ဆန့်ကျင်ဘက်ဖြင့် အနိုင်ယူခြင်း

“အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ရာ၏၊
မကောင်းသောသူကို ကောင်းသောအမှုဖြင့် အောင်နိုင်ရာ၏။
မပေးမလှူဝန်တိုသူကို ပေးလှူခြင်းဖြင့် အောင်နိုင်ရာ၏၊
မုသားပြောသူကို အမှန်သစ္စာဖြင့် အောင်နိုင်ရာ၏”
(ဂေါတမမြတ်စွာဘုရား)

လောက၌ အရာရာတိုင်းတွင် ဆန့်ကျင်ဘက်များ ရှိနေတတ်၏။ ကောင်းခြင်းမကောင်းခြင်း၊ မှန်ခြင်းမှားခြင်း၊ ကြိုက်ခြင်းမကြိုက်ခြင်း၊ ချစ်ခြင်းမုန်းခြင်း၊ ရှိခြင်းမရှိခြင်း၊ သိခြင်းမသိခြင်း၊ ကျင့်ခြင်းမကျင့်ခြင်း စသည်ဖြင့် အကောင်းအဆိုး ဆန့်ကျင်ဘက်များသည် အမြဲမပြတ် ဒွန်တွဲလျက်ရှိ၏။ ထိုသို့ မည်မျှပင် အကောင်းအဆိုး ဒွန်တွဲ၍ နေသည်ဖြစ်ပါစေ ကောင်းခြင်းနှင့် မကောင်းခြင်း၊ အမှန်နှင့်အမှား စသည် ယှဉ်လာလျှင်ကား အကောင်းနှင့် အမှန်စသည်များကသာ အောင်နိုင်မြဲဖြစ်၏။ ဆန့်ကျင့်ဘက်မှန်သမျှတွင် အမှန်တရား၊ ကုသိုလ်တရားနှင့်ယှဉ်သည့် ဆန့်ကျင်ဘက်များသည်သာ အနိုင်ရမြဲ ဖြစ်၏။

လူအတော်များများက ဆန့်ကျင်လျှင် ပြဿနာ ဖြစ်ဖွယ်သာ ရှိသည်ဟု ထင်နေတတ်ကြ၏။ စင်စစ်ထိုအထင်သည် နေရာတိုင်းတွင် မမှန်နိုင်သည်မှာ သေချာလှ၏။ အထူးသဖြင့် မကောင်းသည့်အရာကို ကောင်းသည့်အရာများဖြင့် ဆန့်ကျင်ထားလျှင်ကား ပြဿနာ မဖြစ်သည့်အပြင် ပြဿနာပင် ငြိမ်းစေနိုင်ပေ၏။ ရှင်တော်မြတ်ဘုရား ဟောတော်မူသကဲ့သို့ ဒေါသဖြင့် ရင်ဆိုင်လာသူကို မေတ္တာဖြင့် တန်ပြန်မှုသဘောမျိုး၊ မပေးလိုမလှူလိုဘဲ ကပ်စေးနဲနေသူကို ပေးကမ်းလှူဒါန်းပေးခြင်းဖြင့် စိတ်အစဉ် ပြောင်းလဲစေမှုမျိုး၊ မကောင်းသည့် အလုပ်များလုပ်နေသူကို ကောင်းသည့်အလုပ်များ လုပ်စေခြင်းဖြင့် ကောင်းကျိုး သက်ရောက်စေမှုမျိုး၊ မုသားလိမ်ညာ ပြောသူများကို အမှန်သစ္စာစကားကို ပြောဆိုခြင်းဖြင့် မမှန်စကားမှ ရှောင်ရှားစေမှုမျိုး စသည်များသည် ဆန့်ကျင်ဘက်များဖြင့် အကောင်းဘက်သို့ပြောင်းစေကာ ပြဿနာကို ငြိမ်းစေခြင်းမျိုးပင် ဖြစ်ပါ၏။

သို့သော် လူအတော်များများသည် လက်တွေ့ဘဝတွင် ဆန့်ကျင်ဘက်ဖြင့် အနိုင်ယူရမည့်အစား တူညီမှုများဖြင့်သာ အနိုင်ယူရန် ကြိုးစားလေ့ရှိတတ်၏။ “သူဒေါသဖြစ်လျှင် ကိုယ်လည်းဒေါသဖြစ်မည်၊ သူစိတ်ဆိုးလျှင် ကိုယ်လည်းစိတ်ဆိုးမည်၊ သူမပေးလျှင် ကိုယ်လည်းမပေး၊ သူဒီလိုဆက်ဆံလျှင် ကိုယ်လည်း ဒီလိုဆက်ဆံမည်၊ သူမကောင်းလျှင် ကိုယ်လည်းမကောင်းနိုင်၊ သူကျောလျှင် ကိုယ်လည်းကျောမည်၊ သူမာနထားလျှင် ကိုယ်လည်းမာနထားမည်” စသည်ဖြင့် မကောင်းလျှင် မကောင်းသည့်အတိုင်း ပြုမူဆက်ဆံ နေလေ့ရှိကြ၏။ ထို့ကြောင့်လည်း ပြဿနာသည် မပြေငြိမ်းဘဲ ရန်ကိုသာ တိုးပွားစေနေကြခြင်း ဖြစ်၏။ “ဂျင်းစိမ်းနဲ့ မိတ်သလင် သူကျင်မှ ကိုယ်ကျင်မယ်”ဟူသော အယူအဆမျိုးသည် သူနှင့်အတူ ကိုယ်လည်းထပ်တူပဲဟူသည့် သဘောမျိုးကို သက်ရောက်စေသဖြင့် သူအမှားလုပ်လျှင်၊ ကိုယ်လည်း အမှားလုပ်မည် ဖြစ်ပြီး သူမကောင်းလျှင် ကိုယ်လည်းမကောင်းနိုင်သည့် သဘောမျိုးကို ဆောင်နေပေ၏။ ထိုသို့သာ သူနှင့်အတူ ပြိုင်နေမည်ဖြစ်ပါက သူလည်းမလျော့ ကိုယ်လည်းမလျော့ဘဲ ကြာလေးဆိုးလေ အဖြစ်သို့သာ ရောက်သွားနိုင်ပေ၏။

စင်စစ် နေရသည့် အခိုက်အတန့်သည် ကြာလှသည့် သဘောမျိုး မဟုတ်သဖြင့် လူအချင်းချင်း သူပြိုင်ကိုယ်ပြိုင် အတူပြိုင်ခြင်းဖြင့် ကောင်းမြတ်သည့် အကျိုးသက်ရောက်မှုသည် မည်သို့မျှ ဖြစ်လာနိုင်မည် မဟုတ်လှပေ။ သူက မီးယူလာလျှင် ကိုယ်ကရေးပေးမှသာ မီးငြိမ်းစေနိုင်မည့် သဘောရှိ၏။ သူကဒေါသထားလျှင် ကိုယ်ကမေတ္တာပွားနိုင်မှ သူ့ဒေါသလည်း ပြေပျောက်ပြီး ကိုယ့်အတွက်လည်း အကုသိုလ်အဖြစ် သက်သာမည်သာ ဖြစ်၏။ သူကမပေးလျှင် ကိုယ်ကပေးကြည့်မှ သူလည်းပေးလာမည် ဖြစ်ပြီး သူကမှားနေလျှင် ကိုယ်က မှန်ပြမှသာ သူလည်းအမှန် ရောက်လာနိုင်မည် ဖြစ်၏။ သူမကောင်းလျှင် ကိုယ်ကကောင်းပေးရမည် ဖြစ်ပြီး သူဆိုးလျှင် ကိုယ်ကရိုးပေးမှသာ သူလည်းတစ်မျိုး အေးလာမည် ဖြစ်၏။ ဤသည်မှာ ဗုဒ္ဓအလိုရှိသည့် ဆန့်ကျင်ဘက်ဖြင့် ငြိမ်းအေးခြင်းသဘော၊ ဆန့်ကျင်ဘက်ဖြင့် အနိုင်ယူခြင်းသဘောမျိုး ဖြစ်၏။

မှန်၏။ ရှင်တော်ဘုရား အလိုရှိတော်မူသည်မှာ “ကောဓဟူသော အမျက်သမားကို ဆန့်ကျင်ဘက် မေတ္တာဖြင့် အမျက်ပြေစေခြင်း၊ အကုသလဟူသော မကောင်းသူများကို ဆန့်ကျင်ဘက် ကုသလခေါ် ကုသိုလ်ဖြင့် ကောင်းစေခြင်း၊ မစ္ဆရိယဟူသော မပေးလို မလှူလို ဝန်တိုခြင်းသဘောကို ဆန့်ကျင်ဘက် ဒါနခေါ် ပေးကမ်းလှူဒါန်းပေးခြင်းဖြင့် အလှူတတ်စေခြင်း၊ မုသာဝါဒခေါ် မမှန်စကား အပြောများကို ဆန့်ကျင်ဘက် သစ္စာဟူသော အမှန်များဖြင့် မမှန်ဖျောက်ကာ အမှန်ရောက်စေခြင်း” စသည်များဖြင့် အနိုင်ယူစေလိုခြင်းမျိုး ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော အကောင်းနှင့်အဆိုး၊ အမှန်နှင့်အမှား၊ မေတ္တာနှင့်ဒေါသ စသည်များဖြင့် ရင်ဆိုင်ယှဉ်ပြိုင်လာလျှင် မည်သည့်အချိန်တွင်မဆို အကောင်း၊ အမှန်၊ မေတ္တာစသည်များကသာ လက်တွေ့အားဖြင့်လည်း နှစ်ဦးနှစ်ဘက် အပြစ်မဲ့စေကာ ဆင်းရဲပယ်ဖျောက် ချမ်းသာရောက်စေသောကြောင့် ဖြစ်ပါပေ၏။

ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက ဥတ္တရာနှင့် သီရိမာဟူသော အမျိုးသမီး နှစ်ဦးရှိခဲ့ဖူး၏။ ထိုအမျိုးသမီး နှစ်ဦးသည်လည်း အစပထမက တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဘက်များဖြင့် ရင်ဆိုင်ခဲ့ကြဖူး၏။ ဥတ္တရာသည် မေတ္တာတရား လက်ကိုင်ထားသည့် မေတ္တာရှင်ဖြစ်ပြီး သီရိမာသည်ကား ဒေါသတရား ဦးစီးထားသည့် အမျိုးသမီး ဖြစ်ခဲ့ဖူး၏။ ဥတ္တရာသည် ရတနာသုံးပါးကို အလေးထားသူဖြစ်ပြီး သီရိမာသည်ကား ခန္ဓာကိုယ်ဖြင့် အသက် မွေးရသည့် ပြည့်တန်ဆာတစ်ဦး ဖြစ်ခဲ့ဖူး၏။ တစ်ချိန်တွင် ရတနာသုံးပါးကို အထူးသက်ဝင်ယုံကြည်သည့် ဥတ္တရာသည် ဘာသာတရား အလုပ်များ ကြိုးစားအားထုတ်နိုင်ရန် မိမိကိုယ်စား လင်ယောက်ျားအား ပြုစုပေးရန် သီရိမာအား အငှါးထားလိုက်၏။ စည်းစိမ်အပြည့်ဖြင့် ချမ်းသာကိုရရှိခဲ့သည့် သီရိမာသည် စည်းစိမ်ဥစ္စာများတွင် မက်မောကာ ဥတ္တရာ၏ နေရာမှလည်း ဖယ်မပေးလိုလှသဖြင့် ဥတ္တရာအား အပြစ်ရှာကာ အမျိုးမျိုး အကောက်ကြံခဲ့လေ၏။ ယုတ်စွာအဆုံး ဥတ္တရာအား အသက်ဆုံးသည်အထိပင် အကောက်ကြံခဲ့၏။ သီရိမာသည် ဥတ္တရာအား ကြိုက်ကြိုက်ဆူသော ရေနွေးပူဖြင့်ပင် လောင်းချသည်အထိ လုပ်ကြံခဲ့ဖူး၏။

သို့သော် ဥတ္တရာသည်ကား သီရိမာက မိမိအပေါ် မည်မျှပင် အကောက်ကြံကာ လုပ်ကြံသော်လည်း စေတနာမပျက်ဘဲ မေတ္တာဖြင့်သာ တုန့်ပြန်ခဲ့၏။ ထို့ကြောင့်လည်း သီရိမာလုပ်ကြံကာ လောင်းချလိုက်သည့် ရေနွေးပူသည်ပင် ဥတ္တရာကိုယ်ပေါ်တွင် ရေးမြသည့် ရေအေးသဖွယ် ဖြစ်ခဲ့ပေ၏။ နောက်ဆုံးတွင် သီရိမာသည် နည်းအမျိုးမျိုးဖြင့် အကောက်ကြံကာ လုပ်ကြံသော်လည်း ဥတ္တရာ၏ မေတ္တာဓာတ်ကြောင့် အရာရာတွင် အရှုံးထင်ကာ နောင်တတရားဖြင့် အကျွတ်တရားပင် ရရှိသွားခဲ့လေတော့၏။ ဤသည်မှာ ဒေါသဖြင့် ရင်ဆိုင်လာသည်ကို ဒေါသဖြင့် ပြန်လည်တုန့်ပြန်ခြင်း မရှိဘဲ ဆန့်ကျင်ဘက် မေတ္တာဖြင့် အနိုင်ယူခဲ့သဖြင့် လက်တွေ့တွင် နှစ်ဦးနှစ်ဘက် အကျိုးသက်ကာ ငြိမ်းချမ်းသည့်အဖြစ်သို့ ရောက်ရှိသွားခဲ့သည့် ဆန့်ကျင်ဘက်နှစ်ဦး၏ ဘဝဇာတ်လမ်း တစ်စိပ်တစ်ဒေသပင် ဖြစ်ပါ၏။

ထိုအမျိုးသမီးနှစ်ဦး၏ အဖြစ်အပျက်ကို အကြောင်းပြုကာ မြတ်စွာဘုရားရှင်ကလည်း
“အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ရာ၏၊
မကောင်းသောသူကို ကောင်းသောအမှုဖြင့် အောင်နိုင်ရာ၏။
မပေးမလှူဝန်တိုသူကို ပေးလှူခြင်းဖြင့် အောင်နိုင်ရာ၏၊
မုသားပြောသူကို အမှန်သစ္စာဖြင့် အောင်နိုင်ရာ၏” (ဓမ္မပဒ၊ ကောဓဝဂ်၊ ဥတ္တရာဥပါသိကာမ ဝတ္ထု) ဟူသော အထက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါ၏။

အထက်ပါ အဖြစ်အပျက် ဇာတ်လမ်းလေးကို ကြည့်ပါက ဆန့်ကျင်ဘက်ဖြင့် အနိုင်ရလိုက်ခြင်း၏ ထင်ရှားသည့် သာဓကတစ်ခုအဖြစ် ကောင်းစွာသိရှိနိုင်မည် ဖြစ်ပါ၏။ အထူးသဖြင့် မကောင်းသည့်အရာ၊ မမှန်သည့်အရာ စသည်များကို ဆန့်ကျင်ဘက်ဖြစ်သည့် ကောင်းသည့်အရာ၊ မှန်သည့်အရာ စသည်များက နောက်ဆုံးတွင် အနိုင်ရခြင်း၏ လက်တွေ့ဆန်သည့် သဘောကို ထင်ရှားစေသည့် ဖြစ်ရပ်မှန် တစ်ခုပင် ဖြစ်ပါ၏။ ဤနည်းအတူ မိမိတို့၏ လက်တွေ့ဘဝတွင်လည်း ဒေါသကို မေတ္တာဖြင့် အနိုင်ယူနိုင်မှုများ၊ ဝန်တိုမှုကို ပေးကမ်းမှုဖြင့် အနိုင်ယူမှုများ၊ မမှန်ပြောသူများကို အမှန်တရားဖြင့် အနိုင်ယူမှုများ စသည်ဖြင့် တွေ့ကြုံဖူးကြမည်သာ ဖြစ်၏။ ဒေါသဖြင့်ရင်ဆိုင်လာသူကို မေတ္တာဖြင့် ဆီးကြိုနိုင်လျှင် မီးကိုရေနှင့် ညှိမ်းလိုက်သကဲ့သို့ မိမိလည်းငြိမ်း၊ သူတပါးလည်း ငြိမ်းစေမည်မှာ အမှန်ပင်ဖြစ်ပါ၏။ ထို့ကြောင့် လောကဓမ္မတာ သဘောတရားများအရ မကောင်းသည့်အရာများကို ဆန့်ကျင်ဘက်ဖြစ်သည့် ကောင်းသည့်အရာများဖြင့် အချိန်မရွေး အနိုင်ယူနိုင်မည် ဖြစ်သဖြင့် မိမိလည်းအကျိုးရှိ သူတပါးလည်း အကျိုးရှိစေမည့် ဆန်ကျင်ဘက်ဖြင့် အနိုင်ယူတတ်သည့် အလေ့အကျင့်ကို များများပြုလုပ်ကြရမည်သာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ အရာရာတိုင်းတွင် ဆန့်ကျင်ဘက်ဟူသည် ရှိတတ်သည့်အလျောက် ထိုဆန့်ကျင်ဘက်များဖြင့် အကောင်းဆုံးကို ပြုလုပ်ဖန်တီးနိုင်မှုများလည်း ရှိတတ်ရာတွင် မကောင်းသည့်အရာ၊ မမှန်သည့်အရာ၊ မပေးလိုသည့်အရာ၊ ပေါက်ကွဲစေမည့်အရာ စသည်များကိုလည်း ဆန့်ကျင်ဘက်ဖြစ်သည့် ကောင်းသည့်အရာ၊ မှန်သည့်အရာ၊ ပေးကမ်းလှူဒါန်းလိုသည့်အရာ၊ ငြိမ်းအေးစေသည်အရာ စသည်များဖြင့် အနိုင်ယူနိုင်၊ မိမိသူတပါး နှစ်ဦးသားတို့အား အကောင်းဆုံး ပြုလုပ်ဖန်တီးမှုများလည်း ရှိနေသည်မှာ အမှန်ပင်ဖြစ်သဖြင့် ဒေါသဖြင့်လာသူကို မေတ္တာဖြင့် တုံ့ပြန်နိုင်အောင်၊ မကောင်းသည့်သူကို ကောင်းသည်များဖြင့် ပြောင်းလာနိုင်အောင်၊ ဝန်တိုမှုများသူကို ပေးကမ်းမှုများဖြင့် သဒ္ဓါတရားများလာအောင်၊ မုသာပြောသူကို အမှန်ပြောခြင်းဖြင့် သစ္စာတရား ထွန်းကားလာအောင် ဆန့်ကျင်ဘက်များဖြင့် မိမိသူတပါးတို့အား အနိုင်ယူနိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် ဆန့်ကျင်လျှင် မကြိုက်ကြသည့် လောကကြီးတွင် ဆန့်ကျင်သူများသည် ဒုက္ခရောက်ရ၊ ဆင်းရဲရသည်ဟု ဆိုသော်လည်း မကောင်းသည့်အရာများကို ကောင်းသည့်အရာများဖြင့် ဆန့်ကျင်ခြင်း၊ အမှားကို အမှန်ဖြင့် ဆန့်ကျင်ခြင်း၊ ဒေါသကို မေတ္တာဖြင့် ဆန့်ကျင်ခြင်းစသည့် ဆန့်ကျင်မှုများသည်ကား ဆန့်ကျင်နိုင်သည်နှင့်အမျှ မိမိအတွက်လည်းချမ်းသာ၊ အများအတွက်လည်း ချမ်းသာစေပြီး ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးကိုလည်း ဖြစ်စေနိုင်မည်ဖြစ်သဖြင့် ဗုဒ္ဓဘုရား အလိုတော်အတိုင်း အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်အောင်၊ မကောင်းသောသူကို ကောင်းသောအမှုဖြင့် အောင်နိုင်အောင်၊ မပေးမလှူဝန်တိုသူကို ပေးလှူခြင်းဖြင့် အောင်နိုင်အောင်၊ မုသားပြောသူကို အမှန်သစ္စာဖြင့် အောင်နိုင်အောင် ကြိုးစားရင်း ဆန့်ကျင်ဘက်ဖြင့် အနိုင်ယူနိုင်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

Read more »

မေးလ်ထဲက အမေးများ (၂)

တပည့်တော်၏ မေးခွန်းကိုဖြေကြားပေးသောကြောင့် ကျေးဇူးအထူးတင်ပါသည် ဘုရား။
အရှင်ဘုရား တပည့်တော်မ မေးခွန်းအနည်းငယ်ထပ်မံ၍ မေးလိုပါသည်ဘုရား။ ဖြေကြားပေးပါရန် လျှောက်ထားပါသည်။

၁။ တရားထိုင်ရာတွင် မည်သည့်အတွက်ကြောင့် ထိုင်ခုံတွင်ထိုင်၍ မရပါသနည်း။ ထိုင်ခုံတွင်ထိုင်ခြင်းဖြင့် ကြာကြာထိုင်နိုင်သည် မဟုတ်ပါလားဘုရား။

ဖြေ။ တရားထိုင်တဲ့အခါ ထိုင်ခုံတွင်ထိုင်ပြီး တရားမမှတ်ရဘူးဆိုတာ မရှိပါဘူး။ မှတ်လို့ရပါတယ်။ ခန္ဓာကိုယ်ရဲ့ လျောင်းထိုင်ရပ်သွား ဣရိယာပုတ်လေးပါးလုံးမှာ သင့်လျော်သလို မှတ်နိုင်ပါတယ်။ ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ်မှာ တိတ်ဆိတ်ရာအရပ်မှာ တင်ပလ္လင်ခွေထိုင်ပြီး ခါးကိုဖြောင့်မတ်စွာထားက မှတ်ရမယ်လို့ တိုက်ရိုက်ဆိုထားပေမယ့် နောက်ပိုင်း ကာယာနုပဿနာ သတိပဋ္ဌာန် အဖွင့်တွေမှာ ခန္ဓာကိုယ်ရဲ့ ဘယ်လို အနေအထားမျိုးမှာ မဆို အရှိအတိုင်း သတိကပ်ကာ ရှုမှတ်ရမယ်လို့ ဟောတော်မူထားပါတယ်။ ဒါကြောင့် အခြေအနေအရ ထိုင်ခုံပေါ်မှာ ထိုင်ပြီးမှတ်လို့ အဆင်ပြေရင် အဆင်ပြေတဲ့အတိုင်း မှတ်နိုင်ပါတယ်။ ဒီအတွက် ပညတ်သတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် တစ်ချို့ရိပ်သာတွေမှာတော့ အဲဒီလို ထိုင်ခုံပေါ်မှာ သက်သောင့်သက်သာ ထိုင်မှတ်တဲ့အခါ ထိနမိဒ္ဓ (တွေဝေငိုက်မျည်း)တာတွေ အလွယ်တကူ ဖြစ်တတ်တဲ့ အတွက်ရယ်၊ တစ်ခြားတခြား အသက်သိက္ခာဂုဏ်ဝါ ကြီးသူတွေရဲ့ အထက်မှာဖြစ်နေကာ ဂရုဂါရဝ မဖြစ်တာတွေရယ် စတာတွေကြောင့် ထိုင်ခုံမှာထိုင်ပြီး တရားမမှတ်ကြဖို့ ပြောကောင်းပြောနိုင်တာ ဖြစ်ပါတယ်။ ဘုရားဟောလို့၊ ဒါမှမဟုတ် ထိုင်ခုံမှာ ထိုင်မှတ်လို့ တရားမရနိုင်တဲ့ အတွက်ကြောင့်တော့ မဟုတ်ပါဘူး။ သေချာတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုးမှာမဆို တရားမှတ်နိုင်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

၂။ တပည့်တော်မ လူတယောက်ကို ဆေးဖိုးအမြောက်အများ လှူခဲ့ပါသည်။ ထိုလူမှာ ရောဂါမသက်သာပါ။ တပည့်တော်မက ငါ့ပိုက်ဆံတွေ အလကားဖြစ်သွားတယ်လို့ ထင်ခဲ့ပါသည်။ ထို့နောက် ထိုလူရောဂါ သက်သာသွားပါသည်။ တပည့်တော်မ ကုန်ရကျိုးနပ်ပါလားဆိုပြီး ၀မ်းသာသွားပြန်ပါသည်။ ပထမ နှမြောသွားခဲ့သည်။ ထိုအတွက်ကြောင့် တပည့်တော်ကုသိုလ် မရတော့ဘူးလားဘုရား။

ဖြေ။ ပုထုဇဉ်တွေရဲ့ စိတ်အစဉ်ဟာ အမြဲတမ်း ပြောင်းလဲနေပြီး သဒ္ဓါတရားဟာလည်း မတည်မမြဲ ဖြစ်တတ်တာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒကာမအခုဖြစ်တဲ့ စိတ်အစဉ်ဟာ လှူပြီးနောက်မှာ ဖြစ်တဲ့ နောက်ပိုင်းစေတနာ ကွက်သွားမှုသာ ဖြစ်ပြီး မလှူခင်မှာဖြစ်တဲ့ ပုဗ္ဗစေတနာရယ်၊ လှူစဲအခိုက်မှာ ဖြစ်တဲ့ မုဉ္စစေတနာရယ်က အလွန်အားကောင်းပြီး ဖြစ်တဲ့အပြင် လှူပြီးနောက်မှာ အကျိုးရလာဘ်ကို မြင်ရပြီး တစ်ခါပြန်ကာ အရပစေတနာ အားကောင်းလာတာ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာဖြစ်ခဲ့တဲ့ စိတ်ကွက်မှုဟာ မပြောပလောက်ဖူးလို့ ဆိုရမှာဖြစ်ပါတယ်။ ကုသိုလ်ကတော့ လှူပြီးကတည်းက ဖြစ်ခဲ့တဲ့ စေတနာမှာကိုက ရရှိခဲ့ပြီး ဖြစ်ပါတယ်။ နောက်ပိုင်းစေတနာ အနည်းငယ် ပျက်ကွက်ခဲ့တဲ့အတွက် အလှူအကျိုးပေး အနည်းငယ် အားနည်းနိုင်ပေမယ့် ရှေ့မှာဖြစ်ခဲ့ လှူခဲ့တဲ့ စေတနာတွေ အားကြီးခဲ့တာတွေရယ်၊ လှူလိုက်ပြီးနောက် အကျိုးရလာဘ်ကောင်းတာကို တွေ့ရတဲ့အတွက် တစ်ခါပြန်ပြီး နောက်ပိုင်းစေတနာ အားကောင်းခဲ့တာတွေရယ်ကြောင့် အားနည်းခဲ့တဲ့ စိတ်ကွက်မှုဟာ မပြောပလောက်ဘဲ ကောင်းတဲ့စေတနာတွေက အားကြီးတဲ့အတွက် ကုသိုလ်တရားကတော့ ရရှိပြီးဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အလှူလှူတဲ့အခါမှာ စေတနာသုံးတန် ပြတ်သားဖို့ အရေးကြီးတယ်လို့ ဆိုပေမယ့် ရှေ့ပိုင်းမှာ ဖြစ်တဲ့စေတနာတွေက ကုသိုလ်ကောင်းမှု လုပ်ဖို့အတွက် အဓိကကျတဲ့ အထောက်အပံ့တွေ ဖြစ်တဲ့အတွက် ဒီရှေ့ပိုင်းစေတနာတွေကို အဓိက အားကောင်းအောင် ကြိုးစားပြီး နောက်ပိုင်းစေတနာကိုလည်း မကွက်အောင် နောက်နောင် သတိထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။ နောက်ပိုင်းစေတနာကလည်း သတိရတိုင်း သတိရတိုင်း ကုသိုလ်တရားကို ပိုမိုတိုးပွားစေတဲ့အတွက် ဒီစေတနာ မပျက်အောင် လှူကတည်းက စိတ်ပြတ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်လှပါတယ်။

thin thin

Read more »

ကောင်းမှုအစု ကြိုးစားပြုလော့

ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
(မနာပ ဒါယီ ဆရာတော်)

သေခြင်းတရားသည် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ရောက်လာတတ်သည်ဟူသည့် နိယာမကို မကြာသေးမီက စာရေးသူပတ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့ကြသည့် နာရေးများက သက်သေပြခဲ့ကြ၏။ ပြည်ပနိုင်ငံတွင် အလုပ်လာလုပ်နေသည့် စာရေးသူဝန်းကျင်ရှိ ဒကာလေးနှစ်ယောက်မှာ တစ်ပတ်သာခြားပြီး သေဆုံးသွားခဲ့ကြ၏။ တစ်ယောက်မှာ အသက် (၃၃)နှစ်သာ ရှိသေးပြီး တစ်ယောက်မှာ (၂၉)နှစ်သာ ရှိသေး၏။ နေ့စဉ်နေ့စဉ် သေနေကြသည့် နာရေးများသည် မည်သူမဆို တွေ့ကြုံဖူးကြမည်၊ တွေ့ကြုံနေကြရမည် ဖြစ်သဖြင့် အထူးအဆန်း မဟုတ်သော်လည်း ရုတ်တရက် မထင်မှတ်သည်များ ဖြစ်ပေါ်လာသည့် အခါတွင်ကား တုန်လှုပ်မိတတ်ကြ၏။ အထူးသဖြင့် ထင်မထားသည့်သူများ၊ အကောင်းပတိဖြစ်နေသူများ သေသွားသည့်ဟု ဆိုလာသည့်အခါ ပို၍ပင် အံ့သြမိတတ်ကြ၏။

သေရမည်ကို သိနေကြသော်လည်း မသေသူများကဲ့သို့ ဖြစ်နေကြသည့် သတ္တဝါများ၏ ထုံးစံအတိုင်း သေခြင်းတရားသည် မိမိအလှည့်သို့ ရောက်မလာသေးလျှင် အကြောက်တရားလည်း ရောက်မလာဘဲ ဖြစ်နေတတ်ကြ၏။ မိမိမဖြစ်သေးသည့်အခါ ဖြစ်သွားကြသူများကိုကြည့်ပြီး သံဝေဂမရသည့်အပြင် အပျော်အပျက်ဖြင့် တစ်ဦးနှင့်တစ်ဦး နောက်ကြပြောင်ကြသည်အထိပင် ဖြစ်တတ်ကြပေ၏။ သေသူကိုကြည့်၍ မိမိအလှည့် ရောက်လာမည့်အရေးတွေးကာ ကြောက်ရမည့်အစား ဘယ်ဘဝရောက်နေသည်ကို မသိနိုင်သည့် သေသူကိုသာတွေး၍ ကြောက်နေတတ်ကြပေ၏။ အချိန်မရွေး ရောက်လာတတ်သည့် သေခြင်းတရားကို ကြောက်ရမည့်အစား မမြင်ရသည့် တစ္ဆေသရဲ ပြိတ္တာများကိုသာ ကြောက်နေတတ်ကြပေ၏။

စင်စစ် အမှန်တကယ်ကြောက်ရမည့် အရာကား ထိုတစ္ဆေသရဲ ပြိတ္တာများ မဟုတ်ကြပေ။ မိမိအလှည့်သို့ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေးစသည်ဖြင့် ရောက်လာတတ်သည့် သေခြင်းတရားပင် ဖြစ်ပါ၏။ အဘယ့်ကြောင့်ဆိုသော် ထိုသေခြင်းတရားသည် ဘုရားရဟန္တာများမှလွဲ၍ မည်သူမျှကြိုတင်၍ မသိနိုင်သောကြောင့်ပင် ဖြစ်ပါ၏။

ဗုဒ္ဓစာပေများတွင် လောက၌ သတ္တဝါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးရှိကြောင်း ဖွင့်ဆိုရှင်းပြထား၏။ ထိုငါးမျိုးမှာ
၁။ မည်သည့်အရွယ်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၂။ မည်သို့သော ရောဂါဖြင့် သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၃။ မည်သည့်အရပ်ဒေသ၌ သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၎။ မည်သည့်အချိန်၌ သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၅။ သေပြီးနောက် မည်သည့်ဘုံဘဝ၌ ဖြစ်ကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
တို့ပင် ဖြစ်၏။

မှန်၏။ လောကကြီးတစ်ခုလုံးကို ကြည့်လျှင် နေ့စဉ်နှင့်အမျှ လူတွေသေနေကြ၏။ ထိုသေကြသည့် သူများတွင်လည်း အရွယ်ပေါင်းစုံလင်လှ၏။ အချို့က ငယ်ငယ်ရွယ်ရွယ်နှင့် သေကြရ၏။ အချို့က အလယ်အလတ် အရွယ်တွင် သေကြရ၏။ အချို့က အကြီးပိုင်းတွင် သေကြရ၏။ သေသူအမျိုးမျိုးရှိသကဲ့သို့ အရွယ်အစားလည်း စုံလင်လှ၏။ ထိုသူများသည် မိမိတို့သေချင်သည့် အရွယ်တွင် သေကြရခြင်းမဟုတ်ဘဲ အချိန်မရွေး ရောက်လာသည့် သေခြင်းတရားကြောင့်သာ အရွယ်မရွေး သေကြရခြင်း ဖြစ်၏။ သေချာသည်မှာ မည်သည့်အရွယ်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်သည့် သေခြင်းတရားကြောင့်ပင် ဖြစ်၏။

သေသူများကို ကြည့်ပြန်လျှင်လည်း ရောဂါအမျိုးမျိုးနဲ့ သေကြရသည်ကို တွေ့ရတတ်၏။ ရုပ်ခန္ဓာအစုကို ပိုင်ဆိုင်ထားသည့် သတ္တဝါမှန်သမျှ ရောဂါအစုကို ပိုင်ဆိုင်ထားသည်သာ ဖြစ်သဖြင့် သေကြသည့်အခါတွင်လည်း ထိုရောဂါတစ်ခုခုဖြင့်ပင် သေကြရမည်သာ ဖြစ်ပါ၏။ သို့သော် မည်သို့သော ရောဂါဖြင့် သေရမည်ကိုကား ကြိုတင်၍ မသိနိုင်သည်မှာ အမှန်ပင်ဖြစ်၏။ အသေအချာ တွေးကြည့်လျှင် ရောဂါဟူသည် အခြားမဟုတ် ဤရုပ်ခန္ဓာစုကြီးကပင် ရောဂါစုကြီး ဖြစ်နေခြင်းပင် ဖြစ်၏။ ထိုသို့သော ရောဂါစုကြီးကို ပိုင်ဆိုင်ထားသမျှ သတ္တဝါများသည် မည်သည့်အချိန်တွင် မည်သည့်ရောဂါဖြင့် သေကြရမည်ကို မည်သူမျှ ကြိုတင်၍ သိနိုင်ကြမည် မဟုတ်လှပေ။ စင်စစ် ရုပ်ဖောက်ပြန်ခြင်းကပင် ရောဂါရနေခြင်း ဖြစ်သဖြင့် မည်သည့်ရောဂါဟုသာ ကြိုတင်၍ မသိနိုင်သော်လည်း ရောဂါတစ်ခုခုဖြင့် သေကြရမည်ဆိုသည်ကား အသေအချာပင် ဖြစ်ပါ၏။

ထို့အတူ မည့်သည့်အရပ်ဒေသ၌ သေကြရမည်ကိုလည်း မည်သူမျှ ကြိုတင်၍ သိနိုင်ကြမည် မဟုတ်လှပေ။ အချို့မှာ တောမှာမွေးပြီး မြို့မှာသေကြရသူများ ရှိသကဲ့သို့ အချို့လည်း မြို့မှာမွေးပြီး တောမှာ သွားသေကြရသူများလည်း ရှိနေတတ်၏။ အချို့လည်း မွေးဖွားရာနိုင်ငံတွင် မသေကြရဘဲ တိုင်းတပါးတွင် သေကြရသကဲ့သို့ အချို့ဆိုလျှင် ကားပေါ်၊ ရထားပေါ်၊ သင်္ဘောပေါ်၊ လေယာဉ်ပေါ် စသည်ဖြင့် ခရီးသွားရင်းပင် ရောက်ရာဒေသ တစ်ခုခု၌ သေကြရသည်များလည်း ရှိတတ်ပေ၏။ သေခြင်းတရားသည် တိကျသည့် နေရာဒေသကိုလည်း သတ်မှတ်ထားနိုင်ခြင်း မရှိလှဘဲ နေရာဒေသမရွေး ပေါ်ပေါက်လာတတ်သည့် သဘောရှိနေ၏။ ထို့ကြောင့် သတ္တဝါများ ကြိုတင်၍ မသိနိုင်သည့် အရာများတွင် မည်သည့်အရပ်ဒေသ၌ သေကြရမည်ကိုလည်း ကြိုတင်၍ မသိနိုင်ကြောင်း ဆိုခြင်း ဖြစ်ပါ၏။

သတ္တဝါများ ကြိုတင်၍ မသိနိုင်သည့် အရာများတွင် မည်သည့်အချိန်တွင် သေကြရမည်ဟူသည့် အချက်လည်း တစ်ခုအပါအဝင် ဖြစ်၏။ သေခြင်းတရားသည် အချိန်ကိုက် ချိန်းချက်ထားခြင်း မရှိဘဲ အချိန်မရွေး ရောက်လာတတ်သည့် သဘောရှိ၏။ မည်သည့်အချိန်တွင် သေကြရမည်ကို မသိနိုင်သဖြင့် မနက်ပိုင်းဖြစ်စေ၊ နေ့လယ်ပိုင်းဖြစ်စေ၊ ညပိုင်းဖြစ်စေ၊ အရုဏ်ပိုင်းဖြစ်စေ အချိန်ပြည့် သတိရှိနေရန် လိုအပ်လှ၏။ အချို့ဆိုလျှင် မနက်အိပ်ရာထ မျက်နှာသစ်၊ ရေချိုးခန်းဝင်နေစဉ် ရုတ်တရက် အသက်ပျောက်သွားသူများ ရှိသကဲ့သို့ အချို့လည်း နေ့လယ်ပိုင်း ပူလွန်းသဖြင့် ရေချိုးမိရာမှ အပူရှပ်ကာ သေကြသူများလည်း ရှိနေတတ်၏။ အချို့ကား ညနေစောင်း၊ အချို့လည်း ညပိုင်း၊ အချို့လည်း အိပ်ပျော်နေစဉ် စသဖြင့် အချိန်အမျိုးမျိုးတွင် ပုံစံတစ်မျိုးမျိုးဖြင့် သေနေကြရ၏။ စာရေးသူပတ်ဝန်းကျင်ရှိ ဒကာလေး တစ်ယောက်ဆိုလျှင် ညပိုင်းအလုပ်လုပ်ပြီးနောက် အိပ်ရာထဲဝင်ကာ အိပ်ပျော်နေစဉ်မှာပင် သေသွားခဲ့ရ၏။ မည်သူမျှ မထင်မှတ်ထားသဖြင့် ထိုဒကာလေး၏ သေခြင်းတရားအပေါ် အလွန်အံ့ကြမိကာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်ခဲ့၏။ စင်စစ် မယုံကြည်စရာ မရှိလှပေ။ ဤသည်ပင်လျှင် သေခြင်းတရား၏ အချိန်မရွေးဖြစ်ပေါ်တတ်သည့် သဘောဖြစ်နေပြီး မည်သည့်အချိန်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်သည့် သဘောပင် ဖြစ်ပါ၏။

အရေးကြီးဆုံး အချက်ဖြစ်သည့် သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုမှာ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည် ဟူသည့်အချက်ပင်ဖြစ်၏။ နိဗ္ဗာန်မရသေးသမျှ သတ္တ၀ါအားလုံး သေပြီးနောက် ဘ၀သံသရာ ကျင်လည်ကြရမည်ဖြစ်ပြီး ယခုဘ၀ မိမိတို့လုပ်နေကြသည့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အရှိန်ဖြင့် တစ်နေရာရာ ဘုံဌာနတစ်ခုခုတွင် ပြန်လည်ဖြစ်ကြရမည်သာ ဖြစ်၏။ သို့သော် မည်သည့်ဘုံဌာနတွင် ဖြစ်မည်ကိုကား ကြိုတင်မသိနိုင်ကြပေ။ သေပြီးနောက် နတ်ဘုံနတ်နန်းတွင် စံမြန်းနိုင်ကြသူများ ရှိနိုင်သကဲ့သို့ လူ့ဘ၀တွင် ပြန်လည်မွေးဖွားသူများလည်း ရှိနိုင်၏။ အကုသိုလ်တစ်ခုခုကြောင့် ငရဲပြည်သို့ ရောက်ရှိသွားနိုင်သူများ ရှိသကဲ့သို့၊ အစွဲတစ်ခုခုကြောင့် ပြိတ္တာအဖြစ်၊ တိရစ္ဆာန်အဖြစ် ပြန်လည်ပဋိသန္ဓေ ယူကြရသူများလည်း ရှိနိုင်၏။ မည်သို့ပင်ဖြစ်စေ သေပြီးပြန်လည် ကျင်လည်ရမည့် ဘ၀ကိုကား တိတိကျကျ သိနိုင်ရန် မလွယ်ကူလှပေ။ သောတာပန်စသည့် အရိယာများနှင့် နိဗ္ဗာန်ရသွားသည့် ဘုရား၊ ရဟန္တာများမှလွဲ၍ မည်သူမျှ သေပြီးနောက် မည်သည့်ဘုံဘဝသို့ ရောက်ကြရမည်ကို ကြိုတင်၍ မသိနိုင်ကြသည်မှာ အမှန်ပင် ဖြစ်ပါ၏။

သို့ဆိုလျှင် ထိုသို့ကြိုတင်၍ မသိနိုင်သည့် အရာများ ရှိနေသဖြင့် သတ္တဝါများအတွက် တိကျသေချာသည့် အချိန်သည် ယခုလက်ရှိ အသက်ရှင်နေသည့် အခိုက်အတန့်သည်သာလျှင် တိကျသည့် အချိန်ဟု ဆိုရမည်ဖြစ်ပါ၏။ ယခုလက်ရှိအချိန်သည်လည်း အကြာကြီးမဟုတ်ဘဲ ထိုသေခြင်းတရား မရောက်လာမီ အခိုက်အတန့်ကာလမျှသာ ဖြစ်ပါ၏။ မသေမီအချိန်ကလေးသည်သာ မိမိတို့အတွက် သေချာသည့် အချိန် ဖြစ်နေပါ၏။ ကွေးသောလက် မဆန့်မီ ဆန့်သောလက်မကွေးမီ သေခြင်းတရားသည် ရောက်လာနိုင်မည် ဖြစ်သဖြင့် မိမိတို့အတွက် တိကျသေချာသည့် အချိန်ဟူသည် အမှန်တကယ် မရှိလှပေ။ ရှိသည်ဟုဆိုလျှင်လည်း ယခုအသက်ရှင်နေသည့် အခိုက်အတန့်သာ ဖြစ်သည်ဟု ဆိုရမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် ကိုယ်ပိုင်အချိန်၊ တိကျသည့် အချိန်ဟူသည် သီးသန့်မရှိလှသည့် သတ္တဝါများအနေဖြင့် ယခုလက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင် ကုသိုလ်တရားများကို အမြန်ဆုံး ကြိုးစားအားထုတ်ကြရန်သာ ဖြစ်ပါ၏။ ကောင်းသည့်အလုပ်ဟူသည် နေ့ရွေ့ညရွေ့ ရွေ့နေရမည့် အရာမဟုတ်သကဲ့သို့ သေခြင်းတရားသည်လည်း ရွေ့ဆိုင်းရပ်တန့်ထား၍ ရသည့်အရာ မဟုတ်သဖြင့် ယခုလက်ရှိအချိန်မှာပင် ကောင်းမှုအစုကို ကြိုးစားပြုကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ လောကရှိသတ္တဝါများ အနေဖြင့် သေခြင်းတရားနှင့် ပတ်သက်၍ မည်သည့်အရွယ်၊ မည်သည့်အချိန်၊ မည်သည့်ဒေသတွင် မည်သို့သော ရောဂါမျိုးဖြင့် သေကြရမည်ကို ကြိုတင်၍ မသိနိုင်သည့်အပြင် သေပြီးနောက် မည်သည့်ဘုံဘဝတွင် ရောက်ကြရမည်ကိုလည်း ကြိုတင်၍ မသိနိုင်ပါသဖြင့် ထိုသေခြင်းတရား ရောက်မလာမီ လက်ရှိအချိန်သည်သာ တိကျသေချာသည့် အချိန်အခိုက်အတန့် ဖြစ်သည်ကို သတိပြုဆင်ခြင်ကာ တိကျသည့်အချိန်တွင် ကုသိုလ်ကောင်းမှုများကိုသာ ကြိုးစားပြီး ပြုလုပ်ထား ကြရန်လိုကြောင်း သိစေလိုရင်း ဖြစ်ပါ၏။ ယခုလက်ရှိ အခိုက်အတန့်သည်သာ ကိုယ်ပိုင်အချိန်ဟု ဆိုနိုင်သဖြင့် လက်ရှိအချိန်တွင် ကုသိုလ်တရားများကို ရသမျှ ပြုလုပ်ထားကြရမည်သာ ဖြစ်ပါကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် ဘဝသံသရာခရီး သွားကြဦးမည့် သံသရာ ခရီးသွားများအနေဖြင့် သံသရာ ခရီးသွားစဉ် ဖြစ်ရာဘဝများ၌ ကောင်းသည့်ရိက္ခာထုတ်များကို ထုတ်ပိုးပြင်ဆင်ကာ သွားနိုင်ကြစေရန်နှင့် ကြိုတင်၍ မသိနိုင်သည့် သေခြင်းတရား ရောက်မလာမီ အချိန်အခိုက်အတန့်လေးသည်သာ မိမိတို့၏ ကိုယ်ပိုင်အချိန်လေး ကြိုးစားပြုလုပ်ရင်း မတိကျသည့် အခြေအနေမှ တိကျသည့် အခြေအနေအဖြစ်သို့ အရောက်လှမ်းနိုင်မည့် အရိယာအဖြစ်သို့ ရောက်ရှိအောင် ဝိပဿနာအလုပ်ကိုသာ ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ