နဲနဲလေးတော့ လွဲနေတယ် (၂၆)


လူပုဂ္ဂိုလ်များနဲ့ ပဋ္ဌာန်းဒေသနာတော်
တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာ ပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်းက အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊ အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။

ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆတွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။

မှားလေစွလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ သူတို့ထင်လိုက်မှပဲ ဘုရားရှင်ရဲ့ ဓမ္မဒေသနာတော်ဟာ သတ္တဝါတွေ အတွက် ထိခိုက်စေတဲ့အဆင့်တောင် ဖြစ်ကုန်တော့တာပဲ ဖြစ်ပါတယ်။ သူတို့ထင်လိုက်မှပဲ သတ္တဝါတွေ အကျိုးအတွက် မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓရဲ့ ဒေသနာတော်တွေဟာ အကျိုးမပြုတဲ့သဘော သက်ရောက်သွားသလို ဖြစ်နေပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဒီပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်တော်မူတဲ့ အခါမှာ ကိုယ်တော်မြတ်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတာ၊ ဝါတော် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွရောက်တော်မူပြီး နတ်ပြည်လောကသားတွေ နာကြားနိုင်ဖို့ ဟောကြားတော်မူခဲ့တာတွေဟာ အခုလို ဘာမှမသိတဲ့သူတွေရဲ့ အထင်အမြင် အယူအဆတွေကြောင့် နတ်တွေပဲ မနေနိုင်သလိုလို၊ လူကိုပဲ ထိခိုက်စေသလို လွဲကုန်တော့တာ ဖြစ်ပါတယ်။

အမှန်တော့ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရွတ်သူကိုရော၊ နာသူတွေကိုပါ အကောင်းဆုံး အကျိုးတရားတွေကို ဖြစ်စေတာ အသေအချာပဲ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်ဟာ ရွတ်ဖတ်သူတွေကို လက်တွေ့ဘဝမှာ ရုပ်အဆင်းအင်္ဂါ ကြည်လင်စေလာသလို၊ နတ်ကောင်းနတ်မြတ်တွေရဲ့ ချစ်ခင်မှု၊ စောင့်ရှောက်မှု၊ အများတကာရဲ့  မြတ်နိုးမှုတွေကို ဖြစ်စေတတ်တဲ့အပြင် ပဋ္ဌာန်းကြောင့် နတ်တွေ မနေနိုင် ဖြစ်ရတယ်ဆိုရင်လည်း အဲဒီ နတ်တွေဟာ မကောင်းတဲ့၊ ကိုယ့်ကို ဒုက္ခပေးမယ့် နတ်တွေပဲ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတော်ကောင်းတရားကို သူတော်ကောင်းနတ်တွေကပဲ ချစ်မြတ်နိုးတတ်တာ ဖြစ်တဲ့အတွက် နတ်သူတော်တွေချစ်ခင်ပြီး မကောင်းတဲ့ နတ်တွေ လွင့်စင်စေတာဟာ ပဋ္ဌာန်းဒေသနာတော်ရဲ့ အစွမ်းအာနိသင်ပဲ ဖြစ်ပါတယ်။ ဒီလို ပဋ္ဌာန်းရွတ်လို့ မကောင်းတဲ့ နတ်တွေပျောက်သွားတာဟာ လက်တွေ့ကျတဲ့ သဘောပဲ ဖြစ်တဲ့အတွက် ပဋ္ဌာန်းကြောင့် ဘာဖြစ်တယ်၊ ဘာပျောက်တယ်၊ ဘာထိခိုက်တယ်ဆိုတာ မလိုချင်သူတွေ၊ မကောင်းတဲ့ နတ်တွေရှိနေတာကိုပဲ အလိုရှိနေသူတွေဆိုရင်တော့ ပဋ္ဌာန်းဒေသနာတော်ကို မရွတ်ချင်လည်း နေလို့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဘဝတည်ဆောက်မှုဟာ ယုံကြည်မှု သဒ္ဓါတရားကို ပညာနဲ့ယှဉ်ပြီး တည်ဆောက်ကြရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား စဉ်းစားဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့  ပဋ္ဌာန်းဒေသနာတော်ဟာ ဘယ်သူ့အတွက်ပဲ ရည်ရွယ်ပြီးဟောထားတာ၊ ဘယ်သူမှပဲ ရွတ်ဆိုပူဇော်နိုင်တာဆိုတဲ့ သတ်မှတ်ချက်နဲ့ ဟောကြားထားတာ မဟုတ်ပါဘူး။ ဝေနေယျအများအတွက်၊ ကျွတ်ထိုက်တဲ့သူတွေအတွက် ဟောကြားထားတာ ဖြစ်တဲ့အတွက် ဘယ်သူပဲရွတ်ရွတ်၊ ဘယ်သူပဲနာနာ၊ ဘယ်လိုနေရာမှာပဲရွတ်ရွတ်၊ ဘယ်လိုအချိန်မျိုးပဲ ရွတ်ရွတ် အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်ပါတယ်။ အဓိကတော့ ရွတ်ဖတ်သူရဲ့ စိတ်စေတနာနဲ့ နားကြားသူရဲ့ သဒ္ဓါတရား အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဘယ်သူမဆို စစ်မှန်တဲ့သဒ္ဓါတရားနဲ့ ရွတ်ဆိုနိုင်မယ်ဆိုရင် ရွတ်နိုင်တာနဲ့အမျှ အကျိုးတရားကောင်းတွေ ရရှိနေမှာ ဖြစ်ပါတယ်။ ဘာဖြစ်ချင်လို့ ဘာရချင်လို့ စတဲ့ မျှော်လင့်ချက်နဲ့ ရွတ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ တရားတော်ကို ပူဇော်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အကုသိုလ်အဖြစ် နည်းစေဖို့နဲ့ ကုသိုလ်တရား တိုးပွားစေဖို့ စတဲ့ သဒ္ဓါတရား အခြေခံထားပြီး ရွတ်ဆိုနိုင်မယ်ဆိုရင် ကံတရားဟာ သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အကျိုးပေးမှာက ကံရဲ့အလုပ်ဖြစ်ပြီး လက်တွေ့ကျင့်ကြံ အားထုတ်ရမှာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လူတွေအနေနဲ့ ကိုယ့်နေရာ၊ ကိုယ့်ဝန်းကျင်မှာ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်တဲ့အခါမှာ မရွတ်ကောင်းဘူး၊ ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တဲ့ဆိုတဲ့ အယူအဆတွေဟာ ဘုရားဟောထားတဲ့ အယူအဆတွေ မဟုတ်သလို လက်တွေ့မှာလည်းပဲ အဓိပ္ဗါယ်မရှိတဲ့ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်တဲ့အတွက် ဒီလို အယူအဆတွေကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်နေသူတွေ အနေနဲ့  ဘာသံသယမှ မရှိဘဲ ကိုယ့်ယုံကြည်မှု သဒ္ဓါတရားနဲ့အညီ ကိုယ်ရွတ်ဆိုပူဇော်နေကျ အတိုင်းပဲ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုကို ပြုလုပ်ဖို့နဲ့ ရွတ်ဖတ်တဲ့အခါမှာလည်း စေတနာ၊ သဒ္ဓါတရားကို အခြေခံကာ ဝေနေယျအများ ကျန်းမာစေကြောင်း မေတ္တာလောင်းပြီး  ရွတ်ပူဇော်သမျှ ကုသိုလ်အဖို့ကိုပါ အမျှအတမ်း ပေဝေးကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှလည်း ထိခိုက်မှု မဖြစ်နိုင်သလို ကိုယ့်သန္တာန်မှာလည်း ကုသိုလ်တရား တိုးစေနိုင်တာ ဖြစ်တဲ့အတွက် ဘယ်သူတွေဘာပြောပြော ကိုယ့်စေတနာအတိုင်းသာ ရွတ်မြဲရွတ်ကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး ဟိုစကားဒီစကားကြောင့် သို့လောသို့လော သံသယပွားနေသူများ အနေနဲ့ ဘာမှသံသယ ပွားနေစရာမလိုဘဲ ကိုယ်လိုသလို ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် သဒ္ဓါ၊ စေတနာအပြည့်နဲ့ ကြိုးစားရွတ်ဆိုကြဖို့နဲ့ ဒီပဋ္ဌာန်းကို အိမ်မှာလူပုဂ္ဂိုလ်တွေ အနေနဲ့ မရွတ်ကောင်းဘူးလို့ ထင်နေကြသူတွေ အနေနဲ့လည်း ဒီအယူအဆဟာ ဘုရားဟော မဟုတ်သလို အဓိပ္ဗါယ်မရှိတဲ့ အယူအဆပဲ ဖြစ်တဲ့အတွက် ဒီလိုအယူအဆလွဲကို အမြန်ဆုံး ပြင်ဆင်လိုက်ကြဖို့ အသိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

Read more »

တိပိဋကနဲ့ ကိုရီးယား

စာမရေးဖြစ်တာ အတော်ကြာသွားပြီ ဖြစ်ပါတယ်။ ကြာဆို ပြီးခဲ့တဲ့ ၅လပိုင်း ၂၃ရက်နေ့ကတည်းကနေ ဒီနေ့အထိပါပဲ။ ဒီရက်တွေမှာ ဘုန်းဘုန်းအနေနဲ့ မြန်မာပြည်က ကြွတော်မူလာတဲ့ နဝမမြောက် တိပိဋကဓရ ဆရာတော် ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရနဲ့ အတူရှိနေပြီး ဆရာတော်ရဲ့ တရားပွဲတွေနဲ့ ခရီးစဉ်တွေမှာ အစအဆုံး လိုက်ပါပြီး ကိုရီးယားလို ဘာသာပြန်ပေးနေရလို့ပဲ ဖြစ်ပါတယ်။ တိပိဋကဆရာတော်ဟာ ကိုရီးယားနိုင်ငံသား ထေရဝါဒဆရာတော် ဦးဗုဒ္ဓရက္ခိတရဲ့ ဖိတ်ကြားချက်ကြောင့် ကိုရီးယားနိုင်ငံသားများကို ထေရဝါဒ ဓမ္မများ ဟောကြားပြသပေးတော်မူဖို့ ကြွရောက်တော်မူလာခြင်း ဖြစ်ပါတယ်။ ကိုရီးယား နိုင်ငံသားများ မြတ်ဗုဒ္ဓရဲ့ အစစ်အမှန်တရားတော်များ၊ ပြင်ဆင်ဖြည့်စွက်နုတ်ပယ်ထားခြင်း မရှိဘဲ ဘုရားဟောအတိုင်း လက်ခံကျင့်သုံးနေတဲ့ ထေရဝါဒ ဓမ္မများကို တွေ့ထိခံစားနိုင်ဖို့ ရည်ရွယ်ပြီး ပိဋကတ်တော်နဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချနိုင်တဲ့ တိပိဋကဓရ ဆရာတော်ကို ပင့်ဖိတ်ပြီး တရားဓမ္မ ဟောပြောပြသစေတော်မူတာ ဖြစ်ပါတယ်။

ဒီလို တိပိဋကဓရ ဆရာတော်များနဲ့ အခြားခြား ထေရဝါဒ ရဟန်းတော်များကို ပင့်ဖိတ်ပြီး တရားဓမ္မ ဟောပြပြသစေတဲ့ ဆရာတော် ဦးဗုဒ္ဓရက္ခိတရဲ့ ရည်ရွယ်ချက်ကလည်း အမတန် ဂုဏ်ယူဝမ်းမြောက်ဖွယ် ကောင်းလှပါတယ်။ မဟာယာန ဗုဒ္ဓဘာသာ အခြေခိုင်ထားတဲ့ ကိုရီးယားနိုင်ငံမှာ ထေရဝါဒ ဓမ္မများကို တဖြည်းဖြည်းနဲ့ လူသိများလာအောင်၊ မြတ်ဗုဒ္ဓရဲ့ ဟောကြားချက် အစစ်အမှန်များကို လက်တွေ့သိရှိ ခံစားနိုင်အောင်နဲ့ ထေရဝါဒ ရဟန်းတော်များရဲ့ ဘဝနဲ့ဓမ္မကို လက်တွေ့နဲ့ တစ်ထပ်တည်း သိရှိ သဘောပေါက်သွားအောင် စတဲ့ ဦးတည်ချက်များနဲ့ တိပိဋကဆရာတော်ရဲ့ သာသနာပြု ခရီးစဉ်ကို စီစဉ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆရာတော် ဦးဗုဒ္ဓရက္ခိတက ကိုရီးယားနိုင်ငံသား ယောဂီများကို ပြောကြားခဲ့ပါတယ်။

တိပိဋကဆရာတော်ရဲ့ ဓမ္မခရီးစဉ်တွေမှာ တလျှောက်လုံး အနီးကပ်ရှိနေခဲ့တဲ့ ဘုန်းဘုန်းကတော့ တရားနာလာကြတဲ့ ကိုရီးယားတွေကိုကြည့်ပြီး အတော့်ကို အားရကျေနပ်နေမိခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ တိပိဋကဆရာတော်ရဲ့ ဂုဏ်တော်အစွမ်းတွေရယ်၊ ဆရာတော် ဦးဗုဒ္ဓရက္ခိတရဲ့ တိပိဋကနဲ့ ပတ်သက်တဲ့ ချီးကျူးဂုဏ်ပြုမှုတွေရယ်ကြောင့် တစ်ချို့တစ်ချို့ ကိုရီးယား ယောဂီတွေဟာ တိပိဋက ဆရာတော်ကို ဖူးတွေ့ရတာနဲ့ကို ကျေနပ်ဂုဏ်ယူမိတဲ့အကြောင်း လျှောက်ထားကြပါတယ်။ တစ်ချို့ဆိုရင် တိပိဋကဆရာတော်ကို ဖူးနေရင်းနဲ့တောင် ဝမ်းသာလွန်းလို့ ကျခဲ့ရတဲ့ မျက်ရည်တွေနဲ့ ဖြေမဆည်နိုင်အောင် ဖြစ်သွားတာတွေလည်း ရှိခဲ့ကြပါတယ်။ ထူးထူးခြားခြား ကိုဝန်ဆောင်ထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဆိုရင်လည်း ကလေးမွေးခါနီး ဆရာတော်ကို ဖူးပြီးမှ မွေးပါမယ်ဆိုလို့ ဖူးခွင့်ပေးခဲ့ရပါသေးတယ်။ တိပိဋကဆရာတော်နဲ့ ထေရဝါဒ မြန်မာရဟန်းတော်များက အဲဒီအမျိုးသမီးအတွက် စုပေါင်းပြီး အင်္ဂုလိမာလသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ် ပေးလိုက်ကြပါတယ်။ နောက်နေ့မှာ အဲဒီအမျိုးသမီးဆီက သတင်းကြားရပါတယ်။ ကလေးကို မပင်မပန်းနဲ့ အလွယ်တကူပဲ မွေးဖွားဖြစ်ခဲ့တဲ့အကြောင်း ဒါဟာ ဆရာတော် သံဃာတော်များရဲ့ ကျေးဇူးပဲ ဖြစ်ပါကြောင်း ပြန်ကြားခဲ့ရပါတယ်။

တိပိဋက ဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရရဲ့ ဓမ္မခရီးစဉ်မှာ ကိုရီးယားယောဂီများကို မြတ်ဗုဒ္ဓရဲ့ တရားဦးဒေသနာဖြစ်တဲ့ ဓမ္မစက္က ပဝတ္တနသုတ် ဒေသနာတော်နဲ့ အနတ္တလက္ခဏသုတ် ဒေသနာတော်များကို နေ့စဉ်မပြတ် (၂)ပတ်တိတိ ဟောကြားပို့ချ ပေးခဲ့ပြီး ကြိုကြားကြိုကြား ကိုရီးယား တရားပွဲများနဲ့ မြန်မာဘုန်းတော်ကြီးကျောင်းများမှာ လုပ်ဖြစ်ခဲ့တဲ့ မြန်မာတရားပွဲများ ပါဝင်နေတာ ဖြစ်ပါတယ်။ ကိုရီးယားလူမျိုးများကို အဓိကထား သာသနာပြု ကြွလာတာ ဖြစ်တဲ့အတွက် ကိုရီးယားများရဲ့ အစီအစဉ်အတိုင်းပဲ ဆရာတော်အနေနဲ့ ကြွရောက်ချီးမြောက်ပေးတော်မူခြင်း ဖြစ်ပါတယ်။ ကိုရီးယားတရားပွဲတွေမှာ ဆရာတော်က မြန်မာလိုဟော ဘုန်းဘုန်းက ကိုရီးယားလို ဘာသာပြန်ပေးပြီး နောက်ပိုင်းမှာ အမေးအဖြေ ကဏ္ဍကို ထည့်သွင်းပေးထားပါတယ်။ မြန်မာတရားနာ ပရိတ်သတ်တွေနဲ့ ကွာခြားတာက နိုင်ငံခြားသား အတော်များများဟာ တရားနာပြီးတာနဲ့ မေးခွန်းပေါင်းစုံကို မေးတတ်ကြခြင်းပဲ ဖြစ်ပါတယ်။

တိပိဋက ဆရာတော်ကတော့ တရားဟောရတာထက် အမေးအဖြေလေးတွေ လုပ်ပေးရတာ ပိုပြီး စိတ်ဝင်းစားဖို့ကောင်းကြောင်း မိန့်တော်မူပါတယ်။ ဆရာတော်ရဲ့ ထူးခြားချက်က မေးလာသမျှ မေးခွန်းတွေကို ပိဋကအထောက်အထားများနဲ့ လိုရင်းရောက်အောင် ဖြေကြားပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ တရားနာလာကြတဲ့ ကိုရီးယားယောဂီတွေဟာ ဆရာတော်ရဲ့ ဟောကြားဖြေကြားချက်တွေကို နာယူပြီး “ဒါကြောင့် တိပိဋကလို့ ဆိုတာနေမှာပဲ”ဆိုတဲ့ ခံစားချက်တွေ ကိုယ်စီရှိသွားကြတယ် ဆိုတာကိုတော့ ခေါင်းတညိတ်ညိတ် ဖြစ်နေကြတဲ့ သူတို့ကိုကြည့်ပြီး ဘုန်းဘုန်းသိရှိလိုက်ရပါတယ်။

တကယ်တမ်းကျတော့ တိပိဋကဆိုတဲ့ အသုံးအနှုန်းဟာ ကိုရီးယား ဗုဒ္ဓဘာသာတွေမှာလည်း ပြောဆိုသုံးနှုန်း နေကြတာတွေ ရှိပါတယ်။ တစ်ချို့ ကိုရီးယား ရဟန်းတော်များဆိုရင်လည်း ပိဋကတ်ဆောင်ဆိုတဲ့ ဘွဲ့ထူးတွေနဲ့ ဟောပြောနေကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ပိဋကတ်ဆောင်တွေနဲ့ ဘုန်းဘုန်းတို့ တိပိဋကဓရ ဆရာတော်တွေနဲ့ကတော့ ဘယ်လိုမှကို ယှဉ်လို့မရတာ ဖြစ်ပါတယ်။ မြန်မာပြည်က ပိဋကတ်ဆောင်တွေဟာ အားလုံးသိကြတဲ့အတိုင်း တကယ့်ကိုယ်ပဲ ဉာဏ်ပညာထက်မြက်မှ၊ တကယ်ကိုပဲ ပါရမီပါမှ၊ တကယ့်ကိုပဲ လုံ့လဝီရိယ ပြည့်စုံမှ ဒီလိုဘွဲ့ထူးနဲ့ ထိုက်တန်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း တိပိဋက စာမေးပွဲတွေကိုကြည့်ရင် နှစ်ပေါင်း (၆၀)ကျော် နီးပါးကျင်းပလာခဲ့တာ ဒီနေ့အထိ ပိဋကဆောင် တိပိဋကဓရ ဆရာတော်များအနေနဲ့ (၁၃)ပါးပဲ ပေါ်ထွက်လာနိုင်သေးတာ ဖြစ်ပါတယ်။ အဲဒီလို ခက်ခက်ခဲခဲ ရရှိလာခဲ့တဲ့ ဂုဏ်ဒြပ်နဲ့ အညီပါပဲ မြန်မာထေရဝါဒ တိပိဋကဆရာတော်တွေဟာ အရည်အချင်းရော၊ အရည်အတွက်ပါ ပြည့်စုံနေကြတော့တာ ဖြစ်ပါတယ်။

ကိုရီးယား ယောဂီသူတော်စင်များကတော့ မြန်မာပြည်က တိပိဋကဆရာတော်များရဲ့ အရည်အချင်းကို လက်တွေ့သိရှိသွားပြီးနောက်မှာ “ဒါမှ ပိဋကတ်ဆောင်အစစ်”လို့ အချင်းချင်း ပြောဆိုသွားကြတော့တာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့ အဲဒီလို အသံတွေကြောင့်ပဲ တိပိဋကဆရာတော်ကို ပင့်ဖိတ်တော်မူတဲ့ ဆရာတော် ဦးဗုဒ္ဓရက္ခိတမှာ အားရကျေနပ်နေပြီး “သူဆန္ဒဟာ မြန်မာပြည်မှာ ဒီလို ဗုဒ္ဓဓမ္မတွေအပေါ်မှာ ကျွမ်းကျင်ထက်မြက်ပြီး ဘုရားဟောနဲ့အညီ နေထိုင်ကျင့်သုံး နေကြတဲ့ ဘုရားသားတော်များနဲ့ တပည့်သာဝကတွေ အများကြီးရှိနေတယ်ဆိုတာ သူတို့ကို သိစေချင်တာဖြစ်ကြောင်း၊ ဒီလို ဆရာတော်တွေကို များများပင့်ပြီး ထေရဝါဒ သာသနာကို ကိုရီးယားနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် လုပ်ရမှာ ဖြစ်ကြောင်း” စသဖြင့် မိန့်တော်မူခြင်း ဖြစ်ပါတယ်။

ရှိစေတော့။ ပြောချင်တာက တိပိဋက ဆရာတော်ရဲ့ ကိုရီးယား သာသနာပြု ခရီးစဉ်နဲ့ ကိုရီးယား နိုင်ငံသား ယောဂီသူတော်စင်များရဲ့ ပီတိအမြင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဝိပဿနာ အလုပ်တွေအပေါ်မှာ စိတ်ဝင်တစားလုပ်လာ၊ မြန်မာပြည် သာသနာရဲ့ ထွန်းပြောင်မှုများကို သိရှိလာကြတဲ့ ကိုရီးယားနိုင်ငံသား ဗုဒ္ဓဘာသာ အများဟာ အခုနောက်ပိုင်းမှာ မဟာယာန ဗုဒ္ဓဘာသာရဲ့ ဟောကြားချက်များ၊ ကျင့်စဉ်များထက် ဘုရားဟောတရားတော်များကို ပြင်ဆင်ဖြည့်စွက် နုတ်ပယ်ခြင်း မရှိဘဲ အော်ရဂျယ်နယ်အတိုင်း လက်ခံကျင့်သုံး နေထိုင်ကြတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ ဟောပြောပို့ချမှုများ၊ ကျင့်စဉ်များကို ပိုပြီး စိတ်ဝင်တစားရှိလာ၊ ပိုပြီး လက်တွေ့ကျင့်ကြံနေထိုင်လာကြတဲ့ အကြောင်း သိစေချင်တာ ဖြစ်ပါတယ်။

အခုဆိုရင် တိပိဋကဆရာတော်ဟာ မြန်မာပြည်ကို ပြန်ကြွသွားပြီ ဖြစ်ပေမယ့် ကျန်ခဲ့ကြတဲ့ ကိုရီးယားတွေ ကြားမှာတော့ မြန်မာပြည်က တိပိဋကဓရ ဆရာတော်အကြောင်း၊ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များ အကြောင်းနဲ့ ဗုဒ္ဓတရားတော်နဲ့ တည်ဆောက်ထားတဲ့ မြန်မာလူမျိုးများရဲ့ ဘဝနေထိုင်မှုများ အကြောင်းတွေကတော့ ကိုရီးယားတွေရဲ့ နှုတ်ဖျားမှာ ပြောကောင်းနေကြတုန်းပဲ ဖြစ်ပါကြောင်း ဝမ်းမြောက်စကား မျှဝေပွားရင်း တိပိဋကဆရာတော်ရဲ့ ကိုရီးယားသာသနာပြု ခရီးစဉ်အကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။

Read more »

ဘာရွေးမလဲ

ငွေရယ်၊ ဂုဏ်ရယ်၊ လူရယ်၊ သိက္ခာရယ် ဒီထဲက ဘာကိုရွေးကြမလဲ
ငွေကိုရွေးရင် လူကိုသေးငယ်စေတယ်
ဂုဏ်ကိုရွေးရင် လူကိုဘေးဖယ်စေတယ်
လူကိုရွေးရင် အပူကိုပေးစေတယ်
သိက္ခာကိုရွေးရင် ဣစ္ဆာကိုပေးစေတယ်
သိက္ခာရွေးလို့ ဣစ္ဆာပေးရင် စိတ်ပါအေးပြီး မိစ္ဆာဝေးစေမယ်။

ဟုတ်တယ်။ ငွေးကိုရွေးမိရင် လူဟာအဲဒီငွေကြောင့် အလိုလိုပဲ သေးသိမ်သွားရ၊ သိမ်ငယ်သွားရတတ်သလို ကိုယ့်သဘောအတိုင်း မဖြစ်ဘဲ ငွေသဘောအတိုင်း ဖြစ်စေတတ်တော့တာ ဖြစ်ပါတယ်။ ငွေရှိရင်ဘာမဆို ဖြစ်တယ်လို့ ဆိုတတ်ကြပေမယ့် ငွေရှိအောင် လုပ်ရတဲ့ဒုက္ခရယ်၊ ငွေရှိလာလို့ ဖြစ်ရတဲ့ ဒုက္ခရယ်တွေကလည်း မရှိတောင့်တ ရှိကြောင့်ကျရတဲ့ သဘောကို အပြည့်အဝ ပုံပေါ်စေတော့တာ ဖြစ်ပါတယ်။ ငွေကိုရွေးရင် လူကိုပါ အရေးထားနေရတာတွေ ရှိတတ်တဲ့အတွက်ကြောင့် မလုပ်ချင်တဲ့ အလုပ်တွေအောက်က ရုန်းမထွက်နိုင်အောင် ဖြစ်တတ်တာလည်း အများကြီး ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ငွေမျက်နှာကြောင့် အမှန်တရားပျောက်ပြီး အမှားလမ်းလျှောက်ရတဲ့ သူတွေလည်း အများကြီး ရှိနေကြတာ ဖြစ်ပါတယ်။ ငွေကြောင့် အမှန်ပျောက်ပြီး အမှားရောက်လာတာဟာ ဘဝဟာ သေးသိမ်လာတာပဲ ဖြစ်ပါတယ်။

ဂုဏ်ကိုရွေးမိရင်လည်း လူကိုဘေးဖယ်စေတတ်တာတွေ ရှိပါတယ်။ လောကသတ်မှတ်ချက် ဂုဏ်ပကာသနတွေဟာ အသိတရားမပါရင် ခဏအရှိတရားကို အဟုတ်ထင် လူကိုလူလို့ မမြင်ဘဲ ကိုယ်ကိုယ်ကို မာနဝင်ကာ အများတကာကို မတူသလို မတန်သလို ဆက်ဆံချင်တာတွေလည်း ရှိတတ်ပါတယ်။ ဂုဏ်ကိုခင်ပြီး လူကိုမထင်သလို ပြုမူတာတွေ၊ ဂုဏ်ကိုရွေးချယ်ပြီး လူကိုဘေးဖယ်တာ စသဖြင့် ပြုလုပ်မိတတ်ပါတယ်။ ဂုဏ်ကိုရွေးချယ်မိပြီး နားထင်သွေးရောက်မိတဲ့အခါ အဲဒီသူကို လူတွေက တစ်ခါပြန်ပြီး ဘေးဖယ်ကာ ရှောင်ကြဉ်လာတာတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ တဒင်္ဂ အရှိတရား လောကသတ်မှတ်ချက် ဂုဏ်ပကာသနများကို ရွေးချယ်လွန်းအားကြီးရင် ဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

နောက် လူကိုရွေးချယ်တဲ့ အခါမှာလည်း အပူကို ပေးဝယ်သလို ဖြစ်တတ်တာတွေ ရှိတတ်ပါတယ်။ လူကိုရွေးချယ်မိရင် မူကိုလည်း ဘေးဖယ်မိတတ်ပါတယ်။ လူကိုရွေးချယ်မိတဲ့ သူတွေဟာ အချစ်အမုန်း သံယောဇဉ်ကို အကြောင်းပြုကာ ဆန္ဒာဂတိ၊ ဒေါသာဂတိတွေအထိ လိုက်မိတတ်ပြီး အချစ်ကြောင့် ဖြစ်တဲ့အပူ၊ အမုန်းကြောင်း ဖြစ်တဲ့အပူတွေကို ခံစားရတတ်တာ ဖြစ်ပါတယ်။ သံယောဇဉ်မှန်သမျှ ပင်ပန်းမှုကို ဖြစ်စေတတ်ပေမယ့် လူကိုရွေးချယ်မိတဲ့ သံယောဇဉ်ကတော့ တခြားအပူတွေထက် ပိုပြီး ခံစားရတတ်တာ ဖြစ်ပါတယ်။ လူကိုရွေးချယ်မိတဲ့အတွက် အပူကို ပေးဝယ်မိသလို ဖြစ်တယ်ဆိုတာ အဲဒီလူအပေါ် တွယ်တာမိတဲ့ သံယောဇဉ်ကြောင့်ပဲ ဖြစ်ပါတယ်။ သံယောဇဉ်ဟာ တွယ်တာလေ ပူလောင်လေ ဖြစ်တဲ့အတွက် ရွေးချယ်မှားရင် လေးပါယ် (အပါယ်လေးပါး)သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူကိုရွေးချယ်တာဟာ သံယောဇဉ်ကို ရွေးတွယ်စေသလို ဖြစ်တဲ့အတွက် အပူဆိုတာကိုလည်း ပေးဝယ်နေသလို ဖြစ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။

ရွေးချယ်မှုတွေထဲမှာ သိက္ခာကို ရွေးချယ်မှုကတော့ အခက်ခဲဆုံးနဲ့ အဖိုးတန်ဆုံးပဲ ဖြစ်ပါတယ်။ အကျင့်သိက္ခာကို ရွေးချယ်မှုဟာ ဒီနေ့လိုခေတ်ကြီးမှာ တကယ့်ကိုပဲ မလွယ်ကူတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အကျင့်ပျက် ချစားမှုတွေ များပြားလာတဲ့ ကာလကြီးမှာ အကျင့်သိက္ခာ မြင့်မာအောင် ကြိုးစားရွေးချယ်မှုဟာ ဘာနဲ့မှ နှိုင်းပြလို့မရတဲ့ အတိုင်းအဆမရှိတဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ အကျင့်သိက္ခာပိုင်းကို ရွေးချယ်တဲ့သူတွေဟာ ဒီလိုခေတ်ကြီးမှာ အများက အထင်ကြီး တပ်မက်တတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု အပိုင်းနဲ့ ပတ်သက်ပြီး အားနည်းကောင်း အားနည်းနိုင်ပေမယ့် ဒီရွေးချယ်မှုကြောင့် ဘဝမှာ ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်မှု၊ ယုံကြည်စေနိုင်မှုတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုကတော့ ဖော်မပြနိုင်အောင် ပြည့်စုံစေတာ ဖြစ်ပါတယ်။ အကျင့်သိက္ခာပိုင်းကို အလေးထားသူတွေဟာ အကြောက်တရားလည်း ကင်းဝေးစေပြီး ဘယ်လိုပရိတ်သတ်ထဲမဆို လိုသလို ကျင်လည်ကျက်စားနိုင်တာ ဖြစ်ပါတယ်။ အကျင့်ကောင်းရင် အဆင့်လည်းပြောင်းပြီး အသွင်လည်း ကောင်းစေတော့တာ ဖြစ်ပါတယ်။ အကျင့်သိက္ခာ ပြည့်စုံလာတဲ့ သူတွေအနေနဲ့ လိုချင်တဲ့ အလိုဆန္ဒတွေကို လိုသလို ရရှိခံစားလာနိုင်၊ ဖန်တီးတည်ဆောက်လာနိုင်တာလည်း လက်တွေ့အားဖြင့် အများအပြား ရှိနေကြတာ ဖြစ်ပါတယ်။ အကျင့်သိက္ခာတည်တံ့မှုဟာ ခက်ခဲမှုတွေ ရှိနေပေမယ့် တည်တံ့ရင် တည့်တံ့သလောက် အလိုဆန္ဒတွေလည်း ရောက်လာတော့တာ ဖြစ်ပါတယ်။ တဒင်္ဂ အရှိတရားကို မကြည့်ဘဲ သံသရာနဲ့ ချိန်ထိုးပြီးကြည့်လိုက်မယ်ဆိုရင် အကျင့်သိက္ခာကို ရွေးချယ်ထားသူတွေအတွက် သံသရာဘဝတွေမှာ လိုရာဆန္ဒမှန်သမျှ အမှန်ရနေနိုင်ကြတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တဒင်္ဂအရှိတရားနဲ့ သံသရာနဲ့ချီတဲ့ အရှိတရား ချိန်ထိုးပြီး အကျင့်သိက္ခာပိုင်းကို ရွေးချယ်တာကတော့ အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ရွေးချယ်စရာတွေ များလွန်းလှတဲ့ ဒီနေ့ခေတ်ကြီးမှာ ငွေကိုရွေးချယ်မလား၊ ဂုဏ်ကိုရွေးချယ်မလား၊ လူကိုရွေးချယ်မလား၊ အကျင့်သိက္ခာပိုင်းကို ရွေးချယ်မလားဆိုတာကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပြီး အဲဒီရွေးချယ်မှုရဲ့ တန်ပြန်သက်ရောက်မှုကိုလည်း ကိုယ်ကိုယ်တိုင်ပဲ ရရှိခံစားကြရမှာ ဖြစ်တဲ့အတွက် ဘာရွေးမလဲဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကာ သံသရာနဲ့ချီတဲ့ အမှန်ရွေးချယ်မှုကို လုပ်ကြရမှာ ဖြစ်ပါကြောင်း စစ်မှန်တဲ့ စေတနာနဲ့ အရွေးမှန်အောင် အသိပေးတင်ပြလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ