နဲနဲလေးတော့ လွဲနေတယ် (၂၈)


 ဗုဒ္ဓဘာသာနဲ့ စုံမပြဿနာ
 တစ်လောက အွန်လိုင်းစာမျက်နှာ တစ်ခုပေါ်မှာ တက်လာတဲ့ ဘုရားစင်နဲ့ ဘုရားပုံလေးကိုကြည့်ပြီး အောက်မှာရေးထားတဲ့ မှတ်ချက်လေးတစ်ခုကို သတိပြုမိလိုက်ပါတယ်။ စာဖတ်သူ တစ်ဦးက ပုံတင်သူကို ဘုရားစင်မှာ ဘုရားပန်းအိုးက နှစ်အိုးတည်းပါလားလို့ မှတ်ချက်ပြုထားတာကို ပုံပိုင်ရှင်က နှစ်အိုးမဟုတ်ပါဘူး၊ သုံးအိုးပါ မမြင်ရလို့ပါဆိုပြီး ပြန်ပြောထားကြပါတယ်။ ဒီမှတ်ချက်လေးတွေကိုကြည့်ပြီး တချို့တချို့ ဗုဒ္ဓဘာသာဝင်တွေမှာ ဒီလို စုံမအယူအဆလေးတွေ ရှိနေတာကို သတိပြုမိပြန်ပါတယ်။ တစ်ခါတုန်းကလည်း ရဟန်းဒကာမတစ်ဦးက ကျောင်းကဘုရားခန်းမှာ ဘုရားပန်းအိုးကြီးတွေလှူမလို့ အဲဒါနှစ်အိုးပဲ ရှိနေတဲ့အတွက် အဆင်ပြေရဲ့လားဘုရားလို့ လျှောက်ထားဖူးပါတယ်။ လှူကောင်းပါတယ်လို့ပြောရင်း စိတ်ထဲမှာလည်း နှစ်အိုးတည်းဆိုရင် မလှူကောင်းဘူး၊ ကုသိုလ်မရဘူး၊ အပြစ်ဖြစ်မယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်လို့များ ထင်နေသလား မသိပါဘူးလို့ ကိုယ့်ဖာသာကိုယ် စဉ်းစားနေမိခဲ့ပါသေးတယ်။ 

စကားစပ်လို့ ဘုန်းဘုန်းတို့ ရောက်နေတဲ့နိုင်ငံရဲ့ မြန်မာသံရုံးက အဖြစ်အပျက်လေးတစ်ခုကို သွားသတိရမိပါသေးတယ်။ သံရုံးကနေပြီး ဆရာတော်တစ်ပါးထံကို သံဃာသုံးပါး ဆွမ်းစားပင့်ပါတယ်။ အဲဒီတုန်းက သံဃာတော်တွေလည်း မအားတော့ သုံးပါးမကြွနိုင်ဘဲ နှစ်ပါးပဲ ကြွနိုင်မယ့်အကြောင်း ပြန်ပြောတော့ နှစ်ပါးတည်းဆိုရင်တော့ မထူးပါဘူးဘုရား ဆရာတော် တစ်ပါးတည်းပဲ ကြွပါဘုရားလို့ အဲဒီဆရာတော်ကို ပင့်လိုက်တဲ့အကြောင်း ဆရာတော်က ဘုန်းဘုန်းကို ပြန်ပြောပြပါတယ်။ သံရုံးမှာရှိတဲ့ ပညာတတ်ဆိုသူတွေက ဘုန်းကြီးပင့်တာတောင် သုံးပါးဖြစ်စေ၊ ငါးပါးဖြစ်စေပင့်ချင်တဲ့ သဘောရှိပြီး နှစ်ပါးလေးပါးစတဲ့ စုံအရေအတွက်တွေကို မကြိုက်တဲ့ သဘောရှိပါတယ်။ နောက်ဆုံးတော့ နှစ်ပါးပဲ ကြွနိုင်မယ်ဆိုရင်တော့ တစ်ပါးပဲ ကြွပါဘုရားဆိုပြီး ပင့်ကြသတဲ့လေ။ စုံမကြိုက်ဘဲ မမှကြိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဘယ်လို အဓိပ္ဗါယ်ကြောင့် ဆိုတာ မသိပေမယ့် သေချာတာကတော့ သူတို့စိတ်ထဲမှာ နှစ်ပါးလေးပါး စတဲ့ စုံအရေအတွက်တွေကို သိပ်သဘောမကျတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ 

အဲဒီလို စုံမသတ်မှတ်မှုဟာ သိပ်အရေးပါတယ်ဆိုရင် ဗုဒ္ဓတရားတော်များမှာ စုံအရေအတွက်တွေနဲ့ ဟောထားတဲ့ အင်္ဂါရပ်တွေ၊ အချက်အလတ်တွေ အများကြီးပါပဲ။ ဥပမာ သစ္စာ (၄)ပါး၊ မဂ္ဂင် (၈)ပါး၊ ပဋိစ္စသမုပ္ဗါဒ် အင်္ဂါ (၁၂)ပါး၊ ပဋ္ဌာန်း (၂၄) ပစ္စည်းတရားများ စတာတွေဟာ စုံအရေအတွက်တွေပဲ ဖြစ်ပါတယ်။ စုံအရေအတွက်ဆိုရင် မလုပ်ကောင်းဘူး၊ မလှူကောင်းဘူး၊ မကျင့်ကောင်းဘူးဆိုရင် ဒီတရားတော်တွေလည်း ကျင့်ဖို့မလိုတဲ့ သဘောကို ဆောင်သွားနိုင်ပါတယ်။ မအရေအတွက်တွေမှ ကောင်းတယ်ဆိုတဲ့သူတွေ ကပ်ပြောရရင် သရဏဂုံး သုံးပါးနဲ့ ငါးပါးသီလကိုကျတော့ ဘာဖြစ်လို့ လုံအောင်မထိန်းနိုင်ကြသလဲဆိုတာလည်း ထောက်ပြစရာ ဖြစ်နေပြန်ပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ အဓိကကတော့ အရေအတွက်ထက် စေတနာ ရည်ရွယ်ချက်က ပိုပြီးအခရာကျတယ်ဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ 

တကယ်တော့ ဒီစုံမ အယူအဆဟာ ဗုဒ္ဓတရားတော်တွေနဲ့ ဘာမှသက်ဆိုင်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဒီလို စုံမအယူအဆလေးတွေဟာ ဗုဒ္ဓဘာသာတွေ ကြားမှာ ဘာမှမဖြစ်လောက်ပေမယ့် မသိမသာ များနေတာကို သတိပြုမိပါတယ်။ ကုသိုလ်ကောင်းမှု လုပ်တဲ့အပိုင်းမှာ သဒ္ဓါတရားနဲ့ စေတနာကို အလေးမထားဘဲ အသွင်အပြင်ပိုင်းကို ဦးစားပေးပြီး ဘယ်နှစ်ပါးမှ၊ ဘယ်နှစ်မျိုးမှ၊ ဘယ်လောက်မှ၊ ဘယ်ရက်မှ စတဲ့ သတ်မှတ်ချက်တွေမှာ ပိုပြီးအလေးထားနေကြတာတွေဟာ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေဟာ လွဲနေသလို ဖြစ်နေပြန်ပါတယ်။ စုံအရေအတွက်ဆိုရင် ဘာဖြစ်တတ်တယ်၊ မအရေအတွက်ဆိုရင် ဘယ်လိုဖြစ်မယ် စတဲ့ အစဉ်အလာ ယုံကြည်ချက်တွေဟာ ဗုဒ္ဓဘုရား ဟောကြားချက်တွေနဲ့တော့ လွဲနေတော့တာ ဖြစ်ပါတယ်။ ပညတ်သတ်မှတ်ချက်တွေ မကင်းလှတဲ့ လောကကြီးမှာ ပညတ်ကို ပယ်ဖို့မဖြစ်နိုင်ပေမယ့် ကောင်းမှုကုသိုလ် လုပ်တဲ့အပိုင်းမှာတော့ ပညတ်အရေအတွက် သတ်မှတ်ချက်တွေထက် စေတနာသဒ္ဓါတရားက အဓိကဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ လောကီဗေဒင်လက္ခဏာ ဆရာတွေကြောင့် ဒီလို စုံမသတ်မှတ်ချက်တွေ ဖြစ်ရတယ်ဆိုရင်လည်း လောကီရေးနဲ့ ကုသိုလ်ရေးမှာ တွဲသွားနေတာတော့ မကောင်းလှပါဘူး။ 

ဆိုလိုတာက အလှူဒါန ပြုတဲ့အပိုင်း၊ ကုသိုလ်လုပ်တဲ့ အပိုင်းတွေမှာ ဘယ်နှစ်ပါးမှ၊ ဘယ်နှစ်မျိုးမှ၊ ဘယ်နှစ်ခုမှ စတဲ့ သတ်မှတ်ချက်တွေကို ဦးစားပေးပြီး လုပ်နေကြတာတွေဟာ ဘုရားအလိုအကျ စေတနာ၊ သဒ္ဓါတရားကို အဓိကထားတဲ့ အယူအဆနဲ့ လွဲနေကြတဲ့အတွက် ဒီလိုစုံမ အယူအဆလေးတွေကို အလေးမထားဘဲ ကိုယ်လုပ်တဲ့ ကောင်းမှုအလုပ်အပေါ်မှာ အရေအတွက်ထက် စေတနာ သဒ္ဓါတရားကိုသာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ဘယ်နှစ်မျိုး၊ ဘယ်နှစ်ပါး စသဖြင့် လှူနိုင်တာထက် လှူတဲ့အခိုက်မှာ စေတနာသုံးတန် ပြဌာန်းပြီး ကုသိုလ်အကျိုးကို အပြည့်အဝ ရအောင် လှူနိုင်ကြဖို့ လေ့ကျင့်ကြရမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် သတ်မှတ်ချက်တွေကို ဦးစားပေးပြီး အနှစ်သာရထက် အသွင်အပြင်ပိုင်းကို အလေးထားကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အလှူဒါန ပြုကြတဲ့အခါ စေတနာ သဒ္ဓါတရားထက် သုံးပါးငါးပါး စတဲ့ မအရေအတွက်မှာ အလေးထားနေကြတာတွေဟာ ကုသိုလ်ရေးထက်၊ လောကီရေးတွေကို ဦးစားပေးနေသလို ဖြစ်တဲ့အတွက် ဒီအယူအဆတွေဟာ ဘုရားအလိုအကျ အယူအဆတွေ မဟုတ်ဘဲ ကုသိုလ်ရေးမှာ အဓိကနဲ့ သာမညလွဲသလို ဖြစ်တယ်ဆိုတာ သတိပြုဆင်ခြင်ရင်း အရေအတွက် သတ်မှတ်ချက်ထက် စေတနာသဒ္ဓါတရား အားကောင်းပြည့်ဝအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် မီးမောင်းထိုး တင်ပြလိုက်ရပါတယ်။ 

Read more »

ဗုဒ္ဓသည် ဆင်းရဲကြောင်းတရား မဟောကြား


တစ်ချို့ ဗုဒ္ဓဘာသာကို မလိုတဲ့ ပုဂ္ဂိုလ်တွေက ပြောကြတယ်။ မြန်မာနိုင်ငံ ဆင်းရဲမွဲတေနေတာ ဗုဒ္ဓဘာသာကြောင့်တဲ့။ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေကိုကြည့်ရင် အားလုံးဟာ ဆင်းရဲတဲ့ နိုင်ငံတွေချည်းပဲတဲ့။ ဒါကြောင့် ဆင်းရဲစေတဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်မယ့်အစား ကမ္ဘာမှာ ချမ်းသာနေတဲ့ နိုင်ငံတွေက ကိုးကွယ်ကြတဲ့ သူတို့ဘာသာကို ကိုးကွယ်ပါဆိုပြီး တစ်ချို့ ဘာသာခြားတွေက ပြောဆိုစည်းရုံးကြပါတယ်တဲ့။ စည်းရုံးခံရတဲ့ ကလေးတွေရဲ့ ပြောစကားလေးတွေပါ။ 

ဒီလို ပြောလာသူတွေကို ဘာမှတော့ အထွေအထူး ပြောစရာမရှိပါဘူး။ ပြောဖို့လည်း မလိုပါဘူး။ သေချာတာကတော့ ဗုဒ္ဓဘုရားရှင်ဟာ ဆင်းရဲကြောင်းတရား၊ ဆင်းရဲစေတဲ့ တရားကို ဘယ်တုန်းကမှ ဟောကြားလမ်းညွန်မှု မရှိခဲ့ဘူးဆိုတာပါပဲ။ ရှင်တော်ဗုဒ္ဓရဲ့ တရားတော်တွေဟာ သတ္တဝါတွေ ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ သတ္တဝါတွေလို့ ဆိုတဲ့အတွက် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်တဲ့ သူတွေအတွက်သာ မဟုတ်ဘဲ ဘာသာမရွေး၊ လူမျိုးမရွေး အားလုံးသော သတ္တဝါတွေရဲ့ အရေးအတွက်ပဲ ဖြစ်ပါတယ်။ အဲဒီသတ္တဝါအားလုံး ချမ်းသာရေးတွေကိုပဲ ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ချမ်းသာရေးလို့ ဆိုရာမှာလည်း ဒီဘဝ တစ်ခဏချမ်းသာစေမှုမျိုး မဟုတ်ဘဲ သံသရာ ဘဝါဘဝ ချမ်းသာရေးမှသည် ဘဝအဆုံး ချမ်းသာရေးအထိ အကုန်အစင် ဟောကြားတော်မူတာ ဖြစ်ပါတယ်။ 

တစ်ခုတော့ ရှိပါတယ်။ ဗုဒ္ဓရဲ့ ချမ်းသာရေး လမ်းစဉ်ဟာ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာရေးထက်၊ စိတ်ပိုင်းဆိုင်ရာ ချမ်းသာရေးကို ပိုပြီးဦးစားပေးထားတဲ့ လမ်းစဉ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ရုပ်မွဲလို့၊ အသွင်အပြင်မွဲလို့တော့ ဆင်းရဲတယ်၊ ဒုက္ခဖြစ်တယ်လို့ သေချာပေါက် ပြောလို့မရပါဘူး။ အသွင်အပြင် မွဲပေမယ့် အတွင်းစိတ်မှာ ချမ်းသာနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘဝဟာ အပြင်ပိုင်းချမ်းသာပြီး အတွင်းစိတ်မှာ မချမ်းမသာ ဂယောင်ချောက်ခြား ဖြစ်နေကြတဲ့ သူတွေထက် အများကြီး ကွာခြားနေတယ်ဆိုတာ လက်တွေ့ပိုင်းနဲ့ ချိန်ထိုးပြီး သိရှိနိုင်ကြမှာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ချမ်းသာရေးဟာ အသွင်အပြင် ချမ်းသာရေး မဟုတ်ဘဲ အနှစ်ရှိရှိ အတွင်းထိတဲ့ ချမ်းသာရေးမျိုးပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်များကို လေ့လာကြည့်ရင် ဒီဘဝချမ်းသာရေး၊ နောင်သံသရာ ချမ်းသာရေးနဲ့ ဘဝအဆုံး ချမ်းသာရေး ဆိုပြီး ချမ်းသာကြောင်းတွေကို အကျင့်တရားများနဲ့ ချိန်ထိုးကာ ဟောညွန်ပြသထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို ချမ်းသာရေးကို ဟောပြောတော်မူရာမှာလည်း ဆင်းရဲကြောင်း တရားတွေကိုပါ ထုတ်နှုတ်ပြသတော်မူတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ချမ်းသာရေး လမ်းစဉ်တွေကိုကြည့်ရင် ဆင်းရဲကြောင်းဖြစ်တဲ့ မကောင်းတဲ့ ဒုစုရိုက် အမှုတွေကို ရှောင်ရှားပြီး ချမ်းသာကြောင်း သုစရိုက်အကျင့်တွေကို လိုက်နာကျင့်သုံးရေး၊ မင်္ဂလာ တရားတော်နဲ့ အညီနေထိုင်ရေး၊ လောကကျင့်ဝတ်၊ လူမှုကျင့်ဝတ်နဲ့ အညီ နေထိုင်ကျင့်သုံးရေး၊ စီးပွားရေး ကြီးပွားရေးတွေကို လုပ်ဆောင်တဲ့အခါမှာ ရှောင်သင့်တာတွေ၊ လိုက်နာသင့်တာတွေကို ကြိုးစားလိုက်နာရေး စသဖြင့် ဒီဘဝမှာ လက်တွေ့ လုပ်ဆောင်ရမယ့် လမ်းညွန်ချက်များကို လေ့လာတွေ့ရှိရမှာ ဖြစ်သလို သံသရာ ဘဝချမ်းသာရေးအတွက်လည်း သေပြီးနောက် အပါယ်မလားရေးအတွက် သီလကို စောင့်ထိန်းကြရန်၊ အပါယ်ကလွတ်ပြီး သုဂတိဘဝမှာ ချမ်းသာရေးအတွက် ဒါနကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရန်နဲ့ သံသရာက လွတ်မြောက်ပြီး သန္တိသုခ ဖြစ်တဲ့ ဘဝအဆုံး ချမ်းသာစေရေးအတွက်လည်း ဘာဝနာ အလုပ်ကို ကြိုးစားပြီး ပြုလုပ်ကြရန် စသဖြင့် ဂိုက်လိုင်းပေးထားတဲ့ ဟောပြောညွန်ကြားချက်များကိုလည်း ဗုဒ္ဓပိဋကတ်တော်များမှာ လေ့လာတွေ့ရှိကြရမှာ ဖြစ်ပါတယ်။ 

အထူးသတိပြုရမှာက ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ဆင်းရဲကြောင်းတရားကို မဟောဘဲ ချမ်းသာကြောင်းတရားကိုသာ ဟောကြားတော်မူတာ ဖြစ်ပေမယ့် ဒီဟောကြားချက်များဟာ မြတ်ဗုဒ္ဓက မှန်ကန်တဲ့ လမ်းကိုညွန်ပြပေးချက် သက်သက်များပဲ ဖြစ်ပါတယ်။ မြတ်စွာဗုဒ္ဓဟာ ဘာလုပ်ပေးမယ်၊ ဘယ်လိုကယ်တင်ပေးမယ်၊ ဘယ်လိုချမ်းသာအောင် လုပ်ပေးမယ်ဆိုတဲ့ ကတိပြုပြီး ကယ်တင်ပေး၊ ဖန်ဆင်းပေတဲ့ ပုဂ္ဂိုလ်မြတ် မဟုတ်ဘဲ “ဒီလိုလမ်းတွေရှိတယ်၊ ဒါတွေကို လိုက်နာရင်တော့ ဆင်းရဲဒုက္ခဖြစ်တတ်ပြီး ဒါတွေကို ကျင့်ကြံရင်တော့ ချမ်းသာစေမှုကို ဖြစ်စေနိုင်တယ်”ဆိုတဲ့ အကောင်းဆုံး လမ်းပြပုဂ္ဂိုလ်မြတ်ပဲ ဖြစ်ပါတယ်။ ဒီလို လမ်းပြပေးနိုင်တာဟာလည်း ကိုယ်တော်မြတ် ကိုယ်တော်တိုင် သံသရာ အဆက်ဆက်တွင် ဘဝနှင့်ရင်းပြီး ပါရမီများကို ဖြည့်ကျင့်တော် မူခဲ့မှုကြောင့် အမှန်တရားကို ကိုယ်တော်တိုင် သိမြင်တော်မူကာ သတ္တဝါတွေကိုလည်း ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း သိစေတော်မူနိုင်တဲ့ ဗုဒ္ဓအရှင် ဖြစ်တော်မူတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့  ဟောပြောချက်များဟာ သတ္တဝါများ ဆင်းရဲကင်းဝေး ချမ်းသာရေးအတွက် ဟောကြားလမ်းညွန်ချက်များ ဖြစ်တဲ့အတွက် ဆင်းရဲတာ ချမ်းသာတာတွေဟာ သတ္တဝါတွေရဲ့ လိုက်နာကျင့်သုံးမှုနဲ့ပဲ သက်ဆိုင်သွားတော့တာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ ကယ်တင်ရှင် မဟုတ်တဲ့အပြင်၊ ဖန်ဆင်းရှင်လည်း မဟုတ်တဲ့အတွက် သတ္တဝါတွေကို ဘာပဲဖြစ်ဖြစ် ကယ်တင်ပေးမှာ မဟုတ်ပေမယ့် ဆင်းရဲဒုက္ခမရောက်အောင်တော့ တိုက်တွန်းလမ်းပြပေးတော်မူတာ ဖြစ်တဲ့အတွက် ဒီလမ်းညွန်ချက်အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးနိုင်တဲ့သူကတော့ ဆင်းရဲကင်းပျောက် ချမ်းသာရောက်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ လမ်းကိုသာ ညွန်ပြတော်မူတာ ဖြစ်တဲ့အတွက် သတ္တဝါ တစ်ဦးတစ်ယောက် ဆင်းရဲချမ်းသာတယ်ဆိုတာဟာ ဒီလမ်းညွန်မှုအတိုင်း ကျင့်ကြံမှုရှိမရှိနဲ့ပဲ သက်ဆိုင်သွားတော့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို လိုက်နာကျင့်သုံးမိလို့ ဆင်းရဲရောက်သွားတယ်ဆိုတာဟာ ဗုဒ္ဓညွန်ကြားချက်အတိုင်း မလျှောက်မိဘဲ ညွန်ကြားချက်ကိုဖောက်ပြီး အမှောင်လမ်းနဲ့၊ အမှားလမ်းကို လျှောက်မိသွားကြလို့ပဲ ဖြစ်ပါတယ်။ လောကမှာကြည့်ရင် ဗုဒ္ဓဓမ္မနဲ့အညီ ကျင့်သုံးနေထိုင်ကြတဲ့ သူတွေဟာ ဆင်းရဲတဲ့သူဆိုတာ မရှိဘဲ ချမ်းသာတဲ့ သူတွေချည်းပဲ ဆိုတာ အခိုင်အမာ တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေရဲ့ ချမ်းသာမှုဟာ မျက်မှောက်ခေတ်လူတွေ သတ်မှတ်ထားတဲ့ ငွေကြေးဥစ္စာ အသွင်သန္တာန်များနဲ့ ပြည့်စုံတဲ့ ချမ်းသာမှုမျိုးကတော့ ဟုတ်ချင်မှဟုတ်မှာပါ။ စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုမျိုးဆိုတာတော့ အသေအချာအပဲ ဖြစ်ပါတယ်။ 

အချုပ်ပြောလိုတာက ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာနိုင်ငံတွေ ဆင်းရဲတယ်ဆိုတာ ဗုဒ္ဓဘာသာကို ကိုးကွယ်လို့၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေမှာ လိုက်နာမိလို့ ဆိုတာမျိုး မဟုတ်ဘဲ ဗုဒ္ဓညွန်ကြားချက်အတိုင်း မလိုက်နာမိလို့၊ သတ္တဝါတစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှု လွဲနေလို့၊ လျှောက်လှမ်းတဲ့လမ်းဟာ မမှန်ကန်လို့ စတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ လွဲမှားချက်များကြောင့်ပဲဆိုတာ ပြောလိုတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေထဲမှာလည်း ဘုရားဟောအတိုင်း ဓမ္မနဲ့အညီ နေထိုင်ရင်း မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုနဲ့ လျှောက်လှမ်းကာ ချမ်းသာနေကြတဲ့ သူတွေလည်း အများအပြား ရှိနေတာ ဖြစ်တဲ့အတွက် သူတို့သူတို့ရဲ့ ချမ်းသာမှုဟာ ဘဝထဲမှာ ဓမ္မတွဲရင်း ပစ္စုပ္ဗန်သံသရာ နှစ်ဖြာချမ်းသာမှုကို ဖြစ်စေတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ညွန်ကြားချက်ကြောင့်ပဲဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဗုဒ္ဓဘုရားရှင်ဟာ သတ္တဝါတွေ ဒုက္ခရောက်စေတဲ့ ဆင်းရဲကြောင်းတရားကို မဟောဘဲ သတ္တဝါများ ပစ္စုပ္ဗန် သံသရာ ချမ်းသာရေးနဲ့ ဘဝအဆုံး ချမ်းသာရေးကိုသာ ဟောကြားတော်မူကြောင်း အခိုင်အမာ ပြောဆိုနိုင်တာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒအကြောင်း၊ ဗုဒ္ဓဝါဒီများအကြောင်း တစေ့တစောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။ 

Read more »

Love is understanding


"အချစ်ဆိုတာ နားလည်ခြင်း”တဲ့။ 
ဟုတ်ပါတယ်။ အချစ်ဆိုတာ ဘာလဲလို့ မေးရင်း အချစ်ဆိုတာ နားလည်ခြင်းလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အချင်းချင်း နားလည်မှုတွေ ရှိနေရင် အချစ်တွေလည်း ရှိနေကြမှာ ဖြစ်ပြီး နားလည်မှု လွဲလာပြီဆိုရင်တော့ အချစ်တွေလည်း လျော့လာတော့တာ ဖြစ်ပါတယ်။ များများနားလည်မှု လွဲလေ အချစ်တွေ များများလျော့လာလေပဲ ဖြစ်ပါတယ်။ ဒီသဘောတရားကို ကိုယ့်ရဲ့ လက်တွေ့ဘဝတွေမှာ မျက်မှောက်ထင်ထင် တွေ့မြင်နိုင်ကြမှာ ဖြစ်ပါတယ်။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ပေးနိုင်၊ တစ်ယောက်အားနည်းချက်ကို တစ်ယောက်က နာလည်းခွင့်လွှတ်ပေးနိုင် နေကြတဲ့အချိန်မှာ ဘာပြဿနာမှ မရှိကြပေမယ့် နားလည်မှုတွေ မပေးနိုင်ကြတော့တဲ့ အချိန်မှာတော့ အချစ်တွေလည်း လျော့လာကာ အချစ်အစား အပြစ်တွေ ပွားလာကြတော့တာ ဖြစ်ပါတယ်။ လူတစ်ဦးချင်းမှာ တစ်ဦးအပေါ် တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ အချစ်တွေ မရှိရင် အပြစ်တွေပဲ ကြည့်လာတတ်တာ ဖြစ်ပါတယ်။ အပြစ်ကြည့်လာပြီဆိုရင် နားလည်မှုလည်း မပေးနိုင်တော့ဘဲ အချစ်တွေလည်း ဝေးကွာလာတော့တာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ အချစ်ဆိုလို့ သမီးရည်းစား အချစ်တစ်ခုကိုပဲ အချစ်လို့ မမြင်ကြဖို့လိုပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ မိတ်ဆွေအပေါင်း အသင်းတွေကြားမှာ ပေါင်းကူးပေးထားတာလေးတွေဟာလည်း အချစ်တွေပဲ ဖြစ်ပါတယ်။ အဲဒီအချစ်တွေဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားကြတာ ဖြစ်တဲ့အတွက် နားလည်မှု ရှိနေသမျှ နားလည်မှုတွေ ပေးနေနိုင်သမျှ အချစ်တွေဟာလည်း ခိုင်မြဲနေနိုင်ကြတာ ဖြစ်ပါတယ်။ အချစ်တွေ ခိုင်မြဲနေသေးသမျှ အပြစ်ရှိတာတောင် အပြစ်လို့ မမြင်တော့ဘဲ နားလည်မှုနဲ့ ခွင့်လွှတ်ပေးနိုင်တော့တာ ဖြစ်ပါတယ်။ အထူးသတိထားရမှာက အဲဒီလို နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ချစ်ချင်းတွေဟာ ပယောဂတစ်ခုခုကြောင့် နားလည်မှုတွေ လွဲလာခဲ့ရင် အချစ်တွေလည်း လွဲလာတတ်ပြီး အချစ်လွဲလာရင် အပြစ်တွေလည်း တွဲပါလာတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ 

တကယ်တော့ နားလည်မှုပေးတယ်ဆိုတာ သူ့နေရာမှာ ကိုယ်ကခံစားကြည့်ပေးတာပဲ ဖြစ်ပါတယ်။ ကိုယ်လည်းသူ့နေရာမှာဆိုရင် ဒီလိုပဲ ဖြစ်မှာပဲဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ သူ့နေရာလေးမှာ ခံစားပေးတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီလို နားလည်မှု ရအောင်ကြိုးစားတဲ့ အခါမှာ တစ်ဦးနဲ့တစ်ဦးကြား အကြောင်း တစ်ခုခုကြောင့် နားလည်မှုလေးတွေ လွဲလာခဲ့ရင်လည်း အဲဒီ နားလည်မှုလွဲတာတွေကို လက်တွေ့မဖြေရှင်းပဲ စိတ်ထဲမှာ ကြိတ်ပြီးတေးမထားဖို့ လိုပါတယ်။ တစ်ယောက်ယောက်ကြောင့် တစ်ခုခုကြောင့် အမြင်လေးတွေစောင်းပြီး နားလည်မှု လွဲလာတာလေးတွေ ရှိရင် ပွင့်ပွင့်လင်းလင်း တိုက်ရိုက်ပြောဆိုကာ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ တစ်ချို့နားလည်မှု လွဲကြတဲ့ ကိစ္စတွေဟာ အဲဒီနားလည်မှုကို တိုက်ရိုက်မျက်နှာချင်းဆိုင် ပွင်ပွင့်လင်းလင်း မဖြေရှင်းပဲ ကိုယ့်စိတ်ထဲမှာပဲ ကိုယ့်ရှုထောင့်တစ်ခုတည်းနဲ့ ကြိတ်တေး၊ ကြိတ်တွေးကာ ကြိတ်ခံစားနေကြတဲ့ အတွက်ကြောင့် ကြာတော့ အဲဒီကြိတ်လုံးတွေဟာ အဆိုင်အခဲ ဖြစ်လာကာ နားလည်မှုဟာ ပိုပြီးလွဲလာကြတော့တာ ဖြစ်ပါတယ်။ အဲဒီလို နားလည်မှု လွဲလာရာက တစ်ယောက်နဲ့တစ်ယောက် သူမှန်ကိုယ်မှန် မာနပြိုင်ရင်း နောက်တော့ အချစ်အစား အမုန်းတွေပဲ ပွားလာဖြစ်ကြတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အမုန်းအပြစ်ဆိုတာ နားလည်မှုလွဲရာကနေ အချစ်တွေပြယ်ကာ အပြစ်တွေအဖြစ် ပြောင်းလဲသွားခြင်း သဘောပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဘာပဲဖြစ်ဖြစ် ခဏတာဆုံတွေ့ကြတဲ့ အခိုက်အတန့်လေးမှာ အမုန်းတရားတွေနဲ့ ဘဝကို ဖြတ်သန်းကြမယ့်အစား မပြည့်စုံတဲ့ သူအချင်းချင်း အားနည်းချက်ကို နားလည်မှုပေးပြီး အဲဒီနားလည်မှုကို အချစ်တစ်ခုအဖြစ် တည်ဆောက်ကာ အချစ်အားနဲ့ အပြစ်များကို ဖယ်ရှားနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ နားလည်မှုရှိနေရင် အချစ်ရှိနေမှာဖြစ်ပြီး အချစ်ရှိနေရင် အပြစ်ကြည့်တာတွေလည်း နည်းလာကြမှာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ အချစ်တွေကို တည်ဆောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ