ဤလောက၌ ပုထုဇင် ပုဂ္ဂိုလ်သတ္တ၀ါ မှန်သမျှသည် သေရမည်ကို ကြောက်ကြ၏။ ထို့ကြောင့်လည်း သေရမည့်ဘေးနှင့် ကြုံကြသည့်အခါ လွတ်ရာလမ်းကို နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေကြခြင်း ဖြစ်၏။ အသက်ရှင်အောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ကြ၏။ သေဘေးနှင့် မကြုံရအောင် အသက်ရှင် ရပ်တည်နိုင်ရေး နည်းလမ်းကို ရှာဖွေကြ၏။ အစာမစားလျှင် သေရမည်ကို ကြောက်ကြသဖြင့် အစာစားကြ၏။ ရေမသောက်လျှင် သေမည်စိုးသဖြင့် ရေသောက်ကြ၏။ ရောဂါကြောင့် သေမည်ကို ကြောက်ကြသဖြင့် ရောဂါမဖြစ်အောင်၊...