စေတနာ နှင့် ကံ...

“လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”

(ဂေါတမမြတ်စွာဘုရား)

“ရဟန်းတို့ စေတနာကို ကံဟု ငါဘုရား ဟောတော်မူ၏ (စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ)” ဟူသော ဘုရားစကားရှိ၏။ ကံကံဟူ၍ အများပြောနေကြရာတွင် ကံဟူသည် အခြားမဟုတ်။ အလုပ်ကိုသာ ဆိုခြင်းဖြစ်၏။ အလုပ်ဟူသည်မှာလည်း စေတနာကို ဆိုခြင်းဖြစ်၏။ စေတနာပါသည့် အလုပ်သည် ကံမြောက်ပြီး စေတနာမပါသည့် အလုပ်သည် ကံမမြောက်ပေ။ ကံမြောက်လျှင် အကျိုးသက်ရောက်မှုလည်း ရှိမည်ဖြစ်ပြီး ကံမမြောက်လျှင်ကား အကျိုးသက်ရောက်မှုလည်း ရှိလာမည် မဟုတ်ပေ။ ထို့ကြောင့် ကောင်းသည့်အလုပ်ဖြစ်စေ၊ မကောင်းသည့် အလုပ်ဖြစ်စေ စေတနာပါပါဖြင့် လုပ်သည့်အလုပ်သည်သာ ကောင်းကံ၊ မကောင်းကံများ ဖြစ်တတ်သဖြင့် အလုပ်လုပ်သည့်အခါ စေတနာကို အလေးထားကြရန် တိုက်တွန်းကြခြင်း ဖြစ်ပါ၏။ အထူးသဖြင့် မကောင်းသည့် အလုပ်များတွင် စေတနာ မပါမိကြစေဘဲ ကောင်းသည့်အလုပ်များတွင်ကား စေတနာထား လုပ်ကြရန် အသိစကား ပါးကြခြင်း ဖြစ်ပါ၏။

စင်စစ် သတ္တ၀ါမှန်သမျှသည် ဘဝနေရေးများအတွက် လှုပ်ရှားနေကြရ၏။ လှုပ်ရှားနေခြင်းသည် အလုပ်လုပ်နေခြင်းလည်း ဖြစ်၏။ အလုပ်လုပ်သည့်အခါ ကိုယ်ဖြင့်လည်း လုပ်တတ်ကြ၏။ နှုတ်ဖြင့်လည်း လုပ်တတ်ကြ၏။ စိတ်ဖြင့်လည်း လုပ်တတ်ကြ၏။ မည်သည့်အမူအရာ မည်သည့်အသွင်ဖြင့် ပြုလုပ်သည်ဖြစ်ပါစေ ထိုလုပ်သည့်အလုပ်များတွင် စေတနာက ခြယ်လှယ်ပေးထားတတ်၏။ ထိုစေတနာသည် အလုပ်လုပ်သူများအား အမြဲခြယ်လှယ် နေတတ်သဖြင့် ကောင်းသည့်အလုပ်များ လုပ်သည့်အခါတွင်လည်း စေတနာက ထောက်ပံ့ပေးနေပြီး မကောင်းသည့်အလုပ်များ လုပ်သည့်အခါတွင်လည်း စေတနာက အားပြုပေးနေပေ၏။ ထို့ကြောင့် တစ်ခါတရံ ကောင်းသည့်အလုပ် လုပ်နေသော်လည်း မကောင်းသည့်စေတနာက လွှမ်းမိုးထားသဖြင့် လုပ်ရပ်မှန်သော်လည်း အကျိုးပေး မမှန်ဘဲ ဖြစ်တတ်သကဲ့သို့ မကောင်းသည့် အလုပ်လုပ်နေသော်လည်း ကောင်းသည့်စေတနာက လွှမ်းမိုးထားသည့်အခါ လုပ်ရပ်မှားသော်လည်း အကျိုးပေးမမှားဘဲ ဖြစ်နေတတ်၏။ အရင်းစစ်သော် ပြုလုပ်သူ၏ စေတနာကြောင့်သာ အကျိုးသက်ရောက်မှု ကွဲပြားကြခြင်း ဖြစ်ပေ၏။

ထိုစေတနာ၏ သဘောတရားသည် အလုပ်လုပ်သူများ လက်တွေ့ခံစား သိရှိနိုင်သည့် သဘောတရားမျိုး ဖြစ်၏။ အထူးသဖြင့် မကောင်းကျိုးများ ဖြစ်ပေါ်လာသည့် အခါမှသာ အလွန်အကြောက်ကြီးတတ်သည့် ပုထုဇဉ်သတ္တဝါများ အနေဖြင့် ပို၍ထင်လွယ်မြင်လွယ်သည့် သဘောတရားမျိုး ဖြစ်ပါ၏။ မကောင်းမှုလုပ်သည့်အခါ စေတနာအား ကောင်းကောင်းဖြင့် လုပ်မိတတ်သူများသည် အကျိုးတရား ဖြစ်ပေါ်လာသည့်အခါ အကြီးအကျယ် ခံရသည်များ ရှိတတ်၏။ တစ်ခါတရံ မကောင်းမှု တစ်ခုခုကို လုပ်ဖြစ်နေသော်လည်း စေတနာမပါဘဲ ပြုလုပ်တတ်သည်များ ရှိတတ်၏။ ထိုအခါ မကောင်းမှုကံလည်း မရှိ၊ မကောင်းကျိုး မလာသည်များလည်း ရှိတတ်၏။ ဤသဘောသည် အနာမရှိသော လက်ဖြင့်အဆိပ်ကို ကိုင်သည့်သဘောမျိုး ဖြစ်၏။ အဆိပ်သည် အနာရှိသည့်လက်ဖြင့်ကိုင်လျှင် ကိုင်သူကို စပ်ပူခြင်း၊ နာကျင်ခြင်းကို ဖြစ်စေနိုင်သော်လည်း အနာမရှိသည့်လက်ဖြင့် ကိုင်လျှင်ကား မည်သည့်ခံစားမှုမျိုးမှ မဖြစ်ပေါ်စေနိုင်သကဲ့သို့ မကောင်းမှု အကုသိုလ် အလုပ်ကို လုပ်နေရသူပင် ဖြစ်သော်လည်း လုပ်သည့်အခါ စေတနာမပါလျှင် မကောင်းမှုကံ၏ အကျိုးသက်ရောက်မှုသည် ဖြစ်ပေါ်ခြင်း မရှိနိုင်သည့် သဘောမျိုးဖြစ်၏။

ဗုဒ္ဓရှင်တော်မြတ် လက်ထပ်တော်က ကုက္ကုဋမိတ္တ အမည်ရသည့် မုဆိုးတစ်ဦးရှိ၏။ ထိုမုဆိုးသည် သားသမင်များကို ဖမ်းဆီးသတ်ဖြတ်ကာ လှည်းဖြင့်လှည့်လည် ရောင်းချရင်း တစ်ချိန်တွင် ရာဇဂြိုဟ်ပြည်သို့ ရောက်လာခဲ့၏။ ရာဇဂြိုဟ်မြို့တွင်း လှည့်လည်ရောင်းချနေသည့် မုဆိုးကို ရာဇဂြိုဟ်ပြည်ရှိ သူဌေးသမီး တစ်ဦးသည် မြင်မြင်ချင်းပင် ချစ်ခင်နှစ်သက်မှုကိုဖြစ်ကာ မိဘများမသိစေဘဲ လိုအပ်သည် လက်ဝတ်တန်ဆာများ ယူဆောင်လျက် မုဆိုးနောက်သို့ လိုက်လေတော့၏။ မုဆိုးသည် သူဌေးသမီးကို မလိုက်ရန် ပြောသော်လည်း သူဌေးသမီးက သူမအနေဖြင့် မုဆိုးအပေါ် ချစ်ခင်နှစ်သက်မှု ရှိသူဖြစ်ပြီး ယခုလို မုဆိုးနောက်ကို လိုခြင်းသည် အရှင်ကခေါ်၍ လိုက်ခြင်းမဟုတ်ဘဲ မိမိသဘောဖြင့်သာ လိုက်ခြင်းဖြစ်သဖြင့် စိုးရိမ်စရာမရှိကြောင်း ပြောဆိုသဖြင့် နောက်ဆုံးတွင် မုဆိုးကြီးလည်း သဘောတူ လက်ခံကာ သူဌေးသမီး၏ မိဘများ မသိရာအရပ်တွင် အတူတကွ ပေါင်းသင်းနေထိုင်ကြလေ၏။

မုဆိုးကြီးသည် ရာဇဂြိုဟ်သူဌေးသမီးနှင့် အိမ်ထောင်ကျပြီး သား (၇)ယောက်အထိ ထွန်းကားခဲ့၏။ မုဆိုးနှင့် သူဌေးသမီးတို့၏ ဘဝသည် မုဆိုးလုပ်ငန်းဖြင့် အသက်မွေးသူနှင့် မုဆိုးကြီး ခိုင်းသမျှကို လုပ်ပေးရသည့် ဇနီးမယား အဖြစ်ဖြင့်သာ နှစ်ပေါင်းမြောက်များစွာ နေထိုင်လာခဲ့ကြ၏။ သားများ အရွယ်ရောက်ပြီး အိမ်ထောင်အသီးသီးပင် ကျသွားပြီဖြစ်သော်လည်း မုဆိုးကြီး၏ မုဆိုးအလုပ်ကား အဆုံးမသတ်နိုင်သေးပေ။ ထို့အတူ ဇနီးဖြစ်သူ ရာဇဂြိုဟ်သူဌေး သမီး၏ မုဆိုးခိုင်းသမျှ အလုပ်ကို လုပ်ပေးနေရခြင်းသည်လည်း အဆုံးမသတ်နိုင်သေးပေ။ မုဆိုးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသော မုဆိုးကြီးအား တစ်နေ့တွင် သားများနှင့်အတူ တရားရရန် အကြောင်းဖြစ်လာခဲ့၏။ မြတ်စွာဘုရားရှင်၏ ရွှေဉာဏ်တော်တွင်လည်း မုဆိုးနှင့်သားများ၏ တရားရမည့်အကြောင်း ထင်မြင်တော်မူလာ၏။ ထို့ကြောင့် ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် မုဆိုးကြီးထောင်ထားသည့် ကျော့ကွင်း၌ ခြေတော်ရာကို ချထားလိုက်ပြီး သားသမင် မမိစေရန် ဖန်တီးထားလိုက်၏။ သားသမင်ထောင်ထားသည့် ကျော့ကွင်းသို့ ရောက်ရှိလာသည့် မုဆိုးကြီးသည် မိနေကျကျော့ကွင်းတွင် မည်သည့်သားကောင်မျှ မရှိဘဲ ခြေရာကိုသာ တွေ့ရသဖြင့် ဤခြေရာကြောင့်သာ သားသမင် မမိခြင်းဖြစ်ရမည်ဟု တွေးမြင်ကြိမ်းမောင်းကာ ခြေရာပိုင်ရှင်ကို လိုက်ရှာလေ၏။

ထိုသို့ရှာရင်း မနီးမဝေး သစ်ပင်အောက်တွင် သီတင်းသုံးနေတော်မူသည့် ဘုရားရှင်ကို တွေ့မြင်သွားပြီး မြတ်ဗုဒ္ဓအား မြားဖြင့်ခွင်းရန် လေးကိုတင်လေ၏။ သို့သော် မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် အလွယ်တကူ တင်နေကျလေးမှာ တင်မရဘဲဖြစ်နေခဲ့၏။ အကြိမ်ကြိမ် ကြိုးစားသော်လည်း မည်သို့မျှ တင်မရဖြစ်နေပြီး အချိန်သာ ကုန်လာခဲ့၏။ အိမ်တွင်ကျန်နေခဲ့သည့် ဇနီးနှင့် သားများ၊ ချွေးမများသည် အချိန်တန်သော်လည်း ပြန်မလာသေးသည့် ဖခင်နောက်သို့ လိုက်လာရင်း ဖခင်နှင့်ဘုရားရှင်တို့၏ အခြေအနေကို သိရှိသွားခဲ့၏။ ထိုအခြေအနေကို မြင်တွေ့ရသည့် ရာဇဂြိုဟ်သူဌေးသမီးသည် မိဘအိမ်တွင် နေစဉ်ကပင် သောတာပန်တစ်ယောက် ဖြစ်ခဲ့ပြီးဖြစ်သဖြင့် ဘုရားရှင်အပေါ် အလွန်ကြည်ညိုရင်း ရှိသည့်အလျောက် အဖဘုရားဟု နှုတ်တော်မှထုတ်ဖော်ကာ ရိုသေတုပ်ဝပ်စွာ ရှိခိုးကန်တော့လေ၏။ မုဆိုးနှင့်သားသမီးများသည် ဘုရားကို ဘုရားဟုမသိဘဲ မိခင်၏ အဖဟူသည့် အသံအရ အမှန်ပင် သူဌေးသမီး၏ အဖေဟု ထင်မှတ်ကာ အားလုံးရိုသေသမှုဖြင့် ဦးညွတ်လိုက်ကြ၏။ ထိုအခါမှ ဘုရားရှင်သည် မုဆိုးနှင့်သားများ၊ ချွေးမများအား တရားစကား မိန့်ကြားတော်မူ၏။ ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် မုဆိုးနှင့်သားများ၊ ချွေးမများသည် သောတာပတ္တိဖိုလ်၌ တည်သွားကြ၏။

မုဆိုးကြီးနှင့် ဇနီးမယားမိသားစု အားလုံး တရားရသွားပြီးနောက် ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ ဘုရားတပည့်သား ရဟန်းတော်များကြားတွင် ဆွေးနွေးပြောဆိုမှုများ ရှိလာကြ၏။ “မိဘအိမ်တွင် ရှိစဉ်ကပင် သောတာပန်တည်ပြီးသော အမျိုးသမီးသည် မုဆိုးနှင့် အိမ်ထောင်ကျပြီးနောက်တွင် နှစ်ပေါင်းများစွာ မုဆိုးခိုင်းသည့် အလုပ်များဖြင့် အသက်မွေးရမည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ မုဆိုးကြီး တောလိုက်ရန်အတွက် မြားယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ လေးယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ ဓားလှံလက်နက် စသည်ယူခဲ့ဆိုလျှင်လည်း ဆောင်ယူပေးရမှာ ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရသည့် ဇနီးမယားသည်လည်း တစ်နည်းအားဖြင့် သူ့အသတ်ကို သတ်နေခြင်းပင်ဖြစ်ကြောင်း၊ သို့ဆိုလျှင် သောတာပန်လည်း ပါဏာတိပါတကံ ကျူးလွန်ရာ ရောက်နေကြောင်း” စသည်ဖြင့် ဆွေးနွေးပြောဆို နေကြ၏။

ထိုရဟန်းတော်များ၏ ဓမ္မသာကစ္ဆာဝိုင်းသို့ ဘုရားရှင် ရောက်တော်မူလာသည့်အခါ မြတ်ဗုဒ္ဓက ထိုအကြောင်းနှင့် စပ်လျဉ်း၍ “ ချစ်သားရဟန်းတို့ သောတာပန်မည်သည် သူ့အသက်သတ်ခြင်းကို မပြုကြကုန်၊ ထိုအမျိုးသမီးသည်ကား လင်ယောက်ျားစကားကို လိုက်နာရုံသက်သက်သာ ဆောင်ရွက်ပေးခြင်းဖြစ်၏၊ ဤလေးမြားလက်နက် စသည်ကိုယူကာ မုဆိုးကြီးအနေဖြင့် သားသမင်စသည်တို့ကို သတ်ဖြတ်ပါစေ၊ သားသမင်များသည်လည်း ဤလက်နက်များကြောင့် အလွယ်တကူ သေပါစေစသည့် စိတ်စေတနာသည် ထိုအမျိုးသမီးအား မရှိ၊ လက်ဝါးပြင်၌ အနာမရှိလျှင် အဆိပ်ကို ကိုင်ယူသောသူအား အဆိပ်ဒဏ်သည် မဖြစ်နိုင်သကဲ့သို့ အကုသိုလ် စေတနာ မရှိခြင်းကြောင့် မကောင်းမှုကို မပြုလိုသောသူအား လေးလက်နက်စသည်ကို ထုတ်ပေးနေသော်လည်း မကောင်းမှုမည်သည် မဖြစ်နိုင်” စသည်ဖြင့် မိန့်တော်မူကာ “လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”
(ဓမ္မပဒ၊ ပါပဝဂ်၊ ကုက္ကုဋမိတ္တမုဆိုးဝတ္ထု) ဟူ၍ အထက်ပါ တရားစကားကို မိန့်ကြားတော် မူလိုက်လေ၏။

ဤကား စေတနာသာ ကံမည်ကြောင်း ဘုရားဟောသည့် အထောက်အထား သာဓက တစ်စိတ်တဒေသပင် ဖြစ်ပါ၏။ ကံဟူသည် အလုပ်ဟုဆိုသော်လည်း ထိုအလုပ်သည် စေတနာအပေါ်တွင် တည်မှီနေသည့် သဘောပင် ဖြစ်ပါ၏။ ထို့ကြောင့် ကံဟူသည် စေတနာပင်ဖြစ်ကြောင်း တိုက်ရိုက်ကောက်ယူ ပြောဆိုကြခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် စေတနာဖြင့် လုပ်သည့်အလုပ်သည် ကံဖြစ်လာပြီး ကံဖြစ်လာလျှင် အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်သဖြင့် လုပ်သည့်အလုပ်မှန်သမျှတွင် စေတနာကို အထူးသတိပြုကြရန် ပြောဆိုကြခြင်း ဖြစ်၏။ အဘိဓမ္မာ သဘောအရဆိုလျှင် စေတနာစေတသိက်သည် ကုသိုလ်အကုသိုလ် နှစ်မျိုးလုံးတွင် စပ်ယှဉ်နေပြီး စိတ်ကို ကုသိုလ်စိတ်၊ အကုသိုလ်စိတ်ဖြစ်ရန် စေ့ဆော်နိုင်သဖြင့် စေတနာကို မကောင်းသည့် အကုသိုလ်တွင် မစပ်ယှဉ်မိစေရန် သတိပြုဆင်ခြင်သင့်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ တစ်ခါတရံ လက်တွေ့ဘဝများတွင် အလုပ်လုပ်နေကြသည့် လူအများကို သတိထားကြည့်ပါက စေတနာ၏ တန်ပြန်သက်ရောက်မှုကို ကောင်းစွာသိရှိနိုင်ကြ၏။ အချို့သည် ကောင်းသည့်အလုပ်များကို လုပ်နေသော်လည်း စေတနာမပါဘဲ လုပ်နေကြသူများ ရှိတတ်သကဲ့သို့ အချို့သည် မကောင်းသည့် အလုပ်များကို မဖြစ်မနေ လုပ်နေရသော်လည်း စိတ်စေတနာ မပါဘဲ လုပ်နေကြရသူများ ရှိတတ်၏။ ကောင်းသည့်အလုပ်ကို လုပ်နေရသော်လည်း စေတနာမပါဘဲ လုပ်နေရသဖြင့် ကောင်းသည့် အကျိုးတရား မထင်ရှားဘဲ ဖြစ်နေကြသူများ၏ အဖြစ်နှင့် မကောင်းသည့် အလုပ်များကို လုပ်နေရသော်လည်း စေတနာမပါဘဲ လုပ်နေရသဖြင့် မကောင်းကျိုးကို မခံစားရဘဲ ဖြစ်နေကြသူများ၏ အဖြစ်သည် စေတနာပါခြင်း၊ မပါခြင်း၏ ကွဲပြားခြားနားမှု တစ်ခုအဖြစ် အထင်အရှား တွေ့မြင်နိုင်ကြမည်ဖြစ်ပါ၏။ မည်သို့ဆိုစေ အလုပ်လုပ်သူများ၏ အကျိုးသက်ရောက်မှုသည် စေတနာအပေါ်မူတည်၍ ကွဲပြားခြားနားကြသည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ဆိုလိုသည်မှာ စေတနာသည် ကံဖြစ်စေသည့် သဘောရှိသဖြင့် မည်သည့်ကိစ္စတွင်မဆို စေတနာကို အလေးဂရုပြုကြရန် ဆိုလိုရင်း ဖြစ်ပါ၏။ စေတနာကောင်းလျှင် ကံကောင်းမည်ဖြစ်ပြီး စေတနာဆိုးလျှင် ကံဆိုးမည် ဖြစ်သဖြင့် ကံကောင်းလိုလျှင် စေတနာကောင်းရန် လိုကြောင်း၊ အထူးသဖြင့် ကောင်းသည့်အလုပ်များတွင် စေတနာအပြည့်ထားလုပ်ရင်း ကောင်းကံအပြည့်ရအောင် ကြိုးစားပြီး မကောင်းသည့် အလုပ်များတွင်ကား မလုပ်ဘဲနေနိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း မဖြစ်မနေလုပ်ရသည့် အခါ စေတနာမပါမိကြရန် သတိပြုဆင်ခြင်ရင်း မကောင်းကံ မမြောက်အောင် ကြိုးစားရမှာဖြစ်ကြောင်း၊ စေတနာမပါဘဲ လုပ်ရသည့် အလုပ်များသည် ကံမမြောက်သဖြင့် အကျိုးသက်ရောက်မှုလည်း မရှိနိုင်သဖြင့် မကောင်းမှုတွင် စေတနာကြဉ်ပြီး ကောင်းမှုတွင် စေတနာယှဉ်နိုင်အောင် အားထုတ်သင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လူချင်းတူသော်လည်း ကံခြင်းမတူဟု ပြောဆိုကြရာတွင် ကံဟူသည် ပြုလုပ်သူ၏ စေတနာသာ ဖြစ်ပြီး ကံမတူခြင်းသည် စေတနာမတူခြင်း ဖြစ်သဖြင့် အကျိုးပေးလည်း မတူခြင်းဖြစ်သည်ကို ကောင်းစွာသဘောပေါက် ဆင်ခြင်ကာ အလုပ်လုပ်သည့်အခါ စိတ်စေတနာကို အရင်းပြု၍ ကောင်းသည့်အလုပ်များတွင် စေတနာအပြည့်ထားလျက် မကောင်းသည့် အလုပ်များတွင်ကို စေတနာမပါမိအောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း အလုပ်ကောင်းတွင် စေတနာကောင်းဖြင့်လုပ်ကာ ကံကောင်းသူများအဖြစ် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကြီးပွားသူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

အားလုံး အလုပ်ကောင်းတွင် စေတနာကောင်းဖြင့် လုပ်နိုင်ကြသဖြင့် ကံကောင်းသူများ အလျဉ်အမြန် ဖြစ်နိုင်ကြပါစေ…

Read more »

အသွင်မတူ အိမ်သူမဖြစ်…

“အသွင်မတူ အိမ်သူမဖြစ်”တဲ့။ ပို့စ်ခေါင်းစဉ်လေးကတော့ ဘုန်းကြီးနဲ့ လားလားမှမသက်ဆိုင်တဲ့ ခေါင်းစဉ်လေးပါ။ အိမ်ယာတည်ထောင် လူဘောင်ကိစ္စကို အိမ်ရာမထောင် ရဟန်းဘောင်က ရဟန်းတစ်ပါးက ပြောလာတာဆိုတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ လူ့အလုပ် ဝင်ရှုပ်တယ်လို့ ပြောစရာ ဖြစ်နိုင်ပါတယ်။ ပြောလည်းမတတ်နိုင်ဘူး ပြောပါစေတော့။ အမျိုးသားရေးနဲ့ ပတ်သက်လာခြင်း၊ ဒါမှမဟုတ် ဘာသာတရားဆိုင်ရာ အဆုံးအမများနဲ့ ပတ်သက်လာခြင်း၊ ကိုယ့်ကျင့်တရားဆိုင်ရာ လျော့နည်းလာမှုတွေနဲ့ ဆက်စပ်လာခြင်းတွေကြောင့် တိုက်ရိုက်မဆိုင်ပေမယ့် ဆိုင်သလောက်လေး ဝင်ပြောကြည့်တဲ့ သဘောပဲ ဖြစ်ပါတယ်။ စေတနာကောင်းနဲ့ အသိပေးခြင်းဆိုလည်း မမှားပါဘူး။ ပြောချင်တာက ဘယ်နိုင်ငံ ဘယ်လူမျိုး အကြောင်းမှ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကြောင်းကို ပြောချင်တာပါ။ အထူးသဖြင့် ပြည်ပရောက် ဘုန်းဘုန်းတို့ မြန်မာများအကြောင်း တစ်စေ့တစ်စောင်း ပြောချင်တာ ဖြစ်ပါတယ်။

အခုတစ်လော ပြည်ပရောက် မြန်မာအချို့ရဲ့ အိမ်ထောင်ရေး ပြဿနာလေးတွေကို မကြာမကြာ ကြားလာရပါတယ်။ တစ်ဆင့်စကားနဲ့ပဲ ဖြစ်ဖြစ်၊ လူကိုယ်တိုင် လာရောက်ပြောတာတွေကြောင့်ပဲ ဖြစ်ဖြစ် ကြားနေရတာတွေက စိတ်မသက်သာစရာတွေပါပဲ။ အိမ်ထောင်ရေး ပြဿနာဆိုတော့ တရားဝင် အိမ်ထောင်ကျပြီးသူတွေ အများစုပဲပေါ့။ “တစ်ချို့လည်း ပြည်ပမှာ အလုပ်လာလုပ်နေရင်း ပြည်တွင်းမှာ ကျန်ခဲ့တဲ့ အိမ်သူသက်ထားက အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ပြဿနာ၊ တစ်ချို့လည်း ပြည်ပမှာ ကုန်းရုန်းပြီး ကြိုးစားပန်းစား ရှာဖွေစုဆောင်း ပို့ပေးပေမယ့် ပြည်တွင်းမှာရှိတဲ့ မယ်တော်က ပို့သမျှတွေကို အမျိုးမျိုးသုံးစွဲကာ အပျိုလုပ်နေတဲ့ ပြဿနာ၊ တစ်ချို့လည်း ပို့သမျှငွေကြေးတွေကို အိမ်သူသက်ထားက တစ်နေရာမှာ တစ်ခြားတစ်ယောက် နာမည်နဲ့ ဘာဝယ်ညာဝယ်လုပ်ပြီး ပြည်ပက ကိုရွှေချောဆီ ဘာလုပ်ထားလို့ ဘယ်လောက်ပို့ပေးပါဦး စသဖြင့် တောင်းဆိုလာလို့ စုံစမ်းကြည့်တဲ့အခါ မယ်တော်က တခြားတစ်ယောက်နဲ့ နောက်မီးလင်းနေတဲ့ ပြဿနာ၊ တစ်ချို့လည်း ပြည်ပမှာ နှစ်တွေကြာလာတော့ ပြည်တွင်းပြန်ပြီး မိသားစုနဲ့ နေဖို့အိမ်အပြန်မှာ ပြည်တွင်းမှာရှိတဲ့ အိမ်သူသက်ထားက ရပ်ကွက်ထဲက ငနဲတစ်ယောက်နဲ့ ဘာလိုလိုဖြစ်ပြီး လိုက်ပြေးလို့ ဟိုရောက်မှ ဒုက္ခဖြစ်ရတဲ့ ပြဿနာ” စသဖြင့် ကြားရတဲ့ သတင်းတွေက နားဝမှာခါးလှတဲ့အပြင် သူတို့အပူတွေကြောင့် နားထောင်ပေးရတဲ့ ဘုန်းဘုန်းမှာတောင် စိတ်မသက်မသာ ဖြစ်လာခဲ့ရပါတယ်။

တစ်လောကတောင် ဒကာတစ်ယောက် ကျောင်းကိုရောက်လာပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူအချို့ရဲ့ လက်တွေ့ဇာတ်လမ်းလေးတွေကို ပြောပြသွားတာကို နားထောင်လိုက်ရပါသေးတယ်။ သူ့က “ပြောရရင် အရှင်ဘုရား… ပြည်ပမှာ အတော်ကြာနေတဲ့ သူအချို့ကျပြန်တော့ အိမ်ကိုလည်း ပြန်ပြီးအဆက် အသွယ်မလုပ်ဘဲ ပျော်သလို နေလိုက်ကြတာတွေ ရှိတယ်ဘုရား၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အိမ်ထောင်ရှင်မ အနေနဲ့ ယောက်ျားလုပ်သူထံက စာမလာ သတင်းမကြား၊ ပိုက်ဆံလည်းမပို့ဘဲ အဆက်ဖြတ်ထားတဲ့အတွက် ကလေးတစ်ယောက်နဲ့ ဒုက္ခဖြစ်ရတာတွေ ရှိနေပြန်တော့ မထူးပါဘူးဆိုပြီး မထူဇာတ် ခင်းသွားတဲ့ အဖြစ်တွေလည်း ရှိတတ်ပါတယ်၊ အရင်းစစ်တော့ ဟိုဘက်ကလည်း ဟိုဘက်အလွန်တွေ ရှိတတ်ပေမယ့် အပြင်ရောက်နေတဲ့ ဒီဘက်လူတွေရဲ့ အလွန်တွေလည်း ရှိတတ်ပါတယ်၊ အသွင်မတူ အိမ်သူမဖြစ်ဆိုသလို ဒီဘက်က ဒီလိုတွေရှိနေတဲ့အတွက် ဟိုဘက်ကလည်း လူ့သဘာဝအရ နေချင်သလို နေပစ်တာတွေလည်း ရှိနိုင်တဲ့ သဘောလို့ ကောက်ချက်ချမယ်ဆိုလည်း ချနိုင်ပါတယ်ဘုရား…” စသဖြင့် သူ့အတွေ့အကြုံနဲ့ သူ့အမြင်လေးကို ပြောပြသွားပါတယ်။

အဲဒီဒကာ ပြောပြသွားတာလေးတွေကို သေချာပြန်တွေးကြည့်တော့ ဟုတ်သင့်သလောက်လည်း ဟုတ်နေပြန်ပါတယ်။ အသွင်မတူရင် အိမ်သူမဖြစ်ဘူး ဆိုတဲ့သဘောမှာ အိမ်သူဖြစ်ပြီးမှ အသွင်မတူအောင် အိမ်ထောင်ရှင်ဘက်က စည်းဖောက်တာတွေ ရှိလာကြမယ်ဆိုရင်တော့ အိမ်သူဘက်ကလည်း စည်းဖောက်တာတွေ ရှိကောင်း ရှိနိုင်တတ်ပါတယ်။ တကယ်တော့ အိမ်ထောင်တစ်ခု တည်မြဲဖို့၊ ဖောက်လွဲဖောက်ပြန် မရှိဖို့မှာ အဓိက အကျဆုံးက တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်အကျင့်သိက္ခာပဲ ဖြစ်ပါတယ်။ အကျင့်သိက္ခာကောင်းရှိကြတဲ့ အိမ်ထောင်ဖက်များ ဖြစ်နေကြမယ်ဆိုရင် ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်နေရာပဲ ရောက်ရောက် နှစ်ဦးနှစ်ဖက် စည်းမပျက်ဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိနေကြမှာ ဖြစ်ပါတယ်။

တစ်ချို့ကျတော့ အကျင့်သိက္ခာကို တစ်ဘဝတစ်နပ်စာနဲ့ မလဲနိုင်တဲ့သူတွေအဖြစ် ကြိုးစားတတ်တဲ့အတွက် ဘယ်သူက ဘယ်လိုပဲ ဖောက်ပြန်ဖောက်ပြန် ကိုယ်မဖောက်ပြန်အောင် နေထိုင်တတ်တာလည်း ရှိပါတယ်။ အိမ်ထောင်ရှင် ယောက်ျားဘက်က အဝေးရောက်နေလို့ အဆက်အသွယ်တွေ ပြတ်နေ၊ ဘာသတင်း ညာသတင်း ကြားနေပေမယ့် အိမ်သူသက်ထားကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှု မရှိဘဲ ထိန်းသိမ်းနေထိုင်တတ်တာတွေ ရှိသလို အဝေးရောက် လင်ယောက်ျားကလည်း အဝေးရောက်နေတဲ့အခိုက် ဇနီးမယားရဲ့ ဘာသတင်းညာသတင်းတွေ ကြားနေရပေမယ့် ကိုယ့်ဘက်က မဖောက်ပြန်မိအောင် ကြိုးစားတာတွေလည်း ရှိတတ်ပါတယ်။ ဒါကတော့ တစ်ဦးချင်းစီရဲ့ အကျင့်သိက္ခာအပေါ် ထိန်းသိမ်းစောင့်ရှောက်မှုနဲ့လည်း သက်ဆိုင်သွားပါတယ်။

တစ်ချို့လည်း ကိုယ်ကိုယ်တိုင်က ပြည်ပမှာ နေချင်သလိုနေ၊ ပျော်ချင်သလိုပျော်နေပြီး ပြည်တွင်းမှာရှိတဲ့ သူကိုတော့ တာဝန်မကျေဘဲ လျစ်လျူရှုထားတာတွေလည်း ရှိတတ်ပါတယ်။ နောက်ပိုင်းအဆက်အသွယ် ပြန်လုပ်တဲ့အခါ ပြည်တွင်းမှာရှိတဲ့ အိမ်ထောင်ရှင်မဘက်က ဘာအသံ ညာအသံ ကြားလာတော့မှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာတွေ လုပ်လာသူတွေလည်း ရှိတတ်ပြန်ပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ ဖြစ်သလိုပျော်ပါးနေပြီး ဟိုဘက်ကလူနဲ့ ပတ်သက်တဲ့ အသံတွေ ကြားလာတဲ့အပေါ်မှာကျတော့ မခံမရပ်နိုင်အောင် ဖြစ်နေတဲ့သဘောဟာ သေချာတွေးကြည့်တော့ အသွင်မတူအောင် ကိုယ်ကိုယ်တိုင်က အရင်စလုပ်ဖြစ်ခဲ့တာတွေ ရှိနေတယ်ဆိုတဲ့ အချက်က တန်ပြန်သက်ရောက်မှုရဲ့ သဘောတစ်ခုအဖြစ် မီးမောင်းထိုးပြနေသလို ဖြစ်နေပြန်ပါတယ်။

နောက် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေလည်း အများကြီးပါဝင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းမှုမရှိ မြှောက်ပင့်ပေးတာတွေကြောင့် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ရှိတတ်သလို ပတ်ဝန်းကျင်ရဲ့ ကူညီထိန်းသိမ်းမှု အထောက်အကူကောင်းတွေကြောင့် အနေဝေးနေပေမယ့် တော်ရုံတန်ရုံ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ မဖြစ်ဘဲ တည်မြဲနေတာလည်း ရှိတတ်ပါတယ်။ တစ်ချို့က အိမ်ထောင်ကျပြီး နှစ်ဘက်မိဘတွေနဲ့ ခွဲနေတဲ့အချိန်မှာ နိုင်ငံခြားထွက် အလုပ်လုပ်ကြရတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ကျန်ခဲ့တဲ့သူဟာ နှစ်ဘက်အသိုင်း အဝိုင်းနဲ့ကင်းနေပြီး တစ်ယောက်တည်း လွတ်လွတ်လပ်လပ် အထိမ်းအကွပ် မရှိဘဲ ကာလအတော်ကြာအောင် နေကြရတာတွေလည်း ရှိတတ်ပါတယ်။ လူ့သဘာဝအရ လွတ်လပ်လာရင် စိတ်ကဖောက်ပြန်တတ်တဲ့ သဘောရှိတဲ့အတွက် မကောင်းတဲ့အလုပ်တွေ လုပ်လာတတ်ပါတယ်။ ပြီးတော့ တစ်ဘက်ကလည်း ရှာသမျှ ငွေကြေးတွေကို အထိန်းအကွပ်မရှိ ပို့ပေးနေတဲ့အခါမှာ ပိုက်ဆံကြောင့် မကောင်းတဲ့ဘက်မှာ ပျော်ပါးမှု များလာတာတွေအထိ ဖြစ်လာတတ်ပါတယ်။ လွတ်လပ်မှုရယ်၊ ပိုက်ဆံရယ်၊ အနေဝေးမှုတွေရယ်က လူ့စိတ်ကို ဖောက်ပြန်စေပြီး နောက်ဆုံးအိမ်ထောင်ရေး ဖောက်ပြန်လာတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါဟာ အိမ်ထောင်ကျပြီး အဝေးရောက်နေကြတဲ့ သီးသန့်အိမ်ထောင်ခွဲများမှာ ကြုံရတတ်တဲ့ ပြဿနာအချို့ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ ပြဿနာမှန်သမျှ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောတွေပဲများပါတယ်။ ပြဿနာကို ဖြစ်အောင်ဖန်တီးတဲ့ အကြောင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှု သဘောမှာ ပြဿနာ ပြေလည်ကြောင်း အကြောင်းကိုရှာပြီး နှစ်ဦးနှစ်ဘက် ကြိုးစားနေထိုင်ကြမယ်ဆိုရင် ဒီအိမ်ထောင်ရေး ပြဿနာဟာလည်း အထိုက်အလျောက် ပြေလည်သွားနိုင်စရာ အကြောင်းရှိပါတယ်။ အဓိကကတော့ တစ်ယောက်ချင်းစီရဲ့ ကိုယ်ကျင့်တရားက အဓိကဖြစ်နေပြီး အိမ်ထောင်ရှင်တွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု တွေကလည်း တစ်ဘက်တလမ်း အထောက်အပံ့ကောင်းတွေ ဖြစ်လာတတ်ပါတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင် နေမယ်ဆိုတဲ့ စိတ်ဓာတ်ကောင်းသာ နှစ်ဦးစလုံး လက်ကိုင်သုံးနိုင်မယ်ဆိုရင်တော့ အသွင်တူတဲ့ အိမ်သူအိမ်သားကောင်းတွေ ဖြစ်လာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အဝေးရောက် ရွှေမြန်မာများနဲ့ ပြည်တွင်းနေ အိမ်ရှင်မများကြား အဖြစ်များလာတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေဟာ အတွင်းရော၊ အပြင်ကပါ ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ လိုလာပြီဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့အတွက် အဓိကကြည့်ရမှာက နှစ်ဦးစလုံးရဲ့ ကိုယ်ကျင့်တရားပိုင်းကို အဓိကကြည့်ဖို့ လိုအပ်လာပြီး အသွင်တူတဲ့ အိမ်သူတွေဖြစ်ဖို့အတွက် အပြင်ရောက်နေသူတွေ ဘက်ကလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို အတွင်းမှာကျန်ခဲ့သူတွေ ဘက်ကလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိတတ်တဲ့အတွက် ကိုယ်ကောင်းရင်သူလည်း ကောင်းမှာဖြစ်ပြီး ကိုယ်ဆိုးရင် သူလည်းဆိုးလာတတ်တဲ့ သဘောကို သတိပြုဆင်ခြင်ကာ ကိုယ်လည်းကောင်း သူလည်းကောင်းအောင် နေကြဖို့ လိုအပ်ပါတယ်။ ကိုယ်လည်းကောင်းအောင်နေ သူ့ကိုယ့်လည်း ကောင်းအောင်နေအောင် ပြုပြင်ထိန်းသိမ်းပေးဖို့လည်း လိုအပ်လှပါတယ်။ ကိုယ်ကောင်းရင်ပြီးတာပဲ သူ့ဟာသူ ဘာဖြစ်ဖြစ်ဆိုပြီး လွှတ်ထားတဲ့အခါ လွတ်သွားတာတွေလည်း ရှိတတ်တဲ့အတွက် ပြည်တွင်းမှာ ရှိနေတဲ့သူရော၊ ပြည်ပမှာရောက်နေတဲ့သူကပါ အချင်းချင်း ထိန်းသိမ်းစောင့်ရှောက် ပေးကြဖို့ လိုပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး ထိန်းထိန်းသိမ်းသိမ်းနဲ့ မတူတာကို တူအောင်ညှိပြီး နေနိုင်ကြမယ်ဆိုရင်တော့ အသွင်တူတဲ့ အိမ်သူအိမ်သားတွေ ဖြစ်လာမှာဖြစ်ကာ အသွင်တူလာရင် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေလည်း တဖြည်းဖြည်း နည်းလာမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အချုပ်ပြောချင်တာက အသွင်တူပါတယ်ဆိုကာ ယူလာကြပြီးမှ အိမ်ထောင်ရေးဖောက်ပြန်တဲ့အထိ အသွင်မတူ ဖြစ်လာကြတဲ့ ပြဿနာများမှာ အသွင်မတူအောင် လုပ်လာကြတဲ့ အိမ်ထောင်သည်များရဲ့ နှစ်ဦးနှစ်ဖက် အကျင့်သိက္ခာ လျော့နည်းလာခြင်းများက အဓိက အကြောင်းတစ်ရပ်လို ဖြစ်လာတဲ့အတွက် အိမ်ထောင်ရေး ဖောက်ပြန်မှုများ အဖြစ်နည်းလာအောင် တစ်ဦးချင်းစီက ကိုယ့်အကျင့်သိက္ခာကို ကိုယ်လုံအောင်ထိန်းကြရမှာ ဖြစ်ကြောင်း၊ ကိုယ်ပျက်ရင် သူလည်းပျက်လာတတ်တဲ့ သဘောရှိတဲ့အတွက် ဘယ်မှာပဲနေနေ ကိုယ်ကိုယ်တိုင်က မပျက်အောင် ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်းနဲ့ အဝေးရောက်နေသူတွေရော အတွင်းမှာ ရှိနေသူတွေပါ အလွယ်တကူ ဖောက်ပြန်မှုများ မဖြစ်ကြစေဖို့ ပတ်ဝန်းကျင်ကောင်းများ၊ မိတ်ကောင်းဆွေကောင်းများရဲ့ အကူအညီကိုယူကာ ကိုယ်ကိုယ်တိုင်ရဲ့ လိမ္မာပါးနပ်မှုနဲ့ ထိန်းသိမ်းပေးမှုကောင်းတွေလည်း လိုအပ်တဲ့အတွက် တစ်ဦးနဲ့တစ်ဦး ထိန်းသိမ်းမှုလည်း ပြုကြရမှာဖြစ်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်စတစ အဖြစ်များလာကြတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုများဟာ အသွင်မတူတာတွေက စပြီး ဖြစ်လာကြတာ ဖြစ်တဲ့အတွက် အိမ်သူအိမ်သားအားလုံး အသွင်မတူတာတွေ မဖြစ်အောင် နှစ်ဦးနှစ်ဘက် အကျင့်မပျက်ကြဖို့ ကြိုးစားနေထိုင်ကြပါလို့ တိုက်တွန်းရင်း အကျင့်ကောင်းများနဲ့ ပေါင်းစပ်ထားတဲ့ အသွင်တူတဲ့ အိမ်ထောင်ဘက်များ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုကာ လူ့အလုပ်ကို ဝင်ရှုတ်မိတဲ့ ပို့စ်တစ်ခုအနေနဲ့ အမုန်းခံကာ တင်ပြလိုက်ရပါတယ်။

Read more »

လုံခြုံရေး…

လောကီဘုံသား လူအများအတွက် ဘဝမှာ လုံခြုံရေးက သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတွေဟာ လူတိုင်းလူတိုင်းအတွက် တကယ့်ကိုပဲ အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာများ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့၊ လက်ရှိရရှိထားတဲ့ လူ့ဘဝလိုမျိုး ကောင်းတဲ့ ဘဝခန္ဓာကနေ နိမ့်ကျမသွားဖို့နဲ့ ကောင်းတဲ့စိတ်စေတနာလေးတွေ မယိမ်းယိုင်သွားဖို့ ဆိုတဲ့အချက်တွေဟာ လူတိုင်းတောင့်တနေတဲ့ အရာတွေဖြစ်သလို ဒီတောင့်တချက်များ ပြည့်စုံဖို့လည်း နည်းအမျိုးမျိုးနဲ့ ကြိုးစားနေတတ်ကြပါတယ်။ လူအတော်များများဟာ တောင့်တပေမယ့်လည်း တောင့်တတဲ့အတိုင်း မပြည့်နိုင်ပဲ ဖြစ်နေကြသလို စည်းစိမ်ဥစ္စာ၊ ဘဝခန္ဓာနဲ့ စိတ်စေတနာတို့ရဲ့ လုံခြုံရေးအတွက်လည်း အာမခံချက် မပေးနိုင်ဘဲ ဖြစ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗုဒ္ဓဘုရားရှင်ရဲ့ စစ်မှန်တဲ့ လမ်းညွန်မှုအတိုင်း လက်တွေ့လိုက်နာ ကျင့်ကြံသူများကတော့ ဒီအရာတွေရဲ့ လုံခြုံရေးအတွက် ကောင်းကောင်းကြီး အာမခံနိုင်ကြမှာ ဖြစ်သလို လက်တွေ့လည်း လုံခြုံစိတ်ချနေကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်က စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်စေတနာရဲ့ လုံခြုံရေးအတွက် အကောင်းဆုံးလမ်းတွေကို ညွန်ပြပေးတော်မူပါတယ်။ ဘုရားရှင် ပေးတော်မူတဲ့ လမ်းစဉ်ဟာ ကိုယ်ကိုယ်တိုင် လက်တွေ့လိုက်နာ ကျင့်သုံးရမယ့် လမ်းစဉ်သာဖြစ်ပြီး သူများက အစားထိုးလုပ်ပေးလို့ရတဲ့ နည်းစနစ် မဟုတ်ပါဘူး။ ဒါကြောင့် တကယ့်ကိုပဲ မိမိတို့ လိုလားတောင့်တတဲ့ လုံခြုံရေးကို လိုချင်တဲ့သူများ အတွက်တော့ ဘုရားပေးတဲ့ လမ်းစဉ်ဟာ အကောင်းဆုံး လက်တွေ့အသုံးချ လမ်းစဉ်ဖြစ်ကြောင်း ဆိုကြခြင်း ဖြစ်ပါတယ်။

ဘုရားပေးတဲ့ ဒီလမ်းစဉ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ဒါနပြုရေး၊ သီလဆောက်တည်ရေး၊ ဘာဝနာပွားရေး လမ်းစဉ်ပဲဖြစ်ပါတယ်။ ဒါနဟာ စည်းစိမ်ဥစ္စာများ လုံခြုံရေးအတွက် အထောက်အကူ ပေးမှာဖြစ်ပြီး သီလကတော့ ဘဝလုံခြုံရေးအတွက် အာမခံပေးမှာဖြစ်ကာ ဘာဝနာကတော့ စိတ်ဓာတ်လုံခြုံရေးအတွက် တာဝန်ယူပေးမှာ ဖြစ်ပါတယ်။ ဒါနလုပ်နေသူဟာ စည်းစိမ်ဥစ္စာများ လုံခြုံအောင် လုပ်နေသူဖြစ်ပြီး သီလစောင့်ထိန်းနေသူဟာ ဘဝလုံခြုံအောင် လုပ်နေသူဖြစ်ကာ ဘာဝနာအလုပ် အားထုတ်နေသူကတော့ စိတ်လုံခြုံအောင် လုပ်နေသူပဲ ဖြစ်ပါတယ်။ ဒါနသီလဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်နေသမျှ ဒီကုသိုလ်တွေရဲ့ တန်ခိုးတွေဟာလည်း တိုးပွားနေမှာဖြစ်ပြီး ဒီလိုတန်ခိုးတွေ ပိုင်ဆိုင်းထားသူတွေဟာလည်း တကယ့်ကို တန်ခိုးရှင်တွေဖြစ်နေကာ တန်ခိုးကြီးလေ လုံခြုံစိတ်ချမှုလည်း အားကြီးလေပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။

တကယ်တော့ လောကသားများ လိုလားတောင့်တပါတယ် ဆိုတဲ့ စည်းစိမ်ဥစ္စာ၊ ဘဝခန္ဓာနဲ့ စိတ်စေတနာတွေရဲ့ လုံခြုံစိတ်ချရေးဟာ ဒါနသီလဘာဝနာတွေကလွဲလို့ တခြားအရာတွေနဲ့ ထိန်းပေးလို့ မရပါဘူး။ တစ်ခြားတခြားသော တန်ခိုးရှင် ဖန်တီးရှင်တွေက ဘယ်လိုပုံစံမျိုးနဲ့ပဲ လုံခြုံစိတ်ချအောင် ထိန်းသိမ်းနိုင်ပါစေ ဒါနလုပ်ပြီး၊ သီလဆောက်တည်ပြီး၊ တရားဘာဝနာ အားထုတ်ပြီး ထိန်းတာလောက် ဘယ်လိုမှ စိတ်ချအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုံခြုံမှုတွေဆိုတာ ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ လုပ်ပေးနိုင်တဲ့ အရာတွေ မဟုတ်လို့ဘဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ် လူအတော်များများ ကြိုးစားနေကြတာက စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးကို အဓိကထား ကြိုးစားနေကြတာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချရေးဟာ အတော့်ကို စိုးရိမ်စရာ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲထားထား၊ ဘယ်လိုလူကပဲ စောင့်ရှောက်စောင့်ရှောက် ဒီပစ္စည်းဥစ္စာတွေရဲ့ လုံခြုံမှုဟာ စိတ်မချရပါဘူး။ ဒီစည်းစိမ်ဥစ္စာတွေဟာ အမြဲစိုးရိမ်မှုကို ဖြစ်စေတတ်တဲ့အပြင် ရေး၊ မီး၊ မင်း၊ ခိုးသူ မချစ်မနှစ်သက်သူဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့လည်း အမြဲမပြတ် ဆက်ဆံနေတဲ့အတွက် အချိန်မရွေး၊ နေရာမရွေး ပျောက်ပျက်တတ်တဲ့ သဘောရှိနေပါတယ်။ စည်းစိမ်ဥစ္စာရဲ့ သဘောဟာ ထိုက်မှရတတ်တဲ့ သဘောရှိတဲ့ အတွက်ကြောင့် ဘယ်လောက်ပဲ ကြိုးစားရှာဖွေ စုဆောင်းပေမယ့် အချိန်တန်တော့လည်း ပျောက်ပျက်သွားတတ်ပြန်ပါတယ်။ တစ်ခါတလေ ဒီပစ္စည်းဥစ္စာတွေ မပျောက်ပျက်အောင် နည်းအမျိုးမျိုးနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေမယ့်လည်း သူ့ရဲ့လုံခြုံစိတ်ချမှုဟာ နည်းနည်းမှ အာမခံချက် မပေးနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချမှုဟာ ဒါနပြုခြင်းမှတပါး အခြားမရှိဘူးဆိုတဲ့ အဖြေပဲ ထွက်လာခဲ့တော့တာ ဖြစ်ပါတယ်။

ဒါနပြုခြင်းဟာ စည်းစိမ်ဥစ္စာတွေရဲ့ ပျောက်ပျက်မှုကနေ ကာကွယ်ပေးခြင်းဖြစ်သလို ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံတိုးပွားမှုကိုလည်း ထိန်းသိမ်းပေးခြင်း ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေဟာ ကိုယ်မသေခင်မှာလည်း အချိန်မရွေး ပျက်စီးဆုံးရှုံးသွားတတ်သလို သေရင်လည်း ထားခဲ့ရမယ့် အရာတွေ ဖြစ်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံမှုနဲ့ နောင်သံသရာအတွက် ယူဆောင်သွားမှုတို့အတွက် ဒီစည်းစိမ် ဥစ္စာတွေကို အရင်းပြုပြီး ဒါနလုပ်ပေးခြင်းမှတပါး အခြားမရှိဘူးဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ အရာတွေကို အရင်းပြုပြီး စိတ်စေတနာ ကောင်းကောင်းနဲ့ ပေးကမ်းလှူဒါန်းမှုကို ပြုပေးခြင်းဟာ ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချမှုအတွက် ထာဝရမပျက်စီးနိုင်တဲ့ အနုဂါမိက ရွှေအိုးမြုပ်နေတာ ဖြစ်တဲ့အတွက် များများပြုနိုင်လေ များများလုံခြုံစိတ်ချရလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးအတွက် ဒါနပြုပေးရမှာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဒီလိုပါပဲ။ ဘဝခန္ဓာ လုံခြုံရေးအတွက်လည်း သီလဆောက်တည်ပေးရမှာ ဖြစ်ပါတယ်။ ဘဝခန္ဓာဆိုတာ အနာရောဂါ အမျိုးမျိုးနဲ့ ဆက်ဆံနေရတဲ့အတွက် အနှစ်ချုပ်ကြည့်ရင် ဘာမှမက်စရာ မရှိလှပါဘူး။ ဒီလို အနှစ်မရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့်လည်း ဒီဘဝ၊ ဒီခန္ဓာကို အမှီပြုပြီး ဖြစ်လိုက်ရတဲ့ရောဂါ၊ ဖြစ်လိုက်ရတဲ့ ပြဿနာတွေဟာ မရေမတွက်နိုင်အောင်ပဲ ဖြစ်ပါတယ်။ ရုပ်ခန္ဓာရှိနေသမျှ ရောဂါဆိုတာလည်း ရှိနေမှာဖြစ်တဲ့အတွက် ရောဂါစုကြီးကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါတွေဟာ ဒီဘဝဒီခန္ဓာရဲ့ လုံခြုံမှုအတွက် သီလကလွဲပြီး တခြားဘယ်အရာတွေနဲ့မှ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

သီလဆိုတာ ကိုယ်ကျင့်သီလဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ကျင့်ကြံပြီး ကိုယ့်ရဲ့ဘဝကို လှအောင်၊ ကိုယ့်ရဲ့ဘဝကို လုံခြုံအောင် သီလအကျင့်နဲ့ပဲ ထိန်းပေးရမှာ ဖြစ်ပါတယ်။ ဘဝကောင်းဖို့နဲ့ ရရှိလာတဲ့ ဘဝခန္ဓာလှဖို့၊ လုံခြုံဖို့အတွက် သီလအကျင့်က အရမ်းအရေးကြီးပါတယ်။ ရောဂါတွေနဲ့ ဆက်ဆံရတဲ့ ဒီဘဝဒီခန္ဓာကြီးမှာ ရောဂါပေါင်းစုံ ရနေခြင်းဟာ တစ်နည်းပြောရရင် သီလမလုံခြုံတဲ့ အတွက်ကြောင့်လို့လည်း ပြောနိုင်မှာ ဖြစ်ပါတယ်။ သီလမလုံခြုံတဲ့အတွက် ဘဝခန္ဓာဟာလည်း လုံခြုံစိတ်ချမှု မရှိဘဲ ဖြစ်ရတာ ဖြစ်ပါတယ်။ လက်တွေ့ဘဝတွေမှာ ကြည့်လိုက်မယ်ဆိုရင် ခန္ဓာရတဲ့သူချင်းအတူတူ တစ်ချို့က ကိုယ်လက်အင်္ဂါ စုံစုံလင်လင်နဲ့ ဖြစ်နေရသလို၊ တစ်ချို့ကတော့ ခြေမစုံလက်မစုံ ဖြစ်လာသူတွေလည်း ရှိတတ်ပါတယ်။ တစ်ချို့က ကျန်းမာရေး ကောင်းနေပေမယ့် တစ်ချို့ကျတော့ မွေးကတည်းက အနာရောဂါ အစုံနဲ့ မွေးလာသူတွေ ရှိနေပြန်ပါတယ်။ တစ်ချို့ဆိုရင် ဘဝခန္ဓာ ရလာပေမယ့် လူ့ဘဝလူ့ခန္ဓာ မဟုတ်ဘဲ အလွန်နိမ့်ကျတဲ့ တိရစ္ဆာန်ဘဝခန္ဓာ ရလာသူတွေအထိ ရှိတတ်ပါတယ်။ အရင်းစစ်တော့ ဒါဟာ သီလမလုံလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝခန္ဓာလုံခြုံဖို့အတွက် သီလဆောက်တည်ခြင်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် အရေးကြီးဆုံးဖြစ်တဲ့ စိတ်လုံခြုံဖို့ အတွက်ကတော့ ဘာဝနာနဲ့ ခြုံကြရမှာ ဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲ စိတ်ဆိုတဲ့သဘောဟာ တဒင်္ဂအခိုက်အတန့်အတွင်းမှာ အရာအထောင်မက ပြောင်းလဲဖြစ်ပျက်တတ်တဲ့ သဘောရှိပါတယ်။ အထူးသဖြင့် အာရုံပေါင်းစုံနဲ့ အတွေးပေါင်းစုံရဲ့ ချယ်လှယ်မှုကြောင့် စိတ်အစဉ်ဟာ အမြဲမပျက် ဖောက်ပြန်နေတတ်ပါတယ်။ ဖောက်ပြန်တယ်ဆိုတဲ့ သဘောကိုက ကောင်းတဲ့သဘောကနေ မကောင်းတဲ့သဘောကို ရောက်ရှိသွားတဲ့ သဘောဖြစ်တဲ့အတွက် စိတ်မှာများများ ဖောက်ပြန်လေ အဲဒီစိတ်ပိုင်ရှင်မှာ မကောင်းတဲ့သဘောတွေ များများတိုးလေလေ ဖြစ်နေမှာဖြစ်ပါတယ်။ မကောင်းတဲ့ စိတ်နဲ့နေနေရလေ လုံခြုံစိတ်ချရမှုလည်း နည်းလေလေ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမကောင်းတဲ့ စိတ်အတွေးတွေနဲ့ မလုံမခြုံဖြစ်တတ်တဲ့ စိတ်ကို လုံခြုံစိတ်ချမှု ရှိရလေအောင် ဘာဝနာနဲ့ ထိန်းပေးဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဘာဝနာ အလုပ်ဟာ စိတ်အစဉ်ကို ထိန်းချုပ်ပေးတဲ့ စိတ်ထိန်းကိရိယာ တစ်ခုပဲ ဖြစ်ပါတယ်။ အာရုံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ ပွားများအားထုတ်ပြီး ထိန်းပေးတဲ့ သမထဘာဝနာပဲ ဖြစ်ဖြစ်၊ စိတ်နဲ့ရုပ်မှာ ပေါ်လာသမျှ အာရုံတွေကို ကိလေသာ ကြားမခိုအောင် သတိကပ်ပြီး အရှိအတိုင်း ဉာဏ်နဲ့ယှဉ်ကာ သိမှတ်ပေးရတဲ့ ဝိပဿနာ ဘာဝနာပဲ ဖြစ်ဖြစ် ဘယ်လိုဘာဝနာ အလုပ်ကိုပဲ လုပ်နေလုပ်နေ ဒါဟာ စိတ်ကိုလုံခြုံအောင် လုပ်ပေးနေတာ ဖြစ်တဲ့အတွက် များများလုပ်နိုင်လေ စိတ်မှာများများ လုံခြုံလေပဲ ဖြစ်ပါတယ်။ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ တစ်မျိုးမျိုးကို ကြိုးစားအားထုတ်နေပါက ကိလေသာ ကြားမခိုနိုင်ဘဲ စိတ်အစဉ်မှာ သန့်စင်နေတတ်တဲ့အတွက် သန့်ရှင်းစင်ကြယ်နေတဲ့ စိတ်ဟာ လုံခြုံမှုအပြည့်ရှိတဲ့ စိတ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ကိလေသာများနေတဲ့စိတ်ဟာ မကောင်းတဲ့ အတွေးများနဲ့ ကြောက်လန့်နေရပြီး ကြောက်လန့်မှုရှိနေတဲ့ စိတ်ဟာ လုံခြုံမှု မရှိတဲ့စိတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိလေသာ တရားတွေကြောင့် အကြောက်တရားများနဲ့ မလုံမခြုံဖြစ်နေတတ်တဲ့ စိတ်ကို လုံခြုံစိတ်ချရမှုရှိအောင် ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက ဘဝမှာ သတ္တဝါတွေဟာ လုံခြုံရေးအတွက် အမျိုးမျိုး ကြိုးစားကြတဲ့ နေရာမှာ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်အစဉ်ရဲ့ လုံခြုံရေးကတော့ အထူးလိုလားတောင့်တတတ်တဲ့ ကြိုးစားမှုတွေ ဖြစ်နေတဲ့အတွက် ဒီအရာတွေရဲ့ လုံခြုံရေးအတွက် တခြားအရာတွေနဲ့ ကြိုးစားကြတာထက် ဒါနသီလဘဝနာ အလုပ်များနဲ့ ကြိုးစားတာက အကောင်းဆုံး ဘဝလုံခြုံရေးပဲ ဖြစ်တယ်ဆိုတာ သိစေလိုတာ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာဆိုတာ လက်ရှိအချိန်မှာလည်း ရန်သူမျိုးငါးပါးတွေနဲ့ မပြတ်ဆက်ဆံနေတဲ့အပြင် သေရင်လည်း ထားခဲ့ရမယ့် အရာတွေ ဖြစ်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးကို ဒါနပြုလုပ်ပေးခြင်းနဲ့ပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို ရရှိထားတဲ့ ဘဝခန္ဓာဆိုတာလည်း အနာရောဂါ အမျိုးမျိုးနဲ့ အမြဲဆက်ဆံနေတဲ့အတွက် ဘဝခန္ဓာကိုယ်ရဲ့ လုံခြုံမှုဟာ ဒီဘဝလည်း လုံခြုံ၊ နောင်သံသရာမှာလည်း လုံခြုံမှုကို ဖြစ်စေတတ်တဲ့ သီလဆောက်တည်မှုနဲ့ပဲ လုံခြုံအောင် ကြိုးစားရမှာဖြစ်ပြီး စိတ်ဆိုတာကလည်း ကိလေသာအာရုံတွေနဲ့ အမြဲနှိပ်စက်ခံရတတ်တဲ့အပြင် မကောင်းတဲ့အာရုံတွေမှာပဲ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ဒီစိတ်အစဉ် လုံခြုံရေးအတွက်လည်း ကိလေသာကြားခိုမှုကို တားမြစ်ပေးနိုင်တဲ့ ဘာဝနာ အလုပ်နဲ့ပဲ လုံခြုံအောင် စောင့်ရှောက်ကြရမှာ ဖြစ်တယ်ဆိုတာ သဘောပေါက် စေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လုံခြုံရေး၊ လုံခြုံရေးလို့ ဆိုနေကြတဲ့ သတ္တဝါတွေ အနေနဲ့ တစ်ခြားတခြား လုံခြုံရေးတွေထက် မိမိတို့ဘဝရဲ့ အဓိက လုံခြုံရမယ့် အရာတွေဖြစ်တဲ့ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်အစဉ်ရဲ့ လုံခြုံရေးကိုသာ ဦးစားပေးကြရမှာ ဖြစ်တဲ့အတွက် ဒီအရာတွေ လုံခြုံမှုရှိအောင် ဒါနအလုပ်၊ သီလအလုပ်၊ ဘာဝနာအလုပ်များကို ကြိုးစားအားထုတ်ရင်းနဲ့ပဲ အချိန်ရှိခိုက် လုံခြုံရေးအတွက် အားစိုက်လိုက်ကြဖို့ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ