Live Questions and Answers (5)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။
06 Jun 10 01:25
aung
မင်္ဂလာပါဘုရား… သူငယ်ချင်းတစ်ယောက် ဒုလ္လဘရဟန်း ၀တ်ချင်ပေမယ့် လက်ညှိုးတစ်ဆစ် စက်ညပ်ပြီး ပြတ်နေလို့ ရဟန်းခံရ၊ မရ သိလိုပါတယ်ဘုရား..။ ကိုရင်ဝတ်လဲ ရ မရ သိလိုပါတယ်ဘုရား။
06 Jun 10 01:29
ဇော်လင်း
ဗုဒ္ဓ၀ိနည်းတော်မှာ ရှင်ရဟန်းပြု မပေးထိုက်တဲ့သူ ၃၂ယောက်ထဲမှာ အကြောဖြတ်ထားသော သူပါ ပါသလားဘုရား၊ ငယ်ကလည်း သင်္ကန်းဝတ်၊ ကြီးတော့လည်း သင်္ကန်းဝတ်ပေမယ့် စိတ်ထဲမှာ မရှင်းလို့ပါဘုရား။

Jun 10, 03:21 PM
မနာပဒါယီ >>> aung၊ ဇော်လင်း
ဝိနည်းကြောင်းအရ ရဟန်းသံဃာတော်များ အနေနဲ့ ရှင်ရဟန်း ပြုမပေးထိုက်သူ (၃၂) ယောက်ရှိပါတယ်။ အဲဒီ (၃၂)ယောက်က ၁။ လက်ပြတ်သူ ၂။ ခြေပြတ်သူ ၃။ လက်ခြေပြတ်သူ ၄။ နားရွက်ပြတ်သူ ၅။ နှာခေါင်းပြတ်သူ ၆။ နား၊ နှာခေါင်းပြတ်သူ ၇။ ခြေချောင်းလက်ချောင်းပြတ်သူ ၈။ ခြေမလက်မပြတ်သူ ၉။ အကြေမ၊ အကြောကြီးပြတ်သူ ၁၀။ ခြေချောင်းလက်ချောင်းပူးသောသူ ၁၁။ ကုန်းသောသူ ၁၂။ ပုကွသောသူ ၁၃။ လည်ပင်းကြီးနာရှိသူ ၁၄။ သံပူကပ်၍ တံဆိပ်ခတ်နှိပ်ထားသူ ၁၅။ ကြိမ်ဒဏ်ပေးခံရသူ ၁၆။ တွေ့ရာအရပ်၌ သတ်ရန်ကြေငြာထားသူ ၁၇။ ခြေထိုင်းသူ ၁၈။ အနာဆိုးရှိသူ ၁၉။ အသွင်ချို့တဲ့သဖြင့် ပရိတ်သတ်ကြည်ညိုမှုကို ဖျက်စီးသူ ၂၀။ မျက်စိတစ်ဖက် မမြင်သူ ၂၁။ လက်ခြေကောက်ကွေးသူ ၂၂။ ခွင်သောသူ ၂၃။ ကိုယ်တစ်ခြမ်းသေသူ ၂၄။ ဆွံ့အသူ ၂၅။ အိုမင်းမစွမ်းသူ ၂၆။ မျက်စိနှစ်ကွင်း အလင်းမရသူ ၂၇။ စကားဆွံ့အသူ ၂၈။ နားပင်းသူ ၂၉။ ကန်းလည်းကန်း အလည်းအသူ ၃၀။ ကန်းလည်းကန်း နားလည်းပင်းသူ ၃၁။ အလည်းအ ပင်းလည်းပင်းသူ ၃၂။ ကန်းလည်းကန်း အလည်းအ ပင်းလည်း ပင်းသူ တို့ပဲ ဖြစ်ပါတယ်။

ဒီ ၃၂ယောက်မှာ မေးခွန်းရှင်များ မေးတဲ့အချက်တွေ ပါဝင်နေပါတယ်။ မေးခွန်းရှင် ဇော်လင်းမေးတဲ့ အကြောဟာ ဘယ်လို အကြောမျိုးဆိုတာ မသိပေမယ့် ဒီနေရာမှာ အကြောပေါင်း မြောက်များစွာ ရှိတဲ့အထဲက အကြောမကြီးကို ရည်ရွယ်ပါတယ်။ တကယ်တော့ ဒီ ၃၂ယောက်ဟာ ရဟန်းသံဃာတော်များက ရှင်ရဟန်းပြုမပေးထိုက်တဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ပြုပေးလိုက်လို့ ရှင်ရဟန်း မဖြစ်တဲ့ ပုဂ္ဂိုလ်များ မဟုတ်ပါဘူး။ ပြုပေးတဲ့ ရဟန်းရှိတဲ့အတွက် ရှင်ရဟန်းအဖြစ်ကို ရရှိခဲ့ရင် ရှင်ရဟန်းဖြစ်နိုင်ပါတယ်။

30 May 10 21:35
ဒကာတစ်ဦး
အရူပဘုံ ၄ ပါးကို ဘယ်လိုသူတွေ ရောက်ပါလဲဘုရား၊ ဗြဟ္မာပြည်က လူ့ပြည်ထက် ပိုအဆင့်မြင့်တယ် ဆိုပေမယ့် ဒီ၎ဘုံကတော့ ရပ်ပြစ်ရှစ်ပါးထဲမှာ ထည့်ထားတယ်ဆိုတော့ ဘယ်လိုသူတွေ ရောက်ပါသလဲဘုရား။

30 May 10 21:36
မနာပဒါယီ>>> ဒကာတစ်ဦး
အရူပဘုံဆိုတာ ရုပ်မရှိဘဲ နာမ်သက်သက်သာ ရှိတဲ့ဘုံကို ဆိုပါတယ်။ ရုပ်တရားမှန်သမျှ စက်ဆုတ်ရွံမုန်းတဲ့အတွက် နာမ်သက်သက်ရအောင် အားထုတ်ခဲ့တဲ့ ဘာဝနာအတွက် ဖြစ်ပေါ်လာတဲ့ ဘုံဗိမာန် ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘုံကို ရုပ်တရားကို မလိုချင် နာမ်ချဉ်းသက်သက်ကိုသာ လိုချင်တဲ့အတွက် သမထကမ္မဋ္ဌာန်းကျင့်စဉ် သက်သက်နဲ့ ဈာန်ရတဲ့အထိ အားထုတ်ကြတဲ့ သူတွေရောက်နိုင်သလို အဘိဓမ္မာအဖွင့်အရ သောတာပတ္တိမဂ္ဂဋ္ဌာန် စတဲ့ အရိယာပုဂ္ဂိုလ် ဂယောက်မှာ ပထမဆုံး သောတာပတ္တိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်ကလွဲပြီး ကျန်အရိယာပုဂ္ဂိုလ် ၇ယောက်နဲ့၊ တိဟိတ်ပုထုဇင် ပုဂ္ဂိုလ်များ ရောက်နိုင်ပါတယ်။ ဒီဘုံဟာ သက်တမ်းလည်း ရှည်ကြာတဲ့အပြင် ရုပ်မရှိဘဲ နာမ်သက်သက်သာ ရှိတဲ့ ရုပ်နာမ်မစုံတဲ့ ဘုံဖြစ်တဲ့အတွက် လောကီဈာန်နဲ့ ရောက်သွားတဲ့ ပုထုဇင်ပုဂ္ဂိုလ်များ အတွက်ကို ရည်ရွယ်ပြီး ရပ်ပြစ်ရှစ်ပါးထဲမှာ ပါတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အရိယာပုဂ္ဂိုလ်များ အတွက်ကတော့ အရိယာ အဖြစ်နဲ့ ဆက်လက်ပြီး တရားအားထုတ်ကာ အထက်ဉာဏ်တွေကို ရနိုင်တဲ့အတွက် ရပ်ပြစ်ရှစ်ပါးထဲမှာ ပါတယ်လို့ မဆိုနိုင်ပါဘူး။

Read more »

ရေလိုက်လွဲနေကြသူများ…

“မကောင်းတဲ့အလုပ်ဆိုတာ လုပ်ပါများရင် အဲဒီမကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ နေ့စဉ်ပုံမှန် လုပ်နေကျ အလုပ်တစ်ခုလိုထင်ပြီး ပျော်ပျော်ပါးပါး လုပ်နေမိတတ်တယ်” ဆိုတဲ့ စာလေးကို ဖတ်လိုက်ရတော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတစ်ချို့ကို မြင်ယောင်မိပါတယ်။ ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာလည်း ရှိပါတယ်။ တစ်ချို့ နေ့စဉ်သောက်ကြ၊ စားကြ၊ ပျော်ကြပါးကြ၊ အလောင်းအစားလုပ်ကြ စတာတွေနဲ့ အပျော်လွန်နေကြပြီး အဲဒီအလုပ်တွေ လုပ်နေရတာကို မကောင်းဘူးလို့ မထင်ဘဲ ဖြစ်နေကြတာတွေပါ။ ပြီးတော့ အဲဒီသူတွေက သူတို့လို့ မလုပ်တဲ့သူတွေကိုတောင် မလုပ်လို့ ကဲ့ရဲ့ပြောဆိုတတ်ကြတယ်လို့လည်း ကြားနေရပြန်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့ မသောက်မစားတဲ့သူတွေက သောက်တတ်စားတတ်တဲ့ သူတွေကို ရှောင်ကြတာ ဖြစ်မှာပါ။ ခေတ်ကာလကိုက သောက်တတ်စားတတ်မှ ခေတ်မီတယ်လို့ထင်ကာ အဲဒီအပေါ်မှာ ရေလိုက်လွဲပြီး တစ်လွဲဂုဏ်ရှိနေသလို မြင်နေကြတဲ့ခေတ် ဖြစ်နေလေတော့ မသောက်မစားတတ်တာကိုပဲ လူအလူဖျင်းလို့ ထင်နေကြတဲ့ အဖြစ်ပါ။

တစ်လောကတောင် မသောက်မစားဘဲ ရှောင်ကြဉ်နေတဲ့ ဒကာလေးတစ်ယောက် ကျောင်းကို ရောက်လာတော့ သူအရက်မသောက်တဲ့ အတွက်သူ့ကို အပြောခံရတဲ့အကြောင်း လျှောက်ပြပါသေးတယ်။ သူက “အရှင်ဘုရားရေ… သူငယ်ချင်းတွေဆိုတော့ အားနာပါးနာနဲ့ ဆိုင်ကိုလိုက်သွားမိတာ ဆိုင်ရောက်တော့ အရက်ဝိုင်းမှာ ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ တပည့်တော်ကို တစ်ခွက်လောက် သောက်ဖို့ပြောပြီး တိုက်ကြပါတယ်၊ တပည့်တော်က မသောက်ဘဲ ငြင်းဆန်တဲ့အခါကျတော့ “မင်းတို့ အရမ်းရိုးအမနေကြနဲ့၊ ခုခေတ်ကြီးမှာ သောက်သောက်စားစား လူ့မင်းသား၊ မသောက်မစား လူ့ငနွားတဲ့၊ မင်းတို့လည်း သိပ်ပြီးတော့ နွားကျမနေကြနဲ့”လို့ ခုမှစတွေ့ဖူးတဲ့ တပည့်တော်ကို အရက်ဝိုင်းမှာ စီနီယာကြီးတစ်ယောက်က ပြောတယ်ဘုရား၊ နောက်ပိုင်း တစ်ခြားသူတွေကလည်း “ဘာဖြစ်လဲ တစ်ခါတစ်လေတော့လည်း လုပ်ပေါ့ကွာ”လို့ တိုက်တွန်းပြီး သောက်ခိုင်းပါတယ်၊ နောက်ဆုံးတော့ မဖြစ်တော့ဘူးဆိုပြီး တပည့်တော် အဲဒီဝိုင်းက ထွက်လာခဲ့ရတဲ့ အဖြစ်ပါပဲဘုရား…”လို့ လျှောက်ပြပါတယ်။ ဒီတော့ ဘုန်းဘုန်းက “အင်း… အရက်ဝိုင်းသွားရင်တော့ အရက်သမားစကားတော့ ကြားရမှာပဲ၊ မသွားဘဲ နေနိုင်တာကောင်းပေမယ့် သွားမိလို့ ကြားရရင်လည်း အရက်ဝိုင်းကစကား အရက်ဝိုင်းမှာ ထားခဲ့တာ ကောင်းပါတယ်၊ အရက်သမားစကားတွေတော့ ဒကာလေးအနေနဲ့ လိုက်ပြီး ခံစားမနေပါနဲ့”လို့ပဲ ပြောဖြစ်လိုက်ပါတယ်။

ဟုတ်တယ်။ အရက်ဝိုင်းနားသွားရင် အရက်သမား စကားတော့ ကြားရမှာ အမှန်ပါပဲ။ အဲဒီအတွက် လိုက်ပြီး မခံစားမိဖို့တော့ လိုပါတယ်။ သောက်တတ်မှ ဂုဏ်ရှိတယ်၊ သောက်တတ်မှ ခေတ်မီတယ်၊ သောက်တတ်မှ အပေါင်းအသင်းပေါတယ်လို့ ထင်နေတတ်ကြတဲ့ သူတွေကြားမှာဆိုတော့ မသောက်မစားဘဲ ရှောင်ကြဉ်ကြတဲ့ သူတွေအနေနဲ့ သူတို့ရဲ့ အပြောအဆိုကိုတော့ ခံရမှာ ဖြစ်ပါတယ်။ သွားမိတာကိုက ကိုယ့်အမှားပဲလေ။ တစ်ခါတစ်လေတော့လည်း လူမှုရေးအရ လုပ်ရတာပဲ ဘုရားလို့ ဆိုကြတဲ့သူတွေ ရှိပါသေးတယ်။ လူမှုရေးအရ လုပ်ရင်းလုပ်ရင်း လူမှုရေးကနေ ပူမှုအရေးတွေ ဖြစ်သွားမယ်ဆိုရင်တော့ ဒါဟာ ကိုယ့်အတက် ကိုယ်ပြန်ဆူးတာပဲ ဖြစ်ပါတယ်။ ဘယ်သူကမှတော့ မွေးကတည်းက သောက်မွေးလာတာ မဟုတ်ပါဘူး။ သွားရင်းလာရင်း ပေါင်းရင်းသင်းရင်းနဲ့ပဲ လူမှုရေးဆိုကာ စသောက်မိရာက စွဲသွားကြတာ ဖြစ်ပါတယ်။ အစကတော့ ကိုယ်က အရက်ကို သောက်တာပါ၊ နောက်တော့ အရက်က ကိုယ့်ကိုပြန်သောက်သွားပြီး အသက်ပါ ပျောက်သွားတာ ဖြစ်ပါတယ်။

ဘုန်းဘုန်းရဲ့ ညီအရင်း တစ်ယောက်ရှိပါတယ်။ အခုသူလည်း အရက်က သောက်တာကို ခံနေရတဲ့ အဖြစ်ပါ။ တစ်လောကပဲ စိတ္တဇဆေးရုံအထိ တင်လိုက်ရသေးတယ် ပြောတာပါပဲ။ သူ့ကိုလည်း ဘုန်းဘုန်းတို့က အတတ်နိုင်ဆုံး ပြောဆိုပြုပြင် ပေးပါတယ်။ မြန်မာပြည် ပြန်တုန်းကတောင် ဘုန်းဘုန်းဆီမှာပဲ ဒုလ္လဘရဟန်း ခဏ၀တ်ခိုင်းပြီး တရားထိုင် ပုတီးစိပ် လုပ်ခိုင်းခဲ့ပါတယ်။ နောင်မသောက်ဖို့လည်း ကတိတွေ အမျိုးမျိုးတောင်း၊ ခြိမ်းခြောက်မှုတွေ အမျိုးမျိုးလုပ်ပြီး အရက်ဖြတ်ခိုင်းခဲ့ပေမယ့် သူကိုယ်တိုင်က မဖြတ်နိုင်တဲ့ အခါကျတော့ ခုလို ရူးသလို ကြောင်သလို ဖြစ်ကုန်တော့တာပဲ။ ဘုန်းဘုန်းအနေနဲ့ အမှန်ပြောရရင် ညီအစ်ကို အရင်းဆိုပေမယ့် ပြောမရဆိုမရ ဆုံးမလို့မရ၊ အတတ်နိုင်ဆုံး လုပ်ပေးလို့ မရရင်တော့ သဗ္ဗေသတ္တာ ကမ္မဿကာထဲပဲ ထည့်လိုက်ရတော့တာပါပဲ။ ပြောချင်တာက ဘုန်းဘုန်းရဲ့ ညီကိုယ်တိုင် ရေလိုက်လွဲပြီး အရက်နဲ့ ပျော်ခဲ့မိတော့ အခုလို အရက်က သူ့ကိုပြန်သောက်နေရတာနဲ့ ကြုံနေရတယ်ဆိုတာကို ပြောချင်တာပါ။ ဒါဟာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့မိတဲ့ အရက်ရဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

မနှစ်က မြန်မာပြည်မှာ ပြန်ပြီးဝါဆိုဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝါဆိုမှပဲ ပေါ်လာလိုက်တဲ့ နာရေးတွေကလည်း မနည်းလှပါဘူး။ ဘုန်းဘုန်းတို့ကျောင်းကို ကိုးကွယ်တဲ့ ရပ်ကွက်ကလည်း ၀န်ထမ်းရပ်ကွက် ဆင်းရဲတဲ့ရပ်ကွက်ဆိုတော့ သာရေးပဲဖြစ်ဖြစ် နာရေးပဲဖြစ်ဖြစ် ဘုန်းဘုန်းတို့ကျောင်းကိုပဲ လာပင့်လေ့ရှိပါတယ်။ အဲဒီဝါတွင်းကတော့ သာရေးထက် နာရေးလာပင့်တာက ပိုများပါတယ်။ တော်ကြာသက်ပျောက်လုပ်ဖို့ လာပင့်လိုက်၊ တော်ကြာသရဏဂုံတင်ဖို့ လာပင့်လိုက်၊ တော်ကြာရက်လည် လာပင့်လိုက်နဲ့ပေါ့။ ဘုန်းကြီးဆိုတာကလည်း သိတဲ့အတိုင်း ရယ်စားငိုစားဆိုတော့ သာရေးလည်းကြွ၊ နာရေးလည်း ကြွပေးရပါတယ်။ လာပင့်တဲ့နာရေးတွေ မေးလိုက်လို့ရှိရင် ဘာဖြစ်လို့သေတာလဲဆို အရက်ကြောင့်သေတာ၊ အသက်ဘယ်လောက်လဲဆို အသက် ၂၀ကျော် ၃၀ ၀န်းကျင်စတာတွေချည်းပဲ များပါတယ်။ နောက်တော့ သူတို့လာပင့်ပြီဆိုတာနဲ့ ဘာကြောင့်သေတယ်ဆိုတာ မမေးနဲ့ အရက်ကြောင့်သေတယ်ဆိုတာ ပြောစရာမလိုအောင် ကွက်တိလိုဖြစ်နေပါတယ်။

အဲဒီလောက်ကို အရက်သမားတွေ ပေါနေကြတော့တာပါ။ မြို့တွေမှာရော တောတွေမှာပါ လူငယ်တွေကစပြီး အရက်သမားတွေချည်း ဖြစ်နေကုန်ကြပါတယ်။ အရက်သောက်တာ တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့တွေကိုကြည့်ပြီး ဘုန်းဘုန်းတို့လည်း တတ်နိုင်သမျှ ဟောပြောပေးပါတယ်။ အရက်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ်ပြပါတယ်။ နောက်ဆုံး ကျောင်းကဘလက်ဘုတ်မှာတောင် အရက်နဲ့ အသက်ဆိုတဲ့ ကဗျာလေးကို ရေးပြီးသတိပေးထား လိုက်ပါတယ်။ မြန်မာပြည်က ဘုန်းဘုန်းကျောင်းမှာ ရေးကပ်ထားတဲ့ ကဗျာလေးက ဒီလိုပါ…
“အများသောက်တဲ့ ထိုအရက်
သောက်သုံးသူကို သူကဖျက်
ရုပ်ကိုလည်းဖျက် စိတ်လည်းဖျက်
အသက်ကိုပင် သူကဖျက်။
တစ်စက်ဝင်လျင် တစ်ရက်ဖျက်
လျော့ပြန်လေပြီ သက်ရှင်ရက်
သွားပြန်လေပြီ တစ်ယောက်တစ်ရက်။
ရှောင်ပါလေကွယ် ထိုအရက်…။


သေချာတွေးကြည့်ရင် အရက်က ဒီကဗျာမှာ စပ်ထားသလိုပဲ သောက်တဲ့သူတွေကို ဖျက်စီးပစ်ပါတယ်။ အရင်ဆုံး စိတ်ဓာတ်တွေကို ဖျက်စီးပါတယ်။ နောက်ကြာလာတော့ ရုပ်အဆင်းကိုပါ ဖျက်စီးပစ်လိုက်ပါတယ်။ နေ့စဉ်အရက်ကို စွဲသောက်နေတဲ့သူတွေဟာ မကြာပါဘူး မျက်နှာမှာ အဆီတွေပျံလာပြီး ဖောယောင်လာတာကို တွေ့ရပါတယ်။ ၀တာလည်းမဟုတ်ဘဲ မျက်နှာတစ်ခုတည်း ၀သလို ဖောလာပါတော့တယ်။ ကြာတော့ ကြည့်ရတဲ့သူတောင် သူ့မျက်နှာကို မကြည့်ရဲလောက်အောင် ဖြစ်လာပါတယ်။ နောက်ဆုံးတော့ အရက်ကပဲ သူတို့ရဲ့အသက်ကို နှုတ်သွားတဲ့အထိ ဖြစ်စေပါတော့တယ်။ ဒါကြောင့် အရက်ကို ရှောင်ကြဉ်ကြဖို့ ပြောတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို မကောင်းတဲ့ ဆိုးကျိုးတွေ ရှိနေပေမယ့် အရက်ကျွန်ဖြစ်နေတဲ့ သူတွေကတော့ အရက်သောက်လို့ အပြစ်ပြောတာကို ကြိုက်မှာမဟုတ်ပါဘူး။ အရက်က သောက်တာကို ခံနေရတဲ့ သူတို့တွေက အရက်သောက်တတ်တာကိုပဲ ဂုဏ်ယူစရာအဖြစ် ထင်နေတတ်ကြပါတယ်။ အရက်အသောက်ကောင်းတာကိုပဲ ချီးကျူးစရာလို့ ထင်နေတတ်ကြပါတယ်။ ဘုန်းဘုန်းတို့ အခုရောက်နေတဲ့ နိုင်ငံမှာဆို ပိုးဆိုးပါတယ်။ အရက်သောက်လို့ ပင်ပန်းပြီး အလုပ်မဆင်းနိုင်ရင် သူဋ္ဌေးက ကြည်ကြည်ဖြူဖြူ ခွင့်ပေးပေမယ့် အလုပ်ပင်ပန်းပြီး ကျန်းမာရေး မကောင်းလို့ ခွင့်တောင်းရင်တော့ အမျိုးမျိုးပြောဆို ကြိမ်းမောင်းတတ်တယ်လို့ ဆိုပါတယ်။ တရားမ၀င် အလုပ်သမားဖြစ်ပေမယ့် အရက်သောက်ထားတဲ့အချိန် ရဲနဲ့တွေ့ရင်တော့ ရဲက သူအရက် သောက်ထားတယ်ဆိုပြီး မဖမ်းဘဲ လွှတ်ပေးတတ်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီလို အရက်နဲ့ပတ်သက်တဲ့ လွတ်လပ်မှုတွေ ရှိနေကြတဲ့အတွက်လည်း ရွှေမြန်မာတွေအနေနဲ့ အကြိုက်ကြီး ကြိုက်နေကြတာလည်း ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အရက်က သောက်တာကို ခံနေရတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

အရက်က ကိုယ့်ကို သောက်နေတာကို သောက်မှန်းမသိတော့ တစ်လွဲဆံပင်ကောင်းပြီး အကောင်းကို မကောင်းထင်၊ မကောင်းကို အကောင်းထင်ကာ ရေလိုက်လွဲကုန်တာ ဖြစ်ပါတယ်။ အရက်သောက်မှ လူရာဝင်တယ်၊ မိတ်ဆွေအပေါင်းအသင်း ပေါတယ်၊ ခေတ်မှီတယ်ဆိုတဲ့ အတွေးတွေနဲ့ အလိုက်လွဲနေကြတာ ဖြစ်ပါတယ်။ တစ်လွဲအတွေးတွေနဲ့ ကိုယ့်ကိုယ်ကို “သောက်သောက်စားစား၊ လူ့မင်းသား”လို့ ထင်နေကြတာ ဖြစ်ပါတယ်။ ပိုက်ဆံရှိတုန်း၊ အလုပ်ရှိတုန်း၊ သန်တုန်းမြန်တုန်း၊ မသေခင်တုန်းတော့ လူ့မင်းသားလို့ ထင်ချင်ထင်ကြမှာပေါ့။ အဲ… ပိုက်ဆံလည်းမရှိ၊ အလုပ်လည်းမရှိ၊ ကုသိုလ်လည်းမရှိ၊ သီလလည်း မရှိရင်တော့ ကိုယ့်စကားနဲ့ကို လူ့ငနွားပြန်ဖြစ်တတ်တယ် ဆိုတာတော့ သတိပြုကြဖို့ လိုပါတယ်။

ရှိပါစေတော့။ ပြောမယ်ဆိုရင်ကတော့ ပြောစရာတွေ အများကြီးပါပဲ။ ဒီနေရာမှာ အဓိက ပြောချင်တာက ရေလိုက်မလွဲကြဖို့ပါ။ မကောင်းတာကို မကောင်းမှန်း သိသိကြီးနဲ့ အမှားမလိုက်မိကြဖို့ပဲ ဖြစ်ပါတယ်။ သောက်မှစားမှ လူရာဝင်တယ်၊ ဂုဏ်ရှိတယ်၊ ခေတ်မီတယ်ဆိုတဲ့ အမြင်လွဲတွေနဲ့ အမှားကို အမှန်မထင်မိကြဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ကြိုက်လို့သောက်တာ၊ ကိုယ်မကြောက်လို့ သောက်တာဆိုရင်လည်း ကိုယ့်တစ်ယောက်တည်းပဲ အကြိုက်လုပ်တာ ကောင်းပါတယ်။ ကိုယ်လိုမသောက်လို့ မသောက်တဲ့လူကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာမျိုး မဆွဲဆောင်မိဖို့ မပြောမိဖို့ အထူးလိုအပ်လှပါတယ်။

ဖြစ်သင့်တာကတော့ ကိုယ်ကိုယ်တိုင်လည်း ဒီအရက်ရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်ပြီး အရက်က ကိုယ့်ကိုသောက်နေတာတွေက ရုန်းထွက်နိုင်အောင် ကြိုးစားသင့်ပါတယ်။ သောက်ခွင့်ရတုန်း သောက်နေနိုင်တုန်း သောက်ရတာဟာ ခေတ်မီပါတယ်ဆိုတဲ့ အမြင်အတွေးတွေနဲ့ ရေလိုက်လွဲနေတာတွေကို အမြန်ဆုံး ပြုပြင်ကြည့်သင့်ပါတယ်။ ပြုပြင်နိုင်အောင်လည်း ကြိုးစားပါလို့ တိုက်တွန်းလိုပါတယ်။ ဘယ်ရယ်မဟုတ်၊ ဘယ်သူကိုမှ ရည်ရွယ်တာမဟုတ်ဘဲ ပြုပြင်စေလိုတဲ့ စေတနာ ရည်ရွယ်ချက် သက်သက်နဲ့ ဒီပို့စ်လေးကို ရေးလိုက်တာ ဖြစ်တဲ့အတွက် အားလုံးနားလည်မှုနှင့်အတူ အကယ်၍ ရေလိုက်လွဲနေရင် ပြုပြင်ကြည့်ကြဖို့ တိုက်တွန်းသမှု ပြုလိုက်ရပါတော့ကြောင်း…။

Read more »

ဝါဆိုသင်္ကန်း လှူဒါန်းရကျိုး...

ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲမပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဘဝမှာ အပါယ်မလားဘူးလို့ အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။ အဲဒီနိဗဒ္ဓအလှူ (၇)မျိုးက
၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင် ထိန်းသိမ်းပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဒီဝါဆိုသင်္ကန်းအလှူကို လုပ်ထားပေမယ့် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ်ဆိုရင်တော့ အပါယ်လားနိုင်ပါသေးတယ်။ တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ်မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်း လှူဒါန်းရကျိုးလို့ သီးသန့်မဟုတ်ဘဲ သင်္ကန်းလှူရကျိုးနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာတွေမှာ ဖွင့်ပြထားတာကတော့ သင်္ကန်းအလှူဟာ အမျိုးသားများအတွက် ဘုရားတစ်ဆူဆူရဲ့ အထံတော်မှာ ဧဟိဘိက္ခု (ရဟန်းလာလော့) အခေါ်ခံရကာ ရဟန်းအဖြစ်ကို ရရှိနိုင်ခြင်း၊ အမျိုးသမီးများအတွက် ဝိသာခါတို့လို တန်ဘိုးအလွန်ကြီးမားတဲ့ မဟာလတာ တန်ဆာကို ဆင်မြန်းနိုင်ခြင်း အကျိုးထူးတရားတွေကိုလည်း ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ ကိံဒဒသုတ်မှာတော့ အဝတ်သင်္ကန်း လှူဒါန်းတဲ့သူဟာ အဆင်းကို လှူဒါန်းရာရောက်တဲ့အတွက် ရုပ်အဆင်းအင်္ဂါ လှပခြင်းအကျိုးကို ရရှိစေတယ်လို့ ဆိုပါတယ်။

ဆိုလိုတာက ဝါဆိုသင်္ကန်းစတဲ့ သင်္ကန်းအလှူကို လှူဒါန်းရတဲ့ သူတွေဟာ အဆင်းကိုလှူရာရောက်သလို နိဗဒ္ဓအလှူ အမျိုးအစားဖြစ်တဲ့အတွက် စွဲမြဲတဲ့ ကုသိုလ်ဖြစ်စေကာ ဒီစိတ်နဲ့ သေသွားပါက သေပြီးနောက်မှာ အပါယ်မလားနိုင်ခြင်း အကျိုးထူးကို ဖြစ်စေတဲ့အပြင် နောက်ဆုံးမှာ အမျိုးသားများအတွက် ဧဟိဘိက္ခုရဟန်းအဖြစ်၊ အမျိုးသမီးများအတွက် မဟာလတာတန်ဆာကို ဆင်မြန်းခွင့်စတဲ့ အကျိုးများကို ဖြစ်စေကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ