့တစ်ယောက် တွေ့ကြဆုံကြရတာ ဒါဟာ ပဋ္ဌာန်းဆက်ကြောင့်ပဲ၊ ပဋ္ဌာန်းဆက် ရှိလို့သာ ဒီလိုနေရာမျိုးမှာ လာဆုံတွေ့ကြတာပေါ့...”စတဲ့ အပြောတွေနဲ့ ပဋ္ဌာန်းဆက် ဆိုတဲ့ စကားကို မြန်မာဗုဒ္ဓဘာသာအများ တော်တော်များများ အသုံးပြု ပြောဆိုကြတာ တွေ့ရတတ်ပါတယ်။ တစ်လောကပဲ ကျောင်းသားတွေ ကျောင်းကိုရောက်လာပြီး “ဘုန်းဘုန်းဘုရား… တပည့်တော်တို့ရဲ့ ပဋ္ဌာန်းဆက် ကတော့ တော်တော်ကို အံ့သြစရာကောင်းတယ်၊ ဒီလိုနေရာမှာ ဒီလိုလူမျိုးတွေနဲ့ လာပြီးတွေ့ဆုံဖြစ်မယ်လို့ တစ်ခါမှကို စိတ်ကူးမရှိခဲ့ဘူးဘုရား..”စသဖြင့် သူတို့တွေ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်မှာ တွေ့ကြဆုံကြရတဲ့ သူတွေအကြောင်း ပြောဆိုဖြစ်ကြပါသေးတယ်။ သူတို့တွေလည်း ပဋ္ဌာန်းဆက် ဆိုတဲ့ စကားကို ဘယ်ရယ်မသိ ပြောဆိုကြပြန်ပါတယ်။ သူတို့စကားကို နားထောင်ပြီး ဘုန်းဘုန်းက “ကလေးတို့တွေ ပဌာန်းဆက် ဆိုတဲ့ စကားကို တော်တော်များများ ပြောဆိုသုံးစွဲတတ်ကြတယ်၊ ဒီစကားရဲ့ တိကျတဲ့ အဓိပ္ပါယ်က ဘာလဲ”လို့ ရုတ်တရက် မေးလိုက်တော့ သူတို့တွေ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး “ဘာကိုရည်ရွယ်တယ် ဆိုတာတော့ နားလည်သလိုရှိတယ်၊ တိတိကျကျ အဓိပ္ပါယ်တော့ မပြောတတ်ဘူးဘုရား”လို့ လျှောက်ပါတယ်။ ဒါနဲ့ ဘုန်းဘုန်းလည်း ဒီပဋ္ဌာန်းဆက် ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်နဲ့ ဆက်စပ်ရာ အကြောင်းတွေကို သူတို့နားလည်အောင် ပြောပြဖြစ်ပါတယ်။

ပဋ္ဌာန်းဆက်ဆိုတဲ့ စကားကို အလွယ် နားလည်အောင် ပြောရရင် အကြောင်းအကျိုး ဆက်စပ်မှုလို့ ပြောနိုင်ပါတယ်။ တကယ်တော့ ဒီပဋ္ဌာန်းဆက်ဆိုတဲ့ စကားမှာပါတဲ့ ပဋ္ဌာန်းက ပဋ္ဌာနဆိုတဲ့ ပါဠိကို မြန်မာလို ပဋ္ဌာန်းလို့ အလွယ် ပြောလိုက်ကြတာ ဖြစ်ပါတယ်။ ပ တစ်ပုဒ်၊ ဌာန တစ်ပုဒ်ခွဲပြီး ပ က အထူးထူးအပြားပြားလို့ အဓိပ္ပါယ်ရကာ ဌာန ကတော့ အကြောင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပဋ္ဌာနလို့ တစ်ပေါင်းတည်း ဆိုရင်တော့ အထူးထူးအပြားပြား များစွာသော အကြောင်းတရားလို့ ဆိုနိုင်ပါတယ်။ ဒီသဘောအရ ဘယ်အရာမဆို အကြောင်းတရားက အရေးကြီးတယ်ဆိုတာ သိနိုင်ပါတယ်။ အကြောင်းကင်းပြီး ဖြစ်တဲ့အရာ မရှိဘဲ အကြောင်းတရားများကြောင့် အကျိုးတရားများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ ဒီလိုအကြောင်းတရား အမျိုးမျိုးကြောင့် အကျိုးတရားအနေနဲ့ တစ်ခုပြီးတစ်ခု ဆက်စပ်ဖြစ်ပေါ် လာခဲ့ကြတာကိုပဲ ပဋ္ဌာန်းဆက်ကြောင့်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပဋ္ဌာန်းဆက်ဆိုတာ အကြောင်းအကျိုး ဆက်စပ်မှုပဲလို့ ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်ပါတယ်။ လောကမှာရှိတဲ့ သူတွေကို ကြည့်လိုက်ရင် ပဋ္ဌာန်းဆက်နဲ့ ကင်းတဲ့သူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ကျင်လည်ခဲ့ရတဲ့ ဘ၀သံသရာတွေကလည်း များလေတော့ တစ်ချိန်မဟုတ်တစ်ချိန် ပဋ္ဌာန်းဆက်တွေ ရှိခဲ့ကြ၊ ပဋ္ဌာန်းဆက်တွေ ဖြစ်ခဲ့ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ နေရာတွေမှာ ဘယ်တုန်းကမှ မစဉ်းစားဖူးတဲ့ သူတွေနဲ့တွေ့ပြီး ဒီဘ၀မှာ တော်စပ်ခဲ့တဲ့ သူတွေနဲ့ ဝေးကာ တစ်ခြားသူတွေနဲ့ တွေ့ကြဆုံကြ ကြုံကြရတာ ဖြစ်ပါတယ်။ မွေးတာကတစ်နေရာ နေရတော့ တစ်နေရာ ဖြစ်နေကြတဲ့အပြင် တစ်မိသားစုတည်း ဖြစ်နေပေမယ့် တစ်နေရာစီဖြစ်နေပြီး မတူညီတဲ့ မိသားစု အသိုင်းအ၀ိုင်းတွေနဲ့ ပဋ္ဌာန်းဆက်တွေ ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ ဘ၀သံသရာ ကျင်လည်ခဲ့ချိန်က ဆက်စပ်ခဲ့ကြတဲ့ အကြောင်းတရား ပဋ္ဌာန်းဆက်များကြောင့်ပဲ ဖြစ်ပါတယ်။ ကျင်လည်ခဲ့ရတဲ့ ဘ၀ါဘ၀တွေက များလွန်းလှတော့ တစ်ဘ၀မဟုတ် တစ်ဘ၀မှာ တစ်နည်းနည်းနဲ့တော့ ပဋ္ဌာန်းဆက်တွေ ရှိခဲ့ကြပြီး ဒီအကြောင်း တရားတွေကပဲ ဒီဘ၀မှာ မမျှော်မှန်းထားတဲ့ အကျိုးဆက်တွေအဖြစ် ပြန်လည်တွေ့ကြုံ ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က အနမတဂ္ဂသံယုတ်မှာ “ရဟန်းတို့… ဤသံသရာ၏ အစကို မသိနိုင်၊ အ၀ိဇ္ဇာဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည်ဖြစ်၍ ဤဘ၀မှ ထိုဘ၀၊ ထိုဘ၀မှ ဤဘ၀သို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တ၀ါတို့၏ ရှေ့အစွန်းသည် မထင်နိုင်၊ ရဟန်းတို့… ဤရှည်စွာသော ကာလ၌ အမိမဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (အမိမဖြစ်ဖူးသော သူမရှိ) (မာတုသုတ်)၊ အဖမဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (ပိတုသုတ်)၊ ညီအစ်ကို မဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (ဘာတုသုတ်)၊ ညီမနှစ်မအစ်မ မဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (ဘဂိနိသုတ်)၊ သားမဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (ပုတ္တသု)၊ သမီးမဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (ဓီတုသုတ်)၊ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း…၊ ရဟန်းတို့… ဤသံသရာ၏ အစကို မသိနိုင်၊ အ၀ိဇ္ဇာဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည်ဖြစ်၍ ဤဘ၀မှ ထိုဘ၀၊ ထိုဘ၀မှ ဤဘ၀သို့ ပြေးသွားကျင်လည် ကြရကုန်သော သတ္တ၀ါတို့၏ ရှေ့အစွန်းသည် မထင်နိုင်၊ ရဟန်းတို့ ဤသို့လျှင် ရှည်စွာသော ညာဉ့်တို့ပတ်လုံး သင်တို့သည် ဆင်းရဲကို ခံစားရဘူးလေပြီ၊ ပြင်းထန်သော ဆင်းရဲကို ခံစားရဖူးလေပြီ၊ ပျက်ဆီးခြင်းကို ခံစားရဖူးလေပြီ၊ သချိုင်းမြေပုံသည် တိုးပွားလှလေပြီ၊ ရဟန်းတို့… ဤအလုံးစုံသော သင်္ခါရ တရားတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှတော့သည်သာတည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှတော့သည်သာတည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှတော့သည်သာတည်း…” (သံယုတ်ပါဠိတော်၊ အနမတဂ္ဂသံယုတ်) လို့ ဟောတော်မူပါတယ်။

ဒီဒေသနာတော်အရ သတ္တ၀ါတွေရဲ့ ဘ၀သံသရာ ရှည်ကြာမှု၊ ပဋ္ဌာန်းဆက် များနေမှုကို ကောင်းကောင်းသဘော ပေါက်နိုင်ပါတယ်။ မရေမတွက်နိုင်တဲ့ ဘ၀တွေမှာ ပြေးသွားကျင်လည်ကြရတဲ့ သတ္တ၀ါတွေအနေနဲ့ မဖြစ်ဖူးတဲ့ ဘ၀ဆိုတာ မရှိနိုင်ပါဘူး။ တစ်ချိန်ချိန်မှာ အဖေဖြစ်ချင်လည်း ဖြစ်ခဲ့ကြမှာပါ။ အမေဖြစ်ချင်လည်း ဖြစ်ခဲ့ကြမှာပါ။ အစ်ကိုအစ်မ၊ ညီညီမ၊ ဇနီးမယား လင်ယောကျာ်း စသဖြင့် ဘ၀အစုံစုံမှာ တစ်မျိုးမျိုးတော့ ဖြစ်ခဲ့ကြမှာ သေချာပါတယ်။ ဒီလို အကြောင်းတရားတွေ ရှိခဲ့ကြလို့လည်း ဒီဘ၀မှာ အကျိုးတရား အနေနဲ့ လာဆုံဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ လာဆုံတဲ့အခါမှာလည်း တစ်ချို့က အကောင်းတွေနဲ့ ဆုံကြပေမယ့် တစ်ချို့ မကောင်းတွေနဲ့ ဆုံကြရပြန်ပါတယ်။ ဒါကတော့ ပဋ္ဌာန်းဆက်ကောင်းတဲ့ သူက အကောင်းဆုံမှာဖြစ်ပြီး ပဋ္ဌာန်းဆက် မကောင်းတဲ့သူက မကောင်းဆုံရမယ့် သဘောပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဆုံဆုံ ဒါဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီလိုအကြောင်းအကျိုးတွေ ဖြစ်နေကြတာကိုပဲ ဒီခေတ်စကားနဲ့ ပဋ္ဌာန်းဆက်ရှိနေကြတာလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

တစ်ဘက်က ပြန်ကြည့်ရင်လည်း ဒီလို ပဋ္ဌာန်းဆက်တွေ ရှိနေသမျှ ဘ၀မှာ သံသရာရှည်မှုတွေက ရှိနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်းတရားတွေ ရှိနေသမျှ အကျိုးတရားအနေနဲ့ ဆင်းရဲတွေလည်း ရှိနေကြရဦးမှာ ဖြစ်ပါတယ်။ ပဋ္ဌာန်းဆက်တွေကို မဖြတ်နိုင်သေးသမျှ နောက်ထပ်အဆက် အဆက်တွေက ထပ်ထပ်ဖြစ်နေကြဦးမှာ ဖြစ်ပါတယ်။ ဒီဘ၀မှာ ပဋ္ဌာန်းဆက်ကောင်းလို့ သူတော်ကောင်းတွေနဲ့ တွေ့သူတွေ ရှိကြသလို၊ ပဋ္ဌာန်းဆက် မကောင်းတဲ့အတွက် မကောင်းတဲ့ သူတွေနဲ့ တွေ့ကြဆုံကြ ကြုံကြရသူတွေလည်း ရှိနေကြပေမယ့် ဘယ်လိုလူမျိုးတွေနဲ့ပဲ ကြုံကြုံ ပဋ္ဌာန်းဆက်တွေကို မဖြတ်နိုင်သေးရင်တော့ တစ်ခါပြန်ပြီး ဆုံကြရဦးမှာ ဖြစ်ပါတယ်။ တစ်ခါဆုံတဲ့ အခါမှာတော့ အကောင်းအဆိုးတွေနဲ့ ကြုံမကြုံဆိုတာ သေချာပေါက် မပြောနိုင်ပါဘူး။ အကောင်းဆုံးကတော့ အသေချာဆုံးဖြစ်တဲ့ ဒီဘ၀မှာပဲ ပဋ္ဌာန်းဆက်တွေကို ဖြတ်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။

သေချာတွေးကြည့်လိုက်ရင် သတ္တ၀ါတွေရဲ့ ပဋ္ဌာန်းဆက်ကို ရှည်ကြာစေမှုတွေမှာ တွယ်တာမှု သံယောဇဉ်တွေက အဓိကကျစေပါတယ်။ ပုထုဇင်တွေရဲ့ သဘောကိုက ဖြစ်ရာဘ၀မှာ တွယ်တာတပ်မက်တတ်တဲ့ ဘ၀နိကန္တိက လောဘဇောက ရှိနေကြတော့ ဘယ်နေရာ ဘယ်ဒေသရောက်ရောက်၊ ဘယ်လူမျိုး ဘယ်ပုဂ္ဂိုလ်တွေနဲ့ပဲ ကြုံကြုံ အစပိုင်းမှာ အခက်အခဲ ဖြစ်တတ်ကြပေမယ့် နောက်တော့လည်း အဲဒီနေရာလေးကို သဘောကျရတာနဲ့ အဲဒီလူမျိုးတွေကို သဘောကျရတာနဲ့ မခွဲနိုင်၊ မခွါရက် ဖြစ်ကုန်ကြတာပါပဲ။ ဒါတွေဟာ ဘယ်သူမှလုပ်တဲ့ ပဋ္ဌာန်းဆက်တွေမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ ပဋ္ဌာန်းဆက်တွေပဲ ဖြစ်ပါတယ်။ ဒီပဋ္ဌာန်းဆက်တွေ ရှည်အောင်လုပ်နိုင်တာလည်း ကိုယ်ပဲဖြစ်သလို ပဋ္ဌာန်းဆက်တိုအောင် လုပ်နိုင်တာလည်း ကိုယ်ပဲဖြစ်ပါတယ်။ ဒါကြောင့် အကောင်းအဆိုး မလို၊ သံသရာရှည်မှာကို မလိုတဲ့ သူတွေအနေနဲ့ ကိုယ်ကိုယ်တိုင်ပဲ ဒီပဋ္ဌာန်းဆက်တွေကို ဖြတ်နိုင်အောင် ကြိုးစားကြရမှာပါလို့ ဆိုခြင်း ဖြစ်ပါတယ်။

ပဋ္ဌာန်းဆက်တွေကို ဖြတ်ဖို့ဆိုတာကတော့ ဉာဏ်နဲ့ဖြတ်မှပဲ ပြတ်မှာဖြစ်ပါတယ်။ ၀ိပဿနာဉာဏ်နဲ့ အကြောင်းပဋ္ဌာန်းတွေကို ဖြတ်နိုင်မှ အကျိုးတွေလည်း ပြတ်မှာဖြစ်ပါတယ်။ အကြောင်းပြတ်သွားပြီဆိုရင် အကျိုးလည်း မထပ်တော့ဘဲ နောက်ထပ်ပြန်ပြီး ဘ၀သစ်ဖြစ်စရာပါ မရှိနိုင်တော့ပါဘူး။ နောက်ထပ်ဘ၀သစ် မဖြစ်ဘူးဆိုရင် ဒါဟာ နိဗ္ဗာန်ဝင်သွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပဋ္ဌာန်းဆက်တွေကို ဖြတ်ပြီး နိဗ္ဗာန်ဝင်နိုင်ဖို့ အတွက် အရိယာမဂ်ဉာဏ်တွေ ရစေနိုင်တဲ့ ၀ိပဿနာအလုပ်ကို ကြိုးစားအားထုတ်ကြဖို့ သူတော်ကောင်းများက တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် လောကမှာ ပဋ္ဌာန်းဆက်ကြောင့် သံသရာကျင်လည်ရင်း ခဏတဖြုတ် လာတွေ့ကြရတဲ့ အခိုက်မှာ အတိတ်အတိတ်က တော်စပ်ခဲ့ဖူးတဲ့ ဆွေမျိုးတွေနဲ့ ပြန်တွေ့တာပဲလို့ သဘောထားပြီး ပဋ္ဌာန်းဆက်ကောင်းတွေနဲ့ ကြုံကြရသူတွေ အနေနဲ့လည်း အခုကောင်းနေပေမယ့် နောင်ကြုံရမယ့် ပဋ္ဌာန်းဆက်ဟာ ဘယ်လိုရှိမယ်ဆိုတာ မသိနိုင်သလို ပဋ္ဌာန်းဆက်ဆိုးတွေနဲ့ ကြုံကြရသူတွေ အနေနဲ့လည်း ဒီထက်ဆိုးတဲ့ ပဋ္ဌာန်းဆက်တွေနဲ့ မကြုံဖူးဆိုတာ မသိနိုင်တဲ့အတွက် လက်ရှိအခြေအနေမှာပဲ အကောင်းအဆိုး အကြောင်းပဋ္ဌာန်းဆက်တွေကို မဆက်ဘဲ နေနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပဋ္ဌာန်းဆက် ပဋ္ဌာန်းဆက်လို့ ပြောနေကြသူတွေ အနေနဲ့ ပဋ္ဌာန်းဆက်ဆိုတာ တစ်ခြားမဟုတ်၊ အကြောင်းအကျိုး ဆက်စပ်မှုကို ဆိုတာဖြစ်ကြောင်း သေချာသဘောပေါက် နားလည်ပြီး အကြောင်းရှိနေသမျှ အကျိုးရှိနေမှာ ဖြစ်တဲ့အတွက် အကောင်းအဆိုး အကြောင်းအကျိုး တရားများဟာ ကောင်းကောင်းဆိုးဆိုး သံသရာရှည်ကြာမှုကိုသာ ဖြစ်စေနိုင်ကြောင်း နှလုံးသွင်းဆင်ခြင်ကာ အကြောင်းဖြစ်တဲ့ ပဋ္ဌာန်းဆက်တွေကို ဉာဏ်နဲ့ဖြတ်နိုင်အောင် သတိတရားလက်ကိုင်ထားလို့ အမြန်ဆုံး ကြိုးစားသင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် အသိတရား ပါးလိုက်ရပါတယ်။ အားလုံး ပဋ္ဌာန်းဆက်တွေကို ဖြတ်နိုင်ကြပါစေ…။

Read more »

ဥပုသ်သီလ၊ မုသာဝါဒနှင့် အလှူဒါန…

Q. အရှင်ဘုရား
၁။ ၈ပါးသီလတောင်းခံရာ၌ ဘုရားစင်ရှေ့၌ မိမိဖာသာဆိုပြီး တောင်းခံ၍ ရနိုင်ပါသလား
၂။ တပည့်တော် ဥပုသ်စောင့်တဲ့ အခါမှာမေ့ပြီး တူကလေးကို နောက်ပြောင်ပြီး ညာပြောမိပါတယ်။ သတိယတော့ ဥပုသ်ကျိုးသွားပြီ ဖြစ်တဲ့အတွက်ကြောင့် ဘုရားစင်ရှေ့မှာ ပြန်ပြီး ရှစ်ပါးသီလ တောင်းခံပြီး ပြန်ဆက်စောင့်လျှင် ဖြစ်နိုင်ပါသလား
၃။ တပည့်တော် တခြားမြို့ရှိ ဘုန်းကြီးကျောင်းအား ၀တ္ထုကပ်လှူချင်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ မသွားနိုင်သောကြောင့် လူကြုံဖြင့် ပေးလိုက်ရပါသည်။ ကိုယ်တိုင်မကပ်လှူနိုင်သောကြောင့် အကျိုးပေး နဲသွားပါသလား
ကျေးဇူးအထူးတင်ရှိပါသည်။ အရှင်ဘုရားကျန်းမာပါစေ..
သင်းသင်းအေး
(MYANMAR TASAKI CO., LTD.)

A. ၁။ ၈ပါးသီလကို ဘုရားစင်ရှေ့မှာလည်း တောင်းခံပြီး ဆောက်တည်လို့ ရပါတယ်။ ဒါပေမယ့် ဘုရားစင်ရှေ့မှာ ဆောက်တည်တဲ့အခါမှာတော့ အာမဘန္တေဆိုတဲ့ စကားလုံးတွေ ဆိုစရာမလိုပါဘူး။ အာမဘန္တေဆိုတာ အရှင်ဘုရား ကောင်းပါပြီဘုရားလို့ အဓိပ္ပါယ်ရတဲ့ ၀န်ခံပါဠိစကား ဖြစ်ပါတယ်။ ဒီစကားလုံးဟာ ရှေ့ကတိုင်ပေးချပေးတဲ့ သီလပေးတဲ့ ရဟန်းသံဃာတော်များ ရှေ့မှာ သီလယူမှသာ ဆိုရမယ့် စကားလုံး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်း ဘုရားစင်ရှေ့မှာ သီလယူတဲ့အခါ အာမဘန္တေတွေ မဆိုတော့ဘဲ သီလတောင်း၊ နမောတဿဆို၊ သရဏဂုံဆောက်တည်ပြီး နောက်ဆုံး သီလသိက္ခာပုဒ်တွေကို ဆောက်တည်ရုံပါပဲ။ ဒါဆို ဘုရားရှေ့မှာ သီလခံယူမှု အထမြောက်အောင်မြင်သွားပါပြီ။

၂။ မုသာဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ကတော့ သားတော်ရာဟုလာကို “ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောနဲ့”လို့ မိန့်တော်မူပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မုသာဝါဒ ကျူးလွန်မိသူဟာ မလုပ်နိုင်တဲ့ အကုသိုလ် မရှိလို့ပဲလို့ ဆိုပါတယ်။ ဒါက မုသာဝါဒရဲ့ အပြစ်ကို ပြောတာပါ။ သီလသိက္ခာပုဒ်ပိုင်းမှာတော့ မုသာဝါဒကံမြောက်နိုင်တဲ့ အင်္ဂါရပ်တွေ ရှိပါတယ်။ မုသားပြောတဲ့ပုဂ္ဂိုလ်ဟာ ၁။ မမှန်သော အကြောင်းအရာဖြစ်ခြင်း ၂။ မှားယွင်းစေလိုသောစိတ်ရှိခြင်း ၃။ ထိုစိတ်ဖြင့်လုံ့လပြုခြင်း ၄။ မိမိလိမ်ညာ ပြောဆိုနေသည်ကိုသိခြင်း ဆိုတဲ့ ဒီအင်္ဂါရပ် လေးပါးလုံးနဲ့ ပြည့်စုံရင် မုသာဝဒါကံမြောက်ပြီး ဒီသိက္ခာပုဒ်လည်း ကျိုးပြတ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဒီအင်္ဂါတွေနဲ့ မညီဘူးဆိုရင်တော့ ကံမမြောက်တဲ့အတွက် သိက္ခာပုဒ်မပျက်ပါဘူး။ ဒါပေမယ့် မုသာဝါဒသိက္ခာပုဒ်တော့ ညစ်နွမ်းပါတယ်။ ဒီလို ကျူးလွန်မိပေမယ့် အင်္ဂါရပ်တွေနဲ့ မပြည့်စုံတဲ့အတွက် သိက္ခာပုဒ် မကျိုးဘူးဆိုရင် ဘုရားရှေ့မှာ ထပ်ပြီးယူစရာမလိုပါဘူး။ သတိပြန်ဝင်ချိန်ကစပြီး နောင်ဒီလိုမဖြစ်အောင် ပြန်စောင့်ထိန်းမယ်ဆိုရင် ရပါတယ်။

ဒီနေရာမှာ သတိထားရမှာက သီလသိက္ခာပုဒ်တွေဟာ တစ်ပုဒ်ချင်းယူထားရင် တစ်ခုကျိုးသွားတဲ့အခါ တစ်ခုပဲ ပျက်ပါတယ်။ တစ်ပုဒ်ချင်းယူတယ်ဆိုတာ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊ အာဒိန္နာဒါန… စသဖြင့် ယူချင်းကိုဆိုပြီး ပေါင်းယူတယ်ဆိုတာက အဋ္ဌင်္ဂသမ္ပန္နံဂတံ ဥပေါသထသီလံ သမာဒိယာမိလို့ဆိုပြီး ဆောက်တည်တာကို ပြောတာပါ။ ပေါင်းယူထားရင်တော့ တစ်ခုကျိုးရင် အားလုံးပျက်ပါတယ်။ ခုနက ပြောသလို အင်္ဂါရပ်တွေနဲ့ ညီလို့ သိက္ခာပုဒ် ကျိုးပေါက်သွားရင်တော့ ပြန်ယူပြီး ပြန်ဆောက်တည်နိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့တာ ဆောက်တည်မှုမျိုးတော့ မဖြစ်တော့ဘူးပေါ့။ အချိန်ပိုင်း ဆောက်တည်တဲ့ ပုံစံမျိုးပဲ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မကျူးလွန်မိအောင် ထိန်းနိုင်တာက အကောင်းဆုံးပါပဲ။ ဥပုသ်သီလလို့ ဆိုတဲ့အတွက် ဥပုသ်နေ့တစ်နေ့လေးမှာပဲ အထူးပြု ဆောက်တည်ကြရာမှာ တစ်နေ့လုံး အစအဆုံး ထိန်းနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် အချိန်ပိုင်းအနေနဲ့ ဆောက်တည်လိုက်ရရင်လည်း ဆောက်တည်တဲ့အခိုက်မှာ အတတ်နိုင်ဆုံး သတိထားနိုင်တာ ကောင်းပါတယ်။

၃။ အလှူဒါနပြုလုပ်တဲ့အခါ အဓိကပြည့်စုံသင့်တဲ့ အင်္ဂါရပ်တွေထဲမှာ စေတနာသုံးတန်ပြဋ္ဌာန်းဖို့က ပထမ အရေးအကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။ ဒုတိယအချက်က လှူဖွယ်ဝတ္ထု သန့်ရှင်းဖို့နဲ့ တတိယအချက်က အလှူခံပုဂ္ဂိုလ်မွန်မြတ်ဖို့ပါ။ ဒီအချက်တွေထဲမှာ စေတနာသုံးတန်ပြဋ္ဌာန်းမှုက ပိုပြီးအရေးကြီးပါတယ်။ စေတနာလည်းပြဋ္ဌာန်း လှူဖွယ်ဝတ္ထုကလည်း သန့်စင်၊ အလှူခံပုဂ္ဂိုလ်ကလည်း မွန်မြတ်ဆိုရင်တော့ အလွန်အကျိုးထူးတဲ့ အလှူဒါနဖြစ်သလို အကျိုးတရားလည်း အပြည့်ရစေမှာဖြစ်ပါတယ်။ ဒီအင်္ဂါရပ်တွေအရ ကိုယ်တိုင်ကိုယ်ကျ လှူမှုမလှူမှုထက် စေတနာသုံးတန် ဖြူစင်မှု မဖြူစင်မှုက ပိုပြီး အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံပြီး ကိုယ်တိုင်ကိုယ်ကျလည်း ရိုရိုသေသေ ပေးလှူနိုင်မယ်ဆိုရင်တော့ အချိုပေါ် သကာလောင်းသလို ပိုပိုပြီး အကျိုးကြီးစေမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်မလှူနိုင်လို့ တစ်ဆင့်ခံလှူဒါန်းတဲ့ အခါမှာလည်း စေတနာပြဋ္ဌာန်းပြီး လှူဒါန်းနိုင်ရင် ဒီအလှူဟာ အကျိုးအပြည့်အ၀ ရစေနိုင်တဲ့ အလှူပဲ ဖြစ်ပါတယ်။ အဓိကကတော့ စေတနာပဲ ဖြစ်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ