တော်သလင်းလပြည့်နေ့ (သို့) ဂရုဓမ္မအခါတော်နေ့….

မြန်မာတို့ရဲ့ လ ၁၂လကို ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနဲ့ ထူးခြားစွာ သတ်မှတ်ထားကြရာမှာ တော်သလင်းလရဲ့ လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ချက်ဟာလည်း တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တော်သလင်းလပြည့်နေ့ ဖြစ်တဲ့ ဒီနေ့ကို ဘာသာရေးဆိုင်ရာ နေ့အဖြစ် ဂရုဓမ္မ အခါတော်နေ့လို့ ပြောဆိုသုံးနှုန်းကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲက ကုရုဓမ္မဇာတကကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ မူရင်းစကားမှာ ကုရုဓမ္မဖြစ်ပြီး နောက်ပိုင်းဝေါဟာရ အပြောင်းအလဲတစ်ခု အနေနဲ့ ဂရုဓမ္မလို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အဋ္ဌကထာများမှာတော့ ကုရုတိုင်းသားတို့ ကျင့်သုံးတဲ့ တရားဖြစ်တဲ့အတွက် ကုရုဓမ္မလို့ ဆိုခြင်းဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကုရုဓမ္မခေါ် ဂရုဓမ္မဆိုတာ ပဉ္စသီလ ခေါ် ငါးပါးသီလကို ဆိုခြင်းပဲ ဖြစ်ပါတယ်။ အတိတ်ဘ၀တစ်ခုမှာ ဘုရားလောင်းဟာ ဣန္ဒပတ္တနဂိုရ်ပြည်ရဲ့ ကောရဗျဘုရင်အဖြစ် အုပ်ချုပ်စဉ်အခါက တိုင်းပြည်တစ်ပြည်လုံးကို ငါးပါးသီလစောင့်ထိန်းဖို့ ညွှန်ကြားပြီး သီလတရားနဲ့ ပြည့်စုံစေပါတယ်။ တစ်တိုင်းပြည်လုံး ပဉ္စသီလကို လုံခြုံအောင် စောင့်ထိန်းကြတဲ့အတွက် အဲဒီတိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကောက်ပဲသီးနှံနဲ့ ဆန်ရေစပါး ပေါများကာ တိုင်းသူပြည်သားတွေဟာ အေးအေးချမ်းချမ်း ငြိမ်းချမ်းတည်ငြိမ်တဲ့အပြင် သီလလုံခြုံကြတဲ့အတွက် အသက်ရှည်ပြီး ရောဂါဘယများလည်း ကင်းဝေးကြပါတယ်။ အဲဒီအချိန်မှာ တစ်ဘက်မှာရှိတဲ့ ကာလိင်္ဂမင်း အုပ်ချုပ်တဲ့ ဒန္တပူရပြည်မှာတော့ မိုးခေါင်ရေရှားဖြစ်ကာ ဆန်ရေစပါးရှားပါပြီး တိုင်းသူပြည်သားတွေဟာလည်း ဒုက္ခအမျိုးမျိုး ကြုံနေရပါတယ်။ ဒီတော့ ကလိင်္ဂမင်းဟာ ကောရဗျမင်းရဲ့ တိုင်းပြည်အခြေအနေကို စုံစမ်းပြီး ကောရဗျမင်း ကျင့်သုံးတဲ့ ကုရုဓမ္မကို လိုက်နာကျင့်သုံးစေကာ မိမိတိုင်းသူပြည်သားတွေကိုလည်း သီလနဲ့ ပြည့်စုံစေပါတယ်။ ဒီလို ကုရုဓမ္မကို ကျင့်သုံးတဲ့အတွက် ကလိင်္ဂမင်းရဲ့ တိုင်းပြည်မှာလည်း မိုးလေ၀သမှန်ကန်ကာ တိုင်းပြည်လည်း ငြိမ်းချမ်းသာယာ လာခဲ့ပါတယ်။ ဒါဟာ ကရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံစောင့်ထိန်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါက ကုရုဓမ္မဇာတ်တော်ရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်ကို အကြောင်းပြုပြီး မြန်မာဗုဒ္ဓဘာသာများဟာလည်း ဆန်ရေစပါး စိုက်ပျိုးရာဖြစ်တဲ့ မိုးရာသီရဲ့ တော်သလင်းလမှာ မိုးလေ၀သ မှန်ကန်စေဖို့နဲ့ ဗုဒ္ဓဘာသာတွေ အနေနဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို အလေးထားပြီး စောင့်ထိန်းစေဖို့ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ အဖြစ် နေ့ထူးနေ့မြတ်တစ်ခု သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက အရေးကြီးဆုံး တရားက ဂရုဓမ္မ တရားပဲ ဖြစ်ပါတယ်။ ငါးပါးသီလရဲ့ အစွမ်းထက်မြက်မှုပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အနည်းဆုံး သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တာ၊ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုများမှ ရှောင်ကြဉ်တာ၊ လိမ်ညာပြောဆိုတာတွေမှ ရှောင်ကြဉ်တာ၊ အရက်သေစာ မူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာတွေမှ ရှောင်ကြဉ်တာတွေကို ပျောက်ပြက်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြမယ်ဆိုရင် တစ်ဦးချင်းရဲ့ စိတ်အစဉ်မှာ ငြိမ်းချမ်းနေပြီး အချင်းချင်း နှိပ်စက်ခြင်းတွေ ကင်းနေကြမှာ ဖြစ်ပါတယ်။ တစ်ခုချင်းရဲ့ စိတ်အစဉ်မှာ သီလတွေနဲ့ ထိန်းသိမ်းလို့ ငြိမ်းနေကြမယ်ဆိုရင် အဲဒီနိုင်ငံ၊ အဲဒီလူမျိုးတွေကို စောင့်ရှောက်ကြတဲ့ နတ်ဒေ၀တာတွေဟာလည်း စောင့်ရှောက်မှု အားကောင်းပြီး အဆိုးတွေမဖြစ်အောင် မစကြမှာဖြစ်ပါတယ်။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များရဲ့ အစောင့်အရှောက်ကို ခံကြရတဲ့ တိုင်းပြည်ဟာ မိုးလေ၀သ ရာသီဥတုမှအစ ကောင်းမွန်မှန်ကန်ပြီး ရာသီဥတု မှန်တဲ့အတွက် စိုက်ပျိုးရတဲ့ သီးနှံစပါးဟာလည်း ဖွံ့ဖြိုးတိုးတက်ကာ စားဝတ်နေရေးမှ အစ အစစအရာရာ ငြိမ်းချမ်းသာယာ နေကြမှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံဖြစ်တဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းနေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောရှိတဲ့အတွက် အကြောင်းကောင်းရင် အကျိုးလည်းကောင်းမှာဖြစ်လို့ အကျိုးပေးကောင်းချင်သူတွေ အနေနဲ့ အကြောင်းကောင်းအောင် လုပ်ကြဖို့နဲ့ တစ်ဦးချင်းရဲ့ အကြောင်းတွေ ကောင်းနေရင် တစ်ဦးချင်းရဲ့ အကျိုးလည်းကောင်းနေပြီး အကြောင်းကောင်းသူ တစ်ဦးချင်း ပေါင်းထားတဲ့ အများဟာလည်း အကျိုးကောင်းတဲ့ အစုအဖွဲ့ ဖြစ်လာမှာဖြစ်ကာ အစုအဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ တိုးတက်ဝပြောနေမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းကောင်းဆိုတဲ့ ဂရုဓမ္မလို တရားများကို ကြိုးစားကျင့်ကြံနေထိုင်ခြင်းဖြင့် အကျိုးကောင်းအောင် အားထုတ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။ ဂရုဓမ္မခေါ် ငါးပါးသီလကို အခြေခံ အဆင့်အနေနဲ့ တည်တံ့အောင် ကြိုးစားပြီး အမြတ်ဆုံးပန်းတိုင်ကို လှမ်းကိုင်နိုင်အောင် အားထုတ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အကျင့်တရားတွေ အားနည်းပြီး သီလတရားတွေ လျော့ရဲလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ အများမိုးခါးရေ သောက်လို့ ကိုယ်လည်းလိုက်သောက်တဲ့ ပုံစံမျိုး မဖြစ်စေကြဘဲ အများမလုပ်နိုင်တဲ့ အလုပ်ကို တစ်ဦးချင်း အရင်ကြိုးစား လုပ်ကိုင်ရင်း အများအားဖြစ်လာအောင် အားထုတ်တဲ့အနေနဲ့ လူပဲဖြစ်ဖြစ်၊ ရဟန်းပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အခြေခံအဆင့် သီလများကို လုံခြုံအောင် စောင့်ထိန်းကြဖို့၊ လူတွေအနေနဲ့ တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မ တရားတွေ ထွန်းကားလာအောင် နေ့စဉ်စောင့်ထိန်းရမယ့် ငါးပါးသီလကို လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားကြဖို့၊ ဒီလို တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မတွေ ထွန်းကားလာမယ်ဆိုရင် အဲဒီသူ၊ အဲဒီမိသားစု၊ အဲဒီလူမျိုး၊ အဲဒီတိုင်းပြည်ဟာ အမှန်တကယ် ငြိမ်းချမ်းသာယာ ၀ပြောလာမှာ ဖြစ်လို့ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီဂရုဓမ္မကိုတော့ အတတ်နိုင်ဆုံး လုံခြုံကြစေဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ ဂရုဓမ္မတရားတွေ များများထွန်းကားလေ ကမ္ဘာလောကကြီး ငြိမ်းချမ်းလေ ဖြစ်မယ်ဆိုတာ အသေအချာပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း ဂရုဓမ္မအခါတော်နေ့ရဲ့ ထူးခြားမှုတစ်ခုအဖြစ် အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာတွေအတွက် အနည်းဆုံး အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံခြုံအောင် ကျင့်သုံးကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

ဒါန၏ အားသာချက်…

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်က ဖြစ်၏။ တစ်နေ့ သုမနမင်းသမီးသည် အခြံအရံများနှင့်အတူ ဘုရားရှင်ထံသို့ အဖူးမျှော် ရောက်ရှိလာပြီး မြတ်စွာဘုရားရှင်အား မိမိသိလိုသည့် မေးခွန်းများကို မေးလျှောက်လေ၏။
သုမန
“အရှင်ဘုရား… သာသနာတော်မှာ တူညီတဲ့ သဒ္ဓါ၊ တူညီတဲ့ သီလ၊ တူညီတဲ့ ပညာ ရှိတဲ့ ဘုရားတပည့် နှစ်ဦးရှိတယ်လို့ ဆိုပါစို့ဘုရား..။ သူတို့နှစ်ဦးဟာ သဒ္ဓါ၊ သီလ၊ ပညာ တူပေမယ့် တစ်ဦးက ပေးလှူတတ်ပြီး တစ်ဦးက မပေးလှူတတ်ပါဘူးဘုရား။ သူတို့နှစ်ဦး သေဆုံးတဲ့အခါ နှစ်ဦးလုံး သုဂတိနတ်ပြည်ကို ရောက်ကြပါတယ်။ နတ်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွာခြားမှု တစ်စုံတစ်ရာ ရှိနိုင်ပါသလား၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အကျိုးပေး အတူတူပဲ ဖြစ်ပါသလားဘုရား..”

မြတ်ဗုဒ္ဓ
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် နတ်အသက်၊ နတ်အဆင်း၊ နတ် ချမ်းသာ၊ နတ် အခြံအရံ အကျော်အစော၊ နတ်ရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”

သုမန
“အရှင်ဘုရား… ဒီလို သဒ္ဓါ၊ သီလ၊ ပညာတူပြီး အလှူဒါနပိုင်းမှာ ကွဲပြားသွားတဲ့ သူတို့နှစ်ဦးဟာ နတ်ပြည်ကနေစုတေပြီး လူ့ပြည်မှာ ဖြစ်တယ်လို့ ဆိုပါစို့ဘုရား..။ လူဖြစ်လာတဲ့ သူတို့နှစ်ရဲ့ ထူးခြားကွဲပြားမှုရော ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ကွဲပြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား…”

မြတ်ဗုဒ္ဓ
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် လူ့အသက်၊ လူ့အဆင်း၊ လူ့ချမ်းသာ၊ လူ့ အခြံအရံ အကျော်အစော၊ လူရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”

သုမန
“အရှင်ဘုရား… တကယ်လို့ သူတို့နှစ်ဦးဟာ လူ့ဘောင်ကထွက်ပြီး ရဟန်းဝတ်သွားကြတယ် ဆို့ပါစို့ဘုရား..။ ရဟန်းဖြစ်လာတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွဲပြားမှု ကွာခြားချက် တစ်စုံတစ်ရာ ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား..”

မြတ်ဗုဒ္ဓ
“သုမန… ထူးခြားမှု ဖြစ်နိုင်ပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာ တူကြပေမယ့် အလှူဒါနကို ပေးလှူတတ်တဲ့သူဟာ ရဟန်းဘ၀မှာလည်း ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါးမှာ မိမိက အထူးလိုက်ပြီး ရှာဖွေအလှူခံစရာ မလိုဘဲ အများအားဖြင့် လူဒကာ၊ ဒကာမများရဲ့ တောင်းပန်မှုဖြင့်သာ သင်္ကန်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆွမ်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ကျောင်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆေးပစ္စည်းကို သုံးဆောင်ရပါတယ်၊ အတူနေ သီတင်းသုံးဖော်တို့ရဲ့ နှစ်သက်လိုလားဖွယ် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့နဲ့ ပူဇော်ဆက်ဆံမှုကိုသာ ခံယူရတတ်ပါတယ်၊ ဒီငါးမျိုးဟာ အလှူဒါန ပေးလှူတတ်တဲ့သူရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်…”

သုမန
“အရှင်ဘုရား… အကယ်၍ သူတို့နှစ်ဦးဟာ ရဟန္တာအဖြစ်ကို ရရှိခဲ့တယ်လို့ ဆိုကြပါစို့ဘုရား..။ အဲဒီရဟန္တာ ဘ၀မှာလည်း ထူးခြားကွဲပြားမှု ဖြစ်နိုင်ပါသေးလားဘုရား…”

မြတ်ဗုဒ္ဓ
“သုမန ကိလေသာကုန်ခမ်းပြီး ရဟန္တာဖြစ်သွားတဲ့ အခါမှာတော့ သူတိုနှစ်ဦးမှာ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်နဲ့ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်တို့ရဲ့ ထူးခြားကွဲပြားမှု မရှိတော့ပါဘူး၊ အရဟတ္တဖိုလ် အရာမှာတော့ အတူတူပဲ ဖြစ်ပါ့တယ်…”

ဤကာား သုမနမင်းသမီး အမေးနှင့် ဘုရားရှင်တို့၏ အဖြေများပင် ဖြစ်ပါ၏။

ထိုအဖြေကို ကြားနာရသည့်အခါ သုမနမင်းသမီးက မြတ်စွာဘုရားရှင်အား “အရှင်ဘုရား… အံ့သြဖွယ်ပါပဲ ဘုရား၊ အလှူဒါနဟာ တကယ့်ကိုပဲ ပြုလုပ်ဖို့ သင့်တဲ့ကုသိုလ်ဖြစ်ပါတယ် ဘုရား၊ အလှူဒါန ကုသိုလ်ကောင်းမှုဟာ နတ်ဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ လူဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ ရဟန်းဖြစ်သူကိုလည်း ကျေးဇူးပြုတတ်တယ်ဆိုတာ အမှန်ပါပဲဘုရား…” ဟု အားရ၀မ်းသာ လျှောက်ထား၏။

ထိုအခါ မြတ်ဗုဒ္ဓက သုမနမင်းသမီး၏ လျှောက်ထားချက် မှန်ကန်ကြောင်းမိန့်တော်မူကာ အောက်ပါတရားစကားကို ဟောကြားတော်မူလေ၏။

“လောက၌ ကောင်းကင်ခရီးဖြင့်သွားသော အညစ်အကြေးကင်းသော လမင်းသည် အလုံးစုံသော ကြယ်တာရာ အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့ ထို့အတူပင် လောက၌ သီလနှင့်ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှစ်မြောဝန်တိုခြင်း ရှိသူအားလုံးကို စွန့်ကြဲပေးကမ်းခြင်းဖြင့် သာလွန်တင့်တယ်ပေ၏။

လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ်တိမ်တောင်တို့နှင့် ပြည့်စုံသော မိုးသည် ကြည်းကုန်းမြေကိုလည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း၊ ထစ်ချုံးရွာသွန်းလျက် ပြည့်စေသကဲ့သို့ ဤအတူသာလျှင် သောတာပတ္တိ ဉာဏ်အမြင်နှင့် ပြည့်စုံသော မြတ်စွာဘုရားရှင်၏ တပည့်သာဝဖြစ်သည့် ပညာရှိသည် နှစ်မြောဝန်တိုသူကို အကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။

ထိုသူသည် စင်စစ် ပေးလှူအပ်သော စည်းစိမ်ဥစ္စာတို့က ထောက်ပံ့တင်ပို့အပ်သည်ဖြစ်၍ အသက်ဖြင့်လည်းကောင်း၊ အခြံအရံ အကျော်အစောဖြင့်လည်းကောင်း၊ ရုပ်အဆင်းဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း၊ တမလွန်လောက၀ယ် နတ်ပြည်လောက၌ ၀မ်းမြောက်ရလေသတည်း..”

(အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဌမပဏ္ဏာသ၊ သုမန၀ဂ်၊ သုမနသုတ်ကို ကိုးကား၍ နားလည်လွယ်စေရန် ပြန်လည်ရေးသား တင်ပြပါသည်။)

Read more »

Live Questions and Answers (10)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

13 Sep 10, 12:30 AM
ထက်
(၁) တပည့်တော် သိတဲ့သူ အချို့က 'သူတပါးအပေါ် မကောင်းတာ မလုပ်ဖူး' ဆိုတာနဲ့တင် ပြီးနေပါတယ် ဘုရား။ ဒါနကတော့ လုပ်ပါတယ် ဘုရား။ သီလကတော့ ငါးပါးသီလပါ အထူးတလည်တော့ မစောင့်ပါဘူး ဘုရား။ ဘာဝနာကတော့ ပုတီးစိပ် ဂုဏ်တော်ပွါးပါတယ် ဘုရား။ ဝိပဿနာ တရား မနာ အားမထုတ်ပါ ဘုရား။ လူကြီးတွေဆိုတော့ စိတ်ဆိုးမှာစိုးတာ ပြောရခက်ပါတယ် ဘုရား။ အနည်းဆုံး စိတ်ထားမှန် အယူမှန်စေချင် ပါတယ်ဘုရား...။

မနာပဒါယီ>>>ထက်
(၁) ၀ိပဿနာ ဘာဝနာကို ပွားများအားထုတ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့က ပင်ကိုယ်သဒ္ဓါတရားရယ်၊ ပါရမီရယ်တွေကြောင့် ၀ိပဿနာတရား အားထုတ်တာထက် တစ်ခြားကုသိုလ်တွေကို လုပ်ရတာ ပိုဝါသနာ ပါလေ့ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ ကိုယ့်အနေနဲ့ကတော့ ၀ိပဿနာ ဘာဝနာအားထုတ်ဖို့ တိုက်တွန်းတဲ့အခါ ကိုယ့်ကိုယ်တိုင်လည်း အပြစ်မဖြစ်အောင် လူကြီးသူမတွေလည်း အကုသိုလ် မဖြစ်အောင် အတတ်ဆုံး သင့်လျော်သလို တိုက်တွန်းပြောဆို လုပ်ဆောင်တာ ကောင်းပါတယ်။ တစ်ခါတစ်လေ အချိန်အခါမသင့်၊ ကျွတ်ချိန်မသင့်သေးရင်လည်း ဘယ်သူက ဘယ်လောက်ပြောပြော မရတတ်ဘဲ သူ့အချိန်ကျရင် သူ့အလိုလို ပြောင်းလဲလာတတ်တာတွေ ရှိတတ်တဲ့အတွက် တိုက်တွန်းတဲ့ကိုယ်ကပဲ နှစ်ဘက်အပြစ်မဖြစ်အောင် လုပ်ဆောင်သင့်ပါတယ်။ တဖက်ကပြန်ကြည့်တော့လည်း ၀ိပဿနာ တရားသာ အားမထုတ်တာ ကျန်တဲ့ ကံငါးပါးလုံတာတို့၊ မကောင်းမှု မလုပ်တာတို့၊ ဂုဏ်တော်ပွားတာတို့ လုပ်လေ့ရှိတဲ့အတွက် ဒီဘ၀မှာ တရားထူး မရနိုင်ပေမယ့် သံသရာမှာ သုဂတိဘ၀မှာ ဖြစ်ဖို့ အားတွေအများကြီး ဖြစ်စေတဲ့အတွက် ဖြေမယ်ဆိုရင် ဖြေလို့ရပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ တိုက်တွန်းပါစေ ကာယကံရှင်ကိုယ်တိုင်က အဓိကပဲ ဖြစ်တဲ့အတွက် တိုက်တွန်းပြုပြင်သူ အနေနဲ့ကတော့ စွမ်းနိုင်သလောက်နဲ့ပဲ ကျေနပ်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ထက်
(၂) တပည့်တော်ကလည်း ခုမှ တရားနာဖြစ်ရုံပါဘုရား။ မှန်မှန်အားထုတ်ဖြစ်အောင် သတိထားပြီး ကြိုးစားနေပါတယ် ဘုရား။ တပည့်တော်တို့ တရားနာ အားထုတ်တဲ့အခါ တပါးသူတွေ အကုသိုလ်မဖြစ်အောင် ဘယ်လိုရှောင်ပြီး ပြောဆိုသင့်ပါသလဲဘုရား...။

မနာပဒါယီ>>>ထက်
(၂) တရားနာ၊ တရားအားထုတ်တာ သူများတွေ အကုသိုလ် မဖြစ်အောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာထက် ကိုယ့်ကိုယ်ကို အကုသိုလ်မဖြစ်အောင် အရင်လုပ်ကြည့်သင့်ပါတယ်။ သူများကို ဂရုစိုက်တာထက် ကိုယ့်ကိုယ်ကို ဂရုစိုက်တာ ပိုကောင်းပါတယ်။ သူများကို ပြင်တာထက် ကိုယ့်ကိုယ်ကို အရင်ပြင်တာက ပိုသင့်ပါတယ်။ တရားအားထုတ်တဲ့အတွက် သူများတွေက ဘယ်လိုပဲ ပြောဆိုနေထိုင် ဆက်ဆံကြပါစေ ကိုယ်ကိုယ်တိုင်က အဲဒါတွေ အပေါ်မှာ လိုက်ပြီး အကုသိုလ် မဖြစ်မိစေဖို့၊ ဘာပဲဖြစ်ဖြစ် သီးခံနိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။ တရားအားမထုတ်ခင်က ကိုယ့်ရဲ့အမူအရာတွေကို တရားအားထုတ်ပြီးတဲ့နောက် ပြောင်းနိုင်အောင် ကိုယ့်ကိုယ်ကို အရင်ကြိုးစားကြည့်သင့်ပါတယ်။ တရားအားထုတ်ကြည့်တဲ့ နောက်ပိုင်း ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံတွေဟာ သိသိသာသာ ပြောင်းလဲနူးညံ့လာတယ်၊ အရင်က ဖြစ်တတ်တဲ့ မကောင်းတဲ့ အမူအကျင့်လေးတွေကို ထိန်းသိမ်းလာနိုင်တယ်ဆိုရင် ကိုယ့်ကိုကြည့်တဲ့ သူတပါးတွေကလည်း အလိုလို ပြောင်းလဲလာပါလိမ့်မယ်။ ကိုယ်က အမှန်အကန် နူးညံ့ပျော့ပြောင်းလာတဲ့သူ ဖြစ်လာတယ်ဆိုရင် သူတပါးတွေကလည်း ကိုယ့်ကိုကြည့်ပြီး အကုသိုလ်ဖြစ်ကြမှာ မဟုတ်ကြပါဘူး။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ပြုပြင်ကြည့်လို့မှ သူတပါးတွေက မပြောင်းဘဲ ရှိနေတယ်ဆိုတော့ သဗ္ဗေသတ္တာ ကမ္မဿကာလို့ပဲ သဘောထားရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အကုသိုလ် မဖြစ်မိဖို့ပဲ ဖြစ်ပါတယ်။

ထက်
(၃) ပဋိစ္စသမုပ္ပါဒ်သဘောကို နားမလည်ရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်တာလား ဘုရား တရား သံဃာ အပြင်တခြား ယုံကြည်တာကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တာလား ဘုရား။ မိစ္ဆာ ဒိဋ္ဌိဆိုတာ ရှင်းပြပေးပါဘုရား။

မနာပဒါယီ>>>ထက်
(၃) မိစ္ဆာဒိဋ္ဌိဆိုတာ မှားယွင်းဖောက်ပြန်ပြီး မြင်တာကို ပြောတာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကံကံရဲ့ အကျိုးကိုပယ်ပြီး လွဲမှားစွာ ယုံကြည်မှုလို့ နားလည်ထားနိုင်ပါတယ်။ နဲနဲချဲ့ပြောမယ်ဆိုရင် ခန္ဓငါးပါးမှာ တစ်ပါးပါးကို အတ္တဟု စွဲလမ်းတတ်တဲ့ သက္ကာယဒိဋ္ဌိလို အယူမျိုး၊ နောက်နောက်ဘ၀၌ အကျိုးမရှိဟု အကျိုးဝိပါက်ကို တားမြစ်လေ့ရှိတဲ့ နတ္ထိကဒိဋ္ဌိလို အယူမျိုး၊ သတ္တ၀ါတွေဟာ သေရင်ပြတ်ပြီ ဘာမှ မရှိတော့ဘူးလို့ အယူရှိတဲ့ ဥစ္ဆေဒဒိဋ္ဌိလို အယူမျိုး၊ အကြောင်းလည်းမရှိ အကျိုးလည်းမရှိဟု အကြောင်းအကျိုး နှစ်မျိုးလုံးကို တိုက်ရိုက်ပယ်တဲ့ အဟေတုကဒိဋ္ဌိလို အယူမျိုး၊ ကောင်းမှု မကောင်းမှုကို ပြုသော်လည်း ပြုအပ်သည်မမည်၊ ပြုရာမရောက်လို့ အကြောင်ကံကို တားမြစ်တတ်တဲ့ အကြိယဒိဋ္ဌိလို အယူမျိုးကို မိစ္ဆာဒိဋ္ဌိ အယူလို့ ပြောတာဖြစ်ပါတယ်။ စာပေမှာတော့ ဒိဋ္ဌိအမျိုးမျိုးကို ဖွင့်ပြထားပေမယ့် အဓိက ကမ္မပထမြောက်တဲ့ အယူတွေကတော့ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိသုံးမျိုးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုအကြောင်းအကျိုး၊ ကံကံရဲ့ အကျိုးတွေကို ပယ်တဲ့အယူဝါဒမျိုးကို ဒီနေရာမှာ မိစ္ဆာဒိဋ္ဌိလို့ ဆိုခြင်းဖြစ်ပါတယ်။

ထက်
(၄) အရှင်ဘုရား တပည့်တော် အလုပ်အားတဲ့အခါ အသံကြားတာ မြင်တာ လှုပ်ရှားတာ စိတ်မှာစဉ်းစားတာဖြစ်ဖြစ် ဖြစ်ပြီး ပျက်သွား ဆင်ခြင်ရင် ဝိပဿနာလား သတိပဋ္ဌာန်လား ဘုရား။ ဘယ်လို ကွဲလဲ ဆိုတာ ရှင်းပြပေးပါ ဘုရား...။

မနာပဒါယီ>>>ထက်
(၄) ၀ိပဿနာနဲ့ သတိပဋ္ဌာန်ဆိုတာ ဝေါဟာရ အသုံးအနှုန်းပဲ ကွဲပြားတာ ဖြစ်ပါတယ်။ ဆိုလိုရင်းအဓိပ္ပါယ်က အတူတူပါပဲ။ သတိပဋ္ဌာနသုတ်မှာ လာတဲ့နည်းအတိုင်း ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်တွေကို အရှိအတိုင်း အမှတ်သတိ မလွတ်စေဘဲ ရှုမှတ်ပွားများနေတာကိုပဲ ၀ိပဿနာ ရှုမှတ်တယ်လို့ ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့က ဒီလိုတရားအားထုတ်တာကို သတိပဋ္ဌာန် ၀ိပဿနာနည်းလို့ ဆိုကြတာ ဖြစ်ပါတယ်။ ဝေါဟာရ အဓိပ္ပါယ်အရ ပြောမယ်ဆိုရင်တော့ ၀ိပဿနာဆိုတာ အထူးထူးအပြားပြား မြင်တာကြည့်တာ ရှုမှတ်တာ၊ တစ်နည်းအားဖြင့် ရုပ်နာမ်တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်တာလို့ အဓိပ္ပါယ်ရပြီး သတိပဋ္ဌာန် ဆိုတာကတော့ သတိကပ်ပြီးတည်တာ၊ သတိမလွတ်တာ၊ သတိကို ကောင်းစွာဆောက်တည်တာလို့ အဓိပ္ပါယ်ရပါတယ်။ အာရုံအမျိုးမျိုးကို မြင်တယ်ကြည့်တယ်ဆိုတာ သတိရှိမှ မြင်နိုင်ကြည့်နိုင်မှာ ဖြစ်သလို ရုပ်နာမ်မှာ ဖြစ်ပျက်တာတွေကို ကြည့်ဖို့ဆိုတာလည်း သတိကို ကောင်းစွာဆောက်တည်မှသာ မြင်နိုင်ကြည့်နိုင်မှာ ဖြစ်တဲ့အတွက် အချုပ်ပြောရင် ၀ိပဿနာပဲ ဖြစ်ဖြစ်၊ သတိပဋ္ဌာန်ပဲ ဖြစ်ဖြစ် ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်မှာ အရှိအတိုင်း သတိနဲ့ လိုက်လိုက်ပြီး သိမှတ်ပေးနေမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ပြောချင်တာကတော့ မေးခွန်းရှင်မေးသလို အသံကြားတာ မြင်တာ လှုပ်ရှားတာ စိတ်မှာစဉ်းစားတာဖြစ်ဖြစ် ဖြစ်ပြီး ပျက်သွား ဆင်ခြင်ရင်တာတွေဟာ သတိပဋ္ဌာန်လို့ ဆိုလည်းဖြစ်သလို ၀ိပဿနာလို့လည်း ဆိုလည်းရတဲ့ သတိပဋ္ဌာန် ၀ိပဿနာနည်းပဲ ဖြစ်တယ်ဆိုတာပါပဲ။

ထက်
(၅) အရှင်ဘုရား လူကြီးမိဘတွေကို တရားအားထုတ်ဖို့ တရားနာဖို့ကို သိရဲ့နဲ့ မပြောရင် ပြောလို့မရရင် မပြောတော့ဘူးဆိုရင် ကျေးဇူးမဆပ်ရာရောက် ပါသလားဘုရား။ စိတ်စေတနာက အဓိကဆိုပေမယ့် အပြောမတတ်တော့ တပည့်တော်ရော လူကြီးတွေပါ အကုသိုလ်ဖြစ်မှာ စိုးပါတယ် ဘုရား...။

မနာပဒါယီ>>>ထက်
(၅) မိဘကျေးဇူးဆပ်နည်း အမျိုးမျိုး ရှိတဲ့အထဲမှာ တရားနဲ့ ကျေးဇူးဆပ်ခြင်းကတော့ အကောင်းဆုံး နည်းပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ မိဘတွေက ပင်ကိုယ် ဓာတ်ခံက သဒ္ဓါတရား နည်းတတ်သလို၊ ပါရမီလည်း နည်းတတ်တဲ့အတွက် တရားနဲ့ ပတ်သက်ပြီး ပြောမရတာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သားသမီးက ဘယ်လိုပဲပြောပြော နားမ၀င်တတ်ဘဲ ကြာရင်အပြစ်တောင် ဖြစ်တတ်ပါတယ်။ သူတို့ကိုယ်တိုင် အချိန်ကျလာလို့ သိလာမှပဲ အကျိုးသက်ရောက်မှု ရှိမှာပါ။ ကိုယ့်အနေနဲ့ကတော့ ကုသိုလ်လုပ်ဖြစ်အောင်၊ တရားအားထုတ်ဖြစ်အောင် တစ်ဘက်တစ်လမ်းကပဲ တိုက်တွန်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို တရားနဲ့ ပတ်သက်ပြီး ကျေးဇူးမဆပ်နိုင်တဲ့ အတွက် မိဘကျေးဇူးကို ဆပ်ရာမရောက်ဘူးလို့ ပြောလို့ မရပါဘူး။ သားသမီးဝတ်တရားနဲ့ အညီပံ့ပိုး လုပ်ဆောင်ပေးနေတာလည်း လောကကြောင်းအရ ကျေးဇူးဆပ်တာလို့ ပြောနိုင်ပါတယ်။ မိဘကျေးဇူးကို အကျေဆပ်ဖို့ကတော့ တရားနဲ့ ဆပ်မှပဲ ကျေနိုင်တယ်လို့ ပြောလို့ရပေမယ့် တစ်ခြားလောကကြောင်းအရ လိုအပ်သလို ပြုစုလုပ်ကျွေး ဆောင်ရွက်ပေးတာတွေလည်း ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ တရားဘာဝနာ အားထုတ်ဖို့ မပြောနိုင်ပေမယ့် ဒါနလုပ်နိုင်အောင် သီလဆောက်တည်နိုင်အောင် တခြားကုသိုလ် တစ်မျိုးမျိုး လုပ်နိုင်အောင် ပံ့ပိုးထောက်ပံ့ပေးတာလည်း ကျေးဇူးဆပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေကိုကြည့်ပြီး လောကကြောင်းအရ ကျေးဇူးဆပ်လို့ရတဲ့အခါ လောကကြောင်းအရ ကျေးဇူးဆပ်ပြီး ဓမ္မကြောင်းအရ ကျေးဇူးဆပ်လို့ရတဲ့အခါ ဓမ္မကြောင်းအရ ကျေးဇူးဆပ်ကြည့်ပါလို့ အကြံပြုလိုပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ