အောင်မြင်ချင်ရင်


လူငယ်လေး တစ်ယောက်နဲ့တွေ့တော့ သူက အောင်မြင်မှု ရချင်တယ်တဲ့။ အောင်မြင်အောင် ဘာလုပ်ရမလဲလို့လည်း မေးပါသေးတယ်။ ဒီတော့ ဘုန်းဘုန်းက သူ့ကို အောင်မြင်ခြင်း တရားလေးပါးကို ပြောပြဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က သတ္တဝါတိုင်းမှာ အကြောင်းအကျိုးဆိုတာ ရှိကြောင်း ပဋိစ္စသမုပ္ဗဒ်နဲ့ ပဋ္ဌာန်းဒေသနာတော်မှာ ဟောတော်မူပါတယ်။ အထူးသဖြင့် ပဋ္ဌာန်းဒေသနာတော်မှာ အောင်မြင်ချင်တဲ့ သူတွေအနေနဲ့ အဓိပတိဆိုတဲ့ အကြီးအမှုး ပဲ့ကိုင်အထိမ်းအကွပ်တရားတွေ လက်ကိုင်ထားသင့်တယ်လို့ မိန့်တော်မူပါတယ်။ 

ဘယ်သူမဆို ဒီဘဝမှာ အောင်မြင်မှုရချင်ရင်
၁။ ဖြစ်ချင်တဲ့ ဆန္ဒ
၂၊ ဖြစ်အောင်လုပ်တဲ့ ကြိုးစားမှု ဝီရိယ
၃။ အလုပ်တစ်ခုအပေါ်မှာ မတုန်မလှုပ် တည်ကြည်အောင် လုပ်တတ်တဲ့ စိတ္တ ခေါ် စိတ်နဲ့
၎။ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားစိစစ်တတ်တဲ့ ပညာ တရားတွေကို လက်ကိုင်ထားပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် သေချာပေါက် အောင်မြင်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ 

အတိတ်ကံ မကောင်းလို့ သူများတွေလောက် လွယ်လွယ်ကူကူ မဖြစ်နိုင်တာတောင်မှ ဒီတရားတွေ လက်ကိုင်ထားပြီး အဆုံးတိုင်အောင် ကြိုးစားနိုင်ရင် ကြိုးစားတဲ့အလျောက် ဒီဘဝမှာ အောင်မြင်မှုရမှာ အသေအချာပဲ ဖြစ်ပါတယ်။ တစ်ချို့က ပြောကြပါတယ်။ တပည့်တော် ကြိုးစားပေမယ့် မရဘူးဘုရားတဲ့။ ဒါဟာ ဇွဲမရှိလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ အောင်မြင်မှု မရခင် နောက်ပြန်ဆုတ်သွားတဲ့ အတွက် မအောင်မြင်တာပါပဲ။ အောင်မြင်မှု မရမချင်း ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒ၊ ဇွဲလုံ့လရှိရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အောင်မြင်မှုဟာ သူ့အတိုင်းအတာနဲ့သူ အနေးနဲ့အမြန် အမှန်ရောက်လာမှာ ဖြစ်ပါတယ်။

အဓိကကတော့ ကိုယ့်ကိုကိုယ် ပဲ့ကိုင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ထိန်းနိုင်ဖို့ဆိုရင် ခုနပြောခဲ့သလို ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ ဖြစ်ချင်တဲ့ ဆန္ဒအမှန်ရှိရပါမယ်။ ဆန္ဒရှိပြီးရင် အဲဒီဆန္ဒကို အကောင်အထည်ဖော်ပေးမယ့် ကြိုးစားအားထုတ်မှု ဝိရိယ လိုပါတယ်။ ကြိုးစားတဲ့အခါမှာလည်း တလွဲဆံပင်ကောင်းဆိုတဲ့ လွဲမှားတဲ့ ဝိရီယတွေ မဖြစ်စေဖို့ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်အောင် အသိပညာလည်း တွဲပါပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ကိုယ်လုပ်တဲ့ အလုပ်တွေမှာ တည်ကြည်ပြီး ခိုင်မာမှုရှိအောင်၊ ကောင်းမွန်မှန်ကန်တဲ့ စိတ်အစဉ်လေးနဲ့ ကပ်ပြီးထားလိုက်ရမှာ ဖြစ်ပါတယ်။ ဒီလို ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာဆိုတဲ့ ပဲ့ကိုင်တရားတွေ လက်ကိုင်ထားပြီး ကြိုးစားနိုင်မယ်ဆိုရင် အောင်မြင်မှုဟာ လူတိုင်းအတွက် လက်တကမ်းမှာ ရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါဟာ ဘုရားပေးတဲ့ အောင်မြင်ရေးလမ်းစဉ် ဖြစ်သလို ဒီလမ်းစဉ်ဟာလည်း အကြောင်းအကျိုးကို ဆက်စပ်ပြတာ ဖြစ်တဲ့အတွက် ဒီတရားတွေနဲ့အညီ ကြိုးစားနိုင်မယ်ဆိုရင် အောင်မြင်မှုဆိုတဲ့ အကျိုးသက်ရောက်မှုဟာ အသေအချာရောက်လာမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဘယ်သူမဆို အောင်မြင်ချင်ရင် အတိတ်ကံကို ခဏအသာထား၊ လက်ရှိပစ္စုပ္ဗန်မှာပဲ ဖြစ်ချင်တဲ့ ဆန္ဒကို အရင်းတည်ပြီး ကြိုးစားအားထုတ်မှု ဝိရိယနဲ့ အကောင်အထည်ဖော်ကာ၊ တည်ငြိမ်တဲ့ စိတ်ကလေးနဲ့ အမှားအမှန်ကို ခွဲခြားပြီး အောင်မြင်မှု မရမချင်း ကြိုးစားမယ်ဆိုတဲ့ ဇွဲနဲ့ မဆုတ်မနစ် အားထုတ်ဖြစ်အောင် ကြိုးစားကြဖို့ အသိပေးစကား ပါးလိုက်ရပါတယ်။ 

Read more »

ပြိတ္တာအကြောင်း တစေ့တစောင်း


ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြထားပါတယ်။ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတလို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။

စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ခေါ်တဲ့ အပါယ်သတ္တဝါ လေးပါးထဲမှာပါဝင်တဲ့ လူ့ပြည်လောကအတွင်းမှာပဲ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တာမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုအဋ္ဌကထာ ဓနပါလသေဋ္ဌိ ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။  

သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက
၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ
၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ
၎။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။

ဒီပြိတ္တာအမျိုးအစား လေးမျိုးအပြင် လောကပညတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတွေမှာလည်း ပြိတ္တာအမျိုးမျိုး အကြောင်းကို ဖွင့်ပြထားတာကို တွေရပြန်ပါတယ်။ အဲဒီကျမ်းများအရ ပြိတ္တာအမျိုးအစား (၁၂)မျိုးကို မှတ်သားရပါတယ်။ ဟိမဝန္တာတောင်ဘေးရှိ ဂိဇ္ဈကုဋ်တောင်မှာ ပြိတ္တာအမျိုးမျိုး တည်ရှိနေပြီး အရေအတွက်အားဖြင့် (၁၂)မျိုးအထိ ရှိနေကြောင်း ဖွင့်ပြပါတယ်။ အဲဒီ ပြိတ္တာအမျိုးအစားများက
၁။ အစာရေစာ အလွန်ငတ်မွတ်ကာ ဘယ်သောအခါမှ ထမင်းဘောဇဉ် စတဲ့အစားအစာများကို စားသောက်ရခြင်း မရှိဘဲ သူတပါးတို့ စွန့်ပစ်ထားတဲ့ တံတွေးနှပ်အန်ဖတ်တွေကိုသာ စားသောက်ရတဲ့ ဝန္တာသပြိတ္တာမျိုး
၂။ လူကောင်ပုတ်၊ ခွေးကောင်ပုတ်၊ မြွေကောင်ပုတ်စတဲ့ အကောင်ပုတ်များကို ရတဲ့အခါ စားရပြီး မရတဲ့အခါ မစားရဘဲ ငတ်မွတ်နေရတတ်တဲ့ ကုဏပါသပြိတ္တာမျိုး
၃။ မစင်ကိုသာ စားသုံးရတဲ့ ဂူထခါဒကပြိတ္တာမျိုး
၎။ နေ့ညဉ့်ပတ်လုံး ခံတွင်းမှ မီးလျှံများထွက်ကာ အပူလောင်ခံနေရတဲ့ အဂ္ဂိဇာလမုခပြိတ္တာမျိုး
၅။ ခန္ဓာကို အလွန်ကြီးပြီး ပါးစပ်မှာ အပ်နဖားပေါက်လောက်ပဲရှိကာ အစာရေစာကို ပါးစပ်က မသွင်းနိုင်ဘဲ နှာခေါင်းနားရွက်စတဲ့ အပေါက်တွေက သွင်းနေရပေမယ့် အမြဲမပြတ် စာလောင်မွတ်သိပ်နေရတဲ့ သူစိမုခပြိတ္တာမျိုး
၆။ ရေငတ်မွတ်မှု တဏှာဖြင့် နှိပ်စက်ခံရသည့် တဏှာဋ္ဋိတပြိတ္တာမျိုး (ထိုပြိတ္တာမျိုးသည် တစ်ခါတစ်ရံမျှ သောက်ရေကိုမရဘဲ ရေငတ်လွန်းလှသဖြင့် ရေတွင်းရေကန် ထုံးအိုင်မြစ်ချောင်း သမုဒ္ဒရာ ရှိရာအရပ်သို့ ကပ်ရောက်သွားတဲ့အခါ ထိုရေကန်စသည်တို့သည် ပြည်သွေးကျင်ကြီးကျင်ငယ်အသွင် အထင်ရောက်ကုန်တတ်၏)
၇။ အလွန်ပြင်းထန်စွာ လောင်ကျွမ်းခံနေရတဲ့ မီးလောင်ငုတ်နဲ့တူတဲ့ သုနိဇ္ဈာမကပြိတ္တာမျိုး
၈။ ဓားသွား၊ ငါးမျှားချိတ်ကဲ့သို့သော ခြေသည်းလက်သည်းများနဲ့ မိမိကိုယ်အင်္ဂါတို့ကို ကုတ်ဖဲ့ဖြတ်ကော်ကာ အသားအသွေးတို့ကို စားနေရတဲ့ သတ္ထင်္ဂပြိတ္တာမျိုး
၉။ နေ့ညဉ်ပတ်လုံး လောင်မြိုက်ကာ အခိုးပြိုက်ပြိုက်ထွက်နေသော တောင်ပမာဏလောက် ခန္ဓာကိုယ်ရှိသည့် ပဗ္ဗတင်္ဂပြိတ္တာမျိုး
၁၀။ အလျှံတပြောင်ပြောင် တောက်လောင်သော စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် ညဥ့်၌ လှည့်လည်သွားလာကာ နေ့၌ ဒုက္ခအမျိုးမျိုးကို ခံစားရသည့် အဇဂရင်္ဂပြိတ္တာမျိုး
၁၁။ ကုသိုလ်၊ အကုသိုလ်ကံ ရောပြွန်းခဲ့သည့် ကံကြောင့် ရံခါကုသိုလ်အကျိုး အဖြစ်နတ်စည်းစိမ်ကို ခံစားရပြီး ရံခါအကုသိုလ်အကျိုးအဖြစ် ဒုက္ခကို ခံစားရသည့် ဝေမာနိကပြိတ္တာမျိုး
၁၂။ ကံ၏အကျိုးကြောင့် တန်ခိုးကြိးမား၍ ပြိတ္တာအားလုံးတို့ရဲ့ အကြီးအမှုးသဖွယ်ဖြစ်ကာ အလွန်အဆင်းလှ၊ အလွန်စည်းစိမ်ကြီးလှသည်ဟု ထင်ရသော်လည်း ဘောဇဉ်ကိုမစားရ၊ ရံခါထမင်းအဖျော် စသည်ကို ရသော်လည်း သုံးဆောင်ခံစားခွင့်မရ၊ အလွန်ဒုက္ခကြီးလှသည့် မဟိဒ္ဓိကပြိတ္တာမျိုး ဆိုပြီး အမျိုးအစား (၁၂)မျိုးကို ပြဆိုထားတာကို တွေ့ရပြန်ပါတယ်။

ဒါ့အပြင် ပါရာဇိကဏ်ပါဠိတော်၊ သံယုတ်ပါဠိတော်များမှာ ပြိတ္တာအမျိုးမျိုးကို ဖွင့်ဆိုပြထားပြီး အမျိုးအစား (၂၁)မျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာအမျိုးအစား အများအပြား ရှိပေမယ့် အကျဉ်းချုပ်ကြည့်တဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ ပြိတ္တာအမျိုးအစား (၄)မျိုးထဲမှာပဲ အကျုံးဝင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီလေးမျိုးထဲမှာတော့ အဖြစ်အများဆုံးနဲ့ အခွင့်အရေး အရှိဆုံး ပြိတ္တာအမျိုးအစားကတော့ “သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ” ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာမျိုးကတော့ ဘယ်လိုပဲ ဆင်းရဲဒုက္ခကို ခံစားနေရပေမယ့် မိမိအား ရည်စူးလှူဒါန်းပြီး အမျှပေးဝေတဲ့အခါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်တဲ့အခါ ခံစားနေရတဲ့ ဆင်းရဲဒုက္ခများ ချက်ချင်းကွယ်ပျောက်ပြီး ချမ်းသာအမျိုးမျိုးကို ရရှိခံစားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုအကျိုးဆက်မျိုးကို မျှော်ကိုးပြီး မျက်မှောက်ခေတ်မှာ မိမိတို့နဲ့ ပတ်သက်တဲ့ သူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ အဲဒီသူကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေကြရခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဋ္ဌကထာ အဖွင့်များအရ အထူးမှတ်သားသင့်တဲ့ အချက်က သေဆုံးသူဟာ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရတဲ့ ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်ခဲ့ပြီး ကျန်ခဲ့တဲ့သူတွေရဲ့ အလှူကို မျှော်လင့်စောင့်စားနေပေမယ့် ကျန်ခဲ့တဲ့ လှူဒါန်းပြီး အမျှပေးဝေပေးမယ့်သူက မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်ထံမှာ မြင့်မြတ်တဲ့စိတ်ထားနဲ့ ထက်သန်စွာ ပေးလှူကာ အမျှပေးဝေနိုင်မှသာ မျှော်လင့်စောင့်စားရကျိုးနပ်ကာ မွန်မြတ်တဲ့ စည်းစိမ်မျိုးကို ရရှိခံစားနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပေတဝတ္ထု၊ စူဠသေဋ္ဌိပေတဝတ္ထု အဆိုအရ သေသူကို ရည်စူးပြီး လှူဒါန်းပေမယ့် သီလမရှိတဲ့ ဒုဿီတို့ကို လှူဒါန်းခဲ့တဲ့အတွက် အလှူရဲ့ အကျိုးကို သေသူက မခံစားရကြောင်း သာဓကတစ်ခုအဖြစ် တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားတဲ့အချက်တစ်ခုက သေသူကို ရည်စူးပြီး လှူဒါန်းတဲ့ ကုသိုလ်ဟာ သေသူက ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်နေတဲ့အတွက် အလှူရဲ့ အကျိုးကို ရရှိသည်ဖြစ်စေ၊ အခြားပြိတ္တာမျိုး၊ ငရဲ၊ တိရစ္ဆာန်စတဲ့ ဘဝမျိုးမှာ ရောက်ရှိသွားတဲ့အတွက် အလှူရဲ့ အကျိုးကို မရရှိသည်ဖြစ်စေ အလှူရှင် အနေနဲ့ အကျိုးမဲ့ အချည်းနှီးမဖြစ်ဘဲ ကုသိုလ်အကျိုးကို ရရှိတယ်ဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ကြောင်း ဇာဏုေဿာဏိသုတ်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မိန့်တော်မူထားချက် ရှိပါတယ်။

ဒါကြောင့် ပြိတ္တာများနဲ့ ပတ်သက်ပြီး တစ်စေ့တစ်စောင်း တင်ပြခဲ့တဲ့ ဒီစာစုမှာ နောက်ဆုံးကောက်ချက်ချ မှတ်သားသင့်တဲ့အချက်က အစွဲတစ်ခုခု၊ ဝန်တိုမှုတစ်ခုခု၊ သူတပါးရဲ့ ကုသိုလ်ကောင်းမှုကို ဖျက်စီးမှု တစ်ခုခုကို ပြုလုပ်တဲ့သူတွေဟာ ပြိတ္တာဘဝကို ရောက်ရတတ်ပြီး အဲဒီပြိတ္တာဘဝမှာလည်း သာဓုခေါ်နိုင်တဲ့ ပြိတ္တာရှိသလို မခေါ်နိုင်တဲ့ ပြိတ္တာမျိုးလည်း ရှိတတ်တဲ့အတွက် အသေချာဆုံးက ရခဲတဲ့လူ့ဘဝကို ရရှိနေပြီးမှ ပြိတ္တာဘဝ၊ ငရဲတိရိစ္ဆာန်ဘဝ စတဲ့အောက်အောက်ဘဝတွေကို ရောက်မသွားရအောင် ကြိုးစားပြီး သုဂတိဘဝကို ရရှိအောင် အားထုတ်ခြင်းကသာ အသေချာဆုံး ဖြစ်တဲ့အတွက် ပြိတ္တာဘဝရဲ့ ကြောက်စရာကောင်းပုံကို သံဝေဂယူကာ ကုသိုလ်ကောင်းမှုများကို များများလုပ်ကာ သုဂတိဘဝကိုသာ အရောက်သွားကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။ 

Read more »

ကြိုတင်၍ မသိနိုင်ပါသဖြင့်


ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ၊ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘဝ၊ ဘုံဌာနကို 
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
(မနာပဒါယီ ဆရတော်)

မြတ်စွာဘုရားရှင် လက်ထပ်က ယက်ကန်းယက်သည့် ယက်ကန်းသည် ဒကာမလေးတစ်ဦး ရှိခဲ့ပါတယ်။ ငယ်ပေမယ့် ဘာသာရေးကို အထူးလေးပေးတဲ့ ကလေးမလေး ဖြစ်သဖြင့်လည်း ဘုရားရှင်က အဲဒီကလေးမလေးကို အထူးတလည် တရားတော်များ ဟောကြားချီးမြင့်တော်မူသလို အဲဒီကလေးမလေးကို အကြောင်းပြုပြီး အများသူငါ တရားရစေမှုကိုလည်း ဖြစ်စေတော်မူပါတယ်။

တစ်နေ့ ယက်ကန်းသည် ဒကာမလေးဟာ အိမ်ကနေပြီး ယက်ကန်းရုံကိုသွားရာ လမ်းမှာ ဘုရားရှင်တရား ဟောတော်မူနေတာနဲ့ ကြုံတဲ့အတွက် တရားဝင်နာဖြစ်ခဲ့ပါတယ်။ ဘုရားရှင်က အိမ်ကနေပြီး ယက်ကန်းရုံကို သွားမယ့်ဒီဒကာမလေးကို 
“ချစ်သမီး ဘယ်ကလာတာလဲ”လို့ ပရိတ်သတ်ကြားမှာ မေးလိုက်ပါတယ်။
“မသိပါဘုရား”လို့ သူကဖြေတော့ ပရိတ်သတ်တွေက “ဒီကလေးမ ရူးနေလား သူ့အိမ်ကလာတာကို အားလုံးသိနေတဲ့ကြားက မသိပါဘူးလို့ ဖြေနေတယ်”ဆိုပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားကြပါတယ်။
 မြတ်စွာဘုရားရှင်က ယက်ကန်းရုံကိုသွားမယ့်သူ့ကို ဆက်ပြီးတော့ မေးပါတယ်။
“ချစ်သမီး ဘယ်ကိုသွားမှာလဲ”
ယက်ကန်းသည်မလေးက ပြန်ဖြေပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား“။ 
ဘုရားရှင်က နောက်မေးခွန်းတစ်ခု ထပ်မေးပါတယ်။
“ချစ်သမီး မသိဘူးလား”။ 
သူမက ပြန်ဖြေပါတယ်။ 
“အရှင်ဘုရား သိပါတယ်ဘုရား”။ 
ဒီတော့ မြတ်ဗုဒ္ဓက ထပ်မေးပါတယ်။
“ချစ်သမီး တကယ်သိသလား”။ 
ယက်ကန်းသည်မလေးက ပြန်လျှောက်ပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား”။ 

မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်လေးရဲ့ အမေးအဖြေတွေကို နားထောင်ရင်း ပရိတ်သတ်တွေ အတော်ခေါင်းရှုပ်သွားကြတယ် ထင်ပါတယ်။ ယက်ကန်းသည်မလေးကိုလည်း အထူးအဆန်း အရူးတစ်ယောက်လို မြင်သွားကြပြီး အပြစ်တင်သံတွေနဲ့ ဆူညံသွားစေတော့တာပဲ ဖြစ်ပါတယ်။ ဒါကို သိတော်မူတဲ့ မြတ်စွာဘုရားရှင် ယက်ကန်းသည်မလေးကို အမေးအဖြေတွေနဲ့ ပတ်သက်ပြီး ထပ်မေးပါတယ်။

“ချစ်သမီး ငါဘုရားမေးတဲ့ အမေးတွေကို၊ မသိဘူး၊ သိတယ်၊ တကယ်မသိဘူးစသဖြင့် ဖြေဆိုတာ ဘယ်လိုအဓိပ္ဗါယ်နဲ့ ဖြေတာလဲလို့ ဆိုတော့ ယက်ကန်းသည်မလေးက “မှန်ပါအရှင်ဘုရား မြတ်စွာဘုရား အနေနဲ့ တပည့်တော်ကို မေးလိုတဲ့ မေးခွန်းက ဘယ်ဘဝကနေ ဒီလို လူ့ဘဝကို ရောက်လာတာလဲလို့ မေးတယ်ဆိုတာ တွေးပြီး ဘယ်ဘဝက လာတယ်ဆိုတာ တပည့်တော် တကယ်မသိတဲ့ အတွက် မသိပါဘုရားလို့ ဖြေခြင်း ဖြစ်ပါကြောင်း၊ ဘယ်ကိုသွားမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လဲ ဒီဘဝက သေပြီးတပည့်တော် ဘယ်ဘဝမှာ ဖြစ်မယ်၊ ဘယ်ဘဝကို သွားရမယ်ဆိုတာ တကယ်မသိတဲ့အတွက် မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း၊ သိသလားဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးတော့လည်း သေရမယ်ဆိုတာကို သိနေတဲ့အတွက် သိပါတယ်ဘုရားလို့ ဖြေခြင်းဖြစ်ပါကြောင်း၊ တကယ်သိလားလို့ မေးတဲ့အပေါ်မှာလည်း သေရမယ်ဆိုတာ သိပေမယ့် ဘယ်အချိန် သေရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်တဲ့အတွက် မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း” စသဖြင့် အကျယ်တဝင့် ပြန်လည်လျှောက်ထားပါတယ်။ ဒီတော့မှ ပရိတ်သတ်တွေလည်း သဘောပေါက်ကာ သာဓု အကြိမ်ခေါ်ဆို ကြတော့တာ ဖြစ်ပါတယ်။ 

ဒါက မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်မလေးရဲ့ အမေးအဖြေ ဇာတ်လမ်းနဲ့ ဓမ္မသဘင်လေး အကြောင်းပဲ ဖြစ်ပါတယ်။ ဒီမှာ ပြောချင်တာက ယက်ကန်သည်လေး လျှောက်ထားသလို ပုထုဇဉ်တွေရဲ့ ဘဝအခြေအနေနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ပုထုဇဉ်တွေရဲ့ ဘဝဟာ ဘယ်ကလာလို့ ဘယ်ကိုသွားပြီး ဘယ်မှာဘယ်လို သေရမယ်ဆိုတာ ဘယ်လိုမှ အသေအချာ ပြောလို့ မရတဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမှကို ကြိုတင်မှန်းဆလို့ မရတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။
ဘယ်အသက်အရွယ်မှာ သေရမယ်၊ ဘယ်ရောဂါနဲ့ သေရမယ်၊ ဘယ်အရပ်မှာ သေရမယ်၊ မနက်နေ့ည စတဲ့ ဘယ်အချိန်မှာ သေရမယ်၊ သေပြီးနောက် ဘယ်ဘဝမှာ ပြန်ဖြစ်ရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်တဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။

အဲ သေချာတာ တစ်ခုကတော့ သေရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မွေးခြင်းရဲ့နောက်မှာ သေခြင်းဆိုတာ ရောက်နေမှာဖြစ်တဲ့ အတွက် မွေးလာခဲ့တဲ့ သတ္တဝါမှန်သမျှ သေကြရမှာပဲ ဖြစ်ပါတယ်။ သေခြင်းတရားကတော့ အသေအချာ ရောက်လာမှာပဲ ဖြစ်ပါတယ်။ နောက် သေချာတာတစ်ခုက အခုအသက်ရှင်နေတဲ့ လက်ရှိအခိုက်အတန့်ပဲ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုတာ ဘာဖြစ်မယ်၊ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်လိုမှ တွက်လို့မရတဲ့အတွက် အဲဒီ တွက်မရတာတွေ ရောက်မလာသေးတဲ့အချိန်၊ လက်ရှိအခိုက်အတန့်ဟာ လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခိုက်အတန့်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ကြဖို့၊ သေချာတဲ့ အခိုက်အတန့်မှာ ကောင်းမှုမျိုးစေ့တွေ စိုက်ပျိုးနိုင်သမျှ စိုက်ပျိုးကြဖို့ ပြောရခြင်း ဖြစ်ပါတယ်။ 

ဆိုတော့ကား မမြဲခြင်းတရား၊ မပိုင်ဆိုင်ခြင်းတရား၊ မသေချာခြင်းတရား၊ မသိခြင်းတရားတွေနဲ့ နေနေရတဲ့ ပုထုဇဉ် သတ္တဝါများ အနေနဲ့ ဘဝမှာ သေခြင်းတရား၊ မမြဲခြင်း တရားနဲ့ ပတ်သက်ပြီး ဘယ်လိုမှ ကြိုတင်ပြီး မသိနိုင်တဲ့အတွက် အသေချာဆုံးဖြစ်တဲ့ လက်ရှိအခိုက်အတန့်မှာပဲ ကောင်းမှုအစုတွေကို ကြိုးစားပြုပြီး ဘုရားရှင်များ ဆုံးမသလို မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ပြီး၊ ကိုယ့်စိတ်ကိုကိုယ် ဖြူစင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေး တိုက်တွန်းလိုက်ရပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ