အချိန်မတန်သေးလို့ပါ



မကောင်းတာတွေ လုပ်နေပေမယ့် အောင်မြင်နေတဲ့သူတွေ ရှိတတ်သလို၊ မကောင်းတဲ့ အလုပ်တွေမှာ အကျိုးပေး ကောင်းနေတဲ့သူတွေ ရှိတတ်ပါတယ်။ အဲဒီသူတွေကိုကြည့်ပြီး အားကျဖို့ မလိုပါဘူး။ ဒီလိုပဲ ကိုယ်ကကောင်းတာတွေ လုပ်နေပေမယ့် အဆိုးတွေပဲ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အခါ၊ လုပ်သမျှ အလုပ်တိုင်းမှာ အဆင်မပြေမှုတွေ ဖြစ်နေတဲ့အခါမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒီအခါမှာလည်း စိတ်ဓာတ်မကျဖို့၊ ကံတရားအပေါ် သံသယမဖြစ်ဖို့ လိုပါတယ်။ ဒါဟာ ကောင်းကံမကောင်းကံတွေရဲ့ အကျိုးပေးချိန် မတန်သေးလို့ပဲ ဖြစ်ပါတယ်။ ကံတရားရဲ့ အကျိုးပေးချိန်ကျလာရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် ဒီသက်ရောက်မှုကို ရရှိခံစားရမှာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ တရားစကားက သက်သေတစ်ခုပဲ ဖြစ်ပါတယ်။ ဘုရားရှင်က 
(၁) “မကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏။ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရ၏။ 
(၂) ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း ကောင်းမှုအကျိုးမပေးသေးသော ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေး၏။ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသောသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏” လို့ အနာထပိဏ် သူဋ္ဌေးကို ဟောကြားတော်မူပါတယ်။

ဒါကြောင့် ကောင်းကံ မကောင်းကံရဲ့ အကျိုးသက်ရောက်မှုဟာ အချိန်တန်ရင် ဘယ်သူမှ တားမရဘဲ ရောက်လာမှာ ဖြစ်တဲ့အတွက် ဘယ်သူဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ်ကိုယ်တိုင်သာ ကိုယ့်အလုပ်တွေမှာ ယုံကြည်မှု အပြည့်နဲ့ အကောင်းဆုံးဖြစ်အောင် ရွေးချယ် လုပ်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ကံတရားဆိုတာ အကျိုးပေးချိန်တန်ရင် သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ 

Read more »

Facebookက အမေးတစ်ပုဒ် (၁၁)


မေး။ Maghalulin (http://www.facebook.com/magha.lulin)
အရှင်ဘုရား…
မွေးနေ့အထိမ်းအမှတ်အဖြစ် သူငယ်ချင်းတွေကို အရက်ဝယ်တိုက်ပြီး အရက်ဖိုးဒကာခံပေးတာ ကုသိုလ်ရပါသလားဘုရား။ တပည့်တော်ကတော့ မသောက်ပါဘူးဘုရား။ သူငယ်ချင်းများရဲ့ ဆန္ဒကို ဖြည့်ပေးတဲ့အနေနဲ့ သူတို့ဖြစ်ချင်တာကို လုပ်ပေးတာပါဘုရား။ အဲလိုလှူတာ အကျိုးရှိမရှိ။ သူတပါးလိုအပ်တာကို ဖြည့်ပေးတာဖြစ်တဲ့အတွက် ကောင်းတဲ့အလုပ်လို့ ယူလို့ရမရ သိချင်ပါတယ်ဘုရား။ ကျေးဇူးတင်ပါတယ်။

ဖြေ။ မနာပဒါယီ အရှင်ဝိစိတ္တ (http://www.facebook.com/ashinvicitta)
သူတပါးလိုအပ်တာကို ဖြည့်ပေးတဲ့နေရာမှာ ကောင်းတဲ့အရာ ကောင်းတဲ့လိုအပ်ချက်တွေကို ဖြည့်ပေးမှသာ တကယ့်ကောင်းတဲ့အလုပ်လို့ ယူဆလို့ရပြီး မိတ်ဆွေအစစ်လို့ ယူဆလို့ရပါတယ်။ အပါယသဟာယ မိတ္တလို့ခေါ်တဲ့ မကောင်းတဲ့အရာတွေမှာ အပေါင်းအဖော်ဖြစ်တာ လိုက်လျောတာ ဖြည့်ဆည်းပေးတာဟာ မကောင်းမှုကို အားပေးရာရောက်တဲ့အတွက် မိတ်ဆွေအတု လက္ခဏာထဲမှာ ပါဝင်ပါတယ်။

အရက်ဝယ်တိုက်ပြီး အရက်ဖိုး အလှူပြုပေးတာ ကုသိုလ်လုံးဝမရတဲ့အပြင် အကျိုးလည်းမရှိပါ။ အရက်မဟုတ်ဘဲ တခြားအစားအသောက် အလှူမျိုးဆိုရင်တော့ ကုသိုလ်ရပါတယ်။ အရက်ကတော့ မလှူကောင်းတဲ့အလှူ၊ တစ်နည်းအားဖြင့် အပါယ်လားစေနိုင်တဲ့ အလှူထဲမှာ ပါလို့ပါ။ ဘုန်းဘုန်းတို့ ပရိဝါပါဠိတော်မှာ မလှူကောင်းတဲ့ အလှူငါးမျိုးကို ဖော်ပြထားပါတယ်။ အဲဒီငါးမျိုးက

(၁) မဇ္ဇဒါန = သေရည်အရက် ဘိန်းစတဲ့ ယစ်မျိုးအလှူ
(၂) သမဇ္ဖဒါန = ဇာတ်၊ ရုပ်သေး၊ အငြိမ့်စတဲ့ အဆိုအတီးကချေသည် သဘင်အလှူ
(၃) ဣတ္ထိဒါန = ကာမအမှုအတွက် အလိုဖြည့်စေရန် မိန်းမအလှူ
(၄) ဥသဘဒါန = နွားမတို့အလယ်တွင် ထယ်ဝါခန့်ငြားတဲ့ နွားလား၊ နွားသိုးကြီးတို့ကို လွှတ်ပေးတဲ့ အလှူ
(၅) စိတ္တကမ္မဒါန = ကာမရာဂစိတ်ကို ဖြစ်ပေါ်စေတဲ့ ပန်းချီ၊ ပန်းပုရုပ် စတဲ့ သုခုမအနုပညာ အလှူ တို့ဖြစ်ပါတယ်။
ဒီအလှူငါးမျိုးအပြင် တစ်ခြား မလှူကောင်းတဲ့ အလှူတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့
-သတ္တဒါနလို့ခေါ်တဲ့ လက်နက်ခဲယမ်းအလှူ
-၀ိသဒါနခေါ်တဲ့ သေကျေပျက်ဆီးစေတဲ့ အဆိပ်အလှူ
-သင်္ခလိကဒါနခေါ်တဲ့ လက်ထိပ်သံခြေချင်းအလှူ
-ကုက္ကဋ သူကရဒါနခေါ် ကြက်ဝက်သားကောင်အလှူ စတာတွေပါ။

ဒါကြောင့် အထက်ပါအလှူများဟာ ဘယ်လောက်ပဲ အကုန်ကျခံ လှူဒါန်းပေးကမ်းပေမယ့် အကျိုးမရှိ၊ ကုသိုလ်မဖြစ်တဲ့ အလှူတွေ ဖြစ်တဲ့အတွက် မွေးနေ့မှာ အရက်ဖိုးလှူပြီး ဧည့်ခံကျွေးမွေးတာဟာ ကုသိုလ်မဖြစ်ပါဟု ဖြေကြားလိုက်ပါတယ်။ အရက်မှ မဟုတ်ပါ ဒီမှာဖော်ပြထားတဲ့ အလှူအားလုံးကို အလှူပြုတဲ့အခါ မလှူဖြစ်အောင် ကျိုးစားပြီး အပြစ်ကင်းတဲ့ အလှူဖြစ်အောင် တစ်ခြားအရာတွေကိုသာ လှူကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။ 

Read more »

ဘဝနီတိ (၂)


မနာလိုစိတ်
*********
လောကမှာ ညံ့တဲ့သူက တော်တဲ့သူကို မနာလို ဖြစ်တတ်တယ်။
မသာတဲ့သူက သာတဲ့သူကို မနာလို ဖြစ်တတ်တယ်။ 
အဲဒီလို မနာလို ဖြစ်တာဟာ ဒေါသရဲ့ သဘော၊ ဒေါသရဲ့ မနောပဲ ဖြစ်ပါတယ်။ ဒေါသဖြစ်ရင် အဲဒီ ဒေါသစိတ်က ကိုယ့်ကိုလည်း ပူလောင်စေတတ်သလို သူများကိုလည်း ငြိမ်းချမ်းမှုကို မပေးနိုင်ပါဘူး။ ဒေါသအားကြီးရင် သေတဲ့အဆင့်တောင် ရောက်သွားတတ်ပါတယ်။ 

ဒါကြောင့် ကိုယ့်ထက်သာတဲ့ သူတွေအပေါ်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပေးတဲ့ မုဒိတာ တရားမပွားနိုင်တောင်မှ မနာလို့စိတ်တွေ မများအောင်တော့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

စိတ်ကိုစင်ကြယ်အောင် လုပ်ပါ
**********************
သန့်ရှင်းတဲ့နားဟာ အကြားများတယ်
ကြည်လင်တဲ့ မျက်စိဟာ အမြင်များတယ်
စင်ကြယ်တဲ့စိတ်ဟာ အသိများတယ်

တင်းတိမ်မှု
********
တင်းတိမ်မှုဟာ အမြတ်ဆုံး ဥစ္စာပဲလို့ ဗုဒ္ဓမြတ်စွာ ဟောတော်မူပါတယ်။ ရှေးတုန်းကလူတွေဟာ အစားအစာကို ငါးပိချက်ကလေး၊ ငါးကလေးနဲ့ပဲ စားကြတယ်။ အဝတ်ကိုလည်း ကိုယ့်ဟာကိုယ် ယက်ဝတ်ကြတယ်။ စိတ်ချမ်းသာကြတာပါပဲ။ စိတ်ချမ်းသာတယ်ဆိုတာ ပေါမှချမ်းသာတာ မဟုတ်ပါဘူး။ မပေါလည်း ချမ်းသာအောင် နေတတ်ရင် ချမ်းသာနိုင်ပါတယ်။ 

ဒီနေရာမှာ တင်းတိမ်တာနဲ့ အပျင်းထူတာကို ရောမချမိဖို့ လိုပါတယ်။ ဝီရိယဆိုတာကတော့ အားစိုက်ရမှာပဲ ဖြစ်ပါတယ်။ ဝီရိယနဲ့ လောဘတဏှာဟာ တခြားစီပဲ ဖြစ်ပါတယ်။ တင်းတိမ်မှုဟာ လောဘတဏှာကို အကန့်လုပ်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ လိုချင်မှု လောဘဆိုတာ အဆုံးအပိုင်းအခြား မရှိတဲ့အတွက် လိုက်လို့ကို ဆုံးမှမဟုတ်ပါဘူး။ လိုက်လေဝေးလေ၊ လိုက်လေဆင်းရဲလေပဲ ဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်ဖို့ လောဘကို အကန့်လုပ်တဲ့အနေနဲ့ တင်းတိမ်ရောင့်ရဲနိုင်အောင် ကြိုးစားကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ