စိတ်အားဖြည့် စကားစုလေးများ (၁၁)…

မနာပဒါယီ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ

နှစ်ဆယ်ရှစ်ဆယ် သီအိုရီ…
လူအတော်များများဟာ ခံစားချက်နဲ့ ပတ်သက်လာရင် ကောင်းတဲ့ခံစားချက်ဆိုရင် နည်းတယ်လို့ ထင်နေတတ်ပြီး ဆိုးတဲ့ခံစားချက်ဆိုရင် များတယ်လို့ ထင်နေတတ်ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကြားဖူးတဲ့ နှစ်ဆယ်ရှစ်ဆယ် သီအိုရီလေး တစ်ခုကို သတိရမိပါတယ်။ သူသူကိုယ်ကိုယ် အတူတူ တစ်ပြေးညီခံစားရတဲ့ အခါမျိုးမှာ အကောင်းဆိုရင် အလိုပြည့်တယ်မရှိဘဲ ၈၀ရာခိုင်နှုန်းလောက်ကို ၂၀ရာခိုင်းနှုန်းလောက်ပဲ ထင်နေတတ်ပြီး အဆိုးဆိုရင်တော့ ၂၀ရာခိုင်နှုန်းလောက်ကို ၈၀ရာခိုင်နှုန်းလောက် ခံစားရတယ်လို့ ထင်နေတတ်ပါတယ်။ တစ်ခါတလေ ကောင်းတဲ့ အရာလေးတွေ ရလာတဲ့အခါ အတူတူ ရလာကြပေမယ့် ကိုယ့်ကျတော့ နည်းတယ်လို့ ထင်နေတတ်ပြီး မကောင်းတဲ့ အရာလေးတွေဆိုရင်တော့ ကိုယ့်ကျမှာ ဒီလိုဖြစ်ရတယ်လို့ ပိုပြီးထင်မြင် တတ်ကြပါတယ်။ ဒါဟာ ပုဂ္ဂိုလ်သတ္တဝါ အသီးသီးမှာ ရှိတတ်တဲ့ အတ္တလေးတွေ၊ ငါစွဲလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်ကျတော့မှ နည်းရကောင်းလား၊ ကိုယ့်ကျတော့မှ ဖြစ်ရကောင်းလားဆိုတဲ့ ကောင်းမကောင်းအမြင်တွေဟာ တကယ်တော့ ကိုယ်ကိုယ်တိုင် ကိုင်ဆွဲထားတဲ့ ငါစွဲများကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရှင်များက နှစ်ဆယ်ရှစ်ဆယ် သီအိုရီလို မဖြစ်ဖို့ ငါစွဲလေးတွေ ဖြုတ်ကြစို့လို ဆိုခြင်းဖြစ်ပါတယ်။

မျှော်လင့်ချက်…
လောကမှာ မျှော်လင့်ချက် ကိုယ်စီရှိကြရာမှ ပုဂ္ဂိုလ်အမျိုးမျိုးဆီက၊ အရာအမျိုးမျိုးနဲ့ မျှော်လင့်ချက် အမျိုးမျိုးကို တောင့်တနေကြတဲ့ သတ္တဝါတွေဟာ အတ္တဆန်တဲ့ ငါစွဲမျှော်လင့်ချက်များနဲ့ မျှော်လင့်တောင့်တ နေသမျှ မျှော်လင့်မှုဟာ အဆုံးသတ်ကြမှာ မဟုတ်သလို အဲဒီမျှော်လက်ချက်များရဲ့ နောက်ကွယ်မှာလည်း စိတ်အစဉ်မှာ အကုသိုလ်တရားများနဲ့ လေးလံထိုင်းမှိုင်း ညစ်နွမ်းတတ်တဲ့ သဘောရှိတဲ့အတွက် တစ်ခုခုကို ပေးလိုသူပဲ ဖြစ်ဖြစ်၊ တစ်ခုခုကို ရယူလိုသူပဲ ဖြစ်ဖြစ် ပေးလိုရလိုတဲ့ မျှော်လင့်ချက်ကို ဉာဏ်နဲ့ယှဉ်တဲ့ ပေးကမ်းမှုနဲ့ မျှော်လင့်တောင့်တချက်နည်းတဲ့ ရယူမှုမျိုး ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ပေးတဲ့သူကလည်း တစ်ခုခုကို မျှော်လင့်ပြီးပေးတဲ့အခါ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် ကိုယ့်ပစ္စည်းနဲ့ကိုယ် အကုသိုလ် ဖြစ်တတ်သလို၊ ယူတဲ့သူကလည်း ရသင့်တာထက် ပိုမျှော်လင့်လို့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် စိတ်အစဉ် ပင်ပန်းရတတ်ပါတယ်။ ဖြစ်နိုင်ရင် ပေးသူယူသူများဟာ မျှော်လင့်ချက်ကင်းတဲ့ စိတ်စေတနာ အပြည့်နဲ့သာ လွတ်မြောက်မှုကို ဦးတည်တဲ့ ပေးကမ်းမှုမျိုးနဲ့ မေတ္တာဓာတ်အပြည့်ပါတဲ့ ရယူမှုမျိုးဖြစ်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။

လုံခြုံရေး
ဘဝမှာ သတ္တဝါတွေဟာ လုံခြုံရေးအတွက် အမျိုးမျိုး ကြိုးစားကြတဲ့ နေရာမှာ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်အစဉ်ရဲ့ လုံခြုံရေးကတော့ အထူးလိုလား တောင့်တတတ်တဲ့ ကြိုးစားမှုတွေ ဖြစ်ပါတယ်။ ဒီအရာတွေရဲ့ လုံခြုံရေးအတွက် တခြားအရာတွေနဲ့ ကြိုးစားကြတာထက် ဒါနသီလဘဝနာ အလုပ်များနဲ့ ကြိုးစားတာက အကောင်းဆုံး ဘဝလုံခြုံရေးပဲ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာဆိုတာ လက်ရှိအချိန်မှာလည်း ရန်သူမျိုးငါးပါးတွေနဲ့ မပြတ်ဆက်ဆံနေတဲ့အပြင် သေရင်လည်း ထားခဲ့ရမယ့် အရာတွေ ဖြစ်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးကို ဒါနပြုလုပ်ပေးခြင်းနဲ့ပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို ရရှိထားတဲ့ ဘဝခန္ဓာဆိုတာလည်း အနာရောဂါ အမျိုးမျိုးနဲ့ အမြဲဆက်ဆံနေတဲ့အတွက် ဘဝခန္ဓာကိုယ်ရဲ့ လုံခြုံမှုဟာ ဒီဘဝလည်း လုံခြုံ၊ နောင်သံသရာမှာလည်း လုံခြုံမှုကို ဖြစ်စေတတ်တဲ့ သီလဆောက်တည်မှုနဲ့ပဲ လုံခြုံအောင် ကြိုးစားရမှာဖြစ်ပြီး စိတ်ဆိုတာကလည်း ကိလေသာအာရုံတွေနဲ့ အမြဲနှိပ်စက်ခံရတတ်တဲ့အပြင် မကောင်းတဲ့အာရုံတွေမှာပဲ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ဒီစိတ်အစဉ် လုံခြုံရေးအတွက်လည်း ကိလေသာကြားခိုမှုကို တားမြစ်ပေးနိုင်တဲ့ ဘာဝနာ အလုပ်နဲ့ပဲ လုံခြုံအောင် စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။

အရင်းစစ်တော့ ကိုယ့်အပြစ်သာ…
နေ့စဉ်ကျင်လည်နေရတဲ့ ကိုယ့်ဘဝ အခြေအနေကိုလိုက်ပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ်အောင် ကိုယ်ကိုယ်တိုင်ပဲ အမြင်အတွေး မှန်အောင်ကြိုးစားကြဖို့ လိုပါတယ်။ အမြင်အတွေးဆိုတဲ့ သဘောကလည်း မှားမြင်၊ မှားတွေးမိပြီဆိုရင် မှားပြော မှားလုပ်တတ်တဲ့အထိ ဖြစ်စေတော့တာ ဖြစ်ပါတယ်။ ဒီလို အမှားတွေ ဖြစ်စေတာကလည်း သေချာတွေးကြည့်တော့ အမှားတွေကို လက်ခံမိလိုက်တဲ့ ကိုယ်ကိုယ်တိုင်ရဲ့ လုပ်ရပ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်၊ ဘာကြောင့်ညာကြောင့် စတဲ့ အကြောင်းပြတွေကြောင့် ကိုယ့်မှာအမြင်အတွေးတွေ မှားလာပြီး ဒီအတွေးအမြင် အမှားများကြောင့် အပြောအလုပ်အမှားတွေ ဖြစ်ရတယ်လို့ဆိုပေမယ့် အရင်းစစ်တော့ ဒါတွေကိုလက်ခံမိတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ခံယူချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ ခံယူချက်ဟာလည်း ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ ကိုယ့်စိတ်ရဲ့ ဖြစ်စဉ်ကို မသိလို့ဘဲ ဖြစ်ရတာ ဖြစ်ပါတယ်။ စိတ်ကို မသိတဲ့အခါကျတော့ အဲဒီမသိမှုနောက်ကို လိုက်ရင်း အမှားတွေရောက်လာတဲ့အထိ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို ကိုယ်သိနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဝေဒနာနှင့်အပြိုင်…
ဝေဒနာဆိုတဲ့ စကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ဟာ ခံစားခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် ခံစားခြင်းမှန်သမျှ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်၊ ကောင်းတာလည်းမဟုတ် ဆိုးတာလည်း မဟုတ်တဲ့ ခံစားခြင်းပဲ ဖြစ်ဖြစ် အားလုံးဟာ ဝေဒနာပဲ ဖြစ်ပါတယ်။ ဒီဝေဒနာဟာ ရုပ်နာမ်နှစ်ပါးနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါတိုင်းမှာ ရှိနေကြမှာ ဖြစ်ပါတယ်။ ဒီလို ရုပ်နာမ်ရှိလို့ ဝေဒနာ ရှိနေတဲ့အပေါ်မှာ ဝေဒနာကို ဝေဒနာလို့ မသိရင် ကောင်းတဲ့အခါ လောဘဖြစ်ပြီး ဆိုးတဲ့အခါ ဒေါသဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို လောဘဒေါသစတာတွေ မဖြစ်ဖို့ ကိုယ့်သန္တာန်မှာ ဘယ်လိုခံစားခြင်းမျိုးပဲ ဖြစ်ဖြစ် ကောင်းရင်လည်း ကောင်းတဲ့သဘော၊ မကောင်းရင်လည်း မကောင်းတဲ့သဘော၊ ကောင်းတာလည်းမဟုတ် မကောင်းတာလည်း မဟုတ်ရင်လည်း ကောင်းမကောင်းတဲ့ သဘောတွေကို အရှိအတိုင်း သိနိုင်အောင် ကြိုးစားပြီး သည်းခံခြင်းတရား၊ သတိတရား၊ ဝိရီယတရား စတာတွေနဲ့ ဝေဒနာကို အန်တုလို့ အပြိုင်ပြုနိုင်အောင် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်ပဲခံစားခံစား၊ ဘယ်သူ့ကြောင့်ပဲ ခံစားခံစား၊ ဘယ်လိုမျိုးပဲ ခံစားခံစား ခံစားခြင်းမှန်သမျှဟာ ဝေဒနာတွေပဲလို့ အမှန်သိကာ ဘာပဲဖြစ်ဖြစ် အလွယ်တကူ ခံစားမှုနောက်ကို မလိုက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ဝေဒနာကို ဝေဒနာလို့ သိလာနိုင်ပြီဆိုရင်တော့ ဝေဒနာကို အမှီပြုပြီး ကိလေသာ ဖြစ်စရာ မရှိတော့ပါဘူး။

အတွေးမှားရင် အဝေးသွားမယ်
အတွေးတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက်တတ်ကြတဲ့ သူတွေအနေနဲ့ အတွေးဆိုတာ စိတ်ကြောင့်ဖြစ်တတ်တဲ့၊ စိတ်ရဲ့လက်ခံမှုကြောင့် ဖြစ်တတ်တဲ့၊ စိတ်ရဲ့ မသိမှုကြောင့် ဖြစ်တတ်တဲ့ အထင်အရှား ပြလို့ရတဲ့အရာ မဟုတ်ပေမယ့် ဒီအတွေးကို အကြောင်းပြုပြီး မကောင်းတဲ့ အပြော၊ မကောင်းတဲ့ အလုပ်တွေအထိ လုပ်လာမိတတ်တဲ့အတွက် ဘယ်လိုအတွေးမျိုးဖြစ်ဖြစ် အတွေးမှန်သမျှကို သိအောင်ကြိုးစားပြီး မတွေးမိအောင် သတိပြုရမှာ ဖြစ်ပါတယ်။ အဲဒီလို မလုပ်နိုင်သေးရင်လည်း တွေးသမျှ အတွေးတွေကို ကုသိုလ်ဖြစ်အောင် တွေးတတ်တဲ့ နှလုံးသွင်းမှန်ကန်တဲ့ အတွေးများအဖြစ် ပြောင်းလဲစေပြီး ကုသိုလ်ဖြစ်စေတဲ့အပြော၊ ကုသိုလ်ဖြစ်စေတဲ့ အလုပ်များနဲ့ ကုသိုလ်တရားများအောင်၊ ကုသိုလ်တရားတွေနဲ့ နီးသထက်နီးအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အတွေးမှားတဲ့ အတွေးများကြောင့် ကုသိုလ်တရားများနဲ့ ဝေးဝေးသွားရမယ့် အဖြစ်မျိုးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

စိတ်ရှိတိုင်းသာ လုပ်ကြမယ်ဆိုရင်ဖြင့်…
စိတ်ဆိုတာ ကောင်းတဲ့အာရုံတွေထက် မကောင်းတဲ့ အာရုံတွေမှာ ပျော်မွေ့တတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့်လည်း ပုထုဇဉ်အတော်များများရဲ့ စိတ်မှာရှိနေတတ်တဲ့ အရာတွေကလည်း ကောင်းတာတွေထက် မကောင်းတာတွေကပဲ ပိုများနေတတ်တာ ဖြစ်ပါတယ်။ ကောင်းတဲ့စိတ်ဖြစ်ဖို့၊ ကောင်းတဲ့အတွေး အကြံဖြစ်ဖို့ စိတ်အစဉ်ကို သတိနဲ့ ကြိုးစားပေးရတတ်ပေမယ့် မကောင်းတဲ့စိတ် အကြံအတွေးတွေကတော့ အထူးကြိုးစားစရာမလိုဘဲ အလိုလို အဆင်သင့် ရှိနေတော့တာ ဖြစ်ပါတယ်။ ဒီလိုမကောင်းတဲ့ စိတ်အကြံအတွေးတွေ အမြဲရှိနေတတ်တဲ့ အတွက်ကြောင့်လည်း ပုထုဇဉ်တွေဟာ စိတ်လိုက်မာန်ပါ လုပ်ကြတဲ့အခါ၊ စိတ်ရှိတဲ့အတိုင်း လုပ်ကြတဲ့အခါ မကောင်းတဲ့ အလုပ်တွေဘဲ အဖြစ်များနေတော့တာ ဖြစ်ပါတယ်။ စိတ်လိုက်မာန်ပါ လုပ်လိုက်လို့၊ စိတ်ရှိတဲ့အတိုင်း လုပ်လိုက်လို့ အကောင်းတွေဖြစ်သွားတယ်၊ ကုသိုလ်တွေ ရသွားတယ်၊ ကိုယ့်အတွက်ရော အများအတွက်ပါ ကောင်းကျိုးတွေ ဖြစ်သွားတယ်ဆိုတာ မရှိတတ်ပါဘူး။ စိတ်ရှိတဲ့အတိုင်း လုပ်လိုက်လို့ ဘယ်သူတော့ ဘာဖြစ်သွားတယ်၊ ဘယ်သူတော့ ဘယ်ရောက်သွားတယ် စတဲ့ ဆိုးကျိုးတွေပဲ ဖြစ်သွားကြတာ များပါတယ်။ အရင်းစစ်တော့ စိတ်ရှိတဲ့အတိုင်းသာ လုပ်ကြမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပဲ အဖြစ်များတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ထမ်းမထားနဲ့…
မြန်မာစကားမှာ “စိတ်ထောင်းတော့ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု”ဆိုတဲ့ ဆိုးရိုးစကားတစ်ခု ရှိပါတယ်။ အလုပ်ပင်ပန်းလို့ ကိုယ်နွမ်းရတဲ့ သဘောတွေ ရှိတတ်ပေမယ့် ဘာမှမလုပ်ဘဲ စိတ်ပင်ပန်းနေကြတဲ့ သူတွေလည်း ရှိတတ်ပြီး ဒီလို စိတ်ပင်ပန်းမှုတွေ များလာတဲ့သူတွေမှာ ရုပ်အဆင်းအင်္ဂါတွေပါ နွမ်းလျလာတတ်တဲ့အတွက် စိတ်ပန်းရင် ကိုယ်နွမ်းတတ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ တကယ်တော့ ဒီလိုစိတ်ပင်ပန်းမှုတွေ ဖြစ်စေပြီး ကိုယ်ပါနွမ်းစေတဲ့ အဓိက အကြောင်းကတော့ စိတ်အစဉ်ကို နွမ်းစေတတ်တဲ့ အတွေးတွေကို ထမ်းထားလို့ပဲ ဖြစ်ပါတယ်။ အတွေးတွေနောက်လိုက်ရင်း အဲဒီအတွေးတွေကို ခံစားနေမိတဲ့အတွက် စိတ်အစဉ်တွေ လေးလံနေခြင်းဖြစ်ပြီး ဒီလိုစိတ်တွေ လေးနေတဲ့ အတွက်ကြောင့်လည်း ဘာမှမလုပ်ချင်၊ မကိုင်ချင်၊ မပြောချင်ဖြစ်ကာ ရုပ်ခန္ဓာကြီးပါ လေးလံနေခြင်း ဖြစ်ပါတယ်။ အတွေးဆိုပေမယ့် မကောင်းတဲ့ အတွေးတွေကသာ စိတ်ကိုပူလောင်စေ၊ ထိုင်းမှိုင်းစေ၊ လေးလံစေတတ်တဲ့အတွက် မကောင်းတဲ့ အတွေးတွေကို တွေးတောနေခြင်းဖြင့် အတွေးတွေကို ထမ်းမထားမိဖို့ ဆိုခြင်းဖြစ်ပါတယ်။

တန်ဆေးလွန်ဘေး…
အရာဝတ္ထုတစ်ခုခုကို ကိုယ်ကိုယ်တိုင်က သဘောကျနှစ်သက်လို့ အမြဲမပြတ် ရရှိနေအောင် ကြိုးစားတာပဲဖြစ်ဖြစ် မနှစ်သက်ပေမယ့် လိုအပ်ချက်တစ်ခုခုကြောင့် ရရှိအောင် ကြိုးစားတာပဲဖြစ်ဖြစ် အကန့်တစ်ခု၊ အတိုင်းအတာတစ်ခု အထိပဲ ဖြစ်စေတာ ကောင်းပါတယ်။ အဲလိုမှမဟုတ်ဘဲ ဒီအပေါ်မှာ အလွန်အကျွံ ဖြစ်လာရင်တော့ ဒါဟာ ဆိုးကျိုးတစ်ခုခုကို ဖြစ်စေတတ်တာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ ကြိုက်လို့လုပ်တာပဲ ဖြစ်ဖြစ်၊ မကြိုက်ပေမယ့် လိုအပ်ချက် တစ်ခုခုကြောင့် လုပ်နေတာပဲ ဖြစ်ဖြစ် တော်သင့်ရုံလောက်ပဲ ဖြစ်သင့်ပြီး ကိုယ်နဲ့ကိုက်ညီသလောက်ပဲ လုပ်သင့်ကာ အတိုင်းအတာကို ကျော်လွန်ပြီး အလွန်အကျွံဖြစ်အောင် မလုပ်သင့်၊ မလိုက်စားသင့်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

အစွဲများရင် အလွဲသွားမယ်
အစွဲတရားမှန်သမျှ ကြိုက်လို့ပဲ စွဲစွဲ၊ လိုက်လို့ပဲ စွဲစွဲ၊ ကောင်းတယ်ထင်လို့ပဲ စွဲစွဲ၊ ပြောင်းမယ်ထင်လို့ပဲ စွဲစွဲ၊ ဘယ်လိုပဲစွဲစွဲ အလွန်အကျွံ ဖြစ်လာပါက စွဲရာကနေလွဲလာပြီး ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် အကန့်တစ်ခုနဲ့ ရပ်တံ့နိုင်အောင် ကြိုးစားကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

Read more »

သီလရှင်မဝတ်ဖို့ တားမြစ်တာ၊ ကုသိုလ်အလုပ်ကို တားမြစ်တာ အပြစ်ရှိ၊ မရှိ

Q. ၁) ဘုန်းဘုန်း.. သီလရှင် အပြီးဝတ်ချင်တဲ့ သူကို ကန့်ကွက်ရင် အပြစ်ရှိပါလား။ တပည့်တော် သီလရှင်တွေကို ကြည်ညိုပါတယ်။ ဒါပေမယ့် သီလရှင်ဆရာလေးတွေက ရဟန်းတွေလို လှူမယ့်သူ များများမရှိတော့ မိသားစု အထောက့်အပံ့မရှိရင် ဒုက္ခရောက်တယ်ဆိုလို့ပါ။ မိဘတွေကဆုံးပါး မောင်နှမတွေက သူ့အိမ်ထောင်နဲ့သူမို့ မထောက်ပံ့ တာဝန်မယူနိုင်ရင် ရေရှည်မှာ ဒုက္ခရောက်မှာစိုးလို့ တားမိရင် အပြစ်ရှိပါလား။

၂) မေးချင်ပါသေးတယ်ဘုရား။ တပည့်တော်တို့ သူငယ်ချုင်းတစ်စုထဲမှာ ရသမျှ လခကို နေစရိတ်စားစရိတ်နဲ့ မုန့်ဖိုးပဲယူပြီး ဘုရားကို အကုန်လှူနေသူရှိပါတယ်။ ဘုရားကိုလှူတယ်လို့ သူသတ်မှတ်ထားတဲ့ သူ့ဝင်ငွေ အများစုကို သူ့ဇာတိမှ သံဃာတွေကို ဆွမ်းလောင်း၊ ပညာရေးထောက်ပံ့ လုပ်ပါတယ်။ သူ့ဖို့ကိုတော့ ဆေးလိပ်မသောက် အရက်မသောက် အဝတ်အစားတောင် ခြိုးခြံပါတယ်။ တရားလဲထိုင်တော့ ဒီလိုစိတ် ဝင်သွားတာ ထင်ပါတယ်။ နောင်ရေးစုဆောင်းဖို့ပြောလဲ သူမရှာဖွေနိုင် နာမကျန်းဖြစ်လာမယ်ဆို စုသင့်စုမယ်။ ခုငယ်တုန်း သန်မာတုန်း ဘုရားကို လုပ်ကျွေးနိုင်တုန်း လုပ်ကျွေးမယ် ပြောပါတယ်။ သူ အရမ်းကံကောင်းနေတာတွေတော့ တွေ့တွေ့နေရပါတယ်။ သူ့နေပုံကို တားရင်ရော သူဒီလောက် ကံကောင်းပါ့တော့မလား။ တားတဲ့သူရော အပြစ်ဖြစ်မလား ဘုန်းဘုန်း။
(ကျော်လတ်)

A. ၁) သီလရှင်ဝတ်တာကို တားမြစ်တာနဲ့ ပတ်သက်လို့ အပြစ်ရှိမရှိဆိုတာ တားမြစ်တဲ့သူရဲ့ စေတနာအပေါ်မှာ မူတည်ပါတယ်။ စေတနာဆိုးနဲ့ မဟုတ်ဘဲ စေတနာကောင်းနဲ့ တားမြစ်တာဖြစ်လို့ အပြစ်မရှိနိုင်ပါဘူး။ ဒါပေမယ့် သီလရှင်ဘဝမှာ အနေအထိုင်၊ အစားအသောက် ဆင်းရဲမှာစိုးတဲ့ အကြောင်းပြချက်ကတော့ ကိုယ်က လောကီအရေးကို ဦးစားပေးသလို ဖြစ်နေပါတယ်။ ကာယကံရှင်ရဲ့ စိတ်စေတနာက သီလရှင်ဘဝမှာ အနေချောင်၊ အစားချောင်ချင်လို့ မဟုတ်ဘဲ ကုသိုလ်ရချင်လို့ လူ့ဘဝကဒုက္ခတွေ ငြိမ်းချမ်းလို့ စတဲ့စိတ်ဆန္ဒတွေ ပြင်းပြနေရင် ဝတ်ခွင့်ပေးတာ ကောင်းပါတယ်။ သီလရှင်ဘဝဟာ ရဟန်းတွေလောက် ပစ္စည်းလာဘ်လာဘ မပြည့်စုံပေမယ့် ဘုရားအလုပ်ကို ကျိုးစားလုပ်နေရင် ဘုရားက ကျွေးထားမှာ ဖြစ်ပါတယ်။ သူဟာနဲ့သူတော့ အဆင်ပြေသွားပါလိမ့်မယ်။ သီလရှင်မဝင်ခင် ဝတ်မယ့်ဆရာနဲ့ ဝတ်မယ့်နေရာကို သေချာရွေးချယ်ပြီး ဝတ်မယ်ဆိုရင် ဒုက္ခရောက်စရာ မရှိပါဘူး။ ဒုက္ခရောက်လည်း ဘဝဒုက္ခ၊ သံသရာဒုက္ခတွေနဲ့စာရင် မဆိုစလောက်လေးပဲ ဖြစ်ပါတယ်။

၂) သူငယ်ချင်းရဲ့ ရတနာသုံးပါး အပေါ်မှာ ထားတဲ့သဒ္ဓါတရားကတော့ တကယ့်ကို လေးစားထိုက်တဲ့ သဒ္ဓါတရားပဲ ဖြစ်ပါတယ်။ ဘုရားရဲ့ တရားတော်တွေကို လက်တွေ့ကျင့်ကြံ အားထုတ်လာရင် အဲဒီလို သဒ္ဓါတရားတွေ တိုးပွားလာတတ်ပါတယ်။ ရှာဖွေသောက်စားပြီး ပိုက်ဆံစုတာထက်စာရင် သောက်မယ့်စားမယ့် အရာတွေထဲက စုဆောင်းပြီး ကုသိုလ်ကောင်းမှု လုပ်နေတာဖြစ်တဲ့အတွက် ပိုလို့တောင် အကျိုးတရား များလှပါသေးတယ်။ ဒီလို သဒ္ဓါတရား ကောင်းပေမယ့် သူ့နောင်ရေးအတွက် ကိုယ်ကပူလို့ ပြောတာဆိုတော့ အပြစ်တော့ မဖြစ်ပါဘူး။ သူလုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေ လက်တွေ့မလုပ်ဖြစ်အောင် တားမြစ်တယ်ဆိုရင်တော့ အပြစ်ဖြစ်ပါတယ်။ သူငယ်ချင်း ဖြစ်သူအနေနဲ့ သဒ္ဓါတရားကြောင့် အလှူအတန်းအပေါ် ကြိုးစားပမ်းစား လုပ်တာကောင်းပေမယ့် မျှမျှတတ လုပ်တာကောင်းပါတယ်။ သေချာတာကတော့ တရားကိုစောင့်တဲ့သူကို တရားကပြန်စောင့်တယ်ဆိုတဲ့ အချက်က သေချာနေတဲ့အတွက် ကုသိုလ်ကောင်းမှုအပေါ်မှာ သဒ္ဓါအားကောင်းတဲ့ သူငယ်ချင်း ဖြစ်သူအတွက် သူ့ရဲ့ကုသိုလ်ကံတွေက သူ့ကိုစောင့်ရှောက်နေမှာ အမှန်ပဲဖြစ်ပါတယ်။ သဒ္ဓါကောင်းတဲ့သူအတွက် ကံကောင်းနေမှာဖြစ်ပြီး မကောင်းခဲ့လည်းပဲ အခိုက်အတံ့လောက်ပဲ ဖြစ်ပါလိမ့်မယ်။

Read more »

တိုး၍မပျို၊ အိုသာအိုခဲ့

“ခန္ဓာကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍မပျို၊ အိုသာအိုခဲ့၊
ပျက်ပြိုမဆိတ်၊ တညိတ်ညိတ်ဖြင့်၊ တမှိတ်မစဲ၊ တည်မမြဲရှင့်၊
ဖောက်လဲဖြစ်ချုပ်၊ မီးဟုပ်ဟုပ်သို့၊ နာမ်ရုပ်နှစ်ခု၊ ပစ္စည်းပြု၍၊ ပေါင်းစုဖြစ်ကြ၊ သင်္ခတဟု၊
သဘာဝမျိုး၊ ကောင်းအဆိုးဖြင့်၊ ကြောင်းကျိုးမျှသာ၊ ထင်စပါ၏၊
အကာအတိ၊ နှစ်မရှိကြောင့်၊ ပကတိကိုယ်၊ မတည်လိုဘူး”
(မန်လည်ဆရာတော်)

တစ်ခါတုန်းက ဖြစ်ပါ၏။ မတွေ့သည်မှာ နှစ်အတော်ကြာသွားသည့် ဒကာမကြီးတစ်ယောက်နှင့် ပြန်ဆုံစဉ် စာရေးသူကိုကြည့်ပြီး ဒကာမကြီးက “အရှင်ဘုရား နေကောင်းလားဘုရား၊ မတွေ့တာ တော်တော်ကြာသွားပြီနော်၊ မတွေ့ရတဲ့ အချိန်မှာ ဘာတွေဘယ်လို ဖြစ်ခဲ့လဲတော့မသိဘူး၊ အရှင်ဘုရားကို ကြည့်ရတာ အရင်ကထက်စာရင် အများကြီး အိုစာသွားသလားလို့၊ ဘာမှတော့ မဖြစ်ဘူး မဟုတ်လားဘုရား” ဟု သတင်းလည်းမေး၊ သူလျှောက်ချင်ရာလည်း လျှောက်နေလေ၏။ ဒကာမကြီး၏ စကားကို ကြားရသည့်အခါ စာရေးသူမှာ ပုထုဇဉ်သဘာဝ အိုစာလာသည် ဆိုသဖြင့် ရင်ထဲမှာ ဘဝင်မကျ ဖြစ်မိခဲ့၏။ ထို့အတူ မခံချင်စိတ်နှင့် ဒကာမကြီးကိုပြန်ပြီး “ဟုတ်လား ဒကာမကြီး၊ ဒကာမကြီးလည်း ဘာတွေဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ မသိပေမယ့် အရင်ထက်ပိုပြီး အိုမင်းလာသလားလို့” စသည်ဖြင့် ရိသဲ့သဲ့ပင် ပြန်လုပ်ဖြစ်ခဲ့သေး၏။

ထိုဒကာမကြီး ပြန်သွားပြီး တစ်ပါးတည်း အေးအေးဆေးဆေး ရှိနေသည့်အချိန်ကျမှ စဉ်းစားမိသည်မှာ ဒကာမကြီး ပြောသွားသကဲ့သို့ပင် စာရေးသူသည် အမှန်ပင် အိုစာလာခဲ့၏။ စာရေးသူသာမဟုတ်၊ အခြားအခြားသော သူများသည်လည်း တစ်စတစ်စ အိုလာနေကြသည်သာ ဖြစ်ပါ၏။ မည်သူမဆို တစ်နေ့ထက်တစ်နေ့၊ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် နုပျိုလန်းဆန်းလာသည်ဟူသည် မရှိလှပေ။ အချိန်နှင့်အမျှ ပို၍သာ အိုလာကြမည်သာ ဖြစ်ပါပေ၏။ မွေးဖွားလာခြင်း၏နောက် ရှောင်လွဲမရ ရောက်လာကြမည့် အရာများကား အိုခြင်း၊ နာခြင်း၊ သေခြင်း တရားများပင် ဖြစ်ပါ၏။ စင်စစ် ဖောက်ပြန် ပျက်စီးတတ်သည့် ရုပ်တရားကို ပိုင်ဆိုင်ထားခြင်းကိုကပင် အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်၏။

မှန်၏။ ရုပ်တရား၏ သဘောလက္ခဏာသည် ဖောက်ပြန်တတ်ခြင်း သဘောရှိ၏။ ထိုသို့ ဖောက်ပြန်တတ်သည့် သဘောရှိသည့် ရုပ်အစုကို ပိုင်ဆိုင်ထားသဖြင့်လည်း မည်သူမဆို အချိန်နှင့်အမျှ ရုပ်တရား၏ ဖောက်ပြန်မှုနှင့် ကြုံနေရကြရခြင်း ဖြစ်၏။ ယနေ့လူအများ ပြောနေကြသည့် အိုလာသည်ဟူသော စကားသည် ရုပ်တရား၏ ဖောက်ပြန်လာခြင်း သဘောလက္ခဏာပင် ဖြစ်ပါ၏။ တစ်စတစ်စ ဖောက်ပြန်ပြနေသည့် ရုပ်တရား၏ မတည်မြဲခြင်းကိုပင် အိုလာသည်ဟု ဆိုခြင်းဖြစ်၏။ စာစကားဖြင့်ပြောလျင် ဇရာ၏ သဘောပင် ဖြစ်ပါ၏။ ဇရာအရ အိုလာကြရခြင်းသည် ဖောက်ပြန်ပျက်စီးတတ်သည့် ရုပ်အစုကို ပိုင်ဆိုင်ထားခြင်းကြောင့်လည်း ဖြစ်ပါပေ၏။ ပင်ကိုယ်သဘောအားဖြင့် ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိသဖြင့် ထိုရုပ်တရားကို မည်သို့မည်ပုံ ပြုပြင်ပါသော်လည်း ထင်သလို ပြုပြင်၍ မရကြခြင်း ဖြစ်ပါ၏။ မည်မျှပင် ပြုပြင်ပါသော်လည်း ပို၍နုပျို လာသည်ဟူသည် မရှိဘဲ တိုး၍သာ အိုလာကြမည် ဖြစ်ပါ၏။

သေချာတွေးကြည့်လျင် သဘဝတရား၊ အမှန်တရားဟူသည် ပြုပြင်ပြောင်းလဲ၍ မရသည့် အရာများသာ ဖြစ်ပါ၏။ ရုပ်နာမ်အစုများဖြင့် တည်ဆောက်ထားသည့် သတ္တဝါမှန်သမျှတို့၏ သဘာဝနိယမ တရားမှာ အို၊ နာ၊ သေဟူသော တရားသာ ဖြစ်၏။ ထိုတရားများသည် ပြုပြင်ပြောင်းလဲ၍ မရသည့် တရားများ ဖြစ်သကဲ့သို့ ရှောင်လွှဲ၍ မရသည့် တရားများလည်း ဖြစ်ပါ၏။ သဘာဝဓမ္မဟူသည် ယနေ့ခေတ် တိုးတက်ထွန်းကားနေသည့် နည်းပညာများဖြင့်လည်း ပြုပြင်ပြောင်းလဲ၍ မရသည့် တရားများ ဖြစ်ပါ၏။ မည်မျှတော်သည့် သိပ္ပံပညာရှင်များ၊ ဆေးဝါးကျွမ်းကျင် ပညာရှင်များပင် ဖြစ်သော်လည်း ထိုပညာရှင်များ တီထွင်ဖော်စပ်၍ မရသည့် အချက်မှာ အိုနာသေ တရားများကို မအိုမနာမသေစေရန် တီထွင်ဖော်စပ်မှု မပြုနိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်၏။

ထိုအချက်ကို လက်တွေ့အားဖြင့် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရုပ်တရားကို ခွဲစိပ်ကုသနည်း အမျိုးမျိုးဖြင့် ပြုပြင်နေကြသည့် သူများကို ကြည့်ပါက အိုခြင်းသဘောကို မအိုစေရန် မည်သို့မျှ မလုပ်နိုင်ကြောင်း အလွယ်တကူ သိနိုင်ကြမည် ဖြစ်၏။ သို့သော် ထိုသဘောကို အမှန်မသိကြသူများကား ငွေကြေးမြောက်များစွာ အကုန်အကျခံ၍ မိမိတို့၏ ဖောက်ပြန်ပျက်စီးတတ်သည့် ရုပ်တရားကို ပြုပြင်ပြောင်းလဲမှု ပြုလေ့ရှိကြ၏။ အိုခြင်းတရားကို မအိုစေရန် ငွေနှင့်ဝယ်ဖို့ ကြိုးစားကြ၏။ နည်းပညာဖြင့် ပြုပြင်ရန် အားထုတ်ကြ၏။ နောက်ဆုံးတွင် သဘောတရား အမှန်ကို မသိသဖြင့် ပြုပြင်ရန် ကြိုးစားကြသည့် ထိုသူများ၏ ပြုပြင်မှုသည် အချည်းနှီးသာ ဖြစ်သည့်ဟူသည့် အချက်ကို တရွေ့ရွေ့ဖြင့် ဖောက်ပြန်ပြလာသည့် ရုပ်တရားက သက်သေပြနေပေ၏။ သဘာဝ နိယာမများသည် ပြုပြင်ပြောင်းလဲ၍ မရသည့်အရာများ ဖြစ်သည်ကို မည်မျှပင် ပြုပြင်သော်လည်း ပို၍နုပျိုလာသည် မရှိဘဲ တိုး၍သာ အိုစာလာသည့် သဘောရှိသည့် ရုပ်တရားက ဖော်ညွှန်းပြနေပေ၏။ ဖောက်ပြန်ပျက်စီးတတ်သည့် ရုပ်တရားသည် သူ့သဘော သူဆောင်နေသည်ကို အိုနာသေ တရားများဖြင့် အထင်အရှား ပြနေပေ၏။

အိုခြင်းတရားနှင့် ပတ်သက်၍ ငယ်စဉ်အခါက သိသိသာသာ ခံစားမှု၊ သတိထားမှု မရှိသော်လည်း တစ်စတစ်စ အသက်အရွယ် ရလာသည့်အခါတွင်ကား အိုခြင်းတရား၏ သဘောလက္ခဏာကို ကောင်းစွာခံစားမိလာတတ်၏။ ငယ်စဉ်ကဆိုလျင် လူကြီးတွေကို အားကျသဖြင့် အသက်ပင် မြန်မြန်ကြီးချင်တတ်ကြသော်လည်း အသက်အရွယ် ရလာသည့် အအိုပိုင်း ရောက်လာသည့် အခါတွင်ကား တစ်ဖန်ပြန်ပြီး နုပျိုချင်တတ်ကြ၏။ အိုရခြင်း၏ ဒုက္ခကို သိရှိလာရသည့်အခါတွင် ငယ်ရွယ်နုပျိုမှုကို တောင့်တလာတတ်ကြ၏။ ရုပ်အဆင်းအင်္ဂါ ပြန်လည်နုပျိုလာမှုကို လိုချင်တောင့်တကြပြန်၏။ အိုလာသည့်အခါ သွားလာလှုပ်ရှားသည်က အစဒုက္ခ ဖြစ်လာကြသည့်အပြင် အိုလာလျင် မစွမ်းဖြစ်လာတတ်သည့် သဘောကိုလည်း ခံစားလာတတ်ကြ၏။ အထူးသဖြင့် နောင်တတရားဖြင့် တရားရှာကြမည် ဆိုသည့်အခါတွင် စိတ်သာရှိပြီး လက်တွေ့လုပ်ဆောင်ရမည့် ရုပ်တရားက ဖောက်ပြန်မှုများနှင့် လိုသလို မလုပ်နိုင်သည့် အခြေအနေတွင်ကား ရုပ်တရား၏ ဇရာသဘောကို ကောင်းစွာနားလည် သဘောပေါက် လာတတ်၏။

သို့သော် အချို့ကား ထိုသဘောကို တရားသဘောဖြင့် မမြင်ဘဲ ရုပ်အသွင်ကို ပြင်လို့ရသမျှ ပြင်နိုင်အောင် ကြိုးစားတတ်ကြ၏။ ထို့ကြောင့်လည်း အိုလာသည့် ရုပ်အသွင်အပြင် အရည်အဆင်းကို ရသလောက် ပြုပြင်နေကြခြင်း ဖြစ်၏။ ခွဲစိပ်ကုသပြီး အရည်ပြားကို အစားထိုးနိုင်သမျှ ထိုးလာကြ၏။ စင်စစ် ထိုသို့မည်မျှပင် ပြုပြင်အစားထိုးသော်လည်း ရုပ်တရားသည် ရုပ်တရားသာ ဖြစ်သဖြင့် ဖောက်ပြန်မြဲ ဖောက်ပြန်နေမည်သာ ဖြစ်ပါ၏။ အိုမြဲအိုလာမည်သာ ဖြစ်ပါ၏။ အသက် သုံးဆယ်အရွယ်သည် ဆယ်နှစ်အရွယ်၊ အသက်ငါးဆယ်အရွယ်သည် အသက်သုံးဆယ် အရွယ်စသည်ဖြင့် အိုရာမှ ပြန်လည်နုပျိုလာမှုမျိုး ရှိလာနိုင်မည် မဟုတ်ပေ။ တစ်စတစ်စ ပျိုလာသည်ဟူသည် မရှိနိုင်ဘဲ ပြိုလာသည်သာ ရှိလာနိုင်ကြမည် ဖြစ်၏။ အိုလာသဖြင့် ချမ်းသာလာသည် ဟူသည် မရှိနိုင်ဘဲ သွားလာလှုပ်ရှား ဣရိယာများတွင် ဆင်းရဲများသာ ရှိလာမည် ဖြစ်ပါပေ၏။ အိုသဖြင့် ကောင်းလာသည်မှာ မဖြစ်နိုင်ဘဲ အိုသဖြင့် ညောင်းညာခြင်းသာ ဖြစ်လာမည် ဖြစ်ပါ၏။ ထို့ကြောင့် မည်မျှပင် ပြုပြင်ပါသော်လည်း ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိသည့် ဤရုပ်တရားသည် တိုး၍သာ အိုလာမည်ဖြစ်ပြီး ဒုက္ခများသာ ပွားလာမည်သာ ဖြစ်ပါ၏။

အိုလာလျင် ကောင်းသည့်အရာဟူသည် မရှိနိုင်ဟုဆိုသော်လည်း အိုသည့်တိုင်အောင် ကောင်းသည့်တရားကား ရှိနေပါ၏။ မြတ်ဗုဒ္ဓ၏ အဆုံးအမများတွင် “သုခံ ယာဝ ဇရာ သီလံ”ဟူသော ညွန်ပြထားချက် တစ်ခုရှိ၏။ “အိုသည့်တိုင်အောင် ကောင်းသည့်တရားသည် သီလတရားပင် ဖြစ်၏”ဟု ထိုစကားရပ်၏ အဓိပ္ပါယ်ကို နားလည်ထားနိုင်၏။ အိုလာလျင် မကောင်းနိုင်သော်လည်း အိုသည့်တိုင်အောင် ကောင်းသည့်တရား ဖြစ်သည့် သီလရှိနေလျင်ကား ကောင်းနေနိုင်မည် ဖြစ်ပါ၏။ ဖောက်ပြန်တတ်သည့် ရုပ်တရားကို ပိုင်ဆိုင်ထားသဖြင့် ရုပ်ဖောက်ပြန်ခြင်း သဘောဖြစ်သည့် အိုခြင်းတရား ရှိနေသော်လည်း သီလတရား ရှိထားလျင်ကား ဘဝကောင်းနေမည်ဖြစ်ပြီး ဘဝကောင်းခြင်းသည် ချမ်းသာခြင်းသာ ဖြစ်ပါပေ၏။ ထိုချမ်းသာမှုသည် အိုသည့်တိုင်အောင်လည်း ချမ်းသာ၊ နေသည့်အခိုက်တွင်လည်း ချမ်းသာ၊ သေပြီးနောက်ဘဝများ အထိပင် ချမ်းသာစေမည်မှာ အမှန်ပင် ဖြစ်ပါ၏။ အိုလာသည့် ရုပ်အသွင်အပြင်ကို ချမ်းသာအောင် ပြင်နေကြသည်ထက် အိုသည့်တိုင်အောင် ချမ်းသာစေမည့် သီလကိုသာ လုံအောင်မိမိတို့၏ စိတ်နှင့်ရုပ်ကို သတိဝိရိယ တရားများဖြင့် ပြင်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ ရုပ်နာမ်နှစ်ပါးဖြင့် တည်ဆောက်ထားသည့် သတ္တဝါများ အနေဖြင့် မိမိတို့၏ ရုပ်တရားကို နည်းအမျိုးမျိုးဖြင့် မအိုရအောင် မည်မျှပင် ပြုပြင်ကြပါသော်လည်း ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိသည့် ရုပ်တရားသည် ပို၍နုပျိုလာသည် မရှိဘဲ တိုး၍သာ အိုလာနေမည်သာ ဖြစ်သဖြင့် ရုပ်ကိုပြင်ကြခြင်းထက် စိတ်ကိုပြင်ကြခြင်းကသာ အကောင်းဆုံး ဖြစ်ကြောင်း၊ မွေးဖွားခြင်း ဖြစ်ပေါ်လာပြီးသည့်နောက် ဤရုပ်တရားသည် တဖြည်းဖြည်းဖြင့် အိုအိုလာနေသည်သာ ဖြစ်သဖြင့် အိုမှုနောက် ပြိုမှုသာရောက်လာမည် ဖြစ်ပြီး အိုလာသည်နှင့်အမျှ ဒုက္ခတရားလည်း ပိုလာနေမည်သာ ဖြစ်ကြောင်း၊ အိုလာသည်နှင့်အမျှ ကောင်းလာသည် ချမ်းသာလာသည်ဟူသည် မရှိနိုင်ဘဲ တစ်ရိပ်ရိပ်ဖြင့် ဆင်းရဲမှုသာ ပိုလာမည်ဖြစ်ကြောင်း၊ သို့သော် အိုသည့်တိုင်အောင် ကောင်းသည့်တရားဖြစ်သည့် သီလတရား ရှိထားလျှင်ကား ရုပ်ဖောက်ပြန်သဖြင့် ရုပ်မချမ်းသာသော်လည်း သီလလုံခြုံထားသဖြင့်ကား စိတ်လည်းလုံခြုံ၊ ဘဝလည်း လုံခြုံပြီး ပစ္စုပ္ပန်သံသရာ အဖြာဖြာတွင် ချမ်းသာနေမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် အိုသည့်တိုင်အောင် ချမ်းသာစေမည့် သီလတရားကိုသာ လုံခြုံအောင် စောင့်ထိန်းရင်း မိမိတို့၏ ဘဝကို မိမိတို့ကိုယ်တိုင်သာ ပြုပြင်ရန် လိုအပ်ကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။


အချုပ်အားဖြင့် လူအတော်များများသည် အိုလာသည်ဟုပြောလျင် မကြိုက်တတ်ကြသော်လည်း အသေအချာ တွေးကြည့်လျင် မွေးလာပြီးနောက် ပို၍ပျိုလာသည်မှာ မရှိဘဲ တိုး၍သာ အိုလာမည်သာ ဖြစ်သဖြင့် မည်သူက မည်မျှပင် အိုလာသည် ဆိုလာပါစေ ထိုစကားသည် အမှန်ဖြစ်သဖြင့် မတုန်မလှုပ်ဘဲ လက်ခံနိုင်အောင် ကြိုးစားရမည်ဖြစ်ပြီး ဖောက်ပြန်တတ်သည့် ရုပ်အစုကို ပိုင်ဆိုင်ထားသဖြင့် ရုပ်တရား၏ ဖောက်ပြန်မှု တစ်ခုဖြစ်သည့် အိုခြင်းတရားကိုလည်း မလွဲမသွေ ကြံတွေ့ရမည့် သဘာဝနိယတရား တစ်ခုအဖြစ် လက်ခံနိုင်အောင် လေ့ကျင့်လျက် ရုပ်တရားအိုလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခထက် အိုသည့်အတိုင်အောင် ချမ်းသာစေမည့် အကျင့်သီလပိုင်းကိုသာ သတိဝီရိယ တရားများဖြင့် အထူးလုံခြုံအောင် စောင့်ထိန်းကြဖို့ တိုက်တွန်းရင်း ရုပ်နာမ်အစုကို ပိုင်ဆိုင်ထားသည့် သတ္တဝါမှန်သမျှ တိုး၍မပျို အိုသာအိုနေကြမည့် အချက်ကို မမေ့မလျော့ဖို့ကိုလည်း အလေးအနက် ထပ်မံ၍ အသိပေး တိုက်တွန်းလိုက်ရပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ