မိဘကျေးဇူးဆပ်လိုသော်…

မိဘများဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ ဖြစ်ကြပါတယ်။ “လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ“လို့ ဆိုသလိုပဲ မိဘများဟာ သားသမီးများရဲ့ လက်ဦးဆရာလည်း ဖြစ်ပါတယ်။ မိဘများရဲ့ ကျေးဇူးတရားဟာ များလွန်းလှတဲ့အတွက် ဆပ်လို့တောင် မကုန်နိုင်ပါဘူး။ မိဘများဟာ သားသမီးများ ကြီးပွားတိုးတက်လာအောင် စောင့်ရှောက်ကြသူ၊ မွေးကျွေးကြသူ၊ လောကကို မျက်စိပွင့်စေသူ၊ လောကကို ပြသပေးသူများ ဖြစ်ကြပါတယ်။ တခြားအရာတွေမတွေးဘဲ မိခင်ဝမ်းထဲမှာ အပြစ်အနာအဆာ ကင်းအောင် ကိုးလလုံးလုံး လွယ်ထားပေးတဲ့ ကျေးဇူးကပင် ဆပ်မကုန်နိုင်ပါဘူး။ ၀မ်းဗိုက်ထဲမှာရှိတဲ့ ရင်သွေးလေး အန္တရာယ်မဖြစ်အောင် စားချင်တာလည်း မစား၊ သွားချင်တာလည်း မသွား၊ လုပ်ချင်တာလည်း မလုပ်ဘဲ နေထိုင်ပေးရတဲ့ မိခင်၊ မိခင်ကိုယ်ဝန်ဆောင်နေချိန်မှာ စားရေးသောက်ရေး နေရေးထိုင်ရေး ကျန်းမာရေးကအစ အစစ အရာအရာ အဆင်ပြေအောင် ကြိုးစားလုပ်ကိုင် ရှာဖွေစောင့်ရှောက်ပေးတဲ့ ဖခင်။ ဒီမိဘတွေရဲ့ ကျေးဇူးတရားဟာ အမေ့ဗိုက်ထဲမှာ နေခဲ့ရတဲ့ ကိုယ့်ဘ၀လေးအပေါ် ဒီလိုစောင့်ရှောက် ခဲ့ပါလားလို့ တွေးမိရုံလေးနဲ့တင် ကျေးဇူးတရားဟာ ဆပ်မကုန်လှပါဘူး။ တစ်ချိန်ချိန် ကိုယ်ကိုယ်တိုင် မိဘနေရာကို ရောက်လာတဲ့အခါမှာ ဒီကျေးဇူးတရားတွေက ပိုပြီး ထင်ရှားလာတတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိဘရဲ့ ကျေးဇူးတရားက ဆပ်မကုန်နိုင်အောင် များပြားလှတဲ့အတွက် မိဘများ အသက်ရှင်နေချိန်မှာ ကြိုးစားပြီး ဆပ်သင့်ပါတယ်။ “မိဘကို မသေခင် ကျွေးပါ၊ သေမှ ငိုမနေပါနဲ့“လို့ ဆိုကြသလို မသေခင် ကျေးဇူးတရားတွေ တတ်နိုင်သမျှ ဆပ်ပေးသင့်ပါတယ်။ မိဘကျေးဇူးဟာ အရမ်းကြီးတဲ့အတွက် ကျေအောင်ဆပ်ဖို့ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး ကျေးဇူးဆပ်နည်းတော့ ရှိပါတယ်။ အဲဒီနည်းကတော့ ဗုဒ္ဓအလိုကျ ကျေးဇူးဆပ်နည်းပါ။

ဗုဒ္ဓက “သားသမီး ဖြစ်သောသူသည် အသက်တစ်ရာတန်း၌ဖြစ်၍ အသက်တစ်ရာပတ်လုံး ပခုံးတစ်ဖက်ဖြင့် အမိကိုဆောင်ကာ ပခုံးတစ်ဖက်ဖြင့် အဖကိုဆောင်၍ ပြုစုလုပ်ကျွေးခြင်း၊ အမိအဖတို့အား အနံ့အသက်ကင်းအောင် အမွေးအကြိုင်လိမ်းပေးခြင်း၊ အညောင်းအညာပြေအောင် နှိပ်နယ်ပေးခြင်း၊ ရေပူရေအေးဖြင့် ရေချိုးပေးခြင်း၊ ခြေဆုပ်လက်နယ်ပြုပေးခြင်း ယုတ်စွအဆုံး ကျင်ကြီးကျင်ငယ်ကိုပင် မိမိ၏ ပခုံးထက်၌ စွန့်ကုန်စေခြင်း၊ များစွာသော ရတနာရှိသော မဟာပထ၀ီမြေကြီးကို အုပ်ချုပ်စိုးပိုင်သော မင်းစည်းစိမ်း၌ မိဘတို့ကို ခံစားတည်နေစေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ပါသော်လည်း မိဘတို့အား ကျေးဇူးပြုခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်းသည် မဖြစ်နိုင်သေးကြောင်း၊ စင်စစ် သဒ္ဓါတရား မရှိသော အမိအဖတို့ကို သဒ္ဓါတရားနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း သီလမရှိသော အမိအဖတို့ကို သီလနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ၀န်တိုခြင်း မစ္ဆရိယ ရှိကုန်သော အမိအဖတို့ကို စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ပညာမဲ့သော အမိအဖတို့ကို ပညာနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ခြင်းသည်သာ မိဘတို့အား ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်ကြောင်း” (အင်္ဂတ္တရနိကာယ်၊ ဒုကနိပါတ်၊ သမစိတ္တ၀ဂ်၊ ) မိန့်တော်မူပါတယ်။

မှန်ပါတယ်။ ဗုဒ္ဓဘုရားရှင် မိန့်တော်မူတဲ့ နည်းအတိုင်း မိဘကျေးဇူး ဆပ်နည်းကတော့ အကောင်းဆုံး ကျေးဇူးဆပ်နည်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိဘများ သက်ရှိထင်ရှား ရှိတုန်းမှာ လိုလေသေးမရှိ ချမ်းသာအောင် ကျွေးမွေးစောင့်ရှောက်ပေးတဲ့နည်းနဲ့ ကျေးဇူးဆပ်တာဟာ အလွန်ကျေးဇူးများပေမယ့် ဒီလို ကျွေးမွေးပြုစုပေးခြင်းဟာ တစ်ဘ၀ချမ်းသာရုံလောက်ပဲ ကျေးဇူးပြုပေးရာရောက်ပြီး သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတရားများ တည်လာအောင် ကျေးဇူးဆပ်ပေးတာကတော့ သံသရာမှသည် နိဗ္ဗာန်အထိ ရောက်အောင် ကျေးဇူးဆပ်ပေးရာ ရောက်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ တစ်ချို့ မိဘတွေဟာ သားသမီးများရဲ့ ထောက်ပံ့မှုများအပေါ်မှာ သာယာပြီး ဘာသာရေး လုပ်ငန်းတွေမှာ မေ့လျော့ကာ တစ်ခြားကိစ္စများမှာပဲ အချိန်ကုန်နေတတ်တာ ရှိတတ်ပါတယ်။ အသက်အရွယ် ရလာပေမယ့် ဘာသာရေးအပေါ် သားသမီးများလောက် စိတ်ဝင်စားခြင်းမရှိတဲ့ မိဘများလည်း ရှိတတ်ပါတယ်။ ပင်ကိုယ်က သဒ္ဓါတရား ဓာတ်ခံအားနည်းတဲ့ တချို့မိဘတွေဆို သားသမီးများ ဘာသာရေးအပေါ် စိတ်ဝင်တစား ရှိနေတာ၊ ဒါန၊ သီလ၊ ဘာဝနာ အမှုတွေမှာ အားတတ်သရော ရှိနေတာတွေ အပေါ်မှာတောင် အမြင်မကြည် ဖြစ်တတ်တာတွေလည်း ရှိပါတယ်။ အဲဒီလို မိဘတွေအပေါ်မှာ ပစ္စည်းဥစ္စာ ထောက်ပံ့ရုံတင် မဟုတ်ဘဲ ဘာသာရေးအပေါ် စိတ်ဝင်စားလာအောင်လည်း ဆွဲဆောင်ပေးသင့်ပါတယ်။ အဝေးကနေပြီး “အဖေတို့ အမေတို့ရေ… သားအတွက်.. သမီးအတွက် ဒါလေးတော့ ကိုယ်တိုင်ကိုယ်ကျ သွားလှူပေးပါ… ဘာလေးတော့ ဘယ်ကျောင်းမှာ ဘယ်ဆရာတော်ထံမှာ လှူပေးပါ… သားတို့ သမီးတို့ မသိသေးတဲ့ ဒီဘာသာရေး မေးခွန်းလေးတော့ မေးပေးပါ..” စတဲ့နည်းများနဲ့ လှူဖွယ်ပစ္စည်းလည်းပေး သူတို့ကိုယ်တိုင်လည်း ကိုယ်ထိလက်ရောက် လုပ်စေခြင်းဖြင့် ဘာသာရေး အပေါ်မှာ အာရုံစိုက်လာအောင် လုပ်ကြည့်စေချင်ပါတယ်။ အဲဒီလို ကျောင်းကန်ဘုရားနဲ့ နီးလာတဲ့အခါ၊ ရဟန်းသံဃာတော်များနဲ့ အကျွမ်းတ၀င် ရှိလာတဲ့အခါ၊ သူတို့ကိုယ်တိုင် ဘာသာရေးနဲ့ နီးစပ်ဖို့ အချိန်တန်လာတဲ့အခါ ဘာသာရေး စိတ်မ၀င်စားတဲ့ မိဘတွေလည်း ဘာသာရေးအပေါ် အာရုံထားလာ တတ်တာလေးတွေ ရှိတတ်ပါတယ်။ အဖေအမေတို့ လုပ်ချင်တာလုပ်ပါဆိုပြီး ထောက်ပံ့ပေးလိုက်တာထက်စာရင် တစ်ဘက်ကလည်း ဘာသာရေး အပေါ်စိတ်ဝင်စားလာအောင် စည်းရုံးနိုင်မယ်ဆိုရင် မိဘများအပေါ် ပစ္စုပ္ပန်ဘ၀မှာလည်း ကျေးဇူးဆပ်ရာ ရောက်သလို သံသရာအတွက်လည်း ရိက္ခာထုတ်ပေးရာ ရောက်ပါတယ်။ ဒီလို ဘာသာရေးဘက်ကနေ ကျေးဇူးဆပ်တဲ့နည်းကသာ ဗုဒ္ဓအလိုကျ ကျေးဇူးဆပ်နည်း ဖြစ်ပါတယ်။

ဒါကြောင့် ကျေးဇူးကြီးမားလှတဲ့ မိဘကျေးဇူးကို ဆပ်လိုတဲ့ သူများဟာ ဗုဒ္ဓမိန့်တော်မူတဲ့ နည်းအတိုင်း ကျေးဇူးဆပ်သင့်လှပါတယ်။ “ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင် ဆပ်သွားနိုင်တာပဲ..“ ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စကားများအပေါ်မှာ အစွဲတရား မထားကြဘဲ ဒီဘ၀မှာပဲ မိဘကျေးဇူးကို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတရားများ ပြည့်စုံတိုးတက်အောင် လုပ်ပေးပြီး ဆပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ တကယ်တော့ ဗုဒ္ဓဟာ မိဘကျေးဇူးကို အကြွင်းအကျန်မရှိ ကျေအောင်ဆပ်သွားနိုင်သူပါ။ မိဘနှစ်ပါးကို အရိယာများဖြစ်အောင် လုပ်ပေးပြီး နိဗ္ဗာန်လမ်းပေါ်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ အနှိုင်းမဲ့ အရှင်မြတ်ပါ။ ဗုဒ္ဓဟာ မိဘတွေကို ပစ္စည်းဝတ္ထုများနဲ့ ကျေးဇူးဆပ်သွားတာ မဟုတ်ဘဲ ဓမ္မနဲ့ ကျေးဇူးဆပ်သွားတာ ဖြစ်တဲ့အတွက် မိဘကျေးဇူး အထူးဆပ်လိုသူများ အနေဖြင့် ဗုဒ္ဓထုံးကို နှလုံးမူကာ ဒီဘ၀မှာပဲ မိဘကျေးဇူးကို အာမိသဆိုတဲ့ ပစ္စည်းဥစ္စာ ပေးကမ်းထောက်ပံ့ခြင်းနဲ့ ကျေးဇူးဆပ်ရုံတင်မဟုတ်ဘဲ ဓမ္မဆိုတဲ့ တရားတော်နဲ့ ကျေးဇူးဆပ်နည်းကိုလည်း မိဘများအတွက် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းအောင် ကြိုးစားပေးဆပ်သင့်ပါကြောင်း စေတနာစကားနဲ့ တိုက်တွန်းလိုက်ရပါတယ်…
.

Read more »

အလှူဒါနပြုလုပ်ရာတွင် မရိုမသေ ပေးလှူခြင်းနှင့် ရိုရိုသေသေ ပေးလှူခြင်း၏ အကျိုးပေးခြားနားချက်….

တစ်စုံတစ်ယောက်သည် (လှူဖွယ်ပစ္စည်းက) ယုတ်ညံ့သည် (တန်ဘိုးနည်းသည်)ဖြစ်စေ မြင့်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူသည့်အခါ ထိုအလှူကို မရိုမသေ လှူပါမူ၊ စိတ်မပါပဲ လှူပါမူ၊ မိမိလက်ဖြင့် ကိုယ်တိုင်မဟုတ်ဘဲ လှူပါမူ၊ လွှင့်ပစ်သကဲ့သို့ လှူပါမူ၊ ကံကံ၏ အကျိုးရှိ၏ဟု အယူမရှိဘဲ လှူပါမူ ထိုအလှူ၏ အကျိုးဖြစ်လေရာတိုင်း၌ မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော အ၀တ်ကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော ယာဉ်ကိုသုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်မညွတ်၊ ထိုအလှူရှင်၏ သားမယား ကျွန်အစေခံ အလုပ်သမားတို့သည်လည်း (ပြောစကားကို) မနာခံကုန်၊ နားမထောင်ကုန်၊ သိရန်စိတ်ကို မထားကုန်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟုမူကား “မရိုမသေ ပြုမူအပ်သော (ကောင်းမှု)ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း”။

(အပြန်အားဖြင့်) တစ်စုံတစ်ယောက်သည် (လှူဖွယ်ပစ္စည်းက) ယုတ်ညံ့သည်ဖြစ်စေ မြင့်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူသည့်အခါ ရိုရိုသေသေ လှူပါမူ၊ စိတ်ပါဝင်စားစွာ လှူပါမူ၊ မိမိလက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ လှူပါမူ၊ လွှင့်ပစ်သကဲ့သို့ မဟုတ်ဘဲ လှူပါမူ၊ ကံကံ၏အကျိုးရှိ၏ဟု အယူရှိ၍ လှူပါမူ ထိုအလှူ၏ အကျိုးဖြစ်လေရာတိုင်း၌ မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော အ၀တ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်ညွတ်၏၊ ထိုအလှူရှင်၏ သားမယား ကျွန်အစေခံ အလုပ်သမားတို့သည်လည်း ပြောစကားကို နာခံကုန်၏၊ နားထောင်ကုန်၏၊ သိရန်စိတ်ကို ထားကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟုမူကား “ရိုရိုသေသေ ပြုအပ်သော (ကောင်းမှု)ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း”..။ (အံ၊ ၉၊ ဝေလာမသုတ်)

Read more »

ရဟန်းဘ၀နဲ့ အနေသနအမှု…

ရဟန်းဘ၀ဆိုတာ ရခဲတဲ့ ဒုလ္လဘတစ်ခုပါ။ ပြောရရင်တော့ ရဟန်းဘ၀ ရနေတာဟာ ဒုလ္လဘတရား ငါးပါးနဲ့ အကုန်ပြည့်စုံနေတာလို့ ပြောလို့ရပါတယ်။ သိတဲ့အတိုင်းပဲ ဘုရားပွင့်ဖို့ဆိုတာ ရခဲခြင်း၊ လူ့ဘ၀ဆိုတာ ရခဲခြင်း၊ သဒ္ဓါတရားနဲ့ ပြည့်စုံဖို့ဆိုတာလည်း ရခဲခြင်း၊ ရဟန်းဘ၀ဆိုတာလည်း ရခဲခြင်း နောက်ဆုံး သူတော်ကောင်းတရားကို ကြားနာဖို့ဆိုတာလည်း ရခဲခြင်းဆိုတဲ့ ဒီဒုလ္လဘ တရားငါးပါးမှာ ရဟန်းဘ၀ကိုသာ ရနေပြီဆိုရင် ကျန်တဲ့ဒုလ္လဘ တရားများလည်း အကုန်ရနေသလိုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဘုရားရှင်ပွင့်မှ သာသနာဆိုတာ ရှိနေတာဖြစ်ပြီး ရဟန်းဘ၀လည်း ရနိုင်တာဖြစ်ပါတယ်။ ရဟန်းဘ၀ဆိုတာ လူသားတွေပဲ ရနိုင်တာဖြစ်တဲ့အပြင် သဒ္ဓါတရား မရှိရင်လည်း ရဟန်းဘ၀ ရယူဖို့ မလွယ်လှပါဘူး။ နောက်ဆုံး သူတော်ကောင်းတရား နာကြားဖို့ရာ ခက်တယ်ဆိုတဲ့ ဒုလ္လဘတရား အတွက်ကတော့ ရဟန်းဘ၀ရောက်တာနက် တပြိုင်နက် ဗုဒ္ဓဓမ္မတွေ နာကြားရုံတင်မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် လေ့လာဟောပြောခွင့်ပါ ရနေတော့တာပါ။ ဒါကြောင့် ရဟန်းဘ၀ရနေခြင်းဟာ ရခဲတဲ့ တရားတွေ အကုန်ရနေတာလို့ ဆိုခြင်းပါ။

ဒီလိုစဉ်းစားလိုက်တော့ ရနေတဲ့ ကိုယ့်ရဲ့ရဟန်းဘ၀ဟာ သိပ်ကိုတန်ဘိုး ရှိနေပါလားလို့ ကျေနပ်မိပါတယ်။ ဒါပေမယ့် တစ်ဘက်က ပြန်ကြည့်ပြန်တော့ ရဟန်းဘ၀ဆိုတာ ရဖို့ခဲရင်းသလောက် နေဖို့လည်း ခဲရင်းလှပါတယ်။ လူတွေအတွက် စားဝတ်နေရေးကျန်းမာရေးဟာ အရေးကြီးဆုံး အရာများဖြစ်သလို ရဟန်းတွေအတွက်လည်း ဒီအရာတွေက မဖြစ်မနေ လိုအပ်ပြန်ပါတယ်။ စားဖို့၊ ၀တ်ဖို့၊ နေဖို့ ပြီးတော့ ကျန်းမာဖို့။ ဘုရားကတော့ သိမ်ထဲမှာ တစ်ခါတည်း ဒီလေးမျိုးကို မပူမပင်ရအောင် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးကို ဆောင်ထားဖို့ ညွန်ကြားပေးခဲ့ပါတယ်။ ဆွမ်းအတွက် ဘာမှကြောင့်ကြမစိုက်နဲ့ သပိတ်ဆောင်ပြီး ဆွမ်းခံစားတဲ့။ သင်္ကန်းအတွက်လည်း သူများစွန့်ပစ်ထားတဲ့ အ၀တ်အပိုင်းအစတွေကို ရှာဖွေလျှော်ဖွတ်ချုပ်ဆိုးပြီး ၀တ်ပါတဲ့။ ကျောင်းအတွက်ကတော့ သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်ဟာ ကျောင်းပါပဲတဲ့။ ပြီးတော့ ဆေးအတွက်ကတော့ ပူတိမုတ္တလို့ခေါ်တဲ့ နွားကျင်ငယ်ရေကို ဆီးဖြူသီး ဖန်ခါးသီးစတာတွေနဲ့ စိမ်ပြီးဘုဉ်းပေး၊ အဲဒါလေကောင်းတယ်၊ လေကောင်းရင် ၀မ်းကောင်းပြီး ၀မ်းတစ်လုံးကောင်းရင်း ခေါင်းတစ်လုံး မခဲဘူးတဲ့။ စားဝတ်နေရေး ကျန်းမာရေးအတွက် ဒီလေမျိုးကို ဆောင်ထားဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့လည်း ဘုန်းကံကြီးမားလို့ လှူမယ့်တန်းမယ့်သူ ရှိရင် သူတို့လှူတဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတွေကို သုံးဆောင်နိုင်ပါတယ်ဆိုပြီး ခွင့်ပြုထားပါသေးတယ်။

တပည့်သာဝကတွေအတွက် စီစဉ်ညွန်ကြားတော်မူခဲ့တဲ့ ဗုဒ္ဓရှင်တော်ရဲ့ မေတ္တာ၊ ကရုဏာဟာ ကြီးမားလှပါတယ်။ ခက်တာက ယနေ့ခေတ် အခြေအနေနဲ့ ရထားတဲ့ ရဟန်းဘ၀ပါ။ ဗုဒ္ဓရှင်တော် ဖြစ်စေချင်သလို ရဟန်းဆိုတာ ငှက်လိုကျင့်ဖို့၊ ရောင့်ရဲနိုင်အောင် ကျင့်ဖို့ကလည်း မဖြစ်နိုင်သေးတဲ့ အခြေအနေ။ ရဟန်းအလုပ် ရဟန်းလုပ်နေရင် ဒီစားဝတ်နေရေးအတွက် ပူစရာမလိုဘဲ သူ့အလိုလို ဖြစ်လာမယ်ဆိုတာ ယုံကြည်နေပေမယ့် ရောက်ရှိနေတဲ့ အခြေအနေနဲ့ နေရာဒေသကလည်း စကားပြောပြန်ပါတယ်။ စာသင်သား ရဟန်းသာမဏေများရဲ့ ဘ၀၊ ဘုန်းကံနည်းပါးတဲ့ သာသနာ့ဝန်ထမ်းတွေရဲ့ ဘ၀၊ ဗုဒ္ဓဘာသာ မထွန်းကားတဲ့ အရပ်မှာ ရောက်နေတဲ့ သာသနာပြုများရဲ့ ဘ၀ စတဲ့စတဲ့ အခြေအနေတွေက စားဝတ်နေရေးနဲ့ ကျန်းမာရေးကို အခက်တွေ့စေပြန်ပါတယ်။ ပြီးတော့ ထေရ၀ါဒ ရဟန်းတော်များရဲ့ ရပ်တည်မှုဟာ လူဒကာဒကာမများအပေါ် မှီတည်နေတာဖြစ်တဲ့အတွက် စားဝတ်နေရေးစီးပွားရေး တဖြည်းဖြည်းဆုတ်ယုတ်လာတဲ့ သူတို့တွေမှာလည်း သူတို့ကိုယ်တိုင် နေဖို့စားဖို့ဝတ်ဖို့တောင် အနိုင်နိုင်ဖြစ်နေပြန်တော့ သာသနာကို ချီးမြှောက်ထောက်ပံ့မှု အပိုင်းမှာ ထင်သလောက် မလုပ်နိုင်ကြဘူး ဖြစ်နေပြန်ပါတယ်။ ဒီလိုဒီလို အခြေအနေများကြောင့်လည်း ယနေ့ခေတ် ရဟန်းတော်များရဲ့ ဘ၀ဟာ စားဝတ်နေရေး အခက်တွေ့လာကုန်ပါတယ်။ ဒီလို အခက်အခဲတွေကြောင့်လည်း စာပေပရိယတ်နဲ့ ပဋိပတ်အားထုတ်မှုအပိုင်းမှာ ယုတ်လျော့လာပြီး အနေအစား အဆင်ပြေဖို့ ကြိုးစားလာကုန်တယ်နဲ့ တူပါတယ်။ စာပေပရိယတ် အားထုတ်မှု အားနည်းလာတော့ ပညာတရားလည်း ယုတ်လျော့လာကုန်ပါတယ်။ ပညာနည်းတော့ လုပ်သင့်မလုပ်သင့် မစဉ်းစားဘဲ အနေအစား ချောင့်မယ့်နည်းတွေနောက် လိုက်ကုန်ပါလေရော…။ ရဟန်းသာမဏေတွေရဲ့ ဒီလိုမသင့်လျော်တဲ့ အပြုအမူတွေ မြင်ရပြန်တော့ တစ်ချို့သဒ္ဓါတရား အခြေခံအားနည်းတဲ့ ဒကာဒကမတွေကလည်း ကြည်ညိုလေးစားမှုတွေ ယုတ်လျော့ကုန်ပါတယ်။

စာပေပရိယတ် အားထုတ်မှု ယုတ်လျော့လာပြီး သဒ္ဓါတရားခေါင်းပါးလာတဲ့ အခါမှာတော့ ဘုရားပေးတဲ့နည်းနဲ့ စားဝတ်နေရေးကျန်းမာရေးကို မဖြေရှင်းတော့ဘဲ တိုးတက်လာတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ နောက်လိုက်ပြီး အနေအစားချောင်အောင် ဘုန်းကံကြီးမားအောင် အလွယ်လမ်းလိုက်တဲ့ ရဟန်းများလည်း တဖြည်းဖြည်း များများလာကြတာကို တွေ့နေရပြန်ပါတယ်။ ဘုန်းကြီးအောင် မအပ်စပ်တဲ့နည်းတွေနဲ့ ဒကာဒကာမများရဲ့ လှူဒါန်းမှုကို ရယူကြပြန်ပါတယ်။ မအပ်တဲ့ အနေသနအမှုတွေနဲ့ အသက်မွေးမှုတွေ လုပ်လာပြန်ပါတယ်။ ဗေဒင်ဟောပေးတာတို့၊ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးတာတို့၊ လက္ခဏာကြည့်ပေးတာတို့၊ နှစ်လုံးသုံးလုံး ပေးတာတို့ စတဲ့အလုပ်တွေလုပ်ပြီး ပစ္စည်းလေးပါး ပေါများအောင် လုပ်လာကြပါတော့တယ်။ ဒကာဒကမများကလည်း ပညာအားနည်းလာတော့ ကိုးကွယ်သင့်လား မကိုးသင့်လား မစဉ်းစားဘဲ သူတို့ကိုယ်တိုင် ကြီးပွားချမ်းသာချင်ကြတော့ ဒီလိုမအပ်တဲ့ နည်းနဲ့အသက်မွေးနေတဲ့ ရဟန်းတော်များကို ကိုးကွယ်ဆည်းကပ်ကြပါတယ်။ ဒီတော့ သာသနာမှာ အဲလိုမအပ်တဲ့ နည်းနဲ့ အသက်မွေးနေကြတဲ့ သာသနာ့ဝန်ထမ်းများ တိုးပွားကုန်ပါတယ်။ ပိုပြီးဆိုးတာ ဒီနည်းနဲ့ အသက်မွေးတဲ့ ရဟန်းတော်များဟာ နေ့ချင်းညချင်း ကြီးပွားသွားပြီး စာသင်တိုက်မှာ စာပေပရိယတ် သင်ကြားပို့ချပေးနေတဲ့ ရဟန်းသာမဏေများမှာတော့ စားဝတ်နေရေး တဖြည်းဖြည်းချို့တဲ့ လာပါတော့တယ်။ တစ်ချို့ဆိုရင် ဒီလိုဆင်းးရဲတဲ့ သာသနာ့ဘောင်ကနေ မနေနိုင်လို့ ထွက်သွားတာတွေအထိ ရှိလာပါတယ်။ သာသနာမှာ အစစ်အမှန် ရဟန်းတော်များရဲ့ ဘ၀ဟာ ပင်ပန်းချို့တဲပြီး မအပ်စပ်တဲ့နည်းနဲ့ အသက်မွေးနေတဲ့ ရဟန်းတွေကတော့ ရွှေကျောင်းတွေ၊ ကားကြီးကားသေးတွေနဲ့ အရမ်းကို ကြီးပွားနေပါတော့တယ်။

အင်း… ရဟန်းဘ၀ အနေအစား ခက်လှပါလားလို့ ကိုယ်ကိုယ်တိုင် စာသင်သားဘ၀ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲများကို တွေးမိရင်း ဒကာမတစ်ယောက် လျှောက်ဖူးတာကို ပြန်သတိရမိပါတယ်။ ဒကာမကြီးကတော့ ရဟန်းဆိုတဲ့ ကြည်ညိုမှုထက် သားတစ်ယောက်လို သံယောဇဉ်ဖြစ်မိနေတော့ သူ့ရဟန်း ဆင်းရဲပင်ပန်းနေတာကို မကြည့်ရက်ဖူးနဲ့တူပါတယ်။ ဒါကြောင့် ဒကာမကြီးက “ဦးဇင်း… ဦးဇင်းလည်း တစ်ခြားဘုန်းကြီးတွေလို ဗေဒင်လက္ခဏာသင်၊ ဒါမှမဟုတ် နှစ်လုံးသုံးလုံး ပေးပြီး လူတွေအကျိုးပြု လုပ်ပေးပါလား..“လို့ လျှောက်ပါတယ်။ ရင်ထဲမှာ မကောင်းလိုက်တာ။ ဒီအလုပ်တွေ လုပ်ပေးနေတာ လူတွေအကျိုးပြု လုပ်ပေးနေတာတဲ့။ ဒကာမကြီးကို အားနာပေမယ့် နားလည်အောင်တော့ ပြောလိုက်ပါတယ်။ “ဒကာမကြီး အဲဒါ လူတွေအကျိုးရှိအောင် လုပ်ပေးနေတာ မဟုတ်ဘူး၊ လူဒကာဒကာမတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးနေတာပါ၊ ဒါတွေလုပ်ပေးတော့ လုပ်ပေးတဲ့ဘုန်းကြီးကို လုပ်ပေးတဲ့အတွက် ကြည်ညိုပြီး မလုပ်ပေးတဲ့ ဘုန်းကြီးကိုတော့ အပြစ်ပြောကုန်တတ်ပါတယ်၊ ရင်ထဲက တကယ်ကြည်ညိုလို့ မဟုတ်ဘဲ သူတို့ကို တစ်ခုခု လုပ်ပေးလို့ လှူတာမျိုးဟာ သဒ္ဓါတရား မစစ်မှန်ပါဘူး၊ အဲဒီဘုန်းကြီးတွေ ဗေဒင်မဟော၊ နှစ်လုံးသုံးလုံး မပေးတော့ရင် ဒီဒကာဒကာမတွေ လာမှာမဟုတ်တော့ဘူး၊ မယုံရင် စောင့်ကြည့်ပါ၊ ဦးဇင်းကတော့ လျှာမြက်ပေါက်သွားပါစေ ဒီလိုမအပ်တဲ့ အနေသနအမှုနဲ့တော့ အနေအစား ချောင်အောင်မလုပ်ဘူး..“ လို့ စိတ်ထဲ ရှိတာပြောဖြစ်လိုက်ပါတယ်။ ဒကာမကြီးလည်း စေတနာစကားက အလွဲဖြစ်သွားတော့ စိတ်မကောင်းဖြစ်ပြီး အားနာသွားပါတယ်။ ပြီးတော့မှ “ဦးဇင်းရယ်… သာသနာတော်နဲ့ မအပ်စပ်တဲ့ အသက်မွေးမှုဆိုတာ ဘာတွေလဲ…၊ တပည့်တော်တို့ ဒါတွေသိထားတော့ ရဟန်းသံဃာ ရွေးချယ်ကိုးကွယ် နိုင်တာပေါ့ဘုရား…“လို့ မေးမြန်းလျှောက်ထားလို့ ရဟန်းတော်များရဲ့ မပြုအပ်တဲ့ အနေသနအမှုများကို ရှင်းပြဖြစ်ပါတယ်။

ဒကာမကြီးရေ… သာသနာတော်နဲ့ မအပ်စပ်တဲ့အပြင် ဒကာဒကာမများရဲ့ သဒ္ဓါတရားကိုပါ ပျက်စီးစေနိုင်တဲ့ ဒီအနေသနအမှုတွေကတော့…
၁။ အံ့သြဖွယ်ဖြစ်အောင် ပြောဆိုနေထိုင်ခြင်း
၂။ ပစ္စည်းလာဘ်လာဘရအောင် ဆွယ်၍ပြောဆိုခြင်း
၃။ အခြားသူတို့ လှူဒါန်းထားသည်ကို အခြားသူတို့အား သိစေခြင်း
၎။ အခြားပုဂ္ဂိုလ်တို့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း
၅။ တစ်နေရာမှရသော ပစ္စည်းကို အခြားတစ်နေရာ၌ ပေးကမ်းခြင်း
၆။ သစ်သားကိုပေးခြင်း
၇။ ထန်းရွက်သစ်ရွက်စသည်ပေးခြင်း
၈။ ဆပ်ပြာဆပ်ပြာမှုန်စသည်ပေးခြင်း
၉။ မိမိကိုယ်ကို နှိမ့်ချ၍ ကျွန်ုပ်ကျွန်တော်စသည်ဖြင့် လူနှင့်အပြိုင်ပြောဆိုခြင်း
၁၀။ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်း
၁၁။ မျက်နှာသစ်ရေ စသည်ပေးခြင်း
၁၂။ ကလေးထိန်းပေးခြင်း
၁၃။ မပင့်ဖိတ်ဘဲ အိမ်တွင်းဝင်ရောက်နေထိုင်ခြင်း
၁၄။ မြေနေရာ ကောင်းမကောင်း ရွေးချယ်ပေးခြင်း
၁၅။ တိရစ္ဆာန်တို့၏ လက္ခဏာကျမ်းအတတ်ကို သင်ကြားပေးခြင်း
၁၆။ ဗေဒင်လက္ခဏာ ဟောပြောပေးခြင်း
၁၇။ နက္ခတ်ရွေးချယ်ပေးခြင်း
၁၈။ လူတို့ခိုင်းစေသည်ကို လုပ်ကိုင်ပေးခြင်း
၁၉။ လူတို့သတင်းစကားကို ယူဆောင်ပေးခြင်း
၂၀။ စားသောက်ဖွယ်ကို ပေးကမ်းခြင်း
၂၁။ ဆေးကုပေးခြင်း ”
(မဟာနိဒ္ဒေသပါဠိ- ၂၉၀-၃၉၆၊ မစ္ဖျိမပဏ္ဏာသပါဠိ- ၂) တို့ပဲ ဖြစ်ပါတယ်လို့ ရှင်းပြဖြစ်ခဲ့ပါတယ်။

မှန်ပါတယ်။ ဒီ အနေသန အမှုတွေကတော့ ရဟန်းတော်များအတွက် မအပ်စပ်တဲ့ ပစ္စည်းလေးပါး ရှာဖွေမှုတွေပါပဲ။ ရဟန်းဘ၀ အနေအစား ဘယ်လောက်ပဲခက်ခက် ဒီအမှုတွေနဲ့တော့ အသက်မွေးမှု မဖြစ်ရအောင် နေမယ်လို့ စာသင်သား ဘ၀ကနေ စွဲလာတဲ့ ဒီအစွဲဟာ စာပေရေးသား ပို့ချပြီး တရားဓမ္မပြန်လည် ဟောကြားကာ ပရဟိတလုပ်ငန်းတွေ တတ်နိုင်သလောက် လုပ်နေနိုင်ပြီဖြစ်တဲ့ အခုလို အချိန်မျိုးမှာ ပြန်လည်စဉ်းစားမိတော့ ရရှိနေတဲ့ ရဟန်းဘ၀ကို ကျေနပ်နေမိပါတယ်။ သေချာတာကတော့ ခေတ်ကာလ အနေအထားအရ ရဟန်းဘ၀မှာ စားဝတ်နေရေး ဘယ်လောက်ပဲခက်ခက် ရဟန်းတော်များရဲ့ အလုပ်ဖြစ်တဲ့ ဂန္တဓုရလို့ခေါ်တဲ့ စာပေပို့ချဟောပြခြင်းတာဝန်၊ ၀ိပဿနာဓုရလို့ခေါ်တဲ့ တရားပြတရားဟောခြင်း တာဝန်တစ်ခုခုကိုသာ စိတ်ရှည်ဇွဲသန် သီးခံပြီး ပြုလုပ်နေမယ်ဆိုရင် အရမ်းကြီး မပြည့်စုံတာတောင်မှ ရဟန်းဘ၀မှာ သက်သောင့်သက်သာ နေရမယ်ဆိုတာ သေချာပါတယ်။ ဒီလို ဓုရနှစ်ဖြာနဲ့အညီ ကျင့်ကြံနေထိုင်ကြတဲ့ ရဟန်းတော်များကို သဒ္ဓါတရားရော ပညာပါအားကောင်းတဲ့ ဒကာဒကာမများကတော့ ရှာဖွေကိုးကွယ်နေပြီး သာသနာတော် အဓွန့်ရှည်အောင် ထိန်းသိမ်းစောင့်ရှောက်ပေး နေလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ တရားစောင့်တဲ့ပုဂ္ဂိုလ်ကို တရားကလည်း ပြန့်စောင့်တယ်ဆိုတာ လက်တွေ့သိနိုင်ကြပါတယ်။

ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်လှတဲ့ ခေတ်ကာလကြီးမှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုနောက်ကို လိုက်ရင်း ခက်ခဲလာတဲ့ ဘ၀ရပ်တည်မှုများတွင် လူတွေရဲ့ ဘ၀ရပ်တည်မှုတွင်မက ရဟန်းတော်များရဲ့ ဘ၀ရပ်တည်မှုပါ ခက်ခဲလာပေမယ့် တစ်ဘ၀တည်းကိုသာ ကြည့်ပြီး စားဝတ်နေရေး ကျန်းမာရေးအဆင်ပြေအောင် မလုပ်ကြဘဲ သံသရာအတွက်ပါ ထည့်စဉ်းစားပြီး လူပဲဖြစ်ဖြစ် ရဟန်းတော်များပဲ ဖြစ်ဖြစ် မအပ်စပ်တဲ့ အသက်မွေးမှုများနဲ့ အသက်မမွေးကြဖို့၊ ကျင့်ဝတ်သိက္ခာနှင့်အညီ ၀ီရိယထား ကြိုးစားကြပါက ဘ၀ရပ်တည်မှု အဆင်ပြေနိုင်မှာ ဖြစ်တဲ့အတွက် ရဟန်းတော်များရော လူများပါ ရခဲတဲ့ ဒုလ္လဘတရားကို ရရှိထားတာနဲ့ညီအောင် အကျင့်ကောင်းပြီး အလုပ်ပါကောင်းအောင် ကြိုးစားကြဖို့၊ အထူးသဖြင့် ရဟန်းဘ၀သည် ဒုလ္လဘတရားငါးပါးလုံး ပြည့်စုံအောင် ရရှိထားတဲ့ ဘ၀ဖြစ်တဲ့အတွက် တန်ဘိုးရှိစွာ ရရှိထားတဲ့ ရဟန်းဘ၀ကို ပစ္စည်းလာဘ်လာဘ ပြည့်စုံပေါများမှု တစ်ခုတည်းနောက်ကို လိုက်ပြီး မအပ်တဲ့ အနေသနအမှုနဲ့ အသက်မမွေးမိကြဖို့ ဘုန်းဘုန်းကိုယ်တိုင် ကိုယ့်အတွက်ကိုယ် သတိပေးရင်း ဓမ္မမိတ်ဆွေများအတွက်ပါ တစ်ဆင့်အသိပေး မျှဝေလိုက်ရပါကြောင်း…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ