Facebook က အမေးတစ်ပုဒ် (၆)

Aye Mya Mya Moe
မေး။ အရှင်ဘုရား သိချင်တာလေတခုရှိလို့ပါဘုရား။
မိုးညှင်းသမ္ဗုဒ္ဓေ ကိုအလုံး 1000 ပုတီးစိပ်ရင် ဆုတောင်းပြည့်တယ်ဆိုတာ ဟုတ်ပါသလားဘုရား။

မနာပ ဒါယီ အရှင်ဝိစိတ္တ
ဖြေ။ ကိုယ်လုပ်ထားတဲ့ ကောင်းမှုကုသိုလ်ရဲ့ အကျိုးပေးချိန်နဲ့ တောင်းဆုပြုထားမှု တိုက်ဆိုင်ကြုံတွေ့သွားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီဘုရားကိုသွားပြီး ဒီလို ပုတီးစိပ်တိုင်း ဆုတောင်းပြည့်နိုင်တာတော့ မဟုတ်ပါဘူး။ ကောင်းမှုနဲ့ မကောင်းမှုဆိုတာ ပြုလုပ်တဲ့သူနဲ့ အကျိုးပေးချိန် တိုက်ဆိုင်မှ၊ အကျိုးပေးခွင့်သာမှ အကျိုးပေးတာ ဖြစ်ပါတယ်။ အကျိုးပေးချိန် မတန်သေးရင် ကောင်းတာတွေ လုပ်နေပေမယ့် မကောင်းတာတွေနဲ့ ကြုံတွေ့နေရတတ်ပြီး မကောင်းတာတွေ လုပ်နေသူတွေလည်း ကောင်းတာလေးတွေ ကြုံနေရတတ်ပါတယ်။ ဒါက ကောင်းမှုမကောင်းမှု အကျိုးပေးချိန် မတန်သေးလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းကံဆိုတာ များများလုပ်ပေးနိုင်လေ ကံကောင်းမှုတွေ များများရောက်လာလေဖြစ်ပြီး ကံကောင်းမှုကြောင့် ကောင်းကျိုးတွေ များများရောက်လာတာဟာ ဆုတောင်းပြည့်တာပါပဲ။

ဒါကြောင့် ဆုတောင်းပြည့်တာ မပြည့်တာ ကံရဲ့အလုပ်ဖြစ်ပြီး ကုသိုလ်ကောင်းမှုလုပ်တာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် သီလကိုအခြေခံတဲ့ ကုသိုလ်ကောင်းမှုသာ များများလုပ်ဖို့ တိုက်တွန်းလိုပါတယ်။

Aye Mya Mya Moe
မေး။ ကျေးဇူးတင်ပါတယ် အရှင်ဘုရား။ မေတ္တာကိုဘယ်လိုပို့ရမလဲ ပြောပြပါလားဘုရား။ တပည်တော်မ အလုပ်ရှာဖို့ ဘယ်လိုပို့ရမလဲမသိ ဖြစ်နေလို့ပါဘုရား။ ဒီမြို့နယ်မှာ ရှိတဲ့နေရာ ၄ ၅ ခုကို ရှာမှာဆိုတော့ မေတ္တာပို့ရအောင်လည်း နေရာအတိအကျ မသိဘူး။ အလုပ်ရှင်လဲ အတိအကျမသိတော့ ဘယ်လိုပို့ရမလဲ မသိဘူးဖြစ်နေလို့ပါဘုရား။ ဘယ်လိုလုပ်ရမလဲ ရှင်းပြပေးပါအုံးဘုရား။

မနာပ ဒါယီ အရှင်ဝိစိတ္တ
ဖြေ။ မေတ္တာပို့ရမယ့် နေရာနဲ့ မေတ္တာပို့ရမယ့် ပုဂ္ဂိုလ်ကို အတိအကျ မသိပေမယ့် အလုပ်ရှာဖို့ မသွားခင် ဒါမှမဟုတ် သွားနေတဲ့အချိန်မှာတော့ ဘယ်နေရာ၊ ဘယ်ကုမ္ပဏီကို သွားမယ်ဆိုတာ ကြိုတင်စဉ်းစားထားပြီး ဖြစ်တတ်ပါတယ်။ အဲဒီလို အချိန်မှာ ကိုယ်သွားမယ့် ကုမ္ပဏီရှိရာ နေရာဒေသဝန်းကျင်ရှိ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များနဲ့ သူတော်ကောင်းများ၊ ပြီးတော့ ကုမ္ပဏီ ပိုင်ရှင်များနဲ့ ဝန်ထမ်းများ၊ ဆိုင်ရာတာဝန်ရှိသူများနဲ့ ကိုယ်နဲ့ရှေးရှေးဘဝ တစ်ခုခုက ပတ်သက်ဆက်နွယ်ဖူးသူများ စသဖြင့် မြင်ဖူးတွေ့ဖူးခြင်း မရှိပေမယ့် စိတ်ကမှန်းပြီး စေတနာအမှန်နဲ့ မေတ္တာပို့ပေးနိုင်ပါတယ်။ မမြင်ဖူး၊ မရောက်ဖူးပေမယ့် အမည်ပညတ် သဘောအားဖြင့် ဘယ်နေရာ၊ ဘယ်ကုမ္ပဏီ၊ ဘယ်ကုမ္ပဏီပိုင်ရှင် ဘယ်ဝန်ထမ်းစတာတွေဆိုတာ အမှန်တကယ် ရှိနေတာတွေဖြစ်တဲ့အတွက် အဲဒီလို အမည်ပညတ်ရှိနေတာတွေကိုပဲ စိတ်ကမှန်းပြီး ပို့သပေးလို့ ရပါတယ်။ မျက်နှာအသွင်အပြင်နဲ့ ပုံရိပ်ကို တိုက်ရိုက်မမြင်နိုင်ပေမယ့် အမည်ပညတ်တွေနဲ့ မှန်းပြီးပို့သပေးလို့ ရပါတယ်။

ဥပမာ အလုပ်သွားရှာမယ့်နေရာကို စရောက်ရောက်ချင်း “ဤအရပ်ဤဒေသဤဝန်းကျင်၌ ရှိကြကုန်သော သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များနဲ့တကွ အားလုံးသော သူတော်ကောင်းအပေါင်း မြင်အပ်မမြင်အပ်တဲ့ ပုဂ္ဂိုလ်သတ္တဝါအပေါင်းကို ကိုယ်နဲ့တစ်သားတည်းထားပြီး ဘေးရန်ကင်းပါစေ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွတ်ဆောင်နိုင်ပါစေ” စသဖြင့် ပို့သပေးနိုင်ပါတယ်။ ကိုယ်နဲ့ထပ်တူစိတ်ထားဖို့ လိုတယ်ဆိုတာက ကိုယ်ဘေးရန်ကင်းချင်သလို သူတို့လည်းကင်းပါစေ၊ ကိုယ်ကိုယ်ဆင်းရဲခြင်း ကင်းချင်သလို သူတို့လည်း ကင်းပါစေ၊ ကိုယ်စိတ်ဆင်းရဲခြင်း ကင်းချင်သလို သူတို့လည်း ကင်းပါစေ စသဖြင့် ကိုယ်နဲ့ယှဉ်ပြီး စေတနာထားကြည့်စေချင်တဲ့ သဘောပဲဖြစ်ပါတယ်။

ပြီးတော့ နေရာအတိအကျ ကြိုတင်သိထားရင်တော့ အဲဒီနေရာကို စိတ်ထဲမှာမှန်းပြီး အကြိမ်ကြိမ် မေတ္တာပို့ထားပေးလို့ ရပါတယ်။ အဲဒီလိုပဲ ကုမ္ပဏီတစ်ခုခုကို သွားတဲ့အခါ သွားမယ့်ကုမ္ပဏီရဲ့ အမည်နဲ့ကုမ္ပဏီပိုင်ရှင်၊ ဝန်ထမ်းများ၊ ဤကုမ္ပဏီနှင့် ပတ်သက်ဆက်နွယ်လျက်ရှိတဲ့ ပုဂ္ဂိုလ်များစသဖြင့် အားလုံးကို စိတ်ကမှန်းပြီး ခုနပြောသလို မေတ္တာပို့ပေးလို့ ရပါတယ်။ တစ်ခုတော့ရှိပါတယ်။ တစ်ခုခုကို လိုချင်လို့ မေတ္တာပို့တဲ့ သဘောသက်ရောက်ပေမယ့် မေတ္တာပို့တဲ့အခိုက်မှာတော့ စိတ်မှာ မျှော်လင့်ချက်အကင်းဆုံးနဲ့ တကယ်ချမ်းသာစေလိုတဲ့ စိတ်စေတနာ သက်သက်နဲ့ မေတ္တာပို့နိုင်အောင် ကြိုးစားသင့်ပါတယ်။ လိုချင်တာရှိလို့ မေတ္တာပို့ပေးတဲ့ သဘောဆိုရင်တော့ အကျိုးသက်ရောက်မှုက ထင်သလောက် မဖြစ်ပေါ်နိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် မေတ္တာပို့တဲ့အခိုက်မှာတော့ စိတ်ကိုအသန့်ရှင်းဆုံးထားပြီး အရိုးရှင်းဆုံးအာရုံပြုမှုနဲ့ ပို့သပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ အဲဒီလို ဖြစ်ဖို့လည်း တိုက်တွန်းလိုပါတယ်။

Read more »

ကိလေသာပယ်ခွါရေးနှင့် သိက္ခာသုံးရပ် အကျင့်မြတ်

ကိလေသာဟူသည် ပူလောင်ခြင်း၊ လောင်မြိုက်ခြင်း၊ ပူဆွေးခြင်း၊ ညစ်နွမ်းခြင်း သဘောရှိ၏။ ကိလေသာတရားများဖြင့် လောင်မြိုက်ခံရသည့် သတ္တဝါများသည် စိတ်အစဉ်ပူလောင်မှု၊ ပူဆွေးမှု၊ စိတ်မချမ်းသာမှုကိုသာ ဖြစ်စေ၏။ သတ္တဝါအများအား လောင်မြိုက်စေ၊ ပူလောင်စေ၊ ညစ်နွမ်းစေသည့် ထိုကိလေသာ တရားများသည် အကျဉ်းအားဖြင့် (၁၀)ပါးရှိ၏။ ထိုကိလေသာဆယ်ပါးမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပဟူသော တရားဆယ်ပါးပင်ဖြစ်၏။ မိမိသန္တာန်တွင် လိုချင်မှုများနေလျှင်၊ စိတ်ဆိုးစိတ်တိုခြင်း စသည့် ဒေါသတရားများနေလျှင်၊ အမှားအမှန်၊ အကြောင်းအကျိုး၊ ကုသိုလ်အကုသိုလ် စသည်ကို မခွဲခြားနိုင်သည့် မောဟတရား အားကြီးနေလျှင်၊ မိမိကိုယ်ကို အထင်ကြီးတတ်သည့် မာနတရား အရှိများနေလျှင်၊ အယူအဆလွဲမှားနေလျှင်၊ ရတနာသုံးပါးနှင့် ကံကံ၏ အကျိုးတရားများတွင် သို့လောသို့လော သံသယများ တိုးပွားနေလျှင်၊ တက်ကြွမှုမရှိ ထိုင်းမှိုင်းတွေဝေ ပျင်းရိခြင်း များနေလျှင်၊ တည်ငြိမ်မှုမရှိ ပြန့်လွှင့်ခြင်းသာ ရှိနေလျှင်၊ မကောင်းမှုအကုသိုလ် လုပ်ရမည်ကို မရှက်ခြင်း၊ မကြောက်ခြင်း သဘောများသာ အဖြစ်များနေလျှင် ထိုသူသည် ကိလေသာတရားများ၏ လောင်ကျွမ်းခြင်းကို ခံနေရခြင်း ဖြစ်သဖြင့် ထိုသူ၏ စိတ်အစဉ်သည် ကြည်လင်ခြင်းမရှိ ညစ်နွမ်းမှုကိုသာ ဖြစ်နေပေ၏။ ထို့ကြောင့် ပူလောင်ညစ်နွမ်းမှုကို ဖြစ်စေသည့် ထိုကိလေသာ တရားများကို ပယ်ခွါနိုင်အောင် ကြိုးစားရမည်ဟု ဆိုခြင်းဖြစ်၏။

ကိလေသာတရားများကို ပယ်ရမည်ဟုဆိုရာတွင် ယေဘုယျအားဖြင့် ကိလေသာတရားကို အကြမ်းစားကိလေသာ၊ အလယ်အလတ်တန်းစား ကိလေသာ၊ အနုစားကိလေသာဟူ၍ အမျိုးအစားသုံးမျိုးခွဲခြား နားလည်ကာ ထိုကိလေသာ အဆင့်အတန်းအလိုက် ဆိုင်ရာအကျင့်တရားများဖြင့် စွမ်းနိုင်သမျှ ပယ်ခွာကြည့်ရမည်သာ ဖြစ်၏။ ထို့သို့ပယ်ခွာရာတွင် သိက္ခာသုံးရပ် အကျင့်မြတ်ကို အသုံးပြုရမည် ဖြစ်၏။ သိက္ခာသုံးရပ်ဟူသည် သီလ၊ သမာဓိ၊ ပညာဟူသည့် အမြတ်တရား သုံးပါးပင်ဖြစ်၏။ ကိလေသာတရားများတွင် အကြမ်းစား ကိလေသာများကို သီလအကျင့်တရား၊ အလတ်စားကိလေသာများကို သမာဓိအကျင့်တရား၊ အနုစားကိလေသာများကို ပညာအကျင့်တရားများဖြင့် ပယ်ခွါကြရမည်သာ ဖြစ်၏။ ကိလေသာမှန်သမျှ အကုန်မကျန်ရအောင် ပယ်ခွာရေးသည် အရိယာတို့၏ မဂ်ဖိုလ်ဉာဏ်ပညာဖြင့်သာ ပယ်ခွာနိုင်မည် ဖြစ်သော်လည်း အတိုင်းအတာတစ်ခု၊ အဆင့်အတန်း တစ်ခုအနေဖြင့် ပယ်ခွာနိုင်ရန်အတွက်ကား သီလအကျင့်၊ သမာဓိအကျင့်များဖြင့်လည်း ပယ်ခွာထားနိုင်ကြမည် ဖြစ်၏။

မှန်၏။ ကိုယ်ကျင့်သီလကို လုံအောင်ထိမ်းထားခြင်းအားဖြင့် လောဘ၊ ဒေါသစသည့် ကိလေသာကြမ်းများကို အကြောင်းပြုကာ ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်မှုကို ဖြစ်ပွားစေနိုင်သည့် မကောင်းမှုများအား မလုပ်ဖြစ်တော့ပေ။ အကယ်၍ သီလမစောင့်ထိမ်းမိပါက လောဘ၊ ဒေါသစသည့် ကိလေသာများ အားကြီးလာလျှင် အသိတရားပျောက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများအထိ ဖြစ်ပေါ်တတ်၏။ လောဘအလျောက်၊ ဒေါသအလျောက် လုပ်မိလုပ်ရာ လုပ်လိုက်မိတတ်၏။ ထင်ရှားကြမ်းတမ်းသည့် ကိလေသာကြမ်းများကို အမှီပြု၍ မကောင်းသည့် ဒုစရိုက်အမှုများကို အဆုံးစွန်အထိ ကျူးလွန်မိတတ်၏။ အကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းထားသူများကား ထိုလောဘဒေါသ စသည့်ကိလေသာများကြောင့် ကံမြောက်သည်အထိ ကျူးလွန်မှုကို မပြုဖြစ်တော့ပေ။ ဤသည်မှာ သီလသိက္ခာအကျင့်က ကိလေသာကြမ်းများကို အထိုက်အလျောက် ပယ်ခွာပေးထားခြင်းကြောင့်ပင် ဖြစ်၏။

ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်စေတတ်သည့် ကိလေသာ တရားများမဟုတ်ဘဲ စိတ်ထဲတွင် တနုံ့နုံ့ဖြစ်နေသည့် ကိလေသာများ၊ စိတ်အတွေးအကြံများများတွင် မကြာမကြာ ဖြစ်ပေါ်နေသည့် ကိလေသာများ၊ မြင်သမျှ၊ ကြားသမျှ အာရုံများတွင် တစ်ထပ်တည်း လိုက်ပြီးစွဲလမ်းကာ ခံစားနေရသည့် ကိလေသာများ စသည်များကိုကား သမာဓိအကျင့်ဖြင့် အတိုင်းအတာ တစ်ခုအထိ ပယ်ခွာထားနိုင်မည်သာ ဖြစ်၏။ သမာဓိအကျင့် တစ်ခုခုကျင့်ပွားခြင်းဖြင့် ထိုအလတ်တန်းစားဖြစ်သည့် ကိလေသာများကို အချိန်အတော်ကြာကြာ ပယ်ခွါထားနိုင်မည်သာ ဖြစ်၏။ သမာဓိအကျင့် အားကောင်းနေသည်နှင့်အမျှ ကိလေသာတရားများကိုလည်း အလွယ်တကူ ပေါ်မလာနိုင်အောင် ပယ်ခွာထားနိုင်မည် ဖြစ်၏။ သမာဓိအကျင့်သည့် ကိလေသာတရားကို အကြွင်းမရှိ ပယ်သတ်နိုင်သည့် အကျင့်မဟုတ်သော်လည်း သမာဓိအားကောင်းနေသမျှ ကိလေသာအားများ လျော့နေမည်ကား အမှန်ပင် ဖြစ်ပါ၏။ သီလအားသည် ကိလေသာကြမ်းများကို အမှီပြု၍ ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်နိုင်သည့် အပြစ်များကို ပယ်ခွာထားနိုင်သကဲ့သို့ သမာဓိအားသည်လည်း ကိလေသာတရားကြောင့် အမျိုးမျိုး ဖြစ်ပေါ်နေတတ်သည့် စိတ်အကြံအတွေးများ၊ အပြစ်များကို အတိုင်းအတာ တစ်ခုအထိ ပယ်ခွာထားနိုင်မည်သာ ဖြစ်ပါ၏။ သို့သော် ကိလေသာတရားများ အကြွင်းမရှိ ပယ်ခွာနိုင်ခြင်းကား မဟုတ်လှပေ။

ကိလေသာမှန်သမျှ အလွန်သိမ်မွေ့လှသည့် ကိလေသာများပါမကျန် အကုန်အစင် ပယ်သတ်နိုင်ရန်မှာကား ပညာတရားဖြင့်သာ ပယ်ခွာနိုင်မည် ဖြစ်၏။ သိက္ခာသုံးရပ်တွင် အမြင့်ဆုံးဖြစ်သည့် ပညာသိက္ခာသည် ကိလေသာတရားများကို အသေးအဖွဲ့လေးမှစ၍ အကြွင်းမရှိ ပယ်သတ်နိုင်သည့် အကျင့်မြတ်ပင် ဖြစ်၏။ ခန္ဓာဉာဏ်ရောက်အောင် အားထုတ်ထားသည့် သတိပဋ္ဌာန်အကျင့်ဖြင့် ရရှိလာသည့် ထိုပညာသိက္ခာသည် သတ္တဝါများအား ပူလောင်စေသည့် ကိလေသာမှန်သမျှ ကိလေသာဟု မထင်ရလောက်အောင် နူးညံ့သိမ်မွေ့လှသည့် ကိလေသာများမှစ၍ အားလုံးကို ပယ်ခွာထားနိုင်၊ ပယ်သတ်သွားနိုင်သည့် အကျင့်သိက္ခာမြတ်ပင် ဖြစ်၏။ ပညာသိက္ခာ၏ ကိလေသာကို ပယ်ခွာမှုသည် အခိုက်အတန့် ပယ်ခွာမှုမျိုး မဟုတ်ဘဲ မည်သည့်အချိန်တွင်မျှ ပေါ်လာမှု မရှိအောင် ပယ်ခွာခြင်းမျိုးဖြစ်သဖြင့် နောက်ဆုံးဖြစ်သည့် အရဟတ္တမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဟုခေါ်သည့် ပညာဉာဏ်ကို ရရှိသွားသူသည် ဘဝသံသရာလည်း ဆုံးသွားပြီဖြစ်ကာ နိဗ္ဗာန်သို့ မျက်မှောက်ပြုသွားသည်သာ ဖြစ်ပါ၏။

ဤသို့ဆိုသော် ကိလေသာမှန်သမျှ အကြမ်းအနုမှစ၍ အားလုံးကို ပယ်ခွာနိုင်၊ ပယ်သတ်နိုင်ရန်အတွက် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်တရားများကို လက်တွေ့လိုက်နာ ကျင့်သုံးကြရမည်မှာ အလွန်ထင်ရှားလှပေ၏။ သီလအကျင့်တစ်ခု၊ သမာဓိအကျင့်တည်းဖြင့် ကိလေသာအားလုံးကို အကုန်အစင် မပယ်သတ်နိုင်သော်လည်း သီလလုံနေခြင်းအားဖြင့် ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်နိုင်သည့် ကိလေသာကြမ်းများကို အတိုင်းအတာတစ်ခုအထိ ပယ်ခွာထားနိုင်ပြီး သမာဓိအကျင့်အားဖြင့်လည်း စိတ်အစဉ်တွင် အမြဲမပြတ် ပူလောင်စေတတ်သည့် ကိလေသာတရားများကို သမာဓိအားကိုလိုက်ကာ အတော်ကြာကြာ ပယ်ခွာထားနိုင်ကြမည်မှာ အမှန်ပင်ဖြစ်ပါ၏။ ထိုသီလ၊ သမာဓိ အကျင့်တရားကို အခြေပြု၍ ပယ်ခွာထားသည့် ကိလေသာတရားများကို နောက်ထပ်တစ်ဖန် မည်သည့်အခါမျှ မပေါ်စေရန်အတွက်ကား ပညာအား၊ အထူးသဖြင့် ဝိပဿနာ သတိပဋ္ဌာန်အကျင့်ကို ကျင့်ကြံသဖြင့် ရရှိလာသည့် ဝိပဿနာ ဉာဏ်ပညာအားဖြင့် အကုန်အစင် ပယ်ခွာနိုင်မည်မှာ ယုံမှားဖွယ် မရှိလှပေ။ အရင်းစစ်သော် ထိုသိက္ခာသုံးရပ်သည် ကိလေသာ အမျိုးအမျိုးကို အဆုံးစွန်အထိ ပယ်ခွာနိုင်မည့် အကောင်းဆုံးသော အကျင့်မြတ်ဖြစ်သည်ဟူသည့် အချက်ပင် ဖြစ်ပါ၏။

ဆိုလိုသည်မှာ “ပူလောင်မှု ကိလေသာတရားများဖြင့် အမြဲမပြတ် နှိပ်စက်ခံနေရသည့် သတ္တဝါများအား ထိုကိလေသာတရားများမှ ပယ်ခွာနိုင်ရေးသည် ပူလောင်မှုကို အေးပေးစေသည့် တန်ဘိုးမဖြတ်နိုင်သည့် အကျင့်မြတ်မှာ သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်းတရားများပင် ဖြစ်ကြောင်း၊ ထိုသိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် အကြမ်းစားကိလေသာ၊ အလတ်စားကိလေသာ၊ အနုစားကိလေသာများကို တစ်စတစ်စ ပယ်သတ်ကြရမှာ ဖြစ်ကြောင်း၊ သိက္ခာသုံးရပ်တွင် သီလသိက္ခာသည် ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်မှုအထိ ဖြစ်ပေါ်စေသည့် အကြမ်းစား ကိလေသာများကို အတိုင်အတာတစ်ခုအထိ ပယ်ခွာပေးနိုင်ပြီး သမာဓိသိက္ခာသည် စိတ်အစဉ်တွင် အမြဲမပြတ် ပူလောင်စေတတ်သည့် မနောကံမြောက် ကျူးလွန်မှုများကို ဖြစ်ပေါ်စေသည့် အလတ်စားကိလေသာများကို သမာဓိအားသို့လိုက်ကာ အတိုင်းအတာတစ်ခုအထိ ပယ်ခွာထားနိုင်မှုကို ဖြစ်စေကာ ပညာသိက္ခာသည်ကား အနုစားကိလေသာများမှစ၍ မည်သို့သော ကိလေသာများကိုမဆို အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်စေမှုကို ဖြစ်စေကြောင်း” စသည်ဖြင့် ဆိုလိုခြင်း ဖြစ်ပါ၏။

ထို့ကြောင့် ဘဝတွင် ကိလေသာ အပူမီးများကြောင့် အမြဲမပြတ် စိတ်ပျက်မှုကို ဖြစ်နေကြသည့် သတ္တဝါများအနေဖြင့် မည်သူမဆို မိမိတို့၏ ဘဝထဲမှ ကိလေသာအလွဲများကို ပယ်ခွာလိုပါက သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့်သာ ဆိုင်ရာအကျင့်တရားဖြင့် ဆိုင်ရာကိလေသာများကို ပယ်ခွာနိုင်အောင် ကြိုးစားရင်း ကိလေသာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်နိုင်မည့် ပညာဉာဏ်များ ရင့်သန်လာသည်အထိ သိက္ခာသုံးရပ် အကျင့်မြတ်ကို တစ်ဆင့်ထက်တစ်ဆင့် မြတ်သထက်မြင့်အောင်သာ ကြိုးစားကြပါဟု အသိပေး တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

Read more »

အောင်မြင်ခြင်း၏ အဓိကပဲ့ကိုင်ရှင် (သို့) အကြီးအမှူးကြီး လေးပါး

ဒကာတစ်ယောက်က “ယခုဘဝတွင် လူတိုင်းအောင်မြင်မှုကို ရနိုင်ပါသလားဘုရား” ဟူသော အမေးတစ်ခုကို မေးဖူး၏။ သူ့အမေးနှင့် ပတ်သက်၍ “အကယ်၍ အတိတ်ကံ မရှိသဖြင့် ထင်သလောက် မအောင်မမြင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပဲ့ကိုင်ရှင်ကောင်းကောင်းသာ ရှိထားလျှင် ထိုပဲ့ကိုင်ရှင်များ၏ ပံ့ပိုးမှုဖြင့် အထိုက်အလျောက် အကျိုးသက်ရောက်မှုကား ရှိနေမည်မှာ အသေအချာပင် ဖြစ်ပါကြောင်း” ယေဘုယျအားဖြင့် ဖြေကြားပေးဖြစ်၏။ ပဲ့ကိုင်ရှင်ဟု ခေတ်စကားဖြင့် တင်စားပြီး ဆိုလိုက်ရသော်လည်း စင်စစ် အောင်မြင်လိုသူများ အဓိကလက်ကိုင် ထားသင့်သည်မှာ အကြီးအမှူတရား လေးပါးပင် ဖြစ်ပါ၏။ ထိုအကြီးအမှူးတရားသည် အောင်မြင်လိုသူများအား အောင်မြင်မှုရအောင် ဘက်ပေါင်းစုံမှ ထိန်းချုပ်ပေးတတ်သည့် သဘောရှိသဖြင့် ဤနေရာတွင် ပဲ့ကိုင်ရှင်ဟု တင်စားလိုက်ခြင်းပင် ဖြစ်ပါ၏။ အကြီးအမှူးဟူသော စကားကို ပါဠိဘာသာတွင် အဓိပတိဟု ဖွင့်ပြ၏။ ပဋ္ဌာန်းဒေသနာတော်တွင် အကြီးအမှူးပြု၍ ကျေးဇူးပြုတတ်သည့် ပစ္စည်းကို အဓိပတိပစ္စည်းဟု ရှင်းပြထား၏။

ပဋ္ဌာန်းဒေသနာတော်သည် အကြောင်းနှင့်အကျိုးကို ဆပ်စပ်ပြတော်မူသည့် ဒေသနာတော် ဖြစ်သည့်အလျောက် အဓိပတိပစ္စည်းနှင့် ပတ်သက်၍လည်း အကြီးအမှူးဟူသည့် ပဲ့ကိုင်ရှင် အကြောင်းကောင်းကြောင့် အောင်မြင်ခြင်းဟူသည့် အကျိုးကောင်းကို ရရှိနိုင်ကြောင်း ကြောင်းကျိုးဆက်စပ်ကာ နားလည်နိုင်မည် ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော် အဓိပတိပစ္စည်းအဖွင့်တွင် ထိုအကြီးအမှူး အဓိပတိတရား လေးပါးရှိကြောင်း ဖွင့်ဆိုရှင်းပြထား၏။ ယင်းလေးပါးမှာ ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိနှင့် ဝိမံသာဓိပတိတို့ပင် ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော် အဖွင့်အရ ဆန္ဒဟုဆိုအပ်သော အဓိပတိသည် ဆန္ဒနှင့်ယှဉ်သော စိတ်စေတသိက် တို့ကိုလည်းကောင်း၊ ထိုဆန္ဒနှင့်ယှဉ်သော စိတ်စေတသိက်လျှင် ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်တို့အားလည်းကောင်း အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုကြောင်း၊ အခြားသော ဝီရိယ၊ စိတ္တ၊ ဝီမံသဟု ဆိုအပ်သော အဓိပတိသည်လည်း ဆိုင်ရာတရားတို့နှင့်ယှဉ်သော စိတ်စေတသိက်တို့ကိုလည်းကောင်း၊ ထိုတရားတို့နှင့် ယှဉ်သောစေတသိက်လျှင် ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်တို့အားလည်းကောင်း အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုကြောင်း စသည်ဖြင့် မှတ်သားနိုင်ကြမည် ဖြစ်၏။

ပဋ္ဌာန်းဒေသနာတော် အဖွင့်အရ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဟူသော အဓိပတိ တရားလေးပါးသည် ထိုတရားလေးပါး လက်ကိုင်ထားသူများအား လိုလားတောင့်တအပ်သည့် ကောင်းကျိုးချမ်းသာများ ပြည့်စုံအောင်မြင်အောင် ပဲ့ကိုင်လမ်းညွန်ပေးနေသည့် အကြီးအမှုးများသဖွယ် ကျေးဇူးပြုပေးနေသည်ကို နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်၏။ စင်စစ်အားဖြင့် ထိုအဓိပတိ တရားလေးပါးသည် ဘုရားအလောင်း သူတော်ကောင်းကြီးများ သန္တာန်တွင် အဖြစ်များပြီး ထိုသူတော်ကောင်းများ၏ ဖြည့်ကျင့်နေသည့် ပါရမီများ လမ်းချော်မသွားအောင် ပဲ့ကိုင်လမ်းညွန် ပေးနေသည့် အကြီးအမှူးကြီးများ ဖြစ်သော်လည်း သာမန်ပုဂ္ဂိုလ်များ အတွက်လည်း ထိုအဓိပတိတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်နိုင်ပါက ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးများနှင့် အောင်မြင်မှုများကို ဧကန်မုချ ရစေနိုင်သည့် အထောက်အပံ့ တရားများပင် ဖြစ်ပါ၏။

မှန်၏။ မည်သူမဆို ဤအဓိပတိတရားလေးပါးကို လက်တွေ့ဘဝတွင် အသုံးချမည်ဆိုပါက ဖြစ်ချင်ခြင်းဆန္ဒ၊ ကြိုးစားအားထုတ်မှု ဝီရိယ၊ စိတ်အစဉ် ကြည်လင်ကောင်းမွန်မှု စိတ္တ၊ အကြောင်းအကျိုး အကောင်းအဆိုးကို ဆင်ခြင်ဆုံးဖြတ်နိုင်မှု ပညာ တရားများအဖြစ် အသုံးချနိုင်မည်သာ ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော်တွင် ဝီမံသာဓိပတိဟု ဆိုသော်လည်း ထိုအဓိပတိ၏ တရားကိုယ်မှာ ပညာပင်ဖြစ်၏။ ထို့ကြောင့် အောင်မြင်ခြင်းအတွက် အဓိကပဲ့ကိုင်ရှင်များဟု ဆိုလျှင် ဆန္ဒ၊ ဝီရိယ၊ စိတ္တနှင့် ပညာတရား ဤလေးပါးပင် ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။ အတိတ်ဘဝ အကြောင်းတရား တစ်ခုခုကြောင့် ကံမကောင်း အကြောင်းမလှမှုများ မည်မျှပင် ရှိနေသော်ငြားလည်း လက်တွေ့ပစ္စုပ္ပန်ဘဝတွင် ဤအဓိပတိတရား လေးပါးကိုသာ အသုံးချလိုက်နာ ကျင့်သုံးနိုင်မည်ဆိုပါက မဖြစ်နိုင်သည့်အရာဟူသည် မရှိနိုင်သည်အထိပင် အကျိုးတရားကို လက်တွေ့ခံစားနိုင်ကြမည်သာ ဖြစ်ပါ၏။

အနည်းငယ် ချဲ့၍ဆိုရသော် လောကလူသားများ အနေဖြင့် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်ပါစေ ရှေးဦးစွာ လိုအပ်သည်မှာ ပြင်းပြသည် ဆန္ဒပင် ဖြစ်၏။ ဆန္ဒ၏ သဘောမှာ လိုချင်ခြင်း ဖြစ်သော်လည်း ထိုလိုချင်ခြင်းသည် လောဘကဲ့သို့ မတရားလိုချင်မှုမျိုး မဟုတ်ဘဲ ကောင်းသည့်အလုပ်များတွင် လက်တွေ့လုပ်ဖြစ်အောင် အထောက်အပံ့ ပြုပေးသည့် ကောင်းသည့်ဆန္ဒပင် ဖြစ်သဖြင့် အလုပ်ကောင်းများဖြင့် အကောင်းလုပ်လိုသူများအား ဤဆန္ဒတရားက ရှေးဦးစွာ ဦးဆောင်မှုကို ပေးထားသည့် ပဲ့ကိုင်ရှင်ပင် ဖြစ်၏။ အလုပ်ကောင်းတစ်ခုခုကို လုပ်မည်ဆိုလျှင် လုပ်လိုသည့် ဆန္ဒမရှိဘဲ ကြိုးစားအားထုတ်မှု ဟူသည်မှာလည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိသဖြင့် အလုပ်တစ်ခုကို လက်တွေ့လုပ်ဖြစ်နိုင်ဖို့အတွက် ဆန္ဒတရားသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေခြင်း ဖြစ်၏။ ဆန္ဒရှိမှ ဝီရိယလည်း ရှိမည်ဖြစ်သဖြင့် ကောင်းသည့်အလုပ်များတွင် ဆန္ဒတရား အဖြစ်များအောင် ကြိုးစား မွေးမြူကြရမည်သာ ဖြစ်၏။

ဆန္ဒတရား ဦးစီးထားလျှင် ကြိုးစားအားထုတ်မှု ဝီရိယ တရားသည်လည်း တဖြည်းဖြည်း တိုးပွားလာနေမည်သာ ဖြစ်၏။ အကြောင်းကြောင့် အကျိုးဖြစ်ခြင်း အပိုင်းတွင် ဆန္ဒသည် အကြောင်းတစ်စိပ်တစ်ဒေသအဖြစ် ဝီရိယကို အထောက်အပံ့ ဖြစ်စေနိုင်သော်လည်း လက်တွေ့တွင် ကြိုးစားအားထုတ်မှု ဝီရိယ၏ အခန်းကဏ္ဍသည် ပို၍ အင်အားကြီးပေ၏။ “ဝီရိယဝတော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ဝီရိယရှိလျှင် မပြီးမြောက်နိုင်သည့် အလုပ်ကိစ္စဟူသည် မရှိနိုင်ကြောင်း” ဆိုသကဲ့သို့ ဝီရိယတရား အကြီးအမှူးထားပြီး လက်တွေ့ကြိုးစား အားထုတ်သူများအား အနည်းဆုံးအနေဖြင့် ဝီရိယအကျိုးကို ခံစားနိုင်ကြစေမည်သာ ဖြစ်၏။ လက်တွေ့အားထုတ်သည့် ဝီရိယတရားက ပဲ့ကိုင်ပေးထားလျှင် အလုပ်လုပ်သူများအား အကျိုးရလာဘ် တရားကို ဧကန်မုချ ရစေနိုင်ကြမည် ဖြစ်သဖြင့် လူတစ်ဦးတစ်ယောက်၏ အောင်မြင်မှုအတွက် ဝီရိယသည် အကြီးအမှူး ပဲ့ကိုင်တရားအဖြစ် အထောက်အပံ့ ပြုနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။

အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုမှာ စိတ္တဟုခေါ်သည့် စိတ်ပင်ဖြစ်၏။ “စိတ္တေန နိယတေ လောကော - လောကကြီးကို စိတ်ကဆောင်သည်”ဟု ဆိုသည့်အတိုင်း အရာရာတွင် စိတ်ကဆောင်ထားပေ၏။ စိတ်မပါလျှင် အလုပ်မလာသကဲ့သို့ စိတ်မရှိလျှင် အလုပ်လည်း မရှိဖြစ်တတ်၏။ စိတ်မကောင်းလျှင် အလုပ်မကောင်းနိုင်သကဲ့သို့ စိတ်ကောင်းလျှင် အလုပ်လည်း ကောင်းနေမည်သာ ဖြစ်သဖြင့် စိတ်စေတနာ ကောင်းရှိရေးသည် လောကသားတို့၏ အောင်မြင်ရေးအတွက် အထူးအရေးကြီးလှပေ၏။ လောကီအလုပ်တွင်ဖြစ်စေ၊ လောကုတ္တရာ အလုပ်တွင်ဖြစ်စေ စိတ်စေတနာက အကြီးအမှူးပြု၍ ဦးစီးထားလျှင် လက်တွေ့လုပ်ဆောင်မှု အပိုင်းများတွင်လည်း စွဲမြဲနေပြီး အကျိုးသက်ရောက်မှု အကောင်းများကို ဖြစ်ပေါ်စေ၏။ ဆန္ဒလည်းရှိ၊ ကြိုးစားမှုလည်းရှိ၊ စိတ်ကလည်း ဆောင်နေမည်ဆိုလျှင် ဘဝတွင် အောင်မြင်မှုရရန် (၇၅)ရာခိုင်နှုန်း သေချာနေပြီဟု ဆိုရမည်ဖြစ်၏။

သို့သော် အပြည့်အဝ အောင်မြင်မှုရရန်အတွက်ကား ဝိမံသဟုခေါ်သည့် ပညာလည်း ရှိထားရန် လိုအပ်ပေ၏။ ဝီမံသာဓိပတိ၌ ဝီမံသအရ ပညာကိုရည်ညွှန်းခြင်းဖြစ်ပြီး မှန်ကန်သည့် ဆန္ဒ၊ မှန်ကန်သည့် ကြိုးစားမှုနှင့် ကောင်းမြတ်သည့် စိတ်အစဉ်ဖြစ်ရန်အတွက်လည်း ပညာက နှိုင်းချိန်ပဲ့ကိုင်ပေးနိုင်ရမည်သာ ဖြစ်၏။ ပညာမပါသည့် ကြိုးစားအားထုတ်မှုသည် အချိန်ကုန်ပြီး ထိရောက်မှု မရှိနိုင်သကဲ့သို့ ပညာနှင့်မယှဉ်သည့် စိတ်၊ ဆန္ဒများသည်လည်း လွဲမှားမှုကို ဖြစ်ပွားစေတတ်ပေ၏။ ထို့ထက်အလွန်ဆိုရသော် ကိလေသာပယ်ခွါရေးအတွက် အဓိကကျသည့် အရာမှာလည်း ပညာပင်ဖြစ်၏။ ထိုပညာကို ဝိပဿနာဉာဏ်ပညာဟုလည်း ဆို၏။ ပဋ္ဌာန်းဒေသနာတော်တွင် ဖွင့်ဆိုပြသည့် ဝီမံသခေါ် ပညာသည် ဘဝအထက်တန်းမြင့်ရေး၊ ဘဝအောင်မြင်ရေးအတွက် ပဲ့ကိုင်ပေးသည့် ပညာမျိုဖြစ်ပြီး ဝိပဿနာအလုပ် အားထုတ်သဖြင့် ရရှိလာသည့် ဝိပဿနာဉာဏ်ပညာသည်ကား ဘဝလွတ်မြောက်ရေး၊ ကိလေသာ ပယ်ခွါရေးကို အကြီးအမှူးပြုပေးသည့် တရားမျိုးဖြစ်၏။ ပညာသည် လောကီလောကုတ္တရာ ဘဝအထွေထွေ တိုးတက်အောင်မြင်ရေးအတွက် အဓိကပဲ့ကိုင်ပေးသည့် အကြီးအမှူးပင် ဖြစ်ပါ၏။

ဤသို့ဆိုသော် အတိတ်အနာဂတ်များအား အသာထားပြီး ယခုပစ္စုပ္ပန် တည့်တည့်တွင်ပင် ကြီးပွားချင်သာ လိုသူများသည် ဖြစ်ချင်သည့် ဆန္ဒ၊ ကြိုးစားအားထုတ်မှု၊ ဝီရိယ၊ ထက်သန်ကောင်းမွန် စွဲမြဲသည့် စိတ်စေတနာ၊ စဉ်းစားနှိုင်းချိန်နိုင်သည့် ပညာတရားများကို လက်ကိုင်ထား၍ ကြိုးစားနိုင်ကြမည်ဆိုပါက ဘဝတွင် အောင်မြင်မှု ရမည်မှာ အသေအချာပင် ဖြစ်သည်ကို ကောက်ချက်ချနိုင်မည် ဖြစ်၏။ ဆန္ဒသာရှိပြီး ကြိုးစားမှု မရှိလျှင်၊ သို့မဟုတ် ကြိုးစားမှုကားရှိ၏ အသိဉာဏ်နှင့် မယှဉ်လျှင်၊ သို့မဟုတ် ဆန္ဒ၊ ဝီရိယ၊ ပညာတရားများ ရှိနေသော်လည်း စိတ်ကောင်းစေတနာကောင်း မထားလျှင် ဘဝတွင် ထင်သလောက် အောင်မြင်မှုလည်း ရနိုင်မည် မဟုတ်လှပေ။ ပြည့်စုံမှန်ကန်သည့် အောင်မြင်မှုများအတွက်ကား ဤအဓိပတိတရား လေးပါးလုံး အကြုံးဝင်ပြည့်စုံအောင် ကြိုးစားရမည်သာဖြစ်ပြီး ဤတရားလေးပါး ရှိထားလျှင်လည်း ဤတရားများက တစ်စုံတစ်ယောက်၏ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားအောင်မြင်ရေးအတွက် အကြီးအမှူးပြုကာ ထိန်းကြောင်းပြုပြင် ပဲ့ကိုင်ပေးနေမည်သာ ဖြစ်၏။

ဆိုလိုသည်မှာ လူ့ဘဝကို ရလာသည့်သူများသည် ဘဝကောင်းနေပြီးသား ဖြစ်သဖြင့် အကောင်းရထားသည့် ဘဝတွင် အောင်မြင်မှု ရရန်အတွက်လည်း ခက်ခဲမှုမရှိနိုင်ကြောင်း၊ အတိတ်ကံဟူသည် လက်ရှိလူ့ဘဝ ရနေသည့်အချက်ဖြင့်ပင် ကောင်းနေပြီဟု ခံယူကာ ယခုလက်ရှိအချိန်တွင်သာ အောင်မြင်မှုကို အထောက်အကူ ပြုနိုင်သည့် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာဟူသည့် အကြီးအမှူးတရားများကို ပဲ့ကိုင်အဖြစ်ထားလျက် လိုရာပန်းတိုင် အရောက်လှမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ဆန္ဒကောင်း၏ ပံ့ပိုးမှုကို အခြေခံပြီး ကြိုးစားအားထုတ်မှု ဝိရိယ၊ အပြစ်ကင်းသည့် စိတ်စေတနာ၊ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ခွဲခြားစိစစ်တတ်သည့် ပညာဟူသည့် ဤအဓိပတိတရားလေးပါးကို ပဲ့ကိုင်အဖြစ် အသုံးပြုကာ ပစ္စုပ္ပန်၊ သံသရာ ဘဝအဖြာဖြာတွင် အောင်မြင်မှုရအောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုရင်းဖြစ်၏။

ထို့ကြောင့် အောင်မြင်မှုကို အလိုရှိကြသည့် သူများအနေဖြင့် အတိတ်ကိုလည်း ပုံမချ၊ အနာဂတ်ကိုလည်း မမျှော်မှန်းဘဲ ယခုပစ္စုပ္ပန်ဘဝမှာပင် မိမိတို့ အလိုရှိသည့် အောင်မြန်မှုကို အရယူနိုင်ရန်အတွက် အောင်မြင်ခြင်း၏ အဓိကပဲ့ကိုင်များဖြစ်သည့် ဆန္ဒ၊ ဝိရိယ၊ စိတ္တ၊ ပညာဟူသည့် အကြီးအမှူး အဓိပတိတရား လေးပါးကိုသာ ပြည့်စုံအောင်ကြိုးစားလျက် လိုရာပန်းတိုင်ကို အရောက်လှမ်းကိုင်ကြရမှာ ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းရင်း အဓိပတိတရားများဖြင့် အဓိပတိ လူသားများဖြစ်အောင် အချိန်ရှိခိုက် လုံ့လစိုက်ကြရန်လည်း ထပ်မံ၍ အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ