အလှူဒါန ပြုကြရာတွင်…

မြန်မာဗုဒ္ဓဘာသာ အတော်များများသည် အလှူဒါန ပြုရသည်ကို နှစ်သက်မြတ်နိုးတတ်ကြ၏။ ရှိလျှင်လှူမည်ဟူသော စိတ်သည်လည်း လူတိုင်းနီးပါး ရှိနေကြသကဲ့သို့ စည်းပွားဥစ္စာ ရှာဖွေကြသည့် ရည်ရွယ်ချက်များတွင်လည်း လှူနိုင်တမ်းနိုင် ပေးကမ်းထောက်ပံ့နိုင်ရန် ဟူသည့် ရည်ရွယ်ချက်လည်း တစ်ခုအပါအဝင် ဖြစ်၏။ “မရှိလို့မလှူ မလှူလို့ မရှိ”ဟူသော အလှူခံပုဂ္ဂိုလ်များ၏ စကားများကိုလည်း မကြာခဏ ကြားနေရသဖြင့် “ရှိရင်လှူမည်၊ မရှိ ရှိတာလှူမည်” ဟူသော အတွေးများက အလှူပေးပုဂ္ဂိုလ်များကို အလှူအားတွေ ဖြစ်နေတတ်ပေ၏။ သို့သော် အတော်များများသည် အလှူဒါနပြုရသည်ကို ပျော်ကြသော်လည်း ထိုအလှူဒါန၏ နောက်ကွယ်တွင် မျှော်ကြသည့် အရာများကလည်း ရှိနေတတ်ကြသဖြင့် လှူသလောက် ခရီးမပေါက်ကြသည်များလည်း ရှိတတ်ကြပေ၏။ မည်သို့မည်ပုံ လှူရမည်ကို အလေးမထားမိဘဲ “ဘယ်လောက်လှူနိုင်တယ်၊ ဘယ်လိုလှူနိုင်တယ်၊ ဘယ်မှာလှူနိုင်တယ်” စသည်ဖြင့် အလှူ၏ နောက်ကွယ်တွင် ဖြစ်ပေါ်တတ်သည့် ထင်ပေါ်မှုများ၊ ဂုဏ်ယူမှုများ၊ ချီးကျူးမှုများ၊ ကြွားဝါမှုများတွင်သာ အလေးထားတတ်သည်များ ရှိနေသဖြင့် လှူသလိုမဖြစ်ဘဲ ယူသလို ဖြစ်နေတတ်ကြသည်များလည်း ရှိတတ်ကြ၏။ တဏှာမပယ်ဘဲ တဏှာဝယ်သလို ဖြစ်တတ်သည်များလည်း ရှိတတ်ကြပေ၏။

စင်စစ် အလှူဒါနပြုကြသည့်အခါ လှူသမျှ အကျိုးရရန်နှင့် မှန်ကန်သည့်အလှူဖြစ်ရန် အရေးကြီးလှပေ၏။ မိမိအလှူသည် အလှူခံပုဂ္ဂိုလ်အတွက်လည်း အကျိုးရှိ၊ သူတပါးကိုလည်း မထိခိုက်သည့် အလှူဖြစ်ရန် လိုသကဲ့သို့ မိမိကိုယ်တိုင်လည်း စစ်မှန်သည့် စေတနာသဒ္ဓါတရားဖြင့် လှူတတ်ရန်လည်း အထူးလိုအပ်လှပေ၏။ အလှူဒါနဟူသည် ပေးကမ်းခြင်းဟု အဓိပ္ပါယ်ရသော်လည်း မှန်ကန်သည့်အရာ၊ လိုအပ်သည့်အရာ၊ အပြစ်မရှိသည့် အရာများကို ပေးလှူတတ်မှသာ အလှူဒါနမြောက်နိုင်ပေ၏။ မပေးလှူသင့်သည့်အရာ၊ မပေးလှူအပ်သည့် အရာများကို ပေးလှူမိပါက အလှူဒါနမမြောက်သည့်အပြင် စစ်မှန်သည့် ဒါနမဟုတ်ဘဲ ဒါနအတုသာ ဖြစ်နေတတ်ပေ၏။

ဗုဒ္ဓစာပေတွင် မလှူသင့်သည့် အလှူဒါန သို့မဟုတ် ဒါနအတုခေါ် ဒါနမမည်သော အရာငါးမျိုးရှိကြောင်း ဖော်ပြထား၏။ ထိုငါးမျိုးမှာ
၁။ သေရည်သေရက် ဘိန်းစသည့် မူးယဇ်ဆေးဝါးများကို ပေးလှူခြင်း မဇ္ဇဒါန
၂။ ကပွဲသဘင်ကျင်းပပေးခြင်း သမဇ္ဇဒါန
၃။ မေထုန်အလို့ငှါ မိန်းမများကို ပေးလှူပေးခြင်း ဣတ္ထိဒါန
၎။ နွားမတို့အလယ်သို့ နွားထီးကို လွှတ်ပေးခြင်း ဥသဘဒါန နှင့်
၅။ ရာဂကို လှုံဆော်ပေးတတ်သည့် ပန်းချီးပန်းပုစသည်တို့ကို ပေးလှူခြင်း စိတ္တကမ္မဒါန
ဟူသော ဤငါးမျိုးပင် ဖြစ်၏။ (ဝိ၊ ၅၊ ပါ၊ ၂၃၁) ဤဒါန အမျိုးအစား ငါးမျိုးတို့သည် ပေးကမ်းလှူဒါန်းခြင်းဖြင့် ဒါနမမြောက်သကဲ့သို့ အလှူခံ ပုဂ္ဂိုလ်များအားလည်း ကိလေသာကာမနှင့် အကုသိုလ်တရားသာ တိုးပွားစေသဖြင့် ကုသိုလ်မဖြစ်ဘဲ အကုသိုလ်ကိုသာ ဖြစ်စေတတ်ပေ၏။ ထို့ကြောင့် စစ်မှန်သည့် အလှူဒါနကို ပြုလုပ်လိုသူများသည် အထက်ပါ ဒါနအတု ငါးမျိုးကိုလည်း ရှောင်ရှားကြရန်လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

တစ်ခါက လူငယ်အချို့၏ ပြောဆိုသံကို ကြားခဲ့ဖူး၏။ သူတို့ထဲမှ တစ်ယောက်က မိမိ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အရက်ဆိုင်တွင် အရက်ဒကာခံမည့်အကြောင်း၊ နိုက်ကလပ်တွင် ဒကာခံမည့်အကြောင်း ပြောဆိုသည်ကို အခြား သူငယ်ချင်းများကလည်း သာဓုပါဗျာဟု ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်သံကိုလည်း ကြားခဲ့ရ၏။ ကြားရသည်မှာ စိတ်မကောင်းဖြစ်ရသကဲ့သို့ သာဓုကို အလွဲသုံးစား ခေါ်နေကြပါလားဟုလည်းတွေးကာ မသိမှုများ များလာကြသည့် ယနေ့ခေတ် လူငယ်အချို့အတွက် အားမလိုအားမရ ဖြစ်ခဲ့ရ၏။ စင်စစ် ထိုမွေးနေ့ရှင် ဒကာလေးပြောသကဲ့သို့ မွေးနေ့မှာ အရက်ဒကာခံခြင်းသည် အလှူမမြောက်သည့်အပြင် ကုသိုလ်လည်း ရမည်မဟုတ်ပေ။ ဒါနအတုခေါ် မလှူကောင်းသည့် အလှူကို လှူခြင်းဖြစ်သဖြင့် ငွေသာကုန်ပြီး အကျိုးမရှိသည့် အလှူမျိုးသာ ဖြစ်နေပေ၏။ ကုသိုလ်မရလျှင်တော်သေး၏။ အကုသိုလ်ပါ ရလိုက်ခြင်းကား မကောင်းသည့် တန်ပြန်သက်ရောက်မှုအထိ ဖြစ်ပေါ်စေနိုင်ပေ၏။ အရက်နောက်တွင် ပါလာသည့် အကုသိုလ်များ၊ နိုက်ကလာပ်တွင် ရလာသည့် ကိလေသာများကား ဒါနအတုကို အလှူပြုခဲ့မှု၏ လက်တွေ့အပြစ်များပင် ဖြစ်နေပြီး ထိုအပြစ်များဖြင့် ဘဝအဆုံးသတ်သွားလျင်ကား အပါယ်အထိပင် လားစေနိုင်ပေ၏။ ထို့ကြောင့် အရာရာတွင် ဒကာခံလိုသူများ သတိပြုရမည်မှာ လှူတိုင်းဒါနမဖြစ်သည့် အလှူများကို စေတနာကောင်းကောင်းဖြင့် မလှူမိကြရန် ဖြစ်ပါ၏။

အလှူဒါနပြုရာတွင် အထက်ပါ ဒါနအတုမျိုးကို မလှူမိကြရန် သတိပြုသင့်သကဲ့သို့ အခြားအခြားသော အပြစ်ကင်းသည့် အလှူများကို လှူသည့်အခါတွင်လည်း စေတနာပြတ်ကာ အလှူမြတ်ရန် ကြိုးစားသင့်လှပေ၏။ သူတော်သူမြတ်များကဲ့သို့ အလှူအပေါ်တွင် စိတ်ထားရန်မှာ မလွယ်လှသော်လည်း သူတော်စင်များပြုသည့် အလှူဒါနမျိုးကို အတုယူကာ ကြိုးစားလိုက်နာ လှူဒါန်းသင့်ကြပေ၏။ မိမိအလှူသည် အတတ်နိုင်ဆုံး သပ္ပုရိသဒါနခေါ် သူတော်ကောင်းအလှူမျိုးဖြစ်ရန် အားထုတ်သင့်လှပေ၏။ ထိုသို့သူတော်ကောင်း အလှူဖြစ်စေရန် သပ္ပုရိသဒါန (၅)မျိုးရှိကြောင်း အင်္ဂုတ္တိုရ်ပါဠိတော်၊ သပ္ပုရိသဒါနသုတ်တွင် ဖွင့်ဆိုရှင်းပြထား၏။ ထိုငါးမျိုးမှာ
၁။ ဒါနနှင့် ဒါန၏အကျိုးကို ယုံကြည်၍ တစ်နည်းအားဖြင့် ရတနာသုံးပါး ကံကံ၏ အကျိုးကို ယုံကြည်၍ ပေးလှူခြင်း
၂။ အလှူခံပုဂ္ဂိုလ်ကို ရိုသေ၍လည်းကောင်း၊ အလှူဝတ္ထုကို စင်ကြယ်စေ၍လည်းကောင်း ပေးလှူခြင်း
၃။ သင့်လျော်ရာ အချိန်ကာလ၌ ပေးလှူခြင်း
၎။ အလှူခံပုဂ္ဂိုလ် အလိုရှိရာကို ချီးမြှောက်လိုသော စိတ်ဖြင့်၊ တစ်နည်းအားဖြင့် မတွန့်မဆုတ် လွတ်လွတ်ကျွတ်သော စိတ်ဖြင့် ပေးလှူခြင်း
၅။ မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတပါးကိုလည်း မနှိမ့်ချဘဲ ပေးလှူခြင်း
(အံ၊ ၅၊ ပါ၊ သပ္ပုရိသသုတ်၊ နှာ၁၅၂) ဟူသော ဤငါးမျိုးပင် ဖြစ်၏။

ပညာရှိ သူတော်ကောင်းများသည် အလှူဒါန ပြုကြသည့်အခါ အထက်ပါ အချက်အလက်များနှင့် ညီညွတ်စွာ ပြုလုပ်တတ်ကြပေ၏။ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်များလည်း အလှူဒါန ပြုသည့်အခါ ထိုအချက်များနှင့်အညီ ပြုလုပ်နိုင်လျှင် အမှန်ပင် ပြည့်စုံကောင်းမွန်သည့် အလှူဒါန ဖြစ်နိုင်ပေ၏။ သို့သော် လက်တွေ့တွင် အလှူဒါနပြုသူများသည် ထိုအချက်များနှင့် ညီညွတ်စွာ ပြုလုပ်နိုင်ရန် မလွယ်လှသည်ကိုတွေ့ရ၏။ မလွယ်ဟုဆိုသည်ထက် မလိုက်နာနိုင်ကြဟု ဆိုသည်က ပို၍သင့်လျော်ပေ၏။ အထူးသဖြင့် အလှူဝတ္ထု စင်ကြယ်ရန်၊ မတွန့်မဆုတ် လွတ်လွတ်စွန့်သော စိတ်ဖြင့် လှူဒါန်းရန်နှင့် မိမိကိုယ်ကို မချီးမြှောက်၊ သူတပါးကို မနှိမ့်ချသည့် အလှူဒါနမျိုး ဖြစ်ရန်မလွယ်ကြ၊ မလိုက်နာကြသည်ကို အတော်များများ တွေ့နေရ၏။

မှန်၏။ မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝင် အတော်များများသည် အလှူဒါနပြုကြသည့်အခါ စိတ်စေတနာ မပြတ်ကြသည်ကို တွေ့ရတတ်၏။ အလှူ၏နောက်တွင် မျှော်လင့်ချက်များ၊ ထောင်မြင်ရာစွန့်သည့် သဘောများ၊ ဂုဏ်တုဂုဏ်ပြိုင် သဘောများ၊ တစ်ရာဖိုးလှူပြီး တစ်ထောင်ဖိုးလောက် ဂုဏ်ဖော်လိုကြသည့် သဘောများ စသည်ဖြင့် မပြတ်မသား အလှူများသာ အဖြစ်များနေကြသည်ကို တွေ့ရတတ်၏။ ထို့အပြင် မိမိကိုယ်ကို အလှူဒါနဖြင့် ချီးမြှောက်ကာ မိမိသည် ဤသို့ သဒ္ဓါတရားကောင်းသူ၊ အလှူအတန်း ရက်ရောသူ၊ မည်၍မည်မျှ လှူနိုင်သူ စသည်ဖြင့် ဂုဏ်တင်ကာ ဝါကြွားတတ်ကြသကဲ့သို့ မိမိလောက် မလှူနိုင်သူများ အပေါ်တွင်လည်း မထိတထိ အပြောများ၊ နှိမ့်ချသည့် သဘောများ၊ ကဲ့ရဲ့သည့် သဘောများ စသည်ဖြင့် အလှူဒါနကို အကြောင်းပြုကာ အနိုင်ယူလိုသည်များလည်း ရှိတတ်ကြ၏။ ထိုသဘောများ ရှိနေသမျှ မိမိတို့ ပြုလုပ်ကြသည့် အလှူဒါနသည် ဖြူစင်သည့် အလှူဒါနမျိုး မဖြစ်နိုင်သကဲ့သို့ သူတော်ကောင်းများ ပြုလုပ်သည့် သပ္ပုရိသ ဒါနမျိုးလည်း မဖြစ်နိုင်ပေ။ သူတော်ကောင်းများ၏ အလှူဒါနသည် ဖြူစင်လှ၏။ မျှော်လင့်ချက်ကင်းကာ စိတ်စေတနာပြတ်သား၏။ သင့်လျော်သည့်အချိန်တွင် သင့်လျော်သည့် အလှူဝတ္ထုဖြင့် စင်ကြယ်စွာ ပေးလှူလေ့ရှိ၏။ မိမိလှူသည့် အလှူအပေါ်တွင်လည်း ဂုဏ်တုဂုဏ်ပြိုင် သဘောမျိုးမရှိ၊ ထင်ပေါ်ကျော်ကြားလိုမှု မရှိ၊ သူတပါးကို နှိမ့်ချလိုမှုမရှိတတ်ပေ။ မိမိအလှူကို အကြောင်းပြု၍ အလှူခံပုဂ္ဂိုလ်များ အဆင်ပြေစေရန်ကိုသာ အလေးဂရု ပြုလေ့ရှိတတ်၏။ ထို့ကြောင့်လည်း သူတော်ကောင်းများ၏ အလှူဒါနသည် ပါရမီမြောက်ကာ အကျိုးပြီးမြောက်ခြင်း ဖြစ်ပေ၏။

အမှန်အားဖြင့် အလှူဒါနသည် နိဗ္ဗာန်ကို တိုက်ရိုက်မျက်မှောက် မပြုနိုင်သော်လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေး အထောက်အကူပေးသည့် ကုသိုလ်အမျိုးအစားတွင် ပါဝင်ပြီး ပါရမီတော်များတွင် ရှေးဦးစွာ ဖြည့်ကျင့်ရသည့် ပါရမီမျိုး ဖြစ်ပါ၏။ မိမိတို့၏ စိတ်သန္တာန်တွင် စိမ့်ဝင်နေသည့် ရယူလိုမှုလောဘ၊ မပေးလို၊ မလှူလိုမှု မစ္ဆရိယကို ပေးကမ်းစွန့်ကြဲခြင်းဖြင့် တိုက်ထုတ်ပေးသည့် လက်နက်ကောင်းလည်း ဖြစ်ပါ၏။ အလှူဒါနပြုခြင်းဖြင့် မိမိ၏သန္တာန်တွင် ထိုလောဘ၊ မစ္ဆရိယများ မပေါ်စေရေး၊ လျော့နည်းစေရေးကို အထောက်အကူ ပေးနေမည်သာ ဖြစ်ပါ၏။ အကယ်၍ ထိုသို့မဖြစ်ဘဲ အလှူဒါနကို အကြောင်းပြုကာ မိမိသန္တာန်တွင် လောဘ၊ မာန၊ နောင်တ စသည်များသာ ဖြစ်ပေါ်နေမည်ဆိုပါက ထိုအလှူဒါနသည် ဖြူစင်သန့်ရှင်းသည့် အလှူဒါနဖြစ်ရန် မလွယ်လှသည်ကို သတိပြု ဆင်ခြင်ရမည် ဖြစ်ပါ၏။

ဆိုလိုသည်မှာ အလှူဒါန ပြုလုပ်ရသည်ကို နှစ်သက်ကြသည့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မိမိတို့၏ အလှူဒါနများနှင့် ပတ်သက်၍ သတိပြုသင့်သည်မှာ မလှူသင့်သည့် အလှူများနှင့် လှူသည့်အခါ အလှူအကျိုးကြီးစေမည့် အချက်များကို သိရှိလိုက်နာကာ ရှောင်သင့်သည်ကိုရှောင်ပြီး ဆောင်သင့်သည်ကို ဆောင်ကြရမည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ အရက်ဒကာခံခြင်း၊ နိုက်ကလပ် ဒကာခံခြင်းစသည်များသည် မလှူကောင်းသည့် အလှူ၊ မလှူသင့်သည့် အလှူမျိုးဖြစ်ကြောင်းနှင့် အလှူလှူသည့်အခါ ကံကံ၏အကျိုးကို အမှန်သိကာ ပြတ်သားသည့် စိတ်စေတနာဖြင့် မိမိကိုယ်ကို ချီးမြှောက်လိုသည့် သဘောမျိုး၊ သူတပါးကို နှိမ့်ချလိုသည့် သဘောမျိုး မရှိဘဲ ဝဋ်ကင်းပြတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုစေမည့် အလှူဒါနမျိုး ဖြစ်အောင်သာ လှူဒါန်းသင့်ကြောင်း စသည်ဖြင့် သိစေလိုရင်း ဖြစ်ပါ၏။ အလှူဝတ္ထု အနည်းအများသည် အရေးကြီးဘဲ လှူဒါန်းသည့်အခါ ထားရှိရမည့် စိတ်ထား၊ ပြည့်စုံရမည့် သဒ္ဓါတရားနှင့် ရွေးချယ်ရမည့် ဒါနများသာ အရေးကြီးကြောင်း နားလည်စေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် မည်သို့ပင်ဆိုစေ ရှိရင်လှူမည်၊ လှူဖို့အတွက် ရှာမည်ဟူသော ကောင်းမြတ်သည့် စိတ်ထားဖြင့် အလှူဒါန ပြုနိုင်ရေး ကြိုးစားအားထုတ်နေကြသည့် ဒါနချစ်ခင် အလှူရှင်များ အနေဖြင့် မိမိတို့၏ အလှူဒါနများ မှန်ကန်စေရန်၊ သူတော်ကောင်းများ၏ လမ်းစဉ်နှင့် ညီညွတ်စေရန်၊ အလှူ၏ အကျိုးတရား အပြည့်အစုံ ဖြစ်ပေါ်စေရန် စသည်တို့အတွက် အလှူဒါနပြုကြသည့်အခါ ရှောင်သင့်သည်ကိုရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကာ မှန်ကန်သည့် ယုံကြည်မှု၊ မှန်ကန်သည့် ရွေးချယ်မှု၊ ပြတ်သားသည့် စွန့်လွှတ်မှု စသည်များဖြင့် ဝဋ်ဆင်းရဲမှ ကင်းပြတ်ရာကို အာရုံပြု၍သာ ကြိုးစားအားထုတ် ပြုလုပ်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။

Read more »

စေတီအကြောင်း သိကောင်းစရာ…

လူတို့၏ အမြတ်တနိုး ကိုးကွယ်ရာဌာနကို ပါဠိလို စေတိယ မြန်မာလို စေတီဟု ခေါ်သည်။ မိမိတို့ အယူဝါဒ အားလျော်စွာ ကိုးကွယ်အပ်သော သစ်ပင်ကြီး၊ တောကြီး၊ တောင်ကြီး၊ သဲပုံ၊ အုတ်ပုံ၊ ရုပ်တု ဟူသမျှတို့သည် စေတီမည်ကြသည်သာ။ ထို့ကြောင့် ယခုအခါ မြန်မာနိုင်ငံ၌ အုတ်ပုံသဲပုံများကိုသာ စေတီဟု ခေါ်ဝေါ်နေခြင်းသည် မစုံလင်သော ခေါ်ဝေါ်ခြင်းသာတည်း။ ထိုသို့ စေတီတော် အမျိုးမျိုးရှိသည်တွင် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်အပ်သော စေတီသည် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီဟု (၄)မျိုးရှိသည်။

ဓာတုစေတီတော်
ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ကျန်ရှိရစ်သော အရိုးဓာတ်တော်များသည် ဓာတုစေတီမည်၏။ အမွေအနှစ်အဖြစ်ဖြင့် ဘုရားရှင် ထားခဲ့တော်မူသောကြောင့် မွေတော်ဟုလည်း ခေါ်ကြ၏။ အမွေအနှစ်တော်ဟု ဆိုလိုသည်။ ထိုဓာတ်တော်များတွင် ကြီးဆုံးသည် ပဲနှောက်ခြမ်းခန့်ရှိ၏။ အလတ်စားဓာတ်တော်မှာ ဆန်ကွဲခန့်ရှိ၏။ အငယ်ဆုံးဓာတ်တော်ကား မုန်ညင်းစေ့ခန့် ရှိသည်။

ဓမ္မစေတီတော်
ဘုရားရှင်၏ တရားပိဋကတ်တော်များသည် ဓမ္မစေတီတော် မည်၏။ ထိုပိဋကတ်တော်ဖြစ်သော တရားဓမ္မများသည် ရိုသေမြတ်နိုး ရှိခိုးကိုးကွယ်ထားရုံသာမက ထိုတရားတော်အတိုင်း ကျင့်ကြံရသဖြင့် ဗုဒ္ဓဘာသာဝင်တို့အဖို့မှာ လွန်စွာအားကိုးလောက်သော စေတီတော်ပါပေတည်း။

ဥဒ္ဒိဿစေတီတော်
ဥဒ္ဒိဿဟူသော ပါဠိသည် ရည်စူးအပ် ရည်မှန်းအပ်သော အရာဝတ္ထုကို ဟော၏။ ထို့ကြောင့် သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်း၍ ဘုရားရှင် ပုံဟန်တော်၏ အတုပြုလုပ်အပ်သော ရပ်တော်မူပုံ၊ ထိုင်တော်မူပုံ၊ လျောင်းတော်မူပုံကို ဥဒ္ဒိဿစေတီတော်ဟု မှတ်ပါ။ ဥဒ္ဒိဿစေတီတော်များကို ရုပ်ပွားတော်၊ ဆင်းတုတော်ဟုလည်း အမည်ပေးကြသည်။ ဘုရားရှင်၏ ရုပ်ပုံတော်ကို အတုပွား၍ ထားသောကြောင့် ရုပ်ပွားတော်ဟုလည်းကောင်း၊ ဘုရားရှင်၏ အဆင်းသဏ္ဌာန်တော်ကို အတုပြုထားသောကြောင့် ဆင်းတုတော်ဟုလည်းကောင်း အမည်ပေးခြင်းတည်း။ ရုပ်ပွားတော်၊ ဆင်းတုတော် မပါဘဲ စိတ်ထဲ၌မှန်း၍ အာရုံပြုအပ်သော ပုံတော်ကိုလည်း ဥဒ္ဒိဿစေတီတော်ဟု ခေါ်နိုင်ပါသည်။

ပရိဘောဂစေတီတော်
ဘုရားရှင်၏ အသုံးအဆောင်ကို ပါဠိလို ပရိဘောဂဟု ခေါ်၏။ ထို့ကြောင့် ဓာတ်တော်ဌာပနာထားသော အုတ်သားစေတီတော်၊ ရုပ်ပွားတော် ကိန်းဝပ်ရာဖြစ်သော ပြသာဒ်စသည်၊ ဗောဓိပင်၊ ဘုရားရှင်၏ အသုံးအဆောင် ဖြစ်သော သင်္ကန်း၊ သပိတ်တော်များကို ပရိဘောဂစေတီတော်ဟု မှတ်ပါ။

ဘုရား-ပုထိုး
ဘုရား-ပုထိုးဟူသော အသုံးအနှုန်းကို ယိုးဒယားမှ ကူးစက်လာသော အသုံးဟု ကြံကြ၏။ ယိုးဒယားလူမျိုးများက ဆင်းတုစေတီတော်များကို စာရေးသောအခါ “ဝရား=ဗုဒ္ဓေါ”ဟု ရေး၍ စာဖတ်သောအခါ “ဖရား=ဗုတ်ထိုး”ဟု အသံထွက်၏။ ထိုအသံထွက်ကိုလိုက်၍ မြန်မာတို့က “ဘုရား=ပုထိုး”ဟု ရေးဟန်တူ၏။ ထိုယိုးဒယား အသုံးဖြစ်သော “ဝရား=ဗုဒ္ဓေါ” စကား၌လည်း ဝရ-မြတ်သော၊ ဗုဒ္ဓေါ-ဘုရား၊ မြတ်သောဘုရား၊ မြတ်စွာဘုရားဟု ဆိုလိုသည်။ ထို့ကြောင့် “ဝရ၊ ဗရား၊ ဘုရား” ဤသုံးမျိုးသည် ပါဠိ၊ ယိုးဒယား၊ မြန်မာ အသုံးအဖြစ် ကွဲပြားသော်လည်း “ဘုရားရှင်”ဟူသော အနက်အားဖြင့် တူမျှသည်ဟု မှတ်ပါ။

ကျမ်းကိုး = ရတနာ့ဂုဏ်ရည်၊ နှာ၊ ၁၈-၂၀၊ အရှင်ဇနကာဘိဝံသ

Read more »

တောင်းဖို့ထက် ရှောင်ဖို့က အဓိက…

မကြာသေးခင်က ဖြစ်ပါတယ်။ နိုင်ငံခြားမှာရောက်နေတဲ့ ဒကာတစ်ယောက်က ဖုန်းဆက်ပြီး လျှောက်ထားလာပါတယ်။ သူက “ဘုန်းဘုန်းဘုရား တပည့်တော်မေးလျှောက်စရာ နည်းနည်းရှိလို့ပါဘုရား၊ လွန်ခဲ့တဲ့ သုံးရက်လောက်က တပည့်တော်ရဲ့ အမေဆုံးသွားပါတယ်။ အခုဆိုရင်တော့ အသုဘ ချနေလောက်ပါပြီ၊ အမေဆုံးသွားတဲ့အကြောင်း သိရတော့ တပည့်တော်မှာ အတွေးပေါင်းစုံ ဝင်နေခဲ့ပါတယ်။ အဝေးကြီးကိုရောက်နေတဲ့ တပည့်တော်မှာ မိဘတွေ စားဝတ်နေရေး အဆင်ပြေစေဖို့ ပစ္စည်းဝတ္ထုရှာဖွေ ပေးနိုင်ပေမယ့် ကိုယ်တိုင်ကိုယ်ကျ ပြုစုခွင့် မရခဲ့ဘူး ဖြစ်နေခဲ့ပါတယ်၊ အဝေးရောက်နေတဲ့ တပည့်တော်တို့ရဲ့ ဘဝဟာ တော်တော်ကို ဝဋ်ကျွေးကြီးပါလားလို့လည်း မကြာမကြာ စဉ်းစားဖြစ်ခဲ့ပါတယ်၊ တပည့်တော်တို့ရဲ့ ဘဝဟာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေက တခြားစီကို ဖြစ်နေရပါတယ်၊ အဲဒါဘယ်လို အကုသိုလ်တွေကြောင့် ဒီလိုဖြစ်နေကြရပြီး နောင်ဆိုရင် အဲဒီလိုမဖြစ်ရအောင် ဘာကုသိုလ်တွေလုပ်ပြီး ဘယ်လိုဆုတောင်းရမလဲဆိုတာ တပည့်တော်ကို မိန့်ကြားပေးပါဘုရား”လို့ မေးလျှောက်လာပါတယ်။ သူ့အမေးနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းအနေနဲ့ အကျိုးသင့်အကြောင်းသင့် ပြောပြရင်း အကုသိုလ်ဝဋ်ကျွေးတွေရဲ့ သဘောနဲ့ ဒီလိုအကုသိုလ်ဝဋ်ကျွေးဆိုတာ ဆုတောင်းဖို့ထက် မလုပ်ဘဲ ရှောင်ဖို့က အဓိကကျတဲ့အကြောင်း စသဖြင့် ရှင်းပြပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ လူအတော်များများဟာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တခြားစီပဲ ဖြစ်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းမကျဘဲ ဘဝနောက်ကို ဆန္ဒမရောက်တာတွေလည်း အများကြီး ရှိနေကြမှာပါ။ တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ကြရတဲ့ သဘောတွေ ရှိနေကြတဲ့အတွက် တစ်ချို့က ဒီလိုအဖြစ်တွေကို မလိုချင်ကြတော့တဲ့ သဘောတွေ ရှိနေတတ်ကြပါတယ်။ တစ်ချို့လည်း ကြီးလိုက်တဲ့ဝဋ်ကျွေးရယ်လို့ ဖြေဆည်ရာမရ ဖြစ်ကြရပြီး ဒီလိုအဖြစ်ဆိုးတွေက အမြန်ဆုံး လွတ်ကြဖို့ တောင်းဆုလေးတွေ ချွေလေ့ရှိတတ်ကြပါတယ်။ ခက်တာက ပါးစပ်ကတောင်းနေကြပေမယ့် လုပ်တဲ့အလုပ်တွေက မကောင်းကြဘဲ ဖြစ်နေကြတော့ တောင်းတိုင်းလည်းမရ၊ လုပ်တိုင်းလည်း မလှဘဲ ဖြစ်နေရတဲ့ သဘောရှိနေတတ်ကြပါတယ်။

တကယ်တော့ အကုသိုလ်ဝဋ်ကျွေးဆိုတာ ဆုတောင်းနေရုံနဲ့ ကျေပျောက်တဲ့ သဘောမဟုတ်ပါဘူး။ ဆုတောင်းနေရုံနဲ့ နောင်မအကျိုးမပေးတော့တဲ့ သဘောမဟုတ်ပါဘူး။ ဒီဝဋ်ကျွေးတွေ နောင်ရောက်မလာအောင် အကုသိုလ်ကို မလုပ်ဘဲနေမှ ရတဲ့သဘောပဲ ဖြစ်ပါတယ်။ မကောင်းတဲ့အလုပ်တွေ၊ မကောင်းတဲ့အကျိုးတွေ မဖြစ်အောင် ဆုတောင်းနေရုံနဲ့တော့ ဒီအကျိုးတွေက ကျေပျောက်သွားမှာ မဟုတ်ပါဘူး။ အလုပ်တစ်ခုဟာ စေတနာပါပါနဲ့ လုပ်မိရင် တန်ပြန်သက်ရောက်မှုကို ဖြစ်စေတတ်တဲ့ သဘောရှိတဲ့အတွက် မကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ မဖြစ်ဖို့ မကောင်းတဲ့အလုပ်တွေ မလုပ်မိဖို့ပဲ အရေးကြီးပါတယ်။ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ပါဆိုသလိုမျိုး မကောင်းတဲ့အလုပ်တွေ လုပ်ပြီးမှ ကျေပါစေဆိုတာမျိုးကတော့ နောင်မှတတဲ့နောင်တပဲ ဖြစ်နေတော့မှာ ဖြစ်ပါတယ်။ အကုသိုလ်ရဲ့ တန်ပြန်သဘောဟာ မရောက်လာအောင် ဆုတောင်းနေတာထက် မလုပ်ဖြစ်အောင် ကြိုးစားနေထိုင်ခြင်းက အကောင်းဆုံး ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရဲ့ ကံကံရဲ့ အကြောင်းအကျိုး ဆက်စပ်မှု၊ တန်ပြန်သက်ရောက်မှု သဘောအရ စေတနာပါပါနဲ့ လုပ်တဲ့အလုပ်တိုင်းမှာ တန်ပြန်အကျိုးသက်ရောက်မှုက ရှိနေကြမြဲဖြစ်ပါတယ်။ အလုပ်ကောင်းမှာ စေတနာကောင်းထားပြီး လုပ်ရင် ကောင်းကျိုးကို ရစေမှာဖြစ်သလို အလုပ်ဆိုးမှာ စေတနာပါပါနဲ့ လုပ်ရင်လည်း မကောင်းကျိုးက ရောက်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။ စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ အလုပ်တစ်ခုဟာ အကျိုးမပေးရသေးခင် ပျောက်ပျက်သွားတတ်တဲ့ သဘောမရှိသေးဘဲ အခါအခွင့် သင်တဲ့အခါ၊ အကျိုးပေးချိန် ကျတဲ့အခါမှာ သက်ရောက်မှုက ဖြစ်လာမှာ ဖြစ်ပါတယ်။ ကိလေသာကုန်သွားလို့ ရဟန္တာ ဖြစ်သွားမယ်ဆိုရင်တော့ ကံအကျိုးပေးတွေကို ဖြတ်တောက်ပြီး ဖြစ်တဲ့အတွက် သက်ရောက်မှု မရှိနိုင်တော့ပေမယ့် သာမန်ပုထုဇဉ်တွေ အတွက်တော့ အခါအခွင့်သင့်ရင် ရောက်လာနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ ဒီကံတွေရောက်လာတာဟာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ကံအကျိုးပေးတွေ ရောက်လာတဲ့အခါ ကောင်းကံအကျိုးပေး ရောက်လာမှုမှာ အထူးပြောစရ မရှိပေမယ့် မကောင်းကံတွေ သက်ရောက်မှုရှိလာတဲ့ အခါမှာတော့ သတ္တဝါ အတော်များများက ကြောက်ရွံ့လာတတ်ကြပါတယ်။ မကောင်းတဲ့ အကျိုးပေးတွေ ရောက်လာတဲ့အခါကျမှ ဒုက္ခတရားနဲ့ သေခြင်းတရားအပေါ်မှာ တုန်လှုပ်လာတတ်တဲ့ သဘောရှိကြပါတယ်။ အဲဒီအခါမှ ခြေမကိုင်မိ လက်မကိုင်မိဘဲ ဟိုပြေးဒီပြေးကာ နီးစပ်ရာတွေမှာ တောင်းဆုလေးတွေ ချွေကြတော့တာ ဖြစ်ပါတယ်။ ဒီလိုဆိုးကျိုးတွေ အမြန်ပျောက်စေဖို့၊ နောင်မရောက်စေဖို့ စသဖြင့် ဝဋ်ကျွေးပြေဘုရားဆိုလား၊ ဆုတောင်းပြည့်ဘုရားဆိုလား စတဲ့ စေတီလေးတွေမှာ သွားပြီးတော့ တောင်းချင်ရာတောင်းနေကြတော့တာ ဖြစ်ပါတယ်။

တကယ်တော့ လုပ်ချင်ရာလုပ်ခဲ့ပြီးမှ တောင်းနေကြတာထက်စာရင် မလုပ်ဖြစ်အောင် ကြိုးစားတာက အကောင်းဆုံး ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ ကောင်းကံနဲ့ မကောင်းကံရဲ့ ခြားနားချက်က နှိုင်းမရအောင် ဖြစ်နေတဲ့အတွက် ဆုတောင်းနေကြတာထက်စာရင် မကောင်းတာကိုရှောင်ပြီး ကောင်းတာကို ဆောင်နိုင်အောင် ကြိုးစားတာက ပိုပြီးလက်တွေ့ကျတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ဝဋ်တွေကြီးလို့ အပြစ်တွေကြီးမှာကို ကြောက်ပြီး ဒီလိုမျိုးနောင်မဖြစ်အောင် တောင်းဆုတွေ ချွေနေကြတာထက်စာရင် ဒီလိုဝဋ်ကျွေးတွေ ဖြစ်စေမယ့် အလုပ်မျိုးတွေ မလုပ်ဖြစ်အောင် ရှောင်ကြဉ်တာက သဘာဝကျတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မကောင်းကျိုးတွေ မဖြစ်အောင် တောင်းခြင်းထက် အဲဒါတွေကို မလုပ်ဖြစ်အောင် ရှောင်ခြင်းက သဘာဝကျပြီး ရှောင်နေရုံနဲ့ မပြီးဘဲ သူနဲ့ဆန့်ကျင်ဘက် ကောင်းတာတွေကို ဆောင်နိုင်အောင်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အပြစ်တွေကျေပြီး အနှစ်တွေ ဝေနိုင်ကြမှာ ဖြစ်ပါတယ်။

ဘုရားရှင်တိုင်း မိန့်မှာတော်မူတဲ့ စကားသုံးခွန်းရှိပါတယ်။ မကောင်းတာကိုရှောင်ပြီး ကောင်းတာကိုဆောင်ဖို့၊ ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ဖြူစင်အောင် ကြိုးစားကြဖို့ ဆိုတဲ့ စကားသုံးခွန်းပဲ ဖြစ်ပါတယ်။ ဒီစကားတော်များဟာ သုံးခွန်းတည်းဆိုပေမယ့် အလွန်လေးနက် ကျယ်ပြန့်လှပါတယ်။ လိုက်နာဖို့ခက်သလို လိုက်နာနိုင်ရင်လည်း အပြည့်အဝ အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ မကောင်းတဲ့ အလုပ်တွေဟာ စေတနာပါပါ၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်မိရင် အကုသိုလ် အဆင့်ကိုကျော်ပြီး ဝဋ်ကျွေး အဆင့်အထိ ရောက်သွားတတ်ကာ အကုသိုလ်ကို ကုသိုလ်နဲ့ ချေဖျက်နိုင်ပေမယ့် ဝဋ်ကိုတော့ ကျေအောင်ဆပ်မှပဲ ပြတ်စေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝဋ်မှာအမြဲ ငရဲမှာ အပလို့ ဆိုကြခြင်း ဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့ မကောင်းတဲ့အလုပ်တွေဟာ ဝဋ်အဆင့်ကို ရောက်သွားမယ်ဆိုရင်တော့ ဆုတောင်းနေရုံနဲ့ မကျေပျောက်နိုင်ဘဲ ပြန်လည်ပေးဆပ်ပြီးမှ ကျေပျောက်နိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် လုပ်ပြီးမှ တောင်းနေကြတာထက်စာရင် မလုပ်ဖြစ်အောင် ရှောင်လိုက်တာက အကောင်းဆုံးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဗုဒ္ဓလက်ထက်က ဗောဓိကုမာရ အမည်ရတဲ့ မင်းသားတစ်ယောက် ရှိပါတယ်။ ဒီမင်းသားဟာ အိမ်ထောင်ကျပြီး သားသမီးမထွန်းကားဘဲ ဖြစ်နေပါတယ်။ တစ်နေ့တော့ မင်းသားဟာ မြတ်စွာဘုရားရှင်ကို ဆွမ်းပင့်ကပ်ပါတယ်။ ဆွမ်းမကပ်ခင် ဘုရားရှင် ပြဿဒ်ပေါ်ကို ကြွတော်မူမယ့် နေရာမှာ ကော်ဇောအနီးခင်းပြီး ကြိုတင်ဆုတောင်း အဓိဋ္ဌာန်ပြုထားလိုက်ပါတယ်။ ဘုရားရှင် ဒီအခင်းပေါ်က နင်းပြီးကြွရင် သားသမီး ရပါစေလို့ သူက ဆုတောင်းထားပါတယ်။ သူအဓိဋ္ဌာန်ပြု ဆုတောင်းတာကို သိလည်းသိ သူ့ရဲ့အတိတ်ကံ ဝဋ်ကျွေးကိုလည်း သိတော်မူတဲ့ ဘုရားရှင်က ကော်ဇောအခင်းကို ဖယ်လိုက်ဖို့ မိန့်တော်မူပါတယ်။ မင်းသားကလည်း ဘုရားရှင်ကို နင်းသွားစေလိုပါတယ်။ အကြိမ်ကြိမ်တောင်းပန် အကြိမ်ကြိမ် ငြင်းဆိုပြီး ဘုရားရှင်က “မင်းသားအနေနဲ့ အတိတ်ဘဝတစ်ခုမှာ သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းကို ရောက်သွားတဲ့အချိန် စားရေးသောက်ရေးအတွက် အဲဒီကျွန်းပေါ်မှာရှိတဲ့ ငှက်ဥတွေကို နှစ်ပေါင်းအတော်ကြကြာ နှိုက်ယူစားသောက်ခဲ့တဲ့ အကုသိုလ်ဝဋ်ကျွေး ရှိခဲ့တဲ့အတွက် သားသမီး မရနိုင်ကြောင်း” မိန့်တော်မူပြီး တရားဟောတော်မူခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။

ဒီအကြောင်းကိုကြည့်ရင် ဘုရားရှင်နဲ့ တိုက်ရိုက်တွေ့ကြုံရတဲ့ သူတွေတောင်မှ အကုသိုလ်ဝဋ်ကြွေးကို ဆုတောင်းလို့ မရနိုင်၊ မကျေနိုင် ဖြစ်ခဲ့ကြတယ်ဆိုတာကို သတိပြုဆင်ခြင်နိုင်ပါတယ်။ အတိတ်ကံ အကျိုးပေးပါလာရင် ဘယ်သူချေဖျက်ဖျက် မပျက်နိုင်တဲ့အတွက် ကျန်ခဲ့တဲ့ အတိတ်ကြွေးတွေကတော့ ရှိပါစေတော့။ အခုလက်ရှိဘဝမှာပဲ ဒီလိုအကုသိုလ်အကျွေးတွေ မဖြစ်ရအောင် ရှောင်ကြဉ်ကြဖို့ပဲ ဖြစ်ပါတယ်။ မလိုချင်တဲ့အရာ၊ မဖြစ်ချင်တဲ့အရာ၊ မရချင်တဲ့ ရလာဘ်တွေဟာ ဆုတောင်းနေဖို့ထက် ဒီအရာတွေကို ဖြစ်စေတတ်တဲ့ အလုပ်တွေကို မလုပ်ဘဲ ရှောင်လိုက်တာက အကောင်းဆုံးနဲ့ အသေချာဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ဒါဟာ ကံရဲ့အကျိုးပေးကို ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်လုပ်ယူလိုက်ခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက အခုလက်ရှိတွေ့ကြုံနေကြရတဲ့ မကောင်းတဲ့ရလာဘ်တွေ၊ မကောင်းတဲ့အကျိုးပေးတွေဟာ အတိတ်ဘဝတစ်ခုခုက ကိုယ်ကိုယ်တိုင် လုပ်ခဲ့ကြတဲ့ အကုသိုလ်တွေရဲ့ အကျိုးရလာဘ်ဖြစ်နေပြီး ဒီရလာဘ်တွေ နောင်မတွေ့ဖို့ ဆုတောင်းနေတာထက်စာရင် ဒီလိုရလာဘ်မျိုးကို ဖြစ်စေတဲ့ အလုပ်တွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ခြင်းက အကောင်းဆုံးပဲ ဖြစ်တဲ့အတွက် တောင်းဖို့ထက် ရှောင်ဖို့က အရေးကြီးကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ မကောင်းတာကိုရှောင်ပြီးရုံနဲ့ မပြီးသေးဘဲ ကောင်းတာတွေ ရောက်လာဖို့အတွက် အကောင်းတွေကိုလည်း ဆောင်ထားဖို့လည်းလိုကြောင်း အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာလေးပဲ ဖြစ်ဖြစ်၊ မကောင်းတာတွေ ကြုံလာတဲ့အခါ ဒီအရာတွေ မရောက်လာဖို့ ဆုတောင်းလေ့ ရှိကြတဲ့ သူတွေအနေနဲ့ ပြီးခဲ့တာတွေကိုထားပြီး လက်ရှိရရှိနေတဲ့ အခြေအနေကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး အခုလို မလိုချင်တဲ့အရာတွေ နောင်ရောက်မလာရအောင် ဘာမဖြစ်ရပါလို၏၊ ဘယ်လိုဖြစ်ပါရစေ စသဖြင့် ဆုတောင်းနေဖို့ထက် အဲဒီအရာတွေကို ဖြစ်စေတတ်တဲ့ အလုပ်တွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်နိုင်ဖို့ပဲ ကြိုးစားကြပါလို့ အသိပေးစကား ပြောကြားရင်း မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကိုဆောင်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ