မေတ္တာတရား ထားကြည့်ကြပါ


မေတ္တာဆိုတာ အကျိုးလိုလားခြင်းပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ကောင်းတဲ့အကျိုးလေးတွေ ဖြစ်စေချင်တာ၊ ကောင်းတာလေးတွေ သိစေချင်တာ၊ ရစေချင်တာ၊ မကောင်းတာတွေကနေ ရှောင်ကြဉ်စေချင်တာ စတာတွေဟာ မေတ္တာရဲ့ သဘောပဲ ဖြစ်ပါတယ်။ သတ္တဝါတိုင်းဟာ ဒီလို အကျိုးလိုလားတဲ့ မေတ္တာလေးတွေ ထားကြည့်ကြဖို့ လိုပါတယ်။ ဒါဟာ ငွေကုန်ကြေးကျ များသွားတဲ့ အလုပ်မဟုတ်ပါဘူး။ စိတ်ကလေးနဲ့ပဲ ဖြစ်ဖြစ် သူ့အကျိုးကို လိုလားကြည့်ကြဖို့ လိုပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့သူတွေ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေ၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်နိုင်ငံသား၊ ကိုယ့်တိုင်းရင်းသားများရဲ့  အကျိုးတစ်မျိုးမျိုးကို ဖြစ်စေချင်တာဟာ ဒါလည်း မေတ္တာရဲ့ သဘောပဲ ဖြစ်ပါတယ်။

မေတ္တာတရားဟာ သတ္တဝါတိုင်းအတွက် အရေးတကြီး ရှိထားသင့်တဲ့ တရားပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်ဦးနဲ့တစ်ဦး အကျိုးလိုလားတဲ့ ဒီမေတ္တာတရား မထားနိုင်ဘူးဆိုရင် အပြစ်တွေပဲ ဖြစ်စေချင်ပြီး အဲဒီနောက်ကွယ်မှာ အကျိုးသက်ရောက်မှုတွေဟာလည်း မကောင်းတာတွေပဲ ဖြစ်ပေါ်စေတတ်လို့ပဲ ဖြစ်ပါတယ်။ သတ္တဝါတွေဟာ တစ်ဦးနဲ့တစ်ဦး အကျိုးလိုလားနေကြမယ်ဆိုရင် တစ်ယောက်အပေါ်တစ်ယောက် ဒုက္ခရောက်အောင်လည်း လုပ်ဖြစ်ကြမှာ မဟုတ်ပါဘူး။ အဲဒီလို အားလုံးက ကိုယ်ဆီမေတ္တာလေးတွေ ထားပေးနိုင်ကြမယ်ဆိုရင် လောကမှာ အကျိုးမဲ့ဆိုတာ ရှိမှာတောင် မဟုတ်ပါဘူး။

တစ်စုံတစ်ယောက်ရဲ့ အကျိုးကို လိုလားတဲ့ စိတ်ရှိနေသူဟာ မေတ္တာတရား ကိန်းနေတဲ့သူဖြစ်တဲ့အတွက် သူ့သန္တာန်မှာ ပူလောင်တဲ့ ဒေါသတရားလည်း လျော့နည်းနေတော့တာ ဖြစ်ပါတယ်။ မေတ္တာဟာ ဆန့်ကျင်ဘက် ဒေါသကိုလည်း ပယ်ဖျောက်စေတတ်တာ ဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်ရဲ့ အကျိုးကို လိုလားနေသူဟာ ဒေါသကို အခြေခံပြီး ဖြစ်ပေါ်လေ့ရှိတတ်တဲ့ မကောင်းကြံတာ၊ မကောင်းပြောတာ၊ မကောင်းလုပ်တာတွေလည်း မလုပ်ဖြစ်တော့ပါဘူး။ သူများမကောင်းကြံတာ၊ သူများမကောင်းကြောင်း ပြောဆို၊ လုပ်ကိုင်ကြတယ်ဆိုတာ တကယ်တော့ မေတ္တာတရား ခေါင်းပါးလို့ပဲ ဖြစ်ပါတယ်။ မေတ္တာနည်းရင် ဒေါသအားကြီးတတ်ပြီး ဒေါသများတဲ့သူဟာ အကျိုးမဲ့တွေကိုပဲ ပြုလုပ်စေတတ်တာ ဖြစ်တဲ့အတွက် သတ္တဝါတိုင်းဟာ မေတ္တာတရားလေးတွေ ကိန်းနေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

 မေတ္တာတရားဟာ ကိုယ့်အကျိုးကို မျှော်လင့်ခြင်း မဟုတ်ဘဲ သူ့အကျိုးကို လိုလားခြင်း ဖြစ်တဲ့အတွက် မေတ္တာထားတဲ့ သူတွေဟာ အပူအပင် ကင်းနိုင်ကြပါတယ်။ သတ္တဝါတွေ ပင်ပန်းကြတယ်ဆိုတာ အလုပ်လုပ်တဲ့ အခါတိုင်း အကျိုးကို မျှော်လင့်နေမိတဲ့အတွက် အဲဒီမျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ပင်ပန်းကြခြင်း ဖြစ်ပါတယ်။ မေတ္တာစိတ်ဟာ တစ်ဦးတစ်ယောက်ဆီက အကျိုးရလာဘ်ကို မျှော်လင့်ခြင်း မဟုတ်ဘဲ တစ်ဦးတစ်ယောက်ရဲ့ အကျိုးကိုသာ ဖြစ်စေလိုခြင်းပဲ ဖြစ်တဲ့အတွက် အများအကျိုးရှိလေ မေတ္တာသမားရဲ့ စိတ်မှာဝမ်းသာလေပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဘဝမှာ သတ္တဝါတွေဟာ တစ်ဦးအပေါ်တစ်ဦး အကျိုးလိုလားတဲ့ စိတ်လေးတွေနဲ့ ပြောဆိုဆက်ဆံ ပြုမူကြမယ်ဆိုရင် အလိုလိုနေရင်း မေတ္တာ တရားလေးတွေ ဖြစ်ပေါ်နေကာ၊ မေတ္တာရဲ့ အစွမ်းကြောင့်ပဲ တစ်ဦးနဲ့တစ်ဦး အကျိုးပြုနေမိတာ ဖြစ်တဲ့အတွက် လူတိုင်းလူတိုင်းဟာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံပြီး မေတ္တာ မထားနိုင်တာတောင်မှ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦး အကျိုးလိုလားတဲ့ စိတ်လေးတွေနဲ့ ကြံစည်၊ ပြောဆို၊ ပြုမူ ဆက်ဆံကာ မေတ္တာတရား ထားနိုင်အောင် ကြိုးစားသင့်ကြပါတယ်။ 

Read more »

ပုထုဇဉ်မို့လည်း ရုန်းထွက်ကြဖို့ပါ


ပုထုဇဉ် ဆိုတာ ကာမဂုဏ် အာရုံတွေမှာ ပျော်မွေ့တတ်တဲ့ သတ္တဝါတွေပါ။ အဲဒီ ပုထုဇဉ်တွေရဲ့ စိတ်အစဉ်ဟာလည်း ကုသိုလ်တရားထက် အကုသိုလ်တရားတွေမှာ၊ မကောင်းတဲ့ အာရုံတွေမှာပဲ ပျော်မွေ့တတ်တဲ့ သဘောရှိပါတယ်။ ဒီလိုဆိုတော့ ငါတို့တွေဟာ ပုထုဇဉ်တွေပဲဆိုပြီး ကာမဂုဏ်တွေမှာပဲ လိုက်စားနေတာ၊ မကောင်းတဲ့ အာရုံတွေမှာပဲ ပျော်မွေ့နေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ တတ်နိုင်သမျှ ဒီအာရုံတွေက ရုန်းထွက်နိုင်အောင် ကြိုးစားရမှာပါ။ ရုန်းထွက်တယ်ဆိုတာ အဲဒီလို မကောင်းတဲ့ စိတ်အတွေးကစပြီး ရုန်းထွက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ အတွေးတွေ၊ မကောင်းတဲ့ အပြောတွေ၊ မကောင်းတဲ့ အလုပ်တွေကနေ ရုန်းထွက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ 

ပုထုဇဉ်သဘာဝ စိတ်မှာ မကောင်းတဲ့ အတွေးအကြံတွေ ဖြစ်နေတာကို မပယ်နိုင်သေးရင်တောင်မှ အဲဒီ စိတ်အတွေးကနေ ပါးစပ်နဲ့ ပြောဖြစ်တဲ့အထိ၊ လက်တွေ့ လုပ်ဖြစ်သွားတဲ့အထိ မရောက်အောင်တော့ လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို မကောင်းတဲ့ အလုပ်တွေကနေ ရုန်းထွက်နိုင်အောင် လေ့ကျင့်တာဟာ ဗုဒ္ဓအလိုအကျ ကြိုးစားလေ့ကျင့်နည်းပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓဘုရားရှင်က ကြိုးစားအားထုတ်မှု ဝိရီယ တရားနဲ့ ပတ်သက်ပြီး 
မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားတွေ မဖြစ်ပေါ်အောင်
ဖြစ်ပြီးသား အကုသိုလ်တရားတွေ ထပ်ပြီးမဖြစ်အောင်
မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင်
ဖြစ်ပေါ်ပြီး ကုသိုလ်တရားတွေ ပိုပြီးတိုးပွားအောင် ကြိုးစားလေ့ကျင့်ခြင်းဟာ သမ္မာဝါယမ - မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုလို့ မိန့်တော်မူပါတယ်။

ဒါကြောင့် ပုထုဇဉ်မို့ ဒီလို ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကာမဂုဏ်အာရုံတွေမှာ အလွန်အကျူး လိုက်စားတာတွေ မကောင်းတဲ့ အာရုံတွေမှာ ပျော်မွေ့နေတာတွေ၊ မကောင်းမှု အကုသိုလ် အလုပ်တွေမှာ ဆက်ကာဆက်ကာ လုပ်ဖြစ်နေတာတွေဟာ သံသရာကို ရှည်စေပြီး ဒုက္ခကို ဝေစေတတ်တဲ့အတွက် ပျော်ပေမယ့်၊ ကြိုက်ပေမယ့်၊ တပ်မက်နေပေမယ့် ဒီအလုပ်တွေကနေ တဖြည်းဖြည်း ရုန်းထွက်နိုင်အောင်တော့ ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း လွတ်မြောက်မှုဆိုတာကို ရရှိခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ 

တကယ်တော့ အရိယာဆိုတာ ပုထုဇဉ်အဖြစ်ကနေ  ရုန်းထွက်သွားနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ ပုထုဇဉ်များ လုပ်လေ့ရှိတဲ့ အလုပ်တွေကနေ ရုန်းထွက်သွားကြတဲ့ ပုဂ္ဂိုလ်မြတ်တွေပဲ ဖြစ်တဲ့အတွက် အရိယာအစစ် မဖြစ်နိုင်သေးတောင်မှ ပုထုဇဉ်အလုပ်တွေကနေ ဘာပဲဖြစ်ဖြစ် ရုန်းထွက်နိုင်အောင်တော့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

Read more »

နှလုံးသားဝယ် ဘုရားတည်


တစ်ခါက မိခင်တစ်ဦးက သမီးငယ်ကို ဘုရားဆွမ်းတော်ကပ်ဖို့ ပြောပြီးအပြင်ထွက်သွားပါတယ်။ သမီးက ဘုရားဆွမ်းတော်ကို ခွက်သေးသေးလေးတွေနဲ့ပဲ တင်ထားလိုက်ပါတယ်။ မိခင်ကြီးပြန်လာလို့ တွေ့တဲ့အခါ “သမီးရယ် ဘုရားဆွမ်းတော်ကို ဘာကြောင့်ခွက်သေးသေးလေးတွေနဲ့ ကပ်ရတာလဲ၊ အိမ်မှာမရှိတာလဲမဟုတ်၊ အားလုံးပြည့်စုံနေတာပဲ”လို့ ဆိုတော့ သမီးဖြစ်သူက “အို … အမေကလည်း ဘုရားက တကယ်မှ မဘုဉ်းပေးတာပဲ သေးသေးလေးနဲ့ ကပ်လည်း ဘာမှ မဖြစ်ပါဘူး”လို့ ပြန်ပြောသတဲ့လေ။ အဲဒါပါပဲ။ နှလုံးသားမှာ ဘုရားမတည်ဘူးဆိုတာ။ နှလုံးသားမှာ ဘုရားတည်ထားတဲ့ သူဆိုရင် ဒီလိုစကားမျိုး ပြောဖို့တောင် စိတ်ကူးရှိမှာ မဟုတ်ပါဘူး။ ဘုရားကို လှူဒါန်းနေရတာကိုက ပီတိဖြစ်ပြီး သဒ္ဓါတရားတွေ တိုးနေတာပါ။ နှလုံးသားမှာ ဘုရားမတည်တော့ အဲဒီတလွဲအတွေးတွေ တွေးမိကြတော့တာပါပဲ။ ဗုဒ္ဓဘာသာတွေ ဘုရားတည်တယ်ဆိုတာ အပြင်ပိုင်းတွေမှာ လိုက်ပြီးတည်နေဖို့ထက် နှလုံးသားမှာ ဘုရားတည်တတ်ဖို့ လိုပါတယ်။ အပြင်မှာ ဘုရားတည်တယ်ဆိုရင် မြေဝယ်ရမယ်၊ ငွေလိုတာ၊ အုပ်၊ ဘိလပ်မြေ၊ သံ စတာတွေ လိုနေဦးမယ်။ နှလုံးသားမှာ ဘုရားတည်ဖို့အတွက် ငွေတွေ၊ အုပ်တွေ၊ မြေတွေ၊ သံတွေ စတာ မလိုပါဘူး။ သဒ္ဓါတရားရယ်၊ ပညာတရားရယ်၊ ဝီရိယ တရားရယ်ပဲ လိုပါတယ်။ ဒါကြောင့် နှလုံးသားမှာ ဘုရားတည်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ 

(တိပိဋကယောဆရာတော်ရဲ့ “ နှလုံးသားဝယ် ဘုရားတည် ”စာအုပ်မှ ကိုးကားဖော်ပြပါသည်။)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ