နောင်တကင်းရာသို့…

“အရှင်ဘုရားရေ အဲဒီတုန်းက အရှင်ဘုရား ပြောတဲ့အတိုင်း မလုပ်မိဘဲ သူပြောတဲ့အတိုင်း လိုက်လုပ်မိလို့ အခုတော့ တပည့်တော် ဒုက္ခလှလှကြီး တွေ့နေရတဲ့အပြင် ဆင်းရဲပေါင်းစုံနဲ့ နောင်တတွေပဲ ဖြစ်လို့နေပါတယ်ဘုရား…”ဆိုပြီး လွန်ခဲ့တဲ့ ၂နှစ်လောက်က အဖြစ်တွေ ပြန်ပြောကာ ဖြတ်သန်းခဲ့ရတဲ့ သူ့ဘ၀ အခြေအနေတွေကို ရင်ဖွင့်သွားခဲ့တဲ့ ဘုန်းကြီးလူထွက် လူပျံတော် သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းကို နားထောင်ရင်း အတွေးနယ်ချဲ့မိပါတယ်။ သူ့လုပ်ရပ်အတွက် နောင်တတွေဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး သံဝေဂတွေ ဖြစ်မိပြန်ပါတယ်။ သူ့အခြေအနေကိုကြည့်ပြီး နောင်တဆိုတာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်လိုက်ရတဲ့အတွက် ရတဲ့နောင်တနဲ့ မလုပ်သင့်မလုပ်ထိုက်တာကို လုပ်လိုက်မိတဲ့အတွက် ရတဲ့နောင်တရယ်လို့ ရှိတတ်ကြောင်း ကောင်းကောင်းသဘော ပေါက်မိလိုက်ပါတယ်။ ဘယ်လိုကြောင့်ရတဲ့ နောင်တမျိုးပဲ ဖြစ်ဖြစ် သေချာတာကတော့ နောင်တရဲ့နောက်မှာ စိုရိမ်းပူဆွေး ငိုကြွေးမှုတွေနဲ့အတူ စိတ်အစဉ်ဟာ လေးလံထိုင်းမှိုင်း နေတတ်တယ်ဆိုတာပါပဲ။

တကယ်တော့ လောကမှာ ရှိတဲ့ပုထုဇင်မှန်သမျှ နောင်တမရဖူးတဲ့သူ မရှိပါဘူး။ နဲနဲလေး၊ အခိုက်အတန့်လေးလောက် ဖြစ်ဖြစ် ရဖူးတဲ့သူတွေချည်းပါပဲ။ တစ်ချို့ကျတော့ အခိုက်အတန့်ဖြစ်တဲ့ နောင်တ၊ တစ်ချို့ကတော့ တစ်သက်လုံး စွဲထင်နေတဲ့ နောင်တ၊ တစ်ချို့က အချိန်မီပြင်လို့ရတဲ့ နောင်တ၊ တစ်ချို့က ပြင်မရတော့ဘဲ နောက်ဆုံးအချိန်မှရတဲ့ နောင်တ စသဖြင့် အမည်အမျိုးမျိုးနဲ့ နောင်တ အမျိုးမျိုးတွေ ဖြစ်ဖူးရဖူးကြတဲ့ သူတွေ အများကြီး ရှိမှာပါ။ တစ်ချို့ကတော့ အပြောမှားမိလို့ နောင်တဖြစ်နေကြသလို တစ်ချို့ကျပြန်တော့လည်း ကိုယ်ထိလက်ရောက် လုပ်ဆောင်မိလို့ နောင်တရနေတာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူမဆို အနည်းနဲ့အများ နောင်တရဖူးကြတာတွေ ရှိပေမယ့် ကိုယ်ရတဲ့ နောင်တဟာ ပြင်မရတဲ့အချိန်၊ ပြင်မရတဲ့ နောင်တမျိုး မဖြစ်ဖို့တော့လိုပါတယ်။ အမှားတစ်ခုခုကြောင့် နောင်တပြန်ရပြီး ပြင်မယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာ နောက်မကျဖို့ အရေးကြီးပါတယ်။ ပြီးတော့ မှားလိုက်တဲ့အမှားဟာလည်း နောင်တရတဲ့အချိန်မှာ ပြင်မရတဲ့ အမှားမျိုးအထိ မမှားမိအောင် ကြိုးစားကြဖို့ လိုပါတယ်။ မှားတတ်တဲ့ သတ္တ၀ါတွေဖြစ်လို့ မှားမိကြပေမယ့် ဘယ်လိုမှ ပြုပြင်လို့ မရတဲ့ အမှားမျိုး မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အဲဒီလို ပြင်လို့ရပြီး ပြင်ချိန်ရတဲ့ အမှားမျိုးနဲ့ နောင်တမျိုးဆိုရင်တော့ ပျက်အစဉ် ပြင်ခဏဆိုသလို နောင်တရလို့ ပြင်လိုက်နိုင်ရင် အကောင်းပြန်ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

ပြင်မရတဲ့အမှားတွေနဲ့ ပြင်မရတဲ့ အချိန်မှ နောင်တရမိတဲ့အတွက် နောက်ကျသွားပြီး ဘုရားတောင် ကယ်လို့မရတဲ့ သူတွေအကြောင်း စဉ်းစားမိတော့ ဘုရားလက်ထက်က နာမည်ကြီး နောင်တရသူ နှစ်ယောက်အကြောင်း သွားပြီးသတိရမိ လိုက်ပါတယ်။ သူတို့ကတော့ အားလုံးသိပြီးသား ဖြစ်ကြတဲ့ အရှင်ဒေ၀ဒတ်နဲ့ အဇာတသက် ဘုရင်တို့ပါပဲ။ ရှင်ဒေ၀ဒတ်ဟာ သက်ရှိထင်ရှား ရှိစဉ်မှာ ဘုရားရှင်ကို အမျိုးမျိုး နှောက်ယှက်ဖျက်ဆီးခဲ့တဲ့အပြင် အရမ်းအပြစ်ကြီးတဲ့ ဘုရားကို သွေးစိမ်းတည်အောင်လုပ်မိ၊ သံဃာကို သင်းခွဲမိတဲ့အထိ အနန္တရိယကံကြီးတွေကို ကျူးလွန်မိခဲ့ပါတယ်။ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို နောက်ဆုံးမှာ နောင်တတွေ၊ သတိသံဝေဂတွေရပြီး ဘုရားရှင်ကို ဖူးမျှော်ဖို့နဲ့ ၀န်ချတောင်းပန်ဖို့အသွားမှာ ကျူးလွန်ခဲ့တဲ့ အမှားအပြစ်တွေက အရမ်းကြီးလေတော့ လမ်းမှာပဲ မြေမြိုခံလိုက်ရပါတယ်။ အရှင်ဒေ၀ဒတ် ရခဲ့တဲ့ နောင်တဟာ ပြင်မရတဲ့ နောင်တနဲ့၊ ပြင်မရတဲ့အချိန်မှာ ရခဲ့တဲ့ နောင်တဖြစ်ခဲ့လေတော့ ဘုရားလည်းမကယ်နိုင်တဲ့ အမှားမျိုးဖြစ်ခဲ့ရပါတယ်။

အဇာတသတ်ဘုရင်ဆိုလည်း ဒီအတိုင်းပါပဲ။ ဖခင်ဘုရင်ကြီးကို သတ်မိခဲ့တဲ့ နောင်တဟာ သူကိုယ်တိုင် သူ့သားလေးမွေးတော့မှပဲ ဖခင်မေတ္တာကို အပြည့်အ၀ နားလည်ခဲ့ပြီး အဖေရှိရာသွားခဲ့ပေမယ့် အဖေက သူညှင်းစဲနှိပ်စက်ခဲ့တဲ့ ဒဏ်တွေနဲ့ သေသွားခဲ့ပါပြီ။ အဲဒီနောင်တတွေနဲ့အတူ နောင်ပိုင်းသတိသံဝေဂရလို့ ဘုရားသာသနာမှာ အကြီးအကျယ်ချီးမြှောက် ထောက်ပံ့၊ ဘုရားသာသနာကို နက်နက်နဲနဲ သက်ဝင်ယုံကြည်မှု ရှိခဲ့ပေမယ့် အဖေကိုသတ်ခဲ့တဲ့ ပိတုဃာတက ကံကြီးက ရှိခဲ့လေတော့ ဘုရားရှင်လည်း မကယ်နိုင်တဲ့ အထိဖြစ်ခဲ့ရပါတယ်။ အဇာတသက်ဘုရင်ဟာ အမှားအတွက် အချိန်မီ နောင်တရခဲ့ပေမယ့် ပြင်မရတဲ့ အမှားဖြစ်ခဲ့လို့ ပြင်မရတဲ့ နောင်တနဲ့အတူ ငရဲကျသွားခဲ့ရပါတယ်။ ဒါကြောင့် အမှားကျူးလွန်မိတတ်ပေမယ့် ကျူလွန်လိုက်တဲ့အမှားဟာ နောင်တရတဲ့အချိန်မှာ ပြင်မရတဲ့နောင်တမဖြစ်ဖို့၊ နောင်တရချိန်ဟာ နောက်ကျသွားချိန်မဖြစ်ဖို့ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

သေချာတွေးကြည့်လိုက်ရင် ဒီနောင်တ အားလုံးရဲ့ တရားခံဟာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိလိုက်ခြင်းနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိလိုက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ကိုယ်ကိုယ်တိုင်ရဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ နောင်တဖြစ်အောင် လုပ်တာလည်း ကိုယ်ပဲဖြစ်သလို နောင်တမဖြစ်အောင် လုပ်တာလည်း ကိုပဲဖြစ်ပါတယ်။ လုပ်သင့်တာကို မလုပ်မိတဲ့ နောင်တထက် ပိုဆိုးတာက မလုပ်သင့်မလုပ်ထိုက်တဲ့ အမှားကို ကျူးလွန်မိတဲ့အတွက် ဖြစ်ခဲ့ရတဲ့ နောင်တက ပိုဆိုးပါတယ်။ အမှားလုပ်မိတယ်ဆိုတာ အမှားအမှန်ကို မခွဲခြားနိုင်မိလို့ ဖြစ်ပါတယ်။ အမှားအမှန် မခွဲခြားနိုင်ခြင်းဟာ အငြိုးအတေး အာဃာတတွေနဲ့ စိတ်ဆိုးစိတ်တိုတတ်တဲ့ ဒေါသစိတ်တွေကြောင့် ဖြစ်ပါတယ်။ ဒေါသော အတ္ထံ နဇာနာတိလို့ ဆိုသလို ဒေါသဖြစ်ရင် အကြောင်းအကျိုး၊ အကောင်းအဆိုးကို မသိဘဲ၊ အမှားအမှန်ကို မခွဲခြားတတ် ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အငြိုးအတေး အာဃာတတွေနဲ့ မလိုမုန်းထားစိတ်တွေကြောင့် ငြင်းခုံခိုက်ရန်ဖြစ်ကာ ရန်ဖြစ်ကြရာမှ ရုံးရောက်ဂတ်ရောက်၊ အချုပ်ရောက်၊ ထောင်ရောက်တွေ ဖြစ်ကုန်တတ်ပါတယ်။ အဲဒီလိုအချိန်ကျတော့မှ သွေးအားသွားပြီး ငါလုပ်ခဲ့တာ မှားပါလားလို့ နောင်တရမိတတ်ပါတယ်။ ဒါပေမယ့် ဒီနောင်တဟာ လွန်ကျူးမိပြီးမှ ဖြစ်တတ်ကြတာဆိုတော့ ကိုယ့်လုပ်ရပ်အတွက် ပြန်တော့ပေးဆပ်ရပါတယ်။ တကယ်လို့များ ဒီနောင်တတွေရဲ့ အကြောင်းဖြစ်တဲ့ အမှားကျူးလွန်မှုကို မလုပ်ဖြစ်ခဲ့ရင်၊ အမှားမကျူးလွန်ခင် စိတ်ကို ထိန်းနိုင်ခဲ့မယ်ဆိုရင် ဒီလို နောင်တရတဲ့အထိ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် နောင်တမဖြစ်ချင်ရင် ဘာပဲဖြစ်ဖြစ် အမှားမကျူးလွန်မိခင် ကိုယ့်စိတ်ကို ထိန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

အမှန်တော့ စိတ်ဆိုတာက လေကျင့်ပေးရင် ထိန်းလာနိုင်တတ်ပါတယ်။ စိတ်ဆိုးလွယ်တဲ့သူ၊ စိတ်တိုလွယ်တဲ့ သူတွေလည်း သတိလေးထားပြီး ကိုယ့်ရဲ့စိတ်လေးကို ထိန်းကြောင်းပေးကြည့်ရင် တဖြည်းဖြည်း ရလာတတ်ပါတယ်။ ဘုန်းဘုန်းရဲ့ ကျောင်းအကျိုးဆောင် ဒကာလေးတစ်ယောက်ဆိုရင် အရင်တုန်းက စိတ်တော်တော် မြန်တတ်ပါတယ်။ ရိုးဖြောင့်ပြီး မဟုတ်မခံ စိတ်ရှိတဲ့အတွက် ပြောဆိုတဲ့အခါလည်း ပွင့်ပွင့်လင်းလင်း ဒဲ့တိုးပြောတတ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း တစ်ခါတစ်လေ အများအထင် လွဲတာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူ့ကိုလည်း တစ်ခါတစ်လေ ဘုန်းဘုန်းက “သည်းခံတတ်တဲ့ အကျင့်လေးတွေ လုပ်ပေးဖို့၊ အများအတွက် အလုပ်လုပ်တဲ့သူဟာ သူများထက်ပိုပြီး စိတ်ရှည်ဖို့၊ အလုပ်မလုပ်တဲ့ သူတွေအတွက် ဘာသံမှ၊ ဘာတိုက်ခိုက်မှုမှ မရှိတတ်ပေမယ့် အလုပ်လုပ်လာပြီဆိုရင်တော့ ပြောတာဆိုတာ တိုက်ခိုက်တာတွေ ရှိတတ်တဲ့အတွက် ကိုယ့်စိတ်ကို ကျောင်းအပေါ်ထားတဲ့ စေတနာ၊ အများအတွက် လုပ်ပေးတဲ့ စေတနာတွေနဲ့ အကောင်းဆုံး သည်းခံနိုင်အောင် လေ့ကျင့်ကြည့်ဖို့..” ပြောပြဖြစ်ပါတယ်။ ဒကာလေးကလည်း အရင်လိုမဟုတ်တော့ဘဲ သူကိုယ်တိုင် “ငါ့ကို ဦးဇင်းကလည်း ဒီလိုပြောထားတယ်၊ ငါ့စိတ်ကို ငါထိန်းမှ ဖြစ်မယ်..”ဆိုတဲ့ အတွေးတွေနဲ့ စိတ်တိုတတ်တာ၊ သည်းမခံတတ်တာတွေကို သည်းခံလာနိုင်အောင်၊ စိတ်ရှည်အောင် လေ့ကျင့်ပါတယ်လို့ ဆိုပါတယ်။ စိတ်ဆိုးစိတ်တိုဖြစ်စရာ နေရာတွေ၊ အလုပ်တွေ၊ လူတွေကိုရှောင်ပြီး နေလိုက်တယ်လို့ ဆိုပါတယ်။ တကယ်လည်း သူအဲလိုဖြစ်အောင်နေတာကို ဘုန်းဘုန်း သတိထားမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းအကျိုးဆောင် ဒကာလေးတစ်ယောက် အဲဒီလိုစိတ်ထားလေးတွေနဲ့ သူ့စိတ်ကို သူပြုပြင် လာတာတွေကတော့ သူ့အတွက်ရော အများအတွက်ပါ နောင်တကင်းရာ ဖြစ်နေမှာ အမှန်ပါပဲ။

ဆိုလိုတာက နောင်တဆိုတာ ပုထုဇင်တိုင်း ဖြစ်တတ်ပေမယ့် အဲဒီနောင်တကင်းအောင် နောင်တဖြစ်ရမယ့် အလုပ်တွေ မလုပ်ဖြစ်ခင် စိတ်ကို ကြိုးစားလေ့ကျင့်ပြီး ထိန်ကြောင်းပေးကြည့်ကြဖို့ ဆိုချင်တာပါ။ အကယ်၍ မထိန်းနိုင်လို့ ကျူးလွန်မိခဲ့မယ် ဆိုရင်လည်း ပြုပြင်လို့ မရတဲ့အချိန်၊ ပြုပြင်လို့ မရတဲ့ နောင်တမျိုးအထိ မဖြစ်အောင်တော့ ကိုယ့်စိတ်ကို သတိကပ်ကာ လေ့ကျင့်ကြည့်ဖို့ လိုပါတယ်။ နောင်တရတဲ့အချိန်ဟာ နောက်မကျတဲ့အချိန်ဖြစ်ဖို့ အရေးကြီးပါတယ်။ အမှားအတွက် နောင်တရတဲ့အခါမှာလည်း “မှားခဲ့မိလေခြင်း…”ဆိုပြီး အမှားအပေါ်မှာ နောင်တတရားတွေနဲ့ ပူဆွေးနေဖို့ မလိုပါဘူး။ မှားမှန်းသိတာနဲ့ အဲဒီအမှားကို သင်္ခန်းစာယူပြီး နောင်မမှားအောင် ကြိုးစားဖို့ပဲ လိုပါတယ်။ ပြုပြင်လို့ ရတဲ့အမှားမျိုးဆိုရင် နောင်တရလို့ ပြုပြင်နိုင်တဲ့အချိန်ဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အဓိကကတော့ ဖြစ်သမျှ နောင်တများဟာ လုပ်သမျှ အမှားများကြောင့် ဖြစ်တဲ့အတွက် အမှားမလုပ်မိအောင်၊ အမှားလုပ်ချင်တဲ့ စိတ်ဖြစ်တဲ့အခါ အဲဒီစိတ်ကို စိတ်လေးနဲ့ မြင်အောင်ကြည့်ပြီး တစ်မိနစ် နှစ်မိနစ်စသဖြင့် အာရုံပြုပြီး နေကြည့်မယ်ဆိုရင် သွေးစူနေတဲ့စိတ်ဟာ တဖြည်းဖြည်း ငြိမ်လာတတ်ပါတယ်။ စိတ်ငြိမ်လာရင် အမှားလုပ်မိတော့မယ့် စိတ်ကိုလည်း မလုပ်မိအောင် ထိန်းလာနိုင်ပါလိမ့်မယ်။ အမှားမလုပ်မိရင် နောင်တဆိုတာလည်း မရှိနိုင်ပါဘူး။

ဒါကြောင့် အကြွင်းမဲ့ နောင်တကင်းဖို့ဆိုတာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်မှပဲ ဖြစ်နိုင်ပေမယ့် ပုထုဇင်များ အနေနဲ့လည်း နောင်တနည်းအောင်၊ ပြုပြင်မရတဲ့ နောင်တမျိုးမဖြစ်အောင်၊ နောင်တရချိန်ဟာ နောက်ကျတဲ့ အချိန်မဖြစ်ရလေအောင် လက်ရှိ ကိုယ့်ရဲ့ အပြောအဆို၊ အပြုအမူ အနေအထိုင်များကို သတိနဲ့ ထိန်းသိမ်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ကို ဒေါသတရား၊ အငြိုးအတေးများနဲ့ မလွှမ်းမိုးမိစေဘဲ ဘာပဲဖြစ်ဖြစ် ဖြစ်နေတဲ့စိတ်ကို သိအောင်ကြိုးစားပြီး အမှားကင်းအောင်၊ အမှားနည်းအောင် လေ့ကျင့်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလိုနည်းနဲပဲ နောင်တကင်းရာလမ်းမှန်ကို လျှောက်လမ်းကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။ အားလုံးအမှားကင်းပြီး နောင်တရှင်းကြပါစေ…

Read more »

ဒီမှာလည်းလိုအပ်နေ…

တစ်နေ့က ရန်ကုန်မှာရှိတဲ့ ရဟန်းဒကာမကြီးဆီ ဖုန်းဆက်တော့ ဒကာမကြီးက “အရှင်ဘုရား… ဒီနှစ်ဝါဆိုလည်း မြန်မာပြည်မှာ ပြန်ဝါဆိုဖြစ်မှာလားဘုရား…”လို့ လျှောက်ပါတယ်။ “သိပ်တော့မသေချာဘူး ဒကာမကြီး…၊ ဘာဖြစ်လို့လဲ..”လို့ မေးတော့ “အော် တစ်ခြားမဟုတ်ပါဘူးဘုရား… အရှင်ဘုရား ပြန်ကြွလာရင် တပည့်တော်မှာ ရှိတာလေးတွေ စုဆောင်းပြီး အရှင်ဘုရားနဲ့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သွားပြီးတော့ ကင်ဆာဓာတ်ရောင်ခြည်စက်အတွက် အလှူခံနေတာကို သွားလှူမလို့ စဉ်းစားထားလို့ပါ၊ အရှင်ဘုရားလည်းလှူ၊ တပည့်တော်လည်း လှူပေါ့ဘုရား”လို့ ပြန်လျှောက်ပါတယ်။ “ကောင်းပါပြီ ဒကာမကြီး ပြန်ဝါဆိုဖြစ်တော့ သွားလှူကြတာပေါ့”လို့ ဘုန်းဘုန်းက ပြန်ပြောရင်း ကင်ဆာရောဂါဖြစ်ပြီး ဓာတ်ရောင်ခြည်နဲ့ ဓာတ်ကင်ထားဖူးတဲ့ ဒကာမကြီးကို တရားအားထုတ်ပြီးပဲ သေဖို့အတွက် ပြင်ဆင်နိုင်အောင်၊ ဝေဒနာကို သတိပဋ္ဌာန်နဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားနေဖို့ တိုက်တွန်းဖြစ်ခဲ့ပါတယ်။

ဒကာမကြီးနဲ့ ဖုန်းပြောပြီးတော့ ဘုန်းဘုန်းခေါင်းထဲမှာ ပြည့်သူ့ဆေးရုံကြီးနဲ့ ကင်ဆာဓာတ်ရောင်ခြည်စက် အကြောင်း အတွေးတွေပဲ ရောက်နေမိပါတယ်။ ဒီအတွက် မြန်မာပြည် ပြန်ကြွတဲ့အခါ တတ်နိုင်သလောက် လှူဖို့လည်း အာရုံပြုမိပါတယ်။ ပြီးတော့ စိတ်ဝင်စားသူများရှိရင်လည်း လှူနိုင်ဖို့ အသိပေးတဲ့သဘောနဲ့ ဒီအကြောင်းလေးကို စာရေးပြီး တင်ပြလိုက်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးနဲ့ အခုဒီစာလေးကို ရေးတင်ဖြစ်တယ် ဆိုပါတော့။

အားလုံးသိတဲ့အတိုင်းပဲ။ ဘုန်းဘုန်းတို့ မြန်မာပြည်မှာက တစ်နိုင်ငံလုံး လိုအပ်နေတာတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားပဲလို့ ဆိုရမှာပါ။ ဘယ်နေရာရောက်ရောက် လိုအပ်နေတဲ့ အသံတွေပဲ ကြားနေရပါတယ်။ အခုလည်း အများပြည်သူ အားထားရာဖြစ်တဲ့ ဒီဆေးရုံကြီးမှာ လိုအပ်နေပြန်ပါတယ်။ တစ်ခြားလိုအပ်ချက် အသေးအဖွဲလေးတွေက အများကြီးရှိပေမယ့် ဒီလိုအကြီးကြီးအတွက်ကတော့ တစ်ယောက်အားနဲ့ မရနိုင် အများဝိုင်းလှူမှ ဖြစ်နိုင်တဲ့အနေအထားပါ။ ဒီကင်ဆာ ဓာတ်ရောင်ခြည်စက် အကြောင်းကို ဘုန်းဘုန်းက ကိုယ်တွေ့ကြုံခဲ့တော့ ပိုသိပါတယ်။ ခုနပြောတဲ့ ဘုန်းဘုန်းဒကာမကြီးကိုယ်တိုင် အဲဒီမှာ အပတ်စဉ်သွားပြီး ဓာတ်ကင်နေရတာကို တွေ့နေမြင်နေရတဲ့အပြင် တစ်နှစ်ကပဲ အူမကြီးကင်ဆာ၊ အသည်းကင်ဆာတွေနဲ့ ပျံလွန်တော်မူသွားတဲ့ ဘုန်းဘုန်းဆရာသမားကိုလည်း ကိုယ်တိုင်လိုက်ပြီး နေ့စဉ်ဓာတ်ရောင်ခြည် ကင်ပေးခဲ့ရဖူးတော့ ပိုသိပါတယ်။

မြန်မာနိုင်ငံ တစ်ဝှန်းလုံးမှာ ဒီလိုကင်ဆာရောဂါ ဝေဒနာသည်တွေအတွက် ဓာတ်ရောင်ခြည်နဲ့ ကုတဲ့စက်က စုစုပေါင်းမှ သုံးလုံးပဲ ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်တစ်ခု၊ မန္တလေးတစ်ခုနဲ့ တောင်းကြီးမှာတစ်ခု ဒါပဲရှိပါတယ်။ တပ်မတော်ဆေးရုံတွေမှာတောင် မရှိလို့ အဲဒီဆေးရုံက ကင်ဆာဝေဒနာသည်တွေလည်း ဓာတ်ကင်မယ်ဆို ဒီဆေးရုံကြီးကိုပဲ လာကင်နေရတဲ့ အဖြစ်ပါ။ ရှိတဲ့စက်တွေကလည်း အရမ်းသက်တမ်း ကြာနေတဲ့အပြင် မန္တလေးက တစ်ခုက ပျက်နေပြီး၊ တောင်ကြီးက တစ်ခုကျပြန်တော့ အရမ်းဝေးနေပြန်ပါတယ်။ နောက်ဆုံးတော့ ရန်ကုန်ဆေးရုံကြီးကိုပဲ အားကိုးနေကြရပါတယ်။ ခုနောက်ပိုင်း မြန်မာပြည်မှာ ကင်ဆာဖြစ်သူတွေက ပိုပိုများများလာတော့ ဒီစက်ကြီးတစ်ခုတည်းကို စုပေါင်းအားကိုပြီး ဓာတ်ရောင်ခြည်ကင်ဖို့ တန်းစီနေကြရပါတယ်။ စက်ကဟောင်းလည်းဟောင်း လည်ပတ်နေရတာလည်း မရပ်မနားဆိုတော့ တဖြည်းဖြည်း အစွမ်းအာနိသင်တွေ လျှော့လာပါတယ်။ တစ်ခါကင်ရမှာကို နှစ်ခါ၊ သုံးခါပြန်ကင်နေရတဲ့အထိပါပဲ။ ဒီလို ကင်ဖို့ကိုလည်း လူနာတွေက အရမ်းမျာတော့ အလှည့်နဲ့ စောင့်ရပါတယ်။ ဒီကြားထဲ စက်ပျက်လို့ ပြင်နေတဲ့အတွက် အချိန်ကို ထပ်စောင့်နေရတာတွေလည်း ရှိပြန်ပါတယ်။ ကင်ဆာဖြစ်သူတွေ၊ ဓာတ်ကင်မယ့်သူတွေက များတော့ ဓာတ်ကင်မယ့်ရက်ကို ကင်ဆာဌာနက ထုတ်ပြန်ပေးတဲ့ အမည်စာရင်းအတိုင်း စောင့်ပြီးကင်ကြရပါတယ်။ လူနာတွေကများတော့ ကင်ဆာဝေဒနာရှင်တွေဟာ သူတို့နာမည်ပါမယ့်နေ့ကို သွားသွားပြီး စောင့်ကြည့်နေရာတာလည်း နေ့စဉ်လိုလိုပါပဲ။ တစ်ချို့ဆို နာမည်စာရင်း ပါလာတာကိုပဲ စာမေးပွဲအောင်စာရင်းမှာ ပါလာတဲ့ကျောင်းသားတွေလို ပျော်ပျော်ပါးပါးကြီး ဖြစ်သွားတာကို သတိထားမိပါတယ်။ ကင်ဆာရောဂါကြောင့် သောကဖြစ်နေပေမယ့် အရင်ဆုံး ဓာတ်ရောင်ခြည်ကင်ဖို့ စာရင်းစောင့်ရတာလည်း သောကတစ်မျိုး ဖြစ်နေကြတော့ ဒီစာရင်းပါလာတာကိုပဲ အဆိုးထဲက အကောင်းအနေနဲ့ မရှိရှိတာ ရှာကြံပြီး ၀မ်းသာပျော်ရွှင်နေကြရတဲ့ အဖြစ်ပါ။

အခုဆို လက်ရှိရှိနေတဲ့ အဲဒီစက်က အသစ်မလဲလို့ကို မဖြစ်တော့တဲ့အနေအထား ဖြစ်နေပါတယ်။ အစိုးရကလည်း စက်တန်ဘိုးက အရမ်းဈေးကြီးလို့လားမသိ မဖြည့်ပေးနိုင်ပါဘူး။ နောက်ဆုံးတော့ ပြည်သူတွေပဲ အားကိုပြီး အခုလို အလှူခံနေရတယ်လို့ ဆိုပါတယ်။ ဘုန်းဘုန်းဆရာတော်ကြီးကို ဓာတ်ရောင်ခြည် ကင်နေတဲ့အချိန်က အလှည့်ကျ ဆရာဝန်နဲ့တွေ့ပြီး ဒီစက်တွေအကြောင်း မေးဖြစ်တော့ စက်တန်ဘိုးက ဒေါ်လာသိန်းနဲ့ချီ ပေးရမယ်လို့ သိရပါတယ်။ ဒေါ်လာ သိန်းရာထောင်ပေးရမယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက လှူမယ့်အလှူရှင် ရှိတယ်ဆိုတာတောင်မှ သူတို့အောက်ခြေ၀န်ထမ်းတွေ အနေနဲ့ ကျော်လုပ်လို့ မရတဲ့အကြောင်းတောင် ပြောဖြစ်ပါသေးတယ်။ ခုတော့ မဖြစ်မနေလိုအပ်နေပြီဆိုတော့ ဆေးရုံအုပ်ကြီးကိုယ်တိုင် သူ့ရုံးခန်းမှာ အလှူခံဌာနဖွင့်ပြီး အလှူခံနေတယ်လို့ သိရပါတယ်။ တန်ဘိုးက အရမ်းကြီးနေတော့ ဒီစက်ဝယ်ဖို့ ဘယ်တော့ပြည့်မယ်ဆိုတာ အချိန်ကာလ သတ်မှတ်လို့ မရဘူးနဲ့တူပါတယ်။ ရှိတာလေးကို ဖြစ်သလိုလည်ပတ်ပေးပြီး ခုကတည်းက စက်အသစ်အတွက် အလှူငွေ စုစောင်းနေရတဲ့ သဘောပါ။ ဒါကြောင့် ဘုန်းဘုန်းဒကာမကြီးက “အရှင်ဘုရား ၀ါဆိုပြန်ကြွလာမှ အတူသွားလှူကြတာပေါ့ ဘုရား..”လို့ လျှောက်တာနေမှာပါ။

ဘုန်းဘုန်းအနေနဲ့ အားလုံးကို သိစေချင်တာက ဘုန်းဘုန်းတို့ မြန်မာပြည်မှာ လိုအပ်နေတာကတော့ တစ်နိုင်ငံလုံး လိုအပ်နေတာ ဖြစ်ပေမယ့် အဲဒီထဲက အဓိက လိုအပ်နေတဲ့ နေရာလေးတွေကို တတ်နိုင်တဲ့သူတွေက တတ်နိုင်သလောက် ၀ိုင်းဝန်းအားဖြည့်ပေးကြဖို့ပါ။ ပြည့်စုံပြီးသား နေရာတွေမှာ အားဖြည့်ပေးကြတာနဲ့စာရင် မပြည့်သေးတဲ့ နေရာတွေကို အားဖြည့်ပေးစေချင်တာပါ။ တစ်နေ့တာ စားပြီးကုန်သွားတာထက်စာရင် ရေရှည်အကျိုးရှိမယ့် အရာမျိုးကို ရွေးချယ်ထောက်ပံ့ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ အမှန်တော့ ဒီရန်ကုန်ပြည်သူ့ဆေးရုံကြီးဆိုတာ မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိတဲ့ မရှိဆင်းရဲသား၊ တောသူတောင်သားတွေရဲ့ အားထားရာနေရာ၊ ကင်ဆာရောဂါ ဝေဒနာရှင်တွေအတွက် ဘုန်းကြီးကျောင်းမှာတည်းပြီး ဆေးရုံကြီးမှာ သွားဓာတ်ကင်ဖို့အတွက် အထူးအားကိုးရာနေရာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၈၀ရာခိုင်နှုန်းဟာ အောက်ခြေလူတန်းစားတွေ ဖြစ်နေတော့ အထူးကုဆေးခန်းဆိုတာ၊ ပြီးတော့ နိုင်ငံခြားထွက်ပြီး ကုသဖို့ဆိုတာ မဖြစ်နိုင်ကြတော့ မရှိရှိတဲ့နေရာလေးပဲ အားကိုးအားထား ပြုနေရတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုစက်ပစ္စည်းတွေ မပြည့်စုံတဲ့အခါဆိုတော့ ဝေဒနာရှင်တွေအတွက် ရောဂါဖြစ်ရင် သေရမလိုကိုပဲ ဖြစ်နေတာပါ။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ဖို့နေမယ့်အစား ဖြစ်လာတဲ့ အနေအထားအရ အားလုံးတစ်နိုင်တစ်ပိုင် ၀ိုင်းဝန်းပံ့ပိုးပေးကြမယ်ဆိုရင်တော့ လိုအပ်နေတဲ့ နေရာလေးတွေဟာ ဘယ်သူမှ မဖြည့်တာထက်စာရင် အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။

ဒါကြောင့် လိုအပ်နေတဲ့ နေရာလေးတွေ အများကြီးထဲက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ကင်ဆာဌာန ဓာတ်ရောင်ခြည်ပေးစက် ၀ယ်ယူနိုင်ဖို့ကလည်း အခုအချိန်မှာ လိုအပ်နေတဲ့ နေရာဌာန တစ်ခုဖြစ်နေတယ်ဆိုတာ အသိပေးရင်း ဆေးရုံအုပ်ကြီး ရုံးခန်းမှာဖွင့်ထားတဲ့ ကင်ဆာဓာတ်ရောင်ခြည်စက် ၀ယ်ယူနိုင်ရေး အလှူငွေ လက်ခံရာဌာနမှာ သွားရောက်ကာ မိမိတို့ တစ်နိုင်တစ်ပိုင် လှူဒါန်းနိုင်ကြဖို့ အသိပေး တင်ပြရခြင်း ဖြစ်ပါတယ်။ ဘုန်းဘုန်းကိုယ်တိုင်လည်း မြန်မာပြည်မှာ ကြွရောက်ဝါဆိုဖြစ်တဲ့အခါ ဒကာမကြီးကို ကတိပေးထားတဲ့အတိုင်း အဲဒီမှာ သွားလှူဖြစ်မှာပါ။ မကြွဖြစ်လည်း အလှူငွေပို့ပြီး ဒကာမကြီးကတစ်ဆင့် လှူဒါန်းခိုင်းဖြစ်မှာပါ။ မိမိတို့ရဲ့ တစ်ကျပ်တစ်ပြားသည် အများစုပေါင်းလိုက်တဲ့အခါ တစ်သိန်းတစ်သန်းမက ဖြစ်လာနိုင်တဲ့အတွက် တစ်ကျပ်တစ်ပြား အမြတ်ထားလို့ အားဖြည့်အလှူ ကုသိုလ်ယူနိုင်ကြပါစေ… အားလုံး ဆေးအလှူကြောင့် အနာရောဂါ ကင်းနိုင်ကြပါစေ…

Read more »

တုံ့ပြန်မှု မတူကြသူများ…

လောကမှာ လူအမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိကြသလို အမြင်အမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ လက်ခံမှုအမျိုးမျိုး၊ တုံ့ပြန်မှုအမျိုးမျိုးလည်း ရှိတတ်ပါတယ်။ လူချင်းတူပေမယ့် အမြင်ချင်းမတူ၊ အတွေးအခေါ်ချင်းမတူ၊ တုံပြန်မှုချင်း မတူတတ်ပါဘူး။ တစ်ချို့က အကောင်းဘက်က မြင်တတ်သလို တစ်ချို့က အဆိုးဘက်က မြင်တတ်ပါတယ်။ တစ်ချို့က အကောင်းကိုရှာပြီး တုံ့ပြန်တတ်သလို တစ်ချို့က အဆိုးကိုရှာပြီး တုံ့ပြန်တတ်ပါတယ်။ တစ်ချို့က ကုသိုလ်ဖြစ်အောင် ယူတတ်သလို တစ်ချို့က အကုသိုလ်ဖြစ်အောင် ယူတတ်ပါတယ်။ ဒါဟာ သတ္တ၀ါတွေရဲ့ သဘော၊ လောကရဲ့ သဘောပါပဲ။ အမှန်တော့ ဒါတွေဟာ ချီးမွမ်းတတ်တဲ့သူနဲ့ ကဲ့ရဲ့တတ်တဲ့သူတွေရဲ့ သဘောလက္ခဏာတွေပါပဲ။ စာလိုပြောရင်တော့ သဒ္ဓါတရား ဓာတ်ခံရှိသူနဲ့ သဒ္ဓါတရား ဓာတ်ခံမရှိသူတွေရဲ့ ခြားနားချက်တွေပါပဲ။ သဒ္ဓါတရား အားကောင်းသူရဲ့ တုံ့ပြန်မှုဟာ ကုသိုလ်ဖြစ်စရာ ကောင်းတဲ့အချက်တွေနဲ့ တုံ့ပြန်တတ်ပြီး သဒ္ဓါတရား ခေါင်းပါးသူရဲ့ တုံ့ပြန်မှုကတော့ အကုသိုလ်ဖြစ်စရာ မကောင်းတဲ့အချက်တွေနဲ့ တုံ့ပြန်တတ်ပါတယ်။ အထူးသဖြင့် သဒ္ဓါတရား ရှိတဲ့သူဟာ ရတနာသုံးပါးနဲ့ ပတ်သက်မှုများမှာ ကုသိုလ်စိတ်များနဲ့ မြင်တတ်၊ကြည့်တတ်၊ တွေးခေါ်တတ်၊ ရယူတတ်၊ တုံ့ပြန်တတ်ပေမယ့် သဒ္ဓါတရားမရှိသူကတော့ ရတနာသုံးပါးအပေါ်လည်း အပြစ်မြင်တတ်၊ မကောင်းတွေးတတ်၊ မကောင်းယူတတ်၊ အဆိုးတုံ့ပြန်တတ်ပါတယ်။ ဒါဟာ မတူညီတဲ့သူတွေရဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ လောကမှာရှိတဲ့လူတိုင်း အမြဲမကြာမကြာ ကြုံတတ်တဲ့ လောကဓံက ဒီကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံပါပဲ။ လောကဓံရှစ်ပါးလုံး ကြုံရတတ်ပေမယ့် အများဆုံး ကြုံရတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံတွေပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း ချီးမွမ်းခြင်း ခံဖူးကြသလို ကဲ့ရဲ့ခြင်းလည်း ခံဖူးကြပါတယ်။ ခံနေရဦးမှာပါပဲ။ မတူညီတဲ့သူ၊ မတူညီတဲ့ စရိုက်၊ မတူညီတဲ့ အတွေးအခေါ် ရှိနေတဲ့ သူတွေနဲ့ တွေ့နေသမျှတော့ ဒီလိုကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ သဒ္ဓါတရား ဓာတ်ခံရှိတဲ့သူတွေဟာ ကောင်းတဲ့သဘောတွေနဲ့ တုံပြန်နေကြမှာဖြစ်ပြီး သဒ္ဓါတရား မရှိသူတွေကတော့ အဆိုးတွေနဲ့ တုံ့ပြန်ကြမှာ မလွဲပါဘူး။ ဒါဟာ ရှောင်လွဲမရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ဘယ်လိုတုံ့ပြန်မှုမျိုးလာလာ ကိုယ့်စိတ်ကို ကိုယ်မယိမ်းယိုင်အောင်၊ မတုန်မလှုပ် ခံနိုင်အောင် လေကျင့်နေထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

ဘုန်းဘုန်းကိုယ်တိုင်လည်း ဒီလိုမတူညီတဲ့ တုံ့ပြန်မှုတွေကို အများကြီး ကြုံဖူးပါတယ်။ ဘုန်းကြီးဆိုပြီး လူတိုင်းက ကြည်ညိုကြမယ်၊ လေးစားကြမယ်၊ ချီးမွမ်းကြမယ်လို့တော့ မထင်လိုက်ပါနဲ့။ ဘုန်းကြီးလည်း ကြည်ညိုတဲ့သူရှိသလို မကြည်ညိုတဲ့ သူတွေလည်း ရှိပါတယ်။ ဘုန်းကြီးကိုလည်း ချီးမွမ်းကြသူတွေရှိသလို အပြစ်ပြော ကဲ့ရဲ့ကြတဲ့ သူတွေရှိပါတယ်။ တိုက်ရိုက်မဟုတ်တာတောင်မှ ကွယ်ရာမှာ သွားပုတ်လေလွင့် ပြောခံရတာတွေရှိပါတယ်။ အမှန်တော့ ဒီလို ကဲရဲ့ချီးမွမ်းခံရတာတွေဟာ ဘုန်းဘုန်းတို့လို သာမန်ရဟန်းတော်များအတွက် မဆိုထားနဲ့ အလုံးစုံ ပြည့်စုံတ်ာမူတဲ့ အနန္တတန်ခိုးရှင် သဗ္ဗညု ဘုရားရှင်များအထိပါပဲ။ ဘုရားရှင်တွေလည်း ကဲ့ရဲ့ခံပါသေးတယ်။ အပုတ်ချခံရပါသေးတယ်။ လောကဓံကို ခံရပါသေးတယ်။ ဒါကြောင့် ဘုရားရှင်တွေတောင် မလွတ်တဲ့ ဒီလိုကဲ့ရဲ့မှု၊ ချီးမွမ်းမှုဆိုတဲ့ တုံ့ပြန်မှုတွေမှာ ရဲရဲရင်ဆိုင် ခံနိုင်ရည်ရှိအောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ဒါဟာ မတူညီတဲ့သူတွေရဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။

မတူညီတဲ့ တုံ့ပြန်မှုတွေ ကြုံဖူးခဲ့တာများပေမယ့် ထူးထူးခြားခြား သတိထားမိတဲ့ ဒကာလေးနှစ်ယောက်ရဲ့ တုံ့ပြန်မှုလေးတွေကတော့ စိတ်အစဉ် ရင့်ကျက်မှုကို ပိုမိုဖြစ်စေခဲ့ပါတယ်။ မနှစ်က ဖြစ်မှာပါ။ ဒကာလေးတစ်ယောက် အလုပ်အဆင်မပြေ၊ ကျန်းမာရေး မကောင်းတဲ့အတွက် ကျောင်းမှာခဏ နေထိုင်တည်းခိုပြီး ဆေးခန်းပြချင်တယ်ဆိုလို့ အခန်းအပိုမရှိပေမယ့် အဆင်ပြေသလို နေနိုင်ရင်နေဖို့ အခွင့်ပေးခဲ့ပါတယ်။ ဒီဒကာလေးဟာ ပင်ကိုယ်သဒ္ဓါတရား ဓာတ်ခံကောင်းတယ်လို့ပဲ ဆိုရမလား ကျောင်းမှာနေရတာကို သူသဘောကျ ကျေနပ်နေပါတယ်။ ဘုန်းကြီးနဲ့အတူ နေပြီး ဘုန်းကြီးဝေယျာဝစ္စလုပ်လိုက်၊ ဘုရားရှိခိုးလိုက်၊ ကျောင်းသန့်ရှင်းရေးလုပ်လိုက်၊ ဘုန်းဘုန်းအားတဲ့ အချိန်မှာလည်း သူသိချင်တဲ့ မေးခွန်းတွေမေးလိုက်၊ မှတ်သားနာယူလိုက်နဲ့ သူ့ဘ၀ဟာ တော်တော်လေးကို ပြောင်းလဲနေပါတယ်။ သူကိုယ်တိုင်လည်း ဘုန်းဘုန်းနဲ့ အနေနီးတာနဲ့အမျှ ဘုန်းဘုန်းအပေါ် ကြည်ညိုမှုတွေ တိုးတိုးလာကြောင်း၊ ဘုန်းဘုန်းရဲ့ တစ်နေ့တာ နေထိုင်မှုတွေအပေါ် ကြာလေကြည်ညိုလေ ဖြစ်ရကြောင်း နှုတ်ကဖွင့်လျှောက်တဲ့ အထိဖြစ်သွားသလို အပြင်မှာလည်း ဘုန်းကြီးကျောင်းမှာ ရခဲ့တဲ့အသိတရား၊ ဘုန်းကြီးကျောင်းမှာ နေရတဲ့ ကျေးဇူး၊ အရိပ်ခိုကာ ကျွေးထားပေးတဲ့ ဘုန်းကြီးရဲ့ စေတနာတွေကို တစ်ခြားသူများ ၀မ်းသာပီတိပွား သဒ္ဓါတရားတိုးအောင် ပြောဖြစ်တယ်လို့ ဆိုပါတယ်။ ခုတော့ ဒီဒကာလေးဟာ မြန်မာပြည်ပြန်ရောက်သွားပြီး ဘုန်းကြီးဝတ်နေတယ်လို့ ကြားရပါတယ်။ ထားပါတော့ ဒါက သဒ္ဓါတရား အားကောင်းတဲ့ ဒကာလေးတစ်ယောက်ရဲ့ တုံ့ပြန်မှုလေးအကြောင်းပါ။

နောက်တစ်ယောက်ကတော့ မကြာသေးပါဘူး။ မြန်မာပြည်ပြန်ခါနီး နေစရာ အခက်အခဲ ဖြစ်နေတဲ့အတွက် ဘုန်းဘုန်းကျောင်းမှာပဲ နေခွင့်ပေးထားဖြစ်ပါတယ်။ နေခွင့်ပေးရုံတင်မဟုတ်ပါဘူး။ သူလိုအပ်တဲ့ လေယာဉ်လက်မှတ်ကိစ္စ၊ ပစ္စည်းပစ္စယကိစ္စ စတာတွေကအစ ဘုန်းဘုန်းတတ်နိုင်သမျှလေးတွေပါ အကူအညီ ပေးဖြစ်ပါတယ်။ ကျောင်းမှာ အခန်းအပို မရှိပေမယ့် အပြင်မှာ လွတ်လွတ်လပ်လပ် နေခွင့်ရအောင် အခွင့်ပေးထားပါတယ်။ ဘုန်းဘုန်းကိုယ်တိုင်လည်း အပြင်မှာဆိုရင် သူမလွတ်လပ်မှာစိုးလို့ အခန်းထဲမှာပဲ အနေများပါတယ်။ ဆွမ်းကိစ္စအတွက် သူအပန်းကြီးမှာစိုးလို့ တစ်ခြားဘာမှ မလုပ်စေဘဲ ကျောင်းမှာလာပို့တဲ့ ဆွမ်းချိုင့်တွေကိုပဲ အဆင်ပြေသလို နွှေးကပ်ဖို့ ပြောထားပါတယ်။ အခြေအနေအရ ဆွမ်းချိုင့်လာမပို့နိုင်တဲ့ ဒကာလေးတွေ ရှိတဲ့အတွက် ဆွမ်းဘုဉ်းပေးပြီး ကျန်တဲ့ဟင်းတစ်ချို့ကို နောက်နေ့အတွက် ချန်ထားပြီး သူလည်းစားနိုင်အောင် စီစဉ်ပေးပါတယ်။ သဒ္ဓါတရားအားနည်းတာကတော့ သူ့ရှေ့မှာထိုင်ပြီး ဘုရားရှိခို၊ တရားထိုင်ပြနေတာတောင် လက်အုပ်ချီပြီး သူပါလိုက်ရှိခိုးခြင်း မပြုတာပါပဲ။ ကျောင်းမှာဝတ်ရွတ်စဉ် စာအုပ်ရှိတဲ့အတွက် အားရင်ကုသိုလ်ဖြစ်အောင် ရွတ်ဆိုရှိခိုးဖို့ ပြောပေမယ့် မထူးခြားခဲ့ပါဘူး။ ဒါပေမယ့် ဘုန်းဘုန်းကတော့ အတင်းချုပ်ချယ်မှု မပြုခဲ့ပါဘူး။ သူ့သဘောအတိုင်း လွတ်လွတ်လပ်လပ်ပဲ နေစေပါတယ်။ အဲလိုသူ့အတွက် လွတ်လွပ်လပ်လပ်လေး ထားပေးတာတောင် နောက်အပြင်မှာ ပြန်ကြားတဲ့ သူ့ရဲ့တုံ့ပြန်မှုက ဘုန်းကြီးအပေါ် အပြစ်ပြောတဲ့ တုံ့ပြန်မှုလေးတွေ၊ ဘုန်းကြီးအပေါ် ကဲ့ရဲ့တဲ့ အပြောအဆိုလေးတွေ ပြောတယ်ဆိုတဲ့ တုံ့ပြန်မှုပါပဲ။ မြန်မာစကားနဲ့ ပြောရရင် အရိပ်နေနေ အခက်ချိုးချိုး ပုံစံလေးတွေနဲ့ တုံ့ပြန်မှုတွေပါပဲ။ အင်း… သူ့အပေါ် ဘာစိတ်မှ မဖြစ်ပေမယ့် သူ့ရဲ့အပြစ်တွေအတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ရဟန်းတစ်ပါးအပေါ် ရေရေရာရာ တိတိကျကျ မသိ၊ အခြေအမြစ်မရှိဘဲ များများဝေဘန်လေလေ သူ့အတွက် အပြစ်ကြီးကြီးလေးလေးဆိုတာ သူမသိတာကိုတော့ ၀မ်းနည်းစရာပါပဲ။ ခုတော့ သူလည်း မြန်မာပြည် ပြန်သွားပါပြီ။ သေချာတာကတော့ သဒ္ဓါတရား ဓာတ်ခံအားနည်းတဲ့ ဒီဒကာလေးရဲ့ တုံ့ပြန်မှုကတော့ အပြစ်ဖြစ်စရာတွေ ဖြစ်ခဲ့တယ် ဆိုတာပါပဲ။

ထားပါတော့။ ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက လူချင်းတူပေမယ့် ခံယူချက်ချင်းမတူ၊ သဒ္ဓါတရားချင်းမတူ၊ တုံ့ပြန်မှုချင်း မတူတတ်တာလေးတွေကို ပြောချင်တာပါ။ လောကမှာနေသမျှ ဒီလိုမတူညီတဲ့ တုံ့ပြန်မှုများနဲ့ ချီးမွမ်းခံရ၊ ကဲ့ရဲ့ခံနေရမယ်ဆိုတာ သတိပြုစေချင်တာပါ။ ဒီဒကာလေးနှစ်ယောက်ကို ကြည့်မယ်ဆိုရင် မတူညီတဲ့ ခံယူချက်၊ မတူညီတဲ့ သဒ္ဓါတရားကြောင့် ရရှိတဲ့အကျိုး ရလာဘ်လည်း ကွားခြားသွားတော့တာပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့အနေအထိုင်နဲ့ သဘောထားက တစ်သမှတ်တည်း အတူတူရှိနေပေမယ့် ခံယူတတ်တဲ့သူ၊ သဒ္ဓါတရားရှိတဲ့သူနဲ့ မခံယူတတ်တဲ့သူ၊ သဒ္ဓါတရားမရှိတဲ့သူတွေရဲ့ သူတို့သူတို့ အသီးသီးအမြင် အပေါ်လိုက်ပြီး ဒီလိုချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတွေ ဖြစ်စေတာပဲ ဖြစ်ပါတယ်။ နေထိုင်မှုက တစ်သမှတ်တည်း ဖြစ်ပေမယ့် အမြင်မတူမှုတွေကြောင့် တုံ့ပြန်မှုတွေက ဆန့်ကျင်ဘက် ဖြစ်ကုန်တော့တာပါ။ အရင်းစစ်တော့ ဒါဟာ သတ္တ၀ါတွေရဲ့ သဘောပဲ ဖြစ်ပါတယ်။ ကြိုက်ရင်အပြစ်မမြင်၊ ချစ်ရင်အပြစ်မမြင်တတ်ပေမယ့် မကြိုက်ရင်၊ မုန်းရင် ဘာပဲလုပ်လုပ် အကောင်းမမြင်တတ်တဲ့ သတ္တ၀ါတွေရဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီသဘောဟာ လောကမှာရှိတဲ့သူတွေ မဖြစ်မနေ ရှောင်လွဲမရ ကြုံတွေ့ရမယ့် လောကဓံပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းအနေနဲ့ သူတို့လေးတွေကို ကျေးဇူးတင်မိတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း လောကဓံတွေနဲ့ စိတ်အစဉ် ရင့်ကျက်စေအောင်၊ လောကဓံကို ခံနိုင်ရည်ရှိအောင် ဖြစ်စေခဲ့တာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုသဘောမျိုးဟာ ဘုန်းဘုန်းတို့တင် မဟုတ်ပါဘူး။ လောကမှာရှိတဲ့ လူတိုင်းတွေ့ကြုံရမယ့် သဘောတွေပဲ ဖြစ်ပါတယ်။ အဓိကကတော့ ဘယ်လို လောကဓံပဲလာလာ ကိုယ်ကိုယ်တိုင် ခံနိုင်ရည် ရှိအောင် ကြိုးစားကြဖို့ပါ။ ချီးမွမ်းခံရတဲ့ အခါလည်း အလွန်အကျူး မကျေနပ်ဖို့၊ ကဲ့ရဲ့ခံရတဲ့အခါလည်း အရမ်းမတုန်လှုပ်ဖို့ ကိုယ့်ရဲ့စိတ်ကို လေ့ကျင့်ဖို့လိုပါတယ်။ အထူးသဖြင့် ကဲ့ရဲ့မှုနဲ့ တုံ့ပြန်လာတဲ့အခါ “ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်အလာပေတည်း၊ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏၊ များစွာဟောပြောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ လောက၌ အကဲ့ရဲ့လွတ်သော သူမည်သည်မရှိ။ လုံးဝအကဲ့ရဲ့ ခံရသူ၊ လုံးဝအချီးမွမ်းခံရသူမည်သည် ရှေးကလည်းမရှိခဲ့ဘူး၊ နောင်လည်းရှိမည်မဟုတ်၊ ယခုလည်းမရှိ..”ဆိုတဲ့ ဘုရားစကားတော်အတိုင်း ကဲ့ရဲ့မှုကို လောကဓံတစ်ခုအဖြစ် မတုန်မလှုပ်တဲ့စိတ်နဲ့ ခံနိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူအမျိုးမျိုး၊ အကျင့်စရိုက် အမျိုးမျိုးရှိတဲ့ လူတွေကြားမှာ နေနေရတဲ့ လောကသားများအနေနဲ့ လူချင်းမတူရင် တုံ့ပြန်မှုချင်းလည်း မတူတတ်တာကို ကောင်းကောင်းသဘောပေါက် ဆင်ခြင်ပြီး ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ လူတိုင်းကြုံတွေ့ရမယ့် အခိုက်အတန့် လောကဓံများအဖြစ် မတူညီတဲ့ ဒီတုံ့ပြန်မှုများကို အသုံးချကာ ကိုယ့်ရဲ့ဘ၀တက်လမ်းအတွက် ခံနိုင်ရည်ရှိအောင် ကြိုးစားကြရင်း အတွေ့အကြုံကောင်းများ ရယူနိုင်ကြဖို့ ဘုန်းဘုန်းရဲ့ ကိုယ်တွေလေးကို အခြေခံကာ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ