အတ္တရဲ့ သားကောင်များ

 ပုထုဇဉ် သတ္တဝါဆိုတာ တကယ်တော့ ငါဆိုတဲ့ အတ္တရဲ့ သားကောင်များပဲ ဖြစ်ပါတယ်။ အတ္တရဲ့ စေရာနောက် တကောက်ကောက် လိုက်နေရင်း အတ္တကနေ ရုန်းမထွက်နိုင်ကြပဲ ဖြစ်နေကြရပါတယ်။ အတ္တအစွဲများကြောင့် အမှားများကို လုပ်ပြီးရင်းလုပ်ရင်း ဖြစ်နေကြရပါတယ်။ အတ္တလေး ပျော်ရွှင်နေစေဖို့အတွက် လုပ်လိုက်ရတဲ့ အလုပ်တွေက မဟုတ်တာတွေကော ဟုတ်တာတွေကိုပါ ရှုပ်နေအောင် လုပ်နေကြရတော့တာ ဖြစ်ပါတယ်။ တစ်ချို့လည်း အတ္တလေး ပျော်ရွှင်ဖို့အတွက် အာရုံကောင်းတွေရအောင် ကြိုးစားကြသလို တစ်ချို့လည်း အတ္တကြောင့် ဒုက္ခရောက်ရတယ်ဆိုကာ အတ္တကို ပင်ပန်းအောင် လုပ်နေတတ်ကြပြန်ပါတယ်။ ငါဆိုတဲ့ အတ္တတွေ ရှိနေသမျှ အဲဒီအတ္တကို ဘယ်လိုပဲ ပျော်အောင်လုပ်လုပ်၊ အတ္တကို ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲအောင် လုပ်လုပ် နောက်ဆုံးရရှိသွားတဲ့ ရလာဘ်က ဒုက္ခဆိုတဲ့ ဆင်းရဲခြင်းပဲ ဖြစ်နေကြပါတယ်။ ပိုဆိုးတာက အဲဒီအတ္တကို အလွန်အကျွံ ပျော်ရွှင်အောင် လုပ်မိရာက၊ အတ္တကို အတိုင်းထက်အလွန် ပင်ပန်းဆင်းရဲအောင် လုပ်မိရာက အစွန်းရောက်ကုန်တဲ့အထိ ဖြစ်သွားကြတာပဲ ဖြစ်ပါတယ်။ 

 ဘုရားရှင်ကတော့ အဲဒီလို အတ္တကို ပျော်အောင်လုပ်တဲ့ အစွန်းရောက်တဲ့ အကျင့်ကို ကာမသုခလ္လိကာနုယောဂ - (ကာမဂုဏ်အာရုံတွေမှာ အလွန်အကျွံ လိုက်စားတဲ့ အကျင့်) လို့ မိန့်တော်မူပြီး အတ္တကို ဆင်းရဲစေတဲ့ အစွန်းရောက် အကျင့်ကို အတ္တကိလမထာနုယောဂ (ကိုယ့်ကိုယ်ကို အလွန်အကျွံ ပင်ပန်းဆင်းရဲအောင် ကျင့်တဲ့ အကျင့်) လို့ မိန့်တော်မူပါတယ်။ နှစ်ခုလုံးဟာ အတ္တကို အခြေခံထားတဲ့ အကျင့်တွေ ဖြစ်တဲ့အတွက် မမှန်ကန်တဲ့ အစွန်းရောက် အကျင့်လို့ မိန့်တော်မူခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲ ကျင့်ကျင့် ဒီအကျင့်တွေဟာ ငါဆိုတဲ့ အတ္တကို အကြောင်းပြုပြီး အတ္တရဲ့စေရာနောက် တကောက်ကောက်လိုက်ကာ လုပ်နေကြရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ငါဆိုတဲ့ အတ္တလေးကလည်း သတ္တဝါတွေကို အတော်ဒုက္ခပေးတတ်ပါတယ်။ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့အသိုင်းအဝိုင်းအတွက် စသဖြင့် ငါကိုရှေ့တန်းတင်ပြီး အဲဒီငါတွေကြောင့်ပဲ အမှားများနဲ့ မတရားများကို တစ်ခုပြီးတစ်ခု လုပ်နေကြတော့တာ ဖြစ်ပါတယ်။ အတ္တစွဲတွေကြောင့်ပဲ မြင်ချင်တာတွေ၊ ကြားချင်တာတွေ၊ နံချင်တာတွေ၊ စားချင်တာတွေ၊ တွေ့ထိချင်တာတွေ နောက်ကို မဆုံးနိုင်အောင် လိုက်နေကြတော့တာ ဖြစ်ပါတယ်။ ငါဆိုတဲ့ အစွဲက ရှိနေကြတဲ့အတွက် ငါလုပ်တာမှ မှန်တယ်၊ ငါပြောတာမှ မှန်တယ်၊ ငါမှအဟုတ်၊ သူမဟုတ် စတဲ့ ခံယူချက်တွေနဲ့ ငါမှငါဆိုတာတွေက လွှမ်းမိုးနေကြတော့တာ ဖြစ်ပါတယ်။ တစ်ခါတလေ ငါလုပ်တာ မှားနေတာတောင်မှ ငါကခံနေတော့ အမှန်ကို ဝန်မခံနိုင်ဘဲ အမှားလမ်းပေါ်မှာ မထူးဇာတ် ခင်းဖြစ်ကြတာတွေကလည်း အများကြီးပဲ ဖြစ်ပါတယ်။ 

 ငါဆိုတဲ့ အတ္တဟာ သတ္တဝါတွေကို အမှားတွေမှာလည်း ပျော်နေစေတတ်သလို မတရားတာတွေမှာလည်း ဖျော်ဖြေနေတတ်စေပါတယ်။ အတ္တက သတ္တဝါတွေကို ကုသိုလ်လုပ်တာတောင်မှ ငါ့မို့လို့ လုပ်နိုင်တာ၊ င့ါလောက်ဘယ်သူမှ မလုပ်နိုင်ဘူး၊ သူထက်ငါက ပိုလုပ်နိုင်တယ်စတဲ့ မာနတွေကိုလည်း ဖြစ်စေတတ်သလို၊ ငါကောင်းတာလုပ်နေတာပဲ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး၊ ငါလုပ်တဲ့ ကောင်းမှုဟာ နင်တို့လို သူတွေအတွက် မဖြစ်စေရဘူး စတဲ့ ကောင်းမှုကုသိုလ်ကို အကြောင်းပြုပြီး မကောင်းတဲ့ မာနလေးတွေကို ဝင်စေတတ်ပါတယ်။ ဒါဟာ အတ္တက ကောင်းတဲ့အလုပ်ကို အကြောင်းပြုပြီး ကိလေသာတွေ မလျော့ပါးဘဲ မာန၊ ဒေါသစတဲ့ ပူလောင်မှုတရားတွေအထိ ဖြစ်သွားစေတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမှုကုသိုလ် လုပ်တဲ့အခါမှာလည်း အတ္တကိုခွာပြီး သံသရာက ထွက်မြောက်ရာ ကုသိုလ်မျိုးဖြစ်ဖို့အတွက် အလှူပေးပုဂ္ဂိုလ်ဆိုတာ မမြဲ၊ အလှူပစ္စည်းဆိုတာလည်း မမြဲ၊ အလှူခံပုဂ္ဂိုလ်ဆိုတာလည်း မမြဲတဲ့ သဘောကို ဘာဝနာနဲ့ ဆင်ခြင်ကာ ပြုလုပ်သင့်ကြောင်း အဲလိုမှမဟုတ်ရင် ကုသိုလ်လုပ်နေတာတောင်မှ ငါဆိုတဲ့ အတ္တက ချယ်လှယ်သွားတတ်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။ 

 အမှန်တော့ ငါဆိုတဲ့ အတ္တဟာ သဘာဝအားဖြင့် ရှိလည်းမရှိသလို ရှိလည်းမရှိသင့်ပါဘူး။ ရှိနေရင်လည်း တဖြည်းဖြည်း နည်းပါးသွားအောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ဘယ်သူတွေက ငါပါလို့ဘယ်လိုပဲ ပြောပြော တကယ်တမ်းကျတော့ ငါဆိုတာ၊ ငါ့ပိုင်ဆိုတာ ဘာတစ်ခုမှ မရှိတဲ့အတွက် အားလုံးဟာ အတ္တမဟုတ်၊ အနတ္တဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ ငါလို့ထင်နေကြတဲ့ အဲဒီငါဟာလည်း အရင်းစစ်တော့ နာမ်ရုပ်အစုပဲ ဖြစ်ပါတယ်။ နာမ်အစုက တောင့်တတဲ့အတွက် ရုပ်အစုက လှုပ်ရှားနေခြင်း သက်သက်ပဲ ဖြစ်ပါတယ်။ အဲဒီရုပ်နာမ်အစု လှုပ်ရှားမှုဟာလည်း အမြဲမဟုတ်ဘဲ ဖြစ်ပြီးပျက်၊ ပေါ်ပြီးပျောက် တဒင်္ဂ ခဏလောက်ပဲ ဖြစ်ပါတယ်။ ဒီသဘောကို အမှန်မသိတဲ့ အခါကျတော့ သတ္တဝါတွေဟာ နာမ်ရုပ်အစုကို အတ္တထင်ပြီး ငါစားတယ်၊ ငါးသွားတယ်၊ ငါလုပ်တယ်၊ ငါကိုင်တယ် စတာတွေ ဖြစ်လာကာ ငါမရှိရင် မဖြစ်ဘူး၊ ငါမပါရင် မဖြစ်ဘူး စသဖြင့် တဒင်္ဂကို ထာဝရထင်ရင်း မာနတွေ ဝင်နေကြတာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အားလုံးဟာ သူမဟုတ်၊ ငါမဟုတ် နာမ်နဲ့ရုပ်ပဲ ဖြစ်ပါတယ်။ ဒီသဘောကို သိမှ ငါဆိုတဲ့ အတ္တကို ခွာနိုင်ကြမှာ ဖြစ်ပါတယ်။ 

အတ္တရှိနေရင်၊ အတ္တကို အခြေခံထားရင် အတ္တကို ပျော်အောင်လုပ်နေတဲ့ ကာမဂုဏ်အာရုံတွေမှာ အလွန်အကျွံ လိုက်စားမိတတ်သလို အတ္တကို ပင်ပန်းအောင် လုပ်တဲ့ ကိုယ့်ကိုယ်ကို ညှင်းဆဲတတ်တဲ့ အကျင့်တွေမှာ အလွန်အကျွံ လိုက်စားမိကာ အစွန်းတစ်ဘက်ကို ရောက်သွားစေတတ်တာ ဖြစ်ပါတယ်။ ဒီလို အစွန်းမျိုးတွေ မဖြစ်ဖို့ ကြားဖြစ်တဲ့ အလယ်အလတ် လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို လိုက်နာကျင့်သုံးဖို့ ဘုရားရှင် ဟောတော်မူတာ ဖြစ်ပါတယ်။ အလယ်အလတ်လမ်းစဉ်ဆိုတာ သွားနေတဲ့ လမ်းတွေထဲက အလယ်တည့်တည့် လမ်းမျိုးမဟုတ်ဘဲ အကြောင်းအကျိုး ဆက်စပ်တဲ့ လမ်းစဉ်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်ခြင်း၊ အကြောင်းချုပ်ခြင်းကြောင့် အကျိုးချုပ်ခြင်း သဘောမျိုးကို လိုက်နာကျင့်သုံးတဲ့ အကျင့်ကို အလယ်အလတ်လမ်းစဉ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ စာလိုပြောတော့ မဂ္ဂင်ရှစ်ပါး လမ်းစဉ်လို့ ပြောကြတာ ဖြစ်ပါတယ်။ 

 မဂ္ဂင်အကျင့်ဟာ အယူအစ မှန်ကန်ရေးကို အခြေခံကာ အတွေးမှန်ရေး၊ အပြောမှန်ရေး၊ အလုပ်မှန်ရေး၊ အသက်မွေးမှုမှန်ရေး၊ အားထုတ်မှု မှန်ရေး၊ သတိမှန်ရေး၊ တည်ကြည်မှု မှန်ရေးကို ဖြစ်ပွားစေတဲ့ လမ်းစဉ်ဖြစ်တဲ့အတွက် ဒီအကျင့်တွေကို လိုက်နာကျင့်ကြံနေသူအတွက် ငါဆိုတဲ့ အတ္တစွဲတွေ လျော့နည်းလာစေပြီး အတ္တရဲ့ ချယ်လှယ်မှုကနေ တဖြည်းဖြည်း ခွာထွက်လာစေမှာ ဖြစ်ပါတယ်။ အမြင်အတွေး စတာတွေ မှန်နေရင် အလုပ်အကိုင်အကြံစည် စတာတွေလည်း မှန်နေမှာ ဖြစ်တဲ့အတွက် အမှန်မြင်တဲ့သူတွေ ဖြစ်နေကာ အမှန်မြင်နေရင် တကယ်မရှိတဲ့ ငါအပေါ်မှာလည်း အရှိအတိုင်းသိပြီး ငါဆိုတဲ့ အတ္တရဲ့ သားကောင်အဖြစ်ကနေ ရုန်းထွက်လာနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်က အမြင်မှန်ခြင်း သမ္မာဒိဋ္ဌိဟာ သိပ်အရေးကြီးတဲ့အတွက် ပညာနေရာမှာထားပြီး မဂ္ဂင်တရားမှာ အဦးဆုံးအနေနဲ့ ဟောကြားပေးထားတာ ဖြစ်ပါတယ်။ အမြင်မှန်ကန်မှုရဲ့နောက်မှာ တွေးကြံပြောဆိုလှုပ်ရှားတာတွေဟာ ဆက်တိုက်ဖြစ်ပေါ်စေတတ်တဲ့အတွက် အမြင်မှန်ကန်ရေးဟာ အတ္တခွာရေးအတွက် အဓိကအချက်ဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ 

 ဆိုလိုတာက သတ္တဝါတွေဟာ မသိမှု အဝိဇ္ဇာနဲ့ တွယ်တာမှု တဏှာတွေကြောင့် ငါဆိုတဲ့ အတ္တရဲ့ ချယ်လှယ်မှုအောက်က ရုန်းမထွက်နိုင်ကြပဲ အတ္တရဲ့ သားကောင်းများအဖြစ် အမှားတွေကို ဆက်တိုက်လုပ်နေကြရကြောင်း၊ အတ္တကြောင့်ပဲ ကာမဂုဏ်အာရုံတွေ အပေါ်မှာ တပ်မက်တွယ်တာရင်း အတ္တလေးပျော်အောင် လုပ်နေတတ်ကြသလို၊ ဒီအတ္တကြောင့်ပဲ ဒုက္ခရောက်တာလို့ဆိုကာ အတ္တကို ပင်ပန်းစေတဲ့ အကျင့်လွဲတွေ ကျင့်နေမိခြင်းဖြစ်ကြောင်း၊ တကယ်တမ်း အတ္တကို ခွာစေဖို့ဆိုတာ အကြောင်းအကျိုးကို ဖြတ်နိုင်မှ ကွာစေမှာဖြစ်တဲ့အတွက် အဲဒီအကျင့်နှစ်ခုကို ရှောင်ပြီး အလယ်အလတ် လမ်းစဉ်အကျင့်ကို ကျင့်သုံးကြရမှာ ဖြစ်ကြောင်း၊ မဂ္ဂင်အကျင့်ကို မှန်ကန်အောင် ကျင့်သုံးနိုင်ရင် အတ္တကို အမှန်မြင်ပြီး အတ္တရဲ့ ချယ်လှယ်မှုအောက်က ရုန်းထွက်နိုင်ကြမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။ 

 ဒါကြောင့် ငါဆိုတဲ့ အတ္တအစွဲများကြောင့် အမှားတွေနောက် တကောက်ကောက်လိုက်ကာ အတ္တရဲ့ ချယ်လှယ်မှု အတ္တသားကောင်းများ အဖြစ်မှ ရုန်းမထွက်နိုင် ဖြစ်နေကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ငါဆိုတဲ့ အတ္တဟာ တကယ်မရှိ ရုပ်နာမ်အစုသာ ရှိတယ်ဆိုတဲ့ အသိနဲ့ အရာရာ ငါငါဖြစ်နေကြတဲ့ ကိုယ်ကိုယ့်ကို မှန်ကန်တဲ့ အမြင်နဲ့ မြင်သိနိုင်အောင် ကြိုးစားပြီး အားလုံးဟာ ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်တဲ့ အနတ္တဆိုတဲ့ သဘောကို သတိပြုဆင်ခြင်ကာ ကိုယ်ကိုယ်ကို ငါစွဲတွေဝင်တိုင်း ငါကိုယ်တိုင်လည်း ငါမဟုတ်ဘူးဆိုတဲ့အသိနဲ့ အတ္တရဲ့ သားကောင်များအဖြစ်မှ ရုန်းထွက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း အသိနောက်ကို အကျင့်လိုက်နိုင်အောင် ကြိုးစားဖို့လည်း တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

Facebook က အမေးတစ်ပုဒ် (၈)

Tin Tun Oo (http://www.facebook.com/TINTUNOO.TUNTUN) 
ဆရာတော် သံဃာတော်များအား လျှောက်ထားအပ်ပါသည်။ လူပညာရှိများကိုလည်းဆရာတင်ပါသည်။

 "နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓ" ဟူသာ ဘုရားရှိခိုးကို မည်သို့ရွတ်ဆိုမှ ပါဠိသဒ္ဒါမှန်ပြီး ဌာန်ကရိုင်းကျန မှန်ကန်ပါသနည်း။ 

 ၁။နမောတဿ ဟုတွဲဆိုခြင်းနှင့် နမော တဿ ဘဂ၀တော ဟုခွဲဆိုခြင်း။ 

၂။နမော တဿဘဂ၀တော ဟုဆိုခြင်း။ 

 ၃။နမော တဿ ဘဂ ၀တော ဟုခွဲ၍ဆိုခြင်း နှင့် ဘဂ၀တော ဟုတွဲ၍ဆိုခြင်း။ 

 ၄။အရဟတော ၊ အရ ဟတော နှင့် အ ရဟတော ဟု သုံးဂါထာတွင်တစ်မျိုးစီဆိုခြင်း။ 

 မနာပဒါယီ အရှင်ဝိစိတ္တ (http://www.facebook.com/ashinvicitta) 

 ၁။ နမော တဿဘဂဝတောလို့ ရွတ်ဆိုရင်ပိုသင့်ပါတယ်။  

 ၂။ အဓိပ္ပါယ် အရရွတ်ဆိုမယ်ဆိုရင် တဿဘဂဝတော-ထိုမြတ်စွာဘုရားရှင်အား နမော-ရှိခိုးပါ၏ ဆိုတဲ့ အဓိပ္ပါယ်နဲ့ တဿဘဂဝတောလို့ ရွတ်ဆိုနိုင်ပါတယ်။  

 ၃။ ဘဂဝတောဆိုတဲ့ ပါဠိပုဒ်ဟာ ဝေါဟာရ စကားလုံးတစ်ခု သက်သက်ဖြစ်တဲ့အတွက် ခွဲပြီးမရွတ်ဘဲ ဘဂဝတောလို့ တစ်ပေါင်းတည်း ရွတ်သင့်ပါတယ်။  

 ၄။ သုံးမျိုးလုံးကို အဓိပ္ပါယ်နဲ့တကွ ဂုဏ်ကိုမှန်းပြီး ပူဇော်နိုင်ရင်ပိုကောင်းပါတယ်။  ဒီသုံးမျိုးလုံးဟာ အဖြတ်အတောက်ကွဲတာနဲ့အမျှ အဓိပ္ပါယ်လည်း ကွဲသွားတာဖြစ်ပါတယ်။ အရဟတောဆိုရင် လူနတ်ဗြဟ္မာသတ္တဝါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သောလို့ အဓိပ္ပါယ်ရပြီး အရ ဟတောကတော့ ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်တော်မူပြီးသောလို့ အဓိပ္ပါယ်ရကာ အ ရဟတောကတော့ ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူသောလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဒီသုံးမျိုးလုံးကို အဓိပ္ပါယ်နဲ့တကွ ဂုဏ်ကိုအာရုံပြုပြီး ရွတ်ဆိုနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ 

 နမော တဿ ဘုရားရှိခိုး 
အရဟတော- လူနတ်ဗြဟ္မာ သတ္တဝါ အားလုံးတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်သော အရ ဟတော - အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်တော်မူပြီးထသော အ ရဟတော - စိတ်ကွယ်ရာ အရပ်၌ပင်လျှင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူတတ်ထသော  သမ္မာသမ္ဗုဒ္ဓဿ - သစ္စာလေးတန် တရားမှန်ကို ဆရာမကူ သယမ္ဗူဉာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူတတ်ထသော  တဿ ဘဂဝတော- ဘုန်းတော်အစုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင်အား နမော- ရိုသေမြတ်နိုးမာန်ရိုကြိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

Read more »

ဒုက္ခကို ရင်ဆိုင်ကြည့်ခြင်း


ဒုက္ခဆိုတာကတော့ မွေးလာတာ၊ အိုရတာ၊ နာရတာ၊ သေရတာတွေကိုက ရှောင်လွဲလို့မရတဲ့ ဆင်းရဲတွေ ဖြစ်နေတဲ့အတွက် ကျန်တဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေဆိုတာ ဒီသဘာဝ ဒုက္ခတွေနဲ့စာရင် အသေးအဖွဲလေးတွေလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒုက္ခအစုဖြစ်တဲ့ ရုပ်နာမ်နှစ်ခု ပိုင်ဆိုင်ထားသမျှ ချမ်းသာပါတယ်လို့ ပြောနေတဲ့သူတွေ၊ ပြည့်စုံပါတယ်လို့ ပြောနေသူတွေလည်းပဲ ဒုက္ခတရားတွေက ပြည့်နေကြတာပဲ ဖြစ်ပါတယ်။

ကိုယ်ဆင်းရဲခြင်း ကာယိကဒုက္ခနဲ့ စိတ်ဆင်းရဲခြင်း စေတသိကဒုက္ခဆိုတာ ရုပ်နာမ်နှစ်ခုကို အမှီပြုပြီး ဖြစ်ပေါ်တတ်တာ ဖြစ်တဲ့အတွက် နာမ်ရုပ်နှစ်ခုနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါမှန်သမျှ မလွဲမသွေ ကြုံတွေ့ကြရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို တွေ့ကြုံလာတဲ့အခါမှာ ဒီဒုက္ခကို ဒုက္ခလို့ အမှန်အတိုင်း သိမြင်လက်ခံနိုင်တဲ့သူက သက်သောင့်သက်သာ ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ ဘုရားရဟန္တာ အရှင်မြတ်ကြီးတွေတောင်မှ ခန္ဓာဝန် ဒုက္ခဆိုတာ ရှိနေသေးတော့ သာမန်သူတွေအနေနဲ့ ရုပ်ကိုအမှီပြုပြီး ဒုက္ခဖြစ်တယ်ဆိုတာ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ အဲထူးဆန်းသွားတာကတော့ ဒီခန္ဓာအစုကို အမှီပြုပြီး ဒုက္ခကို ရင်ဆိုင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒီလို ရင်ဆိုင်လက်ခံနိုင်ဖို့ဆိုရင်  ဖြစ်ပေါ်လာတဲ့ အမည်သတ်မှတ်ချက် ဒုက္ခအပေါ်မှာလိုက်ပြီး အဲဒီဒုက္ခကို အမှန်အတိုင်း လက်ခံနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ လက်ခံဖို့ဆိုတာ လိုက်ခံစားဖို့မဟုတ်ပါဘူး။ ဒုက္ခကို ဒုက္ခလို့ သိထားဖို့ပဲ ဖြစ်ပါတယ်။ သိရုံနဲ့ ဒီဒုက္ခက လွန်မြောက်မှာလားဆိုတော့ သိရုံနဲ့တော့ မရဘူးပေါ့။ အကြောင်းကိုရှာပြီး ပယ်ကြည့်မှပဲ ရမှာဖြစ်ပါတယ်။ ဒုက္ခဘာကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းကို သိပြီးပယ်ရင် အဲဒီဖြစ်ပေါ်လာမယ့် အကျိုးဒုက္ခဆိုတာလည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

အဓိကကတော့ ဆင်းရဲဒုက္ခမှန်သမျှ အကြွင်းမဲ့ မပယ်နိုင်သေးခင်မှာ လက်ရှိအနေထားအရ ဒုက္ခကို ဒုက္ခလို့ အမှန်အတိုင်းသိပြီး လက်ခံနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လက်ခံနိုင်တယ်ဆိုတာ ပင်ပန်းဆင်းရဲစွာ လိုက်ခံစားပြီး လက်ခံမှုမျိုး မဟုတ်ဘဲ ဒါဟာ ဒုက္ခရဲ့ သဘောပဲလို့ ကိုယ့်ဒုက္ခကို မြင်အောင်ကြည့်ပြီး အသိနဲ့ ခွါနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ဒုက္ခကို ခံစားဖို့မဟုတ်ဘဲ ဒုက္ခကို သိပြီးအပြစ်မဖြစ်အောင် အလိုက်သင့် နေတတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းကတော့ ပစ္စုပ္ဗန်ကာလမှာ အခိုက်အတန့်အားဖြင့် ဒုက္ခကို ရင်ဆိုင်လက်ခံ ခွာကြည့်တဲ့ သဘောပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ကလည်း ဒုက္ခဆိုတာ ပယ်ရမယ့်တရားမဟုတ်ဘဲ အမှန်အတိုင်း သိရမယ့်တရားလို့ မိန့်တော်မူပါတယ်။ တကယ်ပယ်ရမှာက အဲဒီ ဒုက္ခကိုဖြစ်ပေါ်စေတဲ့ တဏှာသမုဒယပဲ ဖြစ်ပါတယ်။ အဲဒီဟာကို ပယ်နိုင်ရင်တော့ ဒုက္ခတရားက အမှန်ငြိမ်းမှာပဲ ဖြစ်ပါတယ်။ လက်တွေ့ပိုင်းမှာ အဲဒီအကြောင်းတရားကို မပယ်နိုင်သေးဘူးဆိုရင်တော့ အကျိုးတရားဖြစ်တဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ဒုက္ခအပေါ်မှာ အမှန်အတိုင်း သိရှိလက်ခံနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ငါ့ကျမှလာပြီး ဒီလိုဒုက္ခမျိုး ဖြစ်ရတယ်ဆိုပြီး ဒုက္ခအပေါ် နာကျင်မှုနဲ့ လိုက်မခံစားဘဲ အဲဒီဖြစ်ပေါ်နေတဲ့ ဒုက္ခကို သိရှိလက်ခံကာ ဒုက္ခကို ဒုက္ခလို့ပဲ မြင်ကြည့်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒုက္ခရဲ့ သဘောအမှန်ကို သိရှိသွားတယ်ဆိုရင် ဒီဒုက္ခအပေါ်လည်း ခံနိုင်ရည် ရှိလာတာပဲ ဖြစ်ပါတယ်။ ခံနိုင်တာဟာ လိုက်ပြီးခံစားတာ မဟုတ်ဘဲ အစစ်အမှန် သဘောသဘာဝကို သိထားတဲ့အတွက် မတုန်မလှုပ် ရင်ဆိုင်လာနိုင်ခြင်း သဘောမျိုးပဲ ဖြစ်ပါတယ်။

ဒုက္ခကို မတုန်မလှုပ် ရင်ဆိုင်နိုင်စေတဲ့ နည်းတွေထဲမှာ မြတ်ဗုဒ္ဓရဲ့ ဝေဒနာကို ဆင်ခြင်တဲ့နည်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဝေဒနာဆိုတာ ခံစားခြင်းကို ပြောတာဖြစ်တဲ့အတွက် ကိုယ့်သန္တာန်မှာ ဘယ်လိုခံစားမှုပဲ ဖြစ်ဖြစ်၊ ကောင်းတာဆိုလည်း ကောင်းတဲ့သဘောကို သိနိုင်အောင်ကြိုးစား၊ မကောင်းတာဆိုလည်း မကောင်းတဲ့ သဘောကို သိအောင်ကြိုးစားပြီး အရှိအတိုင်းလေး ဆင်ခြင်နေဖို့ပဲ ဖြစ်ပါတယ်။ ခံစားချက်ဆိုတဲ့ သဘောက သိရင် အစွဲမရှိဘဲ မသိရင်သာ စွဲနေတတ်တာဖြစ်ပါတယ်။ ကိုယ့်မှာ ဘယ်လို ခံစားချက် ဖြစ်နေတယ်ဆိုတာ မသိလို့ရှိရင် ကောင်းရင်လည်း ကောင်းတဲ့အပေါ်မှာ သာယာတဲ့ လောဘတဏှာလေးနဲ့ လိုက်ခံစားနေတတ်သလို မကောင်းရင်လည်း မကောင်းတဲ့အပေါ်မှာ ဒေါသအဃာတလေးနဲ့ လိုက်ပြီးခံစားနေတော့တာ ဖြစ်ပါတယ်။ တစ်ခါတလေ ဘာခံစားနေမှန်းကို မသိတဲ့ မောဟလေးတွေနဲ့လည်း လိုက်ခံစားနေတတ်ပြန်ပါတယ်။ အဲဒီ မသိမှုနဲ့ လိုက်ခံစားနေသမျှတော့ အဲဒီ ခံစားမှုရဲ့နောက်မှာ ဒုက္ခက သေချာပေါက် ရောက်နေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဒုက္ခတွေ မရောက်ရအောင် ဒုက္ခကို ရင်ဆိုင်တဲ့အခါမှာ အရှိအတိုင်းသိပြီး အမှန်အတိုင်း ဆင်ခြင်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

တစ်လောက ဒကာမတစ်ယောက်နဲ့ တွေ့တော့သူက တပည့်တော် သိပ်ခံစားပြီး ဒုက္ခဖြစ်နေတယ်ဘုရားလို့ လျှောက်ပါတယ်။ ဒါနဲ့သူ့စကားနဲ့ သူကိုပြန်ပြောရပါတယ်။ ဒကာမပြောသလိုပဲ ဒုက္ခဖြစ်နေတာ ဒကာမကိုယ်တိုင်က ခံစားနေလို့ ဖြစ်တာပါလို့ ပြောပြပေးဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ခံစားနေတာဆိုတော့ ခံစားမှုရဲ့နောက်မှာ ဘယ်လိုခံစားမှုပဲဖြစ်ဖြစ် ရောက်လာမှာက ဒုက္ခဆိုတဲ့ ဆင်းရဲခြင်းပဲ ဖြစ်ပါတယ်။ ကောင်းတာလေးတွေဆိုပြီး လိုက်ခံစားကြည့် အဲဒီရဲ့နောက်မှာ ကောင်းတဲ့ခံစားချက်ကြောင့် ဖြစ်ရတဲ့ ဒုက္ခဆိုတာ ရှိကိုရှိနေတာ ဖြစ်ပါတယ်။ ကောင်းတာဆိုပြီး များများခံစားရင်လည်း အဲဒီ ခံစားတာနဲ့အမျှ ဒုက္ခတွေက ကပ်ပါနေတတ်တာ ဖြစ်ပါတယ်။ မကောင်းတာကတော့ အထူးပြောစရာတောင် လိုမယ်မထင်ပါဘူး။ အရင်းစစ်တော့ ခံစားနေလို့သာ ဒုက္ခဖြစ်နေကြတယ်ဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။

ဆိုလိုတာက သတ္တဝါတိုင်း မလိုချင်တဲ့ ဒုက္ခဟာ တဏှာချုပ်ပြီး ဘဝဇာတ်သိမ်းမှပဲ ငြိမ်းမှာဖြစ်ပေမယ့် အဲဒီအချိန်ကို မရောက်ခင် အခိုက်အတန့်မှာ ဒုက္ခလေးတွေ သက်သောင့်သက်သာ ဖြစ်ဖို့အတွက် ဒုက္ခကို လိုက်မခံစားဖို့ ဒုက္ခကို လက်ခံနိုင်အောင် ကြိုးစားရမှာဖြစ်ကြောင်း၊ အစွဲတရားနဲ့ လက်ခံဖို့မဟုတ်ဘဲ အမှန်အတိုင်း သိနိုင်အောင် ကြိုးစားဖို့ ဖြစ်ကြောင်း၊ ဒုက္ခဆိုတာ လိုက်ပြီးခံစားနေလို့ ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲ ဖြစ်ဖြစ် လိုက်ပြီး မခံစားဖို့ လေ့ကျင့်ကြရမှာ ဖြစ်ကြောင်း၊ ခံစားချက်ဆိုတာ မသိရင် စွဲလန်းတတ်တဲ့အတွက် ဘာလိုခံစားမှုမျိုးပဲ ဖြစ်ပေါ်ဖြစ်ပေါ် အမှန်အတိုင်း အရှိအတိုင်း သိနိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ အဲဒီလို ကိုယ်စိတ်အပေါ်မှာ ဖြစ်သမျှကို သိနေမယ်ဆိုရင် အစွဲလျော့လာပြီး အစွဲနည်းရင်း ဒုက္ခလည်း နည်းလာမှာဖြစ်ကြောင်း၊ ဒါဟာ လက်တွေ့ဘဝမှာ ဒုက္ခ ရင်ဆိုင်နည်းတစ်မျိုးပဲ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘဝမှာ ခန္ဓာကိုယ်ကို အကြောင်းပြုပြီးပဲ ဖြစ်ဖြစ်၊ စိတ်ကိုအကြောင်းပြုပြီးပဲ ဖြစ်ဖြစ် ဒုက္ခတွေ ဖြစ်ပေါ်နေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို ဆင်ခြင်ကြည့်ရမှာက ဒီလို နာမ်ရုပ်အစုကို အပိုင်ပြုပြီး မွေးဖွားလာတာကိုက ဒုက္ခကြီးကို ပိုက်ပြီးမွေးထားတာ ဖြစ်တဲ့အတွက် ရုပ်နာမ်ရှိလို့ ဒုက္ခရှိတဲ့အပေါ်မှာ အမှန်အတိုင်း သတိပြုဆင်ခြင်ပြီး နဂိုရှိတဲ့ ဒုက္ခအစုကို ပိုပြီး မကြီးသွားအောင်၊ ရှိနေတဲ့ ဒုက္ခအစုကို သက်သောင့်သက်သာ ဖြစ်သွားအောင် ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ကာ ဒုက္ခကို အမှန်အတိုင်း လက်ခံတတ်တဲ့ အကျင့်လေးနဲ့သာ အစွဲမပါတဲ့ အသိနဲ့ နေနိုင်အောင် ကြိုးစားလေ့ကျင့်ကြရမှာဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။  

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ